သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၄၈)

#သုခမြို့တော်

အပိုင်း(၄၈)

“ဒီမှာက မီယာမီဟီလ်တန် ဟိုတယ်ကြီးလိုတော့ မဟုတ်ဘူးဗျ၊ မီယာမီဟီလ်တန်က အခန်းကလေး တစ်ခန်းစာလောက်မှာ လူဆယ့်နှစ်ယောက်ကနေပြီး ဆယ့်ငါးယောက်အထိ နေကြတာ”

ကိုဗာစကီးက မက်စ်ကို တောင်းပန်သည်။ မက်စ်သည် သုခမြို့တော်၏ ဗဟိုချက်မတွင် ကိုဗာစကီးရှာပေးသည့် အခန်းကျဉ်းကလေးကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း မျက်နှာကို မဲ့လိုက်၏။ သို့တိုင် အခြားသော အိပ်ခန်းများနှင့်စာလျှင် သူ့အခန်းသည် မင်းညီမင်းသားတစ်ပါး၏ နန်းဆောင်တစ်ခုနှင့်တူသည်။ အခန်းကလေးထဲတွင် ကြောင်အိမ်တစ်လုံး၊ အိပ်စင်တစ်ခု၊ စားပွဲတစ်လုံး၊ ခွေးခြေနှစ်လုံး၊ ရေပုံးတစ်လုံး၊ ကရားတစ်လုံးရှိသည်။ နံရံပေါ်တွင် ချစ်စရာ ကလေးငယ်ကလေးတစ်ယောက်ပုံ ရိုက်ထားသည့် ပြက္ခဒိန်တစ်ချပ် ဆွဲထားသည်။ ထိုမျှမက လမ်းကြားကလေးကို မျက်နှာမူနေသည့် ပြတင်းပေါက်တစ်ပေါက် ရှိသည်ဟုပင် ပြောနိုင်သေးသည်။ ကြမ်းပြင်က မြေကြီးမှ တစ်ပေလောက် ကွာနေသေးသဖြင့် အခြားသော အခန်းများထက်သာပြီး မြောင်းရေသွားသည်။ မိုးတွင်း ရေလျှံမည်ကို မစိုးရိမ်ရ၊ မြောင်းရေ ဝင်မည်ကို မစိုးရိမ်ရ။

“အိမ်သာကကော” 

မက်စ်က စိုးရိမ်တကြီး မေး၏။

“အိမ်သာတွေက ဒီလမ်းကြားကလေးထိပ်မှာ ရှိတယ်၊ ဒါပေမယ့် ခုလောလောဆယ်မှာတော့ အိမ်သာ ခဏခဏ မတက်ရင် ကောင်းမယ်”

ကိုဗာစကီးက အားနာသလို ပြောသည်။

ကိုဗာစကီးသည် နားမလည်သလို သူ့ကို ကြည့်နေသော မက်စ်ကို မြင်သည့်အခါတွင် ရယ်ချင်သလို ဖြစ်နေ၏။ ထို့နောက်မှ မျက်နှာပိုးသတ်လိုက်သည်။

“အိမ်သာ ခဏခဏ မသွားအောင် လုပ်တဲ့နည်းကတော့ တခြားဘာကိုမှ မစားဘဲ ဆန်ကိုပဲစားဗျ။ ဆန်စားလိုက်ရင် ခင်ဗျား အူတွေကို ကွန်ကရိနဲ့ ပိတ်ပြီးသား ဖြစ်သွားရော”

သူတို့နှစ်ယောက် နောက်ပြောင်ပြောနေစဉ် ဗန်ဒိုနာရောက်လာသည်။ မက်စ်သည် အာသံသူမိန်းမပျို၏ အရှေ့တိုင်းဆန်သောအလှကို သဘောကျသွား၏။ အနီရောင် ဆာရီဝတ်ထားသည့် ဗန်ဒိုနာသည် ပန်းချီကားကလေးထဲမှ မင်းသမီးကလေးနှင့် တူနေသည်။

“သုခမြို့တော်ကို ရောက်လာတဲ့အတွက် ကြိုဆိုပါတယ် ဒေါက်တာ” ဟု ဗန်ဒိုနာက မရွံ့ မရဲပြောပြီး သူ့ကို စံပယ်ပန်းတွေ ပေးသည်။

မက်စ်သည် စူးရှသည့် စံပယ်ပန်းအနံ့ကို တအား ရှူရှိုက်လိုက်ပြီးနောက် အသံဗလံများ၊ မျက်လုံးကို လာရိုက်နေသည့် မီးခိုးများ စသည့် ပတ်ဝန်းကျင်အရာအားလုံးကို ခဏမေ့သွားသည်။ သူသည် မိုင်ထောင်ပေါင်းများစွာ ဝေးသော နေရာတစ်ခုသို့ ရောက်သွားသည်။ စံပယ်ပန်းနံ့သည် နွေရောက်လျှင် ဖလော်ရီဒါက သူတို့အိမ်ရှေ့တွင် ပွင့်သည့် နှင်းပန်းနံ့တွေနှင့် တော်တော်တူသည်။ သည်လောက် ညစ်ပတ်နေသည့်ပတ်ဝန်းကျင်တွင် သည်လောက်မွှေးသည့် ရနံ့ကို ရသဖြင့် သူအံ့သြနေသည်။

