ဝတ္ထုတို အမည် - အမေ့အိမ်
စာရေးသူ - သုမောင်
Short Story
-------------------------------------------------
အမေ့အိမ်
#သုမောင်
အမာစိန် လက်ဆော့တတ်မှန်း တစ်အိမ်လုံး မသိခဲ့ကြ။ သိရန်လည်း မလို။ သိစရာ အကြောင်းလည်း မရှိ။ သိလည်း မသိသင့်။
အို ထင်ရက်စရာပင် မရှိ။
အစဉ်အလာ သဘောနှင့် ပြောရလျှင် အမာစိန်နှင့် ကျွန်တော်တို့ မိသားစုသည် ဆွေမျိုးနီးစပ်ပင် မတော်ပါ။
မေတ္တာတရားကို အခြေခံ၍ ပြောရလျှင်တော့ အမာစိန်သည် ကျွန်တော်နှင့် မောင်နှမ။
* * *
အမာစိန် ကျွန်တော်တို့အိမ် ရောက်စက ခုနှစ်နှစ် သမီးသာ ရှိသေး၏။ ကျွန်တော့်ကိုပင် မမွေးသေးပါ။ ကျွန်တော့် အစ်ကိုမှ ရှိလှလျှင် အခါလည်သားပေါ့။ အမာစိန်ကို ကျွန်တော့် အစ်ကိုအတွက် ကလေးထိန်းအဖြစ် ကျွန်တော့် အမေက ခေါ်လာခဲ့ခြင်း ဖြစ်၏။ ကျွန်တော့် အမေက ကျောင်းဆရာမ၊ ကျွန်တော့် အဖေက စာပေလုပ်ငန်း လုပ်သူ ဖြစ်သဖြင့် ကျွန်တော့် အစ်ကို မွေးပြီးစ ကလေးကို ထိန်းသိမ်း ကြည့်ရှုမည့်သူ မရှိခဲ့။ ကသီလင်တ ဖြစ်ကြရ၏။ ထို့ကြောင့် ကလေးထိန်း ငှားရ၏။
ခုနှစ်နှစ်သမီး အမာစိန်သည် အခါလည်သား ကျွန်တော့် အစ်ကိုကို ထိန်းသိမ်း ကြည့်နိုင် ပါမည်လားဟု စိုးရိမ်စရာ မလိုပါ။ သူ့မောင်ရင်း ညီအစ်မရင်းများကို သူပင် အစဉ်အဆက် ထိန်းသိမ်း လာခဲ့ဖူးပြီး ဖြစ်၏။ ကလေးတို့ ကိစ္စ၌ အမာစိန် ဟူသော ကလေးမသည် ကျွမ်းကျင်ပါဘိ။
ဘဝဟူသည် ကျွမ်းကျင်ရာ လိမ္မာခြင်း မဟုတ်ပါလား။
အစ ပထမ၌ အမာစိန်ကို လခဖြင့် ငှားရမ်းခဲ့ခြင်း ဖြစ်၏။ အိမ်ရောက်၍ နှစ်လ မပြည့်ခင် အဖေနှင့် အမေသည် အမာစိန်ကို သွေးသားကဲ့သို့ ချစ်ခင် သွားကြလေသည်။ သူကလည်း တောသို့ မပြန်ချင်တော့ပါ။ တောက သူ့မိဘ ထံသို့သာ လခမှန်မှန် ပို့ပေးပါ။ သူ သည်အိမ်မှာ ပျော်နေပြီတဲ့။ မောင်လေးနှင့် သူ မခွဲနိုင်တော့ပါ။
“လခလည်း မပေးချင် နေပါတော့ အမေရယ်”
* * *
ကျွန်တော့် အစ်ကို၏နောက် ကျွန်တော်နှင့် ကျွန်တော့်အောက် နှစ်ယောက် သည်လည်း အမာစိန် လက်ပေါ်မှာပင် ပျော်ခဲ့ကြရ လေသည်။
ယခုအခါ ကျွန်တော်တို့တစ်တွေ အရွယ်ကိုယ်စီ ရလာကြပြီ ဖြစ်သော်လည်း အမာစိန်သည် အိမ်မှ ခွဲခွါ မသွားတော့ချေ။
ကျွန်တော်တို့ စိတ်၌လည်း အမာစိန်သည် အစ်မကြီး သဖွယ် ဖြစ်နေပါပြီ။
အမာစိန် ဟူသော အမည်အကြောင်း နည်းနည်း ပြောပါရစေ။
အမာစိန်၏ အမည်ရင်းမှာ အမာရွှေ ဖြစ်ပါသည်။ သူ ကျွန်တော်တို့အိမ် ရောက်စကလည်း သူ့အမည် အမာရွှေပင် ဖြစ်၏။ သို့ရာတွင် မန္တလေးမှ အငြိမ့်မင်းသမီး အမာစိန် အလွန် နာမည်ကြီးလာသော ကာလ၌ အမာရွှေ၏ အမည်သည် နောက်ရင်း ပြောင်ရင်းနှင့်ပင် အမာစိန် ဖြစ်သွား ရတော့သည်။
