ဝတ္ထုတို အမည် - ဝါတုတ်
စာရေးသူ - မောင်သုခင် (တမာမြေ)
Short Story
-------------------------------------------------
ဝါတုတ်
📚📚📚📚
သူ့အမည် ဝါတုတ်။
ကျောင်းစောင့်ကြီးရဲ့မွေးစားသား။ကျောင်းစောင့်ကြီးက
ညနေကျောင်းဆင်းချိန်ပြီးတာနဲ့ ကျောင်းကိုတစ်ပတ်ပတ်ကြည့်ရင်း သူ့ကိုတွေ့ခဲ့တယ်။ဝါတုတ်ကို စတွေ့သည့်အရွယ်က လသားအရွယ်ကျော်လောက်ဖြစ်မယ်ထင်။အမွှေးဝါဝါ တုတ်တုတ်ခဲခဲ လေးမို့ ဝါတုတ်လို့ အမည်ပေးခဲ့တယ်ဆိုပဲ။ကျောင်းစောင့်ကြီးကိုမြင်တော့တအီအီ အသံပြုရင်း မလှမ်းတတ်လှမ်းတတ်
လှမ်းလာရှာတယ်။ ကျောင်းစောင့်ကြီးက ရုတ်တရက်လမ်းလျှောက်ရပ်ပြီး သူ့ကို ကြည့်တော့ ကြောက်လန့်တကြားနောက်ကို ဆုတ်သွားပုံမှာ နားရွက်လေးကုပ် နောက်ခြေက
ထောက်နေတဲ့ရှေ့ခြေဖနောင့်နဲ့ထိသမျှ ဖင်ထိုင်ရက်သားဖြစ်သွားလေရဲ့။အမြီးလေး
ကုပ်ထားကာ အသားပင်တဆတ်ဆတ်တုန်နေသေး။
”ဝါတုတ် ဝါတုတ်..အို့ အို့”
လို့ ကျောင်းစောင့်ကြီးက ခေါ်တော့ အားတက်လာပြီး ကျောင်းစောင့်ကြီးကို မော့ကြည့်နေတဲ့ သူ့မျက်လုံးများက ဝိုင်းစက်နေတာပဲ။
ကျောင်းစောင့်ကြီးက သူ့ကို ကျောခိုင်းပြီး လမ်းဆက်လျှောက်တော့ သူကနောက်ကနေလိုက်တယ်။ကျောင်းစောင့်ကြီးက လမ်းလျှောက်ရပ်ရင် သူဆက်မလိုက်ပဲ ရပ်နေပြန်ရော။ရှေ့ကမြန်မြန်လျှောက်ရင် သူက မမီမကမ်း
တတောက်တောက်နဲ့ လိုက်တာပေါ့။
ကျောင်းစောင့်ကြီးက နောက်ကို ရုတ်တရက်
ခပ်ကြမ်းကြမ်းလှည့်ကာသူ့ကို ငုံ့ကြည့်လိုက်တော့ ဝါတုတ်ခမျာ လန့်သွားပုံနှယ်ပက်လက်မလှန်ရုံတမယ် ။ကျောင်းစောင့်ကြီးက ထိုင်ပြီး လက်ဖြန့်ပေးတော့ သူမလာဝံ့ဝံ့ လာဝံ့ဝံ့။
”ဝါတုတ် ဝါတုတ် ..အို့ အို့”
ဆိုတော့မှ ဖြန့်ထားတဲ့လက်ချောင်းလေးများကို တို့ထိနမ်းတယ်။ပြီးတော့ အိ အိ ဟု အသံပြုရင်း လက်ဖဝါးပေါ် မေးတင်ကြည့်လိုက်၊
လျှာဖြင့်လျက်လိုက်၊ ကျောင်းစောင့်ကြီးကို မော့ကြည့်လိုက် သူ့ခမျာ အလုပ်ရှုပ်နေတော့တာပဲ။နောက်တော့ ကျောင်းစောင့်ကြီးက
သူ့ကိုရင်ခွင်ထဲပွေ့ချီသွားတယ်။အဲ့ဒီတုန်းက ကျောင်းစောင့်ကြီးရင်ဘတ်မှာ ခေါင်လေးကပ်ပြီးလိုက်သွားတယ်။ လူသားတစ်ဦးရဲ့ နှလုံးခုန်သံကိုကြားရလို့ထင့် သူ့နားရွက်လေးတွေရုတ်တရက်ထောင်ကော့နေတာပဲ။ရင်ခုန်သံကို
နားစွင့်နေတာထင်ပါရဲ့။
မကြာပါဘူး။ သူလေ ကျောင်းစောင့်ကြီးရင်ဘတ်မှာ ခေါင်းမှီပြီး အိပ်ပျော်သွားပြန်လေရဲ့။
.......................................................
