ဝတ္ထုတို အမည် - လမင်းပျောက်တဲ့ကုမုဒြာ
စာရေးသူ - နွေသန့်မောင်(ပညာရေး)
-------------------------------------------------
လမင်းပျောက်တဲ့ကုမုဒြာ
=================
ရေပတ်လည် ဝန်းရံသောဒေသမို့ ဘယ်ကြည့်ကြည့် ရေပြင်သာမြင်ရသည်။ လှိုင်းကြက်ခွပ်များက မြစ်ကြောတစ်လျှောက် ပြေးလွှားဆော့ကစားနေကြသည်။ ဗေဒါပင် များကလည်း ဟိုတစ်စု ဒီတစ်စုဖြင့် ကိုင်းပင် ကြားတွင် မလှုပ်သာ။ မိကျောင်းပန်းများ ကလည်း မိုးရာသီအခါနှင့်လိုက်ဖက်ညီအောင် ပွင့်နေကြသည်။ ဒိုက်ပုံများလည်း မြစ်ကြော တစ်လျှောက် မျောပါနေကြသည်။ ညနေ နေဝင်ရီအချိန်ဖြစ်သည်။ သံချောင်းနှင့် သူ့ အဖေ ဦးထွန်းတို့ လှေတစ်စင်းနှင့် မြစ်ထဲတွင် ထင်းဆယ်ထွက်နေကြသည်။ ရေတိုးလာသော ကြောင့် အထက်မှ ထင်းများ ရေစီးနှင့်မျောပါ လာသည်။ မြစ်လယ်က ကျွန်းသူကျွန်းသားတွေ မို့ ရေကူးကတော့ အတော်ကျွမ်းကျင်ကြသည်။ ကမ်းပါးပေါ်မှ အေးမြက လှမ်းခေါ်နေပြီ။
"ကိုထွန်းရေ ထင်းတွေ အတော်အတန် ရရင် ပြန်ခဲ့တော့၊ တော့်နှယ် ထမင်းစား နောက်ကျရင် အစာအိမ်ပြန်ဖောက်လာဦးမယ်" မြစ်လယ်က သားအဖနှစ်ယောက်ဆီသို့ အော်၍ ပြောလိုက်သည်။
အေးမြနှင့် ကိုထွန်းတို့မှာ သိပ်ချစ်ကြသော ဇနီးမောင်နှံဖြစ်သည်။ သားလေး သံချောင်းကို မွေးကတည်းက စီးပွားရေးချောင်လည်လာ သည်။ ကိုထွန်းက အိမ်ထောင်မကျခင်ကတည်း က ကျန်းမာရေး ချူချာသည်။ အလုပ်လုပ်ရာ တွင်လည်း လောဘကြီးသည်။ ထို့ကြောင့် အစားမမှန်ဖြစ်ကာ အစာအိမ်ရောဂါကို မကြာ ခဏ ကုသနေရသည်။ သူရှာသောငွေက သူ့ဆေးဖိုးနှင့် ပြန်ပိနေသည်။ အေးမြကတော့ တစ်ဖက်တစ်လမ်းက အထောက်အကူရအောင် ကုန်စိမ်းရောင်းသည်။ ပိုလျှံလာသော ငွေကို လည်း သားလေးကို ရှင်ပြုမည်ဟု စိတ်အားခဲ၍ စုဆောင်းထားသည်။ တစ်ခါတလေ ထိုစုထား သောငွေထဲကပင် ကိုထွန်းရဲ့ ဆေးဖိုးထဲ ပါပါ သွားတတ်သည်။ ဒါကြောင့် အေးမြက ကိုထွန်း အလုပ်တအားလုပ်တာ သဘောကျသော်လည်း အချိန်မှန်မစားမည်ကိုတော့ အမြဲစိုးရိမ်တတ် သည်။ သံချောင်းလေးမှာ အခုဆို ပထမတန်း ကျောင်းသားကြီးပင် ဖြစ်နေပြီ။
အခန်း (၂)
