ဝတ္ထုတို အမည် - မေ့ မရသည်သာ
စာရေးသူ - အဏ္ဏဝါစိုးမိုး
-------------------------------------------------
❝ မေ့ မရသည်သာ ❞
ကိုအဏ္ဏဝါ သည် ခါးသီး နာကျည်းစရာ ကောင်းသည့် သူ့ အတိတ်ကာလ ကို မေ့ပစ်နိုင်ရန် ( သို့မဟုတ် ) ဖုံးကွယ်ရန် အသည်းအသန် ကြိုးစားနေလေသည် ။ အတိတ် ပတ်ဝန်းကျင် နှင့် ဝေးရာ အရပ်တွင် အိုးသစ်အိမ်သစ် တည်ထောင် အခြေချ၍ စတိုင်ကျကျ နေရန်အတွက် သူ့ အကြောင်း ကို မသိနိုင်သူများ နေထိုင်ရာ ရပ်ကွက် တစ်ခု ၏ လမ်းမကြီးပေါ်မှ နှစ်ထပ် တိုက်ခံအိမ် တစ်လုံးကို ဝယ်ယူလိုက်သည် ။
၁၉၈၃ - ခုနှစ် တိုယိုတာ ဟိုက်လက် တစ်စီး ရောင်းပါမှ တစ်သိန်းလေးသောင်း ခန့် ရသောအချိန်တွင် ကိုအဏ္ဏဝါ သည် တစ်သိန်းခွဲတန် အိမ်ကြီး ကို ဝယ်လိုက်သည် ။ အိမ်ပေါ် အိမ်အောက် သန့်ရှင်းရေး လုပ်ရန် နှင့် ရေဆေးချရန် အတွက် ထိုရပ်ကွက်ထဲမှ ဆင်းရဲ နွမ်းပါးသည့် လူငယ်လေး နှစ်ယောက် ကို ငွေတစ်ရာ ပေး၍ ငှားရမ်းထားသည် ။ကိုအဏ္ဏဝါ သည် အိမ်ရှေ့ ဗာဒံပင် အရိပ်တွင် ရပ်ထားသော ပတ်ပလက်ကာ ကားသစ်ကလေး ဘေး က ပက်လက် ကုလားထိုင် တွင် ထိုင်ပြီး အိမ်ကြီးရှင်မ မဖြူတုတ် ကိုယ်တိုင် ဦးဆောင် ညွှန်ကြားနေသော သန့်ရှင်းရေး လုပ်သားများကို စောင့်ကြည့်နေသည် ။
“ ကောင်လေးတွေ ကောင်းကောင်း လုပ်နော် ၊ ငါ ကြိုက်ရင် နောက်ထပ် ငါးဆယ် ပေးဦးမယ်ကွ ”
ဖဆပလခေတ် သွင်းကုန် လိုင်စင်ရ သူဌေးက ဘုတ်ကလပ်က ဘွိုင်ကုလား ကို ပြောသည့် လေသံမျိုးဖြင့် အော်ပြောလိုက်သည် ။ လူငယ်လေး နှစ်ယောက်တို့ ကြိုးစား ပန်းစား အားကြိုး မာန်တက် အလုပ် လုပ်ကြသည် ။
ကိုအဏ္ဏဝါ ကျေနပ်သွားသည် ။ ကုလားထိုင်ပေါ်တွင် နောက်လှန် အိပ်ချလိုက်ပြီး မာဘိုရို စီးကရက် တစ်လိပ်ကို မီးညှိဖွာရှိုက်လိုက်သည် ။ သူ ဖုံးကွယ်ရန် ကြိုးစားနေသည့် သူ့ အတိတ်ဘဝ ပုံရိပ်တွေက စီးကရက် မီးခိုးငွေ့များ အကြားမှာ ရုပ်ရှင်ပိတ်ကား တစ်ခုသဖွယ် ပေါ်လာသည် ။
၁၉၇၅ - ခုနှစ်တွင် ရေတပ်သား ဘဝမှ အငြိမ်းစား ယူလိုက်သော အခါ ပင်စင် လစာငွေလေး တစ်ရာကျော် ဖြင့် မိသားစု ငါးယောက် မစားလောက်၍ ဘာ လုပ်ရမှန်းမသိ ဖြစ်နေစဉ် ခင်မင်သူများက အကြံအမျိုးမျိုး ပေးကြသည် ။ ပွဲရုံ က အာလူး ကို ယူ ရောင်းကြည့်ပါလား ၊ တစ်ခြင်း မှာ တစ်ဆယ်လောက် မြတ်တယ် ။ ငရုတ်သီး ယူရောင်းကြည့်ပါလား ၊ တစ်အိတ်မှာ တစ်ဆယ် ၊ ဆယ့်ငါးကျပ်တော့ ကျန်တယ် ။ ရွေးကျ အပယ်ခံ ငါးခြောက် ကလေးတွေ ရောင်းကြည့်ပါလား ၊ တစ်ပိဿာမှာ သုံးကျပ်ခွဲ လေးကျပ် တောင် မြတ်တယ် ၊ စသည်ဖြင့် အကြံဉာဏ်သာ ပေးကြသည် ။အရင်းအနှီးတော့ ဘယ်သူမှ ထုတ်မပေးကြ ။
