#သုခမြို့တော်
အပိုင်း(၄၄)
“သူကိုက အပြောအဟောလဲကောင်း၊ သူတို့ပြောတဲ့ ကတိတွေကလဲ မက်စရာတွေချည်းဆိုတော့ ကျွန်တော်တို့လဲ ခိုကလေးများလို ထောင်ချောက်ထဲ ဆင်းသွားမိတာပေါ့။ သူတို့ကို ရွေးကောက်တင်မြှောက်ပြီး ခေါင်းဆောင်တင် လိုက်တာနဲ့ တစ်ပြိုင်နက် ဘရားဆပ်တွေဟာ ကျွန်တော်တို့ကို ကျောခိုင်းသွားကြတော့တာပဲ”
ထိုစဉ် ဘင်္ဂလားပြည်တွင် လက်ဝဲအစိုးရ တက်နေသည်။ ဟာစရီပါးသည် သူတို့ ရွေးကောက်တင်မြှောက်လိုက်သော အစိုးရအကြောင်းကို ပြောပြ၏။
“သူတို့လဲတက်လာရော လွှတ်တော်ထဲမှာ ဥပဒေတစ်ရပ် ပြဌာန်းလိုက်တယ်၊ အဲဒီဥပဒေအရ အစိုးရအမိန့်မရဘဲ ဆွဲတဲ့ လန်ချားတွေကို သိမ်းရုံတင်မကဘူး၊ ဖျက်ဆီးပစ်ရမယ်တဲ့။ ဒါ အလုပ်သမားလူတန်းစားကို ကာကွယ်တဲ့သူတွေတဲ့လားဗျာ။ သူတို့ပါးစပ်ထဲမှာတော့ အခွင့်အရေးတို့၊ တရားမျှတမှုတို့ဆိုတဲ့ စကားလုံးတွေ ပြည့်နေတာပဲ။ ဓနရှင်တွေကို တိုက်ကြ၊ သွေးစုပ်သူတွေကို ဆန့်ကျင်ကြလို့ ပြောခဲ့တဲ့လူတွေဟာ သူတို့လဲ အာဏရလာရော လှမ်းကြည့်ဖော် တောင် မရဘူး။ လန်ချားကို ဖျက်ဆီးပစ်ရမယ်လို့ ပြောတာဟာ လယ်ကွင်းတွေထဲက စပါးတွေကို မီးရှို့ပစ်လို့ ပြောတာနဲ့ အတူတူပေါ့။ သူတို့က ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တော့ ဘယ်သူတွေခံရသလဲ၊ လန်ချားပိုင်ရှင်တွေ ခံရတယ် ထင်သလား၊ ဘယ်ခံရမလဲ၊ သူတို့အဖို့ လန်ချားငှားခ ငွေ လေး ငါးခြောက်ကျပ်မရတော့ ဘာဖြစ်သွားမှာလဲ၊ ဘာမှမဖြစ်ဘူး၊ ကျွန်တော်တို့မှာသာ ငတ်တာ”
ဟာစရီပါးသည် မကျေနပ်သဖြင့် သူတို့လန်ချားများ အဖျက်ခံရသည့်ကိစ္စကို လန်ချားသမားများသမဂ္ဂသို့ သွားတိုင်သည်။ သူတို့ခေါင်းဆောင်တစ်ဦးဖြစ်သူ မှတ်ကြီးကမူ သူတို့လန်ချားများကို မီးရှို့ဖျက်ဆီးခြင်းမှာ အခြားကြောင့်မဟုတ်၊ အစိုးရသည် ယှဉ်ပြိုင်မှုကို မလိုလားသောကြောင့် ဖြစ်ကြောင်း၊ သူတို့ကိုသာ လိုင်စင်ထုတ်မပေးသော်လည်း အစိုးရအရာရှိကြီးများမှာ လန်ချားပိုင်ရှင်များဖြစ်ကြကြောင်း၊ သူတို့လန်ချားများမှာ လိုင်စင်ရှိကြောင်း၊ ထို့ကြောင့် သူတို့လန်ချားများကို ယှဉ်ပြိုင်မည်စိုးသဖြင့် မိမိတို့လန်ချားများကို မီးရှို့ ဖျက်ဆီးခြင်းဖြစ်ကြောင်းဖြင့် ပြောပြသည်။
သမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်သော ရာဆူးကမူ ယခုလန်ချားများကို မီးရှို့ ဖျက်ဆီးခြင်းမှာ ကာလကတ္တားမြူနီစီပယ်ရှိ အရာရှိဆိုးများကြောင့် ဖြစ်ကြောင်းဖြင့် ရှင်းပြသည်။သူတို့နှစ်ယောက်သည် တစ်ယောက်တစ်မျိုး ပြောနေကြသည်။ မည်သူက မည်သို့ပြောစေ၊ အစိုးရကမူ လိုင်စင်မရှိသည့် လန်ချားများကို ဖျက်သိမ်းပစ်တော့မည်။ ဥပဒေပြဋ္ဌာန်းပြီး၍ မကြာမီမှာပင် အကောင်အထည်ဖော်သည့်အနေဖြင့် လိုင်စင်မရှိသောလန်ချားများကို သိမ်းလိုက်သည်။ ယာဉ်ထိန်းပုလိပ်များရှိနေသည့် လမ်းမကြီးများပေါ်သို့ မည်သည့်လန်ချားသမားမျှ မဖြတ်သန်းရဲတော့ပြီ။တချို့ ပုလိပ်များကလည်း လန်ချားဆိပ်သို့လာ၍ စစ်ဆေးကြသည်။
“နောင်ကြီး၊ ခင်ဗျားလိုင်စင်ကလေး ပြစမ်းပါ”
“ကျွန်တော့်မှာ လိုင်စင်မရသေးဘူးဗျ” ဟု ဆိုကာ လန်ချားသမားသည် ခါးကြားထဲတွင် လိမ်ထားသည့် စက္ကူကလေးကို ထုတ်ပေး၏။
သို့ရာတွင် ယခုတစ်ကြိမ်တွင်မူ ပုလိပ်ကလည်း ငွေစက္ကူကလေးကို မမြင်ချင်ယောင်ဆောင်နေလေပြီ။ သူ့ကိုလည်း ဆိုင်ရာက တင်းကျပ်စွာ အမိန့်ပေးထားပေပြီ။ ဘောက်ဆူးပေးသည့် အလေ့အထသည် မရှိတော့ပြီ။ တစ်ခါတစ်ရံတွင်မူ လန်ချားသမားသည် ပုလိပ်ကိုလည်း ဘာမျှမပြောတော့ပြီ။ ပခုံးကိုသာ တွန့်ပြလိုက်၏။ ဆိုးရွားလှသော ကံကြမ္မာနှင့် တွေ့ဖန်များ၍ ရိုးနေလေပြီ။
ဤတွင် ပုလိပ်ကလည်း လန်ချားကို အနီးရှိ အခြားလန်ချားတစ်စီးဖြင့် နီးရာဌာနသို့ ဆွဲသွားတော့သည်။ မကြာမီပင် ပုလိပ်ဌာနများရှေ့တွင် တစ်စီးနှင့်တစ်စီး ပူးကပ်၍ဆိုက်ထားသော လန်ချားတန်းကြီးများကို တွေ့ရသည်။ လန်ချားဘီးများတွင် သံကြိုးကြီးများဖြင့် ခတ်လျက်။ မလှုပ်မယှက်ဖြစ်နေသော လန်ချားကြီးများကို ကြည့်ရသည်ကပင် စိတ်မကောင်းစရာ။သစ်သီးခြံထဲတွင် လေမုန်တိုင်း ဝင်မွှေသွားသဖြင့် အမြစ်မှ ကျွတ်ထွက် လဲကျနေသည့် သစ်ပင်များနှင့်လည်း တူသည်။ ပိုက်ကွန်ထဲတွင် ရောက်နေသည့် ငါးများနှင့်လည်း တူသည်။
“ကြည့်ရတာ စိတ်မကောင်းစရာကြီးဗျာ၊ ဘာပဲဖြစ်ဖြစ် ကိုယ့်လန်ချားကို သံကြိုးခတ်ထားတာမြင်ရပေမယ့် တစ်နေ့တော့ ဒီလန်ချားကြီးတွေဟာ ကောင်းရောင်းကောင်းဝယ်လုပ်စားသူတွေ လက်ထဲကို ပြန်ရောက်ရမှာပဲလို့ မျှော်လင့် ချက်ရှိသေးတယ်၊ ခုတော့ ဒီမျှော်လင့်ချက်လဲ မရှိတော့ဘူး၊ ဒီလန်ချားတွေကို ဖျက်ဆီးပစ်တော့မလို့တဲ့”
ယခု ထိုမျှော်လင့်ချက်ပင် ပြိုလဲသွားခဲ့လေပြီ။ ထိုလန်ချားများကို မီးရှို့ဖျက်ဆီးပစ်တော့မည်။ဥပဒေပြဋ္ဌာန်းလိုက်သည်နှင့် တရားသူကြီးများကလည်း လိုင်စင်မရှိသော လန်ချားများကို မီးရှို့ပစ်ရန် အမိန့်ပေးလိုက်ကြသည်။
