သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၆၀)

#သုခမြို့တော်

အပိုင်း(၆၀)

သူ့တွင် ရှိသမျှသော ဥစ္စာပစ္စည်းတို့ကို ကြေးလင်ပန်းကလေးတစ်ချပ်ထဲတွင် စုပုံထားသည်။ ယင်းတို့မှာ ခရုသင်းတစ်ခု၊ လန်ချားတွင် တပ်သည့် ချူကလေးတစ်လုံး၊ ဂင်္ဂါမြစ်ရေထည့်ထားသည့် အိုးကလေးတစ်လုံး၊ ထောပတ်ဆီ အိုးတစ်လုံး၊ ခွငါးခုရှိသည့် ဖယောင်းတိုင်တစ်ချောင်းတို့ဖြစ်သည်။ ထိုဖယောင်းတိုင်မှာ မီးနတ်ကို ပူဇော်သည့်အခါတွင် ထွန်းရန်ဖြစ်သည်။ သူ့အမည်မှာ ဟာရီဂီရိဖြစ်ပြီး အသက်လေးဆယ့်သုံးနှစ်ရှိပြီ။ သေးကွေးကျုံလှီသည့် ခန္ဓာ ကိုယ်ရှိပြီး နဖူးပေါ်တွင် မှဲ့ကြီးတစ်လုံးပေါက်လျက်ရှိသည်။ သူ့အလုပ်မှာ ဟိန္ဒူဘုန်းတော်ကြီးဖြစ်လေသည်။ သူသည် ဆင်းရဲသားရပ်ကွက်တွင် အဆင်းရဲဆုံးသော မဒရာစီများနေသည့် တဲတန်းကလေးအနီးတွင် တဲကလေးတစ်လုံး ဖြင့် တစ်ယောက်တည်းနေသည်။ သူ့တဲရှေ့တွင် နတ်စင်ကလေးတစ်ခုရှိ၏။ ထိုနတ်စင်ကလေးကား ဆီတိုလာနတ်ခေါ် ကျောက်ရောဂါကို ကာကွယ်ပေးသည့် နတ်ဖြစ်သည်။ မည်းနက်သော မျက်လုံး၊ ဆေးနီရောင်ခြယ်ထားသည့် နဖူးနှင့် လည်ပင်းတွင် မြွေဟောက်ရုပ်များနှင့် ခြင်္သေ့ရုပ်များကို ထုထားသည့် ဆီတိုလာ နတ်ရုပ်သည် ကာလီနတ်ထက်ပင် ကြောက်စရာအသွင်ကို ဆောင်နေသေးသည်။ 

ထိုရပ်ကွက်ကလေးထဲတွင် ဟိန္ဒူဘုန်းကြီးနာမည်ကြီးနေခြင်းမှာ ဆီတိုလာနတ်စင်ကြောင့် သက်သက်မဟုတ်။ သူ့ထံတွင် အိန္ဒိယအမျိုးသမီးငယ်တို့အား လင်ကောင်း သားကောင်းရှာပေးနိုင်သည်ဟု အဆိုရှိသော ဆင်၏ဦးခေါင်းရှိသော ဂါနက်သျှနတ်ဘုရား၏ သမီးတော်ဖြစ်သော ဆန်တိုရှိမာတာနတ်ရုပ်ကြောင့်လည်းဖြစ်သည်။ လင်သားဆုပန်လိုသော အမျိုးသမီးငယ်တို့သည် သင့်လျော်သော ပူဇော်ပသကြေးဖြင့် ဟိန္ဒူဘုန်းတော်ကြီး ဝီရိထံရောက်လာကြ ကာ သူတို့အတွက် ပသပူဇော်ပေးရန် ပြောကြသည်။ ဟိန္ဒူဘုန်းကြီးတကာတို့အနက် ပူဇော်ပသကြေး အများဆုံးရသူများမှာ လက်ထပ်ထိမ်းမြားရေးကိစ္စကို ဆောင်ရွက်ပေးသည့် ဘုန်းကြီးများဖြစ်သည်။ ဝီရိသည် တစ်ဖက်က ထိုသို့ပူဇော်ပသပေးသည့်အပြင် သူကိုယ်တိုင်ကလည်း ဗေဒင်အတတ်ကို တတ်သေးသည်။ ထို့ကြောင့် အမျိုးသမီးငယ်တို့၏ လက်ထပ်ထိမ်းမြားရေးကိစ္စနှင့် ပတ်သက်လာလျှင် ထိုရပ်ကွက်ကလေးထဲတွင် ဝီရိဆီသို့သာ ရောက်လာကြမြဲ ဖြစ်သည်။

သမီး လင်ကောင်းသားကောင်းမရမှာကို စိတ်ပူရှာသည့် ဟာစရီပါးသည် နောက်ဆုံးတွင် ဝီရိထံသို့ ရောက်လာခဲ့သည်။ တစ်ညနေ၌ ဝီရိသည် သူ့သမီးငယ်၏ မွေးနေ့နှင့် အချိန်ကိုမေးရန် လန်ချားသမား ဟာစရီပါးအိမ်သို့
ရောက်လာသည်။ ဟာစရီပါးက သူ့သမီး၏မွေးနေ့၊ မွေးချိန်တို့ကို ပေးလိုက်သည့်အခါတွင် ဝီရိက...“အေး...အေး...ကောင်းပြီ။ တွက်ချက်ပြီး မကြာခင် ပြန်လာပြောလှည့်မယ်” ဟု ဆို၍ ပြန်သွားသည်။

ပြောသည့်အတိုင်းပင် ဝီရိသည် ရက်အနည်းငယ်အကြာတွင် ဟာစရီပါး အိမ်သို့ ရောက်လာပြန်သည်။

“မင်းသမီးရဲ့ ဇာတာကို စစ်ဆေးကြည့်ပြီး သူ့ဇာတာနဲ့ကိုက်တဲ့ ကောင်လေးတစ်ယောက်ကို ငါတွေ့ထားတယ်ကွ၊ ငါ့အသိထဲက ဆိုပါတော့၊ ကောင်လေးရဲ့ မိဘမျိုးရိုးကတော့ အိုးထိန်းသည်တွေထဲကပဲ၊ ဒီနားတစ်ဝိုက်မှာ သူတို့အိုးဖုတ်တဲ့ဖို နှစ်ဖိုရှိတယ်။ တင့်တောင့်တင့်တယ်ထဲကပါပဲ။ မင်းတို့ဘက်က သဘောတူမယ်ဆိုရင် ကောင်လေးဘက်က မင်းတို့ကိုလာပြီး စကားပြောပါလိမ့်မယ်"

ဝီရိက ဝမ်းသာအားရဖြင့် ပြောသည်။ ဟာစရီပါး၏ဝမ်းသာပုံမှာကား ဆိုဖွယ်မရှိတော့ပြီ။ ဟာစရီပါးသည် ဝီရိ၏ခြေအစုံကို နဖူးဖြင့်ထိသည်။ ထို့နောက် လက်ကို နဖူးပေါ်သို့တင်၍ အရိုအသေပေးသည်။ ဝီရိကား ကိုယ့်သိက္ခာကိုယ် ရိုသေခြင်းမရှိသည့် ဘုန်းကြီး ဖြစ်သည့်အလျောက် မအောင့်နိုင်တော့ပြီ။ ဟာစရီပါးက ဤသို့ အားကိုးတကြီးအမူအရာပြလိုက်သည်နှင့် သူ့အခကြေးငွေအတွက် စရန်ငွေ ကြိုတင်ပေးရန် တောင်းသည်။

ဟာစရီပါး၏အိမ်သို့ ဟိန္ဒူဘုန်းကြီးဝီရိရောက်လာခြင်းသည် သနားစရာ ရယ်ရွှင်ဖွယ်ဇာတ်လမ်းတစ်ပုဒ် အစပြုရန် ဖန်တီးလာခြင်းဖြစ်လေသည်။ ကိုဗာစကီးသည် ထိုအနီးတစ်ဝိုက်တွင်နေသူဖြစ်သည့်အလျောက် ထိုဇာတ်လမ်း တွင် အရေးကြီးသူတစ်ယောက်ဖြစ်လာခဲ့သည်။ ထုံးစံအားဖြင့်ဆိုလျှင် လက်ထပ်ထိမ်းမြားခြင်းမပြုမီ နှစ်ဦးနှစ်ဖက် ကြောင်းလမ်းခြင်း၊ ခန်းဝင်ပစ္စည်းကိစ္စ၊ ငွေတင်တောင်းသည့်ကိစ္စတို့ကို အများရှေ့တွင် ပြောရမည်ဖြစ်သော်လည်း နှစ်ဖက်မိဘတို့သည် ငွေရေးကြေးရေးကိစ္စများကို လူပုံလယ်တွင် မပြောချင်ကြ။ လူရှင်းရာတွင် တိုးတိုးတိတ်တိတ်သာ ပြောချင်ကြသည်။

“ဒီလိုဆိုရင် ကျွန်တော့်အခန်းကိုလာခဲ့ပါလား” ဟု ကိုဗာစကီးက သူ့အခန်းကလေးကို အသုံးပြုရန် ဖိတ်ခေါ်သည်။

သို့ဖြင့် နှစ်ဖက်လူကြီးမိဘများသည် ကိုဗာစကီး၏အခန်းထဲရှိ ခရစ်တော်၏ ရုပ်ပုံကားချပ်ရှေ့တွင် ထိုင်၍ စကားပြောကြသည်။ လူကြီးများသာ တက်ပြီး သတို့သားနှင့်သတို့သမီးတို့ကား မတက်ကြရ။ သူတို့သည် မင်္ဂလာဆောင်ပြီးမှသာ တစ်ယောက်ကိုတစ်ယောက် မြင်ဖူးကြမည် ဖြစ်သည်။

