ကြည့်တော့ ပြုံးသယောင်ယောင် - တွင်းကြီးဝမ်းမောင် (ဝတ္ထုတို)

 ဝတ္ထုတို အမည် - ကြည့်တော့ ပြုံးသယောင်ယောင်

စာရေးသူ - တွင်းကြီးဝမ်းမောင်

Short Story


-------------------------------------------------

ကြည့်တော့ ပြုံးသယောင်ယောင်

📚📚📚📚📚📚📚📚📚📚📚

#တွင်းကြီးဝမ်းမောင်


“ဟာ၊ ဘီလူးကြီး”

ငတောနှုတ်မှ ယောင်ယမ်း၍ လွှတ်ခနဲ ထွက်တော့မည်ဟာ။ ဘီလူးကြီးဟူသော စကားကို ငတော သတိထား၍ အချိန်မီ ဘရိတ်အုပ်ထိန်းသိမ်းရသည်။ ထိုသို့ထိန်းသိမ်းသည့်တိုင် ငတောရင်တွင်း၌ ဟာ၊ ဘီလူးကြီး၊ ဘီလူးကြီးဟူသော အသံပဲ့တင်သံထပ်လျက် တညံညံ။


ဟုတ်သည်။ ကွင်းပိုင်နန်းရှင်ဘီလူးကြီး။


ပလ္လင်ပေါ်ဟု တိုက်ရိုက်ပြောမှ မှန်မည်လား။ ရာဇပလ္လင်ဟု ပြောက လွဲချော်သွားမည်လား။ ကွင်းပိုင်ရှင်ပလ္လင်ဟုပြောမှ သင့်တော်မည်လား။ ပလ္လင်တော့ ပလ္လင်ပင်။ ထိုပလ္လင်ပေါ်၌ ဘီလူးကြီးသည် သန်လျက်မကိုင်၊ ဓားမကိုင်၊ လှံမထမ်း၊ တင်းပုတ်ကြီးကိုထမ်းကာ ပလ္လင်ပေါ်တွင် ခန့်ခန့်ညားညားကြီး ထိုင်နေပါ၏။ သည်လို ထိုင်နေပါ၏ ဟု ပြော၍ စကားများရိုင်းသွားမလား။ စံပယ်တော်မူနေပါ၏ ၊ ထိုင်နေတော်မူပါ၏ ဟု ပြောမှ မှန်မလား။ ငတော ဝေခွဲမရ။


သည်ကွင်းပိုင်ရှင်ဘီးလူးကြီးနှင့် ငတော ယခင်က တွေ့လည်းမတွေ့ ဖူး။ လုံးစေ့ပတ်စေ့ တိတိကျကျလည်း မကြားစဖူး။ ကွင်းပိုင်ကြီး၊ ကွင်းပိုင်နန်း၊ ကွင်းပိုင်နယ်ပိုင်ကြီး၊ ကွင်းပိုင်နယ်ပိုင်နန်းဟု ယေဘူယျသဘောတော့ ကြားဖူးသည်။

ရွာခံရှင်ကလည်း ဘီလူးကို ရှိခိုးကန်တော့ရန် သွားကြစို့ဟု မခေါ်။ ကွင်းပိုင်ကြီးကို ကန်တော့ရန် သွားကြရမည်ဟု တစ်ကွက်ချန်၊ တစ်အိမ်လုပ်၊ တစ်နေရာ လျှိုပြောခဲ့သည်။


ငတောတို့ရွာက ချိုင့်ကြီးရွာ၊ ငတောအိမ်အနောက်ဖက်မှ ကောင်လေးက ယခု ကွင်းပိုင်ကြီးတို့နယ် ပန်းစည်ပျားစည်ရွာက

ကောင်မလေးနှင့် အိမ်ထောင်ကျသည်။ ချိုင့်ကြီးရွာမှာ မနေဘဲ ကောင်မလေးနှင့် ရင်ထဲက ပန်းစည်ပျားစည်ရွာကို

