စိတ်ဖြေရာ - ယဉ်ယဉ်နု(မန္တလေး)

 ဝတ္ထုတို အမည် - စိတ်ဖြေရာ

စာရေးသူ - ယဉ်ယဉ်နု(မန္တလေး)

Short Story


-------------------------------------------------

“စိတ်ဖြေရာ”

ယဉ်ယဉ်နု(မန္တလေး)


“ဟဲ့… အရှက်မရှိတဲ့ ကောင်မ၊ ကြောင်တောင်နှိုက်မ၊ ဟဲ့… လင်ခိုးမ။ ကြည့်စမ်းပါဦးတော်… အရပ်ကတို့ရယ်။ အရှက်မရှိ လုပ်နေကြတဲ့ပုံကို”

မနက်စောစောစီးစီး ရဟန်းတော်တွေမှ ဆွမ်းခံမပြန်သေးဘူး။ စီခနဲ ညံခနဲ ဆဲလိုက်တဲ့ အသံတွေက ပယ်ပယ်နယ်နယ် ထွက်လာတယ်။ လက်က အကြော် ကြော်နေတာ။ ဒယ်အိုးထဲက ကြွပ်နေပြီဖြစ်တဲ့ တို့ဟူးကြော်တွေကို ဆီစစ်ဆန်ခါနဲ့ ကမန်းကတန်းဆယ်ပြီး မျက်လုံးက လမ်းပေါ်မှာ ကမန်းကတန်း မျက်နှာလွှဲ လျှောက်သွားကြတဲ့ ရေထမ်းရောင်းတဲ့ ဖိုးထူးနဲ့ ချိုမတို့နှစ်ယောက်ကို မြင်တာနဲ့ ဆဲတော့တာ။ အကြော်၀ယ်တွေကလည်း အုံခဲလို့။ အားလုံးကို ဖိုးထူးတို့နှစ်ယောက်ကို မလိုလားတဲ့ မျက်စောင်းတွေနဲ့ ကြည့်နေကြတာ။ ဟိုနှစ်ယောက်ကတော့ သုတ်သုတ် သုတ်သုတ်နဲ့ ပြေးကြပြီ။ ပြေးကြပေမဲ့ အကြော်သည်မပုရဲ့ ဆဲသံက နောက်ကလိုက်လာသေးတယ်။

“အရှက်မရှိတဲ့ဟာတွေ တော်။ ဘယ်ကလာတဲ့ ပေါက်လွှတ်ပဲစား၊ ရေမျောကမ်းတင်တွေလည်း မသိဘူး။ ဟဲ့ကောင်မ မိနှင်း၊ ဒီမယ်… နင့်ညီမတွေ့လား။ ငါ့ယောက်ျားမှန်းသိလျက်နဲ့ အရှက်မရှိတော်”

အကြော်တဲကလေးက သက်ဆီစက်၀င်းပေါက်ရဲ့ နံဘေး ဗာဒံပင်လေးအောက်မှာမို့ ဆီစက်၀င်းထဲက ပဲရွေး နှမ်းရွေးတဲ့သူတွေ၊ အိတ်ခေါက်နေတဲ့ သူတွေ၊ ဆီ၀ယ်နေတဲ့လူတွေ ကွက်ကြည့်ကွက်ကြည့်နဲ့ လုပ်နေကြတယ်။ ဆီစက်ရှေ့မှာ စားပွဲခုံချ၊ သပိတ်ချီတွေ ဘာတွေတင်ပြီး သံဃာတော်တွေကို ဇလုံကြီး ဇလုံငယ်နဲ့ ဘုံဆွမ်းလောင်းနေတဲ့ ဆီစက်ပိုင်ရှင်ကတော် ဒေါ်မမကြီးက သက်ပြင်းတစ်ချက်ချပြီး အနားမှာ အတူတကွ ဆွမ်းလောင်းနေတဲ့ ဆီစက်ပိုင်ရှင်ကြီး ဦးသက်ရှည်ကို မဝံ့မရဲ လှည့်ကြည့်တယ်။ ဟုတ်တယ်လေ။ အခုကိုပဲ ဆီစက်ပိုင်ရှင်ကြီးက ကုသိုလ်ယူနေတဲ့ မနက်ခင်းကို အကျည်းတန်စေတဲ့ ဆဲသံ ဆိုသံတွေ ကြားရတာနဲ့ ရှုံ့မဲ့နေပြီ။ ခဏနေလို့ သူမကျေနပ်ရင် ငါ့ဆီစက်ရှေ့မှာ မပုအကြော်မထွက်စေနဲ့လို့ တစ်ချက်လွှတ်အမိန့်ချလိုက်ရင် မပုခမျာ ဘုံပျောက်ချည်ရဲ့။ သနားပါတယ်လို့ ဒေါ်မမကြီးက တွေးရင်း မပုကို ဖျောင်းဖျဦးမှာပဲဆိုပြီး အပြင်ကို ထွက်လာတယ်။ ဒေါ်မမကြီး ဗာဒံပင်အောက် အရောက် မနှင်းဆိုတဲ့ မိန်းမနဲ့ မပုနဲ့ အချီအချ ဖြစ်နေကြပြီ။

