အထင်အမြင်လွဲမှားခဲ့သော တပည့်နှင့်ဆရာမ - ဆောင်းနေရောင် ( ဝတ္ထုတို )

 ဝတ္ထုတို အမည် - အထင်အမြင်လွဲမှားခဲ့သော တပည့်နှင့်ဆရာမ

စာရေးသူ - ဆောင်းနေရောင်


-------------------------------------------------


အထင်အမြင်လွဲမှားခဲ့သော တပည့်နှင့်ဆရာမ

============================


''အရက်သေစာနှင့် မူးယစ်ဆေးဝါးရှောင်ကြဉ် ရန်''ဟူသော သင်ခန်းစာကို ကလေးများအား သင်အပြီးတွင် ဆရာမ ဒေါ်မေဇင်က ''အရက် ဆိုတာ မူးယစ်ဆေးတစ်မျိုးဖြစ်တယ်၊ မူးယစ် စေတဲ့အရာမှန်သမျှကို တို့တစ်တွေက သောက် စားခြင်းမှ ရှောင်ကြဉ်ရမယ်၊ ဘုရားရှင်ကလည်း ''သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ၊ ဝေရမဏိ သိက္ခာပဒံ၊ သမာဒိယာမိ၊ ''မူးယစ်မေ့လျော့ စေတတ်သော သေရည်သေရက်စသည်တို့ကို သောက်စားခြင်းမှ ရှောင်ကြဉ်ရမယ်လို့ ဆုံးမတော်မူခဲ့တယ်။ ကိုယ်တိုင်သောက်စား ခြင်းမှ ရှောင်ကြဉ်ရမယ့်အပြင် သူတစ်ပါး မသောက်စားအောင်လည်း တားဆီးနိုင်ရမယ်'' စသည်ဖြင့် ရှင်းပြနေသည်။

ထိုအချိန်တွင် နောက်ဆုံးတန်းတွင် ထိုင်နေသော မောင်ဇော်မှာ မဲ့ပြုံးပြုံး လိုက်သည်ကို ဆရာမ ဒေါ်မေဇင်မှာ မြင်တွေ့ သွားသည်။

''သား မောင်ဇော်ရေ... နေ့ခင်း ကျောင်းဆင်းရင် ဆရာမဆီလာခဲ့ပါဦးကွယ်''


''ဗျာ ဟုတ် ဟုတ်ကဲ့ဆရာမ''


မောင်ဇော်မှာ စတုတ္ထတန်းတွင် လိမ္မာ ရေးခြားရှိသော ကျောင်းသားဖြစ်သည်။ မိဘ ဆရာသမားကိုလည်း ရိုသေသည်။ ရက်အနည်းငယ်ကြာခဲ့ပြီ။ သူ့ပုံစံမှာ ယခင်ကလိုမဟုတ်။ ဆန့်ကျင်ဘက်သို့ ပြောင်းလဲနေခဲ့သည်။ အတန်းပိုင်ဆရာမ ဒေါ်မေဇင်အပေါ်တွင် အရွဲ့တိုက်၍ စာမလုပ်ဘဲ နေသည်။ ဆရာမက နေ့လယ်ထမင်းစား ကျောင်းဆင်းချိန်တွင် သူ့ဆီလာဖို့ပြောခဲ့သော ကြောင့် မောင်ဇော်၏စိတ်ထဲတွင် ''ငါ့ကို ဆရာမ ဆူမလို့လား မသိဘူး။ ငါ စာတွေလိုက် မလုပ်တာ ဆရာမသိသွားပြီထင်တယ်။'' စသည့်အတွေးများဖြင့် ထိတ်လန့်ကာ


ဒေါ်မေဇင်ဆီသို့ သွားခဲ့သည်။


''ဆရာမ..... သားရောက်ပါပြီ။''

''လာ လာ သားမောင်ဇော် ထိုင်။''


''ဆရာမ စာသင်နေတုန်းက သားဘာလို့ မဲ့ပြုံးပြုံးလိုက်ရတာလဲ။ ဆရာမသင်တာများ မှားလို့လား သားရယ်။''


