ဝတ္ထုတို အမည် - သမုဒ္ဒရာ ခွဲတမ်း
စာရေးသူ - မောင်ဩလေး
Short Story
-------------------------------------------------
သမုဒ္ဒရာ ခွဲတမ်း
**************** မောင်သြလေး
ရွှေအမြုတေ ၂၀၁၇ ။ ဇန်နဝါရီလ။
"ကျွန်တော်ပထမဆုံး လူနာကို စ ကုတော့ အရမ်းစိတ်လှုပ်ရှားနေတာဗျ။ တွမ်တီးစီစီစလင်းထဲ ဘီ စစ်နဲ့ဘီတွဲစုပ်ထည့်တော့ လက်ကတုန်နေတာ၊ လူနာကကြည့်ပြီး ကြောက်နေတယ်ထင်ပါရဲ့"
ဆရာဝန်လေးက အပြုံးမပါဘဲ ဟာသစကားဆိုနေတယ်။ ကျွန်တော်တို့ လည်းသမုဒ္ဒရာရဲ့အေးစိမ့်မှု ပြေလိုပြေငြား နားထောင်နေမိကြတာပေါ့။
"သောက်ဆေးတွဲပေးရတော့မယ်ဆို ကိုယ့်ကိုကိုယ်ယုံကြည်မှု နည်းနေတတ်တာ။ တစ်ခါသားက သာမန် ခေါင်းကိုက်လို့ လာတဲ့လူတစ်ယောက်ကို ဒိုင်ကလို တွေရော၊ ပါရာစီတမော တွေပါ ရောပေးလိုက်လို့ ပြန်ကုယူပေးရတယ်လေ"
မုတ်သုန်လေ အင်အားနည်းရပ်ဝန်းတစ်ခုအလား လေပြေက ညက်ညက်ကလေး လွင့်ရုံလွင့်နေတယ်။ ဆရာဝန်ရဲ့ စကားကို မင်သက်နေကြရုံကလွဲပြီးကျွန်တော်တို့မှာ အခြားလုပ်စရာမရှိ။ သားငယ်လေး က ကျွန်တော့်ပေါင်ပေါ်မှာ ခွေခွေလေးအိပ်ပျော်နေတယ်။ ဆရာဝန်ရဲ့ စကားကိုဆက်ပြီးနားစွင့်နေလိုက်တယ်။
"ဆ/မ မရခင်အချိန်ရခိုင်ဘက်ကို သွားကုရတယ်ဗျာ။ တောနက်ထဲမှာ ရွာသူရွာသားတွေက နာပုံအမျိုးမျိုး ဖြစ်ပုံအထွေအထွေလေ"
ဆရာဝန်ကရေပြင်ကို တစ်ချက်အကြောင်းမဲ့ ငေးလိုက်သေးတယ်။ နောက်မှ စကားဆက်တယ်။
"လူနာတစ်ယောက်ဆိုရင် ရန်ဖြစ်လို့တဲ့ ခေါင်းမှာသွေးတွေဖြာဆင်းနေတာရယ်။ ဆေးရုံပို့ဖို့အချိန်မရတော့ လူနာကိုသွေးတိတ်အောင်အရင်ပတ်တီးစီးရတယ်။ အဲ့မှာ တော်တော်အဆင်မပြေဖြစ်တယ်ဗျာ"
"ဘာဖြစ်လို့လဲရှင့်"
Network engineer မလေးက အမေးသော့လိုက်တယ်။ ဆရာဝန်လေးကပဲ ဆက်လက်ပြီး
"သူခေါင်းပေါက်သွားတာ သွေးလွှတ်ကြောတည့်တည့်လေ၊ သွေးလွှတ်ကြော နေရာဆိုတော့ သွေးကပတ်တီးနဲ့ လေးငါးပတ်ပတ်တောင်မတိတ်ဘူး"
"အဲ့တော့ဘယ်လိုလုပ်ရလဲ ဆရာလေးရဲ့"
ငြိမ်သက်နားထောင်နေတဲ့ သုဘရာဇာအဘိုးအိုက စိတ်ဝင်တစား မေးလာတယ်။
"အဲ့တော့ ပတ်တီးကို မတိတ်မချင်းပိတ်စည်းရတာပေါ့ဗျာ။ ခေါင်းကြီးကို ပတ်တီးနဲ့တော်တော် လေးလိမ့်မယ်။ သွေးတိတ်မှ သွေးတိတ်ဆေးတစ်လုံးထပ်အွန်ပြီး ဆေးရုံကိုယ်တိုင်ထမ်းပို့ပေးလိုက်ရတာ"
"ဟားဟားဖြစ်ရလေ ဆရာလေးရေ"
အဘိုးအိုဆီကရယ်သံထွက်လာတယ်။ ဒီအချိန်မှာ ရယ်နိုင်စွမ်းရှိတာကိုပဲ အဘိုးအိုကို ကျွန်တော် အတော်အလေးချီးကျူးမိရဲ့။ ဆရာဝန်က
