ဝတ္ထုတို အမည် - မငိုပါနဲ့...........မိုးရယ်
စာရေးသူ - မင်းမာန်
Short Story
-------------------------------------------------
"မငိုပါနဲ့...........မိုးရယ်"
စိုးရိမ်စိတ်တွေ တရိပ်ရိပ်တက်လာတယ်။ မလာပါနဲ့ကွယ်။ ဒီအချိန်မှာတွက်ခြေအကိုက်ဆုံးမို့့ပါ။ ကျွန်မဆုတောင်းမိတယ်။ သို့ပေမယ့် အစိုးမရသောမိုးက ကျွန်မထံကို တဖြေးဖြေးနဲ့နီးကပ်လာတယ်။ အဘယ်သို့ ရင်ဆိုင်ရမည်နည်း။ မိုးမရွာခင် လေကြောင့် ဖုန်မှုံတွေက မြင်ကွင်းတစ်ခုလုံးကိုေ၀၀ါးသွားစေတယ်။
နေပြည်တော်မှာက ဆိုင်ကယ် စီးတဲ့သူတော်တော်များတယ်လေ။ ဒါကြောင့် တစ်ညနေ တစ်ညနေကို ဆိုင်ကယ်ဆီရောင်းရင် တစ်ရက်ကို အနည်းဆုံး ခုနှစ်ထောင်လောက်မြတ်တယ်။ တစ်ခုတော့ရှိတယ်။ ရာသီဥတုကောင်းကောင်းလေးဖြစ်မှပိုတွက်ခြေကိုက်တယ်။ တစ်ရက်ကို ဆီဂါလံနှစ်ဆယ်လောက်ရောင်းရရင် အနည်းဆုံး တစ်သောင်းမပြည့်တပြည့်မြတ်တယ်။ ကျွန်မလို မုဆိုးမတစ်ယောက်တောင် ကလေးနှစ်ယောက်ကို ဆီရောင်းပြီးကျောင်းထားနိုင်တယ်။
မနက်ခြောက်နာရီလောက်ကနေ ဆယ်နာရီလောက်ရောင်းရင် ကျွန်မအတွက်အမြတ်ကငါးထောင်။ ညနေလေးနာရီလောက်ကစပြီး ရှစ်နာရီ လောက်အထိရောင်းရင် အမြတ်ကငါးထောင်ပတ်လည်လောက်ရတယ်။ ဒီတိုင်းအမြတ်ကြီးပဲတော့မဟုတ်ဘူးပေါ့လေ။ နည်းလမ်းလေးတွေရှိတယ်။
၀ယ်သူတွေလည်းမထိခိုက် ကျွန်မ ကိုလည်းမထိခိုက်တဲ့နည်းလေးတွေနဲ့နည်းနည်းပါးပါးတော့စျေးသည်ပါး၀ရတာပေါ့။ ဆီတစ်ဂါလံကို ကျွန်မတို့ ငါးဆယ်သား၀င်ပုလင်းနဲ့ချိန်ရင် လေးပုလင်းပုံမှန်ရတယ်။ ဒါကတော့ပုံမှန် တစ်ဂါလံပေါ့။ ကျွန်မနည်းကျွန်မဟန် နဲ့ချိန်လိုက်ရင် ဆီငါးဂါလံကျော်လောက်ဆို ငါးဆယ်သားဘူးနဲ့ဘူးတစ်၀က်လောက်ပိုထွက်တယ်။
ဘယ်သူမှလည်း ဆီတစ်ဂါလံကို ဘူးနဲ့လေးဘူး ပြည့်မပြည့်ကိုမတိုင်းကြဘူးလေ။ များသောအားဖြင့် ကျွန်မဆီမှာ ဆီအထည့်များတာက ရုံး၀န်ထမ်းလေးတွေ။ သူတို့က ဘာမှသိပ်တွက်ချက်မနေကြဘူး။ ဆီတစ်ထောင်ဖိုး တစ်ဘူးပေး။ ဆီတစ်ထောင်ဖိုးနှစ်ဘူးပေးစသည်ဖြင့်ပေါ့။ တစ်ချို့တစ်ချို့ကလည်း ပန့်ဆိုင်တွေမှာသွားထည့်ကြ တယ်။ ဘယ်လိုပဲပြောပြော ကျွန်မတို့လက်လီသမားလေးတွေလည်းရောင်းနေရတာပါပဲ။
