သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၅၄)

#သုခမြို့တော်

အပိုင်း(၅၄)

ကိုဗာစကီးသည် သူတို့ဝိုင်းထဲသို့ ပြောင်းရွှေ့ လာကြသော မိသားစုများကို ငေးကြည့်နေသည်။

“သူတို့ကို ကြည့်ရတာ သားသတ်ရုံကို အပို့ခံရတဲ့ ဆိတ်အုပ်တွေလိုပဲ၊ မီးခြစ်ဆံလို သေးကွေးနေတဲ့ ခြေထောက်နှစ်ချောင်းကြားမှာ ဒိုတီကို ခါးတောင်းကျိုက်ထားတဲ့ အဖေလုပ်သူက ခေါင်းပေါ်မှာ တောင်းတစ်လုံးကို ရွက်ထားတယ်။ တောင်းထဲမှာတော့ အိမ်သုံးပစ္စည်းတွေပေါ့လေ။ ကြေးအိုးရယ်၊ ပန်းကန် ခွက်ယောက်တွေရယ်၊ သွပ်ပုံးတစ်လုံးရယ်၊ ရေပုံးရယ်၊ ရေအိုးတစ်လုံးရယ်၊ အဝတ်အစားနည်းနည်းရယ်၊ ပြီးတော့ ပွဲလမ်းသဘင်တို့ ဘာတို့မှာ ဝတ်တဲ့ အဝတ်အစားကလေးရယ်။ အဝတ်အစားတွေကို သတင်းစာစက္ကူတစ်ရွက်နဲ့ ပတ်ပြီး ဂုန်နီကြိုးနဲ့ စည်းထားတယ်။ အဖေလုပ်တဲ့လူက ခပ်ပိန်ပိန်ရယ်၊ မုတ်ဆိတ်တွေကလဲ အရှည်ကြီး၊ ဆံပင်တွေကလဲ လိမ်ကောက် ကျပ်ခဲလို့၊ နှုတ်ခမ်းမွေး ပါးမြိုင်းမွေးတွေကလဲ အပြိုင်အရိုင်း၊ မျက်နှာမှာလဲ အရေးအကြောင်းတွေ ထင်နေပြီ။ သူ့ကို ကြည့်ရတာကတော့ ပျော့ပျော့ပျောင်းပျောင်းပဲ၊ ဒါကို ကြည့်ရင် အဖေလုပ်တဲ့သူဟာ အသက်မကြီးသေးဘူးဆိုတာ သိနိုင်တယ်။ သူ့နောက်မှာ အသားလတ်လတ်နဲ့ မိန်းမတစ်ယောက် ဖတ်သီဖတ်သီနဲ့ လိုက်လာတယ်။ အဝါရောင် ဆာရီကို ဝတ်ပြီး ခေါင်းမြီးခြုံထားတယ်၊ သူ့ခါးပေါ်မှာ အငယ်ဆုံးကလေးကို ခါးထစ်ခွင်ပြီး ချီလာတယ်၊ သူ့နောက်မှာ ကျစ်ဆံမြီး နှစ်ဖက်ချထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ စွပ်ကျယ်အင်္ကျီဝတ်ထားတဲ့ ကောင်လေးနှစ်ယောက် လိုက်လာတယ်။ တစ်ယောက်က ဆယ့်လေးနှစ်လောက် ရှိပြီ၊ နောက်တစ်ယောက်က ဆယ်နှစ်လောက်ပဲ ရှိဦးမယ်။”

ကိုဗာစကီးက သူ့ဝိုင်းထဲသို့ မိသားစုတစ်စု ပြောင်းရွှေ့ လာပုံကို ပြန်ပြောပြသည်။ ထိုမိသားစုမှာ အခြားမဟုတ်။ လန်ချားသမား ဟာစရီပါးတို့ မိသားစု ဖြစ်လေသည်။ သူတို့ကို အိမ်သစ်သို့ ခေါ်လာသည့် အိမ်ပွဲစားလုပ်သူ တက္ကစီဒရိုင်ဘာက ဟာစရီပါးတို့မိသားစုကို အပေါက်ဝမှ ဆီးကြိုသည်။ တက္ကစီဒရိုင်ဘာသည် သူ့ဆရာ ရပ်ကွက်လူမိုက်၏ အရက်ပုန်းဆိုင်မှ အရက်ပုလင်းများနှင့်ဖန်ခွက်များကိုလည်း ယူလာခဲ့သည်။ တက္ကစီဒရိုင်ဘာက နောက်ရောက်လာသည့် ဧည့်သည်များအား အိမ်တက်မင်္ဂလာကျင်းပပေးခြင်းဖြစ်လေသည်။ ရပ်ကွက်ထဲရှိလူများကလည်း နောက်ပြောင်းလာသူများအနီးသို့ ဝိုင်းအုံရောက်လာကြသည်။ တက္ကစီဒရိုင်ဘာက ဖန်ခွက်များကို လိုက်ပေးပြီး အရက်ကို လိုက်ငှဲ့ပေးကာ သူတို့နှင့် မိတ်ဆက်ပေးသည်။ 

ဟာစရီပါးမှာ ဘာလုပ်ရမည်မသိ၊ ကြောင်တက်တက်ဖြင့် သူခိုင်းသမျှကို လိုက်လုပ်နေရသည်။ ရပ်ကွက်လူကြီးတစ်ဦးက သူတို့မိသားစုအား ကြိုဆိုကြောင်း နှုတ်ဆက်သည့်စကားပြော၏။ ထိုအိမ်တက်မင်္ဂလာပွဲသို့ နောက်ဆုံးရောက်လာသူမှာ ကိုဗာစကီး ဖြစ်သည်။ သူတို့မိသားစုများသည်လည်း သူ့အနီးတွင် နေသည့် မိန်းမရှာများကဲ့သို့ပင် သူ့အိမ်နီးနားချင်းများ မဟုတ်လော။

သည်မျှ ပူပြင်းသည့်ရာသီတွင် သည်မျှပြင်းသော အရက်ကို နည်းနည်းပါးပါးတော့ သူသောက်နိုင်နေလေပြီ။ သို့ရာတွင် အချို့သူများမှာ သူ့လို ခံနိုင်စွမ်းမရှိ။ ကိုဗာစကီးသည် အရက်တစ်ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်သော အိမ်ရှင်သစ် ဟာစရီပါးကို လှမ်းကြည့်လိုက်သည်။ ဟာစရီပါး၏မျက်လုံးများသည် ချက်ချင်း ပြူးကျယ်လာကြပြီးနောက် မျက်ဖြူကြီး လန်သွားသည်။ အားလုံး သူ့ကို ကြောင်ကြည့်နေစဉ် ဟာစရီပါးသည် ဒယီးဒယိုင်ဖြစ်လာကာ မြေကြီးပေါ်သို့ ဘိုင်းခနဲ လဲကျသွားလေသည်။ သူ့တစ်ကိုယ်လုံးသည် အကြောဆွဲသည့်နှယ် ဆန့်ငင် ဆန့်ငင်ဖြစ်နေသည်။ လည်ပင်းနှင့် ပါးနှစ်ဖက်သည် ပြည့်ဖောင်းလာကာ အန်တော့မည့်ပုံ ဖြစ်နေသည်။ ကိုဗာစကီးက ဒူးထောက်ထိုင်ချလိုက်ပြီး ဟာစရီပါး၏ခေါင်းကို ထူပေးသည်။

“အန်ချလိုက်လေ၊ အန်ချင်ရင် အန်ချလိုက်”

ကိုဗာစကီးက ပြော၏။ သူ့စကားများကို ကြားသည့်အခါတွင် ဟာစရီပါး၏နှုတ်ခမ်းများသည် တရွရွ လှုပ်လာကြသည်။ သို့ရာတွင် မအန်သေး။

“အန်ချလိုက်လေ၊ အန်...အန်” 