သတို့သားဘက်မှ အဖေမှာ မျက်နှာထားဆိုးဆိုး၊ ကိုယ်လုံးတောင့်တောင့်ဖြစ်ပြီး ခေါင်းတွင် မုန်ညင်းဆီတွေ ရွှဲနေအောင် လိမ်းထားသည်။ နှစ်ဖက်လူကြီးများဆိုရာတွင် မျက်နှာထားဆိုး၊ ခေါင်းတွင် မုန်ညင်းဆီတွေ အရွှဲသား လိမ်းထားသည့် သတို့သား၏အဖေ၊ သတို့သမီး၏အဖေဖြစ်သည့် ဟာစရီပါး၊ ဗြဟ္မဏပုဏ္ဏားဖြစ်သည့် ဝီရိနှင့် ကိုဗာစကီးတို့ဖြစ်သည်။ နှစ်ဖက်မိဘများသည် နှုတ်ဆက်စကားပြောဆိုပြီးနောက် လိုရင်းကိစ္စကို စတင် ပြောဆိုကြသည်။ 

“ကျွန်တော့်သားက ရှာမှရှားဆိုတဲ့ သားမျိုး ခင်ဗျ။ ဒါ့ကြောင့် သူ့ဇနီးဟာလဲ သူ့လိုပဲ အရည်အချင်းရှိတဲ့ မိန်းကလေးဖြစ်စေချင်တယ်”

သတို့သား၏အဖေက ဆိုင်းမဆင့် ဗုံမဆင့် ကြေညာသည်။ သတို့သား၏ဘက်က စကားအသွားအလာကို ကြည့်၍ သူတို့သဘောထားကို အားလုံး ရိပ်မိလိုက်ကြလေပြီ။ သတို့သား၏အဖေသည် သတို့သား၏ရုပ်ရည်ကို လည်းကောင်း၊ စာရိတ္တကိုလည်းကောင်း တစ်လုံးတစ်ပါဒမျှ ပြောဆိုခြင်းမရှိ။ သူလိုချင်သည့် ငွေကိုသာ တင်တောင်းရန် ပြောနေသည်။

ဟာစရီပါးသည် ဘာပြန်ပြောရမှန်းမသိ။ ကိုဗာစကီး၏မျက်နှာကိုသာ လှမ်းကြည့်နေသည်။ ကိုဗာစကီးကို သူဖိတ်ခဲ့ခြင်းမှာလည်း သူ့ကိုယ်စား ပြောစရာရှိသည်ကို ပြောရန် အားကိုးတကြီးဖြင့် ဖိတ်ခဲ့ခြင်းဖြစ်သည်။ ကိုဗာစကီးရှိနေလျှင် သတို့သားဘက်က သူတို့ထင်သလို တစ်ဖက်စီးနင်း ပြောနိုင်မည်မဟုတ်ဟု ယူဆခဲ့သည်။ သို့ရာတွင် ဟာစရီပါးအတွက် မှားသွားလေပြီ။ သတို့သားဘက်ကမူ ဟာစရီပါး ထင်သလို မဟုတ်။ ကိုဗာစကီးရှိနေခြင်းသည် သူတို့အတွက် အာမခံရန်လာသည်ဟု ထင်နေသည်။ သတို့သမီးဘက်က သူတို့တောင်းသောငွေကို မပေးနိုင်လျှင် ကိုဗာစကီးက ဝင်ပြောပေးလိမ့်မည်ဟု သူတို့ထင်နေသည်။

“ကျွန်တော့်သမီးကလဲ ခင်ဗျားသားလိုပါပဲ။ ခြွင်းချက်ထားရမယ့် သမီးမျိုးပါ” ဟု ဟာစရီပါးက အားကျမခံ ပြောသည်။

“ဟုတ်တာပေါ့ဗျာ၊ ကိုယ့်သမီးက အဖိုးတန်ဆိုရင် ခန်းဝင်ပစ္စည်းကိုလဲ များများပေးသင့်တာပေါ့” ဟု သတို့သား၏အဖေက ဆိုသည်။

“ဒါကတော့ ကျွန်တော်တို့ဘက်က ကိုယ့်တာဝန်ကို ကျေအောင်လုပ်မှာပါ"

“ကောင်းပါလေ့ဗျာ၊ ဒီလိုဆို ဘယ်လောက်များ တင်တောင်းမလဲ” ဟု ဆိုကာ သတို့သားအဖေက ဘီဒီဆေးလိပ်တစ်လိပ်ကို ညှိသောက်သည်။

အိန္ဒိယအမျိုးသမီးတစ်ယောက်အတွက် ခန်းဝင်ပစ္စည်းမှာ နှစ်မျိုးရှိသည်။ တစ်မျိုးမှာ သတို့သမီးတွင် ဝတ်စားထားသည့် လက်ဝတ်ရတနာများနှင့် အဝတ်အစားများဖြစ်၏။ ယင်းတို့မှာ သူ့ကိုယ်ပိုင်ပစ္စည်းများ ဖြစ်သည်။ နောက်တစ်မျိုးမှာ လက်ထပ်ပြီး ဇနီးမောင်နှံအတွက် ဖွဲ့သည့် လက်ဖွဲ့ပစ္စည်းများဖြစ်သည်။ ဟာစရီပါးသည် နှစ်ခုစလုံးထည့်ရန်ဖြစ်၏။ စာရင်းမှာ သိပ်မများလှပါ။ သို့ရာတွင် ပစ္စည်းတစ်ခုတိုင်းသည် မိုးထဲရေထဲတွင် လန်ချားခေါက်ရေများစွာ ဆွဲပြီးမှ ရခဲ့ခြင်းဖြစ်သည်။ စွန့်လွှတ်မှုပေါင်းများစွာကို လုပ်ပြီး၊ ခြိုးခြံမှုပေါင်းများစွာကို လုပ်ပြီးမှ ရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပစ္စည်းတစ်ခုပေးလိုက်ရခြင်းသည် သူ့အသွေးအသားကို တစ်ဖဲ့ ဖဲ့ပေးလိုက်ရသည်ဟု ထင်၏။ သတို့သမီးဘက်မှ စာရင်းတွင် ချည်ဆာရီနှစ်ထည်၊ ဘော်လီအင်္ကျီနှစ်ထည်၊ ​ရှောစောင်တစ်ထည်၊ အိုးခွက်ပန်းကန်များနှင့် ဥဿဖရားဖြင့် လုပ်ထားသည့် လက်ဝတ်လက်စားတို့ဖြစ်သည်။ သတို့သား၏မိသားစုအတွက် တင်တောင်းရသည့် ပစ္စည်းများမှာ ဒိုတီနှစ်ထည်၊ စွပ်ကျယ်အင်္ကျီများ၊ ပန်ချာပီ ဘောင်းဘီတစ်ထည်၊ လည်ပင်းမှ ဒူးအထိရှိသည့် အပေါ်အင်္ကျီရှည် တစ်ထည်တို့ဖြစ်သည်။ ထိုပစ္စည်းများသည် လူဆင်းရဲတစ်ယောက် ဖွဲ့ရသည့် ခန်းဝင်ပစ္စည်းများဖြစ်သည်မှာ မှန်သည်။ သို့ရာတွင် ထိုပစ္စည်းစုစုပေါင်းတန်ဖိုးသည် ငွေနှစ်ထောင်ခန့်ရှိလေရာ လူမမာ လန်ချားသမားတစ်ယောက်ဖြစ်သော ဟာစရီပါးလို ဆင်းရဲသားအဖို့ကား ဇောတိက၏စည်းစိမ်နီးပါးလောက်ရှိသည်။

သတို့သား၏ဖခင်သည် စာရင်းကိုဖတ်ပြီးသည့်နောက်တွင် မျက်ခုံးနှစ်ဖက်ကို အထက်သို့ ချီလိုက်ပြီး အတန်ကြာ တိတ်ဆိတ်နေသည်။ ထို့နောက်မှ ...
“ဒါ အရေးကုန်ပဲလား”

ဟာစရီပါးက ဝမ်းပန်းတနည်းဖြင့် ခေါင်းယမ်းပြလိုက်၏။ သို့ရာတွင် သတို့သား၏ဖခင်ရှေ့တွင် မာနကို အချိုးမခံနိုင်။

“ကျန်တဲ့ တန်ဖိုးကတော့ဗျာ ကျွန်တော့်သမီးရဲ့ အရည်အချင်းတွေနဲ့ စာလိုက်ရင် ဘာမှ မပြောလောက်ပါဘူး”

“ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် နောက်ထပ် ခြေချောင်းမှာ ဝတ်ဖို့ ခြေကွင်းကလေးနှစ်ကွင်းလောက်တော့ ထည့်ဖို့ကောင်းတာပေါ့ဗျာ။ ပြီးတော့ နှာခေါင်းမှာတပ်တဲ့ ကွင်းကလေးတစ်စုံရယ်၊ နဖူးမှာတပ်တဲ့ ရွှေပြားကလေးရယ်လောက်တော့ ထည့်ဖို့ကောင်းတာပေါ့။ ကျုပ်တို့မိသားစုအတွက် လက်ဆောင်ဆိုပါတော့”

ထိုသို့ပြောနေစဉ် ပုဏ္ဏားကကြားဖြတ်၍...
“နေကြဦးဗျ...နေကြဦး၊ ခင်ဗျားတို့ချင်း အလဲအလှယ် မလုပ်ခင် ကျုပ်အတွက် ဘယ်လောက် ဘယ်ရွေ့ဘယ်မျှ ကန်တော့မယ်ဆိုတာတော့ သတ်မှတ်သင့်တယ်ဗျ”

“စဉ်းစားထားတာရှိပါတယ် ဆရာကြီးရယ်၊ ဆရာကြီးဖို့ ဒိုတီနှစ်ထည်နဲ့ ဆရာကြီးရဲ့ ဇနီးဖို့ ဆာရီတစ်ထည် ကန်တော့ပါမယ်”