မနက်စောစောမှာသမီးကြီး ကိုးတန်းက ထမင်းဟင်းချက်ပေးထားတယ်။ကျွန်မနဲ့ သားလေးအတွက်။ သမီး ကြီးကိုတော့ဆီဆိုင်ကိုလုံး၀မလာခိုင်းဘူး။ သိတယ်မဟုတ်လား ခုခေတ်က ရှစ်တန်းကော ကိုးတန်းကော ညာတာတဲ့ခေတ်မဟုတ်ဘူး။ ခေတ်ကိုက မုဆိုးမတောင် အချောင်ရရင် ခဏလောက်နိုက်မြည်းချင်တဲ့ခေတ်။ ၀န်ထမ်းလူငယ် ရည်ရည်မွန်မွန်လေးကိုတော့မဆိုလိုပါဘူး။
ဆီဆိုင်ဆိုတာကလူ ဘောက်သောက်တွေကို ပြောဆိုဆက်ဆံရတာ။ ကိုယ်လိုမုဆိုးမ လေးဆယ်ကျော်အရွယ်ကိုတောင် ဆီထည့်နေတဲ့အချိန် ကုန်းကုန်းကွကွဆို မျက်စိအစာကျွေးချင်တဲ့ ငတိတွေကအများသား။
ဆီထည့်တာက တစ်ထောင်ဖိုး၊ မျက်စိကိုအစာကျွေးတာက တစ်သောင်းဖိုးလောက်။ တခါတခါရိသဲ့သဲ့နဲ့ အစ်မကြီးဆီက ဖြူဖွေးနေတာပဲနော်ဆိုပြီး အဆီပြန်နေတဲ့ မျက်နှာထားနဲ့ အဖွန်ခံရတတ်သေးတယ်။ အဲ့လိုအခါမျိုးဆိုရင် ကျွန်မက မျက်နှာကိုခပ်မော့မော့လေးထားပြီး
“အေးပေါ့ဟယ် ငါ့ဆီက နေမထိရေမထိကိုးဖွေးတာပေါ့”
ဆိုပြီး ပြန်ခံပတ်လိုက်တယ်။
အေးရောမို့လား။ ယဉ်ကျေးမပျူဌာတဲ့သူကို နည်းနည်းပတ်ကြမ်းတိုက်လိုက်တာ ကျွန်မ မလွန်ဘူးမဟုတ်လား။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကျွန်မဆိုင်ဘေးမှာ နေ့ပိုင်းကောညပိုင်းကောဆိုင်ကယ်ကယ်ရီသမားတွေကအပြည့်။သူတို့ကိုကတော့ ကျွန်မ စာရင်းထဲမှာရှိတယ်လို့ကို ထည့်မနေတော့ဘူး။ ငွေမရှိလို့ဆီလေးအမြတ်ရအောင်ရောင်းနေရတဲ့အချိန်မှာ အလွှာပေါင်းစုံက ယောက်ျားတွေနဲ့လည်း အံ၀င်ခွင်ကျဖြစ်အောင် ဆက်ဆံတတ်ရမယ်လေ။ ဒါကြောင့်လည်း ပတ်၀န်းကျင်ကတော့ ကျွန်မကိုအမြင်မကြည်ကြဘူး။
မုဆိုးမဖြစ်ပြီး ယောက်ျားတွေနဲ့တရုန်းရုန်းဆိုပြီးပေါ့လေ။ ကိစ္စတော့မရှိပါဘူး။ အဓိက ကကျွန်မနေပူစပ်ခါးမှာ ယောက်ျားရင့်မာကြီးတွေနဲ့ ပြိုင်ပြီးငွေရှာနေတာ သမာအာဇီ၀ကျဖို့ မဟုတ်ပေဘူးလား။