ကိုဗာစကီးက ထပ်၍ ပြောသည်။ ဟာစရီပါး၏ လည်ချောင်းထဲမှ တဂဲဂဲမြည်သံကို သူကြားရသည်။ ခဏအကြာတွင် ရဲရဲနီနေသော အမြှုပ်များသည် သူ့နှုတ်ခမ်းထောင့်မှ စီးကျလာကြသည်။ သူတို့အိမ်နီးချင်းသစ် ပါးစပ်မှ ထွက်လာသော အရေများသည် စောစောက သူတို့သောက်လိုက်သည့် ချက်အရက်များ မဟုတ်ကြောင်းကို အိမ်နီးချင်းများ သိလိုက်ကြသည်။ သူ့တွင်လည်း “အဖျားနီ” ရောဂါရှိသည်ကော။

ထိုနေ့ညနေ ဆင်းရဲသားရပ်ကွက်ကလေးကို ဖုံးအုပ်နေသည့် မီးခိုးလုံးများနောက်ကွယ်တွင် နေလုံးကြီး ပျောက်ကွယ်သွားသည့်အခါ၌ ခရုသင်းသံတစ်ခုကြောင့် ကိုဗာစကီးသည် တရားထိုင်ရာမှ အာရုံပျက်သွားခဲ့သည်။ ထိုခရုသင်းသံသည် တောကျီးကန်းများ၏ မြည်သံကဲ့သို့ သူ့အဖို့ ရိုးနေလေပြီ။ ထိုခရုသင်းသံမှာ အခြားမဟုတ်။ ဟာစရီပါးက သူ့အိမ်ခေါင်းကလေးကို ဟိန္ဒူဘာသာဝင်တို့ထုံးစံအတိုင်း ခရုသင်းမှုတ်၍ အိမ်စောင့်နတ်တို့ကို ပူဇော်ပသနေခြင်းဖြစ်သည်။ ဟာစရီပါးသည် အိမ်တံခါးဝနှင့် အိမ်ထောင့်လေးထောင့်တွင် အမွှေးတိုင်များကို စိုက်ထူ၍ မီးပူဇော်သည်။ ထို့နောက် သမ္မာဒေဝနတ်ကောင်းနတ်မြတ်များ ပသစေကြောင်း ခရုသင်းမှုတ်၍ ပူဇော်သည်။ သို့ရာတွင် သမ္မာဒေဝနတ်ကောင်းနတ်မြတ်တို့သည် ယခုအချိန်အထိ နားမကြားသောရောဂါ စွဲကပ်နေကြလေသလော မသိ။

ကိုဗာစကီးသည် သူ့တန်းလျားကလေးထဲတွင် မိန်းမရှာများနှင့် ချောင်းဆိုးသွေးပါရောဂါ စွဲကပ်နေသည့် ဟာစရီပါးတို့နှင့်အတူ နေရသည့်တိုင် ဆုတ်ဆိုင်းဝန်လေးခြင်းမရှိပါ။ အားလျှင် ကိုဗာစကီးသည် ဟာစရီပါးနှင့် သူ့သားအကြီးကို သူ့ အခန်းကလေးရှေ့ရှိ ဝရန်တာတွင် လာရောက်နေထိုင်ရန် ဖိတ်တတ်သည်။ ရာသီဥတုပူပြင်းသဖြင့် ဟာစရီတို့အိမ်ခန်းကလေးထဲတွင် လူတွေအိပ်၍မရ၊ ထို့ကြောင့် သူ့အခန်းရှေ့က ဝရန်တာကလေးတွင် လာရောက် အိပ်ရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။

ဟာစရီပါးတို့နှင့်အတူ အိပ်ရသည့် ထိုညကို ကိုဗာစကီးတစ်သက်တွင် မမေ့နိုင်။ အသက်ရှူလိုက်တိုင်း ဟာစရီပါး၏အဆုတ်မှ တဂဲဂဲမြည်သော အသံသည် ပန်းပဲဆရာ၏ဖားဖိုမှ မြည်သံကဲ့သို့ မြည်ဟည်းနေတော့သည်။ ကိုဗာစကီးသည် ထိုအသံကို မျှော်လင့်ပြီးသားဖြစ်၍ အဆန်းမဟုတ်တော့။ ကိုဗာစကီးသည် ဟာစရီပါး၏ဘေးကြမ်းပြင်တွင် လှဲအိပ်လိုက်သည်။ 

သူ လှဲအိပ်လိုက်သည်နှင့် ဟာစရီပါးက သူ့ဘက်သို့ လှည့်ပြီး...
“ဆရာကြီး...မအိပ်သေးဘူး မဟုတ်လား၊ ကျွန်တော် စကားကလေးနည်းနည်း ပြောချင်လို့ပါ” ဟု ဟာစရီပါးက တောင်းပန်သည်။ 

ကိုဗာစကီးအဖို့ကား အဆန်းမဟုတ်တော့ပြီ။ ထိုသို့သော စကားမျိုးကို လူစိမ်းများထံမှ မကြာခဏ ကြားခဲ့ဖူးပြီ။

“ပြောပါ၊ ဘာပြောချင်လို့လဲ” ဟု ကိုဗာစကီးက မေးသည်။ 

ဟာစရီပါးသည် ခပ်ဆိုင်းဆိုင်းဖြစ်နေသည်။

“ကျွန်တော့်ဘီးဟာ ဒီဘဝအတွက် မကြာခင် အလည်ရပ်တော့မှာ” 

ထိုစကားများ၏ အဓိပ္ပာယ်ကို ကိုဗာစကီး ကောင်းစွာ နားလည်ပါသည်။ ဟာစရီပါးသည် သူ့ကံဇာတာ ကုန်တော့မည့်သဘောကို ပြောနေခြင်းဖြစ်လေသည်။ ကိုဗာစကီးက သူ့စကားကို လက်မခံသယောင် ပြောနေသော်လည်း အမှန်အားဖြင့်မူ သူစိတ်ကောင်းအောင် ဖြေသိမ့်ပြောနေရခြင်းသာ ဖြစ်လေသည်။ ညနေခင်းက အဖြစ်အပျက်ကို မြင်ပြီးသည့်နောက်တွင် ဟာစရီပါးအား မည်သူမျှ မကယ်နိုင်တော့ကြောင်းကို ကိုဗာစကီး သိခဲ့လေပြီ။

“သေမှာကို ကျွန်တော် မကြောက်ပါဘူး ဆရာကြီး၊ ရွာက ထွက်လာကတည်းက ကျွန်တော့်ဘဝမှာ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပြီးပြီ၊ တစ်နေ့မှာ...”

ဟာစရီပါးသည် စကားကို ဆက်မပြောသေးဘဲ ရပ်ထားသည်။

“တစ်နေ့မှာ ကျွန်တော့်ကံဟာ အကောင်းဘက် လှည့်လာပြီး နောင်ဘဝမှာ ဒီထက်ကောင်းတဲ့နေရာကို ရောက်ဖို့ နီးလာပြီဆိုတာ ကျွန်တော်သိလိုက်ပါပြီ”

ဆင်းရဲသားရပ်ကွက်ထဲမှ လူများထဲတွင် ထိုမျှော်လင့်ချက်သည် အမြဲကိန်းဝပ်နေကြောင်းကို ကိုဗာစကီး တွေ့ခဲ့ဖူးသည်။ ထိုမျှော်လင့်ချက်သည် သေခြင်းတရားကို ရင်ဆိုင်ရာတွင် သူတို့အား တည်ငြိမ်မှုကို ပေးခဲ့သည်။ သို့ရာတွင် ယနေ့ည ဟာစရီပါး ပြောချင်သည့်စကားများမှာ ထိုစကားများမဟုတ်။ 

ဟာစရီပါးသည် တံထောင်ဆစ်ပေါ်တွင် လက်ထောက်၍ ကိုယ်ကို ထူလိုက်ပြီးနောက်
“ကျွန်တော် မသေချင်သေးဘူး ဆရာကြီး၊ ကျွန်တော့်မှာ...”

