ဘဝအိပ်မက် ပန်းအိပ်မက် - မစန္ဒာ (အပိုင်း ၆)

#ဘဝအိပ်မက် ပန်းအိပ်မက်

အပိုင်း (၆)

ဦးကံမြင့်၏ ဆေးခန်းကလေးက အတော်လေး သပ်သပ်ရပ်ရပ်ရှိသည်။ ပတ်ပတ်လည် နံရံများကို အဖြူရောင် သုတ်ထားပြီး ခန်းဆီးအဖြူရောင်များကို တပ်ထားရာ စိတ်နှလုံး ကြည်လင်လန်းဆန်းဖွယ် လင်းပြီး သန့်နေသည်။
စားပွဲပေါ်က ပန်းအိုးထဲတွင် နှင်းဆီပန်း အနီနှစ်ပွင့် ထိုးထားသည်။ ဖူးငုံရာမှ ပွင့်လာခါစဖြစ်သော နှင်းဆီနှစ်ပွင့်သည် ရှုမငြီးဖွယ် လှပနေသော်လည်း အခန်းထဲတွင် နှင်းဆီနံ့တော့ သင်းမနေပေ။ အရက်ပျံနံ့နှင့် ပင်နယ်စလင်အနံ့သာ ပျံ့လွင့်နေသည်။

“ဆရာ့ကို ပြောစရာရှိတာနဲ့ လျှောက်လာခဲ့တာ”

“ဆို... ဦးဘပွား”

“မနက်တုန်းကလဲ စကားပြတ်သွားတာနဲ့”

“ဟုတ်ကဲ့...”

ဦးကံမြင့်သည် သူ့ရှေ့မှ ဦးဘပွားကို စကားပြော မမှားအောင် ကိုယ့်ကိုယ်ကို သတိပေးနေပါသည်။ မနက်တုန်းက ဦးဘပွားဆီက ပြန်လာပြီး သူ တစ်နေ့လုံး စိတ်မကောင်းဖြစ်နေရသည်။ ကင်ဆာဝေဒနာရှင် ဟူသည်မှာ သူ့ကိုယ်သူ ကင်ဆာဖြစ်နေမှန်း သိလျှင် သေမင်းဆီသို့ တစ်ဝက် ရောက်သွားသလို ခံစားကြရမြဲဖြစ်သည်ကို သူသိထားသည်။ ဦးဘပွားသည်လည်း သူ့ရောဂါကို သူသိသွားပြီမို့ ဘယ်လို ခံစားရမလဲ။ သူ ကိုယ်ချင်းစာနိုင်သည်။ အဆိုးဆုံးအချက်ကတော့ သူ့အနားတွင် သားရင်းသမီးရင်း သွေးရင်းသားရင်း တစ်ဦးတစ်ယောက်မှ ရှိမနေခြင်းပင် ဖြစ်သည်။

“ကျွန်တော့်မှာ ဒီရောဂါ ... အင်း... ဒီရောဂါ ဖြစ်နေပြီဆိုတာ ကျွန်တော့်သားသမီးတွေဆီ၊ နောက်ပြီး ကျွန်တော့်ဆွေမျိုးတွေဆီ လှမ်းပြီး အကြောင်းမကြားပါနဲ့လို့”

သည်လို ရောဂါမျိုးဆိုသည်မှာ ကာယကံရှင်ကို ဘာမှ အသိမပေးဘဲ သားသမီး ဆွေမျိုးသားချင်းများကိုသာ အသိပေးကာ ဝိုင်းဝန်းပြုစုကြမြဲ ဖြစ်သည်။ အခုတော့ ကာယကံရှင်တစ်ဦးတည်းက သိပြီး ကျန်လူများကို အသိမပေးပါနှင့်ဟု တောင်းဆိုနေချေပြီ။ ကပြောင်းကပြန်တွေတော့ ဖြစ်ကုန်ပြီဟု တွေးမိသည်။ သူ ဘာလုပ်ရမည်နည်း။

“ကျွန်တော့်ကို အဲဒီကတိတစ်ခုတော့ ပေးပါ ဆရာ”

“ဘာဖြစ်လို့လဲဗျာ”

“သူတို့ကို ဒုက္ခမပေးချင်လို့”

“မဟုတ်သေးပါဘူး ဦးဘပွားရယ်”

“နောက်ပြီး သူတို့အကူအညီကိုလဲ မယူချင်ဘူး၊ သူတို့ သနားတာကိုလဲ မခံချင်ဘူး”