ပြောင်းရွှေ့ လိုက်သွားသည်။ ရွာမှာ သာရေးနာရေး ရှိမှကောင်လေးက လာသည်။ လင်စုံမယားဖက်လာသော ပွဲလမ်းသဘင်ရှိသောအခါမျိုး၊ အခါသမယအခါမျိုး လာက ငတောမှ ထမင်းကျွေးနိုင်ကကျွေး၊ လက်ဖက်ရည်ကြမ်းနှင့် အမြည်း တိုက်တန်တိုက် ခင်ခင်မင်မင် ရွာဆွေမျိုး ရပ်ဆွေမျိုးသဘောပင်။


မနေ့က ကောင်လေးတစ်ယောက်ထဲ စက်ဘီးဖြင့် လာသည်။ ချိုင့်ကြီးမှာညအိပ်၊ ငတောက ရေနွေးကြမ်းနှင့် အသုပ်စုံ ခေါ်တိုက်ကျွေးရာက စကားစပ်မိသည်။ သူတို့ပန်းစည်ပျားစည်ရွာမှ လုပ်ကိုင်သော ဗမာပဲတီ(ပဲဒီ) ခင်းများထဲသို့ ခါအုပ်များ၊ ယုန်အုပ်များ မကျစဖူးကျနေ၍ စိတ်ညစ်နေကြသည်။ မိုးကောင်းသောနှစ်၊ မိုးပေါသောနှစ်၌ ခါအုပ်များပေါ၊ ယုန်များပေါ်လေ့ရှိသော်လည်း ယခုနှစ်ကဲ့သို့ အဖျက်အဆီးမများ။ ယခုနှစ်ကများနေသည်။ ယာခင်းရှင်များက ထောင်စေချင်၊ ဖမ်းစေချင်ကြသည်။ အချိန်ပြည့် စောင့်မခြောက်နိုင်။ ဦးလေးတောနဲ့ ငလုံး လာချင်က လာခဲ့ပါ။ သူ့အိမ် ညအိပ်၊ လေးငါးဆယ်ည စောင့်ထောင်၊ စောင့်ဖမ်းလှည့်ပါ၊ ရသမျှခါနှင့် ယုန်တို့ကို ပုံတောင်ပုံညာသွား ကားများ၊ ပခုက္ကူမန္တလေးသွားကားများ ရပ်နားရာ စားသောက်ဆိုင်များက ပေါက်ဈေးဖြင့် အလုအယက် ဝယ်ပါသည်။ ကိုယ့်နယ်ကိုယ့်ရွာ ပြန်ရောင်းချင်ကလည်း သူ့စက်ဘီးဖြင့် ပြန်နိုင်သွားနိုင်ပါသည်ဟု ခေါ်လာသည်။


ငတောတို့ လိုက်နေသော တောများမှာ ရွာမုဆိုး ပူနေသည်။ ပူနေသည်ဟုဆိုခြင်းမှာ လိုက်သူများ၊ အကြိမ်ရေများ တောကောင် လူလန့်နေပြီ ဟုဆိုလိုသည်။

ပန်းစည်ပျားစည်ရွာ သားမက်ကောင်လေးက မနက်ခင်း၌ သူ့ယောက္ခမရွာ၊ မိန်းမရွာ ပြန်သည်။ ငတောက ညအိပ်မှီလာမည်။ ထမင်းချက် မထားနဲ့။ ကိုယ့်ထမင်းထုပ် ကိုယ်စားမည်။ နောက်ရက်မှ ကျွေးဟု မှာလိုက်သည်။ ချိုင့်ကြီးရွာနှင့် ချင်းတွင်းမြစ်က ၁တိုင် (၂မိုင်) အကွာအဝေး၊ ချင်းတွင်းမြစ်ကိုတို့၊ ချင်းတွင်းမြစ်နှင့် ပန်းစည်ပျားစည်ရွာက ၄ တိုင် (၈ မိုင်) အကွာအဝေး၊ စုစုပေါင်းမှ ၅တိုင် (၁၀မိုင်) အကွာအဝေးကို ရွာမုဆိုးသားအဖ ငတောနှင့်ငလုံးတို့ တောလိုက်မီး၊