”ဝုတ် ဝုတ်... ”
ဝါတုတ်ပေါ့ ရွာထဲက ခွေးတွေကို ရန်လုပ်နေတာ။ရွာထဲကခွေးတွေ စာသင်ကျောင်းထဲ လာရင် သူရန်လုပ်တော့တာပဲ။စာသင်ကျောင်းတောင်ဘက်ရှိ ဘုန်းကြီးကျောင်းကခွေးတွေ လာရင်လည်း ရန်ထောင်တာပဲ။ပြီးရင်သတ္တိလည်းရှိတာမဟုတ်။
အခြားခွေးတွေက ပြန်ပြီး ဟောင်လိုက်ရင် သူ့သခင်ကျောင်းစောင့်ကြီးခြေထောက်နားပြန်ပြေးလာပြန်ရော။
”ဟေ့ ဘယ်ကခွေးတွေလဲကွ သွားကြ” လို့့သူ့သခင်ကခဲနဲ့ထုလိုက်ရင် အခြားခွေးတွေ ပြန်ပြေးကြလေရဲ့။အဲ့ဒီလိုဆို ဝါတုတ်ကလည်း သူ့သခင်အားကိုးနဲ့ မာန်ဖီလိုက်တော့တာပဲ။
ရွာထဲ၊ဘုန်းကြီးကျောင်းထဲက ခွေးတွေက ဝါတုတ်ကို ဘယ်ကြောက်မလဲ။သူ့သခင်ကြောက်လို့သာ ပြေးရတာ ။သူတို့စိတ်ထဲတော့ ငါ့တို့နယ်မြေရောက်မှ ဒင်းကိုဆုံးမပြမယ်ဆိုတဲ့ မျက်နှာပေးနဲ့ လှည့်ကြည့်လှည့်ကြည့် ပြန်ပြေးကြတာ။ ဝါတုတ်က စာသင်ကျောင်းထဲမှာပဲ ကြီးပြင်းလာခဲ့ရတာ။အခြားနေရာတွေ တစ်ကောင်တည်း မသွားရဲဘူး။တစ်ခါတစ်လေ ကျောင်းအပြင်ထွက်ချင်ပေမဲ့ ကျောင်းစောင့်ကြီးက သူမပါပဲ အထွက်မခံဘူး။ဒီတော့ ဝါတုတ်က ကျောင်းမှာပဲနေတတ်ပြီး အခြားခွေးတွေကို အရောတဝင်မနေတတ်တော့ဘူး။သူ့ကို တစ်ကျောင်းလုံးက ချစ်ကြလေတော့ သူ့ဘဝမှာ စားစရာနေစရာမပူပင်ရတော့ဘူးလေ။
ဝါတုတ်က စည်းကမ်းရှိတယ်။လူမရှိတဲ့ထမင်းစားပွဲဝိုင်း တွေ့ရင်အခြားခွေးတွေဆို ဝင်ဆွဲပြီး
စည်းမဲ့ကမ်းမဲ့ စားကြမှာ။သူက အဲ့ဒီလိုမစားဘူး။ထမင်းဝိုင်းအနီးအနားမှာ အသာလေးဝပ်နေတတ်တယ်။ဘယ်လောက်လွယ်လွယ်ကူကူ စားစရာတွေ ထားထားခိုးမစားဘူး။ကျွေးမှစားတယ်။ပြီးမှတ်ဥာဏ်လည်းကောင်းတယ်။ယူနီဖောင်းဝတ်ထားတဲ့လူတွေတွေ့ရင် အမြီးတနှံ့နှံ့နဲ့ ခေါင်းတိုးကိုယ်ကပ် ပွတ်သီပွတ်သပ်နေတတ်သေး။ ယူနီဖောင်းဝတ်မထားတဲ့ လူတွေဆို ခပ်တည်တည်နေတာ။ပြီးရင် အဲ့ဒီလူတွေဆို သူ ရန်လုပ်ချင်သေးတယ်။
ဖားကဖားတတ်သေး။ ကျောင်းအုပ်ဆရာမကြီးလာရင် အမြီးလေးနှံ့ပြီး ဆီးကြိုတတ်သေးတာ။ ဒီလိုနဲ့ ဝါတုတ်ဟာ တစ်ကျောင်းလုံးရဲ့အချစ်တော်ကြီးဖြစ်နေလေရဲ့။တစ်ကျောင်းလုံးကိုလည်းဝါတုတ်ကပြန်ချစ်တာပေါ့။သူအချစ်ဆုံးက ကျောင်းစောင့်ကြီး။ကျောင်းစောင့်ကြီးပြီးရင် ဝါတုတ်ချစ်တဲ့ လူတစ်ဦးရှိသေးတယ်။ အမည်က
”ဒေါ်မာလာထွေး”
...................................................................