မိနစ်အနည်းငယ်အကြာတွင် ဗန်ဒိုနာ၏ကောင်းမှုကြောင့် မက်စ်နေရမည့် အခန်းကလေးသည် အနည်းငယ် နေသာထိုင်သာရှိသွား၏။ ဗန်ဒိုနာသည် ကြောင်ကလေးတစ်ကောင်လို တိတ်ဆိတ်စွာ လှုပ်ရှားလျက်ရှိရာမှ ကြိုးခုတင်ပေါ် တွင် ဖျာတစ်ချပ်ခင်းပြီးပြီ။ ဆီမီးခွက်တွေကို ထွန်းပြီးပြီ။ အမွှေးတိုင်တွေကို မီးညှိပြီးပြီ။ စားပွဲပေါ်က ကြေးအိုးထဲတွင် ပန်းတွေ စိုက်ပြီးပြီ။ ထို့နောက် ဗန်ဒိုနာသည် မျက်နှာကြက်ဆီသို့ မော့်ကြည့်သည်။

“ကဲ...အပေါ်က ကိုယ်တော်၊ ညကျရင် မနှောင့်ယှက်နဲ့နော်။ ဆရာ ကောင်းကောင်း အိပ်ပေ့စေ။ ဆရာက တခြားပင်လယ်ရပ်ခြားက လာရတာ။ ပင်ပန်းလာတယ်၊ သိရဲ့လား”

ဤသည်မှာ သူနှင့်အတူနေရမည့် အခန်းဖော်ကို မက်စ် စတင်တွေ့ရပုံ ဖြစ်သည်။ ခေါင်မိုးကြားမှ စုတ်ထိုးသံကို ချက်ချင်းကြားရသည်။ ဗန်ဒိုနာက မက်စ်၏လက်မောင်းကို တို့ပြီး ဝမ်းသာအားရဖြင့် ကြည့်သည်။ အပြုံးကြောင့် ဝိုင်းစက်သည့် မျက်လုံးထောင့်များတွင် အရစ်ကလေးတွေ ဝန်းယှက်လာသည်။

“ဟော...နားထောင် ဒေါက်တာ၊ ကျွတ်ကျွတ်, ကျွတ်ကျွတ်ဆိုပြီး ဒေါက်တာ့ကို နှုတ်ဆက်နေတယ်”

မက်စ်သည် မျက်နှာကြက်ဆီသို့ လှမ်းကြည့်လိုက်၏။ အစိမ်းရောင်လဲ့လဲ့ ပြေးနေသော အိမ်မြှောင်တစ်ကောင်။

“အဲဒါ နိမိတ်ကောင်းတယ် ဆရာရဲ့၊ ဆရာ အသက် နှစ်ပေါင်းတစ်ထောင် နေရမယ်တဲ့”

ဗန်ဒိုနာက ပြောသည်။

* * * 

သုခမြို့တော်က ကိုယ်ရေပြားရောဂါသည်များနှင့် အခြားလူနာများကို ကုသရန်အတွက် ကိုဗာစကီး ငှားထားသည့် အခန်းကလေးမှာ လူမိုက်ဂိုဏ်း၏ လက်ပစ်ဗုံးဒဏ်ချက်ဖြင့် ပြိုပျက်သွားပြီးနောက် မက်စ်၏အခန်းကလေးသည် သုခမြို့တော်၏ ဆေးပေးခန်းကလေးဖြစ်လာခဲ့သည်။ မနက် ၇ နာရီမှ ည ၁၀ နာရီအထိ၊ တစ်ခါတစ်ရံ ထို့ထက် နောက်ကျသည်အထိ ကုသသည့် အခန်းကလေးသည် ဧည့်ကြိုခန်း၊ စောင့်ဆိုင်းခန်း၊ လူနာကြည့်ခန်း၊ ခွဲစိတ်ခန်း စသည်ဖြင့် တစ်လှည့်စီဖြစ်နေသည်။ ထိုအခန်းကလေးသည် သုခမြို့တော်မှ လူဦးရေ ခုနစ်သောင်းထဲမှ ရာပေါင်းများစွာသော လူနာများ၏ မျှော်လင့်စရာ၊ အားကိုးစရာ နေရာကလေးဖြစ်နေသည်။

“ကျွန်တော်တို့ ဆေးပေးခန်း အပြင်အဆင်ကတော့ တကယ့် ရှေးလူပေါ် စ ခေတ်သာသာကလိုပေါ့ဗျာ။ လူနာကြည့်ဖို့၊ လူနာဆေးထိုးဖို့ ကိစ္စအားလုံးအတွက် ကျွန်တော့်စားပွဲနဲ့ ခုတင်ကိုပဲ အသုံးပြုရတာပေါ့။ ပိုးသတ်ဖို့ ပစ္စည်း လည်း မရှိဘူး။ ကျွန်တော့်ဆရာဝန်ပစ္စည်းကလည်း ဘာရှိလို့လဲ၊ ဇာကနာကလေး နှစ်ချောင်း သုံးချောင်းနဲ့ ကျွန်တော် ကျောင်းသားတုန်းက ကိုင်တဲ့ အိတ်ကလေးထဲက ခွဲစိတ်ဓား သုံး လေးချောင်းလောက်ပဲ ရှိတာပေါ့။ မီယာမီက ဘဲအဲယားဆေးရုံ မဟုတ်ဘူးလေ” ဟု မက်စ်က ပြောတတ်သည်။