တောလိုက်ပစ္စည်းပစ္စယနှင့် ဝန်စည်စလယ်များ ထမ်းပိုးလွယ်ကာ သွားခဲ့သည်။ နေဝင်ရီတရော၌ ပန်းစည်ပျားစည်ရွာသို့ ရောက်လာမည်ဟု ကြိုတင်သိ၍ အဆင်သင့် စောင့်နေသော

ကောင်လေးအိမ်၌ ဘာမှအခက်အခဲမရှိ။ ကောင်လေးက

“ဦးလေးတော၊ မနက်ဖန် လဆန်းတစ်ရက်၊ ကျွန်တော်တို့ တစ်ရွာလုံးနဲ့ လက်လှမ်းမှီရာ ရွာနီးချုပ်စပ်က လာနိုင်သူမှန်သမျှ ကွင်းပိုင်ကြီးနန်းကို ကန်တော့ကြတဲ့ အစဉ်အလာရှိတယ်၊ ဦးလေးတောရော၊ ငလုံးရော၊ ကျွန်တော်တို့နဲ့လိုက်ခဲ့၊ ကွင်းပိုင်ကြီးကို ကန်တော့ပြီးသားဖြစ်တော့ တာဝန်တစ်ခုကျေသွားတာပေါ့၊ ရွာကဖြစ်ဖြစ်၊ တစ်ရွာကဖြစ်ဖြစ် တောလိုက်ရင် ကွင်းပိုင်ကြီးကို ကန်တော့ကြတာ အစဉ်အလာပဲ”


“လိုက်ရမှာပေါ့ အောင်ကျော်ဇောရ၊ ဒို့ရွာမုဆိုးရဲ့ အခြေခံတာဝန်ထဲမှာ ဒါကမလုပ်မနေရ တာဝန်ပဲ”


ဟုတ်သည်။ ရွာမုဆိုးမှန်သမျှ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ကွင်းပိုင် ကင်းမရ၊ ကွင်းပိုင်က နတ်လည်းဖြစ်တတ်သလို ဘီလူး၊ သရဲ၊ သဘက် လည်းဖြစ်တတ်၏ ။ ဘာပဲဖြစ်နေနေ ငတောအနေဖြင့် သဘောထား နှစ်မျိုး ထားရသည်။


ရွာထုံးစံ၊ နယ်ထုံးစံ၊ တောထုံးစံ၊ ကွင်းထုံးစံအရ အရိုအသေပြုရမည်။ ကန်တော့ရမည်။ ဦးတိုက်ရမည်ကို ရှောင်ဖယ်မရ။ ထုံးတမ်းစဉ်လာအရ ဦးတိုက်ရ၊ ကန်တော့ရမည်။ အရိုအသေပြုရသည်။ ဥပါဒါန်ကြောင့် ဥပါဒ်မရောက်စေရန် တာဝန်တစ်ခု ပြုရခြင်းပင်။


သည်အဆင့်က ကျော်ပြီး ဘယ်တော၊ ဘယ်တောင်၊ ဘယ်ကွင်းပိုင်က ဘာကောင်ဖမ်းတာမကြိုက်၊ ညာကောင်ဖမ်းတာ မကြိုက်ဟုဆိုလာလျှင် ငတော လက်ခံမရတော့။ အကောင်ပလောင်ဖမ်း၊ သူများအသက်သတ်ရတာ ကိုပျော်လွန်းလို့၊ လုပ်ချင်လွန်းလို့၊ ဂုဏ်ယူချင်လွန်းလို့ ငတောလုပ်နေရသည်မဟုတ်။ အကုသိုလ်ကောင်၊ ဒုစရိုက်ကောင်၊ ငရဲကောင်၊ ရွာမုဆိုး မိစ္ဆာဇီ၀ကောင်ဟု ကဲ့ရဲ့ သဂြိုလ် ၊ စကားတင်းဆိုသံကို ရင်နာကြေကွဲကြိတ်မှိတ်ခံ၍ ဘ၀၀မ်းစာအတွက် လိုက်သားကောင်ဖမ်း ရွာမုဆိုးလုပ်နေရသည်။ မလိမ်တတ် မညာတတ်၊ မလှီးတတ်၊ မဖြတ်တတ်၊ ဂုတ်သွေးမစုပ်တတ်၊ အမြတ်မထုတ်တတ်၊ အမြတ်ကြီးစားမလုပ်တတ်၊ နွားခိုးလုယက် ဘိန်းကူးလူကူး ဓားပြမတိုက်တတ်၊ မကောက်ကျစ်မစဉ်းလဲတတ်၍ ရိုးသားစွာ