ကျွန်တော်တို့ အိမ်နားတွင် “ကာလီမူတူး” ဟူသော ကုလားမကြီး ရှိ၏။ သူသည် ကိုယ်ဝန် အရင့်အမာကြီး နှင့်ပင် ကြည်ကြည်ဌေး ပါဝင်သော ရုပ်ရှင်ကားများကို တိုးဝှေ့ ကြည့်ရှုသူ ဖြစ်၏။ “ကာလီမူတူး” သည် ကြည်ကြည်ဌေးကို အသည်းစွဲ။ သူ ကိုယ်ဝန် လစေ့၍ သမီးမိန်းကလေး တစ်ယောက် မွေးဖွား လာသောအခါ ကလေးအမည်ကို တစ်ရပ်လုံးက ဝိုင်း၍ ကင်ပွန်းတပ် လိုက်ကြလေသည်။
“ကြည်ကြည်ဌေး” တဲ့။
ထိုသဘော အတိုင်းပင် ဖြစ်ပါလိမ့်မည်။
“အမာရွှေ” သည် “အမာစိန်” ဖြစ်သွားလေ၏။
အမည်သညာနှင့် ပတ်သက်၍ ကျွန်တော် ဋီကာ ချဲ့နေခြင်း မဟုတ်ပါ။ အမည်ချင်း ဆင်တူ ဖြစ်နေသဖြင့် ယိုးဒယားပြန် အငြိမ့် မင်းသမီးကြီး အမာစိန်သည် ကျွန်တော်၏ အမာစိန် မဟုတ်မှန်း သိသာစေလိုခြင်း မျှသာ ဖြစ်ပါသည်။
ကျွန်တော့် အဖေသည် လည်းကောင်း၊ ကျွန်တော့် အမေသည် လည်းကောင်း၊ မြန်မာမှုကို မြတ်နိုးကြ ပါသည်။ အစဉ်အလာကို နှစ်သက် စွဲလမ်းကြ ပါသည်။ ကျွန်တော်တို့သည် မိမိထက် အသက် တစ်ရက် တစ်မနက် ကြီးသော သူကို “နင်” “ငါ” ဟူသော အသုံးအနှုန်းမျိုး မသုံးကြရပါ။ ကျွန်တော်တို့ ကိုယ်တိုင်နှိုက်လည်း သည်အတွက် ဂုဏ်ယူစွာပင် ကျင့်ကြံခဲ့ကြ ပါသည်။
ကျွန်တော့်ညီ အငယ်ဆုံး ကောင်သည် ဆံပင်ရှည် ထားပါသည်။ ခေါင်းလောင်း ဘောင်းဘီ ဝတ်ပါသည်။ ထို အပြင်အဆင် နှင့်ပင် ဝါဝင် ဝါထွက်၌ ရပ်ကွက်ထဲ လည်၍ ဆွမ်းဆန်စိမ်း ခံပါသည်။
ကျွန်တော်တို့သည် အမာစိန်ကိုလည်း မိမိ၏ အစ်မကြီး သဖွယ်ပင် ရိုသေစွာ ဆက်ဆံကြ ပါသည်။ သို့ရာတွင် သူ့အမည်ကို ခေါ်ရာ၌ကား ကျွန်တော် ပြောပြောနေ သကဲ့သို့ပင် “အမာစိန်” ဟူ၍သာ ခေါ်မိပါသည်။ ပြင်၍ မရပါ။ နှုတ်ကျိုးခဲ့ လေပြီ။
ကျွန်တော်သည် ပရိသတ် တစ်ယောက် အနေဖြင့် အငြိမ့်မင်းသမီး အမာစိန်ကို “အမာစိန်” ဟုပင် ရင်းနှီးစွာ ခေါ်ဝေါ် သကဲ့သို့ပင် သူ့နာမည်ကို အစွဲပြု၍ ခေါ်ခဲ့သော ကျွန်တော်တို့၏ အမာစိန် ကိုလည်း အမာစိန် ဟုပင် ခေါ်ခဲ့ခြင်း ဖြစ်ဟန် တူပါသည်။
* * *
အမာစိန်သည် အလျင်က လက်ဆော့ ခြေဆော့ မရှိခဲ့ပါ။ လက်ဆော့ ခြေဆော့ ဟူသော ဝေါဟာရကို အသုံးပြုခြင်းမှာ အမာစိန်ကို အစ်မအရင်း သဖွယ် ချစ်သောကြောင့် နားခံသာအောင် ဖြစ်ပါသည်။ “ခိုး” သည်ဟု ကျွန်တော် မပြောရက်ပါ။
ကျွန်တော်တို့ ငယ်ငယ်က ဆိုလျှင် တစ်အိမ်လုံး သူ့ခြေ သူ့လက်ချည်း ဖြစ်သည်။ မီးဖိုချောင်မှာ ဆိုလျှင် အမာစိန်သည် ဘုရင်မ ဖြစ်သည်။
အိမ်၏ တာဝန်ပေါင်း များစွာကို အမာစိန်သာ ဒိုင်ခံ လုပ်ရသည်။ ငွေရေး ကြေးရေးက အစ တော်ရုံတန်ရုံ ဆိုလျှင် အမာစိန်နှင့် လွှဲနိုင်ခဲ့သည်။ သမီးကြီး မဟုတ်လား။ အဖေက လည်းကောင်း၊ အမေက လည်းကောင်း သမီး သမီးနှင့် နှုတ်ဖျားက မချ။
အမာစိန်သည် အိမ်၏ မန်နေဂျာ။ သည် အမာစိန်သည် ဘယ်ကဲ့သို့ ခြေဆော့ လက်ဆော့ ရှိပါမည်နည်း။ သို့ရာတွင် ...
