စိတ်ထောင်ချောက် - မေအလင်းရောင် ( ဝတ္ထုတို )

 ဝတ္ထုတို အမည် - စိတ်ထောင်ချောက်

စာရေးသူ - မေအလင်းရောင်

-------------------------------------------------


“စိတ်ထောင်ချောက်”

📚📚📚📚📚📚📚


-၁-

အသံတွေ…အသံတွေ တီးတိုးပြောဆိုနေကြတဲ့ အသံတွေ…ဟိုးအဝေးကြီးကနေ တဖြည်းဖြည်းချင်း နီးနီးလာသလို ထင်ရတဲ့ အသံတွေ… အိပ်မက်တွေ မက်နေတာလား.... ဘယ်ကလာတဲ့ အသံတွေလဲ... ဘယ်သူတွေ ပြောနေကြတာလဲ...ဘာအကြောင်းတွေကိုများ အရေးတကြီး ပြောဆိုနေကြတာလဲ.... ဟော ပြောရင်းဆိုရင်း အသံတွေက ကျွန်မ အနားနားမှာ လာကပ်ပြောနေသလို တဖြည်းဖြည်း ပိုပို နီးလာနေပါ လား ဟော…တစ်ချက်တစ်ချက် “ငြိမ်းခင်ခင်” ဆိုတဲ့ ကျွန်မနာမည်ကို သူတို့စကားသံတွေထဲမှာ ကြားလိုက် ရသလိုပဲ…သူတို့ ကျွန်မအကြောင်း ပြောနေကြတာလား..ကျွန်မနဲ့ပတ်သတ်လို့ ဘာတွေများ စိတ်၀င်တစား ပြောဆိုနေကြတာလဲ….သိချင်စိတ်ကြောင့် အသံတွေလာရာဆီ မှန်းဆပြီး ကျွန်မ ထွက်လာခဲ့မိတယ်။


ရာသီဥတုက စိတ်အလိုမကျတဲ့ ကလေးလို မှုန်မှုန်မှိုင်းမှိုင်း။ မရိတ်ဖြတ်တာကြာပြီဖြစ်တဲ့ မြက်ရိုင်း တွေက ပတ်၀န်းကျင်တစ်ခုလုံး တောထလို့ အပယ်ခံ ၀န်းကျင်ရဲ့သရုပ်ကို ပိုပြီးပီပြင်အောင် ဖန်တီးပေး နေ တယ်။ မြက်ရိုင်းတွေအလယ်က ရေညှိတက်နေတဲ့ ကျောက်ခင်းလမ်းမပေါ်မှာတော့ မျက်နှာမသာမယာနဲ့ လူအချို့ ခြေလှမ်းတွေ ချော်မသွားအောင် သတိထားရင်း လေးတိလေးကန် လမ်းလျှောက်နေကြတယ်။ လေးဘက်လေးတန်မှာ ခါးစောင်းသာသာ အုတ်တံတိုင်းကာထားပြီး အပေါ်က သွပ်မိုးထားတဲ့ ခန်းမထဲမှာ တော့ ပလတ်စတစ်ခုံတွေကို အတန်းလိုက် အတန်းလိုက် စီစီရီရီ ခင်းကျင်းထားတယ်။ ခပ်ပါးပါးသာရှိတဲ့ ပရိသတ်အချို့က အေးမြနေတဲ့ ရာသီဥတုနဲ့ မလိုက်ဖက်ပါပဲ ယပ်တောင်တွေ အသီးသီးကိုင်လို့ ပလတ်စ တစ်ခုံတွေပေါ်မှာ ထိုင်နေကြတယ်။ အချို့လည်း ငေးငေးငိုင်ငိုင်၊ အချို့လည်း လှုပ်လှုပ်ရှားရှား၊ အချို့လည်း ၀တ်ကျေ တန်းကျေ။


ခန်းမရဲ့ ထိပ်ဆုံးမှာတော့ ကျောက်ခုတင်တစ်လုံးနဲ့ တင်ထားတဲ့ တစ်စုံတစ်ခုကို လူအချို့ ဝိုင်းအုံ ကြည့်ရင်း တီးတိုးစကားတွေ ဆိုနေလေရဲ့။ သြော်…စောစောလေးတင်က ကြားရတဲ့အသံတွေက သူတို့ဆီ ကလာတဲ့ အသံတွေကိုး…

သူတို့ ဘာတွေပြောနေကြတာလဲ..ပိုပြီး သဲသဲကွဲကွဲကြားရအောင် သူတို့နားနားကို ကျွန်မ တိုးသွား လိုက်တယ်။


“၈ ထပ်တိုက်ပေါ်က ခုန်ချလိုက်တာတဲ့”

“အေး…ခေါင်းခွံဆိုတာ ဟက်တက်ကို ကွဲရောဆိုပဲ”

“ဒါဆို ပွဲချင်းပြီး သေတာပေါ့နော်”

“အေးပေါ့ တကယ့်ကို ဆိုးဆိုးဝါးဝါး ပွဲချင်းပြီးသေတာပေါ့ ”

“သေတမ်းစာတွေ ဘာတွေ ရေးမသွားဘူးဆို”

“သေတမ်းစာ မတွေ့ပေမယ့် နေ့စဉ်မှတ်တမ်း စာအုပ်ထဲမှာတော့ သူ စိတ်ညစ်တဲ့ အကြောင်းတွေ ရေးထားတာ အများကြီးတွေ့တယ်တဲ့”