“ဒိုတီနှစ်ထည်နဲ့ ဆာရီတစ်ထည် ဟုတ်စ၊ နောက်နေပြန်ပြီ ထင်တယ်” ဟု ပုဏ္ဏားက ပြောသည်။

သူ့မိတ်ဆွေ ဟာစရီပါး၏ နဖူးပြင်ပေါ်တွင် ချွေးသီးကြီးတွေ စို့လာသည်ကို ကိုဗာစကီး သတိပြုလိုက်မိသည်။

“အင်း...သင်းတို့တစ်တွေဟာ ဟာစရီးပါးကိုယ်မှာ အမွေးတစ်ပင်မှ မကျန်အောင် နှုတ်ယူကြတော့မယ် ထင်တယ်” ဟု သူ့ဘာသာသူ တွေးနေသည်။

ကာလီမာနှင့် အိမ်နီးချင်းတစ်သိုက်တို့ကား အပေါက်ဝမှ စုပြုံ၍ နားထောင်ကာ သူတို့သတင်းကို ဝိုင်းထဲရှိလူများသို့ အမြဲသတင်းပို့နေကြသည်။ သူတို့ဆွေးနွေးပွဲသည် နှစ်နာရီခန့်ကြာသည့်တိုင် မည်သည့်အဖြေမျှမရ။ နှစ်ဖက်စလုံးက တင်းခံနေကြသည်။ စေ့စပ်ကြောင်းလမ်းသည့် ကိစ္စမျိုးဆိုသည်မှာ အလွန်လက်ဝင်သည့်အလုပ် မဟုတ်လော။

နောက်သုံးရက်အကြာတွင် ထိုနေရာမှာပင် ဒုတိယအကြိမ်ထပ်မံ တွေ့ဆုံ ပြောဆိုကြပြန်သည်။ ထုံးစံအတိုင်းပင် ဟာစရီပါးက သတို့သား၏မိဘများနှင့် ပုဏ္ဏားသို့ ကန်တော့မည့်ပစ္စည်းများ စာရင်းကို တင်ပြသည်။ နောက်ထပ် ပစ္စည်းကလေးတစ်ခု ထပ်ထည့်သည်မှအပ အခြားဘာမျှမထူး။ သို့ရာတွင် စောင့်ဆိုင်းနေရသည့် ထိုသုံးရက်အတွင်းတွင်မူ လန်ချားသမား၏ ခွန်အားတို့သည် ယုတ်လျော့ခဲ့ကြလေပြီ။ အသက်ရှူရသည်မှာ ပို၍ခက်လာ၏ ။ ယခင်က မက်စ်က ဆေးထိုးပေးခဲ့သဖြင့် သက်သာခဲ့သော်လည်း ယခုမူ ချောင်းသည် တဟွတ်ဟွတ်ပြန်ဆိုးလာသည်။ သူ့သမီးကလေးကိစ္စ မပြီးခင် သူသေမည်ကို စိုးရိမ်သည်။ ထို့ကြောင့် ဟာစရီပါးသည် သူတို့တောင်းသမျှကို လက်ခံရန် အဆင်သင့်ဖြစ်နေသည်။ သူသေသွားလျှင် သူ့သမီးကလေးကို မင်္ဂလာဆောင်ပေးနိုင်တော့မည်မဟုတ်ဟု သူတွေး၍ စိုးရိမ်နေသည်။ 

ယခုတစ်ကြိမ်တွင်မူ ပုဏ္ဏားက စ,၍ စကားပြော၏။ သူ့တောင်းသည့် တောင်းဆိုချက်မှာ များလွန်းသဖြင့် သတို့သား၏ဘက်နှင့် သတို့သမီး၏ဘက်တို့ ပထမဆုံးအကြိမ် တစ်ထပ်တည်းဖြစ်နေကြသည်။ သူ့တောင်းဆိုချက်ကို နှစ်ဖက်စလုံးက တညီတညွတ်တည်း ငြင်းပယ်ကြသည်။

“ကောင်းပြီလေ၊ ဒီဆိုလိုရင် ကျုပ်က ဒီကိစ္စကို မလုပ်ဘဲနေလိုက်ရုံပေါ့” ဟု ပုဏ္ဏားက ဆိုသည်။

“ဒါတော့ ဘယ်ကောင်းမလဲဗျာ၊ ဒီလိုဆိုရင် ကျွန်တော်တို့မှာ နောက်ထပ် ဆရာတစ်ယောက် ရှာရတော့မလို ဖြစ်နေတာပေါ့” ဟု ဟာစရီပါးက ပြော၏။

ဆရာကြီးက ရယ်လိုက်ကာ... 
“သတို့သားနဲ့ သတို့သမီးရဲ့ ဇာတာတွေက ကျုပ်လက်ထဲမှာဗျ၊ ခင်ဗျား သွားပြီး တခြားလူကို ငှားရင်လဲ ဘယ်သူမှလိုက်မှာမဟုတ်ဘူး၊ ကျုပ်အခါပေးနေတယ်ဆိုရင် ဘယ်သူဝင်ရဲမှာလဲ”

သူ့စကားကြောင့် ဝိုင်းထဲတွင် ဆူညံဆူညံဖြစ်ကုန်သည်။ သူ့စကားကို ကြားသည့်အခါတွင် တစ်ဦးက “ဒီပုဏ္ဏား တော်တော်ကောက်ကျစ်တဲ့ပုဏ္ဏား” ဟု ဆိုသူက ဆိုကြသည်။ တချို့ကလည်း “ဒီပုဏ္ဏားကြီးက သတို့သားအဖေနဲ့ တကျိတ်တည်း တစ်ဉာဏ်တည်းလားမှ မသိတာ” ဟု ဆိုကြသည်။ သူတို့တဲကလေးတွင် ဆွေးနွေးပွဲသည် ရှေ့မတိုးနိုင်၊ နောက်မဆုတ်နိုင်ဘဲ အကျပ်တွေ့နေသည်။ ဟာစရီပါးမှာ အဖျားတက်နေရာမှ လာရသဖြင့် အနည်းငယ် တုန်စပြုလေပြီ။

“ငါ့သမီး မင်္ဂလာပွဲကိုပျက်အောင် လုပ်ရဲလုပ်ကြည့်ပေါ့ကွာ၊ သင်းကို အရေခွံခွာပစ်မယ်” ဟု စိတ်ထဲတွင် ကြိမ်းဝါးနေသည်။

ဟာစရီပါးသည် နီရဲသော မျက်လုံးများဖြင့် ပုဏ္ဏားကြီးကို စိုက်ကြည့်နေလေသည်။

ပုဏ္ဏားဆရာကြီးက ပြန်ရန် မတ်တပ်ထသည်။ ဟာစရီပါးက သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲထားလိုက်ရင်း “မပြန်ပါနဲ့ဦး ဆရာကြီးရယ်” ဟု တောင်းပန်သည်။

“ဒီလိုဆိုရင် ခုချက်ချင်း ငွေတစ်ရာ လက်ငင်းပေးဗျာ”

အားကိုးရာမဲ့ ဖြစ်နေသည့် အဖေနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်နေကြသည်။ ခဏကြာလျှင် ထိုနှစ်ယောက်သည် ဒိုတီခါးကြားထဲတွင် နှိုက်နေကြသည်။

“ရော့...ခင်ဗျ” ဟု ဟာစရီပါးက သံပြတ်နှင့် ပြောကာ နဖူးပေါ်တွင် မှဲ့ကြီးတစ်လုံး ပေါက်နေသည့် ပုဏ္ဏားဆရာကြီးလက်ထဲသို့ ထည့်လိုက်သည်။

ထိုအခါတွင်ကား ပုဏ္ဏားဆရာကြီး၏မျက်နှာသည် ဝင်းထိန်လာခဲ့ကာ သကာလောင်းထားသည့်နှယ် ဖြစ်နေလေပြီ။ သူတို့စေ့စပ်ဆွေးနွေးပွဲကိုလည်း ပြန်စနိုင်လေပြီ။ မည်သည့် ဘုရင်၊ သို့မဟုတ် မည်သည့် သန်းကြွယ်သူဌေး၏ စေ့စပ်ပွဲမှ လူဆင်းရဲသားရပ်ကွက်ကလေးထဲမှ ဆင်းရဲသားနှစ်ယောက်၏ စေ့စပ်ပွဲလောက် စကားများများ ပြောရမည်မထင်။ ခန်းဝင်ပစ္စည်းကိစ္စကို ဆွေးနွေးဖြေရှင်းရန်အတွက် သူတို့နှစ်ဖက်သည် ရှစ်ကြိမ်တိုင်တိုင် မျက်နှာချင်းဆိုင်ထိုင်၍ စကားပြောကြရသည်။ သူတို့ စေ့စပ်ဆွေးနွေးပွဲတွင် မျက်ရည် ကျချည်တစ်လှည့်၊ ခြိမ်းခြောက်ချည်တစ်ခါ လုပ်သည့်အခါများလည်းရှိသည်။ ခွာပြဲသွားကြသည့်အခါများလည်းရှိ၍ ပြန်လည်စေ့စပ်သည့်အခါများလည်း ရှိသည်။ ပြန်၍ဆုံကြသည့်အခါတိုင်းလည်း တောင်းဆိုချက်အသစ်တွေ ပါလာတတ်သည်။ 

