ဝတ္ထုတို အမည် - မြေနိမ့်မြစ်ဝှမ်းသို့ လောင်ကျွမ်းသွားသော....
စာရေးသူ - ညီကျော် (တန့်ဆည်)
Short Story
-------------------------------------------------
မြေနိမ့်မြစ်ဝှမ်းသို့ လောင်ကျွမ်းသွားသော....
*****************************
အခန်း - ၁
"ငါးထောင်တန်အစုတ်တွေ၊ တစ်ထောင်အစုတ်တွေ၊ ငါးရာတန်အစုတ်တွေ၊ နှစ်ရာတန်အစုတ်တွေ၊ တစ်ရာတန်အစုတ်တွေ တစ်ဝက်ကြေးနဲ့လဲလှယ်လို့ပေးနေပါတယ်ခင်ဗျာ"
နွေပေါက်ပြီဆိုရင် စူပါကပ်ဆိုင်ကယ်လေး ဖွတ်ချက်ဖွတ်ချက်နဲ့ ပိုက်ဆံအစုတ်တွေလဲတဲ့ ကိုတင်ဖေရောက်ရောက်လာတယ်။ ပြီးရင် ကိုကျောက်နီရဲ့ထန်းတောမှာ ခဏနား။ ထန်းရည်တစ်မြူ မှာပြီး ကိုကျောက်နီနဲ့ ရောက်တက်ရာရာလေးပြော ပြီးမှ ဆက်သွားတာ။ ကိုကျောက်နီတို့ရွာက မိုးရာသီဆို ဆိုင်ကယ်မပြောနဲ့ နွားလှည်းတောင်အနိုင်နိုင်ရယ်။ ဒီလိုနွေရာသီ တပေါင်း၊တန်ခူးဆို ထန်းရည်လှိုင်လှိုင်ထွက်တော့ ထန်းတောမှာပဲ ထန်းလျက်ချက်ရင်း နေကြရတာလေ။ ထန်းလျက်ချက်ပြီဆိုရင် ကိုကျောက်နီအမေလည်း အနားမနေရပါဘူး။ ထန်းတောလာပြီးဝိုင်းကူရတယ်။ ကလေးနှစ်ယောက်လည်း အငြိမ်မနေရဘူး။ ထန်းလျက်တွေလုံး အခြောက်လှမ်းဝိုင်းကူရတာပေါ့။ အိုးကောက်၊အိုးချဖို့လည်းခိုင်းရတယ်။ ဒီရာသီဆို မိသားစုကုန်နားမနေရဘူး။ ပုခက်ထဲကကလေးကလွဲရင် အကုန်နိုင်သလောက်ဝိုင်းကူရတာ။
ကိုကျောက်နီပိုင် ထန်းပင်နှစ်ဆယ်လောက်ရှိတော့ ဒီလိုရာသီမှာ ထန်းလျက်ကမရဘူးဆို တစ်ရက်ဆယ်ပိဿ ာလောက်တော့ရတယ်။ ကိုကျောက်နီက ထန်းလျက်ကိုပဲအဓိကချက်ရောင်းတာ။ ထန်းရည်ကိုတော့ သူသောက်ဖို့ရယ်၊ ရွာထဲကမှာတဲ့သူတွေလောက်ပဲ ရောင်းတာလေ။ ကိုတင်ဖေလာပြီဆိုရင်တော့ ငှက်ခါးတောင်တစ်မြူဆွဲပြီး ထန်းပင်အောက်ဝိုင်းကြတာပေါ့။ နွေနေကပူ၊ လေကတဖြူးဖြူး၊ ထန်းပင်အောက်ဖျာစုတ်လေးခင်းပြီးထိုင်ရတဲ့အရသာက မြို့ကဘီယာဆိုင်နဲ့တောင်မလဲနိုင်ဘူးလို့ ကိုတင်ဖေကအမြဲပြောတတ်တယ်။
ကိုကျောက်နီကတော့ ဘီယာဆိုင်မထိုင်ဖူးတော့ ဘယ်လိုအရသာရှိလည်းမသိပေမယ့် ထန်းရည်တစ်မြူလောက်သောက်ပြီး ထန်းပင်ခြေအိပ်ရတဲ့အရသာကိုတော့ လောကနိဗ္ဗာန်လို့ကိုသတ်မှတ်ထားတာ။
ကိုကျောက်နီက ဘုန်းကြီးကျောင်းထွက်။ သေစာရှင်စာလောက်ပဲဖတ်တတ်တာ။ ကိုတင်ဖေ့ကို မြို့ကထန်းလျက်စျေးနှုန်းတွေ စုံစမ်းခိုင်းရတယ်။ အကျိုးဆောင်ခအနေနဲ့ ထန်းရည်အဝသောက်ပေါ့။ ကိုတင်ဖေကလည်း ထန်းလျက်စျေးတင်မကပါဘူး သူကြားခဲ့တဲ့ နိုင်ငံရေးသတင်းတွေ၊ စီးပွားရေးသတင်းတွေ ဖောက်သည်ချပေါ့။ ဘာပဲဖြစ်ဖြစ် ကိုကျောက်နီအတွက် ဗဟုသုတရတာပေါ့လေ။
ဒီတစ်ခေါက်ကိုတင်ဖေယူလာတဲ့သတင်းကတော့ ထူးထူးဆန်းဆန်း၊ ဝမ်းသာစရာလည်းကောင်းပါ့။
"ဟုတ်ရဲ့လား ကိုတင်ဖေရယ်၊ ခင်ဗျားသတင်းက"
