ဗညားရှိန်း - ခင်နှင်းယု အပိုင်း (၂၄) ဇာတ်သိမ်းပိုင်း

#ဗညားရှိန်း

အပိုင်း(၂၄)(ဇာတ်သိမ်းပိုင်း)

မ​လေးနုသည် မီးပုံဘေးမှ အသာထကာ တက်လာခဲ့သည်။ သူ့အခန်းသို့ ဝင်ကာ ခုတင်ခေါင်းရင်းဘက်ရှိ စားပွဲပေါ်မှာ ငွေကြုတ်လေးကို တင်လိုက်သည်။ ပြတင်းဆီသို့ လျှောက်သွားကာ ခန်းဆီးကို ဖယ်လိုက်သည်။ အပြင်မှာ ​လေက ပြင်းထန်စွာ တိုက်နေဆဲ၊ ထင်းရှူးပင်များ ဖရိုဖရဲဖြစ်နေကြသည်။ မိုးသီးမိုးပေါက်တွေအောက်မှာ သစ်ကိုင်းတွေ လက်မြှောက်အော်မြည်နေသလို ထင်ရသည်။ ညနေက အလှမြင်ကွင်းလေး ပျက်သွားသည်။ ခြံထဲမှာ လုံခြုံရေးအတွက် ထွန်းထားသော အလင်းရောင် မှုန်ဝါးဝါးအောက်မှာ သစ်ပင်ရှည်ကြီးများသည် အရိပ်မည်းမည်းကြီးတွေအဖြစ် ယိမ်းယိုင်နေကြသည်။

မလေးနုသည် အပြင်ကိုပဲ စူးစိုက်ကြည့်နေမိသည်။ ညဉ့်ဦးက မီးဖိုဘေးမှာ ရှိန်းပြောခဲ့သော စကားများ၊ သူ့ကို ပွင့်ပွင့်လင်းလင်း အားလုံးဖွင့်ပြောသွားခဲ့သည်။ ပြီးတော့ ဆေးတိုက်သို့ ပြန်လာပါတဲ့၊ လူနာများကို ချစ်ပါတဲ့။

ရှိန်းကသာ ထင်သည်။ လူတွေ၏စိတ်အကြံကို သူက ထိုးဖောက်သိမြင်သူတဲ့။ ရှိန်းမသိတာတွေ အများကြီးရှိသေးသည် ဆိုတာကို သူပြောပြချင်သည်။

မလေးနုအနေနှင့် လူနာများအပေါ် သံယောဇဉ်မဖြတ်နိုင်၍ ပြန်သွားသည်ထားဦး။ မလေးနုအပေါ် ချစ်နေသော ရှိန်းနှင့် အချိန်ကြာမြင့်စွာ နေသွားဖို့က မလွယ်။ အထူးသဖြင့် ရှိန်းဇနီး အေးက ကွယ်လွန်သွားပြီ။ မုဆိုးဖိုတစ်ယောက်နှင့် နီးနီးကပ်ကပ် အလုပ်တွဲလုပ်သည်က သူတစ်ပါး အပြောခံရသည့်အတွက် မလေးနု မမှုပါ။ နီးစပ်မှုမှ ပေါက်ပွားလာသော မလေးနုစိတ်၏ အတိုင်းအတာကို မလေးနုကိုယ်တိုင် မသိနိုင်ပါ။ ရှိန်းလည်း မသိပါပေ။ ဤနီးစပ်မှု၏ အကျိုးဆက် အရှိန်အဟုန်သည် ရှိန်းပြောသည့် ရာဂမပါသော အချစ်ထက် နယ်လွန်နိုင်သည်ကို ရှိန်း တွေးတောမိမည်မဟုတ်ပါ။ 