ဆိုင်ကယ်ကယ်ရီသမားတွေကို အကြွေးထည့်ပေးတန်ထည့်ပေးတယ်။
တစ်ခါတလေတစ်ပတ်လောက်လည်းအကြွေးထည့် ထားပေးရတယ်။ သူတို့က ကျွန်မထက်ပိုကြပ်တည်းကြတယ်။ ကျွန်မဆီဆိုင်လေးနားမှာ ကားတွေရပ်ကြတယ်။ အဲ့တော့ ကားကခရီးသည်တွေကို စျေးတို့ရုံးတို့လိုက်ပို့ရင် အနည်းဆုံး တစ်ထောင်ငါးရာကနေ သုံးထောင် လောက်ထိရကြတယ်။ ဆိုင်ကယ်ကလည်းကောင်း လူကလည်းကောင်းဆိုရင်တော့ ကိုက်တာပေါ့။ ဆိုင်ကယ်ကလည်းမကောင်း လူကလည်းသောက်တတ်စားတတ်ဆိုရင်တော့ နောက်ရက် ကယ်ရီဂိတ်မှာ လင်မယားနှစ် ယောက်ရဲ့နောင်ချိန်ပွဲကြည့်ရပြီသာမှတ်ပေတော့။
တစ်ဦးမေတ္တာတစ်ဦးမှာဆိုသလို ကျွန်မကဆီလေးဘာလေးအကြွေးပေး။ ပြီးရင်ငွေလေးဘာလေး ဆိုင်ကယ် ဘာညာပြင်ဖို့ လိုရင်လည်း ငွေတိုးလေးနဲ့ပေးတော့ အဆင်ပြေတယ်။ အတိုးကတော့ အများကြီးမဟုတ်ပါဘူး။ တစ်ဆယ်တိုးလောက်ပေါ့။ တစ်သောင်းပေးထားရင် ပြန်ဆပ်ရင်တစ်သောင်းတစ်ထောင် အပို၀င်ငွေလေးရတယ်လေ။
ဆီရောင်းလာတာလည်းကြာတော့ လူတွေကလည်းလူရင်းတွေလိုဖြစ်ပြီ။ သူတို့ကလည်း ကျုပ်ရဲ့ ရေနွေးစိမ်ထားတဲ့ဆီဘူးလေးတွေ အကြောင်းဘယ်သူကိုမှ မပြောကြဘူး။. ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့။ ဒီတိုင်းပုံမှန်ရောင်းရင်ဘယ်ကိုက်မတုန်း။ ဆီစျေးကခေါင်ခိုက်နေတာလေ။ ဒါကြောင့်ဆီကို ထည့်ဖို့ ရေသန့်ဘူးတွေသီးသန့်ရှာ၀ယ်ထားရတာ။
ပုံမှန်ရေသန့်ဘူးတစ်ဘူးဆိုရင် ငါးဆယ်သား မပြည့်တပြည့်ရှိတယ်။ တစ်ချို့ဘူးလေးတွေတော့ လေးဆယ့်ငါးကျပ်သားနဲ့လေးဆယ်သာခပ်သာသာလေးတွေရှိတတ်တယ်။ တံဆိပ်တွေကိုတော့ ပြောပြတော့ဘူးလေကွယ်။ တော်ကြာသူတစ်ပါးစီးပွားရေး ဒုတ်နဲ့ထိုးတယ်ဖြစ်နေ အုံးမယ်နော့။ ကျွန်မတို့နေရာလေးမှာ ရွှေစျေးဘယ်လောက် စိန်စျေးဘယ်လောက်ဆိုတာထက် ပုံမှန်နပ်မှန်နေတဲ့ ဆန်အညို ရောင်စျေးလေးနဲ့ တစ်ထောင်ဖိုးရှစ်လုံးဖြစ်သွားတဲ့ ကြက်ဥစျေးတွေကနေရာယူနေတယ်။