အရင်းအနှီး မရှိလို့ ဘာမှ မလုပ်နိုင်တော့ ကိုအဏ္ဏဝါ စိတ်ညစ်သည် ။ စိတ်ညစ်တော့ မဖြူတုတ် အမေ ပေးလိုက်သည့် ရွှေတိုငွေစလေးတွေကို ရောင်းချပြီး အရက်သောက်သည် ၊ အရက်ဆိုင် က အမြည်းရောင်းသည့် ဒေါ်တူး က အကြံပေးသည် ။ ပွဲရုံ နဲ့ ဈေးကြီးတွေ က လွှင့်ပစ်ထားတဲ့ အာလူး ပုပ် တွေ ကို အမှိုက်ပုံတွေမှာ လိုက်ကောက်ပြီး ကောင်းတဲ့ နေရာ လေးတွေ လှီးယူ ၊ ပါးပါးလှီး ၊ ဆားလေးနဲ့ လူးပြီး ကြော် ၊ ပလတ်စတစ် အိတ်ကလေးထဲ ထည့်ပိတ်ပြီး တို့ အမြည်းဆိုင်တွေ နဲ့ ကွမ်းယာဆိုင်တွေ ကို လိုက်သွင်းပါလား တဲ့ ။
အရက်ဆိုင် က မိတ်ကောင်းဆွေကောင်း ဒေါ်တူး အကြံပေးသည့် စီးပွားရေးလုပ်ငန်း ကို အကောင်အထည် ဖော်ကြည့်တော့ အတော် ဟန်တာ တွေ့ရသည် ။ အာလူး က အလကား ရတော့ ဆီ ၊ ဆား နှင့် ပလတ်စတစ် အိတ် ဖိုး အပါအဝင် တစ်ထုပ် မှ ဆယ့်ငါးပြား ခန့်သာ အရင်း ရှိသည် ။ တစ်ထုပ် တစ်မတ် သွင်းရသဖြင့် ကိုယ့် အတွက် ဆယ်ပြား ကျန်သည် ။ တစ်နေ့ကို အထုပ်ပေါင်း တစ်ရာ့ငါးဆယ် နှစ်ရာခန့် ပို့ပေးနေရသဖြင့် ကိုအဏ္ဏဝါ စိတ်ဓာတ်တွေ အရမ်းတက်ကြွသွားသည် ။ လုပ်ငန်းအဆင့်မြှင့်သည့် အနေဖြင့် ( အဏ္ဏဝါ မိသားစု စားသောက်ကုန်လုပ်ငန်း ) တံဆိပ်တုံး တစ်ခုကို တစ်ဆယ် ပေး၍ ဆူးလေးဘုရား အနီးမှာ အပြေးအလွှား လုပ်ခိုင်းသည် ။
တံဆိပ်တုံး လည်း လုပ်ပြီးရော ကိုအဏ္ဏဝါ အာလူးပုပ် လာ လာ ကောက်တာ မြင်တဲ့ ပွဲရုံ နှင့် ဈေးတွေ က အာလူးပုပ်တွေ ကို အမှိုက်ပုံ မှာ မပစ်တော့ပဲ ခြင်းကြီး နဲ့ ထည့်ပြီး ဆိုင်ရှေ့ မှာ ချထားသည် ။ ခရစ်ယာန်သင်္ချိုင်းတိုင်လေး နှင့် တူသော တုတ်တိုင်လေးနှင့် ကတ်ထူပြားလေး မှာ စာ ရေးထားသည် ။ ( ရောင်းရန် ) တဲ့ ။ အမှိုက်ပုံ က လှည့် ပြန်ခဲ့ရသည့် နေ့မှာပဲ အဏ္ဏဝါ စားသောက်ကုန် လုပ်ငန်းကြီး ဖျက်သိမ်းလိုက်ရတော့သည် ။
အာလူးပုပ် နဲ့ အဆင်မပြေတော့ အာလူးအကောင်းဘက် လှည့်ကြည့်သည် ။ တစ်ခြင်း ကုန်လျှင် တစ်ဆယ်ခန့် ကျန်သည် မှန်သော်လည်း လမ်းမတော် ပွဲရုံ မှ သာကေတ သို့ သယ်ယူရသည့် စရိတ်က ရှိလေတော့ ကိုယ့်အတွက် မကျန် ။ ဒီတော့ ကိုအဏ္ဏဝါ အကြံအဖန် လုပ်သည် ။ အာလူးခြင်း ကို ပခုံးမှာ ထမ်းပြီး လမ်းမတော် မှ သာကေတ အထိ ဘတ်စ်ကား ကို တွယ်စီးသည် ။ တစ်လလောက် သာ ရောင်းလိုက်ရသည် ။ ၇ - ရပ်ကွက်ဈေး အပြင်တန်းက နေပူထဲမှာ ထိုင်ရောင်းရသည့် သူ့ မယား မဖြူတုတ် လည်း မမည်းပိန် ဖြစ်လာသည် ။ ကိုအဏ္ဏဝါ လည်း လေးဖက်ခွာနာ ကျပြီး မလှုပ်နိုင်တော့သဖြင့် လုံးဝ အနားယူလိုက်ရလေတော့သည် ။