မလေးနုကတော့ မိန်းမသား၊ တွေ့းရပေမည်။ အသည်းနှင့် နှလုံးနှင့် ခံစားချက်နှင့် မိန်းမသားတစ်ယောက် အရွယ်မလွန်ခင် ရေရှည် နီးနီးစပ်စပ် ယောက်ျားတစ်ယောက်နှင့် နေသွားဖို့ဆိုသည်က အန္တရာယ်ကြီးလှသည်။ အခါခပ်သိမ်း နှလုံးသားကို ထိန်းသိမ်းနိုင်ပါသည်ဟု အာမ မခံနိုင်။ နှလုံးသား၏အလိုကို လိုက်မိမှဖြင့် နောက်ဆက်တွဲ သက်ရောက်လာမည့် အကျိုးဆက်တွေကို မလေးနု မတွေးရဲပါ။ ကြိုတင်ကာကွယ်ဖို့က သူ့တာဝန်၊ ရန်ကုန်မှာတင် ဆင်းရဲသားလူနာ ရှိသည်မဟုတ်၊ တောင်ပေါ်ဒေသအနှံ့ ရောက်ခဲ့သော သူ့အဖို့ ချို့တဲ့သောလူနာမျိုးစုံကို တွေ့ခဲ့ရဖူးပြီ။ ကလောမှာပင် အခြေစိုက်ကာ သူ့မွေးရပ်မြေမှာရှိသော ချို့ငဲ့သူတွေကို သူ ကူညီသွားနိုင်သည်ပဲ။ ရှိန်း ဆေးတိုက်ကြီးက အရှိန်နှင့် လည်ပတ်နေပါပြီ။ ဒီယန္တရားကို ဘယ်သူတက်မောင်းမောင်း ရသည်။ မလေးနု သေသွားတော့ရော တစ်ယောက်ယောက်က ဆက်ခံရမည်ပဲ။

ရှိန်းကျေးဇူးတရားတွေကို မေ့လျော့၍ မဟုတ်သည်ကိုလည်း ရှိန်း သိစေချင်သည်။ ရှိန်းအတွက် ၁၀ နှစ်နီးပါး ဆောင်ရွက်ပေးခြင်းဖြင့် ကျေးဇူးတစ်စိတ်တစ်ဒေသ ဆပ်ခဲ့ပါပြီ။ သူ့အတွက် ငွေကြေးခံစားမှုကို ခွင့်ပေးသော ရှိန်း၏ ကျေးဇူးတရားကို အမြဲပဲ သတိရနေပေမယ့် ရှိန်းဆေးတိုက်ကို ပြန်သွားဖို့တော့ မလွယ်ပါ။ သူသည် ရင်ထဲမှာ မတင်မကျနှင့် ရှိန်းကို ဘယ်လိုပြောရပါ့။ သွားလေသူ အေးက သူ့အပေါ် စွဲချက်တင်ကာ တမလွန်ကို အာဃာတကြီး သယ်သွားပြီကိုလည်း သူ ရှိန်းကို ဖွင့်မပြောလိုပါ။ ဘဝခြားကာမှ အေးအပေါ် ရှိန်း၏နာကြည်းမှု ပိုလာမှာလည်း စိုးပါသည်။ တစ်စုံတစ်ယောက်ထံမှ သူ့ဘာသာ သိပါစေတော့။

မလေးနုသည် အတွေးစဖြတ်ကာ ပြတင်းမှခွာလိုက်သည်။ စားပွဲပေါ်ရှိ ငွေကြုတ်လေးကို လှမ်းယူ၍ ဖွင့်လိုက်သည်။ ငွေကြုတ်ထဲမှာ မွှေးပျံ့သောရေမွှေးများနှင့် စိုစွတ်နေသော ဆံပင်​လေးများ ​ခွေ​ခွေလေး အိပ်ပျော်နေသလိုပင်။ အချစ်ကိုတန်ဖိုးမထားတတ်သူဟု မ​လေး စွပ်စွဲခဲ့သော ရှိန်းက အချစ်ကို သိမ်သိမ်မွေ့မွေ့၊ လေး​လေးနက်နက် ဖော်ထုတ်လိုက်ပါပကော။ ဤငွေကြုတ်လေးထဲတွင် သူတို့နှစ်ဦး၏ ဆံခွေလေးများ ထာဝရ လည်ချင်းယှက်ကာ အိပ်​ပျော်ကြမည်ပေါ့။ 

သူသည် စားပွဲအံဆွဲကိုဖွင့်ကာ ကတ်ကြေးကို ယူလိုက်သည်။ ထုံးထားသောဆံပင်ကို ဖြေလိုက်ကာ ဆံပင်အနည်းငယ်ယူ၍ တစ်မိုက်လောက် ကတ်ကြေးနှင့် ဖြတ်လိုက်သည်။ သူ့ဆံပင်များကို ရှိန်း ဆံပင်လေးများအပေါ် ခွေ၍ထည့်လိုက်စဉ် လက်များက တုန်နေသည်။