* * *
ငှက်တို့သည်လည်း အချိန်တန်တော့ ကောင်းကင်ယံသို့ ပျံကြ၏။
အမာစိန် ရည်းစားထားခဲ့ လေသည်။ အခြားသူနှင့် မဟုတ်ပါ။ ကျွန်တော့် အဖေ ပုံနှိပ်စက်မှ အလုပ်သမား ကိုချမ်းသာနှင့် ဖြစ်၏။ အဖေက သဘော မတူခဲ့ချေ။ ကိုချမ်းသာသည် တက်လမ်းရှိသူ မဟုတ်မှန်း အဖေ သိ၏။ ခိုဖို့ကပ်ဖို့ အခွင့်အလမ်းကို စောင့်ဆိုင်း နေတတ်သူနှင့် သမီး အမာစိန်ကို အဖေ သဘောမတူခဲ့။ သို့ရာတွင် စာပေသမား ကျွန်တော့် အဖေသည် မေတ္တာတရားကို နားလည်လိုက်ရ လေသည်။ ပြီးတော့ ကိုချမ်းသာ သည်လည်း သားတပည့်ပင် ဖြစ်၏။ သူ့ကိုယ်စွမ်း ကိုယ်စဖြင့် အလုပ် လုပ်မည့်သူ မဟုတ်သလို အဖေ့ ထံမှလည်း ဘယ်တော့မှ ဖယ်ကျဉ် သွားမည့်သူ မဟုတ်။ အဖေမှ လွဲ၍လည်း သူ့၌ အခြား အားကိုးဖွယ် မရှိ။ တစ်သက်လုံး အဖေ့ အပါးမှာ ပေကပ် နေမည့်သူသာ ဖြစ်၏။
အဖေသည် ကိုချမ်းသာနှင့် အမာစိန်ကို လက်ထပ် ပေးလိုက်ရ လေသည်။ အိမ် အောက်ထပ်မှာပင် အခန်း တစ်ခန်း ကာ၍ နေကြပေရော့။
* * *
အဖေသည် စည်းကမ်းကြီး၏။ သားသမီးရင်းပင် ဖြစ်ပါစေ ကိုယ့် အိမ်ထောင်နှင့် ကိုယ် ဖြစ်လာလျှင် ကိုယ့် ဘဝ ကိုယ် ထူထောင်ကြ။ အကူအညီ လိုလျှင် အဖေက ပေးမည်။
အမာစိန်တို့ လင်မယားသည် အဖေ့တွက်ကိန်း အတိုင်း ဆိုးကျိုး ကောင်းကျိုး အမျိုးမျိုးကို ပေးလျက် ဖုတ်လှိုက် ဖုတ်လှိုက်ဖြင့် အိမ်ထောင် တစ်ခုကို ထူထောင်ကြ လေသည်။ သားသမီး လေးယောက် ထွန်းကားပြီး သော်လည်း သူတို့သည် ဘာမျှ မပြောင်းလဲ။ တောင်းစုတ် ပလုံးစုတ် မဟုတ်တော့လည်း အဖေ သည်းခံရ ပေလိမ့်မည်ပေါ့။
ရှေ့သွားနောက်လိုက် ညီခြင်းကြောင့် လင်နှင့်မယား ဖြစ်လာသည်လား။ လင်နှင့်မယား ဖြစ်လာခြင်းကြောင့် ရှေ့သွားနောက်လိုက် ညီသည်လား ကျွန်တော် မပြောတတ်ပါ။ ကိုချမ်းသာနှင့် လက်ထပ်ပြီး ကတည်းက အမာစိန်သည် အလုပ်၌ လက်ကြော မတင်းချင် တော့ပါ။ သားသမီး လေးယောက် ထွန်းကားပြီးနောက် ပိုဆိုးလာသည်။ ဘယ်တော့ ကြည့်လိုက် ကြည့်လိုက် ပိုးလိုးပက်လက် ပိုးစိုးပက်စက်။ များသောအားဖြင့် အိမ်လည်ထွက် နေတတ်သည်။ အလှူအိမ်တကာ အသုဘအိမ်တကာ လည်၍ချည်း နေတတ်သည်။ မိုးလင်းသည်နှင့် လမ်းထိပ် မုန့်ဟင်းခါးဆိုင်မှာ တစ်မနက်လုံး ထိုင်၍ အတင်းအဖျင်း ပြောနေတတ်သည်။ သူ့ကလေး တွေကား ကြီးစဉ်ငယ်လိုက် တစ်ယောက်ကို တစ်ယောက် ထိန်းသိမ်း ကြည့်ရှုရင်း ကြေးအလိမ်းလိမ်း၊ ဖုန်အလူးလူးဖြင့် နေကြသည်။ သူ့ကလေး အငယ်ဆုံးကောင် ဖိုးတုတ်ဆိုလျှင် ချစ်ဖို့ အလွန်ကောင်းသည်။ ဖိုးတုတ်ကို ကျွန်တော် နမ်းရှုပ်ချင်လျှင် အင်္ကျီလှမ်း(လှန်?)၍ ဗိုက်ဖောင်းဖောင်း ကလေးကို နမ်းရသည်။ ဖိုးတုတ်၌ နမ်းစရာ နေရာပင် မရှိ။