ပထမနေ့တွင် သတို့သားဘက်က ဘိုင်စကယ်တစ်စီး တင်တောင်းရမည်ဆိုသော်လည်း နောက်တစ်နေ့တွင် ဘိုင်စကယ်မဟုတ်တော့။ ထရန်စစ္စတာ ရေဒီယိုတစ်လုံးတင်ရမည်ဟု ဆိုသည်။ ပထမနေ့က ရွှေ တစ်အောင်စ တင်ရမည်ဟု ဆိုပြီး နောက်တစ်နေ့တွင် ထိုမျှနှင့် မဖြစ်သေး။ ဒိုတီတစ်ထည် ပါရဦးမည်ဟု ဆိုပြန်သည်၊ မင်္ဂလာပွဲ မကျင်းပမီ ခြောက်ရက်အလိုတွင်ကား မင်္ဂလာပွဲသည် ဖျက်ပစ်လိုက်ရမည့်အခြေအနေသို့ပင် ရောက်သွားပြန်လေပြီ။ သတို့သားဘက်က တင်တောင်းသည့်ပစ္စည်းထဲတွင် ဆာရီဆယ့်နှစ်ထည်ဟု နားလည်၍ လက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ သတို့သမီးဘက်က ပြောသလို ဆာရီခြောက်ထည် မဟုတ်ကြောင်းဖြင့် အငြင်းပွားကြသောကြောင့်ဖြစ်သည်။ ဤတွင် သတို့သားဘက်က လူငယ်တစ်ယောက်က ကိုဗာစကီးထံသို့ ရောက်လာသည်။

“ဆရာကြီး ကြည့်ရှင်းပေးပါဦး၊ ပျောက်သွားတဲ့ ဆာရီခြောက်ထည်အတွက် ဆရာကြီးပဲ ကြားထဲက စိုက်ပေးပါ၊ ဆရာကြီး ကယ်တင်နိုင်ပါတယ်” ဟု လာ၍ပြောသည်။

သို့ဖြင့် သမီး မင်္ဂလာဆောင်နိုင်ရေးအတွက် မာရသွန်အပြေးပြိုင်ပွဲများကို ပြေးခဲ့ရသည့် ဂီလာန လန်ချားသမားသည် အားအင်ကုန်ခန်းလာခဲ့သည်။ နောက်တစ်နေ့မနက် လန်ချားကို သွား၍ကောက်သည့်အခါ၌ကား မဟာပထဝီ မြေကြီးသည် သူ့ခြေထောက်အောက်တွင် အရည်ပျော်သွားသည့်နှယ် ထင်လိုက်ရသည်။

“ဆရာကြီးရယ်၊ ခြေလှမ်း လှမ်းလိုက်တိုင်း ကျွန်တော့်စိတ်ထဲမှာ အောက်က မြောင်းကြီးထဲကို ကျသွားသလို စိတ်ထဲမှာ ထင်လိုက်ရတယ်၊ ပြီးတော့ ကျွန်တော့်ဘေးပတ်ပတ်လည်မှာရှိတဲ့ မော်တော်ကားတွေ၊ လန်ချားတွေ၊
ဓာတ်ရထားတွေ အားလုံးဟာလဲ ပွဲတော်မှာ ရဟတ်စီးသလို ချာချာလည်နေတယ်လို့ ထင်လိုက်မိတယ်၊ ကျွန်တော့်နားထဲမှာ ဥသြဆွဲသံတွေကို ကြားလိုက်ရပြီးတဲ့နောက် မိုက်ခနဲဖြစ်ပြီး မှောင်ကြီးအတိ ကျသွားတော့တာပဲ” ဟု ဟာစရီပါးက ကိုဗာစကီးကို ပြောသည်။ 

လန်ချား လှည်းသန်များသည် ဟာစရီပါး၏လက်မှ လွတ်ကျသွားသည်။ မူးမေ့လဲကျသွားခြင်းပေတည်း။ သတိရ၍ မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အခါတွင် လန်ချားပိုင်ရှင်၏ကိုယ်စားလှယ်ဖြစ်သော မွတ်စတာဖာ၏ ပိန်ချုံးနေသောမျက်နှာကို မြင်လိုက်ရသည်။ မွတ်စတာဖာသည် တာဝန်အတိုင်း လန်ချားခများ လိုက်လံကောက်ခံစဉ် လန်ချားအနီးတွင် လဲကျနေသော ဟာစရီပါးကို တွေ့သွားခြင်းဖြစ်သည်။

“ဟေ့ကောင်...အရက်တွေ သောက်လာပြီး လန်ချားဆွဲလို့ မရတော့ဘူးလား” ဟု လဲကျနေသည့် ဟာစရီပါး၏ပခုံးကို လှုပ်၍ပြောသည်။

ဟာစရီပါးက သူ့ရင်ကို လက်ညှိုးဖြင့် ထိုးပြသည်။ ပါးစပ်က အသံမထွက်နိုင်တော့ပြီ။

“မဟုတ်ဘူး...အစ်ကိုကြီး၊ ကျွန်တော့်အင်ဂျင်ပျက်သွားပြီ ထင်တယ်”

“ဘာ...မင်းအင်ဂျင် ပျက်သွားပြီ ဟုတ်လား၊ ဒီလိုဆိုရင်လဲ မင်းလန်ချားကို အဘိုးကြီးဆီ ပြန်အပ်လိုက်တော့၊ အဘိုးကြီးက စည်းကမ်းကို မလိုက်နာရင် နည်းနည်းကလေးမှ မကြိုက်ဘူး။ သူ့အကြောင်း မင်းလဲ သိသားပဲ။ သူ မကြာခဏ ပြောတဲ့စကားကို မင်းကြားဖူးတယ် မဟုတ်လား။ ငါ့လန်ချားတွေကို ဆိတ်ပေါက်စကလေးတွေကို မဆွဲခိုင်းနိုင်ဘူး၊ ကျွဲပေါက်တွေကိုမှ အဆွဲခိုင်းမယ်ဆိုတာလေ”

ဟာစရီပါး ခေါင်းညိတ်သည်။ သူ့အမူအရာထဲတွင် ဝမ်းနည်းကြေကွဲဟန်လည်း မရှိ။ မကျေနပ်ဟန်လည်း မပါ။ ရိုကျိုးမာန်လျှော့သည့် သဘောသာပါသည်။ သူသည် မြို့တော်ကြီး၏ဥပဒေများကို သိပြီးဖြစ်၏။ အင်ဂျင်စက်ပျက်သွားသော လူတစ်ယောက်၏ဘဝသည် သည်မြို့တော်ကြီးတွင် အသက်ကင်းမဲ့သူမျှသာဖြစ်သည်။ သူသည် အသက်ရှင်နေသည့် လူတစ်ယောက်အဖြစ်မှ ရပ်စဲသွားခဲ့လေပြီ။ သူလန်ချားသမားဖြစ်ခါစက ဆေးရုံသို့ သူကိုယ်တိုင် လန်ချားဖြင့် သယ်ပို့ပေးခဲ့သည့် ကူလီကို သူသွား၍သတိရသည်။ လန်ချားတစ်စီး၏ လှည်းသန်နှစ်ဖက်ကြားတွင် လဲကျသေသွားကြသော ရမ်ကျန္ဒရာနှင့် အခြားသောလန်ချားသမားများကို သူသွား၍ သတိရသည်။ ရာသီဥတု၊ ငတ်မွတ်ခြင်းနှင့် လူလွန်မသား အလုပ်မျိုးကြောင့် သူတို့အင်အားသည် ကုန်ခန်းခဲ့ကြရသည်။ လောင်ကျွမ်းခဲ့ကြရသည်။ ပျက်စီးကြေမွသွားခဲ့ကြရသည်။

ဟာစရီပါးသည် လန်ချားဘီးကြီးနှစ်ဘီးကို လည်းကောင်း၊ မည်းနက်နေသော လန်ချားကိုယ်ထည်ကိုလည်းကောင်း၊ အပေါက်အပြဲတွေပြည့်နေသည့် ထိုင်ခုံကိုလည်းကောင်း၊ လန်ချားအမိုးကိုလည်းကောင်း၊ လန်ချားအမိုးလုပ် ထားသည့် ရွက်ဖျင်စကိုလည်းကောင်း သံယောဇဉ်ကြိုးတွယ်သည့်နှယ် နူးညံ့ကြင်နာစွာ ကြည့်နေသည်။ သည်အမိုး၊ သည်ထိုင်ခုံပေါ်တွင် ငယ်ရွယ်သူ မောင်မယ်တို့သည် ချစ်တင်းစကားဆိုခဲ့ကြသည်။ သည်အမိုး၊ သည်ထိုင်ခုံပေါ်တွင် မြို့တော်ကြီးရှိ ခရီးသည်အပေါင်းတို့သည် မုတ်သုံ၏ဒေါမာန်ကို ရင်ဆိုင်ခဲ့ကြသည်။

ဟာစရီပါးသည် ထိုအရာများကိုသာမက မိမိအား လန်ချားသမားဘဝတစ်လျှောက်တွင် ညှဉ်းပန်းခဲ့သည့် ပစ္စည်းကိရိယာနှစ်ခုဖြစ်သော လန်ချားလှည်းသန်နှစ်ချောင်းကိုလည်း သူလှမ်းကြည့်သည်။ မိမိ၏ ကွဲအက်ကြမ်းရှနေ
သော ခြေထောက်များသည် ဤတံလျှပ်မြို့တော်ကြီး၏ အရည်ပျော်နေသော ကတ္တရာစေးလမ်းမများပေါ်တွင် မိုင်ထောင်ပေါင်း ဘယ်မျှ ပြေးလွှားဖြတ်သန်းခဲ့ပြီနည်း။ ဤသည်ကို သူမသိ။ သူသိသည်မှာ သူ့ခြေလှမ်းတိုင်းသည် သူ့ဘဝ၏ ကြမ္မာရဟတ်ကြီးကို တစ်ပတ်လည်ရန်အတွက် ဆန္ဒ၏စေခိုင်းချက်အရ လုပ်ရသော အလုပ်တစ်ခုဟုသာ သူသိသည်။ အသက်နှင့်ကိုယ် အိုးစားမကွဲစေရန်အတွက် သိလျက်နှင့် ခံနေရသော ဝိပါက်တစ်ခုဟုသာ သူသိသည်။ ကံမကောင်း အကြောင်းမလှသည့်ဘဝမှ ထွက်ပြေးရန် ကြိုးစားနေသည့် ရုန်းကန်မှုတစ်ခုဟုသာ သူသိသည်။ ယခု ထိုကံကြမ္မာရဟတ်သည် ဆက်လက်လည်ပတ်ခြင်း မပြုတော့ဘဲ အပြီးတိုင် ရပ်နားတော့မည်။