သို့ရာတွင် ပတ်တီး၊ ဂွမ်းလိပ်နှင့် အနာကပ် ပိတ်ပါးတို့ လုံလုံလောက်လောက်ရှိသဖြင့် တော်သေးသည်ဟု ဆိုရမည်။ ကိုဗာစကီးနှင့် သူ့ကိုကြည်ညိုသည့် ဘယ်လ်ဂျီယန်အမျိုးသမီးကြီးတစ်ဦး လှူထားသည့် ပလတ်စတာတွေ ရှိသည်။ မီးလောင်လျှင်၊ ရေနွေးပူလောင်လျှင် သုံးသည့် ပလတ်စတာများ ဖြစ်သည်။ ကိုဗာစကီးသည် ထိုပစ္စည်းများအားလုံးကို မက်စ်တို့ကို ပေးလိုက်၏။ ကိုဗာစကီးသည် ထိုပလတ်စတာသေတ္တာများကို နေ့ပေါင်းများစွာ အကောက်ခွန် ဌာနသို့သွားပြီး အကောက်ခွန်ငွေ ကျပ်လေးရာနှင့် ပြီးပါမည့်အကြောင်း မနည်းပြောယူခဲ့ရသည်။ “လက်ဖက်ရည်ဖိုး” ကိုလည်း သူတို့ တောင်းသလောက် ပေးခဲ့ရသည်။ 

သူတို့ဖို့ အလိုဆုံးမှာ ဆေးဝါးများ ဖြစ်သည်။ မက်စ်တွင်ရှိသည့် ဆေးဝါးပစ္စည်းမှာ ဘာမျှမများ။ သတ္တုသေတ္တာကလေးတစ်လုံးမျှသာဖြစ်၏။ ထိုအထဲတွင် ကိုယ်ရေပြားရောဂါများအတွက် ဆာလ်ဖာပြား အနည်းငယ်၊ အဆုတ်ရောဂါသည်များအတွက် ရိုင်ဖိုမီဆိုင်းဆေးပြားများ၊ ငှက်ဖျားရောဂါသည်များအတွက် ကွီနိုင်ဆေးပြားများ၊ အရေပြားရောဂါများအတွက် လိမ်းဆေးဘူး အနည်းငယ်နှင့် အလွန်အမင်း အာဟာရချို့တဲ့နေသော ကလေးငယ်များကို ဝေငှရန်အတွက် ဗီတာမင်ဆေးပြားအချို့တို့ဖြစ်သည်။ ထို့နောက် ပြင်းထန်သည့် ရောဂါပိုးများ မဝင်နိုင်ရန်အတွက် ကျွေးသည့် ပဋိဇီဝဆေးပြား ဆယ်ပြားတို့ဖြစ်သည်။

သုခမြို့တော်က ပါးစပ်တယ်လီဖုန်းသည် သတင်းဖြန့်ချိရာတွင် တော်တော်ထိရောက်သည်။ ဆေးပေးခန်းကလေးဖွင့်ပြီး မကြာမီအတွင်းမှာပင် ထိုဆေးပေးခန်း၏သတင်းသည် သုခမြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေပြီ။ လမ်းမြှောင်ကလေးများ၊ ဝင်းများ၊ အလုပ်ရုံကလေးများထဲတွင် တခြား ဘာအကြောင်းကိုမျှ မပြောကြတော့။ သူတို့ကို ဆေးကုသရန်လာသည့် “အမေရိကန်သူဌေး” အကြောင်းကိုသာ ပြောနေကြသည်။ အမေရိကန်သူဌေးသည် ဇော်ဂျီလို အစွမ်းထက်သူဖြစ်ကြောင်း၊ ပြဒါးရှင်လုံးကို ရထားသူဖြစ်ကြောင်း၊ သူကုသလိုက်လျှင် ဆေးတောင်ဝှေးဖြင့် တို့လိုက်သလို ရောဂါမှန်သမျှ ယူပစ်လိုက်သလို ပျောက်ကင်းသွားကြောင်းဖြင့် ပြောနေကြသည်။

ကိုဗာစကီးက မက်စ်၏လုပ်ငန်းများတွင် ကူရန် ဗန်ဒိုနာကို တာဝန်ပေးထားသည်။ ဆေးခန်းကို လာပြနေသူများထဲတွင် ဘယ်သူက အစစ်အမှန် လူနာဖြစ်ပြီး၊ ဘယ်သူက လိမ်ညာ၍ လာပြခြင်းဖြစ်ကြောင်း၊ မည်သည့်လူနာက အရေးကြီးပြီး မည်သည့်လူနာက အရေးမကြီးသူဖြစ်ကြောင်းကို ရွေးတတ်ရန်မှာ ပါးနပ်ဖို့လိုသည်။ အကင်းပါးဖို့ လိုသည်။ ဗန်ဒိုနာကား ထိုသို့သော အရည်အချင်းနှင့် ပြည့်စုံသူပေတည်း။