“ရှိန်းရေ ... မလေး ဒီလောက်အထိပဲ လိုက်လျောနိုင်ပါတယ်”

သူသည် တီးတိုးရေရွတ်လိုက်၍ ငွေကြုတ်ကိုပိတ်ကာ ပလာစတာနှင့် အဖုံးအစပ်ကို ပတ်လိုက်သည်။ စက္ကူအိတ်ကြီးတစ်ခုထဲတွင် ငွေကြုတ်ကို ထည့်လိုက်သည်။ တစ်ဖက်ခန်းသို့ ထွက်သွားကာ တံခါးခေါက်လိုက်သည်။

“ဒေါ်မြ… ဒေါ်မြ၊ အိပ်ပျော်နေပြီလား”

“မအိပ်သေးပါဘူး၊ ဘာကိစ္စရှိလို့လဲ” 

ဒေါ်မြက တံခါးဖွင့်လိုက်သည်။

“ဒီအိတ်လေး အောက်ထပ်ကဧည့်သည်ကို သွားပေးလိုက်ပါ"

ဒေါ်မြလက်ကို ငွေကြုတ်အပ်ကာ မလေးနုသည် သူ့အိပ်ခန်းကို ပြန်လာခဲ့သည်။ ထိုညက အိပ်မပျော်ပါ။ မိုးလင်းခါနီးမှ အိပ်ပျော်သလိုဖြစ်သွားသည်။ အိပ်မက်ထဲမှာ ငွေကြုတ်ကလေးထဲမှ ဆံပင်လေးများ ကောင်းကင်ပျံတက်ကာ ပန်းကုံးလေးတွေအဖြစ် တစ်ခွေနှင့်တစ်ခွေ ယှက်၍ ဝဲပျံနေကြသည်တဲ့။ သူ လန့်နိုးတော့ နေတော်တော်မြင့်နေပါပြီ။ ဒေါ်မြက သတင်းလာပို့သည်။ ဧည့်သည်သည် နံနက်ခြောက်နာရီလောက်က ပြန်သွားသည့်အကြောင်း၊ ဦးဘ သာကို ညကတည်းက မှာထား၍ နံနက်စာ ကြက်ဥ၊ ပေါင်မုန့်နှင့် ကော်ဖီများ တိုက်လိုက်ကြောင်း ပြောပြပါသည်။ ရှိန်း မလေးနုကို နှုတ်မဆက်လိုတော့ပြီ ထင်ပါရဲ့။

* * * 

နောက်တစ်ပတ်မှာ မလေးနုထံသို့ ဦးစောထီး ရောက်လာသည်။ ကြိုတင်ချိန်းဆိုမထား၍ မလေးနု အံ့အားသင့်နေသည်။ ဘာပဲဖြစ်ဖြစ် ကျန်ငွေများကို တောင်းခံလျှင်လည်း နှစ်ရက်လောက်ပဲ အချိန်ယူ၍ သူ့လက်ကျန်ငွေနှင့် လက်ဝတ်လက်စားများကို ထုခွဲ၍ ရသောငွေကို ပေးလိုက်တော့မည်။

ကော်ဖီနှင့် ကြိုဆိုဧည့်ခံ စကားပြောနေပေမယ့် ဦးစောထီးသည် လာရင်းအကြောင်းကို စကားမစသေး။ မလေးနု ကလောပြန်လာ၍ ဝမ်းသာကြောင်းသာ ပြောနေသည်။ အတန်ကြာ​သော် လက်ထဲမှ ဖိုင်တွဲကြီးကို ဖွင့်လိုက်သည်။ စာရွက်စာတမ်းများကိုယူ၍ မလေးနုကို လှမ်းပေးသည်။

“ရော့...ဒီအိမ်ကြီးရဲ့စာချုပ်”