"နာမည်ရလာတော့လည်းတစ်ချို့ပိုက်ဆံမပါဘဲ လာတဲ့လူနာတွေရှိတယ်လေ၊ ကုပေးရတာပါပဲဗျာ၊ စေတနာပေါ့၊ အော် တစ်ခါ တစ်ခါ ဆို မူးပြီး အကြောဆေးလာထိုးတဲ့ လူတွေတောင်ရှိတတ်တာဗျ"
ကျွန်တော်တို့အားလုံးဆရာဝန်လေးရဲ့မျက်နှာကို အကဲခတ်မိတော့ အတိတ်ကို ပြန်အောင့်မေ့တသနေပုံမျိုး။
"ကျွန်တော့်ကိုအမေကအမြဲဂုဏ်ယူခဲ့တာ၊ ငါ့သားဆရာဝန်ကြီးဆိုပြီး။ ခုအမေက အသက်၆၀ကျော်ပြီ၊ တစ်ယောက်တည်း ဆွေမဲ့မျိုးမဲ့ ကျန်ခဲ့တာ။"
ဆရာဝန်လေးရဲ့မျက်ဝန်းအိမ်မှာ မျက်ရည်ဥနေတာတွေ့ရတယ်၊ သူကမျက်တောင်ကို ခတ်ပြီး မျက်ရည်ကို ဖယ်ရှားလိုက်ကာ
"ကဲဗျာ ကျွန်တော့်အတွေ့အကြုံကတော့ ပြောရင်အများကြီးပဲ၊နောက်မှပေါ့၊ ကဲ တစ်ယောက်လောက် လုပ်ပါဦးနား ထောင်မလို့ဗျာ"
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေမိကြတယ်။ နောက်မှ ဇူးဇူး ဆိုတဲ့ ကောင်မလေးဆီက အသံထွက်လာတယ်။
"သမီးပြောမယ်ရှင်"
ကျွန်တော်တို့ပြိုင်တူခေါင်းငြိတ်လိုက်ကြတယ်။
(၂)
"သမီးကမန္တလေးတက္ကသိုလ်မှာ ပထမနှစ် တက်နေတာပါ၊ သမီးဘဝမှာ ဘယ်တုန်းကမှ လိုတယ်ဆိုတာမရှိခဲ့ဘူး၊ သမီးဖေဖေက မန္တလေးရဲ့အထင်ကရပုဂ္ဂိုလ်စာရင်းမှာပါတယ်၊ သမီးတစ်နေ့သုံးတဲ့ငွေက ကျောင်းမှာ တစ်ခြားဘယ်သူမှ မသုံးနိုင်အောင်များတယ်"
ကောင်မလေးက လူချမ်းသာပုံ ပေါက်နေမှန်းတော့ကျွန်တော်မြင်ရုံနှင့်သိတယ်။ အသားက ဖွေးဥနေတာရယ်။ လက်ဝတ်လက်စားတွေကလည်း တန်ဖိုးကြီးတွေပဲလေ။
"သမီးက ရေတောင် အိမ်ကရေသန့်စက်နဲ့ထုတ်ထားတဲ့ရေမဟုတ်ရင် မသောက်တက်ဘူး၊ လမ်းဘေးဆိုင်မပြောနဲ့ ကျောင်းကင်တင်းတောင် မသားနားလို့ သိပ်မစားဖြစ်ဘူး။"
"မကြီးကျယ်လေးပေါ့"
သုဘရာဇာအဘိုးအိုက ကျီစယ်စကားဆိုလိုက်ပါသေးတယ်။
"ဟုတ်တယ်အဘိုးရေ၊ အဲ့လိုပြောနိုင်တယ်၊ သမီးကအပေါင်းအသင်းတောင်လူရွေးပေါင်းတာ၊ သမီးဝါသနာက သီချင်းဆိုတာလေ၊ အိမ်မှာဆို ဆိုင်းရပ်တို့ တေလာဆွစ် တို့ရဲ့အယ်ဘမ်တွေသိမ်းထားတာ။ ရေချိုးခန်းထဲအော်ပြီဆိုဖေဖေက အပြင်ကနေ အရူးမလေး လို့လှမ်းနောက်နေကျ"
ကောင်မလေးမျက်ဝန်းမှာ ဖခင်ကိုလွမ်းဆွတ်ရိပ်တို့ဝေ့လာတယ်။ နုနယ်လှတဲ့လက်ဖဝါးနှစ်ဖက်ကို ယှက်ပြီး။ ကောင်မလေးပုံစံက သနားစရာတော့ အလွန်ကောင်းပါရဲ့။
"ဖေဖေကသမီးကို စီးရီးထုတ်ပေးဖို့လုပ်နေတာ၊ သမီးရဲ့အကြိုက်ကိုသိတယ်လေ၊ သမီး မေမေဆုံးကတည်းက ဖေဖေကပဲ ရွှေပေါ်မြတင်ပြီးဆက်စောင့်ရှောက်လာတာ၊ သမီး ဘဝမှာမမေ့နိုင်တဲ့အဖြစ်အပျက်က.."