မကြာမီတွင် ဆေးပေးခန်းကလေးသို့ ရာချီ၍ရှိသော ကလေးအမေများသည် ကလေးတွေကို ချီပြီး ရောက်လာကြသည်။ အချို့က အနာစိမ်းတွေ ပေါက်လျက်၊ အချို့က အိုင်းအနာကြီးတွေ ပေါက်လျက်၊ အချို့က လည်ပင်းအကျိတ်ယောင်လျက်၊ အချို့က ဝဲတွေပေါက်လျက်။ သို့ဖြင့် ကလေးအမျိုးမျိုးသည် အပူပြင်းသည့်အတွက်ဖြစ်သော ရောဂါမျိုးစုံ၊ သုခမြို့တော်တွင်ရှိသည့် ရောဂါပိုးမွှားမျိုးစုံတို့ကြောင့်ဖြစ်သော ရောဂါအသီးသီးဖြင့် သူတို့ဆေးခန်းကလေးသို့ ရောက်လာကြသည်။ ကလေးသုံးယောက်လျှင် နှစ်ယောက်မှာ သန်ကောင်များ စွဲကပ်နေကြသည်။ အနောက်တိုင်းတွင်ဖြစ်ပွားသည့် ရောဂါများလောက်ကိုသာ သိပြီး၊ အရှေ့တိုင်းတွင်ဖြစ်သည့် ရောဂါများအကြောင်းကို မသိသည့် ဆရာဝန်တစ်ဦးအဖို့ကား သင်တန်းဆင်းဖို့ ကောင်းသော နေရာဖြစ်လေသည်။

ဗန်ဒိုနာသာ မရှိလျှင် မက်စ်သည် ထိုရောဂါများကို တော်တော် အခွဲရခက်ပေလိမ့်မည်။ ဗန်ဒိုနာက ကလေးငယ်အချို့၏မျက်လုံးများကို ပြကာ...
“ကလေးတွေရဲ့ မျက်လုံးသူငယ်အိမ်ထဲမှာ ခပ်ဖြူဖြူတွေ တွေ့တယ် မဟုတ်လား ဆရာ၊ အဲဒါက ကြက်မျက်သင့်တဲ့ လက္ခဏာလေ၊ နောက်တစ်နှစ် နှစ်နှစ်လောက်ဆိုရင် မျက်လုံးကွယ်တော့မှာ ဆရာ၊ သူတို့က ဆရာဘယ်ကလာတယ်ဆိုတာ မသိကြဘူး

မက်စ်သည် အမှောင်တိုက်တွင် ရောက်နေရာမှ အလင်းရသူလို ဖြစ်လာသည်။ တတိယကမ္ဘာ့နိုင်ငံများတွင် ဇီဝကမ္မဗေဒဆိုင်ရာ ဆင်းရဲခေါင်းပါးမှုသည် သည်လောက်ကြီးသည်ဟု သူမထင်ခဲ့။ ကျောင်းမှ သင်ခဲ့ရသော သင်ခန်းစာများသည် ထိုခေါင်းပါးမှုကြီးကို ရင်ဆိုင်ရန် အဆင်သင့်မဖြစ်။ ဝါထိန်သောမျက်လုံးများ၊ ကိုယ်အလေးချိန် တောက်လျှောက်ကျဆင်းမှု၊ လည်ချောင်းကြီး ယောင်ယမ်းနေခြင်း စသည့် လက္ခဏာချက်များသည် သူသိခဲ့သမျှ၊ သင်ခဲ့ဖူး သမျှ စာအုပ်တွေထဲက ရောဂါတွေနှင့် တစ်ခုမျှ ကိုက်ညီခြင်းမရှိ။ သို့ရာတွင် ထိုအရာများသည် အိန္ဒိယပြည်တွင် တွေ့နေရသည့် လက္ခဏာချက်များဖြစ်ပြီး အသေအပျောက်နှုန်း အများဆုံးသော ရောဂါဖြစ်နေသည်။ ထိုရောဂါမှာ အခြားမဟုတ်။ ချောင်းဆိုးသွေးပါ အဆုတ်နာဖြစ်သည်။ 

အိန္ဒိယပြည်အဆုတ်ရောဂါဆိုင်ရာဌာနက အိန္ဒိယပြည်တွင် အဆုတ်ရောဂါစွဲကပ်နေသူပေါင်းမှာ (၁၉၈၁ ခုနှစ်တွင်) လူဦးရေ သန်းနှစ်ရာ့ခြောက်ဆယ်ရှိသည်ဟု ဆိုသည်။ သူရောက်ပြီး ပထမတစ်ပတ်အတွင်းတွင် မက်စ်သည် လူနာပေါင်း ၄၆၉ ယောက်ကို တတ်နိုင်သမျှ ကုသပေးခဲ့သည်။

“ကျွန်တော့်ဆေးခန်းရှေ့က လူတန်းကြီးဟာ ဆုံးပဲ မဆုံးနိုင်တော့ဘူးဗျာ၊ ကြည့်ပြီး နည်းနည်းလေးမှ စိတ်မကောင်းဘူး။ တစ်ခါတလေကျတော့ ကျွန်တော့်စိတ်ထဲမှာ ဒဏ္ဍာရီပုံပြင်ထဲကဟာတွေကို တွေ့နေသလားလို့တောင် ထင်မိတယ်။ ကလေးတွေဆိုတာ ဘာအဝတ်အစားမှ မပါဘူး၊ သူတို့ခါးမှာ စည်းထားတဲ့ ဒိုတီကလေးတစ်ပိုင်းပဲပါတယ်။ ခါးပတ်ပတ်လည်မှာ ကြိုးကလေး ချည်ထားပြီး ချူကလေးဆွဲထားတယ်။ အဝတ်အစားမပါတော့ နှလုံးတို့၊ အဆုတ်တို့ရဲ့ အသံကို နားထောင်ရတာကတော့ လွယ်ပါရဲ့၊ ဒါပေမယ့် သူတို့ရောဂါတွေကို ကုရတာကတော့ မလွယ်ဘူးဗျ။ ကိုယ်လုံးကလေးတွေက သေးသေးကလေးတွေ ဆိုတော့ လက်ထဲမှာ ကိုင်လိုက်ရင် ငါးရှဉ့်ကို ကိုင်လိုက်ရသလို ချော်ထွက်သွားတယ်"