“အမေက ငါးပိရည် ပေးလိုက်ပါ တဲ့”
“အဖေက ဒီနေ့ ဘွားဘွားတို့ အိမ်မှာ ဝက်သားဟင်း ချက်တယ်ဆို တဲ့”
“အမေက အိမ်မှာ ဆန်မရှိဘူး တဲ့”
“ဘွားဘွား ဆီ နည်းနည်းလောက် ပေးပါ တဲ့”
“ဦးဦး ပိုက်ဆံ နှစ်ကျပ် ချေးပါတဲ့ ဖေဖေက”
သူတို့အိမ်မှာ ပြတ်လပ်ပြီ ဆိုလျှင် ဖိုးတုတ်သည် အသံ စာစာဖြင့် အိမ်ပေါ်တက် လာတတ်လေသည်။ ကျွန်တော် စိတ်မကောင်းပါ။
သူတို့ လင်မယားသည် ငွေကလေး ရလာလျှင် သားသမီးတွေ လက်ဆွဲပြီး တဝတပြဲ စားပစ်လိုက် ကြသည်။ နေ့ဖို့ ညစာ၊ ကျောင်းစရိတ်၊ သာရေးနာရေး စရိတ်ရယ်လို့ စုဆောင်း မထားတတ်။ သုံးစရာ ကုန်လျှင် ကျွန်တော်တို့ အိမ်သို့ ဖိုးတုတ်ကို လွယ်လွယ်ပင် လွှတ်လိုက်သည်။ ဝတ်စရာ ကုန်လျှင် ကျွန်တော်တို့၏ အကျများ၊ အမေ့ အကျများကို ခပ်တည်တည်နှင့် ဆွဲဝတ်လိုက် ကြသည်။ သည်လိုနှင့် ဘဝ ဟူသော အရာကို သူတို့ မေ့ထားကြ လေသည်။
* * *
ဘဝဟူသည် တစ်ဦးချင်း၏ ကိစ္စ မဟုတ်ပါ။ အများနှင့် သက်ဆိုင်ပါသည်။ လောကကြီးသည် တစ်ဦး တစ်ယောက်တည်း အတွက် ကွက်၍ မပြောင်းလဲတတ်ပါ။
ကုန်ဈေးနှုန်း ကြီးမြင့်လာသော အခါ မိသားစုတိုင်းသည် မိမိတို့ လုပ်အားကို တတ်နိုင်သမျှ တိုးမြှင့်ရလေသည်။ တရားသဖြင့်လား၊ မတရားသဖြင့်လား ဟူ၍ ရှိပါလိမ့်မည်။ တိုးမြှင့် ရသည်တော့ သေချာသည်။ ခုခံနိုင်သည်၊ မခုခံနိုင် သည်မှာ ဒုတိယ ကိစ္စ ဖြစ်သည်။ ပထမ၌ ကြိုးစား ရမည်သာ ဖြစ်သည်။
အမာစိန်တို့ လင်မယားသည် လွယ်လွယ် ပေါ့ပေါ့ ကလေး နေလို့ မရတော့။ သည်လို ညည်းညူခြင်း ဖြင့်သာ အသိအမှတ် ပြုကြသည်။ ပုံစံ မပြောင်းကြချေ။
တိုတို ပြောရလျှင် ဤနည်းဖြင့် အမာစိန် ခြေဆော့ လက်ဆော့ လုပ်တတ်လာခြင်း ဖြစ်ဟန် တူသည်။
* * *
အမာစိန် ခိုးသည်ဟု ကျွန်တော့် နှုတ်မှ ပြောမထွက် သလို အမာစိန် ကလည်း သူ့ကိုယ်သူ ခိုးသည်ဟု သတ်မှတ်ထားပုံ မရ။ လွယ်လွယ် ယူသည့် သဘောမျိုးသာ ထင်ပုံရသည်။
အမာစိန်ကြောင့် အိမ်မှ ပစ္စည်း ခဏ ခဏ ပျောက်တတ်သည်ကို ကျွန်တော် စတင်၍ သိခြင်း ဖြစ်ပါသည်။
အိမ်မှာ ပစ္စည်း အတိုအထွာများ ခဏခဏ ပျောက်တတ်သည် ကတော့ ကြာပြီ။ လက်သည် မပေါ်ခဲ့။ အကြီးအကျယ် ပျောက်ဆုံးခြင်း မဟုတ်သဖြင့်လည်း အစဉ် သတိပင် မထားမိခဲ့။
ဟိုလူ့ လုံချည်ရေလဲ ပျောက်သွားလိုက်၊ သည်လူ့ မျက်နှာသုတ် ပဝါဟောင်း ပျောက်သွားလိုက်နှင့် တော်တော်ကြီး ကြာမှ သတိထားမိ ကြသည်။