မလေးနုသည် နားမလည်သလို လှမ်းယူရင်း ငေးနေသည်။ 

“အန်ကယ် ပြောပြပါ့မယ်၊ ဟိုအပတ်ကတည်းက ဗညားရှိန်းဆိုတဲ့ လူတစ်ယောက် အန်ကယ့်ဆီလာပြီး တွေ့သွားတယ်၊ ရှိန်းဆေးတိုက်က မလေးနု လွှတ်လိုက်လို့တဲ့၊ မလေးနု အကြွေးကျန် ငွေနှစ်သိန်းနဲ့ အတိုးပါ ဆပ်သွားတယ်၊ အန်ကယ်က အပြေအလည် အတိုးရော အရင်းပါ ငွေရကြောင်း တံဆိပ်ခေါင်းကပ်ပြီး လက်မှတ်ထိုးပေးလိုက်ပါတယ်၊ သူက ပြောသွားလို့ နောက်အပတ်ထဲမှာမှ မလေးနု ကလောကို ရောက်လာမယ်၊ ဒီစာချုပ်စာတမ်းတွေ သွားပေး
ပါဆိုလို့ လာတာ၊ အန်ကယ် ဝမ်းသာလိုက်တာ၊ နီးနီးစပ်စပ် ဆရာဝန်တစ်ယောက် အန်ကယ်တို့အနားမှာရှိလာလို့၊ ဒီမှာပဲ ပြန်နေတော့မယ် မဟုတ်လား၊ ပြန်သွားဦးမှာလား"

မလေးနုသည် ဘာမှပြန်မပြောနိုင်။ မျက်လုံးမှ ဝိုင်းလာသော မျက်ရည်ကိုသာ ထိန်းထားရသည်။

"မလေးလည်း ဖေဖေ့အိမ် ပြန်ရွေးနိုင်တော့ ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျချင်ပါတယ်၊ နှစ်ရှည်လများ မလေးကို လိုက်လျောပြီး ငွေစောင့်ယူတဲ့အတွက် အန်ကယ့်ကို ကျေးဇူးတင်ပါတယ်၊ မလေး ပြန်မယ် မပြန်ဘူးကတော့ အခြေအနေအရပါပဲ”

မလေးသည် တည်ငြိမ်အောင် စကားကို ကြိုးစား၍ပြောနေရသည်။ အတော်ကြာမှ ဦးစောထီး ပြန်သွားတော့သည်။ ဦးစောထီး ပြန်သွားမှ သူသည် အိမ်စာချုပ်ကိုပိုက်ကာ ရှိုက်ကြီးတငင် ငိုကြွေးမိသည်။ ဖေဖေ့အိမ်ကို ပြန်လည်ရွေးယူရ၍ ဝမ်းသာဝမ်းနည်းဖြစ်သည့်အတွက်လည်း ပါသည်။ နောက်တစ်ကြောင်းက ရှိန်းအတွက်။

ရှိန်း... သူ့အပေါ် အစစ တာဝန်ယူခဲ့သော ရှိန်း၊ သူ့အကျပ်အတည်းတွေအားလုံးကို ဖြေရှင်းပေးသော ရှိန်း။

"မလေးရဲ့ ဘဝ တည်ငြိမ်မှု အာမခံချက်ကို ရှိန်း တာဝန်ယူပါတယ်တဲ့"။ ဟိုညက မီးဖိုဘေးမှာ ပြောသွားသလို တကယ်ဆောင်ရွက်သွားသော ရှိန်းကို သူ ပြန်လည်ပေးနိုင်သည်က သူ့ခေါင်းမှ ဆံချည်မျှင်များပါပဲ။

ဒါပေမဲ့ “ပျို့ခေါင်းက ဆံပင်၊ ရင်မှာဖြင့် အသည်း”ဆိုသော စကား ရှိသည်မဟုတ်ပါလား။ မြတ်နိုးမှုကို ရင်မှ အသည်းဖြင့် တစ်တန်းတစ်စားတည်း တင်စားခြင်းခံရသော သူ့ခေါင်းမှ ဆံချည်မျှင်များကို ပေးအပ်ခြင်းဖြင့် သူ့အပေါ် ရှိန်းတစ်ယောက် ကျေနပ်လောက်ကောင်းပါရဲ့။

ချမ်းမြေ့ရွှင်လန်းပါစေ။ 
------------------
#ခင်နှင်းယု

Post a Comment

0 Comments