ဟာစရီပါးသည် မြေကြီးပေါ်သို့ လဲနေရာမှနေ၍ ဘိုင်စကယ်ပေါ်တွင် ကားယားခွထိုင်နေသော လန်ချားသူဌေး၏ကိုယ်စားလှယ်ကို မျက်လုံးကြီး အပြူးသားဖြင့် လှမ်းကြည့်သည်။ 

“ဆရာတို့လန်ချားကို ပြန်သိမ်းပါတော့ဗျာ၊ တခြားတစ်ယောက်ကို ပေးလိုက်ပါတော့၊ သူ့အဖို့ ဟန်ကျတာပေါ့”

ဟာစရီပါးသည် လဲနေရာမှ အားယူ၍ထ၏။ ထို့နောက် သူ၏လန်ချား အမှတ် ၁၉၉၉ ကို နောက်ဆုံးအကြိမ်အဖြစ် ပန်းခြံလမ်း အဝိုင်းကြီးရှိ မှတ်တိုင်သို့ ပြန်ဆွဲလာခဲ့သည်။ သူ့မိတ်ဆွေများကို နှုတ်ဆက်နေစဉ် လန်ချားသူဌေး၏ ကိုယ်စားလှယ်သည် ပလက်ဖောင်းအစွန်းတွင် ရပ်နေသည့် လူငယ်တစ်ယောက်ကို လှမ်းခေါ်နေသည်။ သူတို့သည်လည်း ဒုက္ခသည်များဖြစ်သည်။ ဘင်္ဂလားနှင့် ဘီဟာနယ်တို့တွင် မိုးခေါင်သဖြင့် ကျေးလက်မှ ပြောင်းရွှေ့လာကြသည့် နောက်ဆုံးအသုတ်ထဲမှ ဒုက္ခသည်များပေတည်း။ သူတို့အားလုံးသည် လန်ချားလှည်းသန်နှစ်ချောင်းကြားတွင် နဖားကြိုးအတပ်ခံလိုသဖြင့် တန်းစီစောင့်နေကြသူများဖြစ်သည်။ ဟာစရီပါးသည် လန်ချားသူဌေး၏ ကိုယ်စားလှယ်က ရွေးလိုက်သည့် လူငယ်ဆီသို့ လျှောက်လာခဲ့ကာ ပြုံးပြသည်။ ထိုနောက် သူ့လက်ချောင်းတွင် စွပ်ထားသည့် ချူကလေးကို ချွတ်လိုက်၏။

ဟာစရီပါးသည် ကြေးချူကလေးကို လန်ချားလှည်းသန်ဖြင့် တချွင်ချွင် မြည်အောင်ရိုက်ရင်း.....
“ရော့...ငါ့သား၊ ဒါလေး ယူသွား၊ ဒီချူကလေးဟာ မင်းအတွက် အန္တရာယ်မရှိအောင် လုပ်ပေးတဲ့ အဆောင်လက်ဖွဲ့ကလေး”

အိမ်သို့မပြန်မီ ဟာစရီပါးသည် သူ့အရိုးကိုဝယ်သည့် အရိုးကုန်သည်ထံမှ နောက်ထပ်ကျန်သည့်ငွေကို တောင်းရန် အရိုးကုန်သည်ထံသို့ ဝင်လာခဲ့သည်။ ငွေကိုင်စာရေးက သူ့ကို သေသေချာချာ ကြည့်သည်။ ဟာစရီပါး၏ကိုယ်ခန္ဓာပျက်စီးယိုယွင်းမှု အခြေအနေသည် စိတ်ချရလောက်ပြီဟု မြင်သည့်အခါမှ ကျန်သည့်ငွေကို ထုတ်ပေး၏။

ခန်းဝင်ပစ္စည်းကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်မိဘများသည် သုံးရက်တိုင်တိုင် အပြင်းအထန် ငြင်းခုံကြသည်။ ထုံးစံအတိုင်း ဟာစရီပါး၏အိမ်တွင် ကျင်းပသည့်အခမ်းအနားတွင် အများရှေ့မှောက်၌ ချိပ်ပိတ်ကြရသည်။ အမွှေးတိုင်ထွန်းညှိကာ အုန်းပွဲ၊ ငှက်ပျောပွဲများဖြင့် တင်မြှောက်ပြီး ပုဏ္ဏားဆရာကြီးက ဂါထာမန္တန်များ ရွတ်ဆိုသည်။ ပုဏ္ဏားဆရာကြီးက ဖိတ်ခေါ်သည့်အခါတွင် သတို့သမီး၏မိဘဖြစ်သော ဟာစရီပါးက မိမိ၏သမီးငယ်အား သတို့သားနောက်သို့ ထည့်လိုက်မည်ဖြစ်ကြောင်း၊ မိမိဘက်မှ ခန်းဝင်ပစ္စည်းများကိုလည်း တင်ပါမည်ဖြစ်ကြောင်းဖြင့် ပြောရသည်။ သို့ရာတွင် အခမ်းအနား၌ ပေါ်ပေါက်လာသော အဖြစ်အပျက်များကို မြင်သည့်အခါတွင် ကိုဗာစကီး များစွာစိတ်ဆိုးမိသည်။

သတို့သား၏ မိဘများက ခန်းဝင်ပစ္စည်းအဖြစ် တင်တောင်းသည့် ပစ္စည်းများကို ယခုစစ်ဆေးကြည့်လိုသည်ဟု တောင်းဆိုကြသည်။ ဤတွင် စာရင်းရှင်းကြရသည်။

“ကျွန်တော်ဖြင့် ကျွန်တော်ကိုယ်တိုင် တရားဘဇားဈေးကြီးထဲကို ရောက်သွားနေသလား ထင်မိတယ်ဗျ။ တင်တောင်းတဲ့ ပစ္စည်းတွေကို တစ်ခုချင်း ကောက်ကိုင်ပြီး ဒီပစ္စည်းက ဒီလောက်တန်တယ်ဆိုတာ ဟုတ်ရဲ့လား၊ သူတို့ကိုတင်တောင်းတဲ့ ဆာရီက လှလဲမလှဘူး၊ ထရန်စစ္စတာ ရေဒီယိုကလဲ အညံ့စားကြီး၊ အို အရိုးများသော ချေးခါးသော လုပ်နေလိုက်ကြတာ၊ ဟာစရီပါးဗိုက်ထဲမှာ နောက်ဆုံးကျန်တဲ့ အသက်ကလေး ထွက်မသွားတာ တော်လှပြီ” ဟု ကိုဗာစကီးက နောင်တွင် ပြောပြသည်။

မင်္ဂလာပွဲ ကျင်းပခါနီးတွင်လည်း ပြဿနာတက်သေးသည်။ သတို့သား၏ဆွေမျိုးများသည် မင်္ဂလာအခမ်းအနားပြင်ဆင်ရာသို့ လာကြည့်ကြသည်။

“ကျုပ်တို့ဘက်ကချည်း လူတစ်ရာလောက် လာမှာဗျ၊ ကျွေးဖို့ မွေးဖို့ နေရာထိုင်ခင်းရှိရဲ့လား” ဟု သတို့သား၏အဖေက မေးသည်။ ကိုဗာစကီးသည် ထိုင်ရာမှထ၏။

“ဗျာ...လူတစ်ရာ ဟုတ်လား၊ အစတုန်းကတော့ လူငါးဆယ်လောက်ပဲ လာမယ်လို့ နှစ်ဖက်သဘောတူထားကြတာ မဟုတ်လား”

အကျွေးအမွေးနှင့် ပတ်သက်၍လည်း စကားများကြရသေးသည်။ သည်ပွဲတွင် အချိုထည့်ရမည်၊ ဟိုပွဲတွင် သစ်သီးထည့်ရမည်၊ သည်ပွဲတွင် ဟင်းသီးဟင်းရွက်ထည့်ရမည်ဟု လုပ်ကြရသေးသည်။ ဟာစရီပါးကား ချောင်ပိတ်မိနေလေပြီ။

“ကောင်းပြီ၊ ခင်ဗျားတို့ထည့်ခိုင်းတာတွေ ထည့်မယ်၊ ဒါပေမယ့် လူတစ်ရာကတော့ များတယ်၊ နှစ်ဆယ်လောက်လျှော့ဗျာ”

“အလိုလေးဗျာ၊ နှစ်ဆယ်တော့ မလျှော့နိုင်ဘူး၊ အများဆုံးလျှော့နိုင်ရင် ဆယ်ယောက်ပဲ”

“ဒါဖြင့် ဆယ့်ငါးယောက်တော့ လျှော့ဗျာ”

“ကဲ...ကဲ ကြာတယ်၊ ဆယ့်နှစ်ယောက်လျှော့မယ်၊ ဒီထက်တော့ တစ်ယောက်မှ မလျှော့နိုင်တော့ဘူး”

“ကဲ...ကဲ၊ ထားပါ၊ ဆယ့်နှစ်ယောက်ပဲထားပါ”

ပြဿနာ ပြီးပြတ်စေရန် ဟာစရီပါးက အလျှော့ပေးသည်။ သို့ရာတွင် ပြဿနာသည် ထိုမျှနှင့် မပြီးသေး။

“အတီးအမှုတ်သမားတွေကကော၊ ဘယ်နှစ်ယောက်ခေါ်ထားသလဲ” ဟု သတို့သား၏ ဦးလေးတော်သူတစ်ယောက်က မေးသည်။

“ခြောက်ယောက်”

“နည်းလှချေလားဗျာ၊ ကျွန်တော့်တူလို လူရဲ့ မင်္ဂလာဆောင်မှာ ဒီလောက်နဲ့တော့ ဘယ်ဖြစ်မလဲ၊ အနည်းဆုံး ဆယ်ယောက်ဝိုင်းလောက်တော့ ခေါ်မှာပေါ့”