လုပ်စားတတ်သလို လုပ်စားနေရသည်။ ဒါကိုမှ မထောက်ထားဘဲ ဘာနတ်ညာနတ် ၊ ဘယ်ကွင်းပိုင်၊ ညာကွင်းပိုင်က ဘာမကြိုက်ညာမကြိုက် ဆိုလာ၊ တားလာ၊ ဘေးမှပြောလျှင် ငတောလက်မခံ။ နတ်ကိုင်ကိုင် ကွင်းပိုင်ကကိုင်ကိုင် ကိုယ့်အလုပ်ကိုလုပ်သည်။ အဓိကကတော့ လူ (၇) ဦး မသေထမင်း မသေဟင်း ဟင်းစားနိုင်ရန်ဖြစ်ပါ၏။


ယခု ရွာခံအိမ်ရှင် အောင်ကျော်ဇောက ဦးလေးတော ကွင်းပိုင်နန်းကို ကန်တော့ရန် လိုက်ခဲ့ရမည်၊ သူတို့လည်း လိုက်ခဲ့မည် ဆို၍ သူတို့နှင့်အတူ ကွင်းပိုင်နန်းသို့ နန်းထက်လူရောက် တက်

ရောက်ကန်တော့ခဲ့ပါ၏။ ထိုသို့ကန်တော့ချိန်၌ ကွင်းပိုင်နန်းကြီးရှင် ဘီလူးကြီးကို ငတော ဘွားခနဲ နဖူးတွေ့ဒူးတွေ့ တွေ့ကာ ထုံးတမ်းစဉ်လာမပျက် လက်စုံယှက်ဖူးရဦးချကန်တော့ခဲ့ပါ၏။


ကွင်းပိုင်ဘီလူးကြီးခေါင်းကို နန်းထိန်းက ရှန်နီတဘက်ဖြင့် ခေါင်းပေါင်းသဏ္ဍန် ပတ်စည်းပေါင်းပေးထားသည်။ ဘီလူးကြီးရှေ့ မီးပူဇော်ရာ ဖယောင်းတိုင်ထွန်းရာနေရာတွင် ဖယောင်းတိုင်များ အများအပြား ထွန်းထားရာ

ညဘက်သာဖြစ်ပါက အဝေးမှပင်လျှင် မြင်ရမည်။ အမွှေးတိုင်များကိုလည်း ထွန်းညှိရသမျှ နေရာများ၌ ထွန်းညှိထားရာ မီးခိုးလုံး မီးခိုးတန်း ထွက်နေ၍ လေတင်မှ လေအောက်သို့ ပြေးလွှားနေသည်။ မထွန်းရသေးသော ဖယောင်းတိုင်ထုပ်များ၊ အမွှေးတိုင်ထုပ်များကလည်း အစုလိုက်အပုံလိုက် ပုံထားသည်။ ပန်းအိုးများ၌ ပန်းသစ်မျိုးစုံ ထိုးမရသည်အထိ များပြားသလို ဘီလူးကြီးရှေ့ရင်ပြင်၌ အစည်းလိုက်ချထားရသည်။


