#သုခမြို့တော်
အပိုင်း(၄၉)
“မြွေဟောက်ဆိုတာ နှစ်ခါပေါက်တတ်တယ်လို့ ပြောကြတယ်ဗျ” ဟု ဟာစရီပါးက ပြောသည်။
“ခုလည်း ဒီအတိုင်းပဲ၊ ဒုက္ခဆိုတာ တစ်ခုတည်းနဲ့ ဘယ်တော့မှ မပြီးဘူး။ ကျွန်တော့်ပဲ ကြည့်လေ၊ ကျွန်တော့်အဆုတ်ထဲမှာ သွေးအန်တဲ့ အဖျားရှိတယ်။ ဟော ဖြစ်ချင်တော့ တစ်မနက်မှာ လမ်းကြိတ်စက်ကြီးတွေရဲ့ ဒီးဒီးမြည်သံကြောင့် ကျွန်တော် အိပ်ရာက လန့်နိုးလာတယ်၊ ခွေးမသားတွေ လာနေပြီလေ။ ဒီတော့ ကျွန်တော် မြန်မြန် အိပ်ရာက ထရတယ်”
ဟာစရီပါးသည် လုံချည်ကို ကပိုကရိုဝတ်ကာ လမ်းမဆီသို့ ပြေးထွက်လာခဲ့၏။ သူတို့ ဆင်းရဲသားရပ်ကွက်ကလေးတစ်ခုလုံး အုန်းအုန်းကျွက်ကျွက် ဆူညံလျက်။ သူတို့ရပ်ကွက်ကလေးကို ပြောင်းရွှေ့တော့မည်ဟူသော ကောလာဟလသတင်းများ ပေါ်ထွက်ခဲ့သည်မှာ ကြာလှပြီ။ ယခု သူပြောသည့်“ခွေးမသား” တွေ ရောက်လာကြလေပြီ။
ရှေ့တွင် မြေညှိစက်ကြီးတစ်စီး၊ ထို့နောက် မော်တော်ကားနှစ်စီးဖြင့် ရဲတွေ၊ သူတို့လက်တွင် နံပါတ်တုတ်များနှင့် မျက်ရည်ယိုဗုံးများကို ကိုင်လျက်။ သူတို့နောက်တွင် အနက်ရောင် အင်ဘာဆေဒါ ကားကြီးတစ်စီး လိုက်လာပြီး ရှပ်အင်္ကျီပေါ်တွင် ခါးပြတ်အင်္ကျီအနက်ဝတ်ထားသည့် ဒိုတီနှင့် ဘာဘူကြီး နှစ်ယောက် ကားပေါ်မှ ဆင်းလာကြသည်။ သူတို့နှစ်ဦးသည် ရဲအရာရှိ အကြီးအကဲနှင့် တီးတိုးတိုင်ပင်ကြပြီးနောက် အနီးရှေ့တွင် ရပ်ကြည့်နေကြသည့် ကျူးကျော်ရပ်ကွက်မှ လူများဆီသို့ ရောက်လာကြသည်။
ဘာဘူနှစ်ယောက်အနက် လက်ထဲတွင် စာရွက်တွေ တစ်ထပ်ကြီး ကိုင်ထားသည့် အသက်ခပ်ကြီးကြီး ဘာဘူက စ၍ စကားပြောသည်။
“ခု မြူနီစီပယ်က ခင်ဗျားတို့ရပ်ကွက်ကို ဖျက်ပြီး ပြောင်းရွှေ့ ပေးဖို့ ကျွန်တော်တို့ကို တာဝန်ပေးလိုက်တယ်” ဟု ပြောသည်။
“ဘာဖြစ်လို့ ပြောင်းမှာလဲ” ဟု အသံတစ်သံက မေး၏။
ဘာဘူကြီး၏မျက်နှာသည် တင်းမာသွား၏။ သူ့တစ်သက်တွင် ထိုသို့ ဆင်းရဲသားက ပြန်လှန်မေးခွန်းထုတ်သည်ကို မတွေ့ဖူးသေး။
“ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ရပ်ကွက်ဟာ မကြာခင် တည်ဆောက်တော့မယ့် မြေအောက်မီးရထားလမ်းနဲ့ မလွတ်ဘဲဖြစ်နေလို့”
သုခမြို့တော်ရှိ ရပ်ကွက်သားတို့သည် နားမလည်နိုင်သော အမူအရာဖြင့် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်နေကြသည်။
“မြေအောက်ဘူတာဆိုတာ ဘာလဲဗျ” ဟု ဟာစရီပါးက သူ့အိမ်နားချင်း အာရွန်းကို လှမ်းမေးသည်။ အာရွန်းမှာ နှံ့နှံ့စပ်စပ်ရှိပြီး အာဖဂန်နစ္စတန်အထိ ရောက်ဖူးသည်။အာရွန်းမှာလည်း မြေအောက်ဘူတာဆိုသည်ကို မသိ။ ထိုစဉ် ဘာဘူက နာရီကို ငုံ့ကြည့်ပြီး စကားပြောသည်။
“ခု ခင်ဗျားတို့ပစ္စည်းတွေကို ပြောင်းရွှေ့ပေးဖို့ အချိန်နှစ်နာရီ ပေးလိုက်မယ်၊ နှစ်နာရီထက်ကျော်ရင်တော့ ....”
