မြစ်နှစ်စင်း - မိုးဦးနေ (ဝတ္ထုတို)

 ဝတ္ထုတို အမည် - မြစ်နှစ်စင်း

စာရေးသူ - မိုးဦးနေ

Short Story


-------------------------------------------------

မြစ်နှစ်စင်း

==========

#မိုးဦးနေ


၁။

ကလေး၏ တခိခိရယ်သံက သဲ့သဲ့လွင့်လာသည်။မှောင်နေပြီ။ မိုးကလည်းသည်းသည်းကျနေ၏။သည်အချိန်ကြီး လာကြပြန်ပြီ။


"သမီးနော်"


မိန်းမ၏ဟန့်သံတွင် ကြည်ရွှင်ခြင်းက နစ်ဝင်နေ၏။ထိုစဉ် လေဟုန်ကိုခွင်း၍ တဝှီးဝှီးဖြတ်သန်းလာသံကို ကြားလိုက်ရပြီးနောက် ကျွန်မပေါ်ကို ကြွပ်ကြွပ်အိတ်ကြီးတစ်ထုပ် ပစ်ကျလာသည်။ ကျွန်မ၏ မြင့်တက်စမျက်နှာပြင်သည် ဘုတ်ခနဲ ဗွမ်းခနဲ အသံများနှင့်အတူ လှိုင်းများတွန့်ခေါက်သွား၏။

သားအမိနှစ်ယောက်သည် ကျွန်မနှင့်ခပ်လှမ်းလှမ်းရှိ ကုန်းကမူပေါ်တွင် ထီးတစ်ချောင်းနှင့် ရပ်နေကြသည်။ကလေးက အမေ၏ ခါးကို ခပ်ကျစ်ကျစ်ဖက်ထားလေသည်။ထို့နောက် ရုတ်တရက်လှုပ်ရှားလိုက်၏။မခံမရပ်နိုင်ဖြစ်သွားသော မိခင်သည် ခါးလေးကော့၍ဘေးဘက်သို့ ခုန်ဆုတ်မိလေသည်။နှစ်ယောက်လုံး မိုးစိုကုန်ပြီ။


"အာ...ဒီကလေး ခါးမတို့ပါနဲ့ဆို"


မိခင်၏ ကြည်မြရွှင်ပျသောတားဆီးသံနှင့်အတူ ကလေး၏ ဆည်းလည်းသံကလည်း ခိုးခိုးခစ်ခစ် မြူးလွင့်သွားသည်။ကျွန်မသည် သူတို့အား အမှိုက်ချရက်လေခြင်းဟုမငြူစူမိ။"ဒီဘက်ခေတ်မှာ ရပ်ကွက်ထဲထိ အမှိုက်ကားတွေရောက်နေပြီလေ"ဟုလည်း အပြစ် မတင်အား။

မိုးသည်းကြားရှိ သူတို့သား

အမိကို ကြည့်ရင်းသာ ကြည်နူးမဆုံး ဖြစ်နေမိသည်။ထိုခံစားချက်သည် သူတို့

လှည့်ထွက်သွားသည့်တိုင် ကျွန်မထံတွင်

လှိုက်လှိုက်သိမ့်သိမ့် စိမ့်ဝင်ကျန်ခဲ့လေသည်။ထိုအခါ အတိတ်တချို့က ရိပ်ခနဲ ဖျတ်ခနဲသောင်တင်လာ၏။

×…×…×…×…×…×…×…×


စင်စစ် ယခုခေတ်တွင် မြောင်း

မပီ ချောင်းမမီတော့သည့် ကျွန်မသည် ယခင်ကမြစ်တစ်စင်းဖြစ်၏။ကျွန်မသည် ကချင်တောင်တန်း၊ဟူးကောင်းဒေသတွင််မြစ်ဖျားခံစီးဆင်းလာပြီး ဖားကန့်မြို့လေးကို လှပစွာ ပွေ့ပိုက်ထားနိုင်ခဲ့သည်။

မှော်သူမှော်သားတို့သည်

ကျွန်မကို အားကိုးကြ၏။ကျွန်မကို တပ်မက်ကြ၏။ကျွန်မထံမှ ရသော ရွှေ၊ ကျောက်စိမ်းနှင့်အချို့သော ရတနာတို့ကြောင့် သူတို့၏ဝမ်းရေးကို ဖြေရှင်းနိုင်ကြသည်။တချို့ ကျိကျိတက် ချမ်းသာသွားကြ၏။

ကျွန်မသည် တစ်နေ့လျှင်

ရွှေဥတစ်လုံး ဥပေးနိုင်စွမ်းသည့် ငန်းမလေးထက် အဆပေါင်းများစွာ သာလွန်ခဲ့သည်။ရတနာတို့သည် ကျွန်မထံမှ ကျင်သလောက် ရ၊ ရှာသလောက်တွေ့ နိုင်ခဲ့

ကြသည်။ကျွန်မ၏ ဝဲယာ တစ်လျှောက် ပေါက်ရောက်သော သစ်ဝါးအမျိုးမျိုးကိုလည်း လိုတိုင်းရစေ ကျွန်မပေးဝေ၏။သူတို့သည် ထင်းရေး မီးရေး မပူပင်ရ။ ထို့ပြင် ငါး၊လိပ်၊ ပုစွန်စသောသတ္တဝါတို့ကိုလည်း ဟင်းစားအလို့ငှာ ပေးမိသည်။