ကောင်မလေးကပြောရင်းငိုချလိုက်တယ်။ အင်ဂျင်နီယာမလေးက "တိတ်ပါညီမလေးရယ်မမအားလုံးနားလည်ပါတယ်"
ဆိုပြီးပုခုံးလေးဖက် နှစ်သိမ့်ပေးပါတယ်။
"ဖေဖေကိုသမီးစိတ်ဆိုးပြီးအိမ်ပေါ်ကဆင်းပြီလို့စာရေးပြီးခြံဒေါင့်ကဂိုဒေါင်မှာ ပုန်းနေခဲ့ဖူးတယ်။ ဖေဖေလေ တစ်ညလုံးလိုက်ရှာတာ မနက်လင်းမှပြန်ရောက်တယ်၊ ဖေဖေ့တစ်ကိုယ်လုံး မိုးတွေလည်းရွှဲလို့၊ သမီးကို သိမ်းကျုံးဖက်ပြီး သမီးလေးရယ် ဖေဖေစိတ်ပူလိုက်ရတာ ရင်ကွဲမတက်ပဲ၊ အဲ့လိုနောက်မလုပ်ပါနဲ့နော်၊သမီးကိုဖေဖေလုံးဝမဆူတော့ပါဘူး ဆိုပြီးငိုနေတာကိုသမီးမမေ့ဘူး၊ အဲ့နေ့ပဲဖေဖေ စိတ်ထိခိုက်ပြီးအိပ်ယာထဲလဲတာ၊ ဖေဖေက နှလုံးလည်းမကောင်းဘူးရှင့်၊ သမီးလေ ဖေဖေ့ကိုအဲ့ဒီနေ့ကဝန်မခံလိုက်ရတဲ့ အဖြစ်လေးကို အခုသိပ်ပြီး ဝန်ခံချင်တယ်၊ဒါပေမယ့် ....ဒါပေမယ့်"
ကောင်မလေးကစကားမဆက်တော့ဘဲ မျက်ရည်မိုးဖြိုင်ဖြိုင်ရွာပါတော့တယ်။ အင်ဂျင်နီယာမလေးကတော့ကောင်မလေးကိုသူ့ရင်ထဲပွေ့ထားလိုက်တယ်။
"ကဲကောင်မလေးမပြောနိုင်တော့ဘူး၊ ကျုပ်ပြောမယ်"
အဘိုးအိုက တစခန်းထလာတယ်။ ရေပြင်ထက်မှာမိုးရိပ်ကိုပျပျပင် မမြင်ရ။ လိုအပ်နေသည့်တိုင် မရွာသောမိုးကို ကျွန်တော်မုန်းတယ်ဗျာ။ ကျွန်တော့ာ် ပေါင်လေးပေါ်မှာတော့ သားငယ်လေးက အပူအပင်မဲ့အိပ်စက်နေတုံး။ အဘိုးအို စကားကိုဆက်နားထောင်နေရုံမှအပ အခြားမရှိမို့ နားစွင့်နေရုံသာ။
(၃)
"ကျုပ်အကြောင်းကထွေထွေထူးထူးတော့မရှိဘူးဗျာ၊ကျုပ်ကဘုန်းကြီးကျောင်းမှာ
မွေးတယ်၊ ငယ်စဉ်က ကပ္ပိယ၊ခုကျတော့ သုဘရာဇာ၊ ဘာကြောင့်လည်းလို့မေးရင် ဖြေစရာကတစ်ခွန်းပဲရှိတယ်၊ လူသေတွေက နားအေးတယ်လို့ ဟားဟားဟား"
အဘိုးအိုက စိတ်လွတ်ကိုယ်လွတ်ရယ်ချလိုက်တယ်၊ကျွန်တော်လည်းသူ့လို ရယ်ချင်လိုက်တာဗျာ။
"နိစ္စဓူဝ ကျုပ်မြင်ရတာ အလောင်းတွေပဲ၊ လူအမျိုးမျိုး ရဲ့ မြေပုံတွေ၊ ကနုတ်ပန်းအပြည့်နဲ့အုတ်ဂူတွေပဲ၊ ကျုပ်ကတော့ရီချင်တာပဲ သိတယ်၊ အချိန်တန်အရိုးဆွေးကြမယ့်လူတွေပဲဗျာ၊ အလောင်းချင်းအဆင့်အတန်းခွဲခံရသေး အဟေးဟေး"
အဘိုးအို ကိုကြည့်ရတာ အပူအပင်ကင်းနေပုံပဲ။ ဒုက္ခကိုလည်းဒုက္ခလို့မြင်ပုံမရ။