"သားရေ ဒီနေ့ ကျောင်းပိတ်ရက်ဆိုတော့ အိမ်မှာ ဈေးကူရောင်းဦးနော်၊ အမေ မင်းအဖေ နဲ့ မနေ့က ဖမ်းမိတဲ့ငါးတွေ ဒိုင်သွားပို့လိုက် ဦးမယ်"
"ဟုတ်ကဲ့ အမေ ပြန်လာရင် သားအတွက် ကြီးပုဆိုင်က ဘယာကြော်လေး ဝယ်ခဲ့နော်။ သားအကြော်မစားရတာ ကြာပြီ။"
ခါတိုင်းလို အေးမြနှင့် ကိုထွန်းတို့ ငါးဒိုင် သွားသွင်းလျှင် သံချောင်းက အိမ်မှာကျန်ခဲ့ သည်။ ကုန်စိမ်းဝယ်သူလာလျှင် ရောင်းပေးရ သည်။ သံချောင်းကလည်း ငယ်ငယ်ကတည်း က သိပ်မဆိုးသော်လည်း တအားမလိမ္မာပေ။ အပြောအဆိုတော့ ယဉ်ကျေးသည်။ ထို့ကြောင့် ဘေးအိမ်များက သံချောင်းလေးကို ချစ်ကြ သည်။ တစ်ခါတလေတော့ စိတ်ဆိုး စိတ်ကောက်တတ်သည်။ ဂျစ်ကန်ကန်နိုင် သည်။
သံချောင်းအကြိုက်မှာ အကြော်ဖြစ်သည်။ အကြော်စားရသောနေ့မှာ အခြားသောနေ့ များထက် သူပို၍ပျော်နေတတ်သည်။ ဒါကြောင့်လည်း မိဘတွေ ငါးဒိုင်သို့ သွားသွင်း လျှင် ကြီးပုဆိုင်က အကြော်ဝယ်ခဲ့ဖို့ မှာတတ် သည်။ တစ်ခါတလေ ပါမလာလျှင် ထိုနေ့ ညတစ်ညလုံး ဂျီကျတတ်သည်။ ငိုတော့မငိုပေ။ ဒါပေမယ့် စိတ်ကောက်တတ်သည်။ အခြား သော မုန့်များဝယ်လာလျှင်မစား။ သူမကြိုက် ပေ။ အကြော်မှအကြော် ပူဆာတတ်သည်။ ကြီးပု ဒီနေ့မထွက်ဘူး။ ဒါကြောင့် ဝယ်မလာခဲ့ တာလို့ပြောလည်း လက်မခံပေ။ ကလေးဆို တော့ လိုချင်တာသာ ပူဆာတတ်သည်။ အဖေနဲ့အမေကို သူလိုချင်တာ မရလျှင် စိတ်ကောက်ပြီး တစ်ညလုံးစကားမပြောတော့။ မနက်မှ စကားပြန်ပြောသည်။ သံချောင်းလေး ကို ချစ်လွန်းသော ကိုထွန်းနဲ့ မအေးမြတို့က လည်း အလိုလိုက်ကြသည်။ သို့သော် သားလေး ကိုတော့ ပညာတတ်ကြီး ဖြစ်စေချင်သည်မှာ အမှန်ပင်။ သူတို့လိုဘဝတွေ ဖြစ်လာမည်ကို မလိုလား။ တစ်ခါတလေ ကိုထွန်း ရိုက်လျှင် အေးမြက ရှေ့မှ ကာဆီးကာဆီးလုပ်တတ်သည်။ အေးမြက မရိုက်။ ပါးစပ်ကသာ ပြောပြီး ဆုံးမ သည်။ ထို့ကြောင့် သံချောင်းက အမေ့ကိုချစ်ပြီး အဖေ့ကိုတော့ ကြောက်ချစ်ကြီးဖြစ်နေသည်။
အခန်း(၃)
"အဟွတ်. . .အဟွတ် . . အဟွတ် အဟွတ်"
"ကိုထွန်း ရှင်တော်တော်များ အနေရဆိုး နေသလား"
မအေးမြ နဖူးပေါ်မှ ရေပတ်အဝတ်ကို ယူ၍ အားပေးသော မျက်ဝန်းဖြင့် မေးလိုက် သည်။