“ဒီမယ် မပု၊ ချိုမဆိုတဲ့ ကောင်မက ကျုပ်နဲ့ ညီအစ်မသာ တော်တာ ပြောဆို ဆုံးမ မရလို့ ပစ်ထားရတာ ကြာပြီ။ ဟိုလင်ယူလိုက်၊ ဒီလင်ကွဲလိုက်နဲ့ လင်ဘယ်နှဆက်ရှိတယ် ဆိုတာ ကျုပ်တို့တောင် မသိဘူး။ နောက်တစ်ခါ မိနှင်းညီမလို့ မပြောနဲ့၊ ကျုပ်တို့နဲ့ မဆိုင်ဘူး”

“ညည်းညီမမို့ ညည်းညီမလို့ ပြောတာပေါ့။ ညည်းအမေ မွေးထားတာပဲ။ ဒီမယ် ကျုပ်ယောက်ျားကို သိသိကြီးနဲ့ ညည်းညီမ ကြောင်တောင်နှိုက်သွားတာ သိမယ်၊ ညနေကျရင် ကျုပ်ကလေးသုံးယောက်ကို ဖိုးထူးအမေအိမ်ပို့ပြီး သူတို့နှစ်ယောက် နေတဲ့နေရာ လိုက်ပြီး ဆဲဦးမယ်”

“ကဲ… တော်ပါတော့ မပုရယ်။ တစ်လမ်းလုံးလည်း မိုးမွှန်နေပြီ။ ဘုန်းကြီးရဟန်းတွေနဲ့”

ဒေါ်မမကြီးရဲ့ အေးအေးသာသာ ဖျောင်းဖျသံအဆုံးမှာ မပုက ကိုယ်ရှိတ်သတ်သွားတုန်း မနှင်းကို အခွင့်ကောင်းယူပြီး လစ်သွားတော့တယ်။ ဝိုင်းအုံကြည့်နေကြတဲ့ လူတွေကလည်း ခံ့ခံ့ညားညား အေးအေးချမ်းချမ်း ဆီစက်ပိုင်ရှင်ကတော်ကို တွေ့တာနဲ့ လူစုခွဲသွားကြတော့တယ်။ ဒေါ်မမကြီးက သက်ပြင်းတချချရှိတုန်း မပုက မျက်ရည်တစမ်းစမ်းနဲ့ ဖြစ်နေပြီ။

“မမရယ် ဆီစျေးက တက်သနဲ့။ ကျွန်မအကြော်ရောင်းတာ ဘယ်လောက် မြတ်မှာတုံး။ ကလေးတွေ စား၀တ်နေရေးခက်လို့ ယောက်မအိမ် ပို့ရတော့မယ်။ သူကတော့ ရှာရတာ မပေးဘဲ မယားငယ်နဲ့ နေနေတယ်။ ကျွန်မမှာ…”