“ကျွန်တော်တို့ရပ်ကွက်မှာတော့ အကောင်းဆုံးဝိုင်းပဲခင်ဗျ။ ကျွန်တော်တို့အရပ်ထဲက ဆရာကြီးရဲ့အိမ်မှာ တီးမှုတ်နေတဲ့ ဝိုင်းပဲ”

ဟာစရီပါးက ပြောသည်။ 

“အကောင်းဆုံးတွေဘာတွေ နားမလည်ဘူးဗျာ၊ နောက်ထပ်နှစ်ယောက်လောက်တော့ ထည့်ဦးဗျာ” ဟု ဦးလေးက ပြောသည်။ 

ထို့နောက်တွင် တောင်းဆိုချက်တစ်ရပ် လာပြန်သေးသည်။ ဗေင်ကိန်းခန်းကြောင့်လား၊ ဘာလားမသိ။ အိန္ဒိယမင်္ဂလာဆောင်များသည် ညသန်းခေါင်ယံတွင် ကျင်းပလေ့ရှိကြသည်။ ကိုယ်ရေရောဂါသည် အန်နွာနှင့် မိထာတို့၏ လက်ထပ်ပွဲကို သန်းခေါင်တွင် ကျင်းပခဲ့ကြသည်။ အမိတ္တာနှင့် သတို့သားလောင်း၏ဇာတာများကို တွက်ချက်သည့်အခါတွင်လည်း သူတို့၏အိမ်ထောင်ရေး အဆင်ပြေမှုသည် ထိုအချိန်ကို ပြဋ္ဌာန်းရွေးချယ်ပေးသည်။ ယခုလည်း ဗေဒင်ဆရာကြီးက သူတို့ကို တွက်ချက်ပေးပြီးနောက် ထိုအချိန်တွင် လက်ထပ်မည်ဟု ဆိုသည်။ 

“ဒီလိုဆိုရင် မီးစက်တို့ဘာတို့ ဘယ်မှာလဲဗျ၊ သန်းခေါင်မှာဆောင်တဲ့ မင်္ဂလာဆောင်က မှောင်ကြီးမည်းမည်းထဲ ဆောင်ရမှာလား၊ မီးတို့ဘာတို့ ရှိမှ ကောင်းမှာပေါ့” ဟု သတို့သားအဖေက ဆိုသည်။

ဟာစရီပါး ဘာမျှမပြောနိုင်။ ချွေးတွေ စိုရွှဲနေသည့် ကျောကို နံရံတွင် ကပ်ထားသည်။ ရင်ထဲတွင် အသက်ရှူကျပ်လာကာ ပျို့ချင်အန်ချင်လာသဖြင့် မနည်းချုပ်တည်းထားရသည်။ ယခုတစ်ကြိမ်တွင်လည်း သူ့အောက်မှ မြေကြီး သည် အရည်ပျော်၍ ဆင်းသွားသည်ဟု ထင်လိုက်ရသည်။ မျက်နှာများ၊ နံရံများ၊ အသံများသည် မြူမှုန်ဝိုးဝါးတို့အထဲတွင် ရောထွေးကုန်ကြသည်။ ဟာစရီပါးသည် ဝရန်တာတိုင်ကို ကိုင်ထားရင်း "ငါဘယ်တတ်နိုင်ပါ့မလဲ။ ငါဘယ့်နှယ်လုပ်ပြီး မီးစက်ကြီးတစ်လုံးကို ငှားနိုင်ပါ့မလဲ၊ ငါ့သမီးမင်္ဂလာဆောင်ကို အမြတ်ထုတ်ပြီး ငါ့ကို လည်မျိုညှစ်နေကြတာ” ဟု စိတ်ထဲတွင် ညည်းနေသည်။

သို့ရာတွင် သတို့သားဘက်မှ တောင်းဆိုချက်သည်လည်း မတရားဟု မပြောသာ။ လျှပ်စစ်ဓာတ်အားမရသဖြင့် အမှောင်ထဲတွင် အသက်ရှင်နေကြရသည့် သုခမြို့တော်မှ ဆင်းရဲသားများအဖို့ မီးရောင်တွေ ထိန်လင်းခြင်းမရှိသော ပွဲတော်ဟူ၍ မရှိနိုင်။ အန်နွာတို့မင်္ဂလာဆောင်တုန်းကပင် မီးရောင်တွေ ထိန်ထိန်ဝေအောင် ထွန်းခဲ့သေးသည် မဟုတ်လော။ သည်လို မီးရောင်ထိန်နေခြင်းသည်ပင်လျှင် မိမိတို့၏ဆင်းရဲဒုက္ခအပေါင်းတို့ကို ခုခံဆန့်ကျင်ရာနည်း မဟုတ်လော။

ဟာစရီပါးသည် ခေါင်းကို ဝမ်းပန်းတနည်း ယမ်းကာ လက်နှစ်ဖက်ကို ခါပြသည်။ မိမိသည် ဘဝတွင် မိဘတို့ပြုအပ်သော နောက်ဆုံးဝတ္တရားတစ်ခုကို ထမ်းဆောင်နေခြင်းဖြစ်သည်။ ယခု မိမိသည် ကြာကြာနေရတော့မည်မထင်။
သည်အချိန်ရောက်ခါမှ နောက်သားစဉ်မြေးဆက်တိုင်အောင် ကြွေးတင် ကျွန်ဖြစ် ကျန်ရစ်ခဲ့အောင် လုပ်ခဲ့သည်ဆိုလျှင် ရာဇဝင်ရိုင်းတော့မည်။ ယခုပင် မိမိလက်ထပ်စဉ်က ဇနီးသည် တင်တောင်းခဲ့သည့် လက်စွပ်နှစ်ကွင်းနှင့် နားဆွဲတို့ကိုလည်းကောင်း၊ အမှိုက်ပုံထဲမှ သူ့သားငယ် ရှန်ဘူကောက်ရခဲ့သည့် နာရီကိုလည်းကောင်း၊ အပေါင်ဆိုင်ပို့ခဲ့ပြီးပြီ။ သူကိုယ်တိုင်လည်း သေသည်အထိ အလုပ်လုပ်ခဲ့ပြီးပြီ။ သူ့အရိုးတို့ကိုလည်း ရောင်းခဲ့ပြီးပြီ။ သူတတ်နိုင်သည်ထက် လုပ်ခဲ့ပြီးပြီ။ ခုတစ်ကြိမ်တွင်မူ သူမတတ်နိုင်တော့။

“ဒါမှ မကျေနပ်သေးဘူးဆိုရင်တော့ ကျွန်တော်လဲ မတတ်နိုင်တော့ဘူးဗျာ၊ ခင်ဗျားတို့ မကျေနပ်ရင် မင်္ဂလာကိစ္စကို ဖျက်လိုက်ဖို့ပဲ ရှိတော့တယ်၊ ကျွန်တော့်မှာတော့ တစ်ပြားမှ မရှိတော့ဘူး”

ဟာစရီပါးက စကားတစ်လုံးနှင့်တစ်လုံးကြား အသက်ကို ခက်ခဲစွာ ရှူရင်း တစ်လုံးချင်း ပြောသည်။ သို့ဖြင့် လက်ထပ်မင်္ဂလာကျင်းပဖို့ နှစ်ဆယ့်လေးနာရီပင် မလိုတော့သော အချိန်အထိ နှစ်ဖက် အကျပ်တွေ့နေကြသည်။ ထိုအကျပ်အတည်းသည် မင်္ဂလာကိစ္စကြီးတစ်ခုလုံးကိုပင် ပျက်စီးသွားစေနိုင်သည်။ ဘာမဟုတ်သည့်ကိစ္စကလေးဖြင့် မင်္ဂလာပွဲပျက်တော့မည့် အခြေအနေကို မြင်သည့်အခါတွင် ကိုဗာစကီး စိတ်မကောင်းဖြစ်နေသည်။

“ဒီနားက မလှမ်းမကမ်းမှာ လျှပ်စစ်မီးရတဲ့ ဝိုင်းတစ်ဝိုင်း ကျွန်တော်တွေ့ ထားတယ်၊ ဒီတော့ အဲဒီကလူတွေကို ပြောပြီး လျှပ်စစ်ကြိုးသွယ်လိုက်ပါလား။ မီးလုံး လေးငါးလုံးလောက် ထွန်းထားလိုက်ရင် လင်းသွားမှာပါ”

ဟာစရီပါးက သူ့ကို ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်လိုက်ပုံကို သူ့တစ်သက် မေ့နိုင်တော့မည်မထင်တော့။

သို့ရာတွင် ကိစ္စမပြတ်သေးပါ။ လက်ထပ်မင်္ဂလာပွဲကျင်းပဖို့ ၇ နာရီ လောက်အလိုတွင် ပြဿနာတစ်ခု တက်လာပြန်သည်။ သို့ရာတွင် ပြဿနာတက်သူမှာ ဟာစရီပါးကိုယ်တိုင်ဖြစ်သည်။ မင်္ဂလာဆောင်တစ်ခု မည်မျှအဆင့်အတန်းရှိမရှိဆိုသည့် ကိစ္စမှာ မင်္ဂလာသတို့သားက မင်္ဂလာသတို့သမီးအိမ်သို့ မည်သို့မည်ပုံ လာသနည်း၊ မည်သည့်အခမ်းအနားမျိုးဖြင့် လာသနည်းဆိုသည့်အချက်ကို တည်၍ အကဲဖြတ်လေ့ရှိကြသည်။ ပစ္စည်းတတ်နိုင်လျှင် တတ်နိုင်သလို လာကြသည်။ ခမ်းခမ်းနားနား မလုပ်နိုင်လျှင်ရှိစေ၊ သည်လောက် ရွှံ့တွေ၊ ဗွက်တွေ ထူထပ်သည့်အချိန်မျိုးတွင် မြင်းဖြင့် လာလေ့ရှိကြသည်။ ထို့ကြောင့် ဟာစရီပါးက သတို့သား မည်သည့်ယာဉ်ဖြင့် လာမည်နည်းဟု သတို့သားအဖေကို မေးသည်။