"သက်သာပါတယ် အေးမြရယ် . . အခု တစ်လော ချောင်းဆိုးတာပဲ နည်းနည်းပိုများ လာတာပါဟာ ဘာမှမဖြစ်ပါဘူးဟ"
"တော့်နှယ်နော် အရင်ရောဂါမှ မပျောက် သေး နောက်ရောဂါက ထပ်တိုးလာတော့ ကျုပ် က ပိုပြီးစိုးရိမ်ရပြီပေါ့"
"အေးပါကွာ"
"အေးပါကွာ လုပ်မနေနဲ့ တော်ရေ. . .ဒီနှစ် နွေကျောင်းပိတ်ရင် သားလေးကို ရှင်ပြုပေး ချင်ပြီတော့"
"အေးပါ အေးမြရယ် ငါလည်း ကိုယ့် ကျန်းမာရေးကိုတော့ ဂရုစိုက်တာပဲဟ သူ့ ဘာသာသူ ဘယ်ကဘယ်လို ရောဂါတွေတိုးလာ မှန်းတော့ ငါဘယ်သိပါ့မလဲ" ကိုထွန်း ရေပတ် အဝတ်ကို ဖယ်ရင်း တိုင်မှာမှီ၍ စကားကို အားယူပြောလိုက်သည်။
"အင်းပါတော်၊ ကျုပ်ကလည်း တော်. . ဖွဟဲ့လွဲပါစေ ပယ်ပါစေ၊ တစ်ခုခုဖြစ်သွားမှာ စိုးလို့ပါ" မအေးမြက ကိုထွန်းကိုကြည့်ရင်း ပြောလိုက်သည်။
"အေးပါကွာ ငါ အခုထက်ပိုပြီး ကျန်းမာ ရေး ဂရုစိုက်ပါ့မယ်ဟ"
အေးမြကို အားယူပြောရသည်မှာ မောနေ သည်။ ကိုထွန်းရေဆာနေမှန်းသိ၍ အေးမြက ရေခပ်တိုက်လိုက်သည်။
"ကဲ ရှင်လည်း ခဏလှဲနေလိုက်ဦး . . တော်ကြာ သားလေးကျောင်းကပြန်လာတော့ မှာ . . .ကျွန်မ သူကြိုက်တဲ့ အကြော်လေး ပြန်နွှေးလိုက်ဦးမယ်"
အေးမြ၏ ကျောပြင်ကိုငေးကြည့်ရင်း ကိုထွန်း ခေါင်းကိုသာ ညိတ်ပြနိုင်တော့သည်။
အခန်း(၄)
"အမေရေ. . . အမေ "သံချောင်း၏ ခေါ်သံ ကြောင့် မအေးမြ မီးဖိုချောင်ဘက်မှ ထွက်လာခဲ့ သည်။
"ဘာလဲ သားရဲ့၊ ရေးကြီးသုတ်ပျာနဲ့ ဘာများဖြစ်လို့တုန်း"
"အေဖေကာ အေမ"
"ဟဲ့ နင့်အဖေ ဒီအချိန်ဘယ်တုန်းက ပြန်လာဖူးလို့လဲ. . .ညမိုးချုပ်မှ ပြန်လာတာ သိရဲ့သားနဲ့"
"ဟင်" သံချောင်း နှုတ်ခမ်းစူကြီးနဲ့ သူ့အမေကို ကြည့်နေသည်။
"ကဲ ပြော... ဘာများဖြစ်လာရပြန်ပြီလဲ" တစ်ခါတစ်ခါ ရန်ဖြစ်ပြီး ပြန်လာတတ်သော သူ့သားအကြောင်း ကောင်းကောင်းသိသည်။ ဒီတစ်ခါလည်း ရန်ဖြစ်ပြီး ပြန်လာမည်ဟု မအေးမြ တစ်ထစ်ချ ယုံကြည်ထားသည်။
"သား ဒီတစ်ခါ လပတ်စာမေးပွဲမှာ အဆင့် တစ်ရတယ် အမေရ" ဝမ်းသာလွန်းသော မျက်နှာဖြင့် အားပါးတရပြောလိုက်သည်။
"တကယ်. . .ဒါမှ အမေ့သား" မအေးမြ လည်း သံချောင်းဆီမှ အပြုံးတို့ ကူးစက်လာ ခဲ့သည်။