တစ်ခါတစ်ခါ အဆောင်တွေကို ဆိုင်ကယ်နဲ့စျေးလိုက်ရောင်းတဲ့ အသားငါးအသီးရွက်စျေးသည်တွေ ကျွန်မဆိုင်မှာ ဆီလာထည့်ရင်တော့ အပျိုဆောင်လူပျိုဆောင်က အသီးအရွက်ကို အမြုပ်ထွက်အောင်စျေးစစ်တတ်ကြပုံလေး တွေကိုကြားရတယ်။
ပုံမှန်လခကိုမှန်မှန်စားကြတဲ့အတွက်ချွေတာကြတာမှန်ပေမဲ့ တစ်ချို့၀န်ထမ်းလေးတွေရဲ့ အပြောအဆိုမတတ်ပုံ လေးတွေကြောင့်စိတ်ညစ်ကြရတယ်။ လူမှန်ရင် ကြီးကြီးငယ်ငယ် ကျားကျားမမ ကိုယ့်အတွက်ကိုယ် ကြည့်တတ်ကြပါလားဆိုပြီး သံဝေဂကြီးကြီးရမိပါရဲ့။ ကျွန်မကလည်း လူထဲက လူပဲလေ။
ဒါကြောင့်လေးဆယ်သားခပ်ကျော်ကျော် ဘူးခွန်လေးတွေရှာပြီး ရေနွေးပွက် ပွက်ဆူမှာ ဖင်လေးနဲ့ခေါင်းလေးကိုအနည်းငယ်ကြုံ့သွားအောင်လုပ်ပြီး ဆီနည်းနည်းခိုးလိုက်တာ ကျွန်မ အပြစ်မဟုတ်လောက်ပါဘူးနော့။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ဘေးပတ်၀န်းကျင်မှာဘယ်သူမှမရှိတော့ဘူး။ကယ်ရီသမားတွေကလည်းသူတို့အိမ်ကိုပြန်ကြကုန်ပြီ။ ကျွန်မမှာသာ ခြင်းတွေထဲကိုထည့်ထားတဲ့ဆီပုံးတွေတစ်နင့်တပိုးနဲ့ နေပြည်တော်မိုးတွေ့နေပြီ။ လေနီကြမ်းတွေက လည်းတဝေါဝေါ အော်နေပြီ။ဘေးဘယ်ညာ တောင်မြောက်ကိုကြည့်လိုက်တော့ မိူင်ရီဝေအုံနေတဲ့့ မိုးသားတွေက ကျွန်မရင်ထဲကအပူမီးကိုဖြစ်စေရန် တရိပ်ရိပ်တက်လာတယ်။ လေနီကြမ်းနဲ့မိုးဒဏ်ကိုလွတ်အောင် မိုင်ကုန်မောင်းနေတဲ့ ဆိုင်ကယ်တစ်စီးတလေတော့ဖြတ်သွားပါရဲ့။
ကူခိုးရာမဲ့ပြီးကျွန်မတော့ ဒီညဒုက္ခရောက်ပြီ။ ဆီရောင်းသက်ကြာတော့ ကျွန်မရဲ့ ရေးနွေးဖျောထားတဲ့ဘူးအဖုံး လေးတွေက သိပ်မသေချာချင်တော့။ လူကိုမိုးလေဒဏ်ခံရတာအပထား လေကြမ်းရဲ့အရှိန်ကြောင့်ကျွန်မဆီဘူးလေးတွေ လွင့်ထွက်မသွာအောင် လေလာရာအရပ်ကို ကျွန်မကိုယ်နဲ့ကာပြီး ခြေထောက်နှစ်ချောင်းကိုကားထားမိတယ်။