ဘာဘူသည် ဒုက္ခခံ၍ နောက်ထပ် ရှင်းလင်းဟောပြောခြင်း မပြုတော့ဘဲ မြေညှိစက်ကြီးဆီသို့ လက်ယမ်း၍ ပြလိုက်သည်။ မြူနီစီပယ်အရာရှိ ဘာဘူကြီးသည် မင်္ဂလာသတင်းတစ်ခုကို လာရောက်ပြောသကဲ့သို့ လေသံမှန်မှန်ဖြင့် ပြောပြီးသွားပြီ။ ဟာစရီပါးသည် သူ့အိမ်နီးနားချင်းများကို အကဲခတ်ကြည့်သည်။ တစ်ယောက်မျှ စကားမပြောကြ၊ ငြိမ်ချက်သားကောင်းသဖြင့်မြူနီစီပယ်က ဘာဘူကြီးပင် လန့်သွားသည်။ လာတုန်းကတော့ ရပ်ကွက်သူ ရပ်ကွက်သားများက ကန့်ကွက်ကြလိမ့်မည်၊ ဆူပူကြလိမ့်မည်၊ ခြိမ်းခြောက် အကြမ်းဖက်ကြလိမ့်မည်ဟု ထင်ခဲ့သည်။
“ဒါပေမယ့် လူထုက ဘာမှမပြောဘူးဗျ။ ခြတို့ ပိုးဟပ်တို့ကို ရှင်းလင်းပစ်သလို ကျွန်တော်တို့ကို ရှင်းလင်းဖို့လာတာ မဟုတ်လား။ ကျွန်တော်တို့လဲ ဘယ်သူကမှ ဘာတစ်လုံးမှ မပြောကြဘူး။ ဟုတ်တာပေါ့လေ၊ ကျွန်တော်တို့ ကျူးကျော်တဲသိုက်ကို ဘယ်သူက လွမ်းမှာလဲ။ ဒါပေမယ့် ဒီတဲသိုက်ကလေးကို ကျွန်တော်တို့ ဘယ်မှာ လက်လွှတ်ချင်ပါ့မလဲဗျာ။ ဘာပဲဖြစ်ဖြစ် တဲစုတ်နဲ့ နေရတာက ပလက်ဖောင်းမှာ နေရတာထက်တော့ တော်သေးတာပေါ့။ မိုးထဲလေထဲဆိုရင် ခေါင်းပေါ်မှာ အမိုးအကာကလေး ရှိသေးတော့ တော်သေးတာပေါ့” ဟု ဟာစရီပါးက ပြောသည်။
လူထုက တုံ့ပြန်ခြင်းမပြုသည်မှာ အခြားကြောင့်မဟုတ်။
“ကျွန်တော်တို့မှာ တုံ့ပြန့်နိုင်တဲ့အား မရှိတော့ဘူးလေ။ ကာလကတ္တားမြို့ကြီးက ကျွန်တော်တို့ရဲ့ တုံ့ပြန်နိုင်အားတွေကို ဖျက်ဆီးပစ်ခဲ့ပြီးပြီ။ ဒီချောင်ကြိုချောင်ကြားထဲမှာနေတဲ့ ကျွန်တော်တို့တစ်တွေကို ဘယ်သူကမှ လာကြည့်ဖော် မရကြဘူး။ ဟိုတုန်းက ကျွန်တော်တို့အပေါ်မှာ ခေါင်းပုံဖြတ် မိုက်ကြေးခွဲနေတဲ့ လူမိုက်ဂိုဏ်းဆိုတာကလဲ ဘယ်ချောင်ရောက်နေမှန်း မသိတော့ဘူး၊ အစအနတောင် မမြင်ဘူး။ ဒီတော့ ကျွန်တော်တို့ ဘာတတ်နိုင်မှာလဲ၊ လည်စင်းခံရုံပေါ့။ ကျွန်တော်တို့မှာ ခံရတာတွေ များလွန်းတော့ တော်တော်တန်တန်ကို မဖြုန်တော့ဘူး၊ ခံနိုင်နေပြီ၊ ကံဆိုတာ ရှောင်လို့ရတာမှ မဟုတ်ဘဲ”