တစ်ညနေတွင်မူ လန်ချားများကို မြူနီစီပယ်အမှိုက်ကျုံးသည့် လှည်းဝါဝါကြီးများပေါ်တွင် တင်ကာ အမည်မသိသောတစ်နေရာသို့ သယ်သွားကြသည်။ နောက်မှ မသိမသာလိုက်ကြည့်သည့်အခါတွင် မြို့စွန် သားရေရုံများအနီးရှိ အမှိုက်ပုံကြီးဆီသို့ သယ်သွားသည်ကို တွေ့ရ၏။မကြာမီဆိုလျှင် ထိုလန်ချားများကို မီးရှို့ဖျက်ဆီးပေတော့မည်။
ခါတိုင်းဆိုလျှင် လန်ချားသမားများမှာ တစ်ကွဲတပြားနေကြသည့်အတွက် လူစုရန် တော်တော်ခက်သည်။သို့ရာတွင် ယခုတစ်ကြိမ်တွင်မူ လူစုရန်မခက်။ နာရီပိုင်းအတွင်းတွင် အောက်မြို့ပတ်လမ်းပေါ်၌ စီတန်းလှည့်လည်နေသော လန်ချားသမားလူတန်းကြီးကို တွေ့သည်။သူတို့လက်တွင် အလံတွေ၊ ပိုစတာတွေ၊ အသံချဲ့စက်တွေနှင့်။ ထိုလူတန်းကြီးကို ရာဆူး၊ မှတ်ကြီးနှင့် လန်ချားသမားသမဂ္ဂခေါင်းဆောင်များ ခေါင်းဆောင်လာခဲ့ကြသည်။ “လန်ချားဟာ ငါတို့အသက်” ဟူသော ပိုစတာများကိုလည်း ကိုင်လာကြသည်။
အခြားသော လန်ချားသမားများလည်း ဆန္ဒပြပွဲတွင် ပါဝင်လာကြ၏။ ကာလကတ္တားတွင် ဆန္ဒပြရခြင်းသည် ပါဝင်သူများအဖို့ ဟာနေသော ဝမ်းဗိုက်ကို မေ့ပျောက်သွားစေသည်မှာတော့ အမှန်ပင်ဖြစ်သည်။
လမ်းထောင့်များသို့ ရောက်လျှင် ပုလိပ်များကလည်း ယာဉ်များကို ရပ်ပေးစေပြီး ဆန္ဒပြပွဲကို ဖြတ်သန်းခွင့်ပြုလိုက်ကြသည်။ ဤသည်မှာ ကာလကတ္တား၏ထုံးစံဖြစ်သည်။သူတို့သည် မြို့ထဲမှ မိုင်ပေါင်းများစွာ ချီတက်လာခဲ့ကြရာ နောက်ဆုံးတွင် မြို့ပြင်ကွင်းပြင်တစ်နေရာ ရောက်သွားကြ၏။
“အဲဒီနေရာရောက်တော့ ကျွန်တော်တို့အားလုံး လန့်သွားကြတယ်။ ဆိုးလိုက်တဲ့ အနံ့ကြီးဗျာ၊ အလောင်းပုံတွေကို မီးရှို့နေတဲ့ အနံ့ကြီးလိုလို၊ လောကကြီးတစ်ခုလုံးပဲ ပုပ်သိုးသွားတော့သလိုလို ထင်လိုက်မိတယ်” ဟု ဟာစရီပါးက ပြော၏။
သူတို့ရှေ့ ကိုက်လေးရာခန့်အကွာတွင် အနံ့အသက်တို့ ဆိုးရွားလှသည့် တောင်ကြီးတစ်လုံး။ ထိုတောင်ကြီးမှာ မြို့တော်မှ စွန့်ပစ်သော အမှိုက်ပုံကြီးဖြစ်သည်။မိုင်ဒန်ကွင်းလောက် ကျယ်သည့် ထိုအမှိုက်ပုံကြီးပေါ်တွင် လော်ရီကားများ၊ မြေညှိစက်များသည် ဖုန်တထောင်းထောင်းဖြင့် အသွားအပြန် မောင်းနေကြ၏။အမှိုက်ပုံအထက် ကောင်းကင်ယံတွင်မူ ကျီးကန်းများ၊ လင်းတကြီးများသည် ပျံဝဲလျက်ရှိကြ၏။ ကျီးကန်းအုပ်များ၊ လင်းတအုပ်များကြောင့် ကောင်းကင်သည် မိုးရာသီလို အုံ့မှိုင်းလျက်ရှိသည်။