"အမေသားကို အဆင့် တစ်ရရင် ရှင်ပြု ပေးမယ်လို့ ကတိပေးထားတယ်နော်" မိခင် ဖြစ်သူကို သိုင်းဖက်ရင်း သံချောင်းမျက်ဝန်းမှ မျှော်လင့်ချက်များဖြင့် တောင်းဆိုနေသည်။
"အေးပါ သားရယ်၊ ဒီနှစ်နွေရာသီကျရင် အမေ မင်းအဖေနဲ့ တိုင်ပင်ပြီး သင်္ကန်းဆီး ရှင်ပြုပေးပါမယ်နော်"
"ဟေး ဒါမှ တို့အမေကွ" သံချောင်းက မိခင်အေးမြရဲ့ ပါးနှစ်ဖက်ကို အားပါးတရ နမ်းရှိုက်လိုက်သည်။
အခန်း(၅)
မနက်စောစောစီးစီး ကိုထွန်းတို့အိမ်က ငိုသံကျယ်ကြီးထွက်လာသည်။ ပတ်ဝန်းကျင်ရှိ လူများကလည်း ထိုအသံကြောင့် အိပ်မရတော့။ ကိုထွန်းတို့အိမ်ဆီသို့ ထိုလူများ ရောက်လာကြ သည်။
မြင်ကွင်းက မလှပေ။ ဖြစ်မှ ဖြစ်ရလေဟု စိတ်မကောင်းခြင်းများစွာနဲ့ ဝိုင်းကြည့်နေကြ သည်။ မြင်းမိုရ်တောင်ကြီး ပြိုလေပြီ။ အနှစ်နှစ် အလလက မက်သော အိပ်မက်များလည်း သဲထဲရေသွန်သလို အဖတ်မတင်တော့။ လူ့ဘဝ ဆိုတာ မမြဲသော သဘောတရားမှန်း လူတိုင်း သိသော်လည်း မိမိအိမ်သားတစ်ဦး ဆုံးရှုံးရ သောအခါတိုင်း သောကအပူမီးတွေ တောက်လောင်တတ်ကြသည်။ တရားရှာ ကိုယ်မှာတွေ့သော်လည်း မလွန်ဆန်နိုင်သော သင်္ခါရတရားက သံချောင်းတို့ မိသားစုဆီ ဝင်ရောက်လာခဲ့ချေပြီ။ ဖြစ်ပျက်သဘောကို မြင်အောင်ရှုဖို့ နေနေသာသာ သံယောဇဉ်ကြိုး တစ်ချောင်းကို ဖြတ်ရသည်မှာ အင်မတန်မှ ခဲယဉ်းလှသည်။ မည်သို့ပင်ဆိုစေကာမူ နေရာ တစ်ခုမှာတော့ ဘဝတစ်ခုဟာ ချုပ်ငြိမ်းခဲ့လေ ပြီ။ သေသူမှာ အခြားသူမဟုတ် အေးမြပင် ဖြစ်သည်။ ရောဂါစုံခံစားနေရသော ကိုထွန်း တွင် ဘာမှမဖြစ်။ ဒေါင်ဒေါင်မြည် ကျန်းမာနေ သော အေးမြကိုတော့ ကံကြမ္မာရဟတ်က အလွှာတစ်ကမ္ဘာ ကန့်သတ်လိုက်ပြီ။ သား ဖြစ်သူ သံချောင်း၏ ရှိုက်ကြီးတငင် ငိုသံများ နှင့် ယောက်ျားဖြစ်သူ ကိုထွန်းရဲ့ ကြေကွဲဖွယ် စကားတွေ အေးမြ ကြားနိုင်ပါလေစ။ သူမ အလွန်ဖြစ်ချင်ခဲ့သော သားလေးကို နွေရာသီ ရှင်ပြုပေးမည်ဆိုသော စကားမှာ အဆုံးသတ် သွားခဲ့ချေပြီ။ တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာမို့ ဘဝသံသရာ ခရီးသည်လိုပဲ ကံကြမ္မာ ရဟတ်ဟာ လည်ပတ်နေရပေဦးမည်။
ဤသို့သော အဖြစ်မျိုးများ မကြုံတွေ့ကြ ပါစေနဲ့လို့ ဆုတောင်းရင်း. . .။
နွေသန့်မောင်(ပညာရေး)
0 Comments