ဟာစရီပါးသည် စကားပြောရင်း ချောင်းတဟွတ်ဟွတ်ဆိုးလာသဖြင့် စကားကို ဆက်မပြောနိုင်။ ကိုဗာစကီးက သူ့ကျောကို လက်ဖြင့် အသာဖိပေးရသည်။ 

သူတို့ဘေးပတ်ဝန်းကျင်တွင် ဟောက်သံတွေ ဆူညံနေသည်။ အဝေးမှ အော်သံများနှင့် အသံချဲ့စက်မှ စကားပြောသံတို့ကို ကြားရ၏။ ခပ်လှမ်းလှမ်းမှ ဆိုင်းသံဗုံသံများကို ကြားရသည်။ သူတို့သည် အတန်ကြာ တိတ်ဆိတ်နေကြသည်။ သူ့အိမ်နီးချင်းသစ်သည် ညကြီးသန်းခေါင်တွင် ဘာတွေကိုများ တွေးတောနေသနည်းဟု ကိုဗာစကီး စဉ်းစားနေသည်။ သို့ရာတွင် ကြာကြာ မစောင့်လိုက်ရပါ၊ ဟာစရီပါးထံမှ စကားပြောသံကို သူကြားရသည်။

“ကျွန်တော် မသေချင်သေးဘူး ဆရာကြီး၊ ကျွန်တော် မသေခင်မှာ ကျွန်တော့်သမီးကလေးအတွက် ယောက်ျားတစ်ယောက် ရှာပေးသွားရဦးမယ်”

အိန္ဒိယလူမျိုး ဖခင်တစ်ယောက်တွင် သမီးငယ်ကို လက်ထပ်ထိမ်းမြားပေးရေးသည် မဟာဝတ္တရားကြီးဖြစ်သည်။ ဟာစရီပါး၏သမီးငယ် အမိတ္တာမှာ အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ လမ်းဘေးပလက်ဖောင်းနှင့် ဆင်းရဲသားရပ်ကွက်များတွင် နေခဲ့ရသည့်တိုင် နုပျိုလန်းဆတ်လျက် ရှိသေးသည်။ 

အိန္ဒိယလူ့အဖွဲ့ အစည်းတွင် အမျိုးသမီးဖြစ်ရသည်မှာ တော်တော်လူဖြစ်ရှုံးသည်။ အမိတ္တာသည် အိမ်အလုပ်များကို လုပ်ရသည်။ အိပ်ရာက ထ, တော့လည်း သူများတွေထက် အလျင်ထ,ပြီး အိပ်တော့လည်း နောက်ဆုံးမှ အိပ်ရာဝင်ရသည်။ သူ့ဘဝသည် ကျွန်တစ်ယောက်ဘဝနှင့် ဘာမျှမခြား။ အမိတ္တာသည် ကလေးအမေမဟုတ်သည့် အပျိုစင်ကလေးတစ်ယောက်ဖြစ်သည့်တိုင် သူ့မောင်ငယ်များကို ကြီးပြင်းလာအောင် မွေးမြူပေးခဲ့ရသည်။ သူတို့ကို ထိန်းကျောင်းခဲ့ရသည်။ သူတို့အတွက် ဟိုတယ်ကြီးများအနီးတစ်ဝိုက်တွင် စွန့်ပစ်ထားသော စားကြွင်းစားကျန်များကို သွား၍ ရှာရသည်။ သူတို့အဝတ်အစားများကို ဖာထေးပေးရသည်။ သူတို့ခေါင်းက သန်းတွေကို ရှာပေးရသည်။ သူ့အဖေသည် သူ့သမီးအရွယ်မရောက်တရောက်အချိန်မှစ,၍ သမီးအတွက် လင်ကောင်းတစ်ယောက်ကို လိုက်ရှာရသည်မှာလည်း အမော။

သို့ရာတွင် ခက်သည်မှာ သူတို့တွင် မင်္ဂလာဆောင်တွင် တင်တောင်းစရာငွေမရှိ။ အိန္ဒိယလူမျိုးတို့ထုံးစံတွင် သမီးကညာအရွယ်ရောက်လာလျှင် မိမိတို့သမီးများကို ယောက်ျားရှာပေးရသည်။ ယောက်ျားလေးကို ငွေတင်တောင်းရသည်။ ထိုဓလေ့ထုံးစံကို ဂန္ဒီကြီးကိုယ်တိုင် ဖျက်ခဲ့သော်လည်း ခေတ်သစ်အိန္ဒိယပြည်တွင် တော်တော်နှင့် မပျောက်သေး၊ ယခုတိုင် ကျန်ရှိနေသေးသည်။

“ကျွန်တော့်သမီးလေးကို မျက်မမြင်ဒုက္ခိတတို့၊ ကိုယ်ရေရောဂါသည်တို့၊ လမ်းမလျှောက်နိုင်တဲ့ လေဖြတ်နေတဲ့ ဒုက္ခိတတို့နဲ့ မပေးစားနိုင်ဘူး ဆရာကြီးရယ်” ဟု ဟာစရီပါးက ရင်ဖွင့်သည်။

ငွေတင်တောင်းခြင်း မပြုသော မိန်းကလေးတစ်ယောက်ကို ထိုသို့သောသူများကသာလျှင် လက်ခံပေလိမ့်မည်။ ဟာစရီပါးသည် အမျိုးမျိုး ဂဏန်းတွက်၏။ သို့ရာတွင် မည်သို့တွက်ချက်သည်ဖြစ်စေ နောက်ဆုံးတွင် ထိုအဖြေကိုသာရနေ၏။ ယင်းမှာ အခြားမဟုတ်။ မည်မျှ ဇာတ်နိမ့်သော ယောက်ျားကလေးတစ်ယောက်ကို တောင်းသည်ဖြစ်စေ၊ သူ့ဘက်က တင်တောင်းရမည့်ငွေ ငါးထောင်ဖြစ်သည်။ ထိုငွေကို ရဖို့ဆိုလျှင် လန်ချားဝင်ရိုးလှည်းသန်နှစ်ခုကြားတွင် နှစ်နှစ်လုံးလုံး မရပ်မနား ပြေးလျှင်ပြေး၊ သို့မဟုတ်လျှင် သူတို့ရပ်ကွက်ထဲရှိ ငွေချေးစားသူ မဟာဂျန်ထံ တစ်သက်လုံး ကြွေးယူ၍ ကျွန်ခံမှသာ ထိုငွေကို ရနိုင်ပေလိမ့်မည်။ သို့ရာတွင် သူဘယ်လောက် ပြေးနိုင်မည်နည်း။ ဘယ်လောက် သက်တမ်းရှည်မည်နည်း။

“ဒီလောက်တောင် သွေးတွေ အန်နေတာဗျာ၊ မနက်ထွက်တဲ့ နေကို ကြည့်ပြီး ညနေ နေဝင်တာကိုမှ မြင်ရပါတော့မလားလို့ ဘုရားတ, နေရတာ” ဟု ဟာစရီပါးက ပြောသည်။

ကိုဗာစကီးသည် ဟာစရီပါးကို မက်စ်ထံ သွား၍ အပ်သည်။ မက်စ်က သူ့ကို ပဋိဇီဝဆေးများနှင့် ဗီတာမင်ဆေးများ ကျွေးသည်။ ဆေးဝါးဆို၍ တစ်ခါမှ မတွေ့ဖူးသည့် ခန္ဓာကိုယ်ကြီးသည် ထိုဆေးဝါးများကို တုံ့ပြန်ရာတွင် များစွာ ထက်သန်သည်။ ချောင်းဆိုးရောဂါသည် ခြားသွားကာ ဟာစရီပါးသည် နွေ တစ်နွေလုံး လန်ချားဆွဲနိုင်သည့်အခြေသို့ ပြန်ရောက်လာခဲ့သည်။ ထို့နောက်တွင် မိုးတွေ သည်းထန်စွာ ရွာသွန်းကာ ကာလကတ္တားမြို့ တစ်မြို့လုံးလောက်နီးပါး ရေတွေ လျှံသောအခါတွင် ဟာစရီပါးအဖို့ ငွေရှာလို့ ပိုကောင်းသွားသည်။ ရေလျှံနေသောရပ်ကွက်များထဲသို့ သွားစရာယာဉ်ဆို၍ လန်ချားတစ်ခုတည်းသာရှိတော့သည် မဟုတ်လော။ သို့ရာတွင် ဘယ်မျှ ကြိုးစား၍ရှာသည်ဖြစ်စေ ငွေငါးထောင်ပြည့်ဖို့ဆိုသည်မှာ မလွယ်။