“သနားပါတယ်ဟယ်၊ သူ့အဖေအရင်းက ငယ်ငယ်ကတည်းက သေသွားပြီး သူ့အမေနဲ့ မအေတူ ဖအေကွဲအစ်မကလည်း နိုင်ငံခြားမှာလို့ပြောတယ်”

“သူ့အမေနဲ့ အစ်မက ဒီနေ့ရောက်မှာဆို”

“အေး…အဲ့ဒါကြောင့် ခဏစောင့်နေကြတာလေ”

“လေယာဉ်ဆိုက်တာ နောက်ကျနေရင်ရော”

“အေး…သူ့နောက်မှာ သင်္ဂြိုဟ်မယ့်လူက နှစ်ယောက်တောင် ကျန်သေးတာဆိုတော့ တာ၀န်ရှိသူ တွေက နောက်ထပ်အပိုပေးထားတဲ့ နာရီ၀က်အချိန်အတွင်း ရောက်မလာရင် သဂြိုဟ်မယ်လို့တော့ ပြော ထားတယ်”

“ဒါဆို ဒီမှာ သင်္ဂြိုဟ်ဖို့ကိစ္စကို ဘယ်သူကစီစဉ်ပေးတာလဲ”

“ကြံခင်းမှာနေတဲ့ သူ့အဒေါ်က လာစီစဉ်ပေးတာတဲ့”

“အော်..တော်သေးတာပေါ့၊ စီစဉ်ပေးမယ့်လူရှိလို့၊ မဟုတ်ရင် ပိုင်ရှင်မဲ့အလောင်းအဖြစ် ဆေးရုံက သင်္ဂြိုဟ်ရဦးမယ်၊ ကံများ ဆိုးလိုက်တာ ငြိမ်းခင်ခင်ရယ်”


ဘုရားရေ…ငြိမ်းခင်ခင်ဆိုပါလား။ ဒါဆို…ဒါဆို..လူတွေဝိုင်းအုံကြည့်နေတဲ့ ပန်းရောင်ဇာပုဝါလွှမ်းပြီး နှင်းဆီပန်းတွေ ဝေနေအောင်ပန်ထားတဲ့ ကျောက်ခုတင်ပေါ်က မိန်းခလေးဟာ ကျွန်မပေါ့။ ဝိုင်းအုံကြည့်နေ တဲ့ လူတွေကို တိုးဝှေ့ပြီး ကျောက်ခုတင်ပေါ်က မိန်းခလေးကို ကျွန်မ အနီးကပ်ကြည့်လိုက်တယ်။ အိုး…သိပ် သေချာတာပေါ့။ အဲ့ဒါ ကျွန်မမှ ကျွန်မအစစ်ပဲ။ ဒါဆို.. ကျွန်မက.. ကျွန်မက…သေဆုံးသွားခဲ့ပြီးပြီပေါ့။ ခုမှပဲ ကျွန်မခန္ဓာကိုယ်က ဝါဂွမ်းတစ်စလို ပေါ့ပါးနေတာ ကျွန်မဘာသာကျွန်မ သတိထားမိသွားတယ်။ အနားမှာရှိ နေတဲ့ လူတချို့ကလည်း ရုပ်ရှင်တွေထဲလိုပဲ ကျွန်မကို မမြင်လေဟန်နဲ့ တွန်းတိုက်သွားနေကြလေရဲ့။


-၂-

ဘုရား..ဘုရား…အသုဘလာတဲ့ ၀န်ထမ်းတချို့က သူ့ကို ကွက်ကြည့်ကွက်ကြည့်နဲ့ တီးတိုး ပြောနေ ကြပါလား၊ သူတို့ဘာတွေပြောနေကြတာလဲ၊ သူ့ အကြောင်းပြောနေကြတာလား။ အို… ဟုတ်ချင်မှ ဟုတ်မှာ ပါ။ သူတို့ဘာသာ သူတို့ ရောက်တက်ရာရာ ပြောနေကြတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် လူတွေ ဘာလို့ သူ့ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတာလဲ။ ဘာလဲ ငြိမ်းခင်ခင်ကို သူသတ်တယ်လို့များ စွပ်စွဲ ချင်နေ ကြတာလား။ ဘုရားရေ…ဒီအသုဘကို လာမိတာ သူ မှားများ မှားပြီလား။


တကယ်ဆို သူ ဘာအမှားမှ မလုပ်ခဲ့မိပါဘူး။ သူက အဲ့ဒီရုံးမှာ လာဘ်မစားဘူး၊ မျက်နှာမလိုက်ဘူး၊ စည်းကမ်းကြီးတယ်ဆိုတဲ့ နာမည်တစ်လုံးနဲ့နေတဲ့ အရာရှိတစ်ဦးပါ။ ဒါ့ကြောင့်လည်း ငြိမ်းခင်ခင်နဲ့ပတ်သတ်လို့ သူမမှားဘူးလို့ သူယုံတယ်။ ကြည့်လေ အဲ့ဒီညနေက ငြိမ်းခင်ခင်ပြောတဲ့စကား။