" မိန်းမတွေ ဆိုတာကလဲ တစ်ကိုယ်လုံး မင်ကြောင်တွေ ထိုးထားကြတယ်။ တချို့ဆိုရင် ခေါင်းကနေ ခြေဖျားအထိ ထိုးထားတာ။ ဒီအထဲမှာ ယောက်ျားတွေတွင် မကဘူး၊ မိန်းမတွေကလဲ ဗိုက်ဆာဆာရှိတိုင်း ကွမ်းတွေ စားထားလို့ သူတို့လျှာတွေကလဲ ရဲနေသဗျ၊ ဒီတော့ လူနာလာပြရင် အဲဒါတွေကြောင့် ရောဂါကို ရုတ်တရက် ရှာလို့မရဘဲ ဖြစ်နေတတ်သေးတယ်။ သူတို့ဆိုးထားတဲ့ ဆေးတွေနဲ့ ကွမ်းသွေးတွေကြောင့် နေထိုင်မကောင်းဘူးဆိုပြီး လာပြရင် ကျွန်တော် ဘယ့်နှယ်လုပ်ပြီး အသားအရောင်ကို ခွဲခြားကြည့်နိုင်တော့မှာလဲ။ ပါးစပ်တို့၊ လည်ချောင်းတို့မှာ အမြှေးပါးယောင်နေသလား ဘာလားဆိုတာ ကျွန်တော် ဘယ့်နှယ်လုပ် ခွဲခြားနိုင်တော့မှာလဲ။ တချို့ကတော့လဲ ရောဂါကို ကျွန်တော် ခွဲခြားနိုင်အောင် တတ်နိုင်သမျှ ကူညီကြပါတယ်လေ။ ဒါပေမယ့် သူတို့ ကူညီပုံကိုလဲ ကြည့်ဦးဗျ၊ ဥပမာ- ချောင်းဆိုးသွေးပါ အဆုတ်နာ စွဲနေလို့ ပိန်ချုံးနေတဲ့ အဘိုးကြီးတစ်ယောက်ကဆိုရင် အတင်းဖျစ်ညှစ် ချောင်းဆိုးပြီး ပါးစပ်ထဲက သွေးကို လက်ဖဝါးထဲ ထွေးပြသဗျ။ လက်ဖဝါးထဲ သွေးခဲတုံးကြီး ထွေးပြနိုင်လို့ ကျေနပ်နှစ်သက် အားရနေလိုက်သေးတယ်။ လက်ဖဝါးထဲက သွေးမှာ အဆုတ်ရောဂါပိုးတွေ သန်းပေါင်းများစွာ ကူးခတ်နေကြတာပေါ့"

" အဲ...ရောက်တဲ့နေ့ကစပြီး ကျွန်တော်လဲ မလုပ်မဖြစ်တဲ့ သန့်ရှင်းရေးလုပ်ငန်းတွေကို သေသေချာချာ ဂရုတစိုက် လုပ်ရတယ်။ ဒါပေမယ့် ခက်တာက ကျွန်တော့်အခန်းထဲမှာ လက်ဆေးစရာ ဇလုံကလေး တစ်လုံးတောင် ရှိတာမဟုတ်ဘူး၊ လူနာတစ်ယောက်ကို ကိုင်တွယ်ပြီး နောက်လူနာတစ်ယောက်ကို မကြည့်ခင်မှာ လက်ဆေးဖို့ ဇလုံမရှိဘူး။ သူတို့ဆီမှာကတော့ ရောဂါပိုးတို့ နေမကောင်းဖြစ်တာတို့၊ နာဖျားမကျန်းဖြစ်တာတို့၊ သေတာတို့က အဆန်း မဟုတ်တော့ဘူးလေ။ ရိုးသွားပြီ။ မိန်းမတစ်ယောက်ဆိုရင် သူ့ခြေထောက်က အနာကြီး ပြည်ပေါက်နေတာကို ဆာရီနဲ့ သုတ်နေတယ်၊ ကျွန်တော်က လိမ်းဖို့ပေးလိုက်တဲ့ ဆေးကို လက်နဲ့ကော်ပြီး အနာကို လိမ်းတာမျိုးတွေလဲ ရှိသေးတယ်"