ဘာဘူနှစ်ယောက်သည် မော်တော်ကားပေါ်သို့ တက်ကာ ပြန်ထွက်သွားကြသည်။ ထိုနေရာတွင် ရဲကားနှစ်စီး၊ မြေညှိစက်တစ်စီးနှင့် လူအုပ်သာလျှင် ကျန်ရစ်ခဲ့သည်။
ထိုစဉ် ဟာစရီပါးသည် အံ့သြစရာ အဖြစ်အပျက်တစ်ခုကို မြင်လိုက်သည်။သူ့အိမ်နီးချင်း အာရွန်းသည် သူ့အိမ်ခေါင်မိုးကို ထောက်ထားသည့် ဝါးလုံးတစ်လုံးကို ဆွဲဖြုတ်ကာ တရားဥပဒေ၏ကိုယ်စားလှယ်များဆီသို့ ပြေးသွားသည်။ သူက စတင်လိုက်သည်နှင့် စောစောက ငြိမ်သက်နေသောလူအုပ်သည် လှုပ်ရှားလာသည်။ တဲသိုက်ကလေးများသည် ပျောက်သွားကာ ထိုတဲသိုက်ကို ဆောက်လုပ်ထားသည့် ပစ္စည်းများသည် ရဲသားများပေါ်သို့ ပျံကာဝဲကာဖြင့် ကျရောက်လာကြသည်။
ရဲများမှာ မြေကြီးပေါ်သို့ လဲကျကုန်လေပြီ။ ဤတွင် လူထုကလည်း သဲသဲမဲမဲဖြစ်လာ၏။ လူထုများသည် ရဲများကို တုတ်များဖြင့် ရိုက်ကြသည်။ အုတ်ခဲကျိုးများ၊ ကျောက်ခဲများဖြင့် ထုကြသည်။
ရန်ပွဲပြီးသွားသည့်အခါ၌ကား သူတို့ကျူးကျော်ရပ်ကွက်ကလေး မရှိတော့ပြီ။ လေမုန်တိုင်းတိုက်သွားသကဲ့သို့ ဘာမျှ မကျန်တော့ပြီ။ မြေညှိစက်ဖြင့် တိုက်ပစ်စရာ မလိုတော့ပြီ။ လူထု၏ဒေါသက မြေညှိစက်အစား ဝင်လုပ်ပေးသွားလေပြီ။ မြေအောက်မီးရထားလမ်းကို စီစဉ်ထားသည့်အတိုင်း ဖောက်လုပ်နိုင်တော့မည်။
ရဲတို့ နောက်ထပ် မရောက်လာမီ ဟာစရီပါးတို့မိသားစုသည် ကျူးကျော်ရပ်ကွက်ကလေးမှ ခပ်သုတ်သုတ် ထွက်ပြေးလာခဲ့ကြသည်။ သူတို့တွင်ရှိသမျှသော ပစ္စည်းကလေးအားလုံး ဆုံးရှုံးသွားခဲ့ရလေပြီ။ ဘူတာရုံကလေးတစ်ခုသို့ ရောက်သည့်အခါတွင် မီရထားဥသြသံများကို ကြားရသည်။ ထွက်ပြေးလာခဲ့ကြသော အခြား ရာပေါင်းများစွာသော ဒုက္ခသည်များကဲ့သို့ပင် ဟာစရီပါးတို့မိသားစုတစ်သိုက်သည်လည်း ဘူတာရုံပလက်ဖောင်းတွင် နေရာကလေးတစ်နေရာလောက်ရဖို့ ဘုရားသခင်ကိုသာ အားကိုးရတော့မည်ထင်သည်။သို့ရာတွင် ထိုနေ့က ကာလကတ္တားရှိ မြို့ကိုစောင့်သော မြို့စောင်နတ်တို့သည် မကြားယောင်တကား။