“ဆရာ ကျွန်မ ရန်ကုန်မှာ တစ်ယောက်တည်းနေလို့ အဆင်မပြေဘူး၊ အဒေါ်တွေရှိတဲ့ ကြံခင်းကို ဦးစီးအရာရှိအနေနဲ့ ပြောင်းပါရစေတဲ့။” လွယ်လိုက်တဲ့စကား။ အစိုးရ၀န်ထမ်းလုပ်နေပြီး သူပြောင်းချင်တဲ့ နေရာကို သူပြောင်းချင်တဲ့ရာထူးနဲ့ ပြောင်းပေးပါဆိုပါလား။ မသိရင်ပဲ ၀န်ထမ်းအလုပ်က သူ့မိဘ လက်ငုတ် လက်ရင်း အလုပ်လိုလို။ ပြောပုံက။ စိတ်ပေါက်ပေါက်နဲ့ ၀န်ထမ်းအားလုံးရှေ့မှာ နာရီ၀က်နီးပါး သာသာနဲ့ နာနာလေး ဆူပြော ပြောပေးလိုက်တယ်။


အမှန်အတိုင်းပြောရရင်တော့ ပြောတဲ့သူက ငြိမ်းခင်ခင် ဖြစ်နေ တာမို့လည်း ပါပါတယ်။ ၀န်ထမ်းတစ်ဦးချင်းစီအကြောင်းကို သေချာမသိပေမယ့် ငြိမ်းခင်ခင်အကြောင်းကိုတော့ သူ တစွန်းတစ သိထားတယ်။ ဒါပေမယ့် သူသိထားတဲ့ အဲ့ဒီကောင်မလေးက ဒီလောက်ကလေး ဆူမိပြောမိ ရုံနဲ့ သူ့ကိုယ်သူ သတ်သေသွားလိမ့်မယ်လို့တော့ သူ ဘယ်တွေးမိပါ့မလဲ။ တကယ်ဆို ကိုယ်တွေလည်း ဒီလို အဆင့် ဒီလိုနေရာရဖို့ အချိန်တွေအကြာကြီးပေးပြီး မနည်း ရုန်းကန်ခဲ့ရတာပဲ မဟုတ်လား။


အင်း…သူ့စကားက မှန်တော့မှန်ပေမယ့် အပြည့်အ၀မမှန်ဘူးဆိုတာ သတိထားမိတော့ သူ့အတွေး ကို တစ်၀က်တစ်ပျက်နဲ့ပဲ ရပ်ပစ်လိုက်ရတယ်။ သူ ငယ်ငယ်က မပြည့်စုံလို့ ရုန်းကန်ခဲ့ရတယ်ဆိုတာ မှန်ပေ မယ့် သူ့ထက် အဆပေါင်းများစွာပြည့်စုံတဲ့ အမျိုးသမီးကို အိမ်ထောင်ဘက်အဖြစ် ရပြီးနောက်ပိုင်းမှာ သူ့ဘ ၀က အစစအရာရာ ပြည့်စုံလာခဲ့တယ်။ ရာထူးတွေ တစ်ဆင့်ပြီး တစ်ဆင့်တိုးပြီး မိသားစုနဲ့ အတူနေရဖို့ အ ထက်အရာရှိအချို့ကို ပေးထား ကမ်းထားရတာလေးတွေတော့ ရှိခဲ့တယ်ပေါ့။ သူ့ကိုယ်ကျိုးအတွက် နည်း နည်း ဥာဏ်များခဲ့ရတာကလွဲရင် ဘယ်သူ့အပေါ်မှာမှ သူ မတရား မလုပ်ခဲ့ပါဘူး။ ခု…ငြိမ်းခင်ခင်ကိစ္စမှာလည်း သတ္တဝါတစ်ခု ကံတစ်ခုမို့ အဖန်ငါးရာငါးကမ္ဘာဆပ်ရမယ့် သူ့၀ဋ္ဋ်ကြွေး သူဆပ်တာကို ကိုယ်က ဒါးခုတ်ရာ လက်၀င်ရှိုမိရုံ သပ်သပ်ပါပဲ။ ဟုတ်တယ် သူမမှားဘူး။ သူ မမှားခဲ့ပါဘူးလေ။


-၃-

စိတ်ကလောနေတာကြောင့်လား၊ ကားတွေက ပိတ်နေတာကြောင့်လားတော့မသိဘူး လေဆိပ်က နေ သုသာန်ကိုသွားတဲ့လမ်းဟာ ထင်ထားတာထက်ကို ပိုကြာနေခဲ့တယ်။


သမီးရယ် မေမေသမီးကို ဘယ်လို တောင်းပန်ရပါ့မလဲ။ ဒါတွေအားလုံးဟာ မေ့မေ့ကြောင့်ဖြစ်ရတာပါ။ မေမေသာ သမီးကို မြန်မာပြည်မှာ တစ်ယောက်ထဲ မထားခဲ့ဘူးဆိုရင် ငါ့သမီးလေး ခုလို ကိုယ့်ကို ကိုယ် သတ်သေရလောက်သည်အထိ ဖြစ်ခဲ့မှာ မဟုတ်ဘူးနော်။ ခုတော့ မေမေ့ကြောင့်…မေမေကြောင့် ငါ့ သမီးလေး စိတ်ဆင်းရဲလွန်းလို့ ကိုယ့်ကိုကိုယ် သတ်သေသတဲ့။ မေမေ ဘယ်လိုဖြေရမလဲ သမီးရယ်၊ မေမေ တစ်သက်လုံး ဘယ်လို ဖြေသိမ့်ရပါ့မလဲကွယ်။