“တစ်ခါတလေလဲ ရယ်စရာကလေးတွေ တွေ့ရသေးတယ်၊ တစ်ခါတော့ ကလေးငယ်တစ်ယောက်ကို စမ်းနေတုန်း ကလေးက သေးနဲ့ ငေါက်တောက် ပန်းလိုက်တာ ကျွန်တော့်မျက်နှာကို တည့်တည့် လာစဉ်တယ်လေ။ ဒီတွင် ကလေးအမေလဲ ပျာပျာသလဲဖြစ်ပြီး ကျွန်တော့်မျက်နှာကို သူ့မျက်နှာဖုံး ပဝါအဖျားနဲ့ လိုက်သုတ်ပေးတယ်။ တချို့လဲ ဆေးစာရွက်အဟောင်းကြီးကိုင်ပြီး လာပြတယ်။ ဗန်ဒိုနာကို အဖတ်ခိုင်းကြည့်တော့ လူနာက ရယ်ရသေးတယ်။ ဆေးစာရွက်အဟောင်းကြီးကိုပြပြီး ဆေးလာတောင်းတယ်လေ။ ဆေးစာကို ဗန်ဒိုနာကို အဖတ်ခိုင်းကြည့်တော့ ကင်ဆာရောဂါ နောက်ဆုံးအဆင့်မှာ ရောက်နေလို့ တစ်နေ့ကို အက်စပရင် ခြောက်ပြားပေးရမယ်ဆိုတဲ့ ဆေးစာ၊ သူနဲ့ ဘာမှမဆိုင်ဘူး။ နောက်တစ်ယောက်ကတော့ ရင်ဘတ်ကို ရိုက်ထားတဲ့ ဓာတ်မှန်ပြားကြီးကို ကျီဝနတ်ရုပ်ကို ပင့်လာသလို သေသေချာချာ ကိုင်လာပြီး လာပြတယ်၊ သူ့ဓာတ်မှန်ကို ကြည့်လိုက်တော့ သူ့ဓာတ်မှန်က အနှစ် နှစ်ဆယ်လောက်က ရိုက်ထားတဲ့ ဓာတ်မှန်"

“ဒါပေမယ့် သုခမြို့တော်မှာ တွေ့ရတဲ့အဖြစ်တွေကတော့ အများအားဖြင့် စိတ်မကောင်းစရာ၊ စိတ်မချမ်းသာစရာတွေပဲ များပါတယ်။ တစ်နေ့တော့ တစ်ကိုယ်လုံး မီးတွေလောင်ထားတဲ့ ကလေးမကလေးတစ်ယောက် ကျွန်တော့်ဆီ ရောက်လာတယ်။ ဖြစ်ပုံက သူက မီးရထားလမ်းဘေးတစ်လျောက်မှာ ရထားခေါင်းတွဲက ကျကျန်ခဲ့တဲ့ ကျောက်မီးသွေးတုံးကလေးတွေကို လိုက်ကောက်နေတုန်းမှာ ရထားခေါင်းတွဲက အငွေ့မှုတ်ထုတ်လိုက်တာ"

" မိန်းကလေးတစ်ယောက်ကတော့ မျက်နှာကလေးက လှပါရဲ့၊ ဒါပေမယ့် သူ့မျက်နှာပေါ်မှာ အကွက်ကလေးတစ်ကွက် ပေါ်နေတယ်။ အကွက်ကလေးပေါ်ကို အပ်စိုက်ကြည့်လိုက်တာနဲ့ ဒီအကွက်ကလေးဟာ ကျွန်တော်တို့တိုင်းပြည်မှာ မတွေ့ဖူးတဲ့ ရောဂါမျိုးဖြစ်တယ်ဆိုတာ သိလိုက်တယ်။ ချက်ချင်း သိလိုက်ပြီ၊ ကိုယ်ရေပြားရောဂါလေ"

"တစ်ခါမှာတော့ ကလေးအဖေ လူငယ်ကလေးတစ်ယောက် လာပြတယ်။ သူ့ကို ကြည့်လိုက်တော့ ဆစ်ဖလစ်ရောဂါ အကြီးအကျယ်ဖြစ်နေပြီ။ ဒါနဲ့ ကျွန်တော့်လက်ထောက် အာသံသူ ဗန်ဒိုနာကတစ်ဆင့် သူ့ကိုရှင်းပြရတယ်၊ သူ့ရောဂါဟာ သူ့ဇနီးနဲ့ကလေးအတွက် အများကြီး ဒုက္ခရောက်နိုင်တယ်လို့။ နောက်ကလေးအမေတစ်ယောက်ကတော့ ကျွန်တော့်ဆီကို အသက်မရှိတော့တဲ့ အသားထုပ်ကလေးတစ်ထုပ် ယူလာတယ်လေ၊ ကလေးကို ကြည့်လိုက်တော့ ဆုံဆို့နာကြောင့် ဆုံးသွားတာ။ လူဖြူဆရာကြီးက ကယ်ပေးတယ်ဆိုပြီး လာတဲ့လူနာတွေကလည်း မနည်းဘူး။ တချို့က ကင်ဆာရောဂါသည်တွေ၊ အကြီးအကျယ် နှလုံးရောဂါဖြစ်နေတဲ့ ရောဂါသည်တွေ၊ ရူးသွပ်နေတဲ့လူတွေ၊ မျက်စိကွယ်နေတဲ့လူတွေ၊ ဆွံ့အ,နေတဲ့ လူတွေ၊ ကိုယ်ခန္ဓာ လူစဉ်မမီတော့တဲ့လူတွေ၊ သွက်ချာပါဒလိုက်နေသူတွေ၊ ကျွန်တော်ဟာ ပျောက်စေဆရာ ဆိုပြီး မျှော်လင့်ချက်ကြီးနဲ့ လာကြတဲ့လူနာတွေလေ"