ပျောက်သမျှ ပစ္စည်းများမှာ အဖိုးတန်များကား မဟုတ်။ အဟောင်း အနွမ်းများသာ ဖြစ်ကြ၏။ ဇွန်းက အစ စွပ်ကျယ်၊ သနပ်ခါးတုံး၊ အေပီစီ ဆေးပြားအဆုံး ဖြစ်၏။ သို့ရာတွင် ကျွန်တော် မကြိုက်ပါ။ တစ်ချီတစ်မောင်း သူခိုး အခိုးခံရသည်မှာ စိတ်၌ ခံသာသည်။ ခုလို အတိုအထွာများ ခဏခဏ ပျောက်ဆုံးရသည်မှာ အတိတ် နိမိတ်ဆိုး တစ်ခုကို ကြုံရသလို ကျွန်တော် ခံစားရသည်။ ပြီးတော့ ကျွန်တော်တို့ အိမ်သည် မိတ်ဆွေ သင်္ဂဟ ဆွေမျိုးညာတိများ အတွက် အချိန်မရွေး၊ တံခါးမရှိ ဓားမရှိ။ သည်အိမ်မျိုးမှာ ပစ္စည်း ပျောက်သည်မှာ ဝမ်းနည်းဖို့ ကောင်းသည်။ ရေချမ်းစင်မှ ရေခွက် ပျောက်သည်နှင့် တူ၏။
ကျွန်တော့် အမေသည် သနားစရာ ကောင်း၏။ အဝတ်ရယ်လို့ လျှော်ဖွပ် နေလှန်းထား ပြီးပြီဆိုလျှင် စိတ်ဖြောင့်လက်ဖြောင့် နားမနေ ရရှာ။ ဝရန်တာမှ ထွက်၍ ကျီးခြောက်သလို အဝတ်လှန်းရာသို့ စောင့် ကြည့် နေရတတ်သည်။ နည်းနည်းကလေး မလစ်လိုက်နှင့် လုံချည်ဟောင်း တစ်ထည်တော့ ပါသွားပြီ မှတ်။
* * *
တစ်စ တစ်စနှင့် ရက်ခြားလိုလို ပစ္စည်း အတိုအထွာများ ပျောက်ဆုံး သွားလေတော့သည်။ မည်သူ့ကို အတပ် စွဲရမှန်း မသိခင် လက်သည်ကို ကျွန်တော် မိလေသည်။
ကျွန်တော်သည် ညတိုင်း နောက်ဆုံးမှ အိပ်ပြီး နံနက်တိုင်း နောက်ဆုံးမှ အိပ်ရာထသူ ဖြစ်၏။ ညတိုင်း ကျွန်တော် စာရေး၏။ စာကြည့်မီးသည် ကျွန်တော့်အဖို့ အရေးကြီး ပါသည်။
“နေရှင်နယ်” မီးလုံးသည် တစ်လ တစ်ခါလောက် ကျွမ်းသည်တော့ မဖြစ်နိုင်ပါ။ သို့ရာတွင် ကျွန်တော့် စာကြည့် မီးလုံးသည် တစ်လ တစ်ခါလောက် ကျွမ်းနေတတ်သည်။ အစ၌ မီးလုံး မျိုးမကောင်းပါ ဟူ၍ပင် ကျွန်တော် ထင်မိပါသေးသည်။ နောက်တော့ ကျွန်တော် စဉ်းစား လာရသည်။ ဘယ့်နှယ် နိုင်ငံနှင့်အဝန်း အလုပ်လုပ်နေသော မီးလုံးသည် ဤမျှထိတော့ အရည်အသွေး မညံ့တန်ရာ။ ပြီးတော့ တစ်လတစ်ကြိမ် ကျွမ်းသော မီးသီးမျိုးကို ကျွန်တော် တစ်ယောက်တည်း အတွက် ကွက်၍ ထုတ်လုပ်ရန်လည်း အကြောင်းမရှိ။ သူခိုးဖမ်းရန် နည်းလမ်း ရှာရလေသည်။ မီးလုံး အသစ်တစ်လုံး ဝယ်တပ်ပြီး ထိုမီးလုံး၏ ကြေးခေါင်းတွင် ခဲတံဖြင့် ကြက်ခြေခတ်ရာ ပေးထားလိုက်သည်။ မီးလုံး ကျွမ်းသွားသောအခါ ကြက်ခြေခတ်ရာ ပြန်ရှာသည်။ မတွေ့တော့ပါ။ သေချာပြီ။ မီးလုံး အကျွမ်းနှင့် အသစ် လဲထားခြင်း ဖြစ်၏။ ထိုမီးလုံး အကျွမ်းကိုလည်း ကြေးခေါင်း၌ ကြက်ခြေရာ မှတ်ပြီး အိမ်ဘေးမှာ ပစ်ထား လိုက်သည်။ မီးလုံးအသစ် လဲထားလိုက်သည်။ နောက်တစ်ကြိမ် ကျွန်တော့် စာကြည့်မီးလုံး ကျွမ်းသောအခါ ထို မီးလုံးသည် အလျင် ကျွမ်းပြီးသော ကြက်ခြေ အမှတ်အသား ပြပါ မီးလုံး ဖြစ်နေပါတော့သည်။
ကြက်ခြေ အမှတ်အသားပါ မီးလုံး အကျွမ်း တစ်လုံးကို အမာစိန်တို့ မီးဖိုခန်း ကြွက်လျှောက်ပေါ်တွင် ကျွန်တော် တွေ့ရပါသတည်း။