''ဗျာ မ...မဟုတ်ပါဘူး ဆရာမ။''


ဒါဆို ဘာလို့လဲသား။ မကြောက်ပါနဲ့၊ ဆရာမကို ပွင့်ပွင်းလင်းလင်းပြောနော်။ သား စိတ်ထဲမှာ ဘာကိုမကျေနပ်လို့လဲကွယ်။''


မောင်ဇော်မှာ ခေါင်းငုံ့မြဲ ငုံ့ကာ ''ဆရာမက သားတို့ကို အရက်မသောက်ရဘူး။ သူများကို လည်းမသောက်အောင် တားဆီးနိုင်ရမယ်လို့ ပြောပြီး ဆရာမအိမ်မှာကျ ဘာလို့အရက် ရောင်းရတာလဲဟင်။''


မောင်ဇော်မှာ မဝံ့မရဲပြောနေရ၍ မျက်ရည်များပါကျလာသည်။

ဆရာမ ဒေါ်မေဇင်မှာ မောင်ဇော်၏စကား ကြားလိုက်ရသည့်အခါ အလွန်အံ့သြကာ တိတ်ဆိတ်သွားသည်။ အတန်ကြာမှ မောင်ဇော် ၏ မျက်ရည်များကို သုတ်ပေးရင်း ''သားရယ် ...သားက ဒါကြောင့်မို့ ဆရာမကိုအရွဲ့တိုက်ပြီး စာလိုက်မလုပ်တာလား''


''အဲလိုကြောင့် မဟုတ်ပါဘူး ဆရာမ။ သားအစ်ကိုကြီးကို ဆရာမက အရက်ရောင်း လို့ပါ။ ဆရာမတို့ဆိုင်က အရက်သောက်ပြီး အစ်ကိုကြီးက မူးမူးလာတော့ အဖေနဲ့ အမေတို့ စိတ်ညစ်ရလို့ပါ''

ဒေါ်မေဇင်မှာ သူ့တပည့်မောင်ဇော် စာလိုက်မလုပ်ရခြင်းအကြောင်းကို သိရှိသွား လေသည်။


''သား မောင်ဇော်၊ မနက်ဖြန်ကျရင် သားအစ်ကိုကြီးကို ဆရာမဆီခေါ်ခဲ့နော်''


''ဟုတ်...ဟုတ်ကဲ့ပါ ဆရာမ''

''သား အတန်းသွားတော့နော်''

မောင်ဇော်မှာ စာသင်ခန်းထဲသို့ ပြန်လာ ခဲ့သည်။


ဒေါ်မေဇင်မှာ ဒီနေ့ကိစ္စအတွက် စိတ် မကောင်း။ သူ့တပည့် သူ့အပေါ်အထင်လွဲနေ သည်ကို သိရှိရ၍ မည်သို့မည်ပုံ ဖြေရှင်း ရမည်ကိုလည်း စဉ်းစားမရဖြစ်နေသည်။ သူ့အဒေါ်နှင့် ဦးလေးတို့ကို အရက်မရောင်း တော့ရန် ပြောရမည်လား။ သူ့အတွေးထဲတွင် သူ့တပည့်လေး သူ့ကိုအထင်လွဲကာ အရွဲ့တိုက် ၍ စာမလုပ်တော့သည်ကိုသာ စိတ်မကောင်း ဖြစ်နေရသည်။ မောင်ဇော်၏အစ်ကိုကြီးအား သူ့ဆီခေါ်လာရန်သာပြောခဲ့သည်။ သူဘယ်လို ပြောရမည်နည်း။ ''ဆရာမက အရက်ရောင်းလို့ အစ်ကိုကြီးက အရက်သောက်တာတဲ့။ အရက်မူးလာလို့ အဖေနဲ့ အမေ စိတ်ညစ်ရတာ တဲ့'' မောင်ဇော်ပြောခဲ့သော စကားများကိုသာ ဒေါ်မေဇင် ထပ်တလဲလဲ ပြန်ကြားယောင် နေသည်။ ''သားရယ်၊ သားအစ်ကိုကြီး အရက် ပြတ်နေတာ သတိမထားမိဘူးလားကွယ်။