“လန်ချားနဲ့ လာမှာဗျ”

ဟာစရီပါးသည် ထိုစကားကြောင့် တက်သွားတော့မည်လားဟုပင် ကိုဗာစကီး ထင်လိုက်မိသည်။

“ဘာ ...လန်ချားနဲ့ ဟုတ်လား” 

သတို့သား၏အဖေက ခေါင်းညိတ်ပြသည်။ ဟာစရီပါးက သူ့ကို စိမ်းစိမ်းကြီး ကြည့်လိုက်၏။

“ကျုပ်သမီးဟာ သူ့ဆီကို လန်ချားနဲ့လာတဲ့ သတို့သားမျိုးကို ဘယ်တော့မှ လက်မထပ်ဘူးဗျ၊ ဒီလောက်တော့လဲ ကျုပ်တို့ အောက်တန်းမကျသေးဘူး၊ တော်ပြီ၊ ခင်ဗျားသားကို တက္ကစီနဲ့လာခိုင်းပါ၊ တက္ကစီလောက်မှ မစီးရင်တော့ ကျုပ်သမီးကို ကျုပ်ပြန်ခေါ်သွားရလိမ့်မယ်” 

ဤတွင် သူတို့ရပ်ကွက်ထဲတွင်ရှိသည့် တက္ကစီဒရိုင်ဘာက ထိုကိစ္စကို တာဝန်ယူပါမည်ဟု ဆိုသဖြင့် ပြေလည်သွားသည်။

သူ့သမီး အမိတ္တာသည် ကြွေတွေဖောက်ထားသည့် မရမ်းရောင်ဆာရီကို ဝတ်ကာ မျက်နှာကို ချည်ပဝါပါးပါးကလေးဖြင့် အုပ်ထားပြီး ခေါင်းကိုငုံ့၍ လိုက်လာသည်။ ဖိနပ်မပါသော သူ့ခြေထောက်များသည် ပန်းဆီဆိုးထားသဖြင့် နီပြေပြေအရောင်သန်းနေကြ၏။ ခြေချောင်းများနှင့် ခြေကျင်းဝတ်တွင် သူ့ခန်းဝင်ပစ္စည်းအဖြစ် တင်တောင်းရသည့် ကျောက်မျက်ရတနာများကို ဆင်ယင်ထားသည်။ သူ့အမေနှင့် ဝင်းထဲမှ အမျိုးသမီးများနောက်မှ လိုက်လာသည့် အမိတ္တာသည် ဝင်းအလယ်ခေါင်တွင်ရှိသည့် ကောက်ရိုးဖျာပေါ်တွင် နေရာယူတော့မည်။ ထိုကောက်ရိုးဖျာ၏ ရှေ့တည့်တည့်တွင်မူ အမွှေးတိုင်များ ထွန်းညှိထားသည့် မီးဖိုတစ်လုံးရှိသည်။ 

ဟာစရီပါးသည် မိဘတို့၏ နောက်ဆုံးဝတ္တရားကြီးတစ်ခုကို ကျေပွန်စွာ ထမ်းဆောင်ပြီးလေပြီဟု ပီတိသောမနသတို့ ဝေဖြာသောမျက်နှာဖြင့် သူ့သမီးကိုကြည့်နေသည်။ ထိုရှုခင်းသည် သူ့ဘဝတွင် အလှအပဆုံးရှုခင်းတစ်ခု၊ သူ့ဘဝတွင် ခြောက်လှန့်နေခဲ့သော အိပ်မက်များကို မျက်လှည့်ပြလိုက်သည့်နှယ် တမုဟုတ်ချင်း ပျောက်ကွယ်သွားစေသော ရှုခင်းတစ်ခု မဟုတ်လော။ သူတို့ကာလကတ္တားမြို့ကြီးကို ရောက်ခါစက ပလက်ဖောင်းပေါ်တွင်နေစဉ် ဆာလောင်ချမ်းအေးသဖြင့် တစာစာ အော်ငိုနေခဲ့သော သမီးငယ် အမိတ္တာ။ ဂရင်းဟိုတယ်ရှေ့က အမှိုက်ပုံတွေထဲတွင် မောင်ငယ် ရှန်ဘူနှင့်အတူ စားစရာသောက်စရာတို့ကို ရှာဖွေခဲ့ရသည့် အမိတ္တာ။ ချောင်ရင်ဂီလမ်းမကြီးတွင် ခွက်ကလေးတစ်လုံးဖြင့် တောင်းရမ်းခဲ့သည့် အမိတ္တာ...၊ ကဲ အခု ဟာစရီပါး အောင်ပွဲခံပြီ။ အနိုင်ရပြီ။ ဆိုးရွားလှသည့် ကံကြမ္မာကို ဂလဲ့စားချေနိုင်ပြီ။ ဘာတတ်နိုင်သေးသနည်း။

ဘင်ခရာဝိုင်းက တဒုန်းဒုန်းတီးသည်။ ထိုနောက် သီချင်းဆိုသံ၊ အော်သံများကို ကြားရသည်။ သူ့တီးဝိုင်းရှေ့တွင် ဒန်းနီရောင်ဆိုးဆေးများကို ပိန်းနေအောင် ဆိုးထားသည့် ကချေသည်များက ကခုန်လိုက်ပါလာကြသည်။ သို့ဖြင့် ခမ်းနားသော မင်္ဂလာဆောင်လူတန်းကြီးသည် မီးခိုးငွေ့တွေ ဖုံးနေသည့် ဝင်းထဲသို့ ဝင်ရောက်လာလေသည်။

ထုံးစံအရ သတို့သားက သတို့သမီးကို ဆီးကြိုကာ မျက်နှာဖုံးကို ဖွင့်ရသည်။ ထိုအခါကျမှ သတို့သားနှင့် သတို့သမီးသည် မျက်လုံးချင်းဆုံမိကြသည်။ ထို့နောက် ပုဏ္ဏားက သတို့သားအား သတို့သမီးဘေးတွင် ဝင်ထိုင်ရန် အချက်ပြသည်။ သတို့သမီးနှင့် သတို့သား စုံညီယှဉ်တွဲထိုင်ပြီးသည်နှင့် ပုဏ္ဏားက ရှေးအစဉ်အဆက် ရွတ်ဖတ်ခဲ့သည့် ဂါထာမန္တန်တို့ကို သင်္သကရိုက် ဘာသာဖြင့် ရွတ်ဆိုသည်။ ထိုမန္တန်များကို နားထောင်သူများလည်းမသိ၊ ရွတ်နေသည့် ပုဏ္ဏားကိုယ်တိုင်လည်း နားလည်၍တော့မဟုတ်။

သတို့သား၏ လက်ယာဘက်တွင် လူပျိုရံအတွက် နေရာရှိသည်။ သို့ရာတွင် ထိုနေရာသည် လွတ်နေကြောင်းကို မင်္ဂလာပွဲ ပရိသတ်တို့ သတိထားမိကြသည်။ ဟာစရီပါးက ထိုနေရာကို သူတို့ဆရာကြီးဖြစ်သည့် ကိုဗာစကီးထိုင်ရန် မေတ္တာရပ်ခံသည်။ ကိုဗာစကီးကလည်း ထိုင်မည်ဟုဆိုသည်။ သို့ရာတွင် ထိုင်ချိန်မရလိုက်ပါ။

မင်္ဂလာဆောင်လူတန်းကြီး သူတို့ဝင်းထဲ ဝင်လာသည်နှင့် ဟာစရီပါးမှာ ရင်ကျပ်လာကာ အသက်ရှူမရအောင်ဖြစ်လာသဖြင့် ကိုဗာစကီးသည် သူ့ကို တဲထဲသို့ ခေါ်လာခဲ့သည်။ ခပ်စောစောက ရွှင်လန်းသောပီတိဖြင့် ပြုံးရယ်နေခဲ့ သည့် ဟာစရီပါး၏မျက်လုံးများနှင့် ပါးစပ်သည် ပြင်းပြသောဝေဒနာကြောင့် မှိတ်သွားကာ ရှုံ့မဲ့လျက်ရှိလေပြီ။ ခိုက်ခိုက်တုန်နေရာမှ ရပ်သွားသည့်အခါတွင်ကား ဟာစရီပါး၏ခန္ဓာကိုယ်ကြီးသည် တောင့်တင်းကာ မလှုပ်မယှက်ဖြစ် နေသည်။ ထို့နောက် လျှပ်စစ်နှင့် ထိလိုက်သည့်နှယ် သူ့ရင်နှင့် သူ့ကြွက်သားများသည် ဆတ်ခနဲဆတ်ခနဲ လှုပ်နေကြသည်။ ပါးစပ်မှာ ဟနေသည်။ နှုတ်ခမ်းများမှာလည်း ပြာနှမ်းလေပြီ။ ဤသည်မှာ အသက်ရှူရန် ခက်ခဲကြောင်း ကို ပြနေသည့် လက္ခဏာများဖြစ်သည်။