ကျွန်မသည် ထိုသို့ပေးဆပ်နိုင်

ခြင်းအတွက် အင်မတန်ဝမ်းမြောက်ခဲ့ရသည်။ပျော်ရွှင် ကြည်နူးခဲ့ရသည်။ ယခုတွင် ထိုအတိတ်က ပစ္စုပ္ပန်ဆီသို့ ခြေဦးမလှည့်နိုင်ကြတော့ဘဲရှိလေရာ အနာဂတ်ကို ကျွန်မမျက်နှာပူမိသည်။ မည်သို့ပင်ဖြစ်စေ ကျွန်မသည် စောစောကသားအမိကဲ့သို့ ရယ်မော ပျော်ရွှင်ချင်ပါသေးသည်။

×…×…×…×…×…×…×…×

၂။

အို……သူ့ပါးမှာမျက်ရည်တွေစိုလို့ပါလား။

ကျွန်မ အံ့သြဝမ်းနည်းသွားသည်။ကလေးသည် တစ်ချိန်က ရယ်မောဖူးခဲ့သော သူ့နှုတ်ခမ်းတို့ကို ပိတ်၍ ကိုက်၍ ရှိုက်နေသည်။ရင်အစုံသည် နိမ့် တစ်ခါမြင့်တစ်လှည့်။မျက်ရည်တို့သည် အတောမသတ် ကျလျက်ရှိသည်။

ကလေးသည် ငိုလျက်သားနှင့် ကျွန်မအနားသို့ ချဉ်းကပ်လာ၏။ကလေး၏ရုတ်တရက် မြှောက်ပင့်လွင့်ခါလိုက်သော လက်သည် စာရွက်အပိုင်းအစများကို လေထဲ တလည်လည် ဝဲသွားစေသည်။အဖြူရောင်စာရွက်ငယ်တို့သည် ညိုညစ်သောကျွန်မပေါ်တွင် တင်ကပ်မျောပါသွားပြီး တစိမ့်စိမ့် စိုစိနစ်မြုပ်ကြတော့သည်။စာရွက်များသည် ကျွန်မကိုဆို့နင့်ကြေကွဲသွားစေ၏။

ကြည့်ပါ။စာရွက်များကိုဆက်စပ်မိသူသည် ကလေးကိုယ်တိုင် ဆွဲထားဟန်တူသော အချိုးမကျသည့် ပုံလေးတစ်ပုံကိုမြင်ရလိမ့်မည်။ပုံ၌ အားရပါးရရယ်မောနေသောကလေး၏ တစ်ဖက်တစ်ချက်တွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့ရပ်နေကြ၏။ရယ်လည်း ရယ်နေကြသည်။

သို့သော်ပုံလေးသည် ယခုစုတ်

ပြဲ၍ ဟိုတစ်စ သည်တစ်စ မြုပ်လျက်ရှိပြီ။ကျွန်မသည် ကလေး၏ နှလုံးသားကိုလှမ်းမြင်လိုက်ရသလို ရှိ၏။

ဟော…။

ကလေးကညာလက်ကို အားကုန်ဆန့်ထုတ်ပစ်လိုက်ပြန်သည်။ဤတစ်ကြိမ်တွင် တအိအိနစ်ရှာသော အပိုင်းအစပြတ်များသည် ခဲတံနက်နက်ဖြင့် ခပ်ကြမ်းကြမ်းရေးခြစ်ထားသော စကားလုံးများဖြစ်နေ၏။


အဖေ့ကို မုန်းတယ်၊ အဖေ့ကို မုန်းတယ်တဲ့။

အို…ဒီအရွယ်လေးက မုန်းတတ်ပြီတဲ့လား။ရင်ထဲ နင့်ခနဲလှိုက်သွားသည်။


အမေ့ကို မရိုက်ပါနဲ့ အဖေ…တဲ့။


ကျွန်မသည် ကျွန်မနံဘေးရှိ

သဲသောင်စပ်တစ်လျှောက်မှာ ကလေးတို့မိသားစုသုံးဦးသား ပြေးလွှားပျော်ပါးခဲ့ပုံများကိုတစ်ကွက်ပြီး တစ်ကွက်မြင်လာ၏။ထိုအခိုက်မှာပင် ကလေးက အိခနဲ ငိုချလိုက်ပြန်သည်။တစ်ချိန်တည်းတွင် မိုးသည်လည်းရွာချလာ၏။မိုးကို ကျွန်မကြောက်နေသည်။


×…×…×…×…×…×…×…×

၃။


မိုးများ အဆက်မပြတ်ရွာသွန်းခဲ့သောကြောင့် ကျွန်မ၏မျက်နှာပြင်သည် တရိပ်ရိပ်မြင့်တက်လာခဲ့၏။အထက်ဘက်မှာ မိုးရွာသဖြင့်ပို၍ ဆိုးရွားသည်။ကျွန်မ၏အလျဉ်သည် ဝဲယာ ကမ်းဘက် တစ်လျှောက်မှ အမှိုက်များနှင့် ပင်ကြီးပင်ငယ်တို့ကို တဝေါဝေါ ဆွဲချနေခဲ့၏။