ဟုတ်သားပဲ။ သူ့အစ်ကိုကြီး အရက် ပြတ်အောင် ငါလုပ်ပေးနိုင်ခဲ့တာ သူ့ကိုပြောပြဖို့ ငါမေ့သွားတာပဲ။ ဟုတ်ပြီ။ မနက်ဖြန်ကျ သူ့အစ်ကိုကြီးကို သက်သေထားပြီး ပြောပြ ရမယ်။ ဒါဆို ငါ့တပည့်လေး ငါ့အပေါ် အထင် လွဲမှားနေတာ၊ အရွဲ့တိုက်ပြီးစာမလုပ်တော့တာ မရှိတော့မှာ'' ဒေါ်မေဇင်မှာ သူ့တပည့် မောင်ဇော်လေးအား ရှင်းပြရန်နည်းလမ်းတွေ့ သွားလေသည်။


မောင်ဇော်မှာလည်း အခက်တွေ့နေသည်။ သူ့အစ်ကိုကြီးက အိမ်မှာမအိပ်တာ တစ်ပတ် ခုနစ်ရက်ရှိပြီ။ အဖေနှင့် အမေကိုလည်း မေးမကြည့်မိ။ သူ့စိတ်ထဲတွင် အစ်ကိုကြီးကို အဖေနဲ့ အမေကဆူ၍သာ အိမ်ကိုပြန်မလာတာ ဟု ထင်နေသည်။ သူဘာလုပ်ရမလဲ စဉ်းစား နေသည်။ ''အမေ့ကိုမေးကြည်ရင် သိရမှာပဲ။ ငါသွားမေးရင်၊ အမေက ဘာလုပ်မလို့လဲဆိုရင် ငါဘာပြန်ဖြေရမလဲ'' မောင်ဇော်သည်တွေးရင်း မျက်ရည်များဝဲလာသည်။ ''ငါနဲ့အတူတူဆော့တဲ့ ကိုဖိုးသားကို အစ်ကိုကြီးဆိုပြီး ဆရာမဆီ ခေါ်သွားရမယ်။ ဟုတ်တယ် ကိုဖိုးသားကို ခေါ်သွားမယ်။ ဆရာမလည်း သိမှာမှ မဟုတ်တာ'' မောင်ဇော် အကြံရသွားလေသည်။ သူ့စိတ်ထဲတွင် ဆရာမက သူ့အစ်ကိုကြီးအား မြင်ဖူးမှာ မဟုတ်ဘူးဟု ထင်နေမိသည်။

''ညီလေး...နိုးလာပြီလား''


မောင်ဇော်မှာ အံ့သြစွာဖြင့် ကြည့်နေမိ သည်။


''တစ်ပတ်လောက်မတွေ့တာနဲ့ မမှတ်မိ တော့ဘူးလားကွ။ အိပ်ရာထလည်း နောက်ကျ ပါ့ကွာ။ ညီလေးကို ကိုကြီးကျောင်းလိုက်ပို့ ပေးမယ်နော်''


မောင်ဇော် ပျော်သွားသည်။ ကိုဖိုးသားအား ရှာမတွေ့လျှင်ဆိုသည့် စိုးရိမ်စိတ်မရှိတော့။ ရေချိုးမျက်နှာသစ်ကာ မနက်စာမြန်မြန်စား သည်။ သူ့အစ်ကိုကြီး၏ လက်ကိုတွဲရင်း ကျောင်းသို့သွားသည်။

အစ်ကိုကြီးအား ခေါ်လာနိုင်သော်လည်း မောင်ဇော်၏စိတ်ထဲတွင် ''ဆရာမက ဘာလို့ အစ်ကိုကြီးကို ခေါ်ရတာလဲ''ကို စဉ်းစားမရ ဖြစ်နေသည်။ ''ငါ စာလိုက်မလုပ်တာကို တိုင်မလို့များလား။ အစ်ကိုကြီးကတစ်ဆင့် အဖေနဲ့အမေသိရင် ငါ့ကိုဆူမှာလား။ ဆူရင် ပြန်ပြောလိုက်မှာပေါ့။ ဆရာမက အပြောနဲ့ အလုပ်မညီလို့လို့ ပြောလိုက်မယ်။ ဒါဆို အဖေနဲ့ အမေက ငါ့ကိုမဆူတဲ့အပြင် ဆရာမ မကောင်းဘူးဆိုပြီးပြောမှာ''