ထိုနေ့တစ်မနက်လုံး သူတို့သည် ကာလကတ္တားမြို့ကြီးထဲတွင် ယောင်လည်လည်ဖြစ်နေကြသည်။ နောက်ဆုံး မြို့ပတ်လမ်းတွင်ရှိသည့် ဘုရားရှိခိုးကျောင်းတစ်ဆောင်၏ဆင်ဝင်တွင် နေရာကလေး တစ်နေရာရသည်။ ထိုနေရာတစ်ဝိုက်တွင် အဒီဗာဆီလူမျိုးစုများ နေထိုင်သည့် ကျူးကျော်ရပ်ကွက်ကလေးတစ်ခုရှိသည်။ အဒီဗာဆီလူမျိုးစုများမှာ အိန္ဒိယမြောက်ပိုင်းတွင် နေထိုင်သည့် တိုင်းရင်းသားဌာနေ လူမျိုးစုတစ်စုဖြစ်ပြီး သူတို့အခြေအနေမှာ များစွာ စိတ်ချမ်းမြေ့ဖွယ်ကောင်းသည်။ ထိုနေရာတစ်ဝိုက်မှာ ရေပန်းတစ်ခုနှင့် နီးသဖြင့် ရေအတွက် အဆင်ပြေသည်။ ထို့ပြင် ပတ်လမ်းအဝိုင်းကြီးနှင့်နီးသဖြင့် ဟာစရီပါးအဖို့ မနက်ခင်း လန်ချားသွားဆွဲလျှင် ဂိတ်ကြီးနှင့် နီးသည်။
သူနှင့်အတူ လန်ချားတစ်လှည့်စီ ဆွဲသည့် လန်ချားသမားမှာ ဘီဟာနယ်သား ဆံပင်ကောက်ကောက်နှင့် မူဆလင်အမျိုးသားတစ်ဦးဖြစ်သည်။ သူ့အမည်မှာ ရာမာတူလာဖြစ်ပြီး လည်တွင် ကိုရန်ကျမ်းစာအုပ် ပုံသဏ္ဌာန် အရုပ်ကလေးကို ရွှေကြိုးဖြင့် ဆွဲထားသည်။ သူသည် မနက်လေးနာရီမှစ, ညသန်းခေါင်အထိ အလုပ်လုပ်သည်။ ခရီးသည်ရလျှင် ထို့ထက်ပင် နောက်ကျသေးသည်။ ရာမာတူလာသည် သူ့မိသားစုအတွက် ဝင်ငွေ ချွေတာသည့်သဘောဖြင့် လန်ချားပေါ်တွင်ပင် အိပ်သည်။ ထိုသို့အိပ်ရသည်မှာ လန်ချားလှည်းသန်ပေါ်တွင် ခြေတစ်ဖက်တစ်ချက်ကို တွဲလောင်းချ၍ အိပ်ရသဖြင့် မသက်မသာဖြစ်သည့်တိုင် အနည်းဆုံး လန်ချားကို သူခိုးမခိုးနိုင်သဖြင့် တစ်ဖက်က တွေးလျှင် တော်သေးသည်ဟုပင် အောက်မေ့ရတော့သည်။
ရာမာတူလာသည် အံ့သြဖို့ကောင်းသည့် အဖော်တစ်ယောက်ဖြစ်သည်။ ဟာစရီပါး ချောင်းတဟွတ်ဟွတ်ဆိုးကာ သွေးအန်သည်ကို မြင်သွားပြီးနောက် ရာမာတူလာသည် မိတ်ဆွေရင်းချာတစ်ယောက်၏အမူအရာကို ပြလာခဲ့သည်။ မနက်လင်း၍ လန်ချားဂိတ်သို့ ဟာစရီပါး ရောက်ချိန်တန်၍ ရောက်မလာခဲ့လျှင် သူသည် ဟာရီဘန်လမ်းသို့သွားကာ ဟာစရီပါး ပို့ရသည့် ကလေးနှစ်ယောက်ကို လန်ချားပေါ်တင်ပြီး ကျောင်းသို့ ပို့ရသည်။ မပို့၍ မဖြစ်ပါ၊ လစဉ် “ဖောက်သည်” နှစ်ယောက်ကို