ကျွန်မသည် ကလေးလာရပ်နေကျကုန်းကမူပေါ်ရောက်လာပြီး မိနစ်ပိုင်းအတွင်းမှာပင် မြို့ထဲသို့ ချဉ်းနင်းဝင်ရောက်လာခဲ့သည်။ထို့နောက်ကလေး၏ အိမ်ထဲသို့စိုးရွံ့စွာ ဝင်ခဲ့မိပြီ။

တစ်ထပ်အိမ်ငယ်လေး၏ထရံ

ကွက်များသည် ယခင်နှစ်ကထက် စုတ်ချာနေခဲ့သည်။အိမ်လေးသည် တိတ်ဆိတ်နေ၏။အမှန်တွင်ကျွန်မရောက်လာသည်နှင့် အနည်းငယ် ရုတ်ရုတ်သဲသဲဖြစ်ကြရလိမ့်မည်။ပစ္စည်းတွေ သယ်ပိုး ရွေ့ဆိုင်းသူများနှင့် ခြေချင်းလိမ် နေကြလိမ့်မည်။ယခုတော့ ဘာမျှ ရွေ့သယ်ထားခြင်းမရှိသော ကလေးတို့အိမ်လေးသည် အဘယ်ကြောင့် ငြိမ်တိတ်နေရသနည်း။မိုးတောထဲရှိ ခြေရာလက်ရာမပျက်သေးသော အိမ်စုတ်လေးထဲတွင်တော့ ကျွန်မသည်မြင့်၍ တက်၍ လွှမ်းမိုးနေခဲ့သည်။

စင်စစ်ကျွန်မသည် လုံးဝဥဿုံ

မသက်သာ၍ သည်မြို့ထဲသို့ဝင်လာခဲ့

ခြင်းဖြစ်သည်။ထို့အတွက် မည်သူ့ကိုအကျိုးအကြောင်းရှင်းပြခွင့်ရမည်နည်း။သူတို့သည် ကျွန်မကို နားလည်မှု မပေးကြတော့ချေ။


`ဒီချောင်းကြောင့် ငါတို့ဒုက္ခရောက်နေတာ´


`အိမ်တွေလည်းရေထဲ ပါကုန်ပြီ´


`ဘာထူးလဲ။ ရေထဲမပါတောင်ကျန်ခဲ့တဲ့နုန်းတွေကြောင့် အိမ်တွေခဏခဏထပ်မြင့်နေရတယ် မဟုတ်ဘူးလား´


ထိုသံတူကြောင်းကွဲစကားလုံးတို့

သည် ကျွန်မကိုခပ်ပြင်းပြင်းထိရှစေသည်။ရွံ့ပုတ်ရောင် ထ နေသောကျွန်မသည် ယခုထိအကောင်းဆုံးဟူသမျှကိုသာ ပေးလိုကြောင်း ဘုရားအဆူဆူရှေ့ ကျိန်ဆိုဝံ့ပါသည်။

သို့သော် ရွှံ့ နွံ၊ နုန်းမြေ သဲနှင့်

နှစ်ပေါင်းမနည်းဆေးချသွန်မှောက်ခံရခြင်းများကို ဆန့်ကျင်ရန် ကျွန်မ မစွမ်းနိုင်ခဲ့ခြင်းအပေါ်တွင်တော့ ဖြေရှင်းခွင့်မသာသေးပါ။

အမှန်တွင် မိုးများချိန် အထက်

ဆီမှ စီးဆင်းလာသော ရေတို့အတွက်

ကျွန်မမှာ လောက်ငသော စီးကြောင်းတစ်ခု မရှိတော့ခြင်းကြောင့်ဖြစ်သည်။ကျွန်မသာ အခွင့်အရေးရှိခဲ့လျှင် အရာအားလုံးသောဘေးဒုက္ခများသည် ကျွန်မအပြစ်သာဖြစ်ကြောင်း မှော်သူမှော်သားတို့ကိုဝန်ချတောင်းပန်ချင်သည်။ကျွန်မသည် သည်မြို့လေးကို ကူညီဖို့သက်သက် ဖြတ်စီးလာသော မြစ်တစ်စင်းဖြစ်ကြောင်း သက်သေထူခွင့်ရချင်သည်။

ယခုတော့ ကျွန်မ၏အောက်ခင်း ကြမ်းပြင်များ အဆမတန်မြင့်လာပြီး လူနေအိမ်များအတွင်း ဝင်ရောက်ခဲ့ခြင်းအပေါ်ကျွန်မ ဘာမျှ မတတ်နိုင်ဘဲ ဖြစ်နေသည်။


`အမေ……အမေ´


ကလေးသည် အိမ်လေးထဲသို့

ထိတ်ထိတ်ပျာပျာဝင်လာ၏။သူ၏အပြေးတစ်ပိုင်းခြေလှမ်းများကြောင့် ကျွန်မ ဘောင်ဘင်ခတ်သွားသည်။ ကလေးသည် မိခင်ကိုတကြော်ကြော်အော်လျက် အခန်းတစ်ခန်းထဲဝင်ရန်ကြံတော့သည်။