ထိုစဉ် အလိုက်သိသောကံတရားသည် လူယောင်ဖန်ဆင်း၍ သူ့အနီးသို့ ရောက်လာလေသည်။ လူယောင်ဖန်ဆင်းထားသည့်ကံတရားမှာ အခြားသူ မဟုတ်ပါ။ ကာလကတ္တားမြို့ လမ်းတကာတွင် အလုပ်ရှာနေကြသော မိန်းမထိန်းတစ်ယောက်ဖြစ်ပါသည်။

တစ်နေ့သ၌ ဟာစရီပါးသည် လက်ဆွဲအိတ်တွေ၊ လက်ဆွဲသေတ္တာတွေနှင့် အမျိုးသမီးနှစ်ယောက်ကို အက်စ်အေအက်စ် လေကြောင်းကုမ္ပဏီရှေ့တွင် ချပေးရသည်။ သူတို့ပစ္စည်းတွေ ချပေးပြီးတွင် ဟာစရီပါးသည် ချောင်းတဟွတ်ဟွတ်ဆိုးလာကာ လန်ချားကို မဆွဲနိုင်တော့ဘဲ ထိုင်ချလိုက်ရသည်။ သူ့အခြေအနေကို မြင်သည့်အခါတွင် အခြားလန်ချားသမားနှစ်ဦး ပြေးလာကာ သူ့ကို တွဲထူပြီး သူ့လန်ချားထိုင်ခုံပေါ်သို့ တင်ပေးကြသည်။

ထိုစဉ် ကျောက်ပေါက်မာ ဗရပျစ်နှင့် လူတစ်ယောက် သူ့အပေါ်မှ မိုးကြည့်နေသည်ကို ဟာစရီပါး မြင်လိုက်ရ၏။ ထိုလူ၏မျက်လုံးတွင် သနားကြင်နာသည့် အရိပ်အရောင်တွေ လွှမ်းနေသည်။

“နောင်ကြီးကို ကြည့်ရတာ နေသိပ်ကောင်းပုံ မရဘူး၊ ဘာဖြစ်လို့လဲဟင်”

ထိုလူက သူ့ကို ကြင်နာစွာ မေးသည်။ သူ့အမေးသည် ဟာစရီပါးကို စိတ်သက်သာရာရစေသည်။ လူမဆန်သောမြို့ကြီးထဲတွင် ထိုသို့ တယုတယ ဂရုစိုက်၍မေးသူ ရှားပါဘိခြင်း။ 

ထိုလူက ဟာစရီပါး၏ပါးနှင့် နှုတ်ခမ်းတွင် ပေနေသည့် သွေးစကို သူ့စွပ်ကျယ်အင်္ကျီလက်ဖြင့် သုတ်ပေးသည်။

“ဒီလောက် ချောင်းတွေ တဟွတ်ဟွတ်ဆိုးနေတာ ဘယ်မှာ လန်ချားဆွဲလို့ ဖြစ်မလဲ၊ သိပ်ပင်ပန်းမှာပေါ့”

“ပင်ပန်းတော့ ပင်ပန်းတာပေါ့ဗျာ”

“ဒီလိုဆိုရင် ခင်ဗျား အလုပ်တစ်ခု လုပ်မလား၊ လန်ချားဆွဲလို့ရတဲ့ နှစ်လစာလောက် မလိုချင်ဘူးလား၊ ပင်ပင်ပန်းပန်းလဲ မလုပ်ရဘူး”

“ဘာဗျ၊ နှစ်လစာ ဟုတ်လား၊ ဘယ့်နှယ်ပြောပါလိမ့် ကျုပ်ညီရာ၊ လိုချင်တာပေါ့”

ဟာစရီပါးက ပြောသည်။ သို့ရာတွင် တစ်ခါတုန်းက ဈေးကြီးရှေ့တွင် သူ့ထံလာ၍ သွေးဝယ်ဖူးသော သွေးပွဲစားကို သူသွား၍ သတိရသည်။

“ဘာလဲ ကျုပ်က သွေးဖောက်ပေးရမှာလား၊ ဒီလိုဆိုရင်တော့ မဖြစ်ဘူးဗျ၊ ကျုပ်သွေးက ပုပ်နေပြီ၊ လူ မပြောနဲ့ လင်းတတောင် ကြိုက်မှာမဟုတ်တော့ဘူး”

“ခင်ဗျားသွေး မဟုတ်ပါဘူးဗျ၊ အရိုးပါ” 

“ဘာ...အရိုး၊ ဟုတ်လား”

လန်ချားသမား ဟာစရီပါး၏မျက်နှာပေါ်မှ ကြောက်ရွံ့ ထိတ်လန့်သော အမူအရာကို မြင်သည့်အခါတွင် ပွဲစားက ပြုံးသည်။

“ဟုတ်တယ်၊ ခင်ဗျား ကျုပ်နဲ့ ကျုပ်ဆရာဆီကို လိုက်ခဲ့လေ။ ခင်ဗျားအရိုးတွေကို ငွေငါးရာပေးဝယ်မယ်။ ခင်ဗျားသေသွားရင် အလောင်းကိုလာယူပြီး ခင်ဗျားအရိုးတွေကို ယူသွားလိမ့်မယ်”

ထိုလူမှာ အိန္ဒိယပြည်ရှိ ထူးခြားသည့်အရောင်းအဝယ်လုပ်ငန်းတစ်ခုမှ ပွဲစားတစ်ယောက်ဖြစ်သည်။ ထိုလုပ်ငန်းကြောင့် အိန္ဒိယပြည်သည် ကမ္ဘာတွင် လူရိုးအဓိကတင်ပို့သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ နှစ်စဉ် နှစ်တိုင်းပင် အိန္ဒိယပြည်မှ ခန္ဓာကိုယ်အရိုးစုနှစ်သောင်းနှင့် ထောင်သောင်းမက များလှစွာသော အရိုးထုပ်အမျိုးမျိုးကို လေယာဉ်များ၊ သင်္ဘောများဖြင့် အမေရိကန်၊ ဥရောပ၊ ဂျပန်နှင့် သြစတေးလျနိုင်ငံများရှိ ဆေးကျောင်းများတွင် အသုံးပြုရန် တင်ပို့ရောင်းချခဲ့သည်။ ထိုလုပ်ငန်းမှရသော ဝင်ငွေသည် တစ်နှစ်လျှင် စတာလင်ငွေပေါင်း တစ်သန်းကျော်ရှိသည်။ ထိုလုပ်ငန်း၏ဗဟိုဌာနမှာ ကာလကတ္တားဖြစ်သည်။ အိန္ဒိယပြည်တွင် ထိုလုပ်ငန်းကို လုပ်ကိုင်သည့် ကုမ္ပဏီပေါင်း ရှစ်ခုရှိပြီး အကောက်ခွန်ရုံးတွင် မှတ်ပုံတင်ထားကြသည်။ ထိုလုပ်ငန်းအတွက် အစိုးရကလည်း တိကျသည့် စည်းမျဉ်းဥပဒေများကို ပြဋ္ဌာန်းထားသည်။