ကျွန်တော် မသိဟန် ဆောင်နေခဲ့ ပါသည်။ ဘယ်လိုမှ ပြောမထွက်ပါ။ စိတ်မကောင်းရုံမှ အပ ဘာမျှ မတတ်နိုင်ပါ။ အတတ်နိုင်ဆုံး ကိုယ့်ပစ္စည်းကိုယ် ထိန်းသိမ်းရုံသာ ရှိတော့သည်။
* * *
အမေသည် ဘာမျှ မက်မက်မောမော ရှိတတ်သူ မဟုတ်ပါ။ တစ်ခုတော့ ရှိသည်။ ကော်ဖီ သောက်လျှင်တော့ သကြားနှင့် သောက်ချင်သည်။ စိန်နားကပ်ထက် သကြားပွင့်ကို အမေ မက်သည်။ သမဝါယမ ဆိုင်မှ သကြားပေးသည် ဆိုလျှင် အမေ ဝမ်းသာတတ်သည်။ တစ်အိမ်လုံး ထန်းလျက်ကော်ဖီ သောက်သော်လည်း အမေ့အတွက် သကြားကော်ဖီ သီးသန့် စီစဉ်ပေး ရသည်။ သမဝါယမမှ မရလျှင် အပြင်က ဝယ်ပေးထား ရသည်။
အမေနှင့် လက်ပွန်းတတီး နေလာခဲ့သော အမာစိန်သည် အမေ့ အကြောင်းကို သိသည်။ မိန်းမသားချင်းမို့ ကျွန်တော်တို့ထက် ပို၍ပင် သိသည်ဟု ပြောနိုင်သည်။
ခုတော့ အမာစိန်သည် အမေ့ကိုပင် မညှာချင်တော့။ တစ်ခါတွင် ကျွန်တော် တော်တော် စိတ်ဆိုးရသည်။ မနည်း အောင့်အည်းပြီး မပြောဘဲ နေခဲ့ရသည်။
သမဝါယမ ဆိုင်မှ ကျွန်တော်တို့အိမ် အတွက် ပေးသော သကြားကို လမ်းတွင် ဆားတစ်ဝက် ရော၍ (သကြားတစ်ဝက် ရော၍?)၊ သကြား တစ်ဝက်ကို အမာစိန် ရောင်းစားခဲ့သည်။
“သူတို့ ပေးကတည်းက ဒီအတိုင်းပဲ၊ တော်တော် ယုတ်ကန်းတဲ့ စာရေးမတွေ” ဟု ထုံးစံအတိုင်း သမဆိုင်ကို ပုံချသည်။ ကျွန်တော် စုံစမ်းကြည့်တော့ သမဆိုင်က သကြား သန့်သန့်သာ ပေးခဲ့သည်။ အလေးချိန်တော့ နည်းနည်း လျော့ချင် လျော့မည်ပ။
သူမို့လို့ မစဉ်းစားဘဲ လုပ်သည်။ သကြားနှင့်ဆား ရောပြီးသည့်နောက် ဘယ်နေရာတွင် အသုံးချ၍ ရပါတော့ မည်နည်း။ ငယ်ငယ်က သိပ္ပံခန်းတွင် ဆားနှင့်သဲ ရောထားသည်ကို ရေတွင် ဖျော်၍ ခွဲသလို ပြန်ခွဲ၍လည်း မရနိုင်ပါ။
အမာစိန် တရားလွန်ပြီ။
* * *
အမေ စိတ်တန်ခိုး ကြီးသည်ဟု သူ့ကိုယ်သူ အထင်ရှိသည်။
အမေ့မိတ်ဆွေ တစ်ယောက်သည် အရက်သမားလုံးလုံး ဖြစ်နေခဲ့သည်။ တစ်နေ့တွင် အမေ့ထံ ရောက်လာသည်။ အရက်ဖိုး တောင်းသည်။ အမေသည် အရက်သမား ဆိုလျှင် မကြည့်ချင်အောင် မုန်းသည်။ အရက်ဖိုး မပေးဘဲ နေသည်။ အမေ့ မိတ်ဆွေက မရမက တောင်းသောအခါ အမေသည် အရက် ဝယ်ခိုင်းပြီး သူ့ရှေ့မှာပင် သူ့မိတ်ဆွေကို တိုက်သည်။
“ငါ စေတနာ မရှိဘဲ တိုက်ရတဲ့ အရက်ကို နင် သောက်ရင် နင် ဒုက္ခ ရောက်လိမ့်မယ် မှတ်”
ထိုမိတ်ဆွေသည် ရယ်ကာ မောကာနှင့်ပင် သောက်လျက် ပြန်သွားသည်။
လေး ငါးလခန့် ကြာသောအခါ ထိုမိတ်ဆွေ ရောက်လာပြန်သည်။ သည်တစ်ခါ အရက်ဖိုး တောင်းရန် ရောက်လာခြင်း မဟုတ်တော့။
“နင့်စကား မှန်တယ် မိခင်ညို၊ နင် ဝယ်တိုက်တဲ့ အရက် သောက်ပြီးတဲ့ နေ့က စပြီး ငါ အရက် မသောက်ဖြစ် တော့ဘူး ပြတ်သွားပြီ”
“အေး ... အေး ...၊ သာဓု ... သာဓု ... သာဓု ...”