ဒေါ်မာလာထွေးသည် SCETဆင်း
အထက်တန်းပြဆရာမဖြစ်တယ်။ ဒေသခံမဟုတ်။အခြားမြို့နယ်ကနေ ဝါတုတ်ရှိရာ ကျောင်းကို တာဝန်ထမ်းဆောင်နေသူဖြစ်တယ်။စာအသင်အပြကောင်းသလို တပည့်တွေအပေါ်စေတနာထားတဲ့ ဆရာမ။စေတနာနဲ့ပညာ ၊ပညာနဲ့ဝါသနာပေါင်းစပ်တော့ဒေါ်မာလာထွေးရဲ့ သတင်းက အဲ့ဒီရွာ၊ အဲ့ဒီကျောင်းသာမက အဲ့ဒီနယ်ထိအောင် မွှေးလာတယ်။
အနေရိုးသလို စကားပြောရိုးရှာတယ်။
တာဝန်ချိန်မဟုတ်ပါက စကားပြောရင်
”ကျူပ် ””တော် ”ဆိုတဲ့စကားလုံးတွေအသုံးများတယ်။
တစ်ခါက ကျောင်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်းက သူ့အမည်ကို ခေါ်ရာ
”တော်...”ဟု ယောင်ထူးပြီးမှ ”ရှင်”လို့ ပြန်ထူးဖူးတယ်တဲ့။
ဒေါ်မာလာထွေးဟာ သတ္တဝါတွေကိုလည်း သနားကြင်နာတတ်တယ်။မိုးလင်းတာနဲ့ ကျောင်းဝိုင်းထဲက ငှက်တွေအတွက် ဆန်ကွဲစတွေကို နံနက်တိုင်းကြဲဖြန့်ပေးတယ်။မနက်လင်းပြီးဆိုတာနဲ့ သူ့အဆောင်ဝန်းကျင်မှာ ငှက်ပေါင်းစုံ အသံကြားရပါတယ်။ပြီးတော့ သူ့အချစ်တော် ဝါတုတ်ရဲ့ အသံတွေလည်းကြားရပါလိမ့်မည်။
”ဝုတ် ဝုတ်... ”
ဆန်ကွဲစ ကောက်နေတဲ့ ငှက်တွေကို ရန်မူနေတဲ့ ”ဝါတုတ်” အသံ။ဝါတုတ် ငှက်တွေကို တကယ် မကိုက်ပါ။ဆော့ကစားတဲ့ အသွင်ဆောင်တယ်။ ဆန်ကွဲစ ကောက်နေတဲ့ ငှက်အုပ်ကြီး ထဲ ”တဝုတ်ဝုတ် ”အသံပေးပြီး ပြေးဝင်ရင် ငှက်များက ဝုန်းခနဲ ထပျံကြတယ်။ ဝါတုတ်က အဲ့ဒီအခါ လေပေါ်လိုက်ပါပျံသန်းမည့်ပမာ ရှေ့ခြေနှစ်ခြောင်း လေပေါ်မြှောက်ကာ
မြှောင်ကာ မတ်တတ်ပြေးသလို လုပ်ပြတယ်။
ငှက်ကလေးများလည်း ကြောက်ဟန်ပြကာ အပေါ်သို့ ပျံကြပေမဲ့လည်း သူတို့ဟာ ဝါတုတ်ကို မကြောက်ပါ။ဒေါ်မာလာထွေးရဲ့ အဆောင်မျက်နှာစာဟာ ဝါတုတ်နဲ့ငှက်ကလေးများရဲ့ ကစားကွင်းလည်းဖြစ်နေပြန်ပါတယ်။
”ဟဲ့ ဝါတုတ် နင်နော် ငှက်လေးတွေ ရန်မမူရဘူး လို့ ငါပြောထားတယ်လေ အခုပြန်လာခဲ့”