ကိုဗာစကီးသည် သူ့အပေါ်တွင် ခွထိုင်လိုက်ကာ ရင်ခေါင်းတစ်လျှောက်ကို အားကုန်နှိပ်ပေးသည်။ ထိုအချိန်၌ကား လန်ချားသမား ဟာစရီပါး၏ကိုယ်မှာ အရိုးပေါ်အရေတင်မျှသာ ရှိတော့သဖြင့် သူ့ကို နှိပ်ရခြင်းသည် လူကို နှိပ်ရသည်နှင့်မတူ၊ ကမ္မဋ္ဌာန်းကောင်ကြီးကို နှိပ်နေရသကဲ့သို့သာရှိတော့သည်။ သူ့လက်ချောင်းများအောက်တွင် ဟာစရီပါး၏နံရိုးများသည် တကျွတ်ကျွတ်မြည်နေကြ၏။ လူပျိုရံအဝတ်အစားကို ဝတ်ထားသည့် ကိုဗာစကီးက အတင်းနှိပ်သည့်အခါတွင် အံ့သြစရာကောင်းသည်ဟုပင် ပြောရတော့မည်။ ဖြူဖွေးနေသည့် လူပျိုရံအဝတ်အစားကို ဝတ်ထားသည့် ကိုဗာစကီးက တအားနှိပ်ပေးသည့်အခါတွင် အသားမရှိသော ခန္ဓာကိုယ်ထဲမှ အသက်မြှင်းမြှင်းကလေး တစ်ချက်ထွက်လာသည်။ မိမိသည် အင်ဂျင်စက်ကို ပြန်လည်အောင်တော့ လုပ်နိုင်ပြီဟု ကိုဗာစကီး ယူဆလိုက်၏။ ထို့နောက် ကိုဗာစကီးသည် အားတက်လာကာ ဟာစရီပါး၏ပါးစပ်ကို တေ့ပြီးလျှင် အနီဖျားစွဲကပ်နေသည့် သူ့အဆုတ်များထဲသို့ လေကို ဖြည်းဖြည်းမှန်မှန် မှုတ်သွင်းသည်။ နောင်တွင် ကိုဗာစကီးက ပြင်သစ်ပြည်ရှိ သူ့လုပ်ဖော်ကိုင်ဖက် သာသနာပြုတစ်ဦးထံသို့ ဤသို့ရေးခဲ့သည်။

“ကျွန်တော်က ပါးစပ်ချင်းတေ့ပြီး လေမှုတ်သွင်းတော့ ဟာစရီပါး မျက်လုံးပွင့်လာတယ်။ သူ့မျက်လုံးမှာ မျက်ရည်တွေဝဲလို့။ တော်တော် ဝေဒနာခံစားရမယ် ထင်တာပဲ။ ကျွန်တော် သူ့ပါးစပ်ထဲကို ရေတစ်စက်ချင်း ချလိုက်တယ်။ ဒါပေမယ့် ရေကို မမျိုနိုင်တော့ဘူး ထင်တယ်။ ချပေးသမျှ ရေဟာ ပါးစပ်က စီးကျလာတယ်။ အသက်လည်း မြှင်းမြှင်းကလေးပဲ ရှူတော့တယ်။ တစ်ခါတလေကျတော့ နားကို ဖွင့်ပြီး အသံတွေကို နားထောင်နေတယ် ထင်တယ်။ မင်္ဂလာဆောင်က တီးမှုတ်နေကြတဲ့ အသံတွေ၊ လူသံတွေကို သူကြားဟန်တူတယ်။ ပြီးတော့ ဝမ်းသာလို့လား မသိဘူး။ တစ်ချက်ပြုံးတယ်။ ပြီးတော့ အားတက်လာလို့ ထင်ရဲ့။ ကျွန်တော့်အနားကို ကပ်ပြီး တလှုပ်လှုပ်နဲ့ စကားတွေ ပြောနေတယ်။ ကျွန်တော့်နားမှာတော့ ဆရာကြီး၊ ဆရာကြီးဆိုတဲ့ အသံကိုပဲ သဲသဲကွဲကွဲကြားရတယ်။ ကျန်တဲ့အသံတွေကိုတော့ ဘာမှ မသဲကွဲဘူး"

“ခဏကြာတော့ ဟာစရီပါးဟာ ကျွန်တော့်လက်ကို ဖမ်းဆုပ်ပြီး ညှစ်နေတယ်။ သူ့လက်ချောင်းတွေက အားရှိသလိုလို ဖြစ်နေလို့ ကျွန်တော်တောင် အံ့အားသင့်နေတယ်။ လန်ချားလှည်းသန်နှစ်ချောင်းကို နှစ်ပေါင်းများစွာ ကိုင်ခဲ့တဲ့ သူ့လက်တွေဟာ ခုထက်ထိ ပြုတ်ထူကြီးတွေလို သန်မာနေတုန်းပါပဲလား။ ပြီးတော့ ကျွန်တော့်ကို တောင်းပန်တိုးလျှိုးနေတဲ့ မျက်လုံးတွေနဲ့ မော့ကြည့်နေတယ်။ ပြီးတော့ ကျွန်တော့်ကို ဆရာကြီး, ဆရာကြီးလို ဘင်္ဂလီဘာသာနဲ့ခေါ်တယ်။ ဒီတစ်ခါတော့ သူ့ ဇနီးနဲ့ သားသမီးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ပြောချင်တယ်ဆိုတာ ကျွန်တော် နားလည်လိုက်ပြီလေ။ ကျွန်တော်ကလည်း သူ့ကို စိတ်အေးအေးထားဖို့ ပြောတယ်။ ဟာစရီပါး ကြာကြာ မနေရတော့ဘူးဆိုတာ ကျွန်တော်သိလိုက်ပြီ။ ဒါကို သူလည်း သိပုံရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်ကို မကြာခဏ လှမ်းလှမ်းကြည့်ပြီး သူ့ဝင်းထဲက လူမသိသူမသိ အသာထွက်ခွာသွားချင်တဲ့သဘောကို လက်ဟန်ခြေဟန်နဲ့ ပြတယ်"

" ကြည့်ရတာကတော့ သူသေသွားတဲ့အတွက် သူ့သမီးကလေးရဲ့မင်္ဂလာဆောင်ပျက်သွားမှာ စိုးရိမ်ပုံရတယ်။ သူနောက်ဆုံးမှာ ဒီလိုပဲ ဖြစ်မယ်ဆိုတာ ကျွန်တော် သိတယ်လေ။ ဒါကြောင့် ကျွန်တော်က ဟာစရီပါးကို သူ့ဝင်းထဲကို မြန်မြန်ပြောင်းရွှေ့ဖို့ စီစဉ်ရတယ်။ မနက် ၃ နာရီလောက်ကျတော့ ကျွန်တော်ရယ်၊ ကာလီမာရယ်၊ အဝတ်စုတ်ကောက်တဲ့ သူ့သား ရှန်ဘူရယ်၊ ကျွန်တော်တို့သုံးယောက် လန်ချားသမား ဟာစရီပါးကို လူမသိအောင် သူ့ဝင်းထဲကို အသာပြန်ရွှေ့ပြောင်းလာခဲ့ကြတယ်။ မင်္ဂလာဆောင်မှာ ပျော်နေသူတွေကတော့ ဒါတွေကို ဘာမှမသိကြဘူးပေါ့။ ကျွန်တော်တို့ရပ်ကွက်ဖခင်ကြီး နောက်ထပ် အရက်တွေပို့ပေးလို့ မင်္ဂလာဆောင်လာတဲ့လူတွေလည်း သောက်ကြ စားကြနဲ့ တော်တော်မူးကုန်ကြပြီ။ ဟာစရီပါးဟာ သူ့အိမ်က ထွက်ရတော့မယ်ဆိုတာကို သိပုံရတယ်။ ကျွန်တော်တို့တစ်တွေ သူ့ကို ရွှေ့လာတော့ နာမာစတေး လုပ်တယ်ဗျ။ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်မှာ တင်ထားတယ်။ အားလုံးကို နှုတ်ဆက်ပါတယ်ဆိုတဲ့ သဘောပေါ့လေ”

“ဒီနောက်တော့ သိပ်မကြာပါဘူး။ မနက် ငါးနာရီလောက်ကျတော့ ဟာစရီပါး အမောဖောက်လာပြီး တစ်ကိုယ်လုံး တုန်လာတယ်။ ပြီးတော့ ပါးစပ်ကိုဟပြီး အသက်ပြင်းပြင်းရှူတာ၊ ပါးစပ်ထဲက သွေးတွေ ဒလဟော ထိုးအန်တော့တာပဲ။ ဒီနောက်မှာ ရင်ဘတ်ထဲက ချွဲသံတွေ ပေါ်လာတယ်။ ဒီနောက် တစ်ချက် ရှိုက်လိုက်ပြီး အသက်ထွက်သွားတော့တာပါပဲ။ ကျွန်တော်လည်း သူ့မျက်လုံးကို ပိတ်ပေးလိုက်ပြီး သေသူတွေအတွက် တောင်းတဲ့ဆုတောင်းကို ရွတ်နေတယ်”

ဟာစရီပါး၏အလောင်းကို အဝတ်တစ်စဖြင့် လွှမ်းထားပြီး ပန်းတွေ တင်ထားသည်။ နောက်နာရီဝက်ခန့်အကြာတွင် အလောင်းကို အနီးအနားတွင်ထားကာ ထိုင်နေသော ကိုဗာစကီး၊ ကိုအံ့ဘွယ်တို့၏ အခန်းတံခါးကို ခေါက်သံပြင်းပြင်းကို ကြားရသည်။ တက္ကစီဒရိုင်ဘာက တံခါးကို သွား၍ ဖွင့်ပေးလိုက်၏။ ခပ်မှောင်မှောင်အရိပ်ထဲတွင် မည်းနက်နေသော အသားမည်းမည်း မျက်နှာနှစ်ခုကို သူမြင်လိုက်ရသည်။ သူတို့အထဲမှ တစ်ယောက်က...
“ကျုပ်တို့က အရိုးရောင်းတဲ့ဆိုင်ကပါ၊ သေသွားတဲ့လူက ကျုပ်တို့ဆီကို အရိုးရောင်းထားတဲ့ စာချုပ်ရှိတယ်၊ ဒါကြောင့် အရိုးတွေလာယူတာ” ဟု ပြောသည်။

အပိုင်း(၆၁)ဆက်ရန်
------------------
#မြသန်းတင့်

Post a Comment

0 Comments