ဤသို့လျှင် ထူးဆန်းစွာ ဖြစ်ပျက်ဖူးသည်။
* * *
“ငါ့ပစ္စည်း ခိုးရင် နင် ဒုက္ခရောက်ပြီသာ မှတ်တော့ အမာစိန်၊ မှတ်ထား”
အမာစိန် ခြေဆော့ လက်ဆော့ လုပ်နေသည်ကို အမေ သိသွားလေသည်။ အမေသည် ဆူပူ ကြိမ်းမောင်းခြင်း မပြုခဲ့။ မှတ်လောက်အောင် ပြောဆို ဆုံးးမ၏။ အမာစိန် ငိုလေသည်။ အမေရင်းတမျှ ဖြစ်နေပြီ ဖြစ်သော ကျွန်တော့် အမေ၏ ပေါင်ပေါ်သို့ မျက်နှာအပ်လျက် ကလေးငယ်ကဲ့သို့ သည်းထန်စွာ ငိုကြွေးလေသည်။
အမာစိန့် အကြောင်းကို ကျွန်တော်က မပြောရ ပါဘဲလျက် အမေ သိနေခဲ့သည်မှာ တော်တော်လေး ကြာခဲ့ပါပြီ။ အမေကိုယ်တိုင် နှုတ်က ပြောမထွက်သဖြင့် မပြောဘဲ နေခဲ့ဟန် တူသည်။ သည်တစ်ခါတော့ အမေ အလွန် စိတ်ဆိုး သွားသည်။ သည်တစ်ခါ အမေ ပျောက်သော ပစ္စည်းသည် အလွန် အဖိုးတန်သည်။ တန်ဖိုးပင် မဖြတ်နိုင်ပါ။
အမေသည် (သူ့အမေ ကျွန်တော့်အဘွား) ကို အလွန် ချစ်သည်။ ကျွန်တော် အမေ့ကို ချစ်သည်ထက် အမေက သူ့အမေကို ပိုချစ်သည်။
အမေသည် ဘုရားစင် ရှေ့တွင် ခုံနိမ့်ကလေး တစ်လုံးဖြင့် သူ့အမေ၏ ရုပ်ပုံကို မှန်ပေါင်သွင်းပြီး ပူဇော်ထားသည်။ ညတိုင်း ဝတ်ပြု ကန်တော့သည်။ ထိုပုံသည် ရှားပါးသောပုံ ဖြစ်သည်။
အမေ့ အမေနှင့် ပတ်သက်၍ အမေ့တွင် ထိုပုံလေး တစ်ပုံသာ ရှိတော့သည်။ စစ်အတွင်းက အိမ်ကို မီးလောင်ဗုံး ကျသဖြင့် ကျွန်တော့် အဘွား၏ ဓာတ်ပုံ၊ ပန်းချီကား ဘာတစ်ခုမှ မကျန်ရစ်ခဲ့ပါ။ အဘွားကို ကျွန်တော်တို့ မမြင်ဖူး လိုက်ကြပါ။
အဘွားသည် အဝတ်အထည် ရောင်းသူ ဖြစ်ခဲ့၏။ သူ့ဆိုင်အတွက် လက်ကမ်းကြော်ငြာ ကလေးများ ရိုက်နှိပ် ဖြန့်ဝေရာတွင် ရှေးလူကြီးများ ထုံးစံအတိုင်း သူ့ပုံကို ကြော်ငြာတွင် ပုံနှိပ် ဖော်ပြခဲ့၏။ ထိုကြော်ငြာ စာရွက်ကလေး တစ်ရွက်သာ အဘွားနှင့် ပတ်သက်၍ အိမ်မှာ ကျန်ရစ်ခဲ့သည်။ အမေသည် ထို ကြော်ငြာစာရွက် ဖြတ်ပိုင်းကလေးကို တယုတယ သိမ်းဆည်းခဲ့၏။ အမေ့အဖေ (ကျွန်တော့်အဘိုး) ပိုင် ငွေနားကွပ် မှန်ပေါင်ကလေးဖြင့် တန်ဆာဆင်လျက် ဘုရားစင် ရှေ့တွင် ပူဇော်ထား လေသည်။
အဘွား၏ ပုံကို ပန်းချီဆွဲ ပေးမည်၊ ပန်းပုထု ပေးမည် ဆိုတာပင် မရ။ ပျောက်သွားမည် စိုးသည်ဟု သည်အတိုင်းပင် ထားခဲ့သည်။
အမာစိန်သည် ထိုငွေနားကွပ် မှန်ပေါင်လေးနှင့် တန်ဖိုး မဖြတ်နိုင်သော အဘွား၏ ရုပ်ပုံကို အလစ် ဆွဲသွားခြင်း ဖြစ်၏။ သင်္ကန်းကျွန်း ဈေးမှာ ရောင်းပစ်ခဲ့သည်ဟု ဝန်ခံပါသည်။ ပစ္စည်းဟောင်း ဝယ်သော ကုလား တစ်ယောက် ဝယ်သွားပြီတဲ့။
