ဝတ္ထုတို အမည် - ငန်းရှင်
စာရေးသူ - စံရတီ
Short Story
-------------------------------------------------
ငန်းရှင်
@@@@
မှိန်ဖျော့ဖျော့လရောင်အောက်မှာ ရွာလမ်းမကြီးက ဆန့်ဆန့်ကြီးရယ်။ ရွာထဲကအိမ်ကြီးအိမ်ငယ်တွေက အစုလိုက် အပုံလိုက်။ ရွာစွန်က မိသန်းရဲ့ တဲပုလေးကတော့ ဘဲအုပ်ထဲက ကွဲထွက်လာတဲ့ ဘဲပေါက်စလေးလို။ သူကြီးက အဖော်အဖြစ်ထားပေးတဲ့ ဒေါ်ဘုမကလည်း သူကြီးခေါ်လို့ရွာထဲသွားနေတယ်။ မိသန်းတစ်ယောက်တည်း တဲထဲမှာ ပျင်းလိုက်တာ။ ပျင်းပျင်းနဲ့ တဲဝမှာထိုင်ပြီး ဝူး ဝူး ဝါး ဝါး မိသန်း အော်နေမိတယ်။ အမှန်တော့ လရောင်မှိန်မှိန်အောက်မှာ ငယ်ငယ်တုန်းက ဖွားစိန်ဆိုပြခဲ့ဖူးတဲ့ အိပ်ရာဝင်သီးချင်းတွေကို မိသန်းညည်းချင်တာပါ။ ဒါပေမဲ့ မိသန်းဆီမှာက ဒီဝူး ဝူး ဝါး ဝါး အသံပဲ ရှိတာလေ။
ကောင်းကင်ကိုမော့ကြည့်တော့ ကြယ်တွေက ဖြိုးတိုးဖြောက်တောက်။ လကွေးကွေးက ကောင်းကင်ကို ပျင်းတိပျင်းရွဲ တွဲခိုလျက်။ ဒီနေ့က လဆန်းလား လဆုတ်လား မိသန်း မသိ။ မိသန်းသိတာက ကောင်းကင်မှာ လမင်းပြည့်ပြည့်ဝိုင်းဝိုင်းကိုမြင်ရရင် လပြည့်နေ့။ ကောင်းကင်မှာ လမင်းပျောက်ပြီး မှောင်မိုက်နေရင် လကွယ်။ ဒါပဲ။ ဆန်းတာတွေ ဆုတ်တာတွေ မိသန်း မသိ။ ဘာနေ့ ညာနေ့ ဘာလ ညာလ ဆိုတာ မိသန်းမသိ။
တကယ်တော့ မိသန်းမှာ မသိခြင်းတွေက အတော်များနေပါပြီ။ မိသန်းရဲ့ အဖေဆိုတာ ဘယ်သူမှန်းမသိ။ အမေဆိုတာ ဘယ်သူမှန်းမသိ။
မိသန်းသိတာကတော့ ရွာထဲမှာ အဝတ်လျှော်တဲ့ ဖွားစိန်ဟာ မိသန်းရဲ့ တစ်ဦးတည်းသော အဖွားပဲ။ ဒါပေမဲ့ ရွာထဲက လူတွေကပြောကြတယ်။ ဖွားစိန်က မိသန်းကို ကောက်ရခဲ့တာတဲ့။ မိသန်းက ဖွားစိန်ရဲ့ မြေးအရင်း မဟုတ်ဘူးတဲ့။ သူတို့ပြောတဲ့ မြေးအရင်းဆိုတာ ဘာလဲ မိသန်း မသိ။
အင်း …………… မိသန်းခပ်ငယ်ငယ်က အဖြစ်လေးတစ်ခုကိုတော့ သတိရမိပါရဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~