"ကျုပ်ကတော့ မြေကျင်းတူးခ ရတာလေးတွေနဲ့ မသေရုံ စားတယ်၊ အုတ်ဂူတွေ ကြည့်ပြီး သံဝေကတရားယူတယ်၊ ဘုရားတရားပုံမှန်လုပ်တယ်ဗျ၊ ရွာထဲကလူတွေက ကျုပ်ကိုအမြဲမတူမတန်သလို ဆက်ဆံကြတာရယ်၊ ရွာထဲလမ်းလျှောက်ရင်တောင် သူတို့အိမ်က ပစ္စည်းပျောက်မှာစိုးပြီးအရိပ်တကြည့် ကြည့်ရယ်၊ကျုပ်လည်း နောက်ပိုင်းရွာထဲကိုမဝင်တော့ဘူး။ အခုသင်္ချိုင်းနေရာကို စက်ရုံထောင်မယ်ဆိုပြီး ပါမစ်ပိတ်၊ ကျုပ်ကိုမောင်းထုတ်တာခံရတယ်။ ကျုပ်အတွက်က တောင်တန်းတွေ တောတွေရှိရင် အသက်ဆက်ပြီး တရားဘာဝနာ စီးဖြန်းဖို့ပဲ အတွေးရှိတော့တာ၊ သေချင်တဲ့နေရာမှာသေပေါ့"
အဘိုးအိုက သစ်သားလက်ရန်းကိုကိုင်ပြီး စကားရပ်ပစ်လိုက်တယ်။ ပြီးတော့အင်ဂျင်နီယာမလေးဖက်လှည့်ပြီး မေးငေါ့ပြပါတယ်။ အင်ဂျင်နီယာမလေးက ကောင်မလေးခေါင်းကိုတစ်ချက်ပွတ်လိုက်ပြီး စကားစပါတယ်။
(၄)
"ကျွန်မက အိုင်တီကုမ္ပဏီ တစ်ခုမှာအင်ဂျင်နီယာလုပ်ပါတယ်။ ကုမ္ပဏီ က အသေးလေးပါ၊စပြီးတည်ထောင်ကတည်းက ကျွန်မ အများကြိးပေးဆပ်ပြီး ကုမ္ပဏီ နာမည်ရအောင်ရုန်းခဲ့တယ်၊ ကျွန်မက အင်ဂျင်နီယာ ဆိုပေမယ့်ပြာတာဆိုပိုမှန်ပါတယ်။ ကျွန်မလုပ်ရတဲ့အလုပ်က ဝိုင်ဖိုင်တွေဆင်ပေးရတယ်၊ ဒါပေမယ့်ပရောဂျက်မရှိရင် တံမြတ်စည်း လှည်းတာက အစ ကျွန်မအလုပ်ပဲ။ ရုံးမှာ ပထမတော့ ကျွန်မနေရာရပါတယ်၊ ဒါပေမယ့်ရှင်၊ သူဌေးက ပရော်ဖက်ရှင်နယ်ဆိုတာ ကြီးတွေကိုစျေးကြီးပေးပြီး အလုပ်ခန့် နေရာပေး၊ ဟင်းဟင်း အကျိုးဆက်ကတော့ ကျွန်မ အလိုလိုဘေးရောက်ရတာပေါ့"
သူမက မဲ့ပြုံးတစ်ချက်ကို ပြုံးပါတယ်။ တစ်ခုခုကိုဆုံးရှုံးထားရတဲ့အရိပ်အယောင်တွေ သူမ မျက်နှာမှ မြင်ရပါတယ်။ သူမ ဘာကိုဆုံးရှုံးခဲ့တာလဲ၊ယုံကြည်မှုလား၊သိက္ခာလား။ ကျွန်တော် မဝေခွဲကြည့်တတ်ပါ။
"ကျွန်မက သူဌေးအနားမှာ ခိုင်းတာလုပ်ကျွေးတာစားပြီးကုပ်ကုပ်လေး လုပ်ပေးခဲ့တာပါ၊ ဒါပေမယ့် အိုင်တီတာဝန်ပူးတွဲယူထားတဲ့ကျွန်မနေရာမှာ ကျွန်မတို့ကို managementလုပ်ပေးဖို့ဆိုပြီး High Profile တစ်ယောက်ထပ်ခန့်ခဲ့တယ်၊ ဝန်ထမ်းအသစ်ရောက်တာကို ကျွန်မကြိုဆိုပါတယ်၊ ဒါပေမယ့်ရှင်.... ကျွန်မလုပ်နေတဲ့ လုပ်လည်းခဲ့ဖူးတဲ့အရာတွေကို management ဆိုတဲ့နာမည်တပ်ပြီး လက်ညိုးထိုးခံရတာကိုတော့ ကျွန်မ ခံပြင်းတယ်လေ"
သူမပြောတာတွေကိုကျွန်တော်သိပ်နားမလည်ပေမယ့် သူမခံစားချက်ကိုတော့ နားလည်မိတယ်။ ကျွန်တော့်ပေါင်ပေါ်မှာ အိပ်နေတဲ့သားငယ်ကတော့ ပြန်နိုးလာတယ်။ အိပ်ယာထလာတဲ့သားငယ်ကိုကျွန်တော်ဘာမှလုပ်ပေးစရာမရှိပါဘူး။ အင်ဂျင်နီယာမလေးဆက်တဲ့စကားကိုနားစွင့်နေလိုက်ရတယ်။