“ခေါင်းမမာစမ်းနဲ့ သမီးငယ်၊ ရှေ့ဆက်ပြီး မေမေ မြန်မာပြည်မှာ ဆက်မနေနိုင်တော့ဘူး။ ညည်း ဦးလေးကလည်း ဟိုမှာနေဖို့ အစစအရာရာ စီစဉ်ပြီးနေပြီ။ ညည်း ကျောင်းဆက်တက်ချင်လည်း တက်လို့ရတယ်၊ အလုပ်လုပ်ချင်လည်း လုပ်လို့ရတယ်။ ဒီလောက်အဆင်ပြေနေတာကိုများ ဘာလို့ငြင်းဆန်နေရတာလဲ၊ မိဘကို နေရာတကာ ကန့်လန့်တိုက်တိုင်း ကောင်းတာမဟုတ်ဘူးနော် သမီးငယ်”


ဒီစကားတွေကို လွန်ခဲ့တဲ့နှစ်နှစ်က ကျွန်မကိုယ်တိုင် သမီးကိုပြောခဲ့တာ။ သမီးငယ်ရဲ့ အဖေ ကျွန်မ ရဲ့ နောက်အိမ်ထောင်ကွယ်လွန်သွားတော့ ကျွန်မရဲ့ပထမအိမ်ထောင်နဲ့ ပြန်ဆက်သွယ်ဖြစ်ခဲ့ကြတယ်။ ဒီလိုနဲ့ ပထမအိမ်ထောင်ရဲ့နောက်ကို အပြီးလိုက်ဖို့ ကျွန်မဆုံးဖြတ်ချိန်မှာတော့ သမီးငယ်က ကျွန်မရဲ့ အစီအစဉ်ကို ကန့်ကွက်ခဲ့တယ်။ ဘာသွေးသားမှ မတော်စပ်တဲ့ သူမက အရံလူမို့လို့ မေမေတို့ မိသားစုကြားမှာ ကန့်လန့် ကန့်လန့် ၀င်မရှုပ်ချင်ပါဘူးတဲ့လေ။ အမေတစ်ယောက်လုံးက သင့်တော်တယ်ထင်လို့ စီစဉ်တာကို ကဖျက် ကယက် လုပ်လွန်းမက လုပ်နေတာကြောင့် ကျွန်မ သူ့ကိုထားခဲ့ပြီး သမီးကြီးနဲ့အတူ နိုင်ငံခြားကို အပြီးထွက် ခဲ့တယ်။


မအောင်မြင်တဲ့ အိမ်ထောင်ရေးနဲ့ အနာဂတ်ပျောက်နေတဲ့ မိန်းမတစ်ယောက်ရဲ့ ခံစားချက်ကို ရှေ့ တန်းတင်ပြီး သမီးရဲ့ခံစားချက်ကို ကျွန်မ လျစ်လျူရှု့ခဲ့တယ်။ အပျိုအရွယ် မိန်းခလေးတစ်ယောက်ထဲ သူ့ခြေထောက်ပေါ် သူရပ်တည်ပြီး တပြည်တရွာမှာ အထီးကျန် အားငယ်နေရှာမလားဆိုတဲ့ အတွေးမျိုး ကျွန်မ ဘာ့ကြောင့် မတွေးခဲ့မိပါလိမ့်။ ခွင့်လွှတ်ပါသမီးရယ်၊ မေမေ တောင်းပန်ပါတယ်။ အားလုံးဟာ မေမေ့ အပြစ်တွေပါ။ မေမေ့ကြောင့် ငါ့သမီးလေး သေရတာပါ သမီးရယ်။


-၄-

ညီမလေးငြိမ်းခင်ခင်ရဲ့ အလောင်းကိုကြည့်ပြီး သည်းသည်းထန်ထန် ငိုကြွေးနေတဲ့ မေမေ့ကို ကျွန်မ ခုမှ သေသေချာချာ ကြည့်မိတယ်။ မေမေ အတော်ခံစားနေရတယ်နဲ့ တူပါတယ်။ မေမေ့မျက်လုံးတွေဟာ နီရဲပြီး မို့အစ်လို့၊ ကျောလည်သာသာရှိတဲ့ နီညိုရောင်ဆံပင်တွေက ခြောက်သွေ့ပြီး ပွယောင်းလို့၊ အမြဲလိုလို စတိုင်ကျကျ ၀တ်ဆင်တတ်တဲ့မေမေက ခုတော့ အင်္ကျီအရောင်တစ်ခြား စကပ်အရောင်တစ်ခြားကို ၀တ် လို့၊ ညီမလေးသေရတာ သူ့ကြောင့်လို့ယူဆပြီး မေမေဖြေမဆည်နိုင် ဖြစ်နေပုံရပါတယ်။ တကယ်တော့… ညီမလေး သေရတာ မေမေ့ကြောင့် မဟုတ်ပဲ ကျွန်မကြောင့်လည်း ဖြစ်နိုင်တာပဲလေ။ အို..ဖြစ်နိုင်တယ် မဟုတ် ပါဘူး။ ဖြစ်ကိုဖြစ်ရမှာပါ။