အဲ့ဒီနေ့က ရွာထဲကို မြို့ကဆိုလား တက္ကသိုလ်ကျောင်းသူတွေဆိုလား လူလှလှတွေ ရောက်လာကြတယ်။ ရွေ့လျား ပညာရေးဆိုလား ရွေ့တွန်းပညာရေးဆိုလား ဘာလဲမသိပါဘူးလေ။ အဲတာကြီး လာလုပ်ကြတာပဲ။ ဖွားစိန်လဲ အဲဒီနေ့က ပြုံးရွှင်ပြီး မိသန်းကို ရေမိုးချိုး သနပ်ခါး အဖွေးသားလူးပေးပြီး ခေါ်သွားတယ်။ လမ်းတစ်လျှောက်လဲ ဖွားစိန်က မိသန်းကို
``` ငါ့မြေး စာကိုတတ်အောင် သင် ။ ငါ့မြေးက ထူထူအအရယ်။ စာတတ်မှ ငါ့မြေးဒုက္ခမရောက်မှာ။ အဖွားကလည်း ရွာစဉ်လှည့် အဝတ်ဖွပ်ပြီး ဝမ်းကျောင်းရတော့ ငါ့မြေးကို အရွယ်ရောက်နေတာတောင် ကျောင်းထားမပေးနိုင်ခဲ့ဘူး။ ခုမှ လူသူတော်ကောင်းလေးတွေကြောင့် ငါ့မြေးစာတွေသင်ရမှာ။´´ ဆိုပြီး တတွတ်တွတ်ပြောခဲ့တာ။ မိသန်းကတော့ အဖွားပြောသမျှထဲမှာ သိတာလည်းရှိ မသိတာလည်းရှိပါပဲ။ ဒါပေမဲ့ မိသန်းခေါင်းတော့ တဆတ်ဆတ် ညိတ်ပြလိုက်တယ်။
ဟိုရောက်တော့ အားလုံးထဲမှာ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ မိသန်းကို ဆရာမ ဆိုတဲ့ လူလှလှတွေက အနောက်ဘက် ခပ်ကျကျ စားပွဲဝိုင်းတစ်ခုမှာ နေရာချတယ်။ မိသန်းလည်း အဖွားပြောတဲ့စာကြီးကို ကြိုးစားသင်ဖို့ အားမာန်အပြည့်နဲ့ပေါ့။
ဆရာမလှလှတွေရဲ့ သင်ပြမှုကို မိသန်းကြိုးစားသင်ယူခဲ့တယ်။ ဒါပေမဲ့ စာရွက်ဖြူဖြူ ပေါ်မှာ လပြည့်ဝိုင်းကြီးဆွဲတတ်ဖို့ ကိုတောင် အချိန်အတော်ကြာခဲ့တယ်။ ပြီးတော့ စာရွက်ဖြူဖြူပေါ်က တွန့်ကွေးကွေး အရာတွေကို မှတ်သားရတာဟာ မိသန်းအတွက် ချောင်းထဲမှာရေနစ်နေသူလိုပဲ။ ဆရာမလှလှတွေ မြို့ပြန်ဖို့ နှုတ်ဆတ်ကြချိန်မှာ တခြားကလေးတွေက ကိုယ်စီ ကိုယ်စီ သူတို့ဆရာမကို နှုတ်ဆတ်စာတွေ ပေးကြတယ်။ မိသန်းကတော့ မိသန်းဆရာမကို လပြည့်ဝိုင်းကြီးတစ်လုံးပဲ လက်ဆောင်ပေးနိုင်ခဲ့တယ်။
ဆရာမတွေ မြို့ပြန်သွားပြီးတဲ့နောက် မိသန်းအတွက် ထူးခြားလာတာကတော့ တစ်ရွာလုံးက မိသန်းကို ကျပ်မပြည့် မိသန်း ငအ မိသန်းလို့ ခေါ်ကြတာရယ်။ မိသန်းကို အဲ့လိုခေါ်ကြတဲ့ လူတွေကို ဖွားစိန်က နပန်းဖက်လုံးတာရယ်။ နပန်းလုံးပြီးတိုင်း ဖွားစိန်က မိသန်းကို ဖက်ငိုတတ်တာရယ်ပါပဲ။ မိသန်းကတော့ ဖွားစိန် ဘာကြောင့်ငိုတယ် ဆိုတာ မသိပေမဲ့ ဖွားစိန်ငိုတိုင်း လိုက်ငိုမိတာပဲ။