မောင်ဇော်မှာ သူ့အတွေးနှင့်သူ မှန်နေ သည်ဟု ထင်နေတော့သည်။

''ဘာတွေစဉ်းစားနေတာလဲ ညီလေးရ။ တစ်လမ်းလုံးလည်း စကားမပြောဘူး။ အရင် တုန်းက ဒီလိုမဟုတ်ပါဘူးကွာ''

''မစဉ်းစားပါဘူး ကိုကြီး။ ကိုကြီး ဘယ်တုန်းက ပြန်ရောက်တာလဲ ညီလေး သိချင်လို့''


''ညတုန်းက ညီလေးရဲ့။ ညီလေးက အိပ်နေတော့ ကိုကြီးပြန်လာတာဘယ်သိမလဲ။ မနက်ရောက်တော့ ကိုကြီးက ညီလေးကို ကျောင်းလိုက်ပို့မယ်ပြောလို့ အမေနဲ့အတူ အဖေပါ ဈေးလိုက်သွားတာလေ ညီလေးရဲ့''

''ကိုကြီး''

''အေး...ပြောလေညီလေး။ ဘာပြောစရာ ရှိလို့လဲ''

''ညီလေး ဆရာမကလေ ကိုကြီးကို ဒီနေ့ ခေါ်လာခိုင်းတာ။ ကိုကြီးကမရှိတော့ ညီလေး စိတ်ညစ်နေတာ။ မနက်ရောက်တော့ ကိုကြီးကို တွေ့မှပဲ ညီလေးပျော်သွားတာ''


''ဆရာမက ကိုကြီးကို ဘာအတွက်ခေါ်ခိုင်း လိုက်တာလဲ ညီလေး''

''ညီလေးလည်း မသိဘူးလေ''

''အေးပါလေ။ ကျောင်းရောက်မှပဲ ညီလေး ဆရာမဆီ ကိုကြီးလိုက်တွေ့မယ်နော်''

''ဟုတ်ကဲ့''


ဒေါ်မေဇင်မှာ မိမိအတန်းတွင်ထိုင်ကာ မောင်ဇော်အလာကို စောင့်နေသည်။


''ဝင်ခွင့်ပြုပါ ဆရာမ''


''ဝင်ဝင် သား။ သားအစ်ကိုကြီးပါ ခေါ်လာ တာကိုး။ ထိုင်ပါဦးရှင့်''

''ဟုတ်ကဲ့ဆရာမ။ ဆရာမက ခေါ်တယ် ဆိုလို့''

''ဟုတ်ပါတယ်ရှင်။ ကျွန်မတို့ဆိုင်ကို အစ်ကိုလာတာနဲ့ပတ်သက်ပြီး ကလေးက ကျွန်မကြောင့်လို့ထင်နေတယ်လေ။ အဲ့ဒါလေး ရှင်းပြရအောင် ခေါ်ခိုင်းလိုက်တာပါ''


မောင်ဇော်၏အစ်ကိုက မောင်ဇော်အား လှည့်ကြည့်လိုက်သည်။ မောင်ဇော်မှာ ဆူခံ ရမည်စိုး၍ မျက်နှာပျက်ကာ ခေါင်းငုံ့နေသည်။