“နိုင်ငံခြားထုတ်ကုန် ပေါ်လစီလက်စွဲ” အမည်ရှိ ပြဋ္ဌာန်းချက်တစ်စောင်ကို ထုတ်ထားပြီး ယင်းစာအုပ်၌ “ခရိုင်ရာဇဝတ်ဝန်ထက် မနိမ့်သည့် ပုလိပ်အရာရှိတစ်ဦးက အလောင်းမှ ထုတ်ယူထားသော အရိုး ဟုတ်မှန်ကြောင်း လက်မှတ်ရေးထားပါက အရိုးစုများနှင့် လူ့အရိုးများအား တင်ပို့ရောင်းချခြင်းကို ခွင့်ပြုသည်” ဆိုသည့် စာပိုဒ်တစ်ပိုဒ်ပါသည်။ ထိုအရိုးများကို ဆေးပညာသုတေသန၊ သို့မဟုတ် ဆေးပညာလေ့လာသင်ကြားမှုအတွက်မှတစ်ပါး အခြားသောကိစ္စများအတွက် တင်ပို့ခြင်းမပြုရဟုလည်း ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။

အရိုးစုတင်ပို့ရေးလုပ်ငန်း ကာလကတ္တားတွင် ဖြစ်ထွန်းနေခြင်းမှာ ဆင်းရဲသားရပ်ကွက်များတွင် အသေအပျောက်များခြင်းကြောင့်မဟုတ်။ ဘီဟာနယ်မှ အလွန်ဇာတ်နိမ့်သည့် ဒွန်းစဏ္ဍာအနွယ်များ ကာလကတ္တားသို့ ထောင်ပေါင်းများစွာ ပြောင်းရွှေ့လာကြသောကြောင့်ဖြစ်သည်။ ထိုဇာတ်မျိုးမှာ မွေးကတည်းက သုဘရာဇာလုပ်ငန်းကို လုပ်လာခဲ့ကြသူများဖြစ်သည်။ တစ်ခါတစ်ရံတွင် ယင်းတို့သည် အလောင်းများမှ ပစ္စည်းများကို ချွတ်ယူလေ့ရှိကြသည်။ သူတို့သည် ဟူဂလီမြစ်အနီးရှိ မီးသင်္ဂြိုဟ်စင်များ၊ သုသာန်များနှင့် ဆေးရုံရေခဲတိုက်များအနီးတွင် နေထိုင်လေ့ရှိကြပြီး မည်သည့်လူတန်းစားနှင့်မျှ ရောနှောနေထိုင်ခြင်း မပြုကြ။ အရိုးကုန်တင်ပို့သူများထံ ပစ္စည်းများသွင်းသူအများစုမှာ သုဘရာဇာများဖြစ်ကြသည်။ 

ဟိန္ဒူတို့၏ထုံးစံအရ ဆာဒူးများ၊ ကိုယ်ရေရောဂါသည်များ၊ တစ်နှစ်အောက် ကလေးငယ်များ၏အလောင်းကို မီးရှို့သဂြိုဟ်ခြင်းမပြုရဘဲ မြစ်ထဲသို့ မျှောလေ့ရှိရာ သုဘရာဇာများသည် ဟူဂလီမြစ်ကမ်းအနီးရှိ မီးသင်္ဂြိုဟ်နေရာများတွင် ထိုင်စောင့်ကာ ထိုအလောင်းများကို ကောက်ယူပြီး အနီးရှိတဲများထဲတွင် ထိုအလောင်းများကို ခုတ်ထစ်၍ အရိုးများကို ထုတ်ယူတတ်ကြသည်။ အချို့ ဆင်းရဲသော အသုဘများချလာလျှင်လည်း ထိုသူများသည် မီးသင်္ဂြိုဟ်ရာ နယ်နိမိတ်အပ.. မှ ဆီးကြိုကာ စရိတ်နည်းနည်းဖြင့် အားလုံးကိစ္စပြီးအောင် လုပ်ပေးမည်ဟု ဆိုကြသည်။ အချို့ အသုဘရှင်များမှာ မီးသင်္ဂြိုဟ်ရန် ထင်းဖိုး မတတ်နိုင်သဖြင့် အခက်ကြုံသည်နှင့် စရိတ်နည်းနည်းနှင့် သင်္ဂြိုဟ်ပေးမည်ဆိုသော သူတို့လက်သို့ အလောင်းများကို အပ်လိုက်ကြသည်။ သို့ဖြင့် မိမိတို့ဆွေမျိုးသားချင်း၏အလောင်းသည် အနီးရှိ တဲတစ်တဲထဲသို့ ရောက်သွားကာ ခုတ်ထစ်ဖြတ်တောက်ပြီးနောက် အရိုးကို အရိုးကုန်သည်ထံ ရောင်းလိုက်သည်ကို လုံးဝမသိလိုက်ကြ။ တစ်နေ့တွင် မိမိ၏ ခေါင်းခွံ၊ ကျောရိုး၊ သို့မဟုတ် မိမိ၏ အရိုးစုကြီးတစ်ခုလုံးသည်လည်း ဂျပန်၊ အမေရိကန်နှင့် သြစတြေးလျရှိ ဆေးကျောင်းသားများအတွက် နိုင်ငံခြားသို့ တင်ပို့ရောင်းချခြင်း ခံရမည် မခံရမည်ကို မည်သူမျှ မပြောနိုင်ပြီ။

အရိုးစုများရနိုင်သည့် အခြားနေရာတစ်နေရာမှာ ဆေးရုံရှိရင်ခွဲတိုက်များ ဖြစ်သည်။ မုန်မင်ပါရေခဲတိုက်တစ်ခုတည်းမှာပင်လျှင် လာရောက် ရွေးမည့်သူမရှိသဖြင့် သုဘရာဇာများလက်သို့ အပ်ရသည့် အလောင်းပေါင်းမှာ တစ်နှစ်တစ်နှစ်လျှင် နှစ်ထောင့်ငါးရာကျော်ကျော်ခန့်ရှိသည်။ အရိုးစုများ ဝယ်အားများလာလျှင် သုဘရာဇာများသည် ခရစ်ယာန်သင်္ချိုင်းများနှင့် မူဆလင်သင်္ချိုင်းများသို့ သွားကာ ခွေးအများနှင့် ပြိုင်၍ အရိုးကို လုယက် တူးဖော်တတ်ကြသေးသည်။ အချုပ်အားဖြင့်ဆိုရလျှင် အရိုးကုန်ပစ္စည်းမှာ ပြတ်လပ်သွားသည်ဟူ၍တော့ မရှိပါ၊ သို့တိုင်အောင် အရိုကုန်သည်များသည် လွန်စွာလာဘ်မြင်၍ လွန်စွာဉာဏ်သွားသူများဖြစ်ကြပါသည်။ ထို့ကြောင့် သူတို့သည် အရိုးများ ပြတ်လပ်သွားခြင်းမရှိရလေအောင် အရိုးကုန်ပစ္စည်းကို အသင့်လှောင်ထားတတ်ကြပါသည်။ လှောင်နည်းမှာ အသက်ရှင်နေသေးသူတစ်ယောက်ထံမှ အရိုးကို ကြိုတင်ဝယ်ယူထားခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ကုန်ပစ္စည်းပြတ်လပ်မည်ကို မစိုးရိမ်ရတော့ပြီ။ ကုန်ပစ္စည်းကို လိုသလောက် လှောင်ထားနိုင်ပြီ။ အကြောင်းမူ ကာလကတ္တားမြို့ကြီးသည် သေမည့်သူတွေ ဒုနဲ့ဒေး၊ ဆင်းရဲငတ်ပြတ်၍ သေအံ့မူးမူးဖြစ်နေသည့် လူတွေ အလျှံပယ် ပေါကြွယ်နေသည့် မြို့ကြီး မဟုတ်လော။