"ဟုတ်တာမှ ကျွန်တော့်မျက်စိနဲ့ကို တပ်အပ်မြင်ခဲ့ရတာဗျ၊၊ ရွာလာတဲ့လမ်းမှာ ပေကြိုးတွေနဲ့တိုင်းနေတဲ့လူတွေတွေ့လို့ ဆင်းမေးခဲ့တာ၊ ခင်ဗျားတို့ရွာလမ်းကို ကွန်ကရစ်လမ်းခင်းတော့မှာတဲ့၊ ကုမ္ပဏီကခင်းပေးမှာပြောတာပဲ၊ နောက်ပြီး ဒီဘက်မှာ စက်ရုံတည်မှာတဲ့၊ ဘာစက်ရုံလဲတော့မသိဘူး"
ကိုတင်ဖေက မြူ အိုးထဲကနေ ထန်းရည်တခွက်ခပ်လိုက်တယ်။ ပုစွန်ဆိတ်လေးတွေခုန်နေသလို တဖောက်ဖောက်နဲ့။
ဒီအတိုင်းဆို ဝမ်းသာစရာသတင်းကောင်းပဲ။ လမ်းကောင်းသွားပြီဆိုရင် ကိုကျောက်နီတို့ ထန်းတောင်သူတွေ တအားတက်ရတာပေါ့။ ပြာသို၊တပိုတွဲကစပြီး မိုးဦးကျတဲ့အချိန်ထိ ခြောက်လတာကာလပတ်လုံး ထန်းလျက်ချက်ပြီးလှောင်ထားရတယ်။ မိုးဖြိုင်ဖြိုင်ရွာပြီဆိုရင် ထန်းလုပ်ငန်းခွင်နားရပြီလေ။ အဲဒီအခါမှ လှောင်ထားတဲ့ထန်းလျက်တွေရောင်းပြီး လယ်လုပ်ငန်းခွင်ဆင်းဖို့ ရင်းနှီးရတော့တယ်။ ထန်းလျက်စျေးကောင်းရင် စားသာပေမယ့် စျေးကျနေပြီဆို ကိုကျောက်နီတို့ တော်တော်ကသီတယ်။ မြို့ကဒိုင်ကို သွားသွင်းရင် စျေးကောင်းရနိုင်ပေမယ့် မိုးရာသီလမ်းကဆိုးတော့ ကိုကျောက်နီတို့အဖို့ ဒိုင်သွင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲဒီတော့ ရွာကပွဲစားကိုပဲ ရရာစျေးနဲ့ရောင်းရတာပေါ့။
အခုလမ်းကောင်းတော့မယ်ဆိုတော့ ဒီ့ရှေ့ချောင်လည်ပြီလေ။ ဟိုနှစ်ကောင်ကိုလည်း သင်္ကန်းစီးပေးချင်ပြီ။
ကိုတင်ဖေကနှုတ်ဆက်ပြီး ထွက်သွားပြီ။ ကိုကျောက်နီကတော့ ထန်းပင်အောက်ပက်လက်လှန်ပြီး စိတ်ကူးယဉ်လို့ကောင်းနေတယ်။ သူ့စိတ်ကူးထဲမှာ မောင်ရင်လောင်းဝတ်စုံနဲ့ သားနှစ်ယောက်က မြင်းကြီးကိုစီးလို့။ ကိုကျောက်နီကသပိတ်လွယ်၊ မအေးဘုံက သင်္ကန်းပန်းကိုပွေ့လို့။ ကိုကျောက်နီနားထဲ ဒိုးပတ်ဝိုင်းက တီးသံ၊ဆိုသံတွေတောင် ကြားယောင်နေသေးရဲ့။
****************
အခန်း - ၂
"အောက် အီ အီး အွတ်...."
ကိုကျောက်နီမွေးထားတဲ့ တိုက်ကြက်ကြီးရဲ့တွန်သံကြားတာနဲ့ မျက်စိကအလိုလိုပွင့်လာတယ်။ ဒါဒုတိယအကြိမ်တွန်တာလေ။ သန်းခေါင်ယံမှာတစ်ကြိမ်၊ အခုလင်းအာရုဏ်မှာတစ်ကြိမ်။ ကိုကျောက်နီတို့အဖို့ နာရီမလိုပါဘူး။ တိုက်ကြက်ကြီးက အချိန်မှန်နာရီပေါ့။ ကိုကျောက်နီရဲ့ကြက်ဖကြီးတွန်သံဆုံးသွားရင် ဟိုဘက်တဲကဦးလေးထွန်းရဲ့ ကြက်ဖကြီးက ဆက်တွန်တယ်။ ပြီးရင် ကိုလှအေးရဲ့ကြက်ဖ။ တစ်ကောင်ပြီးတစ်ကောင် ဆက်တိုက်တွန်လိုက်တဲ့ လင်းကြက်တွန်သံတွေက သူတို့ရဲ့ ထန်းတောအနှံ့ပြန့်နှံ့သွားတယ်။ အရှေ့ဆီကရောင်နီမလာခင် တစ်တဲနဲ့တစ်တဲ ဝူးသံပေးရင်း သက်ဝင်လှုပ်ရှားလာတယ်။ လုပ်ငန်းခွင်ဝင်ရတော့မယ်လေ။
ကိုကျောက်နီ မျက်နှာသစ်ပြီးချိန်မှာ ဘယ်အချိန်ကတည်းက ထမင်းထချက်နေတာလဲမသိဘူး။ မအေးဘုံက ထမင်းပွဲပြင်ပြီးနေပြီ။ ငါးခြောက်ဖုတ်ဆီဆမ်း၊ ငရုပ်သီးမှုန့်နယ်ထားတဲ့ထမင်းကို ဆာဆာနဲ့လွေးလိုက်တာ ထမင်းတစ်ပန်းကန် ပြိုက်ကနဲ့ကုန်သွားတယ်။ ပုံမှန်ဆို သုံးလေးပန်းကန်လောက် အသာလေးစားနိုင်ပေမယ့် ထန်းတက်ခါနီးအဝစားလို့မဖြစ်ဘူး။ ဗိုက်အင့်နေရင် ထန်းတက်မကောင်းဘူးလေ။