“သားသမီးတွေ၊ ဆွေမျိုးသားချင်းတွေ ဆိုတာ ကိုယ်ရဲ့ အရင်းအနှီးဆုံး လူသားတွေပဲဗျာ။ သူတို့ရဲ့အပြုအစု၊ သူတို့ရဲ့မေတ္တာကို ခင်ဗျား ယူရမှာပေါ့”

“လူတွေကို ကျွန်တော် မယုံဘူးဆရာ”

ဦးဘပွားက ခပ်ပြတ်ပြတ် ပြောသည်။

“ကျွန်တော် သေခါနီး ရုတ်ရုတ်သဲသဲ လာလုပ်ကြရင်လဲ ကျွန်တော် ဘဝကူးတောင် ကောင်းမှာမဟုတ်ဘူး၊ ကျွန်တော်သေသွားတော့မှ ဦးဘပွားကြီးတစ်ယောက်တော့ သေသွားပြီဟေ့လို့ သိကြပါစေတော့”

တစ်ညလုံး တစ်နေ့လုံးလုံး ဆောက်တည်ရာမရ စိတ်ဆင်းရဲပြီးသောအခါတွင်ကား ဦးဘပွားသည် သူ့ကို ခြောက်လှန့်နေသော သေခြင်းတရားကို စိတ်ဆိုးလာတော့သည်။ "ဒီလောက်တောင် လာချင်တဲ့သေမင်း လာစမ်းဟ၊ ဒီလောကမှာ ငါတစ်ယောက်တည်း သေရမှာ မဟုတ်ဘူး၊ တစ်နေ့ကျရင် လူတိုင်း သေရမှာပဲ၊ အလျင်သေတော့ အရင်အေးတာပေါ့”ဟု ​တွေးသည်။ လူတကာကို အပေါ်စီးမှနေပြီး ခပ်ကြွားကြွား ဆက်ဆံလေ့ရှိသူမို့ ​သေခြင်းတရားကိုလည်း မျက်နှာတည့်တည့်မူကာ ခပ်ကြွားကြွားရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သည်။

“ခင်ဗျားကို ပြုစုဖို့လူ လိုလာလိမ့်မယ် ဦးဘပွား"

ဦးကံမြင့်က ခပ်ဆတ်ဆတ်ပြောသည်။ သူ လူမမာကြီးလုံးလုံးဖြစ်ကာ အိပ်ရာထဲ လဲလျှင် အနားတွင် ​ဆွေမျိုးရင်းချာ​တွေ ရှိသင့်သည်ကတော့ အမှန်ပင်။ ဒါကို ဦးဘပွားလည်း နားလည်လိမ့်မည်ဟု ထင်သည်။

“အဲဒါအတွက်တော့ ဆရာ့ကိုပဲ အားကိုးပါရစေတော့ ဆရာရယ်။ ယောက်ျားသူနာပြုကောင်းကောင်း တစ်ယောက် နှစ်ယောက်လောက် ရှာပေးပေါ့ဆရာရယ်၊ ဟုတ်ဘူးလား။ လခကောင်းကောင်းပေးရင် လူကောင်းကောင်းလေး ရနိုင်ပါတယ်နော်... ဆရာ”

သူ၏ နောက်ဆုံးအချိန်များအတွက် သူ့ဟာသူ စီစဉ်နေသော ဦးဘပွားကိုကြည့်ရင်း ဦးကံမြင့်၏စိတ်ထဲတွင် ထိထိခိုက်ခိုက်ကြီး ဖြစ်လာသည်။

“ဒါတွေကို သိပ်တွေးမနေပါနဲ့ ဦးဘပွားရယ်၊ အဝေးကြီး လိုပါသေးတယ်”

“သိပ်​ဝေးမယ် မထင်ပါဘူး ဆရာရဲ့ ၊ ဆရာပဲပြောတယ်​လေ၊ အဆုပ်ကင်ဆာဆိုတာ သိပ်မြန်တာဆို အဟက်... အဟက်"

ဦးဘပွားက မရယ်ချင်ဘဲ ရယ်ကာ နေရာမှ ထသည်။

“ကဲ... ဆရာလဲ လူနာတွေ စောင့်နေတယ်၊ သွားမယ်နော်”

“ဦးဘပွား”

ဦးကံမြင့်က လှမ်းခေါ်သည်။

“အိပ်ဆေးများ လိုမလား”

“မလိုဘူး ဆရာ၊ ကျွန်တော့်မှာ ရှိတယ်၊ ဒါပေမယ့် မလိုရင် မသောက်ပါဘူး၊ ဒီအတိုင်း အိပ်နိုင်အောင် ကြိုစားကြည့်ပါ့မယ်”