တကယ်ဆို ညီမလေး ခုလို ဂျစ်ကန်ကန်ပေကပ်ကပ်နဲ့ ပြန်မပြောနားမထောင်တတ်တဲ့ ကလေးဆိုး တစ်ယောက်ဖြစ်သွားရတာ ကျွန်မပယောဂတွေကြောင့် အများကြီးပါပါတယ်။ ဟိုး..ခပ်ငယ်ငယ် သိတတ်စ အရွယ်ကတည်းက ကျွန်မက အဖေလို့ထင်ခဲ့တဲ့သူဟာ ကျွန်မအဖေမဟုတ်ပဲ ညီမလေးရဲ့ အဖေဆိုတာရယ်၊ အဲ့ဒီ့ညီမလေးအဖေက ညီမလေးကိုတော့ သိပ်ဂရုစိုက်ပြီး ကျွန်မကိုတော့ ၀တ်ကျေတန်းကျေသာ ဆက်ဆံ ခဲ့တယ်ဆိုတာရယ်ကို သိခဲ့ရပြီးနောက်ပိုင်းမှာ ကျွန်မ ညီမလေးကို မနာလိုစိတ်နဲ့ မုန်းတတ်ခဲ့တယ်။ ကျောင်း သွားရင် အတူမသွားဘူး၊ ကစားရင် အတူ မကစားဘူး၊ အိပ်ရင် အတူ မအိပ်ဘူး၊ အို ယုတ်စွအဆုံး ကျွန်မရဲ့ အင်္ကျီအဟောင်းတွေကိုတောင် ညီမလေးကို ပေးရမှာစိုးလို့ ကတ်ကြေးနဲ့ညှပ်ပစ်တဲ့အထိ ကျွန်မ ညီမလေး အပေါ် ရက်စက်ခဲ့တယ်။ နောက်တော့ သိပ်မကြာပါဘူး။ ညီမလေးရဲ့အဖေ သေသွားခဲ့တယ်။ အဖေ မရှိ တော့တာချင်း တူသွားပေမယ့် ကျွန်မရဲ့ ဆက်ဆံရေးက ညီမလေးအပေါ်မှာ ပြောင်းလဲလို့မရခဲ့ဘူး။ အမှန် အတိုင်းပြောရရင် ငါ့အလှည့်ရောက်ပြီကွလို့ ကြွေးကြော်ပြီး ဘာအပြစ်မှမရှိတဲ့ ညီမလေးကို သူ့အဖေကို မုန်း စိတ်နဲ့ အရင်ကထက်တောင် ပိုပြီး ရက်ရက်စက်စက် ဆက်ဆံခဲ့မိတယ်။


ခုတော့…ကျွန်မမုန်းတဲ့ ညီမလေး လောကကြီးမှာ မရှိတော့ဘူးတဲ့။ မသေခင်ကာလတွေမှာ ညီမ လေး ကျွန်မကို ဘယ်လောက်များ မုန်းတီး စက်ဆုပ်ခဲ့လေမလဲ။ ဘယ်လောက်တောင် နာကျည်းသွား လေ မလဲ။ အားလုံးကို စိတ်ပျက်စိတ်ကုန်ပြီး သူ့ကိုယ်သူ သတ်သေသွားရလောက်အောင် ဟိုးငယ်ငယ် ကလေး ဘ၀ကတည်းက သူ့ရဲ့ သည်းခံစိတ်ရှည်ခြင်း၊ အကောင်းမြင်ခြင်း၊ လိုက်လျောညီထွေ ဆက်ဆံတတ်ခြင်းဆို တဲ့ စိတ်ဓာတ်ကောင်းတွေကို ရိုက်ချိုးဖျက်စီးခဲ့သူဟာ ကျွန်မပဲမဟုတ်လား။ ဘာပဲဖြစ်ဖြစ် ညီမလေးကိုသတ် တဲ့ တရားခံဟာ ကျွန်မမှ ကျွန်မအစစ်ပါ။


-၅-

ငြိမ်းခင်ခင်သေသွားပြီဆိုတော့ သူ့နေရာကို မေပို တရား၀င် အပြောင်းလျှောက်လို့ရပြီပေါ့။ အဲ့ဒီ့နေ ရာကို လိုချင်လွန်းလို့ပဲ ဆရာ့ကို ငြိမ်းခင်ခင် မကောင်းကြောင်းတွေ လုပ်ကြံပြောဆိုပြီး မေပို ချောက်ချခဲ့ရ တာ မဟုတ်လား။ ခုတော့ ဖြစ်နိုင်ရင် ဒီနေ့မနက်ဖြန်ဆိုသလို ပြောင်းချင်နေတဲ့ ငြိမ်းခင်ခင်နေရာကို မေပို မမက်မောတော့ပါဘူး။ အဲ့ဒီ့အစား ငြိမ်းခင်ခင်အပေါ် ပြုမိခဲ့တဲ့ သူမအပြစ်တွေအတွက်သာ မေပို စိတ်မ ကောင်း ဖြစ်နေရပါပြီ။ တကယ်ဆို ငြိမ်းခင်ခင်က သူမထက် အစစအရာရာ မပြည့်စုံမှန်းသိပါရက် မေပို တစ်ကိုယ်ကောင်းဆန်မိတယ်။ နေရာကောင်းလေးတစ်ခုရဖို့ သူမအပေါ် ယုံကြည်လွန်းတဲ့ ငြိမ်းခင်ခင်ကို သူ ငယ်ချင်း အချင်းချင်း မလုပ်သင့် မလုပ်အပ်တာတွေ လုပ်ခဲ့မိတယ်။ အဲ့ဒီနေ့က ငြိမ်းခင်ခင်ကို ဆရာ ခေါ်ဆူ တော့တောင် စိတ်ထဲကနေ မေပို ကျေကျေနပ်နပ် ပြုံးမိခဲ့သေးတယ်လေ။ ခုလိုမျိုး ငြိမ်းခင်ခင်တစ်ယောက် သူ့ကိုယ်သူ သတ်သေမယ်လို့လဲ မေပို ထင်မှ မထင်ခဲ့တာကိုး။