"အေးဘုံ ငါသွားပြီ၊ မိုးလင်းရင်ဟိုနှစ်ကောင်ကို အိုးကောက်ဖို့ နှိုးလိုက်ဦး"
ပုဆိုးကိုဒူးအထက်ရောက်အောင် ခပ်တိုတိုဝတ်။ ထန်းလှီးဓားကို ဓားအိမ်ထဲထည့်ပြီး ခါးမှာချိတ်လိုက်တယ်။ ပုဆိုးအစုတ်တစ်ထည်ကို ဓားအိမ်ပေါ်ကနေ ကျစ်ကျစ်စည်းပြီး တဲထဲကနေထွက်လာလိုက်တယ်။ ကိုကျောက်နီ ထွက်လာတော့ တဲရှေ့မြေကွက်လပ်မှာ ထမင်းရည်လျက်နေကြတဲ့ ဂုတ်ကျားနဲ့ညိုကြီးက အမြီးလေးနန့်ပြီး လိုက်လာကြတယ်။ ဒီနှစ်ကောင်က ကိုကျောက်နီ ထန်းတက်သွားပြီဆို နောက်ကတကောက်ကောက်နဲ့။ တစ်ခါတစ်လေ ပုတက်လေးတွေ၊ ယုန်လေးတွေ မျက်စိလည်ရောက်လာရင် ဒီနှစ်ကောင့်လက်ကမလွတ်ဘူးရယ်။ ကိုကျောက်နီိတို့အတွက် ဟင်းစားရတာပေါ့။ ပုံမှန်ဆို သားဟင်းငါးဟင်းဆိုတာ ကိုကျောက်နီတို့အတွက် ပွဲလမ်းလေးရှိမှ စားရတာ။ ပရံန္နဝါရွက်တို့၊ ကင်းပုံရွက်တို့၊ ကျီးအာညွန့်တို့ကိုပဲ ဒိုင်ခံစားရတာလေ။ ရှေ့မိုးကုတ်စက်ဝိုင်းမှာ ရောင်နီက မစို့မပို့လေးထွက်နေတယ်။ မိုးမလင်းခင် အနည်းဆုံးဆယ်ပင်လောက်ပြီးအောင် တက်ရမယ်။ ပထမဆုံးတက်မယ့်ထန်းပင်ရှေ့ရောက်တော့ ဒူးတုပ်ပြီး လက်အုပ်ချီကန်တော့လိုက်တယ်။ ပြီးတော့ ရင်းထောင်ကိုလက်နဲ့ထိထားပြီး တီးတိုးရေရွတ်လိုက်တယ်။
"လက်ကလွတ် ခြေကမြဲပါစေ၊ ခြေကလွတ် လက်ကမြဲပါစေ"
ထန်းတက်သမားတွေရဲ့ဘဝက အသက်အန္တရာယ်နီးတာမို့ အလေးထားဂရုစိုက်ပြီးလုပ်ရတယ်။ ပြုတ်ကျရင် သေရင်သေ၊ မသေရင် ကျိုးကန်း။ ပြုတ်ကျလို့တစ်ခါတည်းသေရင် အကြောင်းမဟုတ်ပေမယ့် မသေဘဲကျိုးကန်းပြီး ဆေးကုရရင် ကျန်ခဲ့တဲ့မိသားစု ဒုက္ခပင်လယ်ဝေပြီ။ တစ်သက်လုံးရှာထားသမျှငွေ ဆေးကုစားရိတ်နဲ့ကုန်ပေါ့။ အဲဒါကြောင့် ကိုကျောက်နီတို့ ထန်းသမားတွေ မတော်တဆပြုတ်ကျရင် တစ်ခါတည်းသေပါစေလို့ ဆုတောင်းကြတယ်။
ပြီးတော့ ထန်ပင်ခြေရင်းချထားတဲ့မြူအိုးတွေကို ဓားနှီးအိမ်မှာချိတ်ပြီး ရင်းထောင်ကိုလက်ကမြဲအောင်ဆုပ်လို့ တစ်ထစ်ချင်းတက်သွားလိုက်တယ်။ ဒီအပင်ကို ကိုကျောက်နီအတော်အားထားတာ။ ထန်းရည်ချိုအထွက်ကောင်းတာကိုး။ မနေ့ညနေကချိတ်ထားတဲ့ လေးမြူလုံးပြည့်နေပြီလေ။ တခြားထန်းသမားတွေက အစွဲမရှိပေမယ့် ကိုကျောက်နီကအစွဲကြီးတယ်။ စျေးသည်များ စျေးဦးပေါက်ကောင်းဖို့ စျေးဦးမလန်ဖို့ ဆုတောင်းကြသလို ကိုကျောက်နီလည်း ဦးဆုံးတက်ရတဲ့ ထန်းပင်ကို အထွက်ကောင်းဖို့ဆုတောင်းရတယ်။ ဒါမှလည်း နောက်တက်မယ့်အပင်တွေ အထွက်ကောင်းမယ်လို့ ယုံကြည်တယ်လေ။ အခုသူ့ဆုတောင်းပြည့်ပြီ။ ထန်းရည်တွေက လျှံတောင်ကျနေသေး။