မဝင်နဲ့လေ၊ ရှေ့မတိုးနဲ့။


ကျွန်မအသံကို သူကမကြား။ထိုစဉ်လူကြီးတစ်ယောက် အိမ်ထဲ ပြေးဝင်လာ၏။


`အာ…ဒီကောင်မလေး ရေကြီးနေပြီကွ။ဒီမှာတစ်ယောက်တည်းဘာလုပ်နေတာလဲ ညည်း အဖေနဲ့အမေရော´


လူကြီးကအထိတ်တလန့်မေးလိုက်စဉ် ကလေးက သူ့ရှေ့ရှိအခန်းကိုလက်ညိုး တထိုးထိုးလုပ်လျက်`အမေက၊ အမေကအထဲမှာ ဖျားနေတယ်´ ဟုဆိုကာ ငိုတော့သည်။လူကြီးသည် အထဲသို့ ဝုန်းခနဲ ပြေးဝင်သွား၏။ထို့နောက်ပျော့ခွေနေသော ကလေးအမေကို ပွေ့ ၍ ကလေးကိုပါ တစ်ခါတည်းခေါ်သွားတော့သည်။

ကျွန်မသည် ထိုသားအမိ အဖြစ်ကြောင့် ကျွန်မကိုယ်ကျွန်မ ကျိန်ဆဲမဆုံးနိုင်ဘဲ ကျန်ရစ်ခဲ့သည်။


×…×…×…×…×…×…×


၄။


ရယ်သံလွင်လွင်များ ပျံ့လွင့်နေသဖြင့် ကလေးတို့သားအမိ အမှိုက်ပစ်ဖို့လာရင်း စနောက်နေကြသည်ဟု ထင်လိုက်မိ၏။သို့သော် အနီးနားရောက်မှ သူတို့မဟုတ်မှန်း သိတော့သည်။ရယ်သံများသည် ကျွန်မသိသလိုရှိသော အမျိုးသမီးနှစ်ဦးထံမှဖြစ်နေသည်။အမျိုးသမီးနှစ်ဦးသည် သူတို့၏ ခြေထောက်များကို ကျွန်မတွင် နစ်ဝင်လိုက်ကြ၏။တစ်ယောက်က `အေးစက်နေတာပဲ´ဟုဝေဖန်သည်။အသံတွင် သဘောကျကျေနပ်မှုအပြည့်ရှိနေသည်။

ကျန်တစ်ယောက်က ကမ်းစပ်ရှိ

ကျောက်သားပြင်ချပ်ကြီးပေါ်တွင် အဝတ်ပုံကို ပစ်တင်လျက် တစ်ဖက်ကျောက်တုံးတွင်ထိုင်ချလိုက်သည်။အစတွင် ကျွန်မ ပြန်မမြင်နိုင်တော့ပြီထင်သော ဖြူမွတ်မွတ် ဝါခြောက်ခြောက် ကျောက်တုံးကျောက်ချပ်များကိုတွေ့ရ လိုက်ရ၍ အထူးအဆန်း ဖြစ်နေမိသည်။၄င်းတို့သည် ကျွန်မနံဘေး တစ်လျှောက်၌ မထင်မှတ်ဘဲ ပြန်ရောက်လာခဲ့ပြီ။

သိမ့်ခနဲပျော်ပါးမိသော ကျွန်မ

သည် လတ်ဆတ်သန့်ရှင်းသော လေကို ရှိုက်မိသေး၏။လေထဲတွင် ပင်ပျိုပင်အိုတို့၏ စိမ်းလန်းမှုက ခိုတွဲပျော်ဝင်နေသယောင်။ဟုတ်ပေသည်။ယခုမူ ကျွန်မအပါး၌ ရင်းရဲပင်၊ ရေသဖန်းပင်တို့ ပြန်လည်ပေါက်ရောက်နေကြပြီ။ဝါးရုံအုပ်များ စိမ်းမှောင်နေပြီ။ခန္ဓာချည့်နဲ့သူ

က ရုတ်တရက် လမ်းထလျှောက်နိုင်သည့်နှယ် ကျွန်မတစ်ယောက် ဝမ်းသာလုံးဆို့သွား၏။

ထိုအခိုက် လေးလံသော

တစ်စုံတစ်ရာကြောင့် ကျွန်မ၏အစိတ်အပိုင်းတချို့ ဝုန်းခနဲ၊ ဖွာခနဲ လွင့်မြောက်သွားသည်။အမျိုးသမီးတစ်ယောက် ကျွန်မထံ ခုန်ဝင်ကူးခပ်လိုက်ခြင်းဖြစ်သည်။သူသည်မြူးလျက်၊ လွင့်လျက်။