ခုတော့ ငြိမ်းခင်ခင် သေသွားခဲ့ပြီ။ ဘာလို့လဲ.. ဘာလို့လဲ သူငယ်ချင်းရယ်။ အဲ့ဒီနေ့က ဆရာနင့်ကို ဆူလိုက်တာကြောင့်လား။ ဆရာ့ကြောင့်ဆိုရင်တော့ ငါ့အပြစ်တွေလည်း ပါတာပေါ့ သူငယ်ချင်းရယ်။ ဆရာ နင့် အပေါ် အမြင်မကြည်အောင် နင်နဲ့ဆရာ့အကြား ငါ သွေးခွဲခဲ့မိတာလေ။ ငါ့ကြောင့် နင့်ကိုနဂိုကတည်းက အ မြင်မကြည်ဖြစ်နေတဲ့ ဆရာက လူရှေ့သူရှေ့မှာ ဆူပူငေါက်ငမ်းခဲ့တာပေါ့။ ၀န်ထမ်းတွေအားလုံး အရှေ့မှာ ညှိုးညှိုးငယ်ငယ် မျက်နှာလေးနဲ့ ရပ်နေတဲ့ နင့်ပုံစံကို မြင်ယောင်လာတော့ ငါငိုချင်လာတယ် သူငယ်ချင်း ရယ်။ နင် ဘယ်လောက်တောင် အရှက်ရသွားလေမလဲ။ ဘယ်လောက်တောင် ၀မ်းနည်းသွားလိုက်လေမလဲနော်။ ငါမကောင်းဘူး သူငယ်ချင်း။ ငါနင့်အပေါ်မှာ နည်းနည်းလေးမှ မကောင်းခဲ့ပါဘူးဟာ။


-၆-

လက်ထဲမှာ ကိုင်ထားတဲ့ အဖြူရောင် နှင်းဆီပန်းစည်းကို ငုံ့ကြည့်ရင်း ခန်းမထဲကို ၀င်ရကောင်းနိုး မ၀င်ရကောင်းနိုးနဲ့ ကျွန်တော် တွေဝေနေမိတယ်။ ကျွန်တော့်ကိုမြင်ရင် လူတွေ ဘာပြောကြမလဲ။ မသေခင် ကတော့ တန်ဖိုးထားရမှန်းမသိပဲ သေသွားမှ အပိုတွေလာလုပ်ပြနေတဲ့ အလကားကောင်လို့ ပြောကြမလား၊ နှမချင်းမစာမနာ ရည်းစားနှစ်ယောက်ကို တစ်ပြိုင်နက်တွဲပြီး ခုမှ သူ့အပြစ်လွတ်အောင် ဟန်ဆောင်ပြနေပြန် ပြီလို့ အပြစ်တင်ကြမလား။ ဒါမှမဟုတ်လည်း ငြိမ်းခင်ခင် သေရတာ အဲ့ဒီလို သစ္စာမရှိတဲ့ ရည်းစားတစ်ယောက် ကြောင့်ပေါ့ကွာလို့များ သူ့ကို ဝိုင်းစွပ်စွဲနေကြလေမလား။


အေးပေါ့လေ သူတို့စွပ်စွဲမယ်ဆိုရင်လည်း စွပ်စွဲချင်စရာပေါ့။ ကျွန်တော်ကိုယ်တိုင်ကလည်း အကြိမ်ကြိမ် မွေးဖွားလာတတ်တဲ့ အချစ်ရဲ့သဘောတရားကို မလွန်ဆန်နိုင်ပဲ ငြိမ်းနဲ့ လမ်းမခွဲရသေးခင်မှာ နောက်ထပ် ချစ်ရမယ့်သူတစ်ယောက်ကို လက်တွဲခဲ့မိတာကိုး။ ဒါကို ငြိမ်းလည်း ရိပ်မိခဲ့မှာပါ။ ဒါပေမယ့် ငြိမ်းဘက်က ကျွန် တော့်ကို လမ်းခွဲဖို့စကား တစ်ခွန်းမှ မဟခဲ့သလို ကျွန်တော့်ဘက်ကလည်း လမ်းခွဲဖို့ကိစ္စကို ပြောမယ်ကြံ တိုင်း ငြိမ်းကို အားနာတာလိုလို၊ သနားတာလိုလိုနဲ့ ဖွင့်မပြောဖြစ်ခဲ့ဘူး။ ဒီလိုနဲ့ပဲ ကျွန်တော်နဲ့ငြိမ်းရဲ့ ဇာတ် လမ်းက ဇာတ်မျောကြီးတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။ အဲ့ဒီနေ့ကတော့ ဘယ်လိုကဘယ်လို ပြောဖြစ် သွားတယ် မသိပဲ ကျွန်တော် ငြိမ်းကို လမ်းခွဲစကား ပြောဖြစ်သွားတယ်။