ပြီးတော့ ဖွားစိန်က ပြောသေးတယ်။
``ငါ့မြေး ကျပ်မပြည့်လည်း အားမငယ်နဲ့။ စကားမပြောတတ်လည်း အားမငယ်နဲ့။ ညည်း ထမင်းစားလို့ရမဲ့ အဝတ်လျှော်တဲ့ ပညာ ဖွားစိန် အမွေ ပေးမယ်။ညည်း ရွာမှာ ငါ့လိုပဲ ခဝါသည် လုပ်စားအေ။ ငါတောင် ဒါနဲ့ပဲ ဝမ်းဝခဲ့တာ။ ´´
ဖွားစိန် စကားတွေကို မိသန်း အလုံးစုံ မသိပေမဲ့ ခေါင်းညိတ်ပြခဲ့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖွားစိန်နဲ့ ပက်သက်ပြီး အမှတ်ရစရာတွေကို သတိရမိတော့လည်း မိသန်း မျက်ရည်ဝိုင်းမိပြီ။ဖွားစိန် တစ်ယောက်ကတော့ မိသန်းကိုထားခဲ့ပြီး မြေကြီးထဲမှာ အိပ်ပျော်နေတာ အတော်ကြာခဲ့ပြီ။ ဖွားစိန် အိပ်ပျော်နေပေမဲ့ မိသန်းကတော့ ဖွားစိန်သင်ပေးခဲ့တဲ့ အဝတ်ဖွပ်ပညာနဲ့ ထမင်းကို လဲစား နေတတ်ပြီ။ မိသန်းကို ရွာထဲကလူတွေက သူတို့နဲ့လာနေဖို့ ခေါ်ကြတယ်။ မိသန်းကတော့ မြေကြီးထဲက ဖွားစိန် နိုးလာတဲ့အခါ မိသန်းကို လိုက်ရှာနေမှာစိုးလို့ ဒီရွာစွန်တဲလေးမှာပဲ တစ်ယောက်တည်း နေခဲ့တယ်။ မိသန်းစောင့်နေပေမဲ့ ဖွားစိန်ကတော့ ခုထိ မနိုးသေးပါဘူး။
ဒါပေမဲ့ ဟိုတလောက စပြီး ညစဉ်ညတိုင်း မိသန်းရဲ့တဲကို ဖွားစိန် အစား နတ်လူတစ်ယောက် အဖော်အဖြစ် ရောက်ရောက် လာတတ်တယ်။ မှတ်မှတ်ရရ ပြောရရင် မိသန်းကို ရွာထဲက ဒေါ်ဘုမက မိသန်းညည်း အပျိုဖြစ်နေပြီ အရင်လို ဘောင်းဘီပြဲတိုနံ့နံ့နဲ့ လျှောက်သွားမနေနဲ့ ဆိုပြီး အဝတ်တွေပေးလိုက်တဲ့ နောက်ပိုင်းပေါ့။ မိသန်းကတော့ အပျိုဆိုတာ ဘာလဲမသိပေမဲ့ အရင်လိုတင်းကျပ်ကျပ် အဝတ်တွေထက် ချောင်ချိချိ အဝတ်တွေကိုဝတ်ရလို့ အသက်ရှုဝလာသလိုပဲ။
အင်း ခုတော့လည်း မိသန်း အသက်ရှုသိပ်မဝတော့ပြန်ဘူး ။ ဘာလို့လဲ ဆိုတော့။ မိသန်း ကိုယ့်ဗိုက်ကို လက်နဲ့ ပွတ်စမ်းမိပြန်တယ်။ တစ်နေ့တခြား ပိုပိုဖောင်းလာတဲ့ မိသန်းရဲ့ဗိုက်က ပူဖောင်းတစ်လုံးလို ပြောင်တင်းလျက်။ ဒီဗိုက်က ပိုပိုပူလာလေ မိသန်းနေရ ထိုင်ရတာ ပိုလေးလံလာလေပဲ။