“ကဲကဲ… တော်ပြီ မပုရေ၊ ကလေးတွေ ပို့မှာ ဟုတ်လား။ ညည်းစား၀တ်နေရေး ခက်နေရင် ဆီစက်ထဲ လာခဲ့။ ငါလည်း ဘုံဆွမ်းလောင်းနေတာမို့ မနက်တိုင်း ဆွမ်းချက်ရတာ ကောင်မလေးတွေ မနိုင်ကြဘူး။ ညည်းတစ်၀မ်းတစ်ခါးတော့ ပူမနေနဲ့”

“ရှင်… မမ အဟုတ်ပြောတာလား။ ဟုတ်ကဲ့… ဟုတ်ကဲ့”

မပု လျှာခလုတ်တိုက်မတတ် အံ့သြ၀မ်းသာသွားတယ်။ လင်ပူနော်၊ တကယ်ဆိုးတာ။ ဖိုးထူးပစ်သွားကတည်းက မလုပ်ချင်၊ မကိုင်ချင် ဖြစ်နေတာ။ အခုတော့ ဒေါ်မမကြီးက ခေါ်ပြီး ဆီစက်ထဲမှာ နည်းနည်းပါးပါး ကူလုပ်ပြီး အေးအေးချမ်းချမ်း နေရပြီလို့ သူတွေးမိတယ်။ အဲဒီညနေ ဆီစက်ထဲ ပြောင်းလာတော့တာပဲ။

ပြောင်းလာပြီးကတည်းက မပု စိတ်ချမ်းသာနေလိုက်တာ။ နှစ်ရက်သုံးရက်အတွင်း အိပ်ပျော်စား၀င် တစ်သွေးတစ်မွေးကို ဖြစ်လို့။ ဒေါ်မမကြီးက သူ့ကို ဆွမ်းချက်ဖို့ ဆိုပြီး အိမ်ကြီးပေါ် ခေါ်ထားတယ်။ အိမ်ဖော် ခင်ကြူတို့ ခင်သူတို့ ညီအစ်မနဲ့ နေရတယ်။ မနက်လေးနာရီလောက် ထ ဆွမ်းချက်၊ ဆွမ်းဟင်းကျက်ရင် ဒေါ်မမကြီးအတွက် ဆွမ်းတော်တင်ဖို့ ခူးပြီးသွားပို့။ ဆီစက်ပိုင်ရှင်တွေ မနက်စာစားဖို့ စီစဉ်ပေးပြီး ဒေါ်မမကြီးနဲ့ ဆွမ်းလောင်းရာမှာ ကူညီ။ ဒါဆိုရင် သူ့အလုပ်က ပြီးပြီ။ နေ့လယ်ခင်း အ၀တ်လေး ဘာလေးလျှော်၊ အိမ်သန့်ရှင်းရေး နည်းနည်းပါးပါးကူပြီး ဘာတာ၀န်မှ မရှိတော့ဘူး။ ညကျရင် ကိုရီးယားကား မှန်မှန်ကြည့်ရသေးတယ်။

တစ်ရက် ဧည့်သည်တွေတစ်ပုံကြီး ရောက်လာလို့ ကော်ဖီတွေ ဧည့်ခန်းကို ခင်သူတို့နဲ့ ပို့ပေးရတယ်။ ဧည့်သည်တွေစကား တစ်စွန်းတစ်စ သူ ကြားရတယ်။

“ကျေးဇူးပဲခင်ဗျာ။ ကျွန်တော်တို့ ဆွမ်းလောင်းအသင်းကြီးကို အမြဲတမ်း ကုသိုလ်ရှင်အဖြစ်လည်း လှူ၊ အခုလည်း ဆယ်သိန်းပဒေသာပင် စိုက်ပေးဦးမှာဆိုတော့…”

“အိမ်မှာလည်း အပါးတစ်ရာကျော်လောက် နေ့တိုင်းလှူနေတာ မောင်ရင်ရဲ့”

“ဟုတ်ကဲ့ ခင်ဗျာ၊ လေးလေးသက်ရှည်တို့ သဒ္ဓါတရားကတော့ အံ့မခန်းပါပဲ ခင်ဗျာ”