ကျန်းမာလာ၍ ပြန်လည် လှုပ်ရှားနိုင်သောအခါ ပွဲရုံ က ငရုတ်သီးခြောက် ကို ယူပြီး ရောင်းကြည့်ဦးမည် ဟု စိတ်ကူးမိသည် ။ သို့သော် အရင်းအနှီး က မရှိ ၊ လမ်းမတော် ပွဲရုံက မိတ်ဆွေကြီး ဦးဟုတ်စွမ် ထံ သွား၍ ငရုတ်သီးခြောက် တစ်အိတ် အကြွေးရောင်းပါရန် မေတ္တာရပ်ခံရသည် ။ အာလူး ယူရောင်းစဉ်က အငြိအစွန်း အတင်အကျန် မရှိ၍ ယုံကြည်လို့ပဲလား ၊ သနားလို့ပဲလား မသိ အကြွေး ပေးလိုက်ပါသည် ။
ငရုတ်သီးခြောက် အိတ် က ကြီးတော့ အာလူးခြင်း တုန်း ကလို ပခုံးမှာ ထမ်း ပြီး ကား တွယ်စီး၍ မဖြစ်နိုင်သဖြင့် သာကေတ ဘတ်စ်ကားများ ဂိတ်ထိုးရာ ၁၄ - လမ်းထိပ် သို့ ငရုတ်သီးအိတ်ကြီး ကို ရွက်ယူသွားရပါသည် ။ ဂိတ်ထွက်မည့် ကား က ယာဉ်မောင်းဆရာ နှင့် လက်မှတ်ရောင်း ရဲဘော် တို့ကို မျက်နှာ ချို သွေးပြီး အိတ် တစ်ကျပ် လူ တစ်ကျပ် ပေး၍ နေရာ ယူထားလိုက်သည် ။ အတော် စိတ်အေးသွားရပြီ ဖြစ်သည် ။
ငရုတ်သီး အိတ် က ကား ငြိမ်နေတုန်းကတော့ ဘာမှ မဖြစ် ၊ ကားလည်း စထွက်ရော အနံ့ ထွက်လာပြီး မွှန်တော့သည် ။ ခရီးသည် တစ်ဦးစ နှစ်ဦးစ ဟတ်ရိုး ဘုရားတ , ကြသည် ။ မဟာဗန္ဓုလ လမ်းပေါ် စတက်ပြီး ငါးမိနစ်ခန့် အကြာတွင် ချိုင့်ခွက် နင်းမိ၍ နှစ်ချက်လောက်သာ ဆောင့်လိုက်ရသည် ။ ကားပေါ်ပါ ခရီးသည်အားလုံး ငရုတ်သီးခြောက် ကတိုးနှာကြောင့် တန်ခိုးဖြာ ကုန် ကြတော့သည် ။ ဒရိုင်ဘာပါ အဆက်မပြတ် ဟတ်ချိုးနေသဖြင့် ကြာလျှင် ယာဉ်တိုက်မှု ဖြစ်တော့မည် ။
“ ကဲ ရဲဘော်ကြီး ခင်ဗျားပိုက်ဆံ နှစ်ကျပ် ပြန်ယူပြီး ဆင်းတော့ ”
မောင်းချခံရပြီ ဖြစ်၍ ၁၆ - လမ်းထိပ် မှာ ငရုတ်သီးအိတ်ရော လူပါ ကားပေါ် မှ ဆင်းပြီး သုံးဘီးကား ခေါ်ရတော့သည် ။ သာကေတ ဆိုတော့ ဆယ့်ငါးကျပ် ယူပါရန် တောင်းတောင်းပန်ပန် လိုက် ပို့ခိုင်းရသည် ။ ဦးဟုတ်စွမ် ကို ငရုတ်သီးကြွေး ဆပ်နိုင်ရန် အတွက် မဖြူတုတ် နေပူထဲ မှာ သုံးရက်လောက် ထိုင်လိုက်သောအခါ အရင်းနီးပါး ပြန်ရသည် ။ နေပူထဲမှာ ထိုင် ရောင်းရတော့ ငရုတ်သီး က လျှော့ သွားသည် ။ အမြတ်ကတော့ သုံးဘီးကားဆရာ ကို ပေးလိုက်ရသည် ။