ဒီဗိုက်အကြောင်းတွေးမိတော့ မိသန်းခေါင်းထဲကို ငန်းဥဆိုတာက ဝင်လာပြန်တယ်။ ဗိုက်ကိုပွတ်ရင်း စိတ်ထဲက တွေးမိပြန်တယ်။ ငန်းဥ ပြီးတော့ ငန်းဥရဲ့အရှင် ငန်းရှင် ။ ဟုတ်တယ် ငန်းရှင် ခုထိ မသိသေးတဲ့ ငန်းရှင်။
မိသန်းခေါင်းထဲ လေးလံလာပြန်တယ်။ တကယ်ဆို မိသန်းဗိုက်ကြီး ပူလာတာ ဘာ့ကြောင့်ဆိုတာ ခုထိ မိသန်းမသိဘူး။ ဒီဗိုက်ကြီးကို ရွာထဲက လူတွေကအမျိုးမျိုး အမည်ပေးကြပြန်တယ်။ အစကတော့ ရေဖျင်း။ ဆရာဝန်ဆိုတဲ့လူဆီ မိသန်းကို ခေါ်သွားကြပြီးနောက်တော့ ဗိုက်ကြီးတာတဲ့ ။ ဒါတော့ မိသန်းသိတယ်။ ဟုတ်တယ်လေ မိသန်းဗိုက်က အကြီးကြီးဖြစ်လာတာပဲ။ နောက်တော့ ကိုယ်ဝန်တဲ့ ပြောကြပြန်ရော။ နောက်ဆုံးတော့ အမည်တပ်လိုက်တာက ဘာတဲ့ ငန်းဥတဲ့။ သူတို့ ငန်းဥဆိုတော့လည်း မိသန်းက ငန်းဥလို့ပဲ မှတ်ထားလိုက်ပါတယ်လေ။
အင်း အဲ့ဒီ ငန်းဥကြီးရဲ့ အရှင် ငန်းရှင်ကိုဖော်ထုတ်ပေးရတဲ့ အဖြစ်ကတော့ မိသန်းအတွက် မမေ့နိုင်တဲ့ အဖြစ်ပါပဲ။ အဲဒီနေ့က သူကြီးကတော်ရဲ့ အိပ်ခန်းထဲမှာပေါ့။ မိသန်းလေ ကြောက်လွန်းလို့ ဒူးတွေတောင်တုန်တယ်။ သူကြီးနဲ့ သူကြီးကတော်ဆိုတာ မိသန်း တစ်ခါမှ မောမကြည့်ရဲခဲ့တဲ့ လူတွေလေ။ သူတို့မျက်နှာတွေတောင် ကောင်းကောင်းမမြင်ဖူးဘူး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
``မိသန်း နင်ရူးရူးပေါပေါလုပ်မနေနဲ့။ ငန်းဥပေါ်တယ်ဆိုတာ ရွာအတွက်ကောင်းတာမဟုတ်ဘူး။ ဆန်ရေစပါးရှားတယ်။ မိုးခေါင်တယ်ဟ။ ´´
သူကြီးကတော်ရဲ့ အော်ဟစ်သံကြောင့် မိသန်းကိုယ်လေးတုန်နေပြီ။ ဒီငန်းဥကြောင့် လူတွေဒီလောက် အော်ဟစ်နေမယ်မှန်းသိရင် ဒီဗိုက်စပြီး ပူလာကတည်းက တိတ်တိတ်လေး တောထဲသွားနေတယ်။ ခုတော့ မိသန်း ငိုနေရပြီ။ သူတို့မေးနေတာကိုလည်း မသိ။ ဘာပြန်ဖြေရမှန်းလည်း မသိ။ ငိုပဲငိုနေရပြီ။
``သူကြီးကတော်ရယ် ဒီလိုမေးနေလို့တော့ရမှာ မဟုတ်ပါဘူး။ သူ့ကို ချော့မော့ပြီး နားလည်အောင် ကျွန်မ မေးပေးပါ့မယ်။´´
``ဒါဆိုလည်း ရှင်ပဲမေးလိုက်တော့ ဒေါ်ဘုမရေ။ ကျုပ်တော့ ဒီအရူး အပေါနဲ့ စိတ်ညစ်နေပြီ။ ´´