ဒေါ်မာလာထွေးအော်သံကြားကြားချင်း ဝါတုတ် ချက်ခြင်းပြေးလာတတ်တယ်။ကျောင်းစောင့်ကြီးနဲ့ ဒေါ်မာလာထွေး စကားဆို ဝါတုတ် နာခံတတ်တယ်။ ဒေါ်မာလာထွေးက ဝါတုတ်ကို နေ့တိုင်းထမင်းကျွေးတယ်။ မုန့်စျေးတန်းကနေ ဝါတုတ်အတွက် မုန့်အမြဲဝယ်ထားတတ်လေရဲ့။သူမစာသင်ပြီး လို့ ဝါတုတ်လာကြိုရင် အဲ့ဒီမုန့်လေးတွေ ကျွေးတယ်။ဝါတုတ်ကလည်း သူ့သခင်မ စာသင်ချိန်တွေမှတ်မိတယ်။
တစ်ခါတစ်လေ သူ့သခင်မ စာသင်ချိန်မပြည့်ခင် သူဗိုက်ဆာရင် စာသင်ခန်းအပေါက်ဝကနေ အသံပေးပြီး မုန့်တောင်းတတ်သေး။
”ဝါတုတ် ထမင်းစားမယ် ”
ဒေါ်မာလာထွေးက ဝါတုတ်ကို ထမင်းခေါ်ကျွေး တဲ့အသံ။
ဒီလိုပါပဲ ကျောင်းဖွင့်ရက်ဆို ငှက်သံ ၊ခွေးသံ ၊လူသံ များနဲ့ ဆူညံနေတာဟာ နံနက်တိုင်းပဲ။
ကျောင်းပိတ်ရက် မှာတော့ ထိုအဆောင်ဝန်းကျင်မှာ တိတ်ဆိတ်နေတတ်ပါတော့တယ်။
ဒေါ်မာလာထွေး တစ်ပတ်တစ်ခါရွာပြန်လို့ပါပဲ။ သောကြာနေ့ပြန်ပြီး တနင်္ဂနွေညနေ ပြန်လာတတ်တယ်။ဝါတုတ်ဟာ ဒေါ်မာလာထွေး ပြန်တဲ့နေ့တိုင်း သူ့သခင်မ စီးမယ့်ကားအထိရောက်အောင် လိုက်ရှာတယ်။
သူ့သခင်မ ပြန်လာတဲ့နေ့တိုင်း ကားရပ်နားရာ စာသင်ကျောင်းအနောက်ပေါက်ကနေ စောင့်ကြိုတတ်တယ်။ဝါတုတ် က တစ်ပတ်မှ တစ်ခါသာထွက်တဲ့ ကားကြမ်းကြီးရဲ့ ကားဟွန်းသံကို မှတ်မိတယ်။ တနင်္ဂနွေ
ညနေ အဲ့ဒီကားဟွန်းသံ ကြားရင် ကျောင်းအနောက်ပေါက်ကိုပြေးပါတော့တယ်။
”ဆရာမ ပြန်လာပြီ”
လို့ ကျောင်းစောင့်ကြီးက ပြောရင်လည် ကျောင်းအနောက်ပေါက် ပြေးတော့တာပဲ။
”ကျူ ပ် ဝါတုတ်ကို ခေါ်သွားမယ်တော်”
အပြောင်းအရွေ့အမိန့်စာကို ကိုင်ရင်း ဒေါ်မာလာထွေးတစ်ယောက် မျက်ရည်ဝေ့ရင်း ငိုသံမမြည်ပေမဲ့ ရှိုက်သံနှောနေတဲ့အသံနဲ့ ပြောတဲ့အသံ။
”ဘယ်ရမလဲ ဆရာမလေးရယ် ဝါတုတ်က
ခွေးပေါက်စဆို ပွေ့ခေါ်လို့ ရသား ခုဟာက
ကျားပေါက်လောက်မက ရှိနေတာ”
ဒေါ်မာလာထွေးက ဝါတုတ်အား သူ့အိမ်သို့အပြီးခေါ်သွားချင်တဲ့ သတင်းကြားကြတော့ စိတ်မကောင်းဖြစ်ကြတယ်။