ကိုကျောက်နီလည်း တစ်ပင်ပြီးတစ်ပင်ဆင်းလိုက်တက်လိုက်နဲ့ မြူအိုးတွေချနေလိုက်တာ နေကထန်းတစ်ဖျားတောင်ရောက်နေပြီ။ ညိုမှောင်တဲ့ကျောဗလာက ချွေးသီးချွေးပေါက်တွေနဲ့ နေရောင်အောက်မှာ တလက်လက်တောက်ပနေတယ်။ ပုဆိုးတိုတိုဝတ်ထားတော့ ပေါင်နဲ့ခြေသလုံးကြွက်သားတွေများ အမြှောင်းကြီးကိုထလို့။
"ကိုကျောက်နီ ဆင်းခဲ့ဦးတော့၊ အုပ်ချုပ်ရေးမှူးနဲ့ဧည့်သည်တွေရောက်နေတယ်၊ ဆွေးနွေးစရာရှိလို့တဲ့"
ကိုကျောက်နီ စ်ိတ်ပျက်သွားတယ်။ နောက်ဆုံးနှစ်ပင်ပဲကျန်မှ ဧည့်သည်ရောက်လာရတယ်လို့။ အချဉ်မပေါက်ခင်အမီချနိုင်မှ ထန်းလျက်ချက်လို့ရမှာ။ ဒါပေမယ့် အုပ်ချုပ်ရေးမှူးကိုယ်တိုင်လာတာဆိုတော့ မတွေ့လို့မကောင်းဘူးလေ။ အင်း...ဘာကိစ္စများပါလိမ့်။
ကိုကျောက်နီလည်း ထန်းပင်ပေါ်ကနေအမြန်ဆင်းပြီး မြူ အိုးတွေကို ထမ်းပိုးမှာချိတ် ပုခုံးပေါ်ထမ်းလို့ တဲဆီပြန်လာလိုက်တယ်။
တဲရှေ့ထန်းလက်ကွပ်ပျစ်ပေါ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်နဲ့မျက်နှာစိမ်းဧည့်သည်နှစ်ယောက် ထိုင်နေကြတယ်။ တစ်ယောက်က အသားနီစပ်စပ်၊ မျက်ပေါက်ကျဉ်းကျဉ်းနဲ့ ။ ဦးလှမြင့့်က
"ဘယ်နှယ့်တုန်းကျောက်နီရ၊ ထန်းရည်ကျရဲ့လား"
"ကျတာမှ လျှံကိုကျတာ ဦးလေးမြင့်ရေ၊ လာမယ့်နှစ်တော့ ဟိုနှစ်ကောင်ကိုရှင်ပြုနိုင်ပါပြီဗျာ"
သားနှစ်ယောက်ကို ရှင်ပြုပေးချင်ကြောင်း ဦးလှမြင့်နဲ့တိုင်ပင်ဖူးတဲ့အတွက် ကိုကျောက်နီက ဝမ်းသာအားရပြောလိုက်တယ်။ လက်ကဆွဲထားတဲ့ထန်းရည်တစ်မြူကို ကွပ်ပျစ်ပေါ်ချလိုက်ပြီး....
"ကြုံတုန်း ဧည့်ဝတ်ပြုလိုက်ပါရစေ၊ ပင်ကျရည်စစ်စစ်လေး သောက်ကြပါဦး၊ ဒါနဲ့ဦးလေးမြင့် ကျုပ်နဲ့ဆွေးနွေးစရာရှိလို့ဆို၊ ဘာများတုန်းဗျ"
ဦးလှမြင့်က ဧည့်သည်နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်တယ်။
တစ်ချက်ကြ ဒီဧည့်သည်နှစ်ယောက်က စက်ရုံတည်ဖို့မြေနေရာလိုက်ရှာနေတာ၊ အဲဒါမင်းရဲ့ထန်းတောကို စျေးကောင်းပေးပြီး ဝယ်ချင်လို့တဲ့၊ ဘယ်နှယ့်လဲကျောက်နီ"
ဦးလှမြင့်စကားကြောင့် ကိုကျောက်နီအံ့သြသွားပြီး ဘာပြောရမှန်းမသိဖြစ်သွားတယ်။ ဒီထန်းတောက ကိုကျောက်နီတို့ဘိုးဘွားပိုင်အမွေ။ ကိုကျောက်နီအဖိုးလည်း ထန်းတက်ပြီး မိသားစုကိုရှာကျွေးခဲ့တယ်။ ကိုကျောက်နီအဖေလည်း မိဘအမွေကိုလက်ဆင့်ကမ်းပြီး ထိန်းသိမ်းနိုင်ခဲ့တယ်။ ကိုကျောက်နီလက်ထက်မှာ ဘိုးဘွားပိုင်မြေကို မထိန်းသိမ်းနိုင်ရင် ညံ့ရာကျပေမှပေါ့။
"ရောင်းဖို့စိတ်ကူးမရှိပါဘူး ဦးလေးမြင့်ရာ၊ ဒီထန်းလုပ်ငန်းဆိုတာက ကျုပ်တို့ရဲ့ဘိုးဘွားအမွေအနှစ်ဗျ၊"
"ဘိုးဘွားအမွေကို ထိန်းသိမ်းရမယ်ဆိုတာတော့ ငါလက်ခံပါတယ်၊ ဒါပေမယ့် မင်းစဉ်းစားကြည့်စမ်း၊ထန်းသမားဆိုတာ ဘယ်နေ့ပြုတ်ကျမလဲဆိုပြီးရင်ထိတ်နေရတဲ့ဘဝ၊ မင်းသာမတော်တဆပြုတ်ကျသွားရင် ကျန်ခဲ့မယ့်အေးဘုံတို့သားအမိကိုလည်း ထည့်စဉ်းစားဦး၊ အဲဒါကြောင့် ထန်းတောကိုရောင်းပြီး တခြားလုပ်ငန်းပြောင်းဖို့ တိုက်တွန်းရတာပေါ့၊ နောက်ပြီး မင်းထန်းလျက်လုပ်ငန်းကလည်း ဘယ်တိုးတက်နိုင်မလဲကွာ"