အဲဒီမှာတင်ပဲ ငရုတ်သီးခြောက် ဇာတ်လမ်း တစ်ခန်း ရပ်ပြီး ကိုအဏ္ဏဝါ လည်း စီးပွားရေး အကြံပေးများ ရှိရာ အရက်ဆိုင် သို့ ပြန်ရောက် သွားလေတော့သည် ။
အရက်ဆိုင် မှာ အမဲအူပြုတ် ၊ အမဲအူသုပ် ရောင်းသော မိတ်ဆွေကြီး ၏ ပြောပြချက်က အားရစရာ ကောင်းလှသည် ။ အမဲအူ တစ်ပိဿာ ငါးဆယ် ဆိုလျှင် ကိုယ့်အတွက် တစ်ဆယ် ခန့် ကျန်သည် ဟု ဆိုသည် ။ ဆီ ၊ ဆား ၊ ကြက်သွန် ၊ အိမ်စား အတွက် သီးခြား ဝယ်စရာ မလိုတော့ပဲ လုပ်ငန်းထဲ ကပင် နှိုက်စား ၍ ရသည် ။ အမဲအူ ကို ဈေးထဲက ကုလားကြီး ဆီ မှာ မဝယ်ပဲ မအူကုန်း အမဲဈေးမှာ တိုက်ရိုက် သွားဝယ်ပါက ဈေး သက်သာသည့်အပြင် ပိုပိုသာသာလည်း ရသည် ။ လွှင့်ပစ်ထားသည့် အကြော ၊ အရွတ်ကလေးတွေလည်း ကောက်ယူလာလို့ ရသေးသည် ဟု အကြံပေး ပါသည် ။
ကိုအဏ္ဏဝါ စိတ်ဓာတ်တွေ တအား တက်သွားပြန်သည် ။ နောက်ဆုံးအဖြစ် ကျန်ရှိနေသေးသော မဖြူတုတ် ၏ နား နှစ်ဘက် မှ အရောင် တလက်လက် ထွက်၍ မျက်စ ပစ်ပြနေတာလေးတွေ ကို ဖြုတ် ယူပြီး ရောင်း လိုက်သည် ။ ရသည့် ပိုက်ဆံဖြင့် အိမ်ရိုက်သံ နှင့် လေလံ ကျွန်း ထင်းအစ အနုလေးတွေ ဝယ်ပြီး ဈေးခုံလေး ရိုက်သည် ။ အစစ ပြင်ဆင်ပြီးသောအခါ ( အဏ္ဏဝါ အမဲအူပြုတ် ) ဆိုင်းဘုတ် ကို သုံးထပ်သားပြား ပေါ်မှာ ကိုယ့် ဟာ ကိုယ် ရေးပြီး ၇ - ဈေး ထောင့် က ညောင်ပင်အောက် မှာ ဆိုင် စထွက် သည် ။
ပထမနေ့ က ကိုအဏ္ဏဝါ တစ်နေကုန် ထိုင်သည် ။ ဈေးဦးတောင် မပေါက် ။ ညနေ အလုပ်မှ ပြန်လာသော ဆိပ်ကမ်းလုပ်သား ကြိုပို့ ဖယ်ရီ ကားကြီးပေါ်က သောက်ဖော် စားဖက်တွေ က အော်ဟစ်နှုတ်ဆက်သွား ကြသည် ။
“ ရဲဘော်ကြီး ရောင်းအား ကောင်းတယ် ထင်တယ် ... လက်တောင် မလည်ဘူး ယင်မောင်း နေရလို့ ” တဲ့ ။
ညနေစောင်း မှာ မဖြူတုတ် သနပ်ခါး လိမ်းပြီး လာထိုင်တော့မှ ဈေးဦး ပေါက်တော့သည် ။
ကိုအဏ္ဏဝါ နှင့် မဖြူတုတ် တို့ ၇ - ရပ်ကွက် ဈေးထောင့်က လမ်းဘေး ညောင်ပင်အောက်မှာ အမဲအူပြတ် ရောင်းနေရပြီ ဆိုသည့်သတင်းကို ကြားသွားကြသည့် မြို့နယ် အာဏာပိုင် အဖွဲ့ အစည်း အသီးသီးမှ ကိုအဏ္ဏဝါ ၏ အပေါင်းအသင်းတွေ လာရောက် အားပေးကြသည် ။ စားပြီး ပိုက်ဆံ ပေးတော့ မဖြူတုတ် က အားနာပြီး မယူ ၊ ( ရပါတယ် ဆရာရယ် မပေးပါနဲ့ ၊ နေပါစေ အစ်ကိုရယ် ရပါတယ် ) ဆိုတော့ အမြတ်ထဲက ပါပြန်ရော ။ ဒီကြားထဲ ကိုအဏ္ဏဝါ က အရက်ဖိုး နှိုက် ၊ ညနေစောင်း ရောင်းကောင်းချိန် ၊ လူကျချိန် မှာ ကိုအဏ္ဏဝါ က မူးပြီး ရောက်လာ ၊ ပါးစပ် က တွေ့ကရာ ပြော ၊ မြင်သမျှ လူတွေကို လိုက်နှုတ်ဆက် ၊ မဖြူတုတ် စိတ်ညစ်သည် ။ အရက်သမား တို့ ထုံးစံအတိုင်း အရက် နံ့ မနံအောင် ဝါးလာသော ကွမ်းတံတွေးတွေ က မဖြူတုတ် ဝယ်ယူ ဆင်မြန်းပေးထားသည့် ပါကစ္စတန် လေဘေးအဟောင်းထည် စပို့ရှပ်ပေါ်မှာ စီးကျ စွန်းထင်းနေသည် သာမက လူ ကပါ ဦးလည်ဆံကျိုး ဖြစ်နေ၍ မဖြူတုတ် ရှက်သည် ။