အခုတော့ သူတို့နှစ်ဦး ဟန်ဆောင်စရာမလိုတော့၊ ဖုံးကွယ်စရာလည်း မလိုတော့ပြီမို့ နှစ်ဦးစလုံး အနေရ အထိုင်ရ သက်သာသွားသည်။

“သားသမီးတွေကိုရော၊ ဆွေမျိုးတွေကိုရော မပြောရဘူးဆိုတော့လဲ ခင်ဗျားဆီက ကျွန်တော် ကတိတစ်ခုတော့ ပြန်တောင်းရလိမ့်မယ်” 

ဦးကံမြင့် သူ့ဘေးသို့ လျှောက်လာရင်း ပြောသည်။ သူ့ကို စူးစမ်းဟန်နှင့် လှမ်းကြည့်သော ဦးဘပွားကို နွေးထွေးစွာ ပြုံးပြသည်။

“လူတွေကို မယုံဘူးဆိုရပေမယ့် ကျွန်တော့်ကိုတော့ ယုံပါဗျာ”

ဦးဘပွား၏ပခုံးနှစ်ဖက်ကို ခင်မင်ရင်းနှီးစွာ ဆုပ်ကိုင်ကာ တိုးတိတ်ညင်သာသောအသံနှင့် ပြောသည်။

“ဦးဘပွားရဲ့ ဆွေမျိုးရင်းချာ၊ ညီရင်းအစ်ကိုတစ်ယောက်ရဲ့ နေရာမှာ ကျွန်တော်နေပါရစေ၊ လိုလာမယ့် အကူအညီတွေကိုလဲ ပေးပါရစေ။ အဲဒီအခွင့်အရေးတစ်ခုကိုတော့ ကျွန်တော့်ကို ပေးပါနော်” 

ဦးဘပွားသည် ဦးကံမြင့်အား ငေးစိုက်ကြည့်နေရင်း မသိမသာ မျက်ရည်ရစ်ဝဲလာသည်။ မျက်လွှာကို ဖျတ်ခနဲချကာ ခေါင်းကို ခပ်လေးလေး ညိတ်ပြသည်။ ထို့နောက် ဘာမှမပြောဘဲ ဆေးခန်းထဲမှ ထွက်ရန် ခြေလှမ်းပြင်သည်။

“မနက်ကျရင် ရွှေတိဂုံဘုရားကို လမ်းလျှောက်ကြမယ်နော်”

ဦးကံမြင့်က လှမ်းပြောတော့ “လျှောက်တာပေါ့”ဟု ပေါ့ပါးသွက်လက်ဟန်ရှိသော အသံနှင့် ပြောသည်။ ချယ်ရီသား လက်ကိုင်တုတ်ကို ဟန်ပါပါလွှဲကာ မျက်နှာမော့ပြီး ခပ်သွက်သွက် ထွက်သွားသည်။ လူအများအမြင်တွင် ကျန်းမာလန်းဆန်း ရွှင်ပြနေသူတစ်ဦးအဖြစ် ဟန်ဆောင်ခြင်းဖြစ်သော်လည်း သူ့ဟန်သည် လိုသည်ထက် ပိုနေ၍ ဦးကံမြင့်က ကရုဏာစိတ်တွေကဲကာ ငေးလျက် ကြည့်နေရစ်သည်။

ဆေးခန်းကလေးနှင့် အတန်ငယ်လှမ်းသော နေရာရောက်တော့ ဦးဘပွား၏ခြေလှမ်းများ နှေးသွားသည်။ မော့နေသော ဦးခေါင်းသည်လည်း အတန်ငယ် ငိုက်သွားသည်။

“ကိုယ့်ကိုယ်ကို မကြာခင် သေရတော့မယ်လို့ သိနေတဲ့ လူတစ်ယောက်အနေနဲ့ အကူအညီတွေဆိုတာ အများကြီးလိုတာပေါ့ ဦးကံမြင့်ရယ်။ ခင်ဗျားရဲ့စကား၊ ခင်ဗျားရဲ့စေတနာအတွက် ကျေးဇူးလဲတင်မိပါရဲ့၊ ဝမ်းလဲသာမိပါရဲ့” 

ဦးဘပွားက စိတ်ထဲမှ ပြောမိသည်။ မျက်လုံးအိမ်တွင် ရစ်ဝဲလာ​​သော မျက်ရည်များကို မျက်တောင်တစ်ဖျတ်ဖျတ်ခတ်ပြီး ထိန်းသည်။