ရနိုင်ဖို့ဆိုသည်မှာ တော်တော်ခက်သည့်ကိစ္စဖြစ်ပါသည်။ အခြားသော လန်ချားသမားတို့အဖို့ ထိုဖောက်သည်မျိုးကို လက်မလွှတ်နိုင်ပါ။ ထိုသို့သော ဖောက်သည်ကို လက်လွှတ်ရသည်မှာ များစွာ နစ်နာပါသည်။ညနေဆိုလျှင်လည်း ရာမာတူလာသည် ဟာစရီပါး အလုပ်စောစောသိမ်းနိုင်ရန် လန်ချားဆိပ်သို့ စောစောစီးစီး ကြိုတင်ရောက်လာတတ်သည်။ ထိုသို့ စောစောရောက်လာတိုင်း ရာမာတူလာသည် သူ့အစား အလုပ်ချိန်တွင် ဝင်ဆွဲပေးပြီး ရသည့်ပိုက်ဆံကို ဟာစရီပါးကို ပေးတတ်သည်။
ထိုနေ့မနက်က သူ့ကို တွေ့သည့်အခါတွင် ရာမာတူလာသည် မျက်နှာပျက်နေသည်။ ဤသည်ကို ထောက်လျှင် ရာမာတူလာသည် မိမိ၏အခြေနေကို မြင်၍ စိုးရိမ်နေခြင်းဖြစ်ကြောင်းကို ဟာစရီပါး ရိပ်မိလိုက်သည်။ ဟာစရီပါးက သူတို့ရပ်ကွက်ထဲက တဲအိမ်များ ဖျက်သည့်ကိစ္စကို ပြောပြသည်။ သို့ရာတွင် ရာမာတူလာ၏မျက်နှာပေါ်မှ စိုးရိမ်ထိတ်လန့်သည့်အရိပ်အရောင်သည် ပျောက်သွားခြင်းမရှိ။ ရာမာတူလာသည် သူ့ကို စူးစိုက်ကြည့်နေသည်။
“နေလို့ကောင်းရဲ့လား၊ ဆရာဝန်တို့ဘာတို့ ပြရင် ကောင်းမယ်ထင်တယ်။ ခင်ဗျားကြည့်ရတာ မမှည့်သေးတဲ့ ရှောက်သီးလို စိမ်းနေတာပဲ၊ ကဲ...လန်ချားပေါ်တက်၊ ကျုပ်လိုက်ပို့မယ်၊ ဒီနေ့အဖို့တော့ ခင်ဗျားက ဈေးဦးပေါက် ခရီးသည်ပေါ့”
“ဒီနေ့မနက် ဈေးဦးပေါက်ဆွဲရတဲ့ မာရဝါရီကုန်သည်ကတော့ ဝိတ်ပေါ့ပေါ့ကလေးရယ်ပါကွာ”
ဟာစရီပါးက လန်ချားပေါ်သို့ တက်ထိုင်သည်။
နောက် ဆယ်မိနစ်အကြာတွင် ရာမာတူလာသည် ဟာစရီပါးကို အလွတ်ပညာသင်ကျောင်းလမ်းရှိ အာယုဗ္ဗေဒဆေးတိုက်တစ်တိုက်ရှေ့သို့ ချလိုက်၏။ သူတို့ရောက်သည့်အခါတွင် အလျင်ရောက်နေသော လူမမာနှစ်ယောက် ထိုင်စောင့်နေသည်ကို တွေ့ရ၏။