“ ရှင် မလာ... အိမ်မှာ နေပါ ” လို့ပြောတော့ “ နင့်ကို ကူဖို့ လာတာပါကွာ ... ” တဲ့ ။ ကူဖို့လာတဲ့ လူ က ရပ်လို့ မမြဲ ၊ ယိုင်တိယိုင်တိုင် ဖြစ်နေ၍ မြေပေါ်မှာ ထိုင်ချပြီး ညောင်ပင် ကို မှီနေရသည် ။
၇ - ဈေး လေဟာပြင် ကွက်လပ်ကြီးမှာ ညဈေး ချပေးတော့ မြို့နယ်က အပေါင်းအသင်းတွေ ကျေးဇူးကြောင့် မဖြူတုတ် နာမည် ဖြင့် စားသောက်ဆိုင်တန်းမှာ ဆိုင်ခန်း တစ်နေရာ ရသည် ။ အမဲအူပြုတ် ၊ အမဲအူသုပ် သာမက ကြာဇံဟင်းခါးနှင့် ခေါက်ဆွဲသုပ် ပါ တိုးချဲ့ လိုက်သည် ။ ဆိုင်ချင်းယှဉ် ကပ်နေသော ဦးပြုံးချို လက်ဖက်ရည်ဆိုင် ၏ အရှိန်အဝါ နှင့် ပရိသတ် အင်အားကြောင့် မဖြူတုတ် ၏ အမဲအူပြုတ် ခေါက်ဆွဲသုပ် ပါ ရောယောင်ပြီး ရောင်းကောင်းနေ တော့သည် ။ လက်ဖက်ရည်ဆိုင် ထိုင်နေသူများက လက်ခုပ်ရိုက်၍ လက်ညှိုး ထောင်ပြလိုက်လျှင် မဖြူတုတ် ကိုယ်တိုင် သွားပို့သည့်အခါ ၊ လက်ဖက်ရည်ဆိုင် လုပ်သား ကောင်လေးတွေ က လာယူသည့်အခါ ယူဖြင့် အလုပ် ဖြစ်နေသည် ။
မဖြူတုတ် စိတ်ဓာတ်တွေ တက်ကြွပြီး အသားအရည်တောင် စိုစိုပြည်ပြည် ပြန်ဖြစ်လာသည် ။ သူ့ ကို ရုပ်ရှင်မင်းသမီး ချိုပြုံး နှင့် တူသည် ဟု မြှောက်ပင့်ပေးပြီး အရည် ပိုတောင်းလိုက် ၊ အဖတ် ပိုတောင်းလိုက် လုပ်နေသော နတ်ကတော် မိန်းမလျာတွေ စကားကို ယုံပြီး ( ဒေါ်ချိုပြုံး အမဲအူပြုတ် ၊ ခေါက်ဆွဲသုပ် ) ဟု ဆိုင်းဘုတ် ရေးပြီး ချိတ်သည် ။ မူလ လက်ဟောင်း အဏ္ဏဝါ ဆိုင်းဘုတ်ကတော့ ညောင်ပင် အောက် က ဆိုက္ကားဆရာများ အတွက် ကျားကွက် ဖြစ်သွားလေပြီ ၊ ဒီတော့မှ ဦးပြုံးချို လက်ဖက်ရည် နှင့် ဒေါ်ချိုပြုံး အမဲအူပြုတ် တို့ လိုက်ဖက် ညီ သွားလေတော့သည် ။
ရာထူး ချ ခံလိုက်ရသော ကိုအဏ္ဏဝါကတော့ ညနေ စောင်းလျှင် အရက် သောက်သည် ။ မူးမူးဖြင့် စောစော အိပ်သည် ။ မိုးမလင်းမီ ထပြီး အမဲဈေး ကို ပြေးသည် ။ အမဲဈေး က ပြန်ရောက်သည် နှင့် ဖျင်သင် ဆေးကြောပြီး တစ်နေကုန်အောင် အမဲအူပြုတ်သည် ။ ညနေ စောင်း၍ မဖြူတုတ် ကို ဈေးလိုက်ပို့ပြီးသည်နှင့် အရက်ဆိုင် သွားသောက်ဖြင့် သံသရာ လည် နေတော့သည် ။