“ငွေငါးရာ...ငွေငါးရာ” ဆိုသည့် စကားလုံးများသည် စည်ပိုင်းထဲတွင် လိမ့်နေသည့် ထီဖွင့်သည့် ဂေါ်လီလုံးများလို သူ့ခေါင်းထဲတွင် တဂျောင်းဂျောင်း ပြေးနေကြသည်။ ပွဲစားဆိုသည်မှာ လူကဲခတ်အလွန်ကောင်းရသည်။ ယခုလို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့အတွက် သားကောင်ကို အလွယ်တကူ မြင်လိုက်ပြီးဖြစ်သည်။ ပစ္စည်းဆိုသည်မှာလည်း တွေ့တိုင်း ဝယ်၍မဖြစ်။ အာမခံချက်တော့ရှိမှဖြစ်မည်။ ကာလကတ္တားမြို့ကြီးမှ လမ်းမများပေါ်တွင် အဆုတ်ကြီးတစ်ခုလုံး ပြုတ်ထွက်မတတ် ချောင်းဆိုးကာ သေအံ့မူးမူးတွေ တစ်ပုံတစ်ခေါင်းကြီးရှိနေသည်မှာ မှန်သည်။ သို့ရာတွင် သူတို့ကို ဖမ်း, ကောက်ဝယ်၍ မဖြစ်သေး။ အာမခံချက်ရှိရဦးမည်။ သူဝယ်သည့်ပစ္စည်းတွင် မိသားစုရှိရမည်။ မိတ်ဆွေအသိုင်းအဝိုင်းရှိရမည်။ အလုပ်ရှင်ရှိရဦးမည်။ တစ်နည်းပြောရလျှင် နေရပ်လိပ်စာနှင့် အမျိုးအမည်တော့ ရှိရဦးမည်။ သို့မဟုတ်လျှင် သူ့အလောင်းကို ဘယ်မှာ သွား၍ကောက်ရမည်နည်း။

" ဘယ့်နှယ်လဲ ​နောင်ကြီး၊ ငါးရာ ​ပေးမယ်"

ဟာစရီပါးသည် သူ့အဖြေကို မျှော်လင့်တကြီး စောင့်နေသော ကျောက်ပေါက်မာ ဗရဗျစ်နှင့် မျက်နှာကို လှမ်းကြည့်သည်။ ဟာစရီပါးသည် အတန်ကြာမျှ တိတ်ဆိတ်နေသည်။ ပွဲစားကလည်း စိတ်ရှည်ရှည်ဖြင့် သူ့အဖြေကို စောင့်နေသည်။ သူအဖို့ ထိုသို့သောကိစ္စမျိုးသည် ရိုးနေပြီ။

“ဒါပေါ့ဗျာ၊ နံရံမှာ ကပ်ပြီး ပစ်သတ်ခံရမယ့် ရာဇဝတ်ကောင်တစ်ကောင်တောင်မှ သူ့ခန္ဓာကိုယ်ကို ပိတ်စကလေးတစ်စရောင်းသလို ဘယ်မှာ ရောင်းချင်ပါ့မလဲ” ဟု သူပြောတတ်သည်။

“အင်း...ငွေငါးရာဆိုတော့လဲ နည်းတဲ့ပိုက်ဆံမဟုတ်ဘူး” ဟု ဟာစရီပါး တွေးနေသည်။

ဟာစရီပါးသည် သူနှင့်အတူ လန်ချားကို တစ်လှည့်စီဆွဲရသည့် ရာမာတူကာနှင့်အတူ ထိုင်ရင်း သူ့အား ပြောထားသည့် အံ့သြစရာကောင်းသော အရောင်းအဝယ်ကမ်းလှမ်းချက်ကို စဉ်းစားနေသည်။ ချက်ချင်းဆုံးဖြတ်၍မရသဖြင့် မနက်ဖြန်ကျမှ အကြောင်းပြန်မည်ဟု ပွဲစားကို ပြောခဲ့သည်။ ရာမာတူလာမှာ မူဆလင်တစ်ယောက်ဖြစ်သည့်အတွက် သူသေလျှင် အလ္လာဟူဘုရားသခင်က သူ့ကို ကောင်းကင်ဘုံသို့ခေါ်မည်ဟု ယုံကြည်သူဖြစ်ရာ သေသည်၏အခြားမဲ့၌ မိမိ၏ခန္ဓာကိုယ်ကို ခုတ်ထစ်ရောင်းချခံသည့်အဖြစ်သည် လွန်စွာစက်ဆုပ်ဖွယ်ကောင်းသည့်ကိစ္စဖြစ်သည်။ မိမိတို့၏ဘာသာတရားသည် ကိုယ်ခန္ဓာအစိတ်အပိုင်းတို့ကို ဆေးသိပ္ပံပညာသို့ လှူဒါန်းခြင်းကိုပင် ခွင့်မပြု။ သို့တိုင်အောင် ရသည့်ငွေကို မြိုးမြိုးမြက်မြက်ရှိသဖြင့် သူကိုယ်တိုင်ပင် စိတ်ပါချင်သလိုဖြစ်နေသည်။

“ဟာစရီပါးရယ်၊ ခင်ဗျားအနေနဲ့ကြည့်ရင် လုပ်ရမှာပဲ၊ ဘာမှ စဉ်းစားမနေနဲ့တော့၊ ခင်ဗျားတို့ဘုရားကလဲ ခွင့်လွှတ်မှာပဲ၊ ကိုယ့်သမီးကို လက်ထပ်ပေးရဦးမယ် မဟုတ်လား၊ ဒါကိုလဲ ဘုရားသိမှာပဲ”

ရာမတူလာက တိုက်တွန်းသည်။ လယ်သမားတစ်ယောက်ဖြစ်ခဲ့သည့် ဟာစရီပါးသည်လည်း ဘုရားက ဒဏ်ခတ်မည်ကို ကြောက်သည်။ ဟိန္ဒူဘာသာဝင်တို့၏အယူအဆအရ မိမိတို့၏ သေလွန်ပြီးသည့်အခြားမဲ့တွင် “ဝိညာဉ်ကူးပြောင်းနိုင်ရေး” အတွက် ခန္ဓာကိုယ်ကြီးကို မီးရှို့ဖျက်ဆီးပစ်ရမည်။ ဤသို့ မီးရှို့ခြင်းဖြင့် အညစ်အကြေးတို့ ကင်းစင်နိုင်သည်ဟု ယူဆကြသည်။
 
“အင်း...ငါသေလို့ ငါ့အရိုးတွေနဲ့ ငါ့အသားတွေကို သားသတ်သမားတွေက ခုတ်ထစ်ဖြတ်တောက်ပစ်ကြရင် ငါ့သားသမီးတွေ ဘယ်လောက် ခံစားရမလဲ မသိဘူး” ဟု ဟာစရီပါး တွေးနေသည်။

နောက်ဆုံးတွင် ဟာစရီပါးသည် သူကိုယ်တိုင် မဆုံးဖြတ်နိုင်တော့သဖြင့် ကိုဗာစကီးကို တိုင်ပင်ရန် စိတ်ကူးရသည်။ ကိုဗာစကီး၏အယူအဆမှာလည်း ရာမာတူလာနှင့် အတူတူပင်။ ခရစ်ယာန်အယူတွင်လည်း မိမိတို့ သေလွန်ပြီးသည့် အခြားမဲ့၌ ခန္ဓာကိုယ်ကြီးအား ဘုရားသခင်က ဖန်ဆင်းခဲ့သည့်အတိုင်း ကောင်းကင်ဘုံသို့ ပြန်လည်ရောက်ရှိရေးသည် အဓိကဖြစ်သည်။ သို့ရာတွင် ကိုဗာစကီးသည် ဆင်းရဲသားရပ်ကွက်များတွင် ကာလအတန်ကြာမျှ နေခဲ့ရပြီဖြစ်သဖြင့် ဘာသာတရား၏အဆုံးအမများနှင့် ဘဝတည်မြဲရေးအတွက် လိုအပ်ချက်များကြားတွင် စေ့စပ်လုပ်ခဲ့ရသည့်သဘောကို လက်ခံနေရလေပြီ။

“အင်းလေ၊ ခင်ဗျားမှာ သမီးမင်္ဂလာဆောင်ပေးဖို့ ဝတ္တရားက ရှိနေသေးတာကိုး၊ ဒီတော့ ကောင်းကင်ဘုံကို မသွားခင် ဒီဘဝမှာ ကိုယ့်တာဝန်ကို ကျေပွန်အောင်တော့ လုပ်သွားပါ” ဟု ကိုဗာစကီးက ပြောသည်။