ဟုတ်ပါရဲ့၊ တကယ်ကို သဒ္ဓါတရားရှိတဲ့ မိသားစုပါ။ သူ့ကို ဘာမဆိုင် ညာမဆိုင် ခေါ်ကျွေးထားတာ ပါတော်။ ကျေးဇူးရှင်ကြီးတွေ ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။ ဆတက်ထမ်းပိုး တိုးပြီး ကျွေးနိုင်မွေးနိုင်၊ ပေးနိုင်ကမ်းနိုင်ကြပါစေလို့ မပုက စိတ်ထဲကတွေးပြီး ကြည်ညိုရင်း ဆီစက်ပိုင်ရှင်ကြီးကို တလေးတစား ကြည့်မိတယ်။ ဦးသက်ရှည်ကလည်း အမှတ်တမဲ့ မပုကို လှမ်းကြည့်နေတာနဲ့ကြုံလို့ ကြောက်ကြောက်လန့်လန့် မျက်လွှာချလိုက်တယ်။ အဲဒီတော့ ဦးသက်ရှည်ရဲ့ ခြေထောက်ကို ငုံ့ကြည့်သလို ဖြစ်သွားပြီး မျက်နှာလိုက်တယ် ပြောချင်ပြော၊ မပုတို့တော့ ကိုယ့်သူဌေးကို ခြေထောက်အစ ချီးမွမ်းမိတော့တာပဲ။ အဲဒီအကြောင်း နေ့လယ်ကျ ခင်သူတို့နဲ့ ပြောမိသေးတယ်။

“တကယ်ပါပဲတော်။ ကျုပ်တော့ မျက်စိထဲကကို မထွက်တာ သိလား။ သူဌေးခြေထောက်များလေ ဖွေးနုနေတာပဲ ခြေဖမိုးလေးများ ပန်းရောင်ကို ပြေးနေတာပဲ။ ကျုပ်တို့ လက်ထက်တောင် နုသေး။ တကယ်ပါပဲတော်၊ ကုသိုလ်ကောင်းလိုက်ကြတာ။ အလှူရေစက် လက်နဲ့မကွာ”

“ဒါက ဘာဟုတ်သေးလဲ မပုရယ်။ မြို့မျက်နှာဖုံး မင်္ဂလာဆောင်တိုင်း လိုက်ပြီး လက်ထပ်ပေးရတာ။ သူဌေးတွေက လွန်းရာကျော် ချိတ်အုပ်တွေနဲ့ လာပြီး ဖိတ်ကြတာ”

“ကျွန်မတို့သူဌေးက မန္တလေးမှာ ကုသိုလ်လုပ်လို့ အားမရဘူး။ အနယ်နယ်အရပ်ရပ်က ရိပ်သာတွေကိုလည်း တရားသွားထိုင်နေတာ။ မနက်ဖြန်တောင် ဘားအံဘက်ထိ သွားပြီး ရက်ရှည်တရားစခန်း ၀င်မှာတဲ့။ ပြင်ဆင်စရာတွေ ပြင်ဆင်ပေးရဦးမယ်”