တစ်နေ့ အမဲအူ ပြတ်နေစဉ် ရေတပ်ထွက် သူငယ်ချင်း တစ်ယောက် ရောက်လာပြီး ကိုအဏ္ဏဝါ ကို ပစ်ဟောက်ပါလေတော့သည် ။
“ ဟေ့ကောင်.. မင်း ဘာမှ မသိဘူး မဟုတ်လား ၊ ဘယ်သိမလဲ သောက်လုပ် မဟုတ်တဲ့ အမဲအူ ပဲ ပြုတ်နေတာပဲ ။ သင်္ဘောသား ရုံးဘက်လည်း လာစမ်းပါဦး ၊ တန်းစီဇယား တို့ အလှည့် ရောက်နေပြီ ။ မနက်ဖြန် လူရွေးပွဲ ရှိတယ် ။ သင်္ဘော ဆယ်စီးစာ လူငါးဆယ်လောက် ယူမှာတဲ့ ”
အဲဒီလိုနဲ့ပဲ နောက်တစ်နေ့ နေ့လည် ဟု ဆိုအပ်သော ကောဇာသက္ကရာဇ် ၁၃၄၂ - ခုနှစ် ၊ နှောင်းတန်ခူးလဆန်း ( ၅ ) ရက် အင်္ဂါနေ့ ပြိဿရာသီ ၏ စက်နာရီ တစ်ချက်တီး အချိန်တွင် ကိုအဏ္ဏဝါ ၏ ဇာတာခွင်ဝယ် သောကြာဂြိုဟ် ၏ အရှင် ပူးမင်း သခင်သည် လေးနှစ်ခန့် ဝင်ရောက်မွေ့ပျော် စံနေတော်မူသော ကာလ ၊ သူရိယ ရာဇာ ဒေါင်းမင်းကြီးသည် အနောက် ဂေါယာကျွန်း သို့ ကျွမ်းထိုးပြီး အကျတွင် သာကေတ က အမဲအူပြုတ်သည် တစ်ယောက် ၏ ဇာတာစန်းလဂ် ဆောင့် အတက်နှင့် ကြုံသဖြင့် အမဲအူပြုတ်သည် ကိုအဏ္ဏဝါ သည် မြန်မာနိုင်ငံ ၏ စူပါစတား သင်္ဘောသား ဖြစ်သွားလေသတည်း ။
ကိုအဏ္ဏဝါ သည် ခါးသီး နာကျည်းစရာ ကောင်းသည့် သူ့ဘဝ အတိတ်ကာလ၏ အရိပ်မည်းကြီးကို ဖျက်ဆီး ချေမှုန်းပစ်သည့် သဘောဖြင့် ပါးစပ်ထဲမှာ ငုံထားဆဲဖြစ်သော စီးကရက် မီးခိုးများကို လွင့်ပါး ပျောက်ပြယ်သွားအောင် တအား မှုတ်ထုတ်ပစ်လိုက်သည် ။ လက် ထဲက စီးကရက် အတို ကိုလည်း မြေကြီးပေါ် ပစ်ချပြီး နင်းချေ ငြိမ်းသတ်ပစ် လိုက်သည် ။
“ မဖြူရေ ... ခဏ နားကြဦးကွာ ၊ ကောင်လေးတွေလည်း ဆာလှရော့မယ်... ဒီ အနီးအနားမှာ လက်ဖက်ရည်ဆိုင် မရှိဘူးလားဟေ့ ”
ကိုအဏ္ဏဝါ က သန့်ရှင်းရေး လုပ်သားလေး နှစ်ယောက် ကို လက်ဖက်ရည် တိုက်လို၍ မေးလိုက်သည် ။
“ ဟိုထောင့်က ကက်ဆက် ဖွင့်နေတဲ့ အိမ်ဟာ လက်ဖက်ရည် ဆိုင်ပေါ့ ဦးလေး ရ ”
ဟုတ်ပေသားပဲ ။ ကိုအဏ္ဏဝါ ဝယ်ထားသည့် အိမ် နှင့် သုံးအိမ် သာ ခြားသည့် လမ်းထောင့်အိမ် မှာ ဆိုင်းဘုတ် တင်မထားသော်လည်း လူစည်ကားသည့် လက်ဖက်ရည်ဆိုင်ကြီး ဖြစ်နေပါသည် ။
“ ကဲ... ချာတိတ်တွေ ကားပေါ် တက်ကြကွာ ၊ လက်ဖက်ရည် သွားသောက် ကြရအောင် ၊ ငါ့ ကား က အမိုး မတင်ရသေးတော့ အားတော့ နာပါတယ် ။ အဆင်ပြေသလိုသာ ထိုင်ကြကွာ ”
ငါ့ ကား က အသစ် ဟု လိမ္မာ ပါးနပ်စွာ ကြွား လိုက်ခြင်းဖြစ်သည် ။ သုံးအိမ်သာ ခြားသည့် ခရီးကို လျှောက်သွားလျှင် ရပါလျက်သား နဲ့ လက်ဖက်ရည်ဆိုင် က ပရိသတ်ရှေ့မှာ ကား ပေါ်က ဆင်းပြီး ဆိုင်ထဲ ဝင်ချင်၍ တမင် ထွင်လိုက်ခြင်း ဖြစ်သည် ။