ဟာစရီပါးသည် အခန်းထောင့်တစ်နေရာတွင် မောင်ငယ်များကို သန်းရှာပေးနေသည့် သမီးငယ် အမိတ္တာကို ငေးကြည့်နေသည်။

* * * 

ဂိုထောင် အဆောက်အုံကြီးတစ်ခုအနီးတွင် ရှိသည့် နှစ်ထပ်အိမ်ကလေးသည် အခြားသောအိမ်ကလေးများလိုပင် စွတ်စိုထိုင်းမှိုင်းနေသည်။ ထို့ကြောင့် ရုတ်တရက်ကြည့်လိုက်လျှင် “မစ်ထရာနှင့် ကုမ္ပဏီ” ဟု ဆိုင်းဘုတ်တပ်ထားသည့် ထိုအိမ်ကလေးသည် ကာလကတ္တားမြို့တော်ကြီးရှိ အခြားအခြားသော အသေးစားလုပ်ငန်းဌာနကလေးများနှင့် ဘာမျှ ခြားနားခြင်းမရှိ။ ထူးခြားချက်ရှိသည်ဆိုလျှင် ယင်းမှာ ထိုကုမ္ပဏီက ရောင်းဝယ်သည့်လုပ်ငန်းသည် မည်သည့်လုပ်ငန်းဖြစ်ကြောင်းကို ဖော်ပြသည့်အမှတ်အသားမရှိခြင်းပင်ဖြစ်သည်။ ကျောက်ပေါက်မာ ထူလပျစ်နှင့် လူသည် ထိုအိမ်တံခါးကို ဆက်တိုက် ခေါက်လိုက်သည်တွင် ပြတင်းတံခါးတစ်ချပ် ပွင့်လာကာ လူတစ်ယောက် ခေါင်းပြူ၍ ထွက်ကြည့်သည်။

“ပစ္စည်းပါတယ်” ဟု သူက လှမ်းပြောသည်။

တံခါးမကြီး ပွင့်လာကာ အလုပ်သမားတစ်ယောက်က သူတို့နှစ်ယောက်ကို အထဲသို့ ဝင်လာရန် ခေါင်းညိတ်ပြလိုက်သည်။ အထဲသို့ရောက်သည်နှင့် စူးရှပုပ်ဟောင်သော အနံ့ကြီးက သူတို့ကို ဆီးကြိုလိုက်သည်။ ဟာစရီပါးအဖို့ဆိုလျှင် ထိုအနံ့ကြီးကို တစ်ခါမျှ မရှူရှိုက်စဖူး။ ဟာစရီပါးသည် ရှေ့သို့မသွားမီ သူ့ဆုံးဖြတ်ချက်ကို ပြင်ရမည်လားဟု ချီတုံ ချတုံ ဖြစ်နေသည်။ သို့ရာတွင် သူ့အဖော်က ရှေ့သို့ အတင်းတွန်းပို့နေသည်။ ထိုအခါကျမှ အိမ်ထဲတွင် အပုပ်နံ့ကြီး ထောင်းထောင်းထနေသည့် အကြောင်းရင်းကို သူသိတော့သည်။ 

ထိုနေရာကား ဒန်တေနှင့် ဒူရားတို့လို စာဆိုမျိုးသာလျှင် စိတ်ကူးဉာဏ်ကွန့်မြူး၍ စာဖွဲ့နိုင်သောနေရာမျိုးဖြစ်သည်။ ထိုနေရာကား အရွယ်အစားအမျိုးမျိုးရှိသော အရိုးစုကြီးများ နံရံတစ်လျှောက်တွင် ထောင်၍စီထားသော နေရာဖြစ်သည်။ အရိုးစုကြီးများသည် တစ္ဆေတွေ တန်းစီရပ်နေသည်နှင့် တူနေသည်။ စားပွဲများနှင့် စင်များပေါ်တွင်လည်း အရိုးတွေ တောင်လိုပုံလျက်ရှိသည်။ လူ့ခန္ဓာကိုယ်၏အစိတ်အပိုင်းအသီးသီးမှ အမျိုးမျိုးသော အရိုးထောင်ပေါင်းများစွာတို့သည် စားပွဲများ၊ စင်များပေါ်တွင် စုပုံလျက်ရှိကြ၏။ ရာပေါင်းများစွာသော ဦးခေါင်းခွံများ၊ ကျောရိုးများ၊ လည်ပင်းရိုးများ၊ လက်ဖျံရိုးများနှင့် ခြေထောက်ရိုးများ၊ တင်ပါးဆုံရိုးကြီးများနှင့် ဒူးခေါင်းရိုးများ၊ လည်ပင်းနားမှ လူပုံသဏ္ဌာန်အရိုးများကို သူမြင်ရသည်။ အံ့သြစရာအကောင်းဆုံးမှာ စူပါမားကက်ကြီးတစ်ခုတွင် ခင်းကျင်းပြသထားသကဲ့သို့ ထိုအရိုးများကို ဈေးခင်း၍ ပြသထားပုံပင်ဖြစ်သည်။ အရိုးတိုင်း၊ အရိုးစုတိုင်းပေါ်တွင်လည်း ဈေးနှုန်းများကို ဒေါ်လာဖြင့် ရေးထားပြီး ကတ်ပြားကလေးတွေ ချိတ်ထားသည်။

ကျောင်းသားများအား ပြသရန်အတွက် လှုပ်ရှားနိုင်အောင် လုပ်ထားသည့် လူကြီးတစ်ယောက်၏ အရိုးစုတစ်ခုလျှင် အမျိုးအစားနှင့် လက်ရာကို လိုက်ပြီး ဒေါ်လာ ၂၃၀ မှ ဒေါ်လာ ၂၅၀ အထိ ပေါက်ဈေးရှိသည်။ ကလေးတစ်ယောက်၏ အရိုးစုတစ်ခုလျှင် ဒေါ်လာ ၁၀၀ မှ ဒေါ်လာ ၁၂ဝ ပေါက်ဈေးရှိပြီး လည်ပင်းရိုးတစ်စုံလျှင် ဒေါ်လာ ၄၀၊ ခေါင်းခွံတစ်လုံးလျှင် ၆ဒေါ်လာ ဈေးရှိသည်။ သို့ရာတွင် အသင့် ပြင်ဆင်ထားသော ပစ္စည်းတစ်ခုလျှင် ထိုထက် ဆယ်ဆပိုပေးရသည်။

“မစ်ထရာနှင့် ကုမ္ပဏီ” တွင် အရိုးများကို ထုတ်ယူသည့်ပါရဂူများ၊ ကျွမ်းကျင်သူ ပါရဂူများ၊ ဆေးခြယ်သူများ၊ ပန်းပုဆရာများလည်းရှိသည်။ ထိုပညာသည်များမှာ မီးမှိန်မှိန် ထွန်းထားသည့် ချောင်ကလေးတစ်ချောင်ထဲတွင် အလုပ်လုပ်ကြရသည်။ ခုတ်ထစ်ထားသည့် အလောင်းများကြားတွင် တကုပ်ကုပ်ဖြင့် သူတို့တစ်တွေ အလုပ်လုပ်နေကြပုံမှာ သမိုင်းမပေါ်မီခေတ်က ကမ္ဘာကြီးတစ်ခု ပျက်စီးသွားပြီး ကျန်ရစ်ခဲ့သူများနှင့် တူနေသည်။ အချို့က အရိုးများ၊ အသားများကို ခြစ်ထုတ်လျက်။ အချို့က အရိုးများကို ဖွာလျက်။ အချို့က အရိုးများကို ဆက်စပ်လျက်။ အချို့က ဆေးခြယ်လျက်။ အချို့လက်ရာများဆိုလျှင် အလွန်ကောင်းသည်။ ခေါင်းခွံတစ်ခုတွင် ဖြုတ်နိုင် တပ်နိုင်သော သွားရိုးများကို တပ်ထားသည်။ ယင်းတို့မှာ အမေရိကန်ပြည် အနောက်အလယ်ပိုင်းရှိ သွားကောလိပ်တစ်ခုမှ အထူးမှာယူ ပြင်ဆင်ထားခြင်းဖြစ်သည်။ ထိုမျှ အဖိုးတန်သော ကုန်ပစ္စည်းများကို အိန္ဒိယပြည်မှ နိုင်ငံခြားသို့ တင်ပို့ရသည့်ကိစ္စမှာလည်း တော်တော်လက်ဝင်သည်။ ထိုပစ္စည်းအထုပ်များကို ထိခိုက်ခြင်းမရှိအောင် ကျနစွာ ထုပ်ပိုးပြင်ဆင်ရသည်။ ပထမတွင် ဂွမ်းဖြင့် သေချာစွာ ပတ်ထည့်ရသည်။ ထို့နောက် အထူးချုပ်ထားသည့် အိတ်ကလေးတစ်အိတ်ထဲတွင် ထည့်ရသည်။ ထို့နောက် အထူးပြုလုပ်ထားသည့် ကတ်ဘူးထဲတွင် ထည့်ကာ အပေါ်တွင် “ထိခိုက်လွယ်သည်၊ အထူးသတိထား၍ ကိုင်ပါ” ဆိုသည့် စာတန်းကို ရိုက်သည်။