"ဘဝမှာ လူတစ်ယောက်က ယုံကြည်မှုပျောက်ဆုံးပြီဆို သူ့တစ်ဘဝလုံးပျောက်ဆုံး သွားသလိုပဲရှင့်၊ ဒါကိုရှင်တို့လက်ခံလား"
ဘယ်သူမှ ထိုအဖြေကိုမပေးကြပါဘူး။
"ကျွန်မကတော့ပြောရင်း ဒေါသစိတ်တွေ ပြန်ဝင်လာပြန်ပြီ။ ကဲ အကို ရှင့်အကြောင်းလေးနဲနဲပြောပါဦး"
သူမက ကျွန်တော့်ဖက်ကိုမြားဦးလှည့်ပေးလိုက်ပြီ။ ကျွန်တော်သားငယ်ကို ရင်ခွင်ထဲထွေးပွေ့ပြီး
"ကျွန်တော့မှာပြောစရာမရှိပါဘူး။ ကျွန်တော်ကမုဆိုးပါ။ မုဆိုးဆိုတော့ သားကောင်ရှာတယ်၊ ရောင်းသင့်ရောင်း၊စားသင့်တာစားပေါ့၊ ကျွန်တော့်ဘဝက ကျွန်တော့်သားပဲ၊ ဒါပါပဲ"
ကျွန်တော့်စကားအဆုံးမှာ အားလုံးငြိမ်သက်ကုန်ကြတယ်။ ကျွန်တော်တို့အားလုံးမှာ ငေးမောစရာဇင်ယော်တွေမရှိဘူး။ ပန်းရနံ့တွေမရှိဘူး။ ကော်ဖီဆိုင်မရှိဘူး။ တောင်တန်းတွေမရှိဘူး။ ကျွန်တော်တို့ရဲ့ဘေးပတ်ပတ်လည်မှာ ကောင်းကင်နဲ့ ထိဆက်နေတဲ့ ရေပြင်ကိုသာ မြင်နေကြရပါတယ်။ အမှောင်ရယ်အလင်းရယ်။ လှိုင်းတံပိုးတွေရယ်။ ဒါပါပဲ။
(၅)
ကျွန်တော်တို့ ၆ယောက်စလုံးအကြောင်းအမျိုးမျိုးနဲ့ သဘောင်္တစ်စီး ပေါ်အတူ စီးနင်းလိုက်ပါလာခဲ့ကြတာပါ။ အကြောင်းတရားနဲ့ရည်ရွယ်ချက်ကွဲပြားကြပေမယ့် ကံကတော့တစ်ခုတည်းလို့ပြောနိုင်ပါတယ်။ ဆိုင်ကလုံးမုန်တိုင်းဆိုတဲ့အရာကြီးကကျွန်တော်တို့သဘောင်္ကို ကျွမ်းထိုးမှောက်ခုံ ဖြစ်စေခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ကျွန်တော်တို့ကျွန်းလေးတစ်ခုပေါ်ရောက်ခဲ့တယ်။ ဒါပေမယ့်ကံဆိုးချင်တော့ ကျွန်တော်တို့ ရောက်ခဲ့တဲ့ကျွန်းမှာ သားရဲမရှိဘူး။ ရေမရှိဘူး။ သစ်သီးဝလံတွေမရှိဘူး။ လဲကျနေတဲ့ သစ်ပင်တွေနဲ့ ကျောက်ဆောင်တစ်ခုပဲရှိပါတယ်။ ကျွန်တော်တို့ရောက်တဲ့ကျွန်းဟာ အလွန်ဆုံး ၂ဧက သာသာလောက်သာကျယ်ပါတယ်။ ကျောက်ကျွန်းစု အသေးစား လေးတစ်ခုပါပဲ။ ကျွန်တော်တို့ တစ်ပါတ်ခန့်ကြာအောင် ပါလာတဲ့ရေဗူးလေးတွေသောက်ပြီး ကယ်သူကိုထိုင်စောင့်ခဲ့ကြပေမယ့် သဘောင်္တစ်စီးတစ်လေတင်မက ကောင်းကင်က ရဟတ်ယာဉ်တစ်စင်းတောင် ဖြတ်ပျံသန်းတာ မတွေ့ရပါဘူး။ ကျွန်တော်တို့ မှာ အစာမရှိတဲ့အပြင် ရေပါပြတ်လတ်နေပါပြီ။ ကျွန်တော်တို့ ဒီအတိုင်းထိုင်စောင့်နေလို့မလွယ်တော့မှန်းနားလည်မိကြတဲ့အခါ ဆုံးဖြတ်ချက်တစ်ခုချခဲ့ကြပါတယ်။ လဲကျနေတဲ့ ပင်စည်တွေကို စုပြီးနွယ်ကြိုးတွေနဲ့ချည်။ ဘယ်ဒေသမှနိးမသိတဲ့ထိုကျောက်ကျွန်းကြီးကိုစွန့်ခွာဖို့ ဖောင် တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ ဖောင်ကတော့ အတော်ခိုင်ခံ့ပါတယ်။ ကျွန်တော်တို့အားလုံး ကယ်သူကိုစောင့်ရင်းအသက်ပေးရမယ့် ဘေးကနေ လွတ်အောင် ကယ်သူဆီကိုယ်တိုင်အရောက်သွားကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သစ်ပင် အပိုင်းအပြတ်တွေကို စုချည်ထားတဲ့ ဖောင်ကြီးတစ်ခုပေါ်မှာ ကျွန်တော်တို့ခြောက်ယောက်။ ကံခြောက်ခု။ အဓိပ္ပါယ်တစ်ခုတည်းနဲ့ သမုဒ္ဒရာ ပြင်ကျယ်ပေါ် အလိုက်သင့်။
...............................
၂၀ရက်ခန့်အကြာ။
ရောက်တတ်ရာရာ စကားတွေကုန်လုလုဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့ မှာ အင်အားတွေလည်းမဲ့ကုန်ကြပြီ။ စကားပြောဖို့မဆိုထားနှင့်။ မိမိကိုယ်ကိုယ်ထူမတ်နိုင်ဖို့တောင် အားအင် မကျန်ကြတော့။ အသက်ရှူရတာ ပင်ပမ်းလာသလို သားငယ်ကိုကြည့်တော့လည်း ပျော့ခွေနေလေပြီ။ မိုးကလည်းမုန်တိုင်းစဲကတည်းက တစ်ရက်မှမရွာတော့။ ဖောင်ပေါ်ကနေ မျော်လင့်ချက်တစ်စုံတစ်ရာ ကိုမျှ မမြင်။ အသက်အရွယ်အစုံ အလွှာစုံ၊ အဆင့်အတန်းစုံကို တင်ပြီးစီးမျောနေတဲ့ ဖောင်ကလေးကတော့ တအိအိ။ ဘယ်ကမ်းလဲ။ ဘယ်လမ်းလဲ။ ကယ်သူကရော ဘယ်အချိန်တွေ့မလဲ။ ယုံကြည်လာမိတာကတော့ ကျွန်တော်တို့ အားလုံး ဒီဖောင်ပေါ်မှာပဲ အစာငတ် ဇတ်သိမ်းကြရတော့မယ် ဆိုတာပါပဲ။ ကျွန်တော်နာဖူးတဲ့ တရားတစ်ခုရှိပါတယ်။ အဆင်းရဲတကာ့အဆင်းရဲတွေထဲမှာ ဆာလောင်မွတ်သိပ်မှုဆင်းရဲဟာ အင်မတန်ဆိုးဝါးပါသတဲ့။ ဟုတ်ပါတယ် ။ ကျွန်တော်တို့ မွတ်သိပ်မှုဆင်းရဲကို ဘယ်သူမှအံမတုနိုင်ကြတော့ပါ။ အားပျော့ခွေကျနေတဲ့ နံဘေးကလူတွေကို ကျွန်တော်မကယ်နိုင်တောသလို ကျွန်တော်ကိုယ်တိုင်လည်း အမြင်အာရုံတွေ ဝေဝါး လို့နေပါပြီ။ ကျွန်တော်တို့ လောကကြီးကိုကိုယ်စီ အရှုံးပေးဖို့ကလွဲပြီးတခြားဘာရှိတော့မလည်း။
(၆)
ရက်၃၀ မြောက်သောနေ့။
မျက်လုံးအိမ်ကိုမနည်းအားတင်းဖွင့်ကြည်ေ့နတုံး ကျွန်တော်တို့ဖောင်ဆီကိုစီးမျောလာတဲ့သေတ္တာလေးတစ်လုံးကိုမြင်ရတယ်။
ကျွန်တော်နောက်ဆုံးအင်းအားလေးနဲ့ရှိသမျှအကြောတွေ ကိုဆန့်တန်း ကြည့်လိုက်တယ်။ ဘာမှန်းမသိတဲ့ သေတ္တာလေးတစ်လုံးဟာ ကျွန်တော်တို့ဆီပထမဆုံးရောက်လာတဲ့ ဧည့်သည်ပေါ့။ ကျွန်တော့် လက်တစ်ဖက်က မျော်လင့်ချက်အရှိန်ကြောင့်ထင်ရဲ့။သေတ္တာလေးကိုလှမ်းဆွဲနိုင်လောက်တဲ့အားအင်စု တစ်စုကို ထုတ်ပေးနိုင်ခဲ့တယ်။ နေ့လား ညလားမဝေခွဲနိုင်အောင်ဝေဝါးနေတဲ့မျက်လုံးအစုံက သေတ္တာလေးကိုတော့ မြင်ခွင့် ရနေသေးတာ ကံကောင်းတယ်လေ။