လက်ဖက်ရည်ဆိုင် ရှေ့မှာ ကား ထိုးရပ်လိုက်သည်နှင့် ဟိုအိမ်ကြီး ကို ဝယ်လိုက်သည့် သင်္ဘောသား ဆိုတာ သိနေကြ၍ ထင်သည် ။ ဆိုင်ထဲက လူတွေ ဝိုင်းကြည့်နေကြသည် ။ အထူးသဖြင့် နံပြား ရိုက်သည့် ကုလားက ရိုက်လက်စ နံပြား ကို ရပ်ထားပြီး ခေါ်တော အကောင် တစ်ထောင်အား ရှိသော မျက်လုံးအစုံဖြင့် မဖြူတုတ် ကို ကြည့်နေသည် ။ ကြည့်ရုံနဲ့ အားမရသေးပဲ သူ့ ဆိုင်ရှင်ကို တစ်စုံတစ်ခု သွားပြောပြီး ပြုံးစိစိ လုပ်နေသည် ။
ကိုအဏ္ဏဝါ တို့ လေးယောက် လူရှင်းသည့် စားပွဲလွတ် တစ်လုံးတွင် ဝင်ထိုင်လိုက်ပြီး လက်ဖက်ရည် လေးခွက် နှင့် ရှိသမျှ မုန့်မျိုးစုံအောင် ချပေးရန် မှာလိုက်သည် ။ နံပြားကုလားကတော့ ဟိုစားပွဲ ဝင်ထိုင်လိုက် တိုးတိုးပြောလိုက် ၊ သည်စားပွဲ ဝင်ထိုင်လိုက် တိုးတိုးပြောလိုက် ၊ မဖြူတုတ် ကို ကြည့်လိုက် ၊ ပြုံးလိုက် လုပ်နေသည် ။ ဒီနေ့ကျမှ မဖြူတုတ် ကလည်း နိုင်ငံခြားဖြစ် အဝတ်အထည်တွေ ၊ မိတ်ကပ်တွေ ၊ နှုတ်ခမ်းနီတွေ နဲ့ ခါတိုင်းထက် ပိုပြီး လှနေ သယောင်ဖြစ်နေသည် ။ ကိုအဏ္ဏဝါ စိတ်ပျက်သွားသည် ။
ဒီလို အောက်တန်းကျသည့် ပတ်ဝန်းကျင်မျိုးနဲ့ ဆိုလျှင် ဒီနေရာမှာ ကြာကြာ နေလို့မှ ဖြစ်ပါ့မလား ဟု တွေးလိုက်မိ၍ ဖြစ်သည် ။
ကိုရွှေကုလားကတော့ အတင့်ရဲ ၍ ကဲသထက် ကဲလာသည် ။ ကိုအဏ္ဏဝါ တို့ စားပွဲ အနီးရှိ ထိုင်ခုံ လွတ်တစ်လုံးမှာ လာထိုင်ပြီး မဖြူတုတ် ကို ပြုံးစိစိဖြင့် ကြည့်နေသည် ။ ကိုအဏ္ဏဝါ အတော် ခံပြင်းနေလေပြီ ။ မကြာမီ ပေါက်ကွဲတော့မည့် အခြေအနေတွင် ကိုရွှေကုလား ၏ နှုတ်ဖျား မှ စကားတစ်စု ထွက်လာသည် ။
“ အစ်မ သာကေတ ၇ - ဈေး ထဲက အမဲအူပြုတ် ရောင်းတဲ့ အစ်မကြီး မဟုတ်လား ဟင်... ” တဲ့ ။
ကိုအဏ္ဏဝါ ၏ ကေသာနတ္ထိ အမွေးမရှိသည့် ဦးခေါင်း ရတနာ မြတ်အင်္ဂါ ကို မိုးကြိုး ဆယ်ခင်း တစ်ပြိုင်တည်း ပစ်ခွင်းခံလိုက်ရသကဲ့သို့ နာကျင်သွားလေသည် ။ မဖြူတုတ် ကတော့ လက်ဖက်ရည် ပူပူကြီးကို ယောင်ရမ်းပြီး ငုံလိုက်မိသဖြင့် လျှာ ကို အပူလောင်သွားလေသည် ။ ကိုအဏ္ဏဝါ ရော မဖြူတုတ် ပါ ကိုရွှေကုလား၏ မျက်နှာကို တအံ့တသြ ကြည့်လိုက်ကြသည် ။ သိသလိုလို မသိသလိုလို ဖြစ်နေကြသည် ။
“ အစ်မ ကျွန်တော့်ကို မမှတ်မိဘူး ထင်တယ် ၊ ဦးပြုံးချို လက်ဖက်ရည်ဆိုင် က အောင်ဝင်း လေ"
“ ဟာ ..."
“ ဟယ် ..."