သူကြီးကတော်က နောက်ဆုတ်သွားပြီး ဒေါ်ဘုမက အနားကပ်လာပြန်တယ်။
``မိသန်း ငါပြောမယ် ညည်းဗိုက်ကိုပူအောင် ဘယ်သူလုပ်တာလဲ။´´
မိသန်း ခေါင်းကို ထပ်ခါ ထပ်ခါ ခါပြမိတယ်။ မသိဘူး ။ မသိဘူးလေ။
သူကြီးကတော် ကတော့ဆေးလိပ်တိုကိုပဲ ဖွာနေတယ်။ ဒေါ်ဘုမ ၊ အရီးမြနဲ့ ဒေါ်လေးခင်တို့က ခေါင်းချင်းဆိုင်သွားတယ်။ ပြီးမှ မိသန်းနားတိုးလာပြီး။
``မိသန်း ညဘက် ညဘက် ညည်းနဲ့လာအိပ်တဲ့လူ ရှိလား။´´
မိသန်း ခေါင်းကို ခပ်သွက်သွက် ညိတ်ပြလိုက်တယ်။ ဟုတ်တယ်။ ဒါတော့ မိသန်းသိတယ်။ ညတိုင်း ဖွားစိန် အစား မိသန်းဆီ အဖော်လာအိပ်ပေးတဲ့ နတ်လူ ရှိတယ်လေ။
``ဟယ် ´´
```ဟာ´´´´
```ဟေ´´´
````အို´´´´´
အသံမျိုးစုံထွက်လာတဲ့ ဒေါ်ဘုမတို့ကို မိသန်းကြည့်နေမိတယ်။ ဒေါ်ဘုမတို့ကလည်း မိသန်းကို ဖားပြုတ်မျက်လုံးမျိုးတွေနဲ့ ပြန်ကြည့်နေကြတယ်။ ဒေါ်ဘုမက ရင်ဘတ်ကိုဖိလိုက်ပြီး ဟူးခနဲမှုတ်ထုတ်လိုက်တယ်။
```အေး ဒါဆို ညည်းသူ့ကို မြင်ရင်သိလား´´
မိသန်း ခေါင်းကို ခါရမ်းပြလိုက်တယ်။ ဘယ်လိုလုပ် သိမလဲ။ မိသန်းမှ အဲ့ဒီလူရဲ့ လူမျက်နှာကို မမြင်ဖူးတာ။ ညညဆို နတ်သားဖြစ်ပြီး နေ့ဘက်မှ လူဖြစ်တာလို့ သူက မိသန်းကိုပြောပြထားတယ်လေ။ မိသန်းဆီ သူက ညညမှရောက်လာတတ်တော့ သူ့ရဲ့ နတ်မျက်နှာပဲ မိသန်းမြင်ဖူးတာပေါ့။
သူကြီးကတော်ရဲ့မျက်နှာက ထမင်းအိုဖင်လို မဲနက်လာပြန်ပြီ။ ဒေါ်ဘုမလည်း ခေါင်းကိုကုတ်တာ ဆံပင်တွေ ဖွာလန်နေပြီ။ ဒေါ်ဘုမက မိသန်းနား အသာတိုးကပ်လာပြန်ပြီ။
``မိသန်း ညည်းကို ငါရှင်းပြမယ်။ ခု ညည်းဗိုက်ထဲမှာ ညည်းလို လူတစ်ယောက်ရှိနေပြီ။ အဲ့ဒီလူက ညည်းလိုပဲ ကြီးကြီးလာလို့ ညည်းဗိုက်က ပူပူလာတာ။´´
ဒေါ်ဘုမက တံတွေးတစ်ချက် မျိုချလိုက်တယ်။ မိသန်း မျက်လုံးတွေ ပြူးကျယ်သွားတယ်။ မိသန်းဗိုက်ထဲမှာ မိသန်းလို လူတစ်ယောက်ရှိနေပြီတဲ့။ အဲ့ဒီလူကို မိသန်းဗိုက်ထဲ ဘယ်သူလာထည့်တာလဲ။ ညည ရောက်လာတတ်တဲ့ နတ်လူ လား။ သူဘယ်အချိန်က ထည့်လိုက်တာလဲ။ ဘယ်လိုထည့်လိုက်တာလဲ ။ နတ်တန်ခိုးနဲ့ ထည့်လိုက်တာလား မိသန်း မသိ။ ဒေါ်ဘုမက မိသန်းဗိုက်ကို လက်ညှိုးထိုးပြပြီး။