လက်ဖျားထိပ်ကိုသေတ္တာလေးလာကပ်တော့ ခါးဆီမှ ရုန်းအားခပ်ယဲ့ယဲ့ ကလေးနဲ့ သေတ္တာကိုဖောင်ပေါ် အရောက်တင်လိုက်တယ်။ သေတ္တာလေးက လက်ဖဝါးနှစ်ခုစာလောက်ပါ။ ဒါပေမယ့်သံတုံးတစ်တုံးကိုမနေရသလို ထင်မိတယ်။
ဖောင်ပေါ်ရောက်လာတဲ့သေတ္တာလေးကို ကျန်တဲ့လူတွေကလည်းလဲကျနေလျက်က နေမျော်လင့်ရိပ်တွေနဲ့ လှမ်းကြည့်ကြတယ်။ သူတို့အားလုံး ခေါင်းကလွဲပြီးဘာမှ လှုပ်နိုင်ကြဟန်မတူတော့။ ကျွန်တော်က နဂိုသန်မာသူမို့သာ သူတို့ထက် မဆိုသလောက်အားအင်လေးကျန်နေသေးတာ။ ကျွန်တော်သေတ္တာလေးကိုဆွဲဖွင့်လိုက်တယ်။ အားလုံးရဲ့ မျော်လင့်ကြည့်များ ရှေ့မှာသေတ္တာလေးချောက်ကနဲပွင့်လာပါတယ်။
............
သေတ္တာလေးထဲမှာပါလာတာကတော့ သေနတ် တစ်လက်နဲ့ ကျည်ငါးတောင့်။...တခြားဘာဆိုဘာမှ မတွေ့ရ။ အားလုံးအရုပ်ကျိုးပျက်။
(၇)
ကျွန်တော်တို့ကို ကံကြမ္မာက အဖြေထုတ်ပေးလိုက်တာပဲလို့အားလုံးယူဆလိုက်ကြပါတယ်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိတော့ တစ်ယောက်အကြည့်ကို တစ်ယောက်နားလည်လိုက်ကြတယ်။ ဘာလုပ်ရမယ်ဆိုတာ အသီးသီးသဘောပေါက်သွားကြပြီလို့လည်းကျွန်တော်ယုံပါတယ်။ သူတို့အားလုံး နောက်ဆုံး လက်ကျန်အပြုံးတစ်ခုစီ ပြုံးလိုက်ကြတာ မြင်လိုက်တော့ ကျွန်တော်လည်း ပြုံးလိုက်တယ်။ နောက်... ကျည်ဆံငါးတောင့်ကို သေနတ်ထဲ ထည့်ပြီး နောက်ဆုံးဆုတောင်းတစ်ခုကို တိတ်တဆိတ်တောင်းလိုက်မိတယ်။ သူတို့ဘာဆုတောင်းကြမလဲ ဆိုတာကိုလည်း ကျွန်တော်သိချင်ပါရဲ့။
"ဒိုင်း"
ပထမဆုံး သေနတ်သံအဆုံးမှာ ပညာတတ် အင်ဂျင်နီယာမလေး ငြိမ်သက်သွားတာမြင်ရတယ်။ သူ့ရဲ့ ရာထူးတွေ အတက်ပညာတွေတော့သူနဲ့ပါမသွား တော့ပါဘူး။
"ဒိုင်း"
ဒုတိယ သေနတ်သံအဆုံး ငြိမ်သက်သွားသူက ဆရာဝန်လေး။ ဘဝတစ်လျှောက်လုံး သင်ယူတက်မြောက်လာခဲ့တဲ့ပညာတွေရော ဆရာဝန်လေး ယူသွားနိုင်ပါရဲ့လား။
"ဒိုင်း"
သူဌေးမလေးဇူးဇူး ငြိမ်သက်။ သူမကော ဘာတွေယူသွားသေးလဲ။ ကျွန်တော့် အမြင်ကတော့ အသက်မဲ့ခန္ဓာတစ်ခုပါပဲ။
"ဒိုင်း"