ဘီလူးကြီးရှေ့ စားသောက်ဖွယ်ရာတင်သည့် အုတ်ပလ္လင်ရှည်ကြီးပေါ်၌ လင်ပန်းများ၊ ဇလုံကြီးများ၊ တိုက်ပန်းကန်ပြားများ၊ စီကာစဉ်ကာချထားသည်။ ထမင်း၊ ဟင်းထည့်သော လင်ပန်းများထဲ ထမင်းထည့်သူကထည့်၊ ဝက်၊ ကြက်၊ အမဲ၊ ငါး၊ ဘဲဥကြော်၊ ကြက်ဥကြော်၊ ငါးကြော်၊ ပဲကြီးဟင်း၊ ပဲနှပ်ထည့်သူကထည့်၊ တူရာတူရာ ကြည့်ထည့်သွားကြသည်။ တခြားနတ်လို ဝက်သားမပါရ။ အမဲသားမပါရ။ ဘာမှမထား။ ဟင်းသီးဟင်းသန့် ထမင်းသီးသန့်၊ မုန့်အမျိုးမျိုးသီးသန့်၊ အုန်း၊ ငှက်ပျော၊ မာလကာ၊ သဘော သီးသန့် သင့်ရာနေရာမှ တင်ကြမြှောက်ကြ။ ကိုယ်ရွက်ယူလာသော လင်ဗန်းထဲမှ ပါသမျှကို သွန်ချလှယ်သော သဘောမဟုတ်။ အိမ်မှပါလာသော ပန်းကန်ပြားလေးထဲ သီးသန့်ထမင်းထည့်၊ ဘီလူးကြီးရှေ့ လင်ဗန်းထဲပေါင်း၊ ဇွန်းဖြင့်ပြောင်းပြန်ခပ်၊ ဟင်းခွက်ထဲပေါင်း။


“အောင်ကျော်ဇော၊ များလိုက်တဲ့လူတွေနော်”

“လာဦးမှာ ဦးလေးတော၊ ခုမှစတာ၊ မြန်မာလဆန်း ၁ရက်၊ ၂ရက်၊ ၃ရက်၊ လပြည့်ကျော် ၁ ရက်၊ ၂ရက်၊ ၃ရက်၊ အင်္ဂလိပ်လဆန်း ၁ရက်နဲ့ ၁၆ရက်၊ အဲဒီ ရက်တွေဟာ ရှယ်ရက်တွေပဲ၊ ရွာဓလေ့နယ်ဓလေ့ ဖြစ်နေပြီ၊ ရွာနီးချုပ်စပ်ကပါ လူစုပြီး ထွေလာဂျီ (ထော်လာဂျီ)နဲ့ လာသူလာ၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ခြေကျင်များမှများ၊ ကိုယ်ယူလာတာကို အကုန် မတင်ရဘူး၊ ကွင်းပိုင်ကြီးကို စတိသဘောတင်၊ လူစုံမှ နတ်ကတော်နန်းထိန်းက ရွတ်ဖတ်ဆုတောင်း၊ သူပြီးမှ ကိုယ်ရွက်လာတဲ့ ထမင်း၊ ဟင်း၊ လက်ဖက်၊ မုန့်ကိုစုပြီး တပျော်တပါး စားပြန်ရမှာ။ ကွင်းပိုင်ကြီးက သူ့ကို ပျော်ပျော်ပါးပါး တင်သလို ကျန်တာကို ပျော်ပျော်ပါးပါး စားပြန်မှ ကြိုက်တာ၊ ဦးလေးတော စိတ်တော့ရှည်၊ အချိန်ကြာမှာ”


အောင်ကျော်ဇောပြောတာ မှန်မှမှန်။ ကား၊ ထွေလာဂျီ (ထော်လာဂျီ)၊ ဆိုင်ကယ်။ စက်ဘီး၊ ခြေကျင်နန်းတက်လာသူ များမှများ၊ ခေါင်းပေါင်းထားသော ရှန်နီတဘက်ကြား၌ ကွင်းပိုင်ကြီးကို ဆက်သော တစ်ထောင်တန်၊ ငါးရာတန်၊ နှစ်ရာတန်များ များမှများ။ ကွင်းပိုင်နန်းအကျယ်ထက် လေးငါးခြောက်ဆ များသော ပရိသတ်ကြီးက နန်းပေါ်၊ နန်းအနီး၊ နန်းအဝေး၌ အများအပြား၊ ကွင်းပိုင်ကြီးတင်တော့မည့် အထိမ်းအမှတ်အဖြစ် နန်နန်းက မောင်းထုသည်။