“ဘယ်သွားရမလဲ၊ ပွဲဈေးလျှောက်ရရင် ကောင်းမလား” 

ပဒုမ္မာကွင်းဘက်တွင် ပွဲတန်းလေး ဖြစ်နေသည်။ သူကြိုက်သော မုန့်ကလေးတို့၊ ကောက်ညှင်းကျည်တောက်တို့ကို ဝယ်ယူ ရရှိနိုင်သည်။ ဘူးသီးကြော်ကြွပ်ကြွပ်များသာမက ရေမုန့်များလည်းရှိသည်။

“အင်း... ငါက မုန့်တွေ ဝယ်ပြီးပြန်သွား၊ အိမ်ကျတော့ မြေးတွေက ဟေး... ဘိုးဘိုးကြီး မုန့်တွေ ဝယ်လာတယ်ဟေ့လို့ ဝမ်းသာအားရ ဆီးကြိုကြ၊ အင်း... ဒီလိုဘဝ... ဒီလိုဘ၀” 

အတွေးမဆုံးမီ တွေးမိသောသူ့စိတ်ကို သူ ဒေါသဖြစ်သွားသည်။

“ဒီလို ဘဝမျိုးကို ငါ ဘာလုပ်ရမှာလဲ၊ သံယောဇဉ်တွေ တစ်ထပ်ပြီးတစ်ထပ် ပတ်ပြီး နစ်မွန်းနေမယ့်ဘဝ၊ အလကားဘဝ” 

ဦးဘပွားက မျက်နှာကို တင်းပြီး ခေါင်းကို ပြန်မော့လိုက်သည်။ အစစအရာရာပြည့်စုံသော သူ့ဘဝတွင် ဘာကိုမျှမလို။ သူ့မှာ ရွှေရှိသည်၊ ငွေရှိသည်၊ တိုက်ရှိသည်၊ ကားရှိသည်၊ အခြွေအရံများကိုလည်း လိုချင်လျှင် လိုသလောက်ရနိုင်သည်။ 

သူက ဝါကြွားစွာ ပြုံးသည်။ လမ်းဘေးတွင်ရှိသော မြက်ပင်ငယ်ကို တုတ်နှင့် ယမ်းကာ ရိုက်ပစ်လိုက်သည်။ မြက်ပင်လေး ပြတ်ထွက်သွားသည်ကို မြင်တော့ စိတ်ထဲတွင် အတန်ငယ် ကျေနပ်သွားသယောင်ရှိသည်။

ပန်းခြံလမ်းထိပ်ရောက်တော့ ရပ်ပြီး ညာဘက်ကွေ့ ရမလား၊ ဘယ်ဘက်ကွေ့ရမလား စဉ်းစားသည်။ ညာဘက်ကွေ့လျှင် ပဒုမ္မာကွင်းဘက် ရောက်သည်။ ပွဲဈေးရှိသည်။ ဘယ်ဘက်ကွေ့လျှင်ကား ဗားကရားလမ်းအတိုင်း လျှောက်ပြီး အိမ်ပြန်ရုံပင် ဖြစ်သည်။ 

နောက်ဆုံးကျတော့ စိတ်ကိုဆုံးဖြတ်ကာ ဘယ်ဘက်သို့ ကွေ့ လိုက်သည်။ အိမ်ကိုပဲ ပြန်တော့မည်။ အိမ်ရောက်လျှင် ဖျော်ရည်အေးအေး တစ်ခွက် သောက်မည်။ ဝတ္ထုဖတ်မည်။ ဂြိုဟ်တုသတင်း ကြည့်မည်။ ဗွီဒီယိုကြည့်မည်။ စိတ်ပေါက်လာလျှင် တရားစာအုပ် ဘာလေး ကောက်ဖတ်ချင်ဖတ်မည်။ ထို့နောက် အဆုံးအစမရှိဘဲ လွင့်ချင်သော စိတ်ကို လွှတ်ပေးမည်။ ကုန်လွန်ခဲ့ပြီးသော အချိန်များဆီသို့ သွားချင်လျှင်သွား၊ ကွယ်လွန်ခဲ့ပြီးသော ဇနီးသည်ဆီသို့ သွားချင်လျှင်သွား၊ ရေခြားမြေခြားမှ သားသမီးများထံသို့ သွားချင်လျှင်လည်းသွား၊ သွားချင်ရာသွား သူ စက်ကုန်လွှတ်ပေးလိုက်မည်။

နောက်ဆုံးတော့ အတွေးသည်သာ သူ့အတွက် အကောင်းဆုံးသောအဖော် ဖြစ်ရတော့မည် ထင်သည်။ 

“မြူးကြွတဲ့ တေးသံ၊ ပျံ့လွင့်လို့နေ၊ ကူးပြောင်းစ တန်ခူးလေမှာ တစ်ယောက်တစ်လက်မို့ လှမ်းကာ ဖျန်းပက်ကြစဉ် ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ....”