“အဲဒီအထဲမှာ ကျွန်တော်မကြည့်ရက်ဆုံး၊ နောင်လည်း ဘယ်တော့မှ ကြည့်ချင်မှာမဟုတ်တဲ့ လူနာကတော့ ဗိုက်ပူနံကားနဲ့ ပိန်ချုံးချည့်နဲ့နေတဲ့ ကလေးငယ်တွေပဲ။ အမေတွေက အားကိုးတကြီးနဲ့ အဲဒီကလေးတွေကို ခေါ်လာပြီး ကျွန်တော့်ခုတင်ပေါ်ကို လာပို့ကြတယ်။ ကလေးတွေက အသက်အခါလည်လောက်ရှိပြီ။ တချို့ဆိုရင်လည်း အခါလည်နဲ့ ခြောက်လလောက်ရှိပြီ။ ဒါပေမယ့် ချိန်ကြည့်လိုက်ရင် ကိုယ်အလေးချိန်က ကိုးပေါင်တောင် မပြည့်ချင်ဘူး။ ကလေးတွေက သိပ်ပြီး အာဟာရချို့တဲ့နေလေတော့ သူတို့ငယ်ထိပ်ဟာ ဘယ်တော့မှ မစေ့တော့ဘူး။ ကယ်လ်စီယံဓာတ် ချို့တဲ့တော့ သူတို့ခေါင်းခွံရိုး တည်ဆောက်ပုံဟာ ပုံပျက်ပန်းပျက်ဖြစ်သွားပြီး ခေါင်းခွံက ပိန်ရှုံ့ကလေးဖြစ်နေတော့ အီဂျစ်ပြည်မှာ ဆေးစိမ်ထားတဲ့ အလောင်းကောင်ကလေးတွေလို ဖြစ်နေတယ်။ ငယ်ငယ်က အာဟာရချို့တဲ့ခဲ့ကြလေတော့ ချို့တဲ့မှုအတိုင်းအတာကိုလိုက်ပြီး သူတို့ဦးနှောက်ထဲက ဂရေးဆဲလ်တွေဟာ အများအပြား ပျက်စီးကုန်ကြတယ်။ ကျွန်တော်က ဘယ်လောက်ပဲ ဆေးကုပေးပြီး ကယ်ထား, ကယ်ထား၊ သူတို့တစ်တွေဟာ လူကောင်းပကတိ ဖြစ်လာကြတော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့ဆေးပညာ သတ်မှတ်ချက်အရ ပြောရရင် ဝမ်းတွင်းရူး လူနုံလူအ, အန္ဓတွေ ဖြစ်ကုန်ကြတော့မှာပဲ"

သူတွေ့နေရသည့် ကလေးများ၏အခြေအနေမှာ တစ်တိုင်းပြည်လုံးတွင် ဖြစ်ပွားနေသည့် အာဟာရချို့တဲ့သည့် ကလေးငယ်များ၏ အလွန်သေးငယ်သည့် အစိတ်အပိုင်းကလေး တစ်ပိုင်းသာဖြစ်ပြီး၊ နမူနာသဘောလောက်သာ ရှိသေးကြောင်းကို နောင်တွင် မက်စ် တွေ့လာခဲ့ရသည်။ ကလေးများနှင့်ပတ်သက်၍ အခွင့်အာဏာအပိုင်ဆုံး ဌာနတစ်ခုဖြစ်သော အိန္ဒိယပြည် အာဟာရဓာတ်ဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူး၏ အဆိုအရ အိန္ဒိယပြည်သည် ယနေ့ အချိန်တွင် အာဟာရချို့တဲ့မှုကြောင့် လူတန်းမစေ့သော ကလေးငယ်များကို ထုတ်လုပ်လျက်ရှိကြောင်းဖြင့် ပြောဆိုသွားခဲ့သည်။ သူ့အဆိုအရ နောက်လာမည့် မျိုးဆက်များ၏ ကျန်းမာသန်စွမ်းရေးသည် သိသိသာသာကြီး ယုတ်လျော့ကျသွားမည်ဟု ဆိုသည်။ 

ယခုအချိန်တွင် အနည်းဆုံး အိန္ဒိယလူမျိုး သန်း ၁၄ဝ ကျော်တို့သည် အာဟာရချို့တဲ့သောရောဂါကို ခံစားနေကြရသည်ဟု ဆိုသည်။ အိန္ဒိယပြည်တွင် တစ်နှစ် တစ်နှစ်လျှင် ကလေးသန်းပေါင်း ၅၃ သန်း မွေးလျက်ရှိရာ ယင်းတို့အနက် ၃ သန်းသာလျှင် ကျန်းမာသန်စွမ်းသော လူကြီးအဖြစ်သို့ ရောက်လာကြမည်ဟုလည်း ထိုပါရဂူက ပြောဆိုခဲ့သည်။ ယင်းကျန်ရစ်သူတို့အနက် လေးသန်းမှာ အသက်ရှစ်နှစ်မတိုင်မီ သေဆုံးသွားကြသည်။ အာဟာရချို့တဲ့သဖြင့် ငါးနှစ်အောက် ကလေး ၅၁ ရာနှုန်းသည် စိတ်ဓာတ်နှင့် အာရုံကြောပြဿနာများ ပေါ်ပေါက်လာခဲ့ကြကာ ယင်းတို့ကြောင့် အပြုအမူဆိုင်ရာ ချို့ယွင်းချက်များ ဖြစ်ပေါ်လာနိုင်သည်။ အရွယ်ရောက်သူများ လူကြီးများမှာ လည်ပင်းကြီးရောဂါနှင့် အလားတူ ချို့ယွင်းချက်များ ပေါ်ပေါက်လာကြမည်ဖြစ်သည်။