“ငြိမ်းကို မောင်လာတွေ့တာ ဒါနောက်ဆုံးပဲ၊ မောင်နဲ့ငြိမ်း လမ်းခွဲကြရအောင်” လို့ ကျွန်တော်က ပြောတော့ ငြိမ်း အကြာကြီး ငြိမ်နေခဲ့တယ်။ ငိုတော့မငိုပါဘူး။ မငိုဆို ကျွန်တော့်ကြောင့် ငိုရပေါင်းများလွန်း လို့ ငြိမ်းရဲ့မျက်ရည်တွေလဲ ခမ်းသွားခဲ့ပြီနဲ့တူပါတယ်။


နောက်နေ့မှာတော့ ငြိမ်းတို့ရုံးက ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကို ဖုန်းဆက်လာတယ်။ ငြိမ်း သေပြီတဲ့။ အံ့သြလွန်းလို့ ကျွန်တော် တစ်နေ့လုံး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိအောင်ပါပဲ။ ငြိမ်းရယ် ဒီ လောက်လေးနဲ့များ ကိုယ့်ကိုကိုယ် သတ်သေရသတဲ့လားကွာ။ ဘယ်လိုလုပ်မလဲ။ ခုတော့ ကျွန်တော့်စကား တစ်ခွန်းကြောင့် ကျွန်တော် တစ်ချိန်က ချစ်ခဲ့ဖူးတဲ့ မိန်းခလေးတစ်ယောက် သေသွားရပြီ။ ခွင့်လွှတ်ပါ ငြိမ်း ရယ်။ ငြိမ်း ကိုယ့်ကိုကိုယ် သတ်သေချင်လောက်တဲ့အထိ ခံစားသွားရမယ် မထင်လို့ မောင် ပြောလိုက်မိတာ ပါ။ မောင့်ကို ခွင့်လွှတ်ပါ ငြိမ်းရယ်…။


-၇-

ရုတ်တရက်.. ဘေးခုံမှာ ၀င်ထိုင်လိုက်တဲ့ မိန်းခလေးတစ်အုပ်ကြောင့် ကျွန်မ ထိတ်ခနဲ လန့်သွားရ တယ်။ အင်း…ရီစရာတော့ ကောင်းသားနော်။ လူ့ဘ၀မှာတုန်းက ဝိဥာဉ်ဆိုတဲ့အသံကြားရုံနဲ့ ဒူးတုန်အောင် ကြောက်တတ်တဲ့ ကျွန်မက ခု ဝိဥာဉ်ဘ၀မှာကျတော့ လူတွေကို ပြန်လန့်နေပြန်သတဲ့။ ဝိဥာဉ်တွေ မ ကြောက်တတ်ဘူးလို့ ဘယ်သူကပြောသလဲ။ ကိုယ့်အဖြစ်ကိုယ် သဘောကျပြီး ကျွန်မ ဟက်ဟက်ပက်ပက် ရယ်မိသွားတယ်။ ကျွန်မလား….ဟင့်အင်း…..ကျွန်မ ကိုယ့်ဘာသာကိုယ် သတ်သေတာ မဟုတ်ပါဘူး။


ဒီ လောက် ကြောက်တတ်တဲ့ ကျွန်မက ဘယ်လိုလုပ် ကိုယ့်ကိုကိုယ် သတ်သေရဲမှာတဲ့လဲ။ ဖြစ်ပုံက ဒီလိုပါ။

အခု ကျွန်မ ဌားနေတဲ့အခန်းက ခုနှစ်ထပ်တိုက်ရဲ့ တိုက်ခေါင်မိုးပေါ်မှာ သီးသန့်ဖွဲ့ထားတဲ့အခန်း။ ပြောရရင် ၈ထပ်မှာပေါ့။ အခန်းက တိုက်ရဲ့ဘယ်ဘက်အခြမ်းမှာပဲ ဖွဲ့ထားပြီး ညာဘက်အခြမ်းမှာရှိတဲ့ ကွက် လပ်ကလေးကို ခါးစောင်းသာသာရှိတဲ့ ၀ရံတာနိမ့်နိမ့်လေးတစ်ခုနဲ့ ကာထားတယ်။ အဲ့ဒီ လွတ်နေတဲ့ ကွက် လပ်လေးနဲ့ ၀ရံတာတစ်လျှောက်မှာ ပန်းစိုက်ဝါသနာပါတဲ့ ကျွန်မက ပန်းမျိုးစုံကို အိုးတွေနဲ့ ထည့်ပြီး အတန်း လိုက် စိုက်ပျိုးထားတယ်။ ရုံးကပြန်ရောက်လာရင် ရေချိုးထမင်းစားပြီးတာနဲ့ ကိုယ့်အပင်တွေကပွင့်တဲ့ ပန်း လေးတွေကို ကြည့်ပြီး ကျွန်မ အပန်းဖြေလေ့ရှိတယ်။ အဲ့ဒီညနေကတော့ ထုံးစံအတိုင်း ၀ရံတာနားမှာ စိုက် ထားတဲ့ နှင်းဆီအနီတွေ မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်နေတာ ကြည့်နေရင်း ကျွန်မလက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းက ၀ရံတာ အပြင်ဘက်က အုတ်အစွန်းလေးပေါ်ကို အမှတ်တမဲ့ ပြုတ်ကျသွားတယ်။ အရင်ကလည်း ဒါမျိုး တစ်ခါ နှစ်ခါ ဖြစ်ခဲ့ဖူးတော့ ကျွန်မလည်း ထွေထွေထူးထူး စဉ်းစားမနေပဲ ကိုယ်ကိုကိုင်းပြီး ဖုန်းကို ပြန်ကောက်လိုက် တယ်။