ကိုကျောက်နီစိတ်ထဲ တင်းကနဲ့ဖြစ်သွားတယ်။ ဦးလှမြင့်က သူ့လုပ်ငန်းကိုလှောင်နေတာကိုး။ ဒါပေမယ့် ရပ်ရွာလူကြီးဖြစ်နေတဲ့အတွက် ထွက်လုလုဒေါသကို အချိန်မီထိန်းလိုက်နိုင်တယ်။ ဦးလှမြင့်က ထန်းရည်ကိုမော့သောက်လိုက်ပြီး
"သေချာစဉ်းစားပေါ့ကွာ၊ ငါကစေတနာနဲ့ပြောတာ"
ကိုကျောက်နီ နှုတ်ခမ်းလေးတွန့်ရုံ ပြုံးလိုက်မိတယ်။ ဦးလှမြင့်ဆိုတာက ဘယ်ကိစ္စမဆို ကိုယ့်ဖို့မကျန်ရင် ဘာမှမလုပ်တဲ့လူစားမျိုး။
"ဦးလေးမြင့်စေတနာကို ကျုပ်နားလည်ပါတယ်၊ ဒါပေမယ့် ကျုပ်တို့ရဲ့ဘိုးဘွားပိုင်မြေကိုတော့ တိုင်းတပါးလက်ထဲ ဘယ်တော့မှအရောက်ခံမှာ မဟုတ်ဘူး"
ကိုကျောက်နီစကားကြောင့် ဦးလှမြင့်မျက်နှာ ကွက်ကနဲပျက်သွားတယ်။ ထန်းရည်ခိုးကြောင့်လား ဒေါသကြောင့်လား နီမြန်းနေတဲ့ ဦးလှမြင့်မျက်နှာကို တစ်ချက်ကြည့်ပြီး
"ကဲ အေးအေးဆေးဆေးသောက်ကြပါဦး၊ ကျုပ် အလုပ်လေးလက်စသတ်လိုက်ဦးမယ်"
ကိုကျောက်နီနှုတ်ဆက်တော့ ဧည့်သည်နှစ်ယောက်က ခေါင်းဆတ်ပြပေမယ့် ဦးလှမြင့်ကတော့ တုပ်တုပ်မှမလှုပ်ဘူး။ ထန်းရည်အိုးကိုသာ တွေတွေကြီးစိုက်ကြည့်နေတယ်။
ကိုကျောက်နီလည်း သူတို့သုံးယောက်ကို ကျောခိုင်းပြီး လုပ်စရာရှိတာဆက်လုပ်နေလိုက်တယ်။ဘယ်အချိန်ပြန်သွားလဲတောင် သတိမထားမိလိုက်ဘူး။
*******************
အခန်း - ၃
ဦးလှမြင့်က ဇွဲမလျှော့သေးဘူး။ ပွဲခဘယ်လောက်တောင် မက်လုံးပေးထားလဲမသိဘူး။ ကိုကျောက်နီဆီ သုံးလေးခေါက်ရောက်လာပြီး နားချသေးတယ်။ ပထမတစ်ခေါက် နှစ်ခေါက်လောက်တော့ ကိုကျောက်နီက ကောင်းကောင်းမွန်မွန်လက်ခံစကားပြောပါတယ်။ နောက်တော့ ကိုကျောက်နီလည်း ဧည့်ထောက်ခံတောင်ပြောမနေတော့ဘူး။ လုပ်စရာရှိတာကို လုပ်နေလိုက်တယ်။
စိတ်မကောင်းစရာတစ်ခုက ဦးလေးထွန်းနဲ့ကိုလှအေးတို့က သူတို့ပိုင်ထန်းတောတွေကို ကုမ္ပဏီကိုရောင်းလိုက်တာပဲ။ အပြစ်တော့မဆိုသာပါဘူးလေ။ ထန်းလျက်စျေးကလည်း ကျနေတာကိုး။ ကိုကျောက်နီအတွက်ကတော့ ထန်းလျက်ချက်လုပ်ငန်းက မိသားစုစီးပွားရေးဆိုတာထက် ဘိုးဘွားအမွေကိုမြတ်နိုးတဲ့စိတ်ကပိုတယ်။ လူမှန်းသိတတ်စကတည်းက အဖိုးရဲ့လက်ပေါ်မှာကြီးပြင်းခဲ့ရပြီး အဖိုးရဲ့စကားတွေကလည်း သံမှိုရိုက်ထားသလို ဦးနှောက်ထဲရော နှလုံးသားထဲမှာပါ စွဲမြဲနေတယ်။
"ငါ့မြေး၊ မြန်မာစကားမှာ မြေမြိုလို့လူမျိုးမပျောက်ဆိုတဲ့စကားရှိတယ်၊ အေး လူမျိုးမပျောက်ပေမယ့် မြေပျောက်ရင်တော့ လူးမျိုးမျက်နှာငယ်ရတယ်၊ ဂုဏ်ငယ်ရတယ်၊ ဒီရေ ဒီမြေဆိုတာက အဖိုးတို့ရဲ့ဘိုးဘွားတွေ နှစ်ပေါင်းတရာကျော် အုပ်စိုးခဲ့တဲ့ ကိုလိုနီနယ်ချဲ့တွေရဲ့လက်ကနေ အသက်သွေးပေါင်းများစွာစတေးပြီးး