သူရောက်ပြီး ဒုတိယနေ့တွင် ခေါင်းမြီးခြုံထားသည့် မူဆလင် အမျိုးသမီးငယ်တစ်ယောက် ရောက်လာပြီး သူ့စားပွဲပေါ်သို့ အထုပ်ကလေးတစ်ခု လာတင်သည်။ အမျိုးသမီးငယ်သည် သူ့ကို ပြူးပြူးကြီး စိုက်ကြည့်ရင်း အင်္ကျီ ကြယ်သီးများကို ဖြုတ်သည်။ ထို့နောက် သူ့ရင်မွှာအစုံကို လက်ဖြင့် မပြသည်။

“နို့မထွက်တော့ဘူး၊ ခန်းသွားပြီ...ခန်းသွားပြီ” ဟု အော်နေသည်။

ထို့နောက် သူ့မျက်လုံးများသည် နံရံတွင် ချိတ်ထားသည့် အရုပ်ကားပေါ်သို့ ရောက်သွားကြ၏။ အရုပ်ကားမှာ နို့မှုန့်ကြော်ငြာအရုပ်ကားဖြစ်သည်။ အရုပ်ကားပေါ်တွင် ပါးဖောင်းဖောင်းနှင့် ပြုံးရယ်နေသည့် ကလေးငယ်တစ်ယောက်။ ထိုကလေးငယ်၏ ပုံအောက်တွင် “သင့်ကလေးငယ်များကို ကျန်းမာအောင် နက်စလေကုမ္ပဏီက ပြုလုပ်ပေးသည်” ဆိုသည့် ကြော်ငြာစာတန်းကို တွေ့ရသည်။ အမျိုးသမီးသည် ထိုရုပ်ပုံကိုကြည့်၍ တစ်ချက်အော်သည်။ ထို့နောက် နက်စလေ နို့မှုန့်ကုမ္ပဏီက ပြက္ခဒိန်ဆီသို့ တစ်ဟုန်ထိုး ပြေးသွားကာ ပြက္ခဒိန်ကို အစိတ်စိတ်အမြွာမြွာဖြစ်သွားအောင် ဆုတ်ပစ်နေသည်။

ထိုစဉ် အခန်းကလေးထဲသို့ အမျိုးသမီးတစ်ယောက် ပြေးဝင်လာကာ ခပ်စောစောက ရောက်နေသည့် မူဆလင် အမျိုးသမီးငယ်ကို တွန်းပစ်လိုက်ပြီး မက်စ်ဆီသို့ ပြေးလာကာ လက်ထဲတွင် ပွေ့လာသည့် ကလေးငယ်ကို ထိုးပေး သည်။

“ဆရာကြီး ဒီကလေးကို ယူသွားပါ၊ ဒီကလေးကို မွေးပေးပါ” ဟု အော်သည်။

ထိုအပြုအမူများသည် စိတ်ပျက်၍ မျှော်လင့်ချက်ကုန်ခန်းနေသော ကလေးအမေများ၏အခြေအနေကို ဖော်ပြနေသည့်အပြုအမူများဖြစ်သည်။

“ကိုယ့်ကလေးကို ဒီလောက်ချစ်တဲ့ အမေမျိုးတွေကို ကျွန်တော် တခြား ဘယ်မှာမှ မတွေ့ဖူးဘူးဗျာ။ အမေတွေဟာ သူတို့ကလေးငယ်တွေအတွက် အငတ်ခံကြတယ်။ သူတို့အသက်ကို စွန့်ကြတယ်။ သူတို့ကလေးတွေ အသက်ရှင်မယ်ဆိုရင် သူတို့ရဲ့ အသက်သွေးကိုလည်း ပေးကြတယ်။ ဒီလိုချစ်တဲ့ မိခင်တွေရဲ့ အချစ်မျိုးကို ဘယ်မှာတွေ့နိုင်မလဲ” ဟု မက်စ် က ပြောသည်။

မည်သို့ဖြစ်စေ မက်စ်အဖို့သော်မူ သုခမြို့တော်တွင် သူတွေ့ခဲ့ရသော ကလေးငယ်တို့၏ ဒုက္ခဝေဒနာ၊ မိခင်များ၏မျက်လုံးထဲတွင် တောက်လောင်နေသော သောကမီးတို့ကို သူ့တစ်သက်တွင် ဘယ်တော့မျှ မေ့နိုင်တော့မည်မဟုတ်။
ထိုနေ့ညတွင် ကာလကတ္တားမြို့တော်ကြီးသည် သူ့အတွက် နောက်ထပ် မေ့နိုင်ဖွယ်မရှိသော အဖြစ်အပျက်တစ်ခုကိုလည်း ဖန်တီးပေးလိုက်သည်။

ကာလကတ္တားထုတ် သတင်းစာတစ်စောင်တွင် စာလုံးမည်းကြီးဖြင့် သတင်းတစ်ခု ပါလာသည်။ သတင်းက အခြားမဟုတ်။

“ကာလကတ္တားဆရာဝန်ကြီးများက ဖန်ပြွန်သန္ဓေသားဖြင့် ကလေးငယ်တစ်ယောက် မွေးပေးလိုက်ပြီ” ဆိုသည့် သတင်း။

အပိုင်း(၄၉)ဆက်ရန်
-----------------------
#မြသန်းတင့်

Post a Comment

0 Comments