ဟာစရီပါးသည် ထိုအရာများကိုကြည့်၍ တအံ့တဩဖြစ်နေသည်။

“ဘုရားရေ၊ ဒီအရိုးတွေဟာ အသက်ရှင်စဉ်တုန်းက ဒီလောက် ဂရုစိုက်မခံရခဲ့ရဘူး၊ ခုမှ ဂရုစိုက်ခံရတာပါလား” ဟု အောက်မေ့မိသေးသည်။

သို့ရာတွင် သုဘရာဇာများ ပို့လိုက်သည့် အရိုးတိုင်းသည် ထိုသို့ အရေးပေးခံသည် မဟုတ်ပါ။ ခွေးအများ အကိုက်ခံထားရသဖြင့် ကျိုးပဲ့နေသည့်အရိုးများ၊ ရေထဲ မြေထဲတွင် အနေကြာခဲ့သဖြင့် အရည်အသွေးညံ့သည့် အရိုးများမှာ အမှုန့်ကြိတ်စက်နှင့် ပေါင်းအိုးထဲသို့ ရောက်သွားပြီး နောက်ဆုံးတွင် ကော်ဖြစ်သွားကြသည်။ အခန်းထဲတွင် ပုပ်ဟောင်နေသောအနံ့မှာ ထိုအရိုးများနှင့် ဘေးထွက်ပစ္စည်းများကို ထုတ်လုပ်ရာမှ ပေါ်ထွက်လာခြင်းဖြစ်ဟန်တူသည်။

အိမ်အစွန်ဆုံး အခန်းကလေးတစ်ခန်းထဲတွင်မူ သက်ရှိအရိုးကိုဝယ်သည့် အဝယ်ဒိုင်အုပ်ကို တွေ့ရသည်။ ထိုလူသည် အဝတ်ဖြူကြီးကို ဝတ်ထားပြီး ညစ်ပတ်သည့် စားပွဲတစ်လုံးတွင် ထိုင်နေသည်။ သူ့ရှေ့စားပွဲပေါ်တွင်လည်း အလားတူ ညစ်ပတ်၍ ဖုန်တွေပေနေသည့် ဖိုင်တွဲများ၊ မှတ်ပုံတင်စာရွက်များ၊ စာရင်းစာရွက်များကို တွေ့ရသည်။ သူ့ဘေးမှ ပန်ကာသည် ဆယ့်ငါးစက္ကန့်လျှင် တစ်ကြိမ် သူ့ဘက်သို့ လှည့်လာကာ သူ့ကို ခြိမ်းခြောက်နေသည် ထင်ရ၏။ အရုပ်တွေ ရေးခြယ်ထားသည့် မွေးခါစကလေးငယ်များ၏ ဦးခေါင်းခွံမှာ စက္ကူဖိတုံးအဖြစ် အသုံးပြုထားသောကြောင့် ဘယ်မျှ ပန်ကာလေတိုက်သည့်တိုင် စာရွက်များမှာ လွင့်ပျံခြင်းမရှိပါ။ “မစ်ထရာနှင့် ကုမ္ပဏီ” သည် ကလေးငယ်များ၏ ခေါင်းခွံထောင်ပေါင်းများစွာကို နီပေါ၊ တိဘက်နှင့် တရုတ်ပြည်သို့ပင် တင်ပို့ရောင်းချသည်။ အခြားသောတိုင်းပြည်များကလည်း ထိုအရိုးများကို တင်သွင်းပြီး ဆေးလိပ်ခွက်များ ပြုလုပ်လေ့ရှိသည်။

အရိုးကုန်သည်ကြီးသည် ကုန်ကြမ်းပစ္စည်းဖြစ်သည့် လန်ချားသမား ဟာစရီပါးကို သေချာစွာ စစ်ဆေးကြည့်ရှုခြင်းပြု၏။ ဟာစရီပါး၏ ငေါထွက်နေသော ရင်ဒူးရိုး၊ ပခုံးရိုးနှင့် ငါးတစ်ကောင်၏အရိုးလို ထင်းထင်းကြီးဖြစ်နေသော နောက်ကျောရိုးတို့ကို မြင်သည့်အခါတွင် ကျေနပ်သွားဟန်တူ၏။ ဘာမျှ သံသယမရှိတော့ပြီ။ သူ့ကုန်ကြမ်းပစ္စည်းသည် အတုအပမဟုတ်ကြောင်း သေချာပြီ။ သူ့ကုမ္ပဏီ၏ပစ္စည်းစာရင်းထဲသို့ သွင်းနိုင်ဖို့အတွက် အချိန်များစွာ မစောင့်ရတော့ကြောင်းကို ရိပ်မိလိုက်ပြီ။ ငွေတိုး သိပ်မတက်တော့ပြီ။

အရိုးကုန်သည်ကြီးသည် ပွဲစားကို မျက်စိတစ်ဖက်မှိတ်၍ ပြလိုက်သည်။ ကျေနပ်ပြီဆိုသည့်သဘောဖြစ်၏။ နောက်ထပ်လုပ်စရာဆို၍ အရောင်းအဝယ်စာချုပ်ချုပ်ရန်နှင့် ဟာစရီပါးနေသည့် ရပ်ကွက်နှင့် အနီးဆုံးတွင်ရှိသည့် သုဘရာဇာကို အကြောင်းကြားရန်သာ ကျန်တော့သည်။ သုဘရာဇာသည် အချိန်စေ့သည်နှင့် ဟာစရီပါးအလောင်းကို လာရောက်ယူဆောင်သွားပေလိမ့်မည်။

သူတို့လုပ်ထုံးလုပ်နည်းတွေကို စောင့်ရသည်မှာ သုံးရက်ကြာသည်။ သုံးရက်အဆုံးတွင်မူ ဟာစရီပါးသည် ပထမအရစ်အဖြစ် ငွေတစ်ရာ့ငါးဆယ်ကျပ်တိတိကို ရရှိ၏။ အခြားသောကုမ္ပဏီများကဲ့သို့ပင် မစ်ထရာနှင့် ကုမ္ပဏီသည်လည်း ရင်းနှီးမြှုပ်နှံငွေများကို ကြာကြာ မအောင်းထားနိုင်။ နောက်ထပ်ကျန်ငွေများကိုမူ ဟာစရီပါး၏ကျန်းမာရေး အကြီးအကျယ်ပျက်စီးချွတ်ယွင်းလာကြောင်း ခိုင်မာသောအထောက်အထားများ ရရှိသည်နှင့် ချက်ချင်းပေးချေမည်ဖြစ်ကြောင်းဖြင့် ပြောလိုက်သည်။

အပိုင်း(၅၅)ဆက်ရန်
-------------------------
#မြသန်းတင့်

Post a Comment

0 Comments