နောက်တစ်နေ့ကျတော့ သူဌေးခရီးထွက်သွားတယ်။ ပါဂျဲရိုးကားကြီးနဲ့ တခမ်းတနား တပည့်လက်သားတွေနဲ့ ၊ အ၀တ်အိတ်၊ ခရီးဆောင်အိတ်တွေကလည်း မပု တစ်ခါမှ မမြင်ဖူးတဲ့ ဘီးလုံးကြီးနဲ့ အိတ်တွေ။ သူဌေးကတော်ကလည်း တရိုတသေ စားစရာသောက်စရာ ပြင်ဆင်ပြီး ထည့်ပေးလို့ မပုဖြင့် အံ့သြလိုက်တာ။ ငါးဆင့် စတီးချိုင့်ကြီးနှစ်လုံးနဲ့ အပြည့် ဆိတ်သားနှပ်၊ ကြက်သားကြော်၊ ငါးကြော်၊ ဘာလချောင်ကြော်၊ ငါးခြောက်ဖုတ်ဆီဆမ်း၊ လက်ဖက်နှပ်၊ စုံတကာ စေ့နေတာပဲ။ ရယ်ဒီမိတ်ခေါက်ဆွဲ၊ မြူစွမ်တွေနဲ့ ကော်ဖီမစ်၊ တီးမစ်တွက ပါသေးတယ်။ ရိပ်သာမှာ ဒါတွေဘယ်လို စားမှာပါလိမ့်လို့ မပုက မသိနိုးနား မေးကြည့်တော့ ခင်သူက “အို… မပုကလည်း ငရဲကြီးတော့မှာပဲ။ သူဌေးက ရိပ်သာ၀င်မှာ။ ရိပ်သာက ကုသိုလ်ပြုတဲ့ ထမင်းကို စားပြီး ရှစ်ပါးသီလထိန်းမှာ။ ခြိုးခြံအကျင့် ကျင့်မှာ။ အခုဟာက သူဌေးကို ရိပ်သာပြင်ကနေ စောင့်ရှောက်မယ့် လူတွေအတွက် သူဌေးကတော်က စေတနာနဲ့ လုပ်ပေးတာ” လို့ ရှည်ရှည်ဝေးဝေး ရှင်းပြတာနဲ့ မပု ခေါင်းငုံ့နေလိုက်ရတယ်။ အဲဒီလိုနေတုန်း ယောဂီ၀တ်စုံနဲ့ သူဌေးလှေကားပေါ်က ဆင်းလာတယ်။ ယို့ယို့ကလေး ရပ်နေတဲ့ သူဌေးကတော်က စိတ်ပုတီးကို ရိုရိုသေသေ ကမ်းပေးတာကို လှမ်းယူပြီး ကားပေါ်တက်သွားတယ်။ မပုဖြင့် ဒီလို သူတော်ကောင်းစိတ်ရှိတဲ့ လူတွေရဲ့ အရိပ်အာဝါသအောက်မှာ နေရတာ စိတ်ချမ်းသာလိုက်တာ လွန်ပါရော။

ဒီလိုနဲ့ ရက်တွေ ကုန်လွန်လာတယ်။ ဒီနေ့တော့ မပု နေ့လယ်ခင်းမှာ စိမ်ထားတဲ့ အ၀တ်တွေ လျှော်လိုက်တာ ကြာသွားလို့ ထင်ပါတယ်။ အအေးမိပြီး နှာတွေယို၊ အာခေါင်တွေ ခြောက်နေတယ်။ တစ်နေကုန် အိပ်ရာထဲ ၀င်ခွေနေရတယ်။ ညနေပိုင်းမှာ သူဌေးတရားစခန်း၀င်ရာက ပြန်ရောက်လာတယ်။ တစ်အိမ်လုံး ဆူဆူညံညံနဲ့ ကြိုကြ၊ လက်ဆောင်တွေ ရလို့ ပျော်ကြရွှင်ကြ၊ ဒူးရင်းသီးတွေ ခွဲစားကြနဲ့ပေါ့။ အဲဒီအထဲမှာ မပုမပါဘူး။ သူ အိပ်ရာထဲက မထနိုင်ဘူး။ ညဘက်ရောက်လေ ပိုဆိုးလာလေ။ ခေါင်းလည်း ကိုက်၊ ဖျားလည်း ဖျားလာတယ်။ ဘယ်လိုမှ မခံနိုင်တော့လို့ သူ အိပ်ရာက လူလဲထလိုက်တယ်။ အခန်းထောင့်မှာ အိပ်နေတဲ့ ခင်ကြူတို့၊ ခင်သူတို့အိပ်ရာ ခေါင်းရင်း ကြွက်လျှောက်တန်းပေါ်မှာ တင်ထားလေ့ရှိတဲ့ ဗရုတ်ဆီဘူးယူပြီး နားထင်၊ နားရင်းတွေ လိမ်းဦးမှပါလေလို့ တွေးမိတာနဲ့ အိပ်ရာထလိုက်တယ်။ ၄၀ ၀ပ်အား မီးလုံးရောင်ကြောင့် အခန်းက လင်းနေတယ်။ ခင်ကြူတို့အိပ်တဲ့ ခြင်ထောင်နားမှာ ခြင်ထောင်ခြေရင်းက ထိုးထွက်နေတဲ့ ဖြူဖြူအရာကို ဘာပါလိမ့်လို့ မျက်မှောင်ကြုတ် ကြည့်မိတယ်။ “ဟင်း…” လို့ သူ့ပါးစပ်က ထွက်သွားလောက်အောင် အံ့သြလွန်းလို့ ခေါင်းမွေးတွေတောင် ထောင်လာတယ်။ အသားတွေ တဆတ်ဆတ် တုန်လာတဲ့ထိ တုန်လှုပ်ခြောက်ခြားလာတယ်။ ကြောက်လွန်းလို့ ချွေးတွေပြန်လာပြီး အဖျားတောင် ပျောက်သွားသလား အောက်မေ့ရတယ်။ ဘာမပြော ညာမပြော အခန်းထဲက ခြေဖော့ပြေးထွက်ပြီး လှေကားက ကမန်းကတန်း ပြေးတက်လို့ သူဌေးနဲ့ သူဌေးကတော်အိပ်တဲ့ အိပ်ခန်းတံခါးဆွဲဖွင့်ပြီး အတင်းပြေး၀င်သွားတယ်။ “ဟင်…” လို့ သူအံ့သြသွားရလေအောင် သူဌေးကတော် ဒေါ်မမကြီးဟာ ခုတင်ပေါ်မှာ အိပ်ပျော်မနေဘဲ ကျုံ့ကျုံ့ကလေးထိုင်ပြီး ပုတီးစိပ်နေတာ ဘွားခနဲ တွေ့လိုက်ရတယ်။ ဒေါ်မမကြီးကို မပုကို အေးအေးဆေးဆေး လှည့်ကြည့်တယ်။ ပုတီးကို လက်မှာပတ်ပြီး ခုတင်ပေါ်က ဆင်းလာတယ်။