`ဟဲ့ …ရေနစ်နေမယ် အဝေးကြီး

မကူးစမ်းနဲ့´


ကမ်းစပ်ကတစ်ယောက်က လှမ်းသတိပေးသည်။


`ဒီလောက်ရေကြည်နေတာဟယ်၊

နစ်လည်းတွေ့ရမှာပဲ´


လွတ်လပ်သော ရယ်သံအဆုံးတွင် ကျွန်မကိုယ်ကျွန်မ ဆန်းစစ်လိုက်မိရာ ရုတ်တရက် မှင်တက်သွားသည်။ကျွန်မသည် ကြည်လင်နေ၏။နက်ရှိုင်းသော အောက်ခင်းကြမ်းပြင်တွင် စိမ်းယိမ်းသောရေမှော်တို့ကို မြင်ရနေသည်။ကျောက်ကြို ကျောက်ကြားများတွင် ပျားပန်းခပ်သော ရေသတ္တဝါတို့ကို တွေ့နေရ၍ အားရလှသည်။

မှော်သူမှော်သားတို့သည် ကျွန်မနားတွင် ဝိုင်းဝိုင်းလည်လျက်ရှိပြီ။ရေခပ်သူကခပ်လျက်၊ ရေချိုးသူကချိုးနေကြပြီ။ငါးရှာသူကရှာလျက်၊ ရွှေကျင်သူကကျင်နေသည်။စက်လှေတို့ကိုသုံးကာ ကုန်စည်ကူးသန်းသူများကလည်း စုန်ဆန်ချည်လျက်။ထို့ပြင် ခဝါသည်များသည် ကျွန်မဘေးတွင် ကျွက်ကျွက်ညံနေကြသည်။


ဒါ…ဒါ အိပ်မက်လား။


သို့သော် အိပ်မက်ပင်ဟုတ်လင့်ကစား ဖြစ်နိုင်လျှင် ဤအိပ်မက်မှထာဝရမနိုးထဘဲ နေလိုက်ချင်သည်။သည်ထက်ဖြစ်နိုင်သေးလျှင် ကျွန်မထံ၌ တူးရွင်းတစ်လက် သံတိုင်တစ်ချောင်းဖြင့် ရတနာတို့ကို တစ်နိုင်တစ်ပိုင်နှိုက်ယူရှာဖွေခြင်းများမှလွဲ၍ နောင်ကြီးစိုးလာမည့် ယန္တရား ခေတ်ကြီးကို ကျွန်မပြန်မရောက်ချင်။

ကျွန်မသည် ရိုးအ,စွာ နေပစ်လိုက်ချင်သည်။ဘက်ဟိုးကို မကြားဖူးရလျှင်လည်းနေပါစေ။ဆယ်ဘီး ဆယ့်နှစ်ဘီး ကားဆန်းကြီးများကိုလည်း မမြင်ဖူးချင်တော့။အစိုးမရနိုင်ခဲ့သော၊ မငြိမ်းချမ်း

သောကာလတစ်ခု၏ လာဘ်ပေးလာဘ်

ယူ ပူဇော်ပ, သပြီး ရတနာတူးဖော်ခွင့်ရသွားသော အဖြစ်သနစ်များဆီ ပြန်မသွားရလျှင် ပြန်မသွားချင်တော့ပါ။ ချိုမြိန်သာယာသော အိပ်မက်လေးထဲ၌ ရိုးရိုးသားသား ပေးဆပ်ခွင့်လေးကိုသာ ပြန်တောင့်တမိပါသည်။


`အမေ´


အသံက ကျွန်မကိုပုတ်နိုးလိုက်

သလိုဖြစ်သွားသည်။ထိုခေါ်သံကြောင့်ပင်အရာအားလုံး ရပ်တန့်သွားပြီထင်သည်။

ဒါ...ဘယ်သူ့အသံပါလိမ့်။ဤတွင် အသံကို ကျက်မိသွားသောကျွန်မသည် ပြုံးတတာလျှင် ပြုံးမိတော့မည်။သို့သော် တစ်ဖန်ကြားလိုက်ရသော အသံက ကျွန်မ၏ ပျော်ရွှင်နှစ်သိမ့်မှုကို ဟုပ်ခနဲ ငြိမ်ကျသွားစေသည်။ဆွဲဆွဲငင်ငင် အော်ခေါ်လိုက်ပုံက နှလုံးသားကို ထပ်၍ ထိခိုက်သွားစေ၏။ကလေးသည် ပြန်မဆုံနိုင်တော့သူကို မျှော်လင့်နေရှာပြီ။


`အမေရေ...´


အသံက အဝေးကလိုလို အနီးကလိုလို။သို့သော် အသံကြားလေ သနားမိလေ ဖြစ်လာသည်။ကလေးက ရပ်နေကျ ကုန်းကမူတွင် လေးတိလေးကန်လာရပ်သည်။ကလေး၏ ဘေးတွင် သူ့မိခင်ရပ်နေသည်ဟုပင် ကျွန်မမြင်ယောင်လာမိသည်။

ကလေးသည် အရည်ရှိသော ပုလင်းကြည်တစ်လုံးကို ကိုင်ထားသည်။သူ့မျက်ဝန်းများသည် အားငယ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ပူပန်ခြင်းတို့နှင့် အိုင်ဖွဲ့စိုလက်နေပြီ။ ထိုသောကမီးများသည် ဆန္ဒများစွာနှင့် ရီဝေတိမ်းမူးနေသော ကျွန်မထံသို့ အလုံးအရင်းနှင့် ကူးစက်သွား၏။