ပြန်ယူခဲ့ရတာ အရမ်းတန်ဖိုးကြီးတယ်၊ အိုကွာ တန်ဖိုးတောင်ဖြတ်မရပါဘူး၊ ဒါ့ကြောင့် ဘိုးဘွားပိုင်မြေကို ဘယ်လိုအကြောင်းမျိုးနဲ့မှ တိုင်းတပါးလက်အောက်မရောက်စေနဲ့၊ တစ်လက္မတောင်အပါမခံနဲ့၊ ငါ့မြေးမြဲမြဲမှတ်ထားပါ"
နှစ်တွေကြာညောင်းပေမယ့် အဖိုးရဲ့စကားက အခုထိကြားယောင်နေတုန်း။ မှတ်မိနေသေးတယ်။ အဲဒီတုန်းက အဖိုးရဲ့နားထင်သွေးကြောကြီးတွေများ ထောင်လို့။ တစ်ချက်တစ်ချက် အံကြိတ်လိုက်သေးတယ်။ ကိုကျောက်နီလက်ထက်မှာလည်း ဘိုးဘွားအမွေကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ တာဝန်ရှိလာပြီလေ။
ဒါပေမယ့် ဦးလှမြင့်နောက်ဆုံးပြောခဲ့တဲ့စကားက ကိုကျောက်နီကို စိုးရ်ိမ်စိတ်ဝင်စေတယ်။
"ဒီမှာကျောက်နီ မင်းသေချာစဉ်းစားထား၊ အခုစီမံကိန်းက အစိုးရနဲ့ကုမ္ပဏီဖက်စပ်လုပ်တာကွ၊
စီမံက်ိန်းနယ်မြေဆိုပြီး သိမ်းလိုက်မှ သူတို့ပေးသလောက်ပဲရမယ်၊ အဲဒါကြောင့် စျေးကောင်းရတုန်းရောင်းခိုင်းတာ၊ ကိုထွန်းနဲ့လှအေးတောင် သဘောပေါက်လို့ ရောင်းလိုက်ပြီ၊ မင်းဒုံးမဝေးစမ်းပါနဲ့ကွာ"
ဦးလှမြင့်စကားက အမှန်တွေဖြစ်နိုင်သလို ခြောက်လုံးလှန့်လုံးတွေလည်း ဖြစ်နိုင်တယ်။ ကိုကျောက်နီအနေနဲ့ အမှန်အမှားကို မဝေခွဲနိုင်ဘူး။ ရင်းထောင်ရဲ့လျော့နေတဲ့နေရာတွေကို ပြင်ဆင်ရင်း ကိုကျောက်နီအတွေးလွန်နေလေရဲ့။ နောက်ဆုံးတစ်ချက်ကို ထန်းလျှော်နဲ့အားစိုက်တုတ်လိုက်ပြီး ရင်းထောင်ကိုထန်းပင်မှာပြန်ထောင်လိုက်တယ်။
"အောင်မလေး ကိုကျောက်နီရေ ဒုက္ခတော့များပြီထင်ပါရဲ့၊ ဦးလှမြင့်ရယ်လေ ရဲနှစ်ယောက်နဲ့ ရောက်လာပြန်ပြီ"
အမောတကော ပြေးလာပြီးပြောလိုက်တဲ့မအေးဘုံစကားကြောင့် ကိုကျောက်နီ ခေါင်းနားပန်းကြီးသွားတယ်။ စိုးရိမ်စိတ်က ငယ်ထိပ်တက်လာပြီး ထန်းလှီးဓားကို ကျစ်ကျစ်ပါအောင်ဆုပ်လို့ တဲဆီကိုအားကုန်ပြေးလာခဲ့တယ်။ တဲရှေ့မှာ ဦးလှမြင့်နဲ့ ယူနီဖောင်းဝတ်ရဲသားနှစ်ယောက်။ မြေပေါ်မှာက ထန်းရည်နှစ်ပုလင်း။ ရဲတစ်ယောက်က စာအုပ်ထဲမှာ ရေးမှတ်နေတယ်။
"ဦးလေး...ဦးလေး ဘာဖြစ်လို့လဲဗျ"
ကိုကျောက်နီ အမောမဖြေနိုင်ဘဲ အလောတကြီးမေးလိုက်တယ်။ ရဲတစ်ယောက်က ကိုကျောက်နီကို စေ့စေ့ကြည့်လိုက်ပြီး
"ကဲ ကိုကျောက်နီ တရားမဝင်အရက်ချက်တဲ့အတွက် ယစ်မျိုးဥပဒေအရ အရေးယူရပါ့မယ်၊ ကျွန်တော်တို့နဲ့ စခန်းလိုက်ခဲ့ပါ"
"ဟာ ဒါအရက်မှမဟုတ်တာ၊ ထန်းရည်ဗျ"
"မူးတာချင်းအတူတူပဲဗျာ၊ ခင်ဗျားပြောချင်တာ စခန်းရောက်မှပြော၊ အခုတော့အေးအေးဆေးဆေးသာလိုက်ခဲ့"
ရဲနှစ်ယောက်က ကိုကျောက်နီကို တစ်ဖက်တစ်ချက် ချုပ်လိုက်တယ်။ ဒီကိစ္စ ဦးလှမြင့်ရဲ့စနက်ဆိုတာ ကိုကျောက်နီ ကောင်းကောင်းရ်ိပ်မိတယ်။ ဦးလှမြင့်ကို ခပ်စိမ်းစိမ်းကြည့်မိတော့ နှုတ်ခမ်းထောင့်စွန်းလေးတွန့်ရုံပြုံးလိုက်တဲ့အပြုံးကို တွေ့လိုက်ရတယ်။ ကိုကျောက်နီဒေါသတွေက ရင်ခေါင်းထဲကနေလှိုက်တက်လာပြီး နှုတ်ခမ်းဖျားကတဆင့် ခုန်ထွက်သွားလေရဲ့။
"တောက်...."