''ညီလေးအထင်လွဲနေပြီ။ ညီလေးရဲ့ ဆရာမက ကိုကြီးအပါအဝင် အခြားသူတွေ အရက်လာသောက်ရင်တောင် အကျိုး အကြောင်း စုံလင်စွာနဲ့ ကိုကြီးတို့တစ်တွေ လက်ခံလာအောင်ပြောခဲ့တာ။ တစ်ပုလင်း ကနေ တစ်ခွက်၊ တစ်ခွက်ကနေ တစ်ဝက် စသည်ဖြင့် တဖြည်းဖြည်း လျှော့သောက်စေ ခဲ့တာ။ စိတ်နဲ့သာ သက်ဆိုင်တယ်လို့ပြောပြီး ကိုကြီးတို့ကို အရက်ပြတ်စေခဲ့တာ။ ကိုကြီး တောင် အရက်ပြတ်သွားတာ တစ်ပတ်လောက် ရှိပြီလေ ညီလေးရဲ့။ ကိုကြီးက အိမ်မှာမရှိတော့ ညီလေး ဘယ်သိပါ့မလဲ''


မောင်ဇော်မှာ အံ့သြခြင်းများစွာဖြင့် သူ့အစ်ကိုနှင့် ဆရာမအား တစ်လှည့်စီ ကြည့်နေသည်။


ဒေါ်မေဇင်က ''ဟုတ်တယ် သား။ ဆရာမက အဲလိုတွေပြောပြီး ဆရာမတို့ဆိုင် လာသူတွေကို လျှော့စေခဲ့တာပါ။ စီးပွားရေးအရ ဆရာမရဲ့ ဦးလေးအရက်ဆိုင်ဖွင့်တာကို ရောင်းရပြီးရော မလုပ်ပါဘူးသားရယ်။ ဆရာမ က အရက်ဆိုင်မဖွင့်ပါနဲ့လို့ အပြောချင်ဆုံးပဲ။ ဒါပေမယ့် ဆရာမရဲ့ဦးလေးလေ။ ဆရာမရဲ့ ဦးလေး ကျေးဇူးကို စော်ကားသလိုဖြစ်မယ်လေ။ ဆရာမ ခုလိုအခြေအနေထိ ရောက်အောင် လည်း ဦးလေးကပဲ ထောက်ပံ့ပေးခဲ့တာလေ။ ဒါ့ကြောင့်ပါသားရယ်။ ဆရာမက ဆိုင်လာ သူတွေကို အရက်လျှော့သောက်ဖို့၊ ပြတ်သွားအောင် တစ်နည်းနည်းနဲ့ပဲ ပြောပြ ခဲ့တာပေါ့။ ဆရာမဘက်က ဒီလိုလုပ်ပေးနိုင်ဖို့ပဲ တတ်နိုင်တာလေ။ သားက အခုဆရာမကို အထင်လွဲနေပြီး စာလိုက်မလုပ်တော့ ဆရာမ စိတ်မကောင်းဘူးကွယ်''


ဆရာမဒေါ်မေဇင်၏ ဝမ်းနည်းသံကို ကြားရသောကြောင့် မောင်ဇော်သည် မျက်ရည် တွေကျဆင်းလာသည်။ သူ့အထင်လွဲမှားစွာ လုပ်ခဲ့မိသည့်အတွက် နောင်တရကာ အသား များပါ တုန်လာသည်။ ငိုထားသည့်အတွက် ကြောင့် အသံတွေတုန်ရင်စွာဖြင့် ''သား တောင်းပန်ပါတယ် ဆရာမ။ သားမသိလို့ ဆရာမကို ပြောခဲ့မိတာပါ။ ဆရာမအပေါ် အထင်လွဲပြီး မုန်းခဲ့မိတာပါ။ ဒါ့ကြောင့် စာတွေ လိုက်မလုပ်ဘဲ သားအရွဲ့တိုက်မိခဲ့တာပါ။ သားကို ခွင့်လွှတ်ပေးပါနော်ဆရာမ''

''သားရယ်... သားတို့တွေ ဘယ်လောက်ပဲ ဆိုးဆိုး ဆရာ ဆရာမတွေဆိုတာ ခွင့်လွှတ် ပေးပြီးသားပါကွယ်။ အခုလို သားကအရွဲ့ တိုက်ပြီး စာမလုပ်တော့ သားပဲစာမရတာရှိမှာ ပေါ့ကွယ်။ ပြီးတော့သား ငရဲကြီးမှာပေါ့။ ဒါပေမယ့် သားက ဆရာမကို အခုနားလည် သွားပြီး စာပြန်ကြိုးစားမယ်မဟုတ်လား။ ဆရာမက သားကိုခွင့်လွှတ်ပေးပြီးသား ပါကွယ်''