“ဘာဖြစ်တာလဲ မပု” လို့ အေးအေးဆေးဆေး မေးတယ်။ မပုသာ ကြက်ကြီး အစာနင်သလို တအင်အင်နဲ့ ဖြစ်နေပြီး မျက်လုံးကြီး ပြူးလာရင်းက “ဟို ဟို… ခြေထောက်၊ ဟိုဒင်း သူဌေးခြေထောက်။ ဟုတ်ပါတယ်… ကျွန်မ မှတ်မိတယ်။ အဲဒါ သူဌေးခြေထောက် သေချာတယ်”

ကပေါက်တိကပေါက်ချာ ပြောနေတဲ့ မပုစကားကို သူဌေးကတော်က နားလည်ပုံ မရဘူး။ နည်းနည်းတည်ငြိမ်လာတဲ့ မပုက ဆက်ပြီး “ဟုတ်ပါတယ် မမရယ်၊ သေချာပါတယ်။ ဘုရားစူး၊ ကျွန်မ မကောင်းတဲ့စိတ်နဲ့ ပြောတာ မဟုတ်ပါဘူး။ ကျွန်မ ကျိန်ဆဲ ကျိန်ရဲပါတယ်။ မမအတွက် မခံနိုင်လွန်းလို့ ချက်ချင်းလာပြောတာပါ။ သူဌေးလေ ခင်ကြူတို့ အိပ်ရာထဲ ရောက်နေတယ်။ ခြင်ထောင်ထဲက ခြေထောက်ကြီး ထွက်နေတာ ကျွန်မကိုယ်တိုင် ဟောဒီမျက်စိနဲ့ တပ်အပ်မြင်ရတာ။ သူဌေးခြေထောက်ကို ကျွန်မမှတ်မိတယ် မမရဲ့။ အဲဒါ မမ လုပ်ချင်တာပြော။ ကျွန်မတော့ အမိဖမ်းပြီး ဟိုကောင်မတွေကို ပါးနားရိုက်ပစ်။ မမက မရိုက်ချင်ဘူး ဆိုရင် ကျွန်မ ရိုက်ပေးရမလား”