``ဒီဗိုက်ထဲက လူလေးကို အပြင်ထုတ်ချင်ရင် နင်နဲ့တူတူရှိစေချင်ရင် နင်နဲ့ညဘက်လာအိပ်တဲ့ လူကို သိမှဖြစ်မှာဟ။ ´´
မိသန်းရင်ဘတ်ထဲက လေပူတွေကို ပါးစပ်ကတစ်ဆင့် မှုတ်ထုတ်မိတယ်။ ခေါင်းကို လေးလေးပင်ပင် ခါရမ်းလျက်။
``ရှုပ်ပါတယ်။ ဒေါ်ဘုမရယ်။ ငန်းရှင် ရှာမရ ရင်လည်း ဖျက်ချလိုက်ပါတော့။´´
သူကြီးကတော်ရဲ့ ဖျက်ချလိုက် ဆိုတဲ့ စကားကို မိသန်း မသိပေမဲ့ သိသိသာသာ ပျက်ယွင်းသွားတဲ့ ဒေါ်ဘုမတို့ မျက်နှာကြောင့် မိသန်း လန့်သွားတယ်။ ဘာလုပ်မှာလဲ။ မိသန်းဗိုက်ထဲက လူလေးကို ဘာလုပ်ကြမှာလဲ။ မိသန်း အလန့်တကြားနဲ့ ဝူး ဝူး ဝါး ဝါး ထအော်မိတယ်။
``ဒေါ်ဘုမ ရှင့်အရူးမက ဒါကျတော့ ဝူးဝူးဝါးဝါး လုပ်တတ်သားပဲ။ ကဲ လက်သည်ဒေါ်ကြည် ဆေးတိုက်ဖို့ ပြင်တော့။ ´´
သူကြီးကတော်ရဲ့စကားအဆုံးမှာ လက်သည်ဒေါ်ကြည်ဆိုတဲ့ မိန်းမကြီးက ဆေးတစ်ခွက်ဖျော်တယ်။ ဒေါ်ဘုမက ဆေးတစ်ပန်းကန် ယူလာတယ်။ အရီးမြနဲ့ ဒေါ်လေးခင်က မိသန်းကို ဝိုင်းချုပ်တယ်။ မိသန်းခေါင်းကို သွင်သွင်ခါရမ်းနေတယ် ။ ဆေးသောက်ရမှာ စိုးလို့ ပါးစပ်ကို တင်းတင်း စိပိတ်ထားမိတယ်။ မိသန်းဗိုက်ထဲက လူလေးကို ဘာလုပ်ကြမှာလဲ။ မလုပ်ပါနဲ့ ။ မလုပ်ပါနဲ့ ။ မျက်လုံးက မျက်ရည်တွေ အလိုလို စီးကျလာတယ်။ ဝူး ဝူး ဝါး ဝါး နဲ့ ရုန်းကန်လျက်။ သူကြီးကတော်ကလည်း အော်ဟစ်ဆူပူလို့။ အဲ့ဒီအချိန်မှာပဲ ဆူညံ့နေတဲ့အခန်းထဲကို လူကြီးတစ်ယောက် ဝင်လာတယ်။ ဆေး ပန်းကန်ကို ဆွဲယူပြီး လွှင့်ပစ်လိုက်တယ်။
မိသန်း မျက်လုံးတွေ ပြူးကျယ်သွားတယ်။ ထိုလူကြီးရဲ့မျက်လုံး။ ဟုတ်တယ် အဲ့ဒီမျက်လုံးတွေ။ မိသန်းသိတဲ့ အဲ့ဒီမျက်လုံးတွေကို လက်ညှိုးထိုးပြပြီး။ ပြောချင်တဲ့ အရာတွေကို ပါးစပ်ကနေ ဝူး ဝူး ဝါး ဝါး အော်ထုတ်လိုက်တယ်။ လူကြီးက မိသန်းရဲ့ လက်ကို ဖမ်းစုပ်လိုက်ပြီး ထိုင်စေတယ်။
``အေး အေး သမီး မသောက်ချင်တဲ့ဆေးကို မသောက်ရတော့ဘူးနော် စိတ်ကိုအေးအေးထား ´´