ကိုအဏ္ဏဝါ နှင့် မဖြူတုတ် တို့ ပါးစပ်တွေ က ဟာခနဲ ဟယ်ခနဲ ဖြစ်သွားကြသည် ။ သေသေချာချာ ကြည့်တော့မှ ဦးပြုံးချို လက်ဖက်ရည်ဆိုင် က ပလာတာ ၊ နံပြား ရိုက်သည့် ကုလားလေး အောင်ဝင်း ကို မှတ်မိသွားကြတော့သည် ။ ဦးပြုံးချို လက်ဖက်ရည်ဆိုင် ဘေးမှာ ဒေါ်ချိုပြုံး ဘဝဖြင့် အမဲအူပြုတ် ရောင်းနေခဲ့စဉ်က မဖြူတုတ် ၏ ဘော်ဒါလေးဖြစ်ခဲ့သူကိုး ။ အဲဒီတုန်းက သူ့ အသံလေး စာစာဖြင့် “ အစ်မရေ ပြုတ်ဝမ်း သုပ် ဝမ်းမယ် ။ အစ်မရေ ... ကြာမယ် ခေါက်မယ် ” စသည်ဖြင့်အော်ပေးခဲ့ရသူ ဖြစ်သည် ။ ပြုတ်ဝမ်း သုပ်ဝမ်း ဆိုတာက အမဲအူပြုတ် တစ်ခွက် နှင့် အမဲအူသုပ် တစ်ခွက် ဟု ဆိုလိုသည် ။ ကြာမယ် ခေါက်မယ် ဆိုတာက ကြာဇံဟင်းခါး တစ်ခွက် နှင့် ခေါက်ဆွဲသုပ် တစ်ပွဲ ဟု အဓိပ္ပာယ်ရသည် ။ မဖြူတုတ် သွားမပို့နိုင်လျှင် သူကိုယ်တိုင် ခြေသွက်လက်သွက်ဖြင့် လာယူပြီး စားပြီး ပုဂံ နှင့် ပိုက်ဆံ ပါ လာပြန်ပို့သူဖြစ်သည် ။
ဇာတ်ပေါင်းမိတော့ မှ မဖြူတုတ် မှာ သူ့ ဘော်ဒါ ကို မမျှော်လင့်သော နေရာမှာ လာ ပြန်တွေ့နေရ၍ ဝမ်းနည်းဝမ်းသာ ဖြစ်နေတော့သည် ။
“ ဟယ်... မောင်အောင်ဝင်း နင့် အသားတွေ မည်းသွားပါလား မှတ်တောင် မမှတ်မိဘူး ဟယ် ..."
“ ဟဲ ဟဲ အစ်မကလည်း အရင်ကော ဖြူလို့လား ”
“ သာကေတ မှာ တုန်းက ဒါလောက် မမည်းပါဘူး ဟယ် ..."
ဒီတော့ အောင်ဝင်း က သူ လှုပ်ရှား ရုန်းကန်ခဲ့ရသည့် ကာလအစိတ်အပိုင်း တစ်ခုကို ပြောပြသည် ။ ဦးပြုံးချို ဆိုင် အရောင်းကျလာသောအခါ အလုပ် ဖြုတ်ခံလိုက်ရသည် ။ ဆွေမျိုးများ ရှိရာ ညောင်လေးပင် ကို ပြန်သွား ခိုကပ်ခဲ့ရသည် ။ တစ်နှစ်ခန့် အကြာတွင် ရန်ကုန် ပြန်လာပြီး အလုပ် ရှာပါသော်လည်း မရ၍ ရရာ အလုပ်ကို ဝင်လုပ်သည့် အနေဖြင့် သဲသမ္ဗာန်မှာ လှေထိုးသား လုပ်ခဲ့ရသည် ။ ဒီ ဆိုင်မှာ အလုပ်ရတာ သုံးလမျှသာ ရှိသေးသည် ဟု ပြောပြသည် ။
ကိုအဏ္ဏဝါ မှာ သူ့ဘဝ သူ့အကြောင်း ကို တိတိကျကျ အစအဆုံး သိသူ နှင့် မှ တည့်တည့်ကြီး လာတိုးပြီး အိမ်နီးပါးချင်း ဖြစ်ရတော့မှာမို့ စိတ်ဓာတ်ကျပြီး အကြီးအကျယ် မော်တာ ဒေါင်းသွားသည် ။ မဖြူတုတ် ကတော့ သူ့ညဘော်ဒါ နှင့် ပြန်တွေ့ရ၍ ဝမ်းသာနေပုံရသည် ။
“ တို့ ဟိုအိမ်ကြီး ကို ဝယ်လိုက်တယ် ဟဲ့ ... အတော်ပဲ နင် နဲ့ ပြန်တွေ့တော့ ငါ လည်း အနားမှာ အမဲအူပြုတ်ဆိုင် ပြန် ထွက်ဦးမယ် ” တဲ့ ။
မဖြူတုတ် ထံမှ မမျှော်လင့်သော စကားကို ကြားလိုက်ရသည့် ကိုအဏ္ဏဝါ ခမျာ သူ့ နဖူးပြောင်ကြီး ကို သူ့လက်ဝါး ဖြင့် ဖျန်းခနဲ မြည်အောင် ရိုက်ချလိုက်လေသတည်း ။#အဏ္ဏဝါစိုးမိုး
0 Comments