*****************
အခန်း - ၄
အချုပ်ထဲမှာ တစ်ညအိပ်ခဲ့ရပြီး ကိုတင်ဖေ့အကူအညီနဲ့ ကိုကျောက်နီ အာမခံရခဲ့တယ်။ ကိုတင်ဖေ့မိတ်ဆွေ ရှေ့နေတစ်ယောက်ကို အကျိုးအကြောင်းပြောပြ အကူအညီတောင်းကြည့်တော့ စိတ်ပူစရာမလို၊ ဒဏ်ငွေလောက်နဲ့ပြီးသွားမှာဆိုတဲ့အတွက် ကိုကျောက်နီ စိတ်အေးသွားရတယ်။ ရုံးချိန်းတော့သွားရတာပေါ့။
အဲဒီရုံးချိန်းခဏခဏသွားနေရလို့လည်း ကိုကျောက်နီ ဒုက္ခအကြီးအကျယ်ရောက်ခဲ့ရတာပေါ့။ ကိုကျောက်နီက ဆိုင်ကယ်လည်းမရှိ၊စီးလည်းမစီးတတ်တော့ ရွာထဲကဆိုင်ကယ်ကယ်ရီကို တစ်ရက်ငါးထောင်ပေးပြီး ငှါးရတယ်။ ကိုကျောက်နီ အားမငယ်အောင်ဆိုပြီး ရွာလူကြီးတွေကလိုက်လာကြတော့ သူတို့ကိုကျွေးမွေးရတာနဲ့ စားရိတ်ကတော်တော်ထောင်းလှပြီ။ မလိုက်ခဲ့နဲ့လို့ ပြောလို့လည်းမကောင်းဘူးလေ။ ကြာတော့ ကလေးတွေကိုရှင်ပြုပေးဖို့ စုထားတဲ့ငွေတွေကုန်တဲ့အပြင် အကြွေးပါတင်နေပြီ။
ကံဆိုးခြင်းတွေက အဖော်အပေါင်းနဲ့လာတတ်တယ်ဆိုတဲ့စကားက ကိုကျောက်နီအတွက် သတ်မှတ်ထားလေသလားမသိဘူး။ ရုံးကိစ္စနဲ့ငွေကုန်ကြေးကျများရတဲ့ကြားထဲ အချိန်အခါမဟုတ်ရွာလိုက်တဲ့မိုးကြောင့် ကိုကျောက်နီရဲ့ထန်းလျက်တွေ အစိုဓာတ်ပျံပြီး ပျက်သွားပါလေရော။ မိုးနဲ့အတူလေပြင်းပါ ပါလာတော့ ထန်းပင်ပေါ်ကမြူအိုးတွေ တအိုးနဲ့တအိုး တိုက်မိတာများ တခွမ်းခွမ်းနဲ့။ မနက်လင်းရင် ထန်းပင်ခြေအောက်မှာ ပြန့်ကျဲနေတဲ့ အိုးကွဲစတွေကိုကြည့်ပြီး ကိုကျောက်နီရင်ထဲ တဆစ်ဆစ်နဲ့။ ထန်းရည်လည်းဆုံး၊ အိုးလည်းဆုံးပေါ့။
မနက်ဖြန်ဆို ကိုးကြိမ်မြောက်ရုံးချိန်း သွားရအုံးမယ်။ ကိုကျောက်နီအမှုက အခုထိမပြီးသေးဘူး။ ကိုကျောက်နီအမှုနောက်မှ တရားရုံးခေါ်တဲ့ ရိုက်မှုတောင် ပြီးခဲ့တဲ့အပတ်ကပြီးသွားပြီ။ သူ့ရဲ့ ထန်းရည်နှစ်လုံးအမှုက အရစ်ရှည်နေတယ်။ စိတ်ထဲမှာ သင်္ကာမကင်းတော့ဖြစ်မိရဲ့။ ဘာဆိုတာတော့ ရေရေရာရာမသိပြန်ဘူး။
"ဟူး....."