လူကြီးက သူကြီးကတော်ဘက်လှည့်ပြီး
``မိန်းမရယ် သူ မသောက်ချင်တာကို အတင်းမတိုက်ပါနဲ့။´´
``အတင်း မတိုက်တော့ ဒီကိစ္စကို တော်က ဘယ်လိုရှင်းမလဲ။ ငန်းရှင်မှ မရှိတာ ကျုပ်တို့ရွာပဲ နာမှာပေါ့။´´
``ဟ အဲ့ဒီရှေးရိုးစွဲ အယူအဆတွေနဲ့ပဲ လူတစ်ယောက် အသက်က သေရမှာလား။ ဒီမှာ ငါစီစဉ်ပေးမယ်။ ဒီနေ့ကစပြီး ဒေါ်ဘုမက မိသန်းကိုစောင့်ရှောက်ရမယ်။ မိသန်း နဲ့ မိသန်းကလေးကို ငါ တာဝန်ယူမယ်။ ဒါဟာ ရွာနာတာ မနာတာထက် လူတစ်ယောက် အသက်ကို ငါကယ်တာပဲ။´´
မိသန်း ပျော်တယ်။ မိသန်း မသောက်ချင်တဲ့ ဆေးကို မသောက်ရတော့ဘူး။ မိသန်းဗိုက်ထဲက လူလေးအတွက်လည်း စိတ်အေးရပြီ။ ဒီသူကြီး ဆိုတဲ့ လူကြီးက မိသန်းနဲ့ မိသန်းဗိုက်ထဲကလူလေးကို ဘာမှလုပ်မှာ မဟုတ်ဘူးဆိုတာ သေချာသွားပြီ။ မိသန်း အဲ့ဒီသူကြီးဆိုတဲ့ လူကြီးကို အကြိမ်ကြိမ်ဦးချမိတယ်။ ဒါပေမဲ့ မိသန်းရင်ထဲမှာ အဲ့ဒီလူကြီးကို မေးချင်တာတွေ ပြောချင်တာတွေ တသီတတန်းရှိနေတယ်။ မျက်လုံး ။ အဲ့ဒီသူကြီးရဲ့ မျက်လုံးတွေနဲ့ ပက်သက်ပြီးတော့ပေါ့။ မိသန်း သိချင်တာတွေကို စိတ်ထဲမထားနိုင်တော့ဘဲ တဝူးဝူး တဝါးဝါး လုပ်လိုက် ခြေဟန် လက်ဟန်နဲ့ ပြလိုက် မေးနေမိတယ်။ မိသန်းကောင်းကောင်းသိတဲ့ အဲ့ဒီလူကြီးရဲ့ မျက်လုံးတွေမှာ မျက်ရည်တွေပြည့်လျှံလာတယ်။ ပြီးတော့ ဝူးဝူးဝါးဝါးအော်နေတဲ့ မိသန်းရဲ့ခေါင်းကို အသာပုတ်လို့။
``မိသန်းရယ် နင်ပြောချင်တာ ငါသိပါတယ်။ တော်ပါတော့ဟာ။´´
~~~~~~~~~~~~~~~~~~~~~~~~~~~~
အဲ့ဒီလိုနဲ့ မိသန်းလဲ ရွာစွန်တဲလေးမှာ ဒေါ်ဘုမနဲ့ အတူနေလာခဲ့တာ ခုဆို ငန်းဥတောင် အတော်ကြီးနေပြီ။ ဒီနေ့ညမှ ရွာထဲက သူကြီးခေါ်လို့ ဒေါ်ဘုမ သွားတာနဲ့ မိသန်း တစ်ယောက်တည်းပျင်းနေတာ။ တဲဝမှာထိုင်ပြီး ဒေါ်ဘုမကိုမျှော်ရတာ ခါးညောင်းလာတာနဲ့ ခဏလှဲနေမိတယ်။ ဟော့ ဟော့ တဲရှေ့က လူသံတွေ ကြားတယ်။ ဒေါ်ဘုမ ပြန်လာပြီ ထင်တယ်။ ရွာထဲက အရီးမြနဲ့ ဒေါ်လေးခင် အသံလည်းကြားရတော့ ဒေါ်ဘုမကို သူတို့လိုက်ပို့ကြတာ ထင်တယ်။