အထီးကျန်မှုက ကျွန်မတို့ကို ဝါးမျိုသွားပြီ။

ချက်ချင်းပင် အမျိုးသမီးနှစ်ယောက် ဖြုန်းခနဲပျောက်ကွယ်သွားသည်။စိမ်းညို့သော အပင်တို့နေရာတွင် စွန့်ပစ်အမှိုက်များ၊ အဆိပ်အတောက် ပစ္စည်းများနှင့် ကျွန်မတို့စဉ်းစား၍ ရသမျှ ရွံစရာ အညစ်အကြေးများ ပြန်ရောက်လာသည်။စောစောရှိ မှော်သူ မှော်သားတို့သည် တစ်စုပြီးတစ်စုတဖြုတ်ဖြုတ် ပျောက်ရှကုန်၏။ ပစ္စုပ္ပန်သည် ကျွန်မကို အလဲထိုးချလိုက်တော့သည်။


`အမေ့...´


ကလေး၏ ကွဲအက်စူးရှသော ခေါ်သံက ညနေခင်းကို မွန်းကျပ်သွားစေသလိုရှိ၏။ ကျွန်မ သူ့မိခင်ကိုယ်စား ထူးသံပေးလိုက်ချင်သည်။သူလေး၏ လစ်ဟာမှုအတွက် အဖြည့်ခံသက်သက် ဖြစ်လိုက်ချင်သည်။

ကလေးသည် ကျွန်မကို ကြည့်လျက် မမြင်သလိုရပ်နေသည်။ထိုစဉ် သူ့လက်သည် ရုတ်တရက် မြောက်တက်သွား၏။ ပုလင်းသည် မြည်သံပေး၍ ကျွန်မထံ ကျလာသည်။မိုးများခဲ့သော ကျွန်မသည် ပုလင်းကို ရှောရှောရှူရှူ မျောပါသွားစေသည်။


`ခွေးမ၊ ဒါဘာလုပ်တာလဲ ဟမ်´


ကြမ်းတမ်းသော ရိုက်ချက်ကြောင့် ကလေးက ရှေ့ကို ငိုက်ခနဲ ဖြစ်သွားသည်။ကလေးအဖေ ရောက်လာပြီ။ သူ့မျက်နှာသည် ဖောသွပ်လျက်ရှိ၏။မျက်လုံးတို့က အရူးတစ်ကောင်လို ဂနာမငြိမ်။


`မသာမ၊ နင့်အမေလို သေချင်လို့ ငါ့ကို လာစမ်းနေတာလား´


ဖအေက ထပ်ရိုက်ပြန်၏။ကလေးသည် နာကျင်ကြောက်ရွံစွာ ငိုတော့သည်။ထိုအတွင်း လူကြီးတစ်ယောက် ထပ်ရောက်လာသည်။ထိုသူသည် ကျွန်မမြို့ထဲ ဝင်သည့်နေ့က ကလေးတို့ သားအမိကို ခေါ်ထုတ်ပေးသွားသူမှန်း ချက်ချင်း မှတ်မိလိုက်သည်။

သူက ` မင်းကွာ၊ ကလေးကို မနှိပ်စက်ပါနဲ့´ ဟုဆိုပြီး ကလေးကို သူ့ဘက် ဆွဲခေါ်လိုက်သည်။ သို့သော် ကလေးက ထိုလူကြီးကို ရှောင်ပုန်းလျက် ရိုက်သောဖခင်အနားကိုသာ တိုးကပ်သွားလေ၏။


`လာပါ သမီးရဲ့၊ ညည်းအဖေ အမူးပြေရင် မရိုက်တော့ပါဘူး။ မငိုနဲ့၊ လာ လာ ဦးလေးနဲ့ အိမ်လိုက်ခဲ့´


လူကြီး၏ စကားအပြီးတွင် ကလေးက ခေါင်းကို တွင်တွင်ခါပြပြီး အဖေကို ဆွဲဖက်လေရာ မူးနေသော ဖခင်က ထပ်ရိုက်ပြန်သည်။ ငိုသံ၊ အော်သံ၊ တားမြစ်သံတို့ ဆူဝေသွားသော ကျွန်မ၏ ညနေစောင်းသည် ယခင်ကထက် ပို၍ အကျည်းတန်သွား၏။ သို့ရာတွင် ကျွန်မ ဘာမျှ မစွမ်းဆောင်နိုင်ခဲ့။အမှန်က ကျွန်မသည် ပြုသမျှ ကျေနပ်ခဲ့သူ ဖြစ်သည်။

ဟုတ်သည်။ကျွန်မသည် ကျွန်မ၏ သဘာဝတရားကို လွန်ဆန်ပြီး လမ်းကြောင်းပြောင်း၍ စီးဆင်းခိုင်းကြသည်ကိုပင် ဘာမျှစောဒက မတက်မ်ိဘဲ ပြုသမျှနုခဲ့သည်။ ထို့သို့ `ပိတ်တန်း´များလုပ်၍ ကျွန်မ၏ အမြုတေတို့ကို မြန်မြန်နှင့် များများရအောင် ထုတ်ယူသွားကြသည့်တိုင် ကျွန်မ ကြည်ဖြူစွာ ငြိမ်သက်နေခဲ့မိပါသည်။