ဒေါ်မာလာထွေး ပြန်တော့ တပည့်တွေငိုကြသလို လုပ်ဖော်ကိုင်ဖက်တွေ စိတ်မကောင်းဖြစ်ကြလေတယ်။ ဝါတုတ်ကတော့ ဘာမှမသိ။
”ငါ ဒီတစ်ခါအပြီး ပြန်တာ သူမသိရှာဘူး”
”ငါ ပြန်လာမယ် ထင်ပြီး တနင်္ဂနွေညနေ ငါ့ကို စောင့်နေရှာမယ်ထင်တယ်”
ဒေါ်မာလာထွေးတစ်ယောက် ကားဘီးစလိမ့်ပြီးဆိုကတည်းက မျက်ရည်တို့ စီးကျလာတယ်။
”အားလုံးပြန်ပြီနော် ”
လို့ လိုက်ပို့ကြတဲ့ တပည့်များနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နုတ်ဆက်လေတယ်။
”ဝါတုတ်ရေ ဆရာမ ပြန်ပြီးနော် ”
လို့ ငိုသံပါနဲ့ နုတ်ဆက်ပြန်လေတယ်။
ကျောင်းအနောက်ပေါက်မှာ သူ့ကို ကြည့်ပြီး
ကျန်နေရစ်တဲ့ ဝါတုတ်နဲ့ တပည့်များ၊ လုပ်ဖော်ကိုင်ဖက်များဟာ တဖြည်းဖြည်းဝေးလို့ဝေးလို့နေရစ်ခဲ့တယ်။ဖုံလုံးကြီးတွေနောက်မှာ ဝါတုတ်လည်း ပျောက်ကွယ်ကျန်ရစ်ခဲ့တယ်။
”ကြာရင် သူတို့မေ့မှာပါ…”
”ကြာရင် ဝါတုတ်လည်း မေ့သွားမှာပါ လေ”
လို့ စိတ်ဖြေတွေးရင်း သုံးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရွာလေးကို ဒေါ်မာလာထွေး လှမ်းကြည့်မိတော့ သူ့အမြင်အာရုံထဲမှာ ဝေးလို့ဝေးလို့ သေးလို့သေးလို့ နေရစ်ခဲ့ပါပြီ။
”ကြာရင်မေ့ မှာပါလေ”
ဒေါ်မာလာထွေးပြောခဲ့တဲ့စကား။တပည့်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ မေ့ ၊ မမေ့ တော့မသိ။
ဝါတုတ်ကတော့ မမေ့ပါ။
တနင်္ဂနွေနေ့ညနေ ကားကြမ်းကြီး ဟွန်းသံကြားတိုင်း ကျောင်းအနောက်ပေါက်ကို ပြေးရှာဆဲပါ။
ကားကြမ်းကြီးလည်း တစ်ပတ်တစ်ခါ ဟွန်းသံပေးပြီး ရွာထဲကို ဝင်ဆဲ။
ဝါတုတ်ကလည်း ကားဟွန်းသံကြားတိုင်း
သူ့သခင်မ ပြန်လာလေမလား ဆိုပြီး
ကျောင်းအနောက်ပေါက်ကို ပြေးပြီး ကြိုဆဲ.........။
#မောင်သုခင် (တမာမြေ)
-------------------------------------------------
K Sharing Audiobook ၏ Social Media Channel များ
0 Comments