ဘယ်လောက်ကဗျာမဆန်လိုက်သလဲ။ မိုးလေ အုံမှိုင်း၇ွာဟန်ပြင်နေတဲ့ မင်းနေပြည်တော်မှာ ထဘီကိုအကာကွယ်လုပ်ပြီး ဆီဘူးတွေကိုကာကွယ်နေတဲ့ မိန်းမတစ်ယောက်ကို ဘေးပတ်၀န်းကျင်ကမြင်ရင် လှောင်ပြောင် ကြလိမ့်မယ်။ ၀မ်းရေးက ခက်ခက်မို့ ဘယ်သူ့အကြည့်နဲ့အပြောကိုမှ အရှက်မထားနိုင်တာတော့အမှန်ပါ။ ကျွန်မကာကွယ်နေရင်းပင် မိုးတွေကငိုလေပြီ။ လေတွေကလည်းအပြင်းအထန်တိုက်လာတယ်။
ညနေစောင်းမှာရောင်းရမဲ့ဆီတန်ဖိုးလေးကိုအမြတ်တွက်ပြီး စိတ်ပူမိတာတော့အမှန်။ တစ်ရက်ခုနှစ်ထောင်မှာ သားတွေ သမီးအပျိုပေါက်လေး အ၀တ်အစားကျောင်းစာရိတ်နဲ့သားငယ်လေးကိုလူတန်းစေ့ထားနိုင်ရန် ကြိုးစားနေရတာ တကယ်ကိုမလွယ်။ ဒီလိုနေ့မျိုးဆို ၀န်းထမ်းတွေ စီးပွားရေးသမားတွေကတော့အေးအေးဆေး အရိပ်ကောင်းတဲ့ အိမ်ကောင်းကောင်း အဆောင်ကောင်းကောင်းမှာ အေးချမ်းနေပေမဲ့ ကျွန်မကတော့တကယ်ပူ ပန်နေမိတယ်။
ဖွဲရာမှသည်း သည်းရာမှ မိုးတွေကပိုပြီးကြမ်းလာတယ်။ ကျွန်မဆံနွယ်တွေကစပြီး တစ်ကိုယ်လုံးစက်စက်ရွဲကုန်ပြီ။ ကျွန်မသိမ်းနေတုန်းမှာ ဆီထည့်ရန်ကျွန်မနဲ့ရွယ်တူတစ်ယောက်လာတယ်။ အနည်းငယ်တော့ပျော်သွားမိတယ်။ ဆီတစ်ဘူးဆိုတစ်ဘူးအမြတ်ရနိုင်သေးတယ်လေ။ ဒါပေမဲ့ကျွန်မသူအကြည့်အောက်မှာရှံးတယ်။ မိုးရေစက်စက်ရွဲနေတဲ့ မိန်းမသားတစ်ယောက်ကို စူးရှပြီးကြည့်သွားတဲ့ အကြည့်တစ်စုံက ငွေတစ်ထောင်ထက် အာသာရမက်ပိုမိုပြင်ထန်လွန်းတယ်။ယောက်ျားဆိုတာ ဒါပါပဲလို့ပြောရင် ကျွန်မကိုယောက်ျားအများစုက စိတ်ဆိုးကြမယ်ထင်ပါရဲ့။ “အစ်မ ဆိုင်မသိမ်းသေးဘူးလား။ ဒီလောက်မိုးတွေသည်းနေတာကို”
စနေတနင်္ဂနွေနေ့တိုင်း သင်တန်းသွားတက်တဲ့ကျွန်မဆီဆိုင်နဲ့ မလှမ်းမကမ်းရုံးကကောင်လေး ပျဉ်းမနားသင်တန်းကအပြန်မှာ ဆီ၀င်ထည့်ရင်းမေးတယ်။
“သိမ်းနေတာပဲဟယ်။မိုးတွေကလည်းသည်း။ ဒီနေ့မှ ဟိုကောင်တွေကလည်း စောစောပြန်ကုန်တယ်။ဘယ်လိုလုပ်ရမလည်းကိုမသိသေးဘူး”။
ကျွန်မအပြောကိုကြားရင် ကောင်လေးက
“ကျွန်တော်လိုက်ပို့မယ်။ သိပ်တော့မထူးပါဘူး။ မိုးက ပျဉ်းမနားအပြန်မှာတင် ကျွန်တော်လည်း ရွဲနေပြီ။ ကဲဆီပုလင်းတွေနိုင်တယ်မို့လား”