ထို့ထက်ပို၍ အံ့သြစရာကောင်းသည့် အချက်တစ်ချက်ရှိသေးသည်။ အခြားမဟုတ်။ အနာကြီးတစ်ခုပေါ်တွင် လောက်ကောင်များ တရွရွတက်နေသကဲ့သို့ အမှိုက်ပုံကြီးကြားထဲတွင် ပြန့်ကြဲနေသော အမှိုက်ကောက်သူများဖြစ်သတည်း။
အမှိုက်ပုံကြီးအနီးသို့ ရောက်သည့်အခါ၌ တစ်ဖက်အမှိုက်ပုံဘေးတွင် စုပြုံထားသော သူတို့လန်ချားများကို လှမ်းမြင်ရသည်။ လန်ချားများမှာ တစ်စီးနှင့် တစ်စီး ထိစပ်ကာ မြွေကြီးတစ်ကောင်လို ကွေ့ကောက်လျက် တစ်မျှော်တခေါ်ကြီး မြင်နေရသည်။
“ကျွန်တော်တို့ကို ထမင်းကျွေးခဲ့တဲ့ ပစ္စည်းတွေကို ဒီလို ပစ္စလက်ခတ် မြင်ရတဲ့အခါကျတော့ ဝမ်းနည်းတယ်ဗျာ။ ဒီအစိုးရကို ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ ရွေးကောက်ပွဲနေ့တုန်းက နတ်သိကြားတွေ ဘယ်များသွားနေကြသလဲမသိဘူး” ဟု ဟာစရီပါးက ပြောသည်။
ထို့နောက် မြင်ရသည့် ရှုခင်းကိုမူ ဟာစရီပါး မမေ့နိုင်တော့။ အမှိုက်ပုံကြီးနှင့် လန်ချားတန်း၏ကြားတွင် ပုလိပ်ကား သုံးစီး ရပ်ထားသည်။ ဆန္ဒပြလူတန်းကြီးက အမှိုက်ပုံအနီးသို့ ရောက်လာသည့်အခါတွင် ပုလိပ်များသည် ယာဉ်ပေါ်မှ ဆင်းလာကြကာ သူတို့ရှေ့တွင် ရပ်နေကြ၏။ယာဉ်ထိန်းရဲများမဟုတ်။ သံခမောက်ကို ဆောင်းကာ သေနတ်များနှင့် ဒိုင်းများကို ကိုင်ထားကြသည့် အဓိကရုဏ်းနှိမ်နင်းရေးပုလိပ်များဖြစ်သည်။သူတို့တာဝန်မှာ ဆန္ဒပြသူများကို မောင်းထုတ်ပြီး လန်ချားများကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။
ရာဆူးက အသံချဲ့ခွက်ကိုကိုင်ကာ မိမိတို့လန်ချားသမားများသည် လန်ချားများကို ဖျက်ဆီးသည့်ကိစ္စကို ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြခြင်းဖြစ်ကြောင်း ပြောသည်။ ထိုအခိုက်တွင် သတင်းထောက်များ ရောက်လာကြ၏။ ရှူးဖိနပ်တွေ၊ ဘောင်းဘီတွေ ဝတ်ထားသည့် သတင်းထောက်များနှင့် အမှိုက်ပုံကြီးသည် တစ်ခြားစီဖြစ်နေ၏။
ခဏကြာလျှင် အမှိုက်ပုံကြီးနားတွင် လူတွေပြည့်နေလေပြီ။ အမှိုက်ကောက်သူများကလည်း သူတို့ကို ငေးကြည့်နေကြသည်။ ခပ်လှမ်းလှမ်းရှိ ရွာများက လူတွေလည်း ထွက်လာကြည့်ကြသည်။ ပုလိပ်များက သေနတ်များကို ဝှေ့ယမ်း၍ ရှေ့သို့ တက်လာ၏။ သို့ရာတွင် လန်ချားသမားများက နောက်မဆုတ်။ သူတို့နေရာတွင် ရပ်မြဲရပ်နေကြသည်။