မြူအိုးတွေကို ချိုးမကပ်အောင် မီးဖုတ်ဖို့ပြင်ဆင်နေရင်း ကိုကျောက်နီ လေပူတစ်ချက်မှုတ်ထုတ်လိုက်တယ်။ မနက်ဖြန်ရုံးချိန်းသွားဖို့ လိုတဲ့ငွေဘယ်မှာ ရှာရပါ့။
"ကိုကျောက်နီ တော့်ကိုမပြောတော့ဘူးလို့ အောက်မေ့နေတာ၊တော် ပြီးခဲ့တဲ့ရုံးချိန်းသွားတုန်း ဦးလှမြင့်ရောက်လာသေးတယ်"
မအေးဘုံက ထန်းလျက်လုံးတွေကို နေပြရင်း ကိုကျောက်နီကိုလှမ်းပြောလိုက်တယ်။ ကိုကျောက်နီက မျက်မှောင်ကျုံ့လိုက်ပြီး
"အဲဒီလူက ဘာလာလုပ်ပြန်တာတုန်း"
"ဦးလှမြင့်က ပြောတယ်၊ ထန်းတောကိုရောင်းဖို့သဘောတူရင် ကုမ္ပဏီက အမှုကိုမြန်မြန်ပြီးအောင်လုပ်ပေးမယ်၊ လျော်ကြေးငွေလည်း စိုက်ပေးမယ်၊ ဒီလိုမှမဟုတ်ရင် ပိုပြီးဒုက္ခရောက်သွားမယ်တဲ့"
"ဘာ"
ရုတ်တရက် အော်လိုက်တဲ့ ကိုကျောက်နီအသံကြောင့် မအေးဘုံတုန်သွားတယ်။ ကိုကျောက်နီက မေးရိုးကြီးကားနေအောင် အံတင်းတင်းကြိတ်ထားတယ်။
ဒေါသသွေးကြောင့် နဂိုညိုတဲ့မျက်နှာက မည်းမှောင်လို့နေလေရဲ့။
"တောက်...အဲဒါကြောင့် ငါ့အမှုကပေရှည်နေတာကိုး၊ ဒင်းတို့ကအကွက်ကျကျစီစဉ်ထားကြတာပေါ့၊ တော်တော်အကြံပက်စက်တဲ့ကောင်တွေ"
အံတင်းတင်းကြိတ်ပြီးပြောလိုက်တဲ့ ကိုကျောက်နီအသံက အဖျားခတ်ပြီးတုန်နေတယ်။ ခံပြင်းဒေါသကြောင့် မျက်လုံးတွေက မီးထတောက်မယ့်အလားနီရဲလို့။ မြူအိုးကိုဆုပ်ကိုင်ထားတဲ့ လက်ကလည်း မခံချင်စိတ်ကြောင့် အကြောပြိုင်းပြိုင်းထလို့။ အဲဒီအချိန်မှာပဲ ကိုတင်ဖေ့ရဲ့ပိုက်ဆံအစုတ်လဲတဲ့ ကြေငြာသံက ထန်းတောလေးထဲ ပြန့်နှံ့လာတယ်။
"မင်္ဂလာရှိသောအချိန် မင်္ဂလာရှိသောနေ့၊ ငါးထောင်တန်အစုတ်တွေ၊ တစ်ထောင်တန်အစုတ်တွေ၊ ငါးရာတန်အစုတ်တွေ၊ နှစ်ရာတန်အစုတ်တွေ၊ တစ်ရာတန်အစုတ်တွေ တစ်ဝက်ကြေးနဲ့ လဲလှယ်လို့ပေးနေပါတယ်"
ကြေငြာသံက အသံသွင်းထားတဲ့အတွက် လေးလေးမှန်မှန်နဲ့ ဆက်တိုက်ထွက်လာတယ်။ ကိုကျောက်နီ ဘယ်လိုမှမခံစားနိုင်တော့ဘူး။ မခံချင်စိတ်၊ ယူကျုံးမရတဲ့စိတ်၊ ဝမ်းနည်းအားငယ်စိတ်တွေက ရင်ဘက်ထဲအပြည့် ပေါက်ဖွားလာပြီး မခံနိုင်တော့တဲ့အဆုံး နှုတ်ဖျားက ပွင့်အန်ထွက်ကျလာတယ်။
"လောကကြီးရယ် ငွေအစုတ်တွေ ပိုက်ဆံအစုတ်တွေပဲ လဲလှယ်ပေးတော့မှာလား၊ တရားမျှတမှုမရှိတဲ့ ဥပဒေအစုတ်အပြတ်တွေ၊ စာနာငဲ့ညှာမှုမရှိတဲ့ တစ်ကိုယ်ကောင်းစိတ်ဓာတ်တွေ၊ မြေနိမ့်ရာလှံစိုက်ချင်တဲ့ ကြီးနိုင်ငယ်ညှင်းစိတ်ဓာတ် အစုတ်အပြတ်တွေ လဲလှယ်မပေးကြတော့ဘူးလားဟင် လဲလှယ်မပေးကြတော့ဘူးလား"
"ခွမ်း...."
ရင်ခေါင်းသံကြီးနဲ့ အော်ဟစ်လိုက်ပြီး လက်ထဲကိုင်ထားတဲ့မြူအိုးကို ပေါက်ခွဲပစ်လိုက်တယ်။
ကိုကျောက်နီအော်သံကြောင့် ထန်းပင်ပေါ်နားနေတဲ့ ဆက်ရက်နှစ်ကောင် လန့်ဖျတ်ပျံသွားတယ်။
မြူအိုးကွဲစတွေလည်း မြေမှာကျဲပြန့်လို့။
ညီကျော်(တန့်ဆည်)
-------------------------------------------------
K Sharing Audiobook ၏ Social Media Channel များ
0 Comments