ဆေးဆရာဝန်မှာ ခပ်ဝဝ၊ ထိပ်ပြောင်ပြောင်ဖြစ်ပြီး ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေ၏။ သူ့ကို ကြည့်ရသည်မှာ ဆေးဆရာဝန်နှင့်မတူ။ မဟာရာဇာတစ်ပါး ညီလာခံဝင်နေသည်နှင့် တူသည်။ သို့မဟုတ်လျှင်လည်း မြေပိုင်ရှင် သူကြီးတစ်ဦး တပည့်လက်သားများနှင့် တိုင်ပင်နှီးနှောနေသည်နှင့် တူသည်။ အခန်းပတ်ပတ်လည် စင်များပေါ်တွင် အိန္ဒိယ အာယုဗေဒဆေးကျမ်းများ၊ ဆေးမြစ်များ၊ ဆေးမှုန့်များထည့်ထားသည့်အိုးများ ပုလင်းများ စီတန်းလျက်ရှိ၏။ လူနာတစ်ယောက်ကို ကြည့်ပြီးတိုင်း ဆေးဆရာသည် များလှစွာသောအိုးများ၊ ပုလင်းများကို သယ်လာကာ ကောင်တာပေါ်တွင် တင်ထားသည့် ချိန်ခွင်ကလေးတစ်လက်ဖြင့် ချိန်ပြီးနောက် ဆေးများကို သတိကြီးစွာဖြင့် ချိန်တွယ် ဖော်စပ်ပေးနေသည်။
ဟာစရီပါး၏အလှည့်သို့ ရောက်သည့်အခါတွင် ဆရာသည် သူ့ကို သင်္ကာမကင်းသည့်အကြည့်ဖြင့် ကြည့်ပြီးနောက် ခေါင်းပြောင်ကြီးကို ကုတ်နေသည်။ ပထမဆုံးမေးသည့် မေးခွန်းမှာ အသက် ဘယ်လောက်ရှိပြီလဲ ဆိုသည့် မေးခွန်းဖြစ်သည်။ ထို့နောက် စင်မြင့်ပေါ်မှ ဆယ်အိုးထက် မနည်းသော ဆေးအိုးများကို ချလာသည်။ ဆေးများကိုယူ၍ စပ်နေသည်မှာ တော်တော်နှင့်မပြီးနိုင်။ ဆေးဆရာသည် ဆေးလုံးများ၊ ဆေးပြားများကိုသာမက အားတိုးဆေးဟု ဆိုသော ဆေးရည်များကိုလည်း ဖော်စပ်ပေးလိုက်သေးသည်။ ထို့နောက် ဆေးဖိုးဝါးခအဖြစ် ငွေနှစ်ဆယ်တောင်းသည်။ ထိုမျှသောငွေသည် လမ်းဘေး ဆေးဆရာတောင်းသည်ထက် များသည့်တိုင် ထိုဆေးထက် ကောင်းသည့်ဆေး မရှိနိုင်ကြောင်း၊ အဆုတ်ရောဂါကုရာတွင် နာမည်ကြီးကြောင်းဖြင့် ရာမာတူလာက ပြောပြသည်။ သူ့မိတ်ဆွေနှစ်ယောက်ပင်လျှင် ထိုဆေးဆရာ ကုသပေးသဖြင့် ပျောက်ကင်းခဲ့လေပြီ။
“ကျွန်တော်ကတော့ ရာမာတူလာ ပြောတာကို ယုံချင်ယောင်ဆောင်နေရတာပေါ့လေ။ ဒါပေမယ့် အဆုတ်မှာဖြစ်တဲ့ သွေးနီဖျားဆိုတာ ဘယ်မှာပျောက်မလဲဗျာ၊ ကျွန်တော်သိတာပေါ့၊ တခြားလူမပြောနဲ့၊ ရမ်ကျန္ဒရာတို့လို လူသန်ကြီးတွေတောင် ဘယ်မှာခံနိုင်လို့လဲ” ဟု ဟာစရီပါးက ပြောသည်။
ပန်းခြံလမ်းသို့ ပြန်လာစဉ် နောက်မှ မော်တော်ကားသံကြားရပြီး ကျွိခနဲ ရပ်လိုက်သော ကားဘီးပွတ်သံကို ကြားလိုက်ရသည်။ လှည့်၍ ကြည့်လိုက်သည့်အခါတွင် တက္ကစီဒရိုင်ဘာ ကိုအံ့ဘွယ်၊ သူ့မျက်နှာသည် ချက်အရက် သုံးပုလင်းသောက်လာသူ၏မျက်နှာကဲ့သို့ နီရဲလျက်။