``ဒေါ်ဘုမရေ မနက်ကြ လက်သည် ဒေါ်ကြည် သွားခေါ်ရင် တစ်ယောက်တည်းသွားနော် လူမသိစေနဲ့။ သူကြီး မှာလိုက်တာ ကြားရဲ့ မဟုတ်လား။´´
``သိပါတယ်။ အရီးရယ်။ သူကြီးသမီးရဲ့ ငန်းဥ ဖျက်ချရမဲ့ ကိစ္စပဲ။ ဘယ်လောက်အရေးကြီးမှန်း သိပါတယ်။´´
``အေးနော် ကောင်မလေးလည်း တယ်မိုက်တာ။ ပညာတတ်စေချင်လို့ မြို့မှာကျောင်းထားပါတယ်။ ဗိုက်တစ်လုံးနဲ့ လင်ကောင်မပေါ်ဘဲ ပြန်လာရတယ်လို့။ သူကြီးဆို ရှက်လွန်းလို့ မျက်နှာကို ညိုမဲနေတာပဲ။´´
အရီးမြတို့က ဒေါ်ဘုမကို နှုတ်ဆက်တဲ့ အသံကြားရတယ်။ တဲပေါ်တက်လာတဲ့ ဒေါ်ဘုမရဲ့ ခြေသံဖွဖွကို ကြားရတယ်။ မိသန်းမျက်လုံးမှိတ်ထားလိုက်မိတယ်။ ဒေါ်ဘုမက မိသန်းဘေး ဝင်အိပ်တယ်။
မိသန်းရဲ့ ပြောင်တင်းတင်း ဗိုက်ကိုပွတ်မိတယ်။ သူကြီးသမီးမှာလည်း ငန်းဥပေါ်သတဲ့။ ဖျက်ချရမယ်တဲ့။ ဖျက်ချတယ်ဆိုတာ ဘာမှန်း မိသန်း မသိပေမဲ့ မကောင်းမှန်းတော့ မိသန်းသိတယ်။ မိသန်းအလှည့်တုန်းက ငန်းရှင် မပေါ်လို့ ဖျက်ချဖို့ သူကြီးကတော်ကလုပ်တယ်။ သူကြီးကတားတယ်။ ခု သူကြီးသမီးမှာရော ငန်းရှင်မပေါ်လို့ဖျက်ချရတာလား။ ဒီတခါ သူကြီးက ဘာလို့မတားဘဲ လက်သည်ခေါ်ခိုင်းရတာလဲ။ မိသန်း သိချင်တယ်။
မိသန်း သိချင်တာနောက်တစ်ခု ရှိသေးတယ်။ အဲ့တာက သူကြီးကရော နတ်လူပဲလား။ နတ်လူတွေရဲ့ မျက်လုံးက မျက်လုံးပြာပြာပဲလား။ ဘာလို့ သိချင်တာလဲဆိုတော့။ မိသန်းဆီ ညဘက်ရောက်လာခဲ့တဲ့ နတ်လူရဲ့ နတ်မျက်နှာအောက်က မျက်လုံးပြာပြာတွေကို မိသန်းသေချာသိသလို သူကြီးရဲ့ မျက်လုံးပြာပြာတွေကိုလည်း မိသန်းသေချာ သိနေလို့ပေါ့။
ဟော့ ဟော့ မိသန်းဗိုက်ထဲက လူလေးက လှုပ်စိစိဖြစ်နေတယ်။ မိသန်းလက်နဲ့ အသာပွတ်ပေးလိုက်မိတယ်။ အင်း မိသန်းက မသိတာတွေများပေမဲ့ ဒီငန်းဥထဲက ပေါက်လာမဲ့ မိသန်းလိုလူတစ်ယောက်ကို မိသန်းနဲ့အတူရှိနေစေချင်မိတာတော့ အမှန်ပါပဲ။
စံရတီ
8:11 PM
8.4.2016
2016 ဒီဇင်ဘာ ရွှေအမြုတေမဂ္ဂဇင်း
-------------------------------------------------
K Sharing Audiobook ၏ Social Media Channel များ
0 Comments