အဘိုးအိုလည်း အမှန်တကယ်ငြိမ်းချမ်းသွားရှာလေပြီ။ ကျွန်တော့်လက်ထဲမှာတော့ ကျည်တစ်တောင့်ပဲ ကျန်တော့တဲ့ သေနတ်တစ်လက်။ နံဘေးက သားငယ်က ဖြူဖျော့နေတဲ့လက်ကလေးကို ဆန့်ပြီးကျွန်တော့်ကို တားဆီး နေတယ်။ ကျွန်တော် သားငယ်လေးကိုနုတ်ဆက်ကြည့်ကြည့်လိုက်တယ်။ "နောင်ဘဝမှာ တော့ ကောင်းကောင်း စောင့်ရှောက်ခွင့်ကြုံမှာပါသားငယ်ရယ်"လို့ ကြိတ်တွေးလိုက်ရတယ်။ ကျွန်တော့်လက်ထဲက သေနတ်ကို မြှောက်လိုက်တယ်။ သားငယ်လေးကတော့
"သားကို တစ်ယောက်တည်း မထားခဲ့ပါနဲ့"
ဆိုတဲ့ စကားလုံးမျိုးကို မျက်ဝန်းမှာ ပုံဖော်ရင်း ။ ကံကြမ္မာက ကျွန်တော်တို့ကို အသက်တွေပေးခဲ့တယ်။ ကံကြမ္မာကပဲ အချိန်စေ့ပြီလို့ပြောတာ နားနဲ့ကြားမိသလိုလို။ နောက်ဆုံး ကျည်တစ်တောင့်သာကျန်တော့တဲ့ သေနတ်ကလေးကို ကျွန်တော် လေထဲမြှောက်လိုက်တယ်။ အသက်ရှင်သန်ခွင့်က တစ်ယောက်စာ။ တစ်နေရာစာ။ နောက်....နောက်......
"ဒိုင်း"
.......................
(၈)
ထိုအဖြစ်အပျက်များအပြီး မိနစ်နှစ်ဆယ်ခန့်အကြာ.......
သမုဒ္ဒရာကူးဖြတ်သန်းမောင်းနှင်လာတဲ့သဘောင်္ကြီးတစ်စီးကို မြင်လိုက်ရချိန် ရင်တွင်းမှ ဗလောင်ဆူပွက်ခဲ့ရပါတယ်။ ကယ်သူတွေ့ပြီပဲ ဆိုတဲ့အသိနဲ့ ပျော်ရလေမလား။
"အချိန်အနည်းငယ်သာစောင့်ခဲ့ရင်လို့" ယူကျုံးမရဖြစ်ရလေမလား။ ကျွန်တော့် ရင်ထဲက နာ့စ်ကျောတွေ ပိတ်ဆို့ကုန်ပါပြီ။
အရာရာဟာ ပြောင်းလဲလို့မရတော့။ ပြန်ဆယ်ယူမရတော့။ ကျွန်တော်အသက်ရှင်တော့မယ် ဆိုတဲ့အသိက ကျွန်တော် တစ်ဘဝလုံးအချိန်ကြာကြာ သေဆုံးရတော့မှာပါလား ဆိုတဲ့ အသိနဲ့ တိုက်ရိုက်အချိုးကျခဲ့ပြီ။ ကျွန်တော်တကယ်အသက်ရောရှိပါသေးသလား။ မသေချာတော့။ ကျွန်တော့်ခံစားမှု အရတော့ သဘောင်္ပေါ်ကလူတွေဆင်းပြီး ကျွန်တော့်ကို ထွေးပွေ့ခေါ်ဆောင်နေကြမှန်းသိတယ်။
နောက်...သူတို့ငေးမောကြည့်နေကြတဲ့အသက်မဲ့ခန္ဓာ ငါးခု။ အင်ဂျင်နီယာမလေး၊ ကျောင်းသူကောင်မလေး၊ ဆရာဝန်လေး။ သုဘရာဇာအဘိုးအိုနှင့် သားငယ်လေး။ သူတို့ရဲ့ အသက်မဲ့ ရုပ်ခန္ဓာတွေ ဆီမှာ ကျွန်တော် ပစ်လိုက်တဲ့ ကျည်တောင့်ကိုယ်စီနဲ့။
ကျွန်တော်ကရော ဘယ်လိုဆက်လက်အသက်ရှင်နိုင်ပါ့မလဲ။
"အလောင်းတွေကို သယ်လိုက်ဟေ့"
သဘောင်္ပေါ်ကပြောစကား။
ဖောင်ကလေးက ဗလာကျင်းကာ ရေပြင်ပေါ်အတိုင်းသား ကျန်ရစ်ခဲ့ပါတယ်။
------------------
မောင်ဩလေး
-------------------------------------------------
K Sharing Audiobook ၏ Social Media Channel များ
0 Comments