ဒေါ်မေဇင်က မောင်ဇော်၏ မျက်ရည် များကို သုတ်ပေးကာ အပြုံးလေးဖြင့် စကား ဆိုသည်။ ဝမ်းနည်းခြင်း၊ စိတ်မကောင်းဖြစ်နေ ခြင်း မရှိတော့။


''ဟုတ်ကဲ့ပါ ဆရာမ။ သား စာပြန်ကြိုးစား မှာပါ။ ဆရာ ဆရာမတွေအပေါ်မှာလည်း အထင်လွဲမှားတာမျိုး၊ အရွဲ့တိုက်တာမျိုးမလုပ် တော့ပါဘူး ဆရာမ''


''ဆရာမ ယုံပါတယ် သားရယ်။ သားက လိမ္မာပြီးသားပါ။ ကိုကြီးကို နှုတ်ဆက်လိုက် ဦးနော်''


''ဟုတ်ကဲ့။ ကိုကြီး တာတာ့နော်။ ညနေမှ ညီလေးကို ပြန်လာကြိုနော်''

''အေးပါကွယ်...အေးပါ။ ညနေမှ ကိုကြီး လာကြိုမယ်နော်''

တကယ်တော့ ကလေးတွေရဲ့စိတ်ထဲမှာ ဆရာ ဆရာမတွေအပေါ် အထင်လွဲပြီး အမြင် မကြည်တာမျိုး မဖြစ်စေသင့်ပါ။ သူတို့ အထင်မလွဲ မှားအောင်၊ အမြင်ကြည်ပြီးယုံကြည် လက်ခံလာအောင် ဆရာ ဆရာမတွေက ကြိုးစားလုပ်ဆောင်ပေးရပါမည်။ သူတို့လေး တွေက ဆရာ ဆရာမတွေအပေါ်ယုံကြည်နေ မှသာလျှင် သူတို့ရဲ့ ကြိုးစားချင်စိတ်တွေကို မွေးထုတ်ပေးနိုင်မှာ ဖြစ်သည်။ သူတို့လေး တွေရဲ့စိတ်မှာ အထင်လွဲမှားမှု၊ မယုံကြည်မှု ဖြစ်လာခဲ့လျှင်လည်း သူတို့လေးတွေ နားလည် ယုံကြည်လာအောင် ပြောဆိုရှင်းပြရင်းဖြင့် စိတ်ဓာတ်လေးတွေ မှန်ကန်ဖို့ ပြုပြင်ပေးရမှာ ဖြစ်သည်။


ဆရာမ ဒေါ်မေဇင်သည် မောင်ဇော်လေး အား မိမိအပေါ်အထင်လွဲမှားပြီး အရွဲ့တိုက် နေခြင်းမှ သူရဲ့စေတနာမေတ္တာတွေကို သိသာ မြင်သာအောင် ပြောဆိုရှင်းပြရင်း နားလည် အောင် ပြန်လည်တည့်မတ်ပေးနိုင်ခဲ့သည်။ နောက်ဆုံးမှာတော့ မောင်ဇော်လေးလည်း ဆရာမ ဒေါ်မေဇင်၏ စေတနာ၊ မေတ္တာတွေကို နားလည်သွားကာ အရင်ကထက် စာကိုပိုပြီး ကြိုးစားလာခဲ့သည်။ လူတော်လူကောင်းလေး ဖြစ်လာခဲ့သည်။ အပြုံးအလှတွေ ဝေဆာ နေသော ပန်းကောင်းလေးမှာ ယခုအခါ ထုံလို့ ကြိုင်လို့ သင်းလို့နေပါတော့သည်။


ဆောင်းနေရောင်

(အဖျောက်)ကြေးမုံသတင်းစာ

Post a Comment

0 Comments