“သူတို့ပစ်လိုက်ရင် ကျွန်တော်တို့အားလုံး သေကုန်မှာပဲ၊ ဒါပေမယ့် သေချင်လဲ သေပါစေ၊ ကျွန်တော်တို့အတွက် အရေးကြီးတယ် မဟုတ်လား။ ကျွန်တော်တို့တစ်တွေ သပိတ်ကြီးအောင်ခဲ့လို့ ပိုင်ရှင်တွေက ကျွန်တော်တို့တောင်းဆိုချက်တွေကို လိုက်လျောခဲ့ရတယ်၊ အခုလဲ ကျွန်တော်တို့တောင်းဆိုချက် အောင်မြင်မယ်လို့ ယုံကြည်တယ်။ လန်ချားဝင်ရိုးနဲ့ လန်ချားဘီးဟာ ခွဲလို့မရသလို ကျွန်တော်တို့လန်ချားသမားတွေဟာလဲ ခွဲလို့မရအောင် ညီညွတ်ဖို့လိုတယ်”
ထိုသို့ တင်းမာနေစဉ် ဇာတ်ပွဲစလေပြီ။
ပုလိပ်တစ်ယောက်က မီးခြစ်ကို ခြစ်လိုက်ပြီး မီးတုတ်တစ်ခုတွင် ညှိလိုက်ပြီးနောက် အလယ်ရှိ လန်ချားကို စတင်၍ မီးရှို့လိုက်သည်။ မီးတောက်များသည် လန်ချားအမိုးကို စွဲသွားကြ၏။ ထိုနောက် အခြားလန်ချားတစ်စီးသို့ ကူးသွား သည်။
လန်ချားသမားများသည် အတန်ကြာမျှ ကြောင်ကြည့်နေ၏။ ထို့နောက်တွင် လူအုပ်ကြီးသည် ပုလိပ်များကို တိုးကာ လန်ချားများဆီသို့ ပြေးကြသည်။ သို့ရာတွင် ပုလိပ်များကို ဖောက်ထွင်း၍ မရ။
ထိုသို့ ရုတ်ရုတ်သဲသဲဖြစ်နေစဉ် ဟာစရီပါးသည် မှတ်ကြီးကို လှမ်းမြင်လိုက်ရသည်။ မှတ်ကြီးသည် လူတစ်ယောက်၏ပုခုံးပေါ်သို့ တက်လာကာ ပုလိပ်တို့ခေါင်းပေါ်မှ ကျော်ပြီးနောက် မီးလောင်နေသော လန်ချားပေါ်သို့ ခုန်ချလိုက်သည်။ မှတ်ကြီးသည် မီးပုံကြီးထဲသို့ ရောက်သွား၏။ ထိုနောက် မီးမလောင်သေးသည့် လန်ချားများကို တစ်စီးပြီးတစ်စီး တစ်ဖက်ချောင်းထဲသို့ တွန်းချနေသည်။ ထိုအပြုအမူသည် ရူးသွပ်သည့် အပြုအမူတစ်ခုနှင့် တူ၏။ ပုလိပ်များပင်လျှင် သူ့အပြုအမူကိုကြည့်၍ ကြောင်နေကြသည်။
မီးစွဲလောင်နေသည့်မှတ်ကြီးထံမှ ကျယ်လောင်သော အော်သံတစ်ခု ကြားလိုက်ရသည်။ ထို့နောက် လှည်းသန်ကို လှမ်းဆွဲနေသည့် လက်တစ်ဖက်ကို မြင်လိုက်ရသည်။ ထို့နောက် မီးခိုးတွေ ဖုံးသွားသဖြင့် ဘာကိုမျှ မမြင်ရ။ အနီးပတ်ဝန်းကျင်တွင် အသားကို မီးလောင်သည့် ညှော်နံ့ကြီး ပေါ်ထွက်လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်သွား၏။ လန်ချားများကို မီးဝါးနေသည့် အသံများကိုသာ ကြားရသည်။
သည်တစ်ပွဲတွင် ဘာဘူတို့ အောင်ပွဲခံသွားလေပြီ။ မီးတွေ ငြိမ်းသွားသည့်အခါ၌ ဟာစရီပါးသည် အမှိုက်ကောက်သူတစ်ဦးထံမှ နို့ဆီခွက်တစ်ခွက် တောင်းသည်။ မီးခဲများအကြားမှ မှတ်ကြီး၏အရိုးပြာတို့ကို လိုက်ကျုံးသည်။
သူနှင့် သူ့ရဲဘော်များသည် သူ့အရိုးပြာများကို ဂင်္ဂါမြစ်လက်တက်ဖြစ်သော ဟူဂလီမြစ်ထဲသို့ မျှောချပေလိမ့်မည်။
အပိုင်း(၄၅)ဆက်ရန်
---------------
0 Comments