မပုက စိတ်လှုပ်ရှားနေသလောက် ဒေါ်မမကြီးက တည်ငြိမ်နေတယ်။ ဘာမှမပြောဘဲ ခုတင်ပေါ်မှာ ၀င်ထိုင်လို့ မပုလည်း အူကြောင်ကြောင်နဲ့ ဒေါ်မမကြီးရဲ့ ခြေရင်း ကြမ်းပြင်မှာ ထိုင်လိုက်ရတယ်။ တစ်အောင့်လောက် တိတ်ဆိတ်ငြိမ်သက်နေတယ်။ ခဏကြာတော့မှ ဒေါ်မမကြီး တည်ငြိမ်တဲ့ လေသံနဲ့…

“မပုက ဒီကိစ္စတွေ မမ မသိဘူးလို့ ထင်နေတာလားကွယ်” လို့ မေးတယ်။ မပုမှာ တအံ့တသြနဲ့ “ရှင်” လို့ အော်မိပြီး ထရမလို ထိုင်ရမလို ဖြစ်သွားတယ်။

“မမ ဒီကိစ္စတွေ သိတာ ကြာပြီ။ ညည်းတို့့သူဌေးကလည်း သူဌေးမို့ အထင်ကြီးစရာ မရှိပါဘူး မပုရယ်။ ဆိုးတဲ့သောင်းကျန်းတဲ့နေရာမှာ ဖိုးထူးနဲ့ ဘာမှ မထူးပါဘူး”

“ရှင်…”

“ဟုတ်တယ် မပု။ အိမ်က ကောင်မလေးတွေလည်း အလွတ်မပေး၊ အပြင်မှာလည်း ထွက်၊ တစ်ခါတလေ ဒီမှာ ငြီးငွေ့လာရင် တရားထိုင်လို့ ပြောပြီး ချောင်းသာတို့ ငပလီတို့ကို မိန်းမဖော်တွေနဲ့ သွားသေး”

“ဒါနဲ့များ မမရယ်။ မမ မျိုသိပ်သည်းခံနေရသေးတယ်။ ဒါလောက် ဆိုးတဲ့လူ ကွာရှင်းပစ်။ ဆီစက်လုပ်ငန်းလည်း မမ ဦးစီးနေတာပဲ ဥစ္စာ။ အလကား လူပိုကြီး”

သူဌေးကတော်က မပုကို အေးအေးဆေးဆေး လက်ဝါးကာပြတယ်။

“မဖြစ်ဘူး မပု။ မမတို့က မြို့မျက်နှာဖုံးတွေ။ ဂုဏ်နဲ့ ဒြပ်နဲ့ သိက္ခာနဲ့။ မမတို့ အမျိုးထဲမှာ တစ်ခုလပ်၊ တစ်လင်ကွာ မရှိဘူး။ ပြီးတော့ သားတွေ သမီးတွေက ဆရာ၀န်တွေ ဆရာမတွေ။ သူတို့မျက်နှာတွေ ထောက်ပြီး မမ မျိုသိပ်နေခဲ့ရတာ။ အပူရုပ်ကို ဟန်လုပ်နေခဲ့ရတာ။ မသိချင်ယောင်ဆောင်နေခဲ့ရတာ ကြာလှပြီ။ ကြာတော့ မမလည်း နှလုံးသားတွေ ထုံကျဉ်အေးခဲနေပါပြီ မပုရယ်။ တစ်ခါတလေလေ မမ စဉ်းစားမိတယ်။မပု ဆဲသလိုလေ၊ အခုလို ညမျိုးမှာ လွတ်လွတ်လပ်လပ် အော်ဟစ်ပြီး ဆဲပစ်လိုက်ချင်တာပေါ့။ ကိုယ့်အရှက် ကိုယ်ခွဲသလို ဖြစ်နေမှာစိုးလို့ မနည်း သည်းခံနေရတာ။ ဒီနေရာမှာ မပုက မမထက် ကံကောင်းပါတယ်ကွယ်”