အမေ ဈေးသွားသော အခါ ဈေးလယ်ကောင် လမ်းမပေါ်တွင် အဘွား၏ ရုပ်ပုံကို အမှတ်မထင် ကောက်ရခဲ့၏။ အမေသည် ရင်ပတ် စည်တီးဖြင့် ပြန်လာခဲ့သည်။
ပြန် ရောက်ရောက်ချင်း အမေ မစဉ်းစားတော့။ ချက်ချင်း အမာစိန်ကို ခေါ်၍ စစ်ပါသည်။ အမာစိန်က ချက်ချင်း ဝန်ခံလေသည်။
အကယ်၍သာ အဘွား၏ ရုပ်ပုံလွှာကိုပါ ပြန်မရခဲ့ပါလျှင် အမေသည် အမာစိန်ကို တံမြက်စည်း ကောင်းကောင်းဖြင့် တဖြောင်းဖြောင်း ရိုက်လိမ့်မည်ဟု ကျွန်တော် ထင်ပါသည်။ မီးဝင်းဝင်း တောက်နေသော အမေ့ မျက်လုံးကို ကျွန်တော် သည်တစ်ခါသာ မြင်ဖူးပါသည်။
* * *
ကျွန်တော် ယခု ပြောပြခဲ့ပြီးသော ဇာတ်လမ်းတွင် နားမလည် နိုင်စရာ ဘာမျှ မရှိပါ။ အလွန် ရိုးသားသော မိသားစု အရေးအခင်း တစ်ခုကို တင်ပြခြင်းသာ ဖြစ်ပါသည်။ ပြောသူရော နာထောင်း (နားထောင်!) သူပါ အလွန် နားရှင်းသည့် အမှုကိစ္စ တစ်ခုသာ ဖြစ်ပါသည်။
လူတစ်ယောက်သည် သူတစ်ပါး၏ ပစ္စည်းကို ပိုင်ရှင် မသိဘဲ ယူသည်ဖြစ်အံ့၊ ခိုးသည်ဟု ပြောနိုင်ပါသည်။
လူသည် မိမိဘဝကို တစ်နည်းနည်းဖြင့် ရုန်းကန် ဖြေရှင်းတတ်၏။ တရားသည် မတရားသည်ကို ပတ်ဝန်းကျင်က ဆုံးဖြတ်ပေလိမ့်မည်။
ဤမျှသာ ဖြစ်ပါသည်။
သို့ရာတွင် ယနေ့အထိ ကျွန်တော်ကိုယ်တိုင် နားမလည် နိုင်သေးသော အကြောင်းတစ်ခု ရှိနေပါသည်။ ထိုအကြောင်းအရာသည် အမာစိန်နှင့်ပင် ပတ်သက် နေပါသည်။ ပြီးခဲ့သော ဇာတ်လမ်းနှင့်ပင် ပတ်သက် နေပါသည်။
ဆိုခဲ့သလို အမေသည် သူ့မိခင်၏ ရုပ်ပုံမှန်ပေါင် ခိုးမှုဖြင့် အမာစိန်ကို နာလောက်အောင် ပြောဆိုဆုံးမပြီး သည်၌ မျက်ရည် လည်ရွဲဖြင့် ဝမ်းနည်းပက်လက် ပြန်ပြောသော အမာစိန်၏ စကား တစ်ခွန်းသည် ကျွန်တော့်ကို ဦးနှောက်ခြောက် သွားစေခဲ့ပါသည်။
“ခိုးသည်” ဟူသော အလွန် ရိုးသား ရှင်းလင်းသည့် ကိစ္စသည် မေတ္တာတရား၊ သံယောဇဉ်တရားဖြင့် အခြေခံ၍ သုံးသပ် လိုက်သောအခါ အလွန်နက်နဲ သွားသည်ကို တွေ့ရလေသည်။
အမာစိန်၏ စကားကို လူကြီးမင်းများ စဉ်းစားကြည့်ကြ ပါကုန်။
“ဟုတ်တယ်၊ ဟုတ်တယ်၊ သမီး ခိုးတယ်။ သမီး သူများအိမ်မှာ ခိုးတာ မဟုတ်ဘူး။ အမေ့အိမ်မှာ ခိုးတာ၊ သူများအိမ်မှာ ခိုးရင် ပြဿနာ ဖြစ်မှာပေါ့။ ကဲ ... အမေပဲ ပြောစမ်းပါဦး၊ သမီး အမေ့အိမ်မှာ မခိုးရရင် ဘယ်သူ့အိမ်မှာ သွားခိုးရမှာလဲ ဟင်”
0 Comments