ဒူ၊ ဒူ၊ ဒူ။

နန်းထိန်းကြီးက အများကိုယ်စား ၊ ရွတ်ဖတ်တင်မြှောက် ပူဇော်နေချိန်၌ ငတောသည် ကွင်းပိုင်ဘီလူးကြီးအား မမှိတ်မသုန် စူးစူးရှရှ ကြည့်သည်။ ဒီဘီလူးကြီးကို ဘာကြောင့် သဲသဲမဲမဲ ပူဇော်တင်မြှောက်နေသလဲ။


ဒီဘီလူးကြီးက ကောင်းကင်မှ ဘွားကနဲကျလာသော မိုးကျရွှေကိုယ် ဘီလူးကြီးလား။ မဟုတ်ပါ။ ရေစကြိုမြို့နယ် တောင်ဦးကျေးရွာတောင်မှ ထွက်သော ကျောက်ညို ကျောက်သားကို လူသားက ထုဆစ်လုပ်ထားပါသည်။ ဒီဘီလူးကြီးက လေဟုန်စီးပါလာ၊ မြေခွဲထွက်လာသော ထူးထူးခြားခြား တန်ခိုးဣဒ္ဓိပါဒ်ရှိသည့် ဘီလူးကြီးလားမဟုတ်ပါ။ သူ့ကို ဒီနေရာရောက်စေရန် ကျောက်ဆစ်သမားထံ ငွေပေးဝယ်။ နွားလှည်းနှင့်တိုက်တင်လာရပါသည်။ ဒီနန်း၊ ဒီအဆောက်အဦးကိုကော သူကိုယ်တိုင်

ဆောက်လုပ်ခဲ့သလား။ မဟုတ်ပါ။ နေပူပူ မိုးရွာရွာ နှင်းသဲသဲသည့် အထဲမှာ ကွင်းပိုင်ကြီးကို ပစ်ထားမသင့်။ ငွေစုစပ်ကာ ဆောက်ပေးခဲ့ကြရပါသည်။


ဒါဖြင့် ဘုရားစေတီပုထိုးတို့ ပါဝင်တတ်သော ပန်းဆွဲဘီလူးများ၊ ဘုရားစေတီပုထိုးဘေး၊ အာရုံခံဘေး၊ အုတ်တံတိုင်းဘေး၌ ရှိနေကြသောသူ အမျိုးအနွယ် ဘီလူးများကို သူ့လို သီးခြား မကန်တော့ကြ။ မပူဇော်ကြဘဲ သူ့ကျမှ ဘာကြောင့် ပူဇော်နေကြသလဲ။

ဒီဘီလူးကြီးက ပလ္လင်ပေါ်ရောက်နေသည်။ ပလ္လင်ပေါ်က ဘီလူး။


ဘုရားစေတီပုထိုးများ၌ ပါသော ပန်းဆွဲဘီလူးများ၊ ဘုရားဘေး၊ အာရုံခံဘေး၊ အုတ်တံတိုင်းဘေးမှ ဘီလူးများမှာ ပလ္လင်မရှိ။


ပလ္လင်ပေါ်ရောက်နေသော ဘီလူးကြီးကို လူတွေက ဘီလူးကြီးဖြစ်စေကာမူ ကန်တော့နေကြ၊ ပူဇော်နေကြ၊ ပသနေကြသည်။ သည်အဖြေကို မှန်၊ မမှန်တော့ ငတောမသိ။ သူတွေးရသမျှ တွေးတောပြီး ကွင်းပိုင်နန်းရှင် ဘီလူးကြီးကို မော့ကြည့်လိုက်တော့ ဘီလူးကြီးက ပြုံးယောင်ယောင်။ ဘီလူးအပြုံး ပြုံးယောင်ယောင်သည် လှ၊ မလှတော့ ငတော မဝေခွဲတတ်။ သေချာလှသည်မှာ အများသူငါလို ငတောလည်း ဘီလူးကြီးကို ရှိခိုး ကန်တော့နေရသူထဲတွင် တစ်ဦး အပါအဝင် ဖြစ်နေ၏။


#တွင်းကြီးဝမ်းမောင်

-------------------------------------------------

K Sharing Audiobook ၏ Social Media Channel များ

K Sharing Youtube

Telegram Channel

Facebook Page


Post a Comment

0 Comments