“ကိုယ်က နေထိုင်လို့လည်း မကောင်း၊ စိတ်ဓာတ်လည်း ကျနေတဲ့အချိန်မှာ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ရဲ့မျက်နှာကို မြင်လိုက်ရတာဟာ သူရိယနေမင်းကြီးကို မြင်လိုက်ရသလို အားရှိသွားတာပဲဗျာ” ဟု ဟာစရီပါးက ပြောတတ်သည်။
“ဗျို့...ဟာစရီပါး၊ အမယ်လေး...ခင်ဗျားကို တွေ့ချင်နေတာ၊ ခင်ဗျားကို သတင်းကောင်းတစ်ခု ပြောစရာရှိတယ်ဗျ။ ဒါပေမယ့် ကျုပ်ကို အရင် တစ်ခွက် တစ်ဖလားတော့ တိုက်ဦး”
ကိုအံ့ဘွယ်သည် သူတို့နှစ်ယောက်ကို ကျောင်းလမ်းနောက်ဖေးလမ်းကြားတစ်ခုထဲရှိ တိတ်တိတ်ပုန်း ချက်အရက်ဆိုင်ကလေး တစ်ဆိုင်သို့ ခေါ်သွားသည်။ အရက်နှစ်လုံးမှာသည်။ ပထမခွက် သောက်ပြီးသည့်အခါတွင် ကိုအံ့ဘွယ် ၏မျက်လုံးများသည် တဖျတ်ဖျတ် တောက်လာကြသည်။
“ကျုပ်တို့ရပ်ကွက်က ကျုပ်အိမ်နီးချင်းတစ်ယောက်က တောကို ပြန်တော့မယ်ဗျ၊ သူ့အခန်း အားမယ်။ သူ့အခန်းက တော်တော်လေးကောင်းတယ်။ အမိုးကလည်း တကယ့်အမိုး, မိုးထားတာ။ ပြီးတော့ အကာလည်းရှိတယ်။ တံခါးတစ်ပေါက်လည်းရှိတယ်။ အဲဒါ ခင်ဗျားကို သတိရလို့ လာပြောတာ”
ကျွန်တော် သူပြောတာတွေကို နောက်ထပ် ဘာမှမကြားတော့ဘူး။ ကျွန်တော့်မျက်စိတွေဟာ မှုန်ဝါးသွားပြီး ကျွန်တော့်နားထဲမှာ လန်ချားချူသံတွေ မြည်လာတယ်။ ပြီးတော့ ကျွန်တော့်မျက်စိထဲမှာ မီးတောက်ကြီးတစ်ခုလို၊ မီးလုံးကြီးတစ်ခုလို ပေါ်လာပြီး ကျွန်တော့်ခေါင်းကို တစ်ယောက်ယောက်က ရိုက်လိုက်သလို မူးလဲကျသွားတယ်။
ဘယ်လောက်ကြာသလဲ မသိဘူး၊ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွန်တော်က မြေကြီးပေါ်မှာ ပက်လက်ကြီး လဲနေတယ်။ ကိုအံ့ဘွယ်နဲ့ ရာမာတူလာက မျက်နှာကြီးတွေ နီရဲလို့။ သူတို့လက်သီးကြီးတွေနဲ့ ကျွန်တော့်ရင်ပတ်ကို တအုန်းအုန်း ထုနေကြတယ်။ ကျွန်တော် သတိမေ့သွားလို့ သတိပြန်ရအောင် လုပ်နေကြတာလေ။
အပိုင်း(၅၀)ဆက်ရန်
----------------------
0 Comments