မပု ဘာမှ ဆက်ပြောစရာ စကားမရှိတော့ပါ။ ငိုင်ငိုင်ကြီး ထိုင်နေရာက အထမှာ သူဌေးကတော် ထပ်ပြောတဲ့ စကားတစ်ခွန်းကြောင့် ကျဉ်စက်နဲ့ တိုိ့လိုက်သလို တုန်သွားပါတယ်။

“ဟောဒီမှာ သူပြန်လာတော့ မပုဖို့ လက်ဆောင် ၀မ်းဆက်တဲ့။ သတိထား မပုရေ၊ အဲဒီလို ပေးပြီးရင် မကြာဘူးပဲ။ မမ အကြံပေးချင်တာကတော့ ကလေးတွေနဲ့ ရင်အုပ်မကွာ ကိုယ့်အိမ် ကိုယ်ပြန်နေ။ အကြော်ကြော်ဖို့ ဆီလိုသလောက် မမဆီမှာ လာယူ။ မမ ကုသိုလ်လုပ်မယ်။”

ဒီနေ့ဆိုရင် မပု အကြော်ပြန်ကြော်တာ နှစ်ရက်ရှိပြီ။ ဖိုးထူးတို့ကလည်း မပု အကြော်မကြော်တော့ လမ်းထဲထွက်ပြီး ရဲရဲသွားကြတယ် ထင်ပါရဲ့။ ဒီနေ့ ဖိုးထူးနဲ့ ချိုမ နှစ်ယောက်တွဲကို မြင်လိုက်တယ်။ မပုမှာ ပဲနှစ်နယ်နေရင်းက ဆဲချင်စိတ် ဖြစ်လာတယ်။ ဒါပေမဲ့ မမတောင် မျိုသိပ်ထားရရှာတာ။ အပူရုပ်ကို ဟန်လုပ်နေခဲ့ရတာ။ ငါလည်း မဆဲတော့ပါဘူးလေလို့ စိတ်ပိုင်းဖြတ်ပြီး မမြင်ချင်ယောင်ဆောင် နေလိုက်တယ်။ ဖိုးထူးတို့ကတော့ မပုကို မမြင်ဘူး။ တဖြည်းဖြည်းနဲ့ နီးလာပြီး သက်ဆီစက်၀င်း ရှေ့တည့်တည့်အရောက်မှာ “ဟဲ့… ကြည့်စမ်း၊ အရှက်မရှိလိုက်တာ။ သူများလင်လည်း ကြောင်တောင်နှိုက်သေးရဲ့။ဗြောင်လည်း ကျသေးရဲ့။ ငါ့ဆီစက်ရှေ့ ဘယ်တော့မှ မလာနဲ့ဟေ့” ဆိုတဲ့ ကြိမ်းမောင်းဆဲဆိုသံကြီး အနီးကပ်ကြားရလို့ အလန့်တကြား မော့ကြည့်လိုက်တယ်။ ဘယ်လိုမှ ထင်မထားတဲ့ ဒေါ်မမကြီးရယ်လေ။ မပု တအံ့တသြ ငေးကြည့်နေမိတယ်။ လမ်းသွားလမ်းလာတွေလည်း တဖြည်းဖြည်း အုံခဲလာတယ်။ ဖိုးထူးတို့ကတော့ ဒေါ်မမကြီးကိုယ်တိုင် ထွက်ဆဲနေတာနဲ့ သုတ်ခြေတင် ပြေးကြပြီ။ မပုကတော့ သူ့မမကို ရင်တနင့်နင့်နဲ့ ငေးကြည့်နေတုန်း ဒေါ်မမကြီးကလည်း ဘီးကျော်ပတ်ကလေး ပြေနေတာတောင် သတိမထားမိဘဲ မျက်နှာတွေ နီရဲလာတဲ့အထိ် ထဘီကလေးမ,လို့ အားရပါးရ ဆဲနေတုန်း။


ယဉ်ယဉ်နု(မန္တလေး)

-------------------------------------------------

K Sharing Audiobook ၏ Social Media Channel များ

K Sharing Youtube

Telegram Channel

Facebook Page


Post a Comment

0 Comments