ဖုန်းကို အလွယ်တကူပဲ ပြန်ကောက်လို့ရပါတယ်။ ဒါပေမယ့် ဖုန်းကို ကောက်ပြီး ကိုင်းထားတဲ့ကိုယ် ကို ပြန်အမတ်မှာ ကျွန်မကိုယ်က အရှေ့ဘက်ကို အားလွန်သွားပြီး ရုတ်တရက် ဆိုသလိုပဲ ၈ ထပ်ကနေ ကျွန်မ ပြုတ်ကျသွားခဲ့တယ်။ အေးခနဲဖြစ်သွားတဲ့ စိတ်ခံစားချက်နဲ့ တပြိုင်နက်လိုလိုမှာပဲ အရှေ့ဘက်တိုက် ကလူရဲ့ “ဟာ ဟိုမှာ ကောင်မလေးတစ်ယောက် တိုက်ပေါ်က ခုန်ချသွားပြီဟေ့” ဆိုတဲ့ အသံက ကျွန်မရဲ့ အကြားအာရုံထဲကို နောက်ဆုံးအနေနဲ့ တိုး၀င်လာခဲ့တယ်။


ဘာကြောင့်လဲ။ သူက ဘာကြောင့် ကျွန်မ ကိုယ့်ဘာသာကိုယ် ခုန်ချသွားတယ်လို့ ထင်ရတာတဲ့လဲ။ ဒါက သူ့အတွေးဆိုတော့ ကျွန်မလည်း မမှန်းဆတတ်ဘူးလေ။ ခက်တာက သူထင်သလို ကျွန်မ ကိုယ့်ဘာသာ ကိုယ် ခုန်ချတာ မဟုတ်တဲ့အကြောင်း သူ့ကို သွားရှင်းပြဖို့ဆိုတာကလည်း…


-၈-

“ကဲကဲ..မိသားစုတွေအားလုံး စုံပြီလား။ မီးသင်္ဂြိုဟ်ဖို့ အချိန်ကျပြီ။ အလောင်းသယ်မယ်။ ဓာတ်ပုံနဲ့ ပန်းခြင်းကို ကိုင်မယ့်လူတွေ ရှေ့ကိုထွက်ခဲ့ပါ”


မီးသင်္ဂြိုဟ်စက်က တာ၀န်ရှိသူတစ်ဦးကလာပြီး အသိပေးတော့ အမေနဲ့အစ်မက ဓာတ်ပုံနဲ့ပန်းခြင်း ကိုင်ပြီး ရှေ့ကလျှောက်တယ်။ ကျွန်မအလောင်းကိုတော့ မီးသင်္ဂြိုဟ်စက်က အလုပ်သမားအချို့နဲ့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်အချို့က ခေါင်းတင်တဲ့ ထရော်လီပေါ် တင်ပြီး နောက်က လိုက်တယ်။ အဲ့ဒီနောက်ကတော့ အသုဘရှု့လာတဲ့ လူတန်းပေါ့။ မီးသင်္ဂြိုဟ်စက်ရှိရာကို လူတွေအားလုံး လျှောက်လှမ်းသွားချိန်မှာ သူတို့အား လုံးနဲ့ ဆန့်ကျင်ဘက်အရပ်ကို ကျွန်မ လျှောက်သွားလိုက်တယ်။ နောက်တော့ ခပ်လှမ်းလှမ်းက ကုက္ကိုပင် တစ်ခုအောက်မှာ ရပ်တန့်ရင်း မီးခိုးခေါင်းတိုင်က ထွက်လာမယ့် အခိုးအငွေ့တွေကို နောက်ဆုံးအနေ နဲ့ စောင့် ကြည့်နေ မိတယ်။


အဲ့ဒီ အခိုက်အတန့်လေးမှာပဲ တဝေါဝေါတဝုန်းဝုန်း အော်သံပေးရင်း စိတ်ရှိလက်ရှိ ရွာချလိုက်တဲ့မိုးကြောင့် မီးခိုးခေါင်းတိုင်က ထွက်လာတဲ့ မီးခိုးငွေ့တွေဟာ မိုးရေတွေအောက်မှာ မှုန်ဝါး ပျောက်ကွယ်သွားလိုက်တာ ကျွန်မကိုယ်ကထွက်လာတဲ့ အခိုးအငွေ့တွေကိုတောင် ကျွန်မ မြင်ခွင့်မရလိုက် တဲ့ အထိပါပဲ။


ဒါပါပဲ…ဒါပါပဲလေ။ နောက်ဆုံးတော့…အရာအားလုံးဟာ ဟောဒီ့ မီးခိုးငွေ့တွေလို သဲသဲကွဲကွဲ မြင် ခွင့် မရသေးခင်လေးမှာပဲ သို့လော..သို့လောဆိုတဲ့ အတွေးတွေနဲ့ အားလုံး မှုန်ဝါးပျောက်ကွယ်သွားကြရ တာပါပဲလေ။


#မေအလင်းရောင်

Post a Comment

0 Comments