ယခု၌ ကျွန်မသည် ဒဏ်ရာဒဏ်ချက် ဗရပွနှင့် ခပ်ယဲ့ယဲ့သာ ကျန်ရစ်ခဲ့ပြီ ဖြစ်သော်လည်း သူတို့ထံမှ ယခင်လို ချစ်ခင်ခြင်း နှင့် အနာဂတ်အတွက် ကာကွယ်စောင့်ရှောက်ခြင်းတို့အား မရဲတရဲမျှော်လင့်နေသေးကြောင်းကို သူတို့အားလုံး သိရအောင် ဖွင့်ဟချင်မိသည်။


×…×…×…×…×…×…×…×

၅။


မှောင်နေပြီ။မိုးသည် သည်းချည် စွေချည်နှင့်။ သည်ရက်ပိုင်း မိုးမပြတ်ခဲ့၍ ကျွန်မအခြေအနေ ကျွန်မသိနေပြီ။ ကျွန်မသည် ကိုယ့်ကိုယ်ကို ထ်ိန်း၍ သိမ်း၍ မရနိုင်တော့ လောက်အောင် မြန်ဆန်လာမည့် အဖြစ်အား ကြိုတွေးကြောက်လန့်နေမိသည်။

ကမ်းပါးတချို့ တဝုန်းဝုန်း ပြိုကျသံသည် ကျွန်မကို ပိုမိုချောက်ချားစေ၏။ သစ်ကိုင်းများ ကျိုးကြေသံ၊ စူးရှသော အင်းဆက်အော်သံများက ကျွန်မကို လက်ကြမ်းကြီးနှင့် ဆုပ်ကိုင်ဖျစ်ညစ်လိုက်သလို တုန်ယင်လန့်ဖျန့်နေစေသည်။

မိုးသည် သည်းသည်းလှုပ်လာ၏။နက်၍ နက်၍လာသော ကောင်းကင်အောက်ရှိ ဖားကန့်မြို့လေးအတွက် ကျွန်မစိုးရိမ်ရပြန်သည်။


အလို...အခုလာနေတာ ဘယ်သူလဲ။


မှောင်မှောင်မည်းမည်းတွင် အရ်ိပ်ငယ်တစ်ခု ကျွန်မအနားသို့ တရွေ့ရွေ့ တလေးလေး လျှောက်လာနေသည်။သူ့လက်တစ်ဖက်တွင် အထုပ်တစ်ထုပ်ဆွဲလျက် ကျန်တစ်ဖက်တွင် ဖြူစူးသော အလင်းထွက်နေသည့် ဓာတ်မီးကို ကိုင်ထား၏။


ဒါ...ကလေး မဟုတ်လား။အာ...ဒီကို ဘာလာလုပ်ရတာလဲ။


ကုန်းကမူက မြုပ်နေပြီ။သို့သော် ကလေးသည် ကျွန်မ သူ့ကို သေချာမြင်ရနိုင်သော အကွာအဝေးထိ နီးကပ်လာ၏။သူငိုနေသည်။ ရှိုက်၍ တုန်၍ပင် ငိုနေရှာသည်။အဝတ်တို့သည် သူ့ကိုယ်ပေါ်တွင် စိုရွဲပြားကပ်လျက်။

ကလေးသည် အသိစိတ်နှင့် ကင်းကွာနေဟန်ရှိသည်။ချစ်ရသော ကလေးအတွက် သူ့အဖေကို ဆဲရေးပစ်လိုက်သည်။

အမှန်ဆိုရလျှင် ကျွန်မအတွက် ကျွန်မချစ်သော ဤကလေးသည် မြစ်တစ်စင်းဖြစ်၏။သို့သော် ပျော်ရွှင်ငြိမ်းချမ်းမှုများ ပျော်ဝင်လျက် ကြည်လင်စွာ စီးဆင်းရသော၊ ကျွန်မနှင့် မတူကွဲပြားသော မြစ်အဖြစ်သာ သူ့ကို မြင်ချင်မိသည်။ကလေး၏ အနာဂတ်ကို လှစေချင်၏။

အတွေးများ တသွင်သွင်စီးနေစဉ် ကလေး၏ နောက်ဘက်သို့ လူတစ်ယောက် လျှောက်လာသည်။အမှောင်ထဲ တရိပ်ရိပ် ရှေ့တိုးလာသော ထိူလူကို ကလေးအဖေ ဖြစ်လိုက်စေချင်သည်။ သူလာမည်ဟု မထင်သည့်တိုင် သူ့က်ို ကလေးအတွက်မျှော်ကိုးမိသည်။

ကျွန်မကို ကြောင်စီစီရပ်ကြည့့်နေသော ကလေးက ထပ်ရောက်လာသူကို မမြင်။သေချာမြင်လိုက်ရပြီဖြစ်သော ကျွန်မမှာသာ စိတ်အေးသွားသည်။

ထိုသူသည် ကလေးအဖေ မဟုတ်ခဲ့သော်လည်း ကလေးတို့သားအမိ ကို အိမ်ထဲမှ ကယ်ထုတ်ပေးဖူးသူပင် ဖြစ်နေသည်။