ကောင်လေးကပြောလည်းပြော ဆိုင်ကယ်ဂွကြားကိုကျွန်မဆီပုံကြီးတစ်ပုံးတင်လိုက်တယ်။ နောက် ခြင်းတောင်းထဲထည့်ထားတဲ့ ကျွန်မဆီခြင်းလေးကို ဆိုင်ကယ်နောက်ကထိုင်ပြီး ပေါင်ပေါ်တင်ပြီးစီးရန်ပြောတယ်။ကျွန်မသိပ်စဉ်းစားမနေပါဘူး။ ကျွန်မဆီမှာဆီအမြဲထည့်နေပြီး ရုံးကိုလည်းသိနေတာကို။ သူစိမ်းသူရံထက် ကိုယ်ဖောက်သည်ရဲ့ အကူညီကို ယူလိုက်တာပိုအဆင်ပြေလောက်ပါတယ်။
ကောင်လေးကသူရဲ့စိုရွဲနေတဲ့ ကျေားပိုးအိတ်ကို ရှေ့ကိုပြောင်းလွယ်ပြီးကျွန်မကိုအဆင်ပြေပြေထိုင်ရအောင် နေရာကျုံ့ပေးတယ်။ နေပြည်တော်ခြောက်လှမ်းသွားကားလမ်းမှာတိုးဝှေ့နေတဲ့ လေနီကြမ်းတွေနဲ့ အငြိုးနဲ့သည်းနေတဲ့ မိုးစက်တွေက အသားတွေတောင်နာလောက်အောင်ပြင်းထန်လွန်းလှတယ်။ တစ်ခါတစ်ခါ လေအဝှေ့မှ ဆိုင်ကယ်တောင်အနည်းငယ် ယိမ်းသွားလေရဲ့။
မိုးမျက်နှာကိုကျွန်မသေချာစူးစိုက်ကြည့်ပြီး ဒီအချိန်မှာရွာရက်သော မိုးနတ်မင်းကိုစိတ်ထဲမှာ ခတ်စပ်စပ်ကျိန်ဆဲလိုက်တယ်။ မိုးယိုလေမလုံတဲ့ အိမ်ငယ်လေးမှာအဖမဲ့မောင်နှမနှစ်ယောက် မည်မျှကြောက်နေကြမလဲ။ ဒါမှမဟုတ် သူအဖွားအိမ်ကိုများရောက်နေကြမလား။ ဒီအချိန်မှာကျွန်မရဲ့ ရေစိုနေတဲ့ ထဘီကအနည်းငယ်နေရာမကျဖြစ်လာတယ်။
ဆီထည့်ထားတဲ့ ခြင်းလေးကို အသာထိန်းပြီး ထဘီကိုခပ်တင်းတင်းအားပြု၀တ်လိုက်တဲ့အချိန်မှာ လေကြမ်းကြမ်းဝှေ့လိုက်တဲ့အရှိန်နဲ့ ကားလမ်းချိုင့်တစ်ခုကိုဆိုင်ကယ်စောင့်မိတဲ့ အရှိန်ပေါင်းပြီး ကျွန်မရဲ့ဆီခြင်းလေးအောက်သို့လွင့်ကျသွားတယ်။
"ဟာ" "ဟာ”
ဆိုတဲ့အသံနှစ်ခု ကျယ်လောင်စွာထွက်ပေါ်လာပြီး
ကျွန်မ
"မငိုပါနဲ့မိုးရယ်"
လို့မပြောခင် ဝေ့တက်လာတဲ့ မျက်ရည်တွေကို ကတ္တာလမ်းပေါ်က မိုးရေနဲ့ ဆီရောပြီး တောက်ပြောင်သွားတဲ့ နေပြည်တော်ရဲ့ လမ်းမကြီးက လှောင်ပြောင်သွားလေရဲ့။
မင်းမာန်
ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၅ ဧပြီ (ရွှေအသစ်)
-------------------------------------------------
K Sharing Audiobook ၏ Social Media Channel များ
0 Comments