ထိုအခိုက်မှ ဖျတ်ခနဲ နောက်လှည့်ကြည့်လိုက်သော ကလေးသည် ရုတ်ခြည်းပင် မျက်နှာပျက်သွား၏။ကြောက်ခြင်း၊ လန့်ခြင်းတို့က ကလေး၏ မျက်နှာမှာ အတိုင်းသားပေါ်လာသည်။ သူ့အမှိုက်ထုပ်သည် လွတ်ကျသွား၏။ ဓာတ်မီးကိုတော့ ကျစ်ကျစ်ဆုပ်ထားဆဲ။

ကျွန်မသည် မြင်ကွင်းကို နားမလည်နိုင်ဖြစ်သွားသည်။

လူကြီးက သူ့မျက်နှာပေါ်မှ

ရေစက်များကို သပ်ချလိုက်၏။မီးရောင်ဟပ်နေသော သူ့မျက်လုံးသည် တစ်စုံတစ်ခုကို သိုဝှက်ထားသလို ရှိနေ၍ ကျွန်မရင်မှာ ညို့ခနဲ နောက်ကျိသွားသည်။ ထိုအချိန်မှာပင် လူကြီးက ကလေးကို ပြုံးပြလိုက်၏။

ထိုအခါ သူ၏ မသတီစရာကောင်းလှသော နှုတ်ခမ်းနှင့် အကြည့်တို့က ကျွန်မကို တစ်ခုခုပြောပြသွားသည်။ကျွန်မသည် အဖြစ်အပျက် အပိုင်းအစများကို ချက်ချင်း ချိတ်ဆက် မိသွား၏။


`လူယုတ်မာ´


ကျွန်မအသံကို ကျွန်မတစ်ယောက်တည်းသာ ကြားလိုက်ရသည်။မိုးက ဆူညံစွာ သည်းချလိုက်ပြန်၏။လူကြီးသည် ကလေးဆီသို့ ရွံရှာဖွယ် တိုးလာသည်။မိခင်ကို ဆုံးရှုံးရပြီး ဖခင်ကို အားကိုးမရနိုင်သော ကလေးလေးတစ်ယောက်ကို သည်လူ မိုက်ရိုင်းတော့မည်။

ကလေးအတွက်ရှိနှင့်သော ကရုဏာတို့သည် အနှီလူကြီးအတွက်တော့ စက်ဆုပ်မှု အထွေးလိုက် ဖြစ်ကုန်သည်။ ကလေး၏ မျက်မှောက်သည် ဒဏ်ရာတို့ ပေကျံတော့မည်။ ကလေး၏ အနာဂတ်သည် ကျွန်မအနာဂတ်နည်းတူ မတွေးဝံ့စရာတွေ ဖြစ်တော့မည်။

ကလေးသည် နောက်ကို တစ်တိတစ်တိ ဆုတ်နေ၏။မငြိမ်သော မျက်လုံးများသည် ကူကယ်မည့်တစ်စုံတစ်ယောက်အား အော်ဟစ်နေသလိုပင်။ကလေး၊ အော်လိုက်လေ။ အသံကုန် အော်ပစ်လိုက်။

သည်အခြေအနေမျိုးတွင် သိလျက်နှင့် ငြိမ်ခံမိခဲ့သော ဘဝနှင့် ၊ မြင်လျက်နှင့် မတားဆီးနိုင်သော အဖြစ်က ကျွန်မကို အပြန်ပြန် ထိုးနှက်နေသည်။

လူယုတ်မာသည် ကလေးကို လှမ်းဆွဲလိုက်၏။အချိန်ကိုက်ပင် ကျွန်မသည်လည်း ပြင်းပြသော ဆန္ဒတစ်ခုကို အားကုန်တွန်းထုတ်ပစ်လိုက်သည်။

ထိုအခါ ပြိုကျသံကြီး တစ်ခုက ဝုန်းခနဲ ပွက်လောရိုက်သွားသည်။လူ့အန္ဓသည် နောက်ကို ခုန်ဆုတ်၍ `ဟာ´ခနဲ အော်၏။ သူ့ပါးစပ်သည် ပွင့်ရာမှ ပိတ်မကျတော့။ လျင်မြန်ခဲ့သော ဖြစ်ရပ်ကိုသာ အကြောင်သား စိုက်ကြည့်နေတော့သည်။ထို့နောက် သတိဝင်လာပုံနှင့် ဘေးဘီကို ချောင်းမြောင်းစစ်ဆေးလေသည်။

သူ့ခြေအစုံသည် အိမ်များဆီ ဦးတည်နေ၏။

သူသည် မိုးသည်းညဉ့်နက်နက်၌ အမှောင်နှင့်အမိုက်ပြိုင်နေခဲ့သည်။သို့သော် ဘဝအာမခံချက်မရှိသော ကျွန်မသည် ကလေးအတွက်တော့ လုံခြုံသော ရင်ခွင်တစ်ခု ဖြစ်ထိုက်ပါသေးသည်။ ။


မိုးဦးနေ


ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

အမှတ်၊ ၃၃၇၊ ဒီဇင်ဘာလ၊ ၂၀၁၇


-------------------------------------------------

K Sharing Audiobook ၏ Social Media Channel များ

K Sharing Youtube

Telegram Channel

Facebook Page


Post a Comment

0 Comments