မြူးကြွသောသီချင်းသံကို ကြားရသည်။ လမ်းဘေးလက်ဖက်ရည်ဆိုင်မှ ဖြစ်သည်။ 

“အင်း...ဘာလိုလိုနဲ့ သင်္ကြန်တောင် နီးလာပြီထင်ပါရဲ့"

သူက ရောက်လာမည်အချိန်များကို တွေးနေမိသည်။ နောက် နှစ်လကျော်ကျော်လောက်နေလျှင် သင်္ကြန်ကျဦးတော့မည်။ ထိုအချိန်တွင် သူ၏ကျန်းမာရေးသည် မည်မျှလောက် ယိုယွင်းလာချေမည်နည်း၊ သူ မည်မျှကြာအောင် ဆက်ပြီး လန်းဆန်း ကျန်းမာဟန်ဆောင်နိုင်မည်နည်း။

မှောင်ရီသမ်းနေပြီ ဖြစ်သော်လည်း ဘတ်(စ်)ကားဂိတ်တွင်တော့ လူရှုပ်တုန်းပင် ဖြစ်သည်။ လူတွေအပြည့်တင်လာသော ဘတ်(စ်)ကားကြီးများသည် ငြူစူ စိတ်ဆိုးတတ်သော အဘိုးကြီးများလို တရှူးရှူး တရှဲရှဲ မြည်ကာ ဒေါကြီးမောကြီးနှင့် ပြေးလာနေကြသည်။ ကားတစ်စင်းရပ်လိုက်တိုင်း ကားထဲမှ ချွေးစော်နံနေသောလူများ လျှံထွက်လာတတ်သော်လည်း ကားကြီးကတော့ ချောင်သွားဟန် မရှိချေ။

“ကားတွေက ဘာဖြစ်လို့များ ဒီလောက် ကျပ်နေရတာလဲ၊ ရုံးဆင်းချိန်မို့လို့လား၊ ဒီပြင် အချိန်တွေမှာရော ဒီလိုပဲ ကျပ်တတ်တာပဲလား”

ဦးဘပွားက စဉ်းစားသည်။ သူ့တစ်သက်နှင့် တစ်ကိုယ် ငယ်စဉ်တန်းက တစ်ခါနှစ်ခါလောက်သာ ဘတ်(စ်)ကားစီးဖူးသည်။ ထိုစဉ်က ကားများသည် အခုအချိန်လောက် မောက်လျှံ ကျပ်ညပ်ခြင်း မရှိသေးချေ။

“ဒီလိုကားတွေကိုသာ နေ့တိုင်း စီးနေရရင် ငါတော့ အသက်တောင်ရှည်မှာ မဟုတ်ဘူး” 

သူက စဉ်းစားသည်။ ထိုနောက်...“အခုရော ငါ့အသက်က ဘယ်လောက်ကြာအောင် ထပ်ရှည်ဦးမှာမို့လဲ” ဟု ဆက်တွေးမိကာ ရင်ထဲတွင် ပူဆာဆာကြီး ဖြစ်သွားသည်။

“အင်းလေ... ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဒီလမ်းကတော့ လူတိုင်း လူတိုင်း နောက်ဆုံး တစ်နေ့မှာ မလွဲမသွေ လျှောက်ရမယ့်လမ်း ဟ... ဟာ .... အမယ်လေး”

လမ်းမကျယ်ကို ကမူးရှူးထိုး ဖြတ်လာသူတစ်ဦးက ဦးဘပွားကို တည့်တည့်ကြီး ဝင်တိုက်သည်။ ဦးဘပွားခမျာ ဘေးသို့ ယိုင်ကာ ဟပ်ထိုးဟပ်ထိုးဖြစ်သွားသော်လည်း တုတ်နှင့်ထောက်ကာ ထိန်းလိုက်နိုင်၍ မြေပေါ်သို့ လဲတော့ ကျမသွား။

“ဟာ.. ဘကြီး သိုင်းကျူးနော် သိုင်းကျူး” 

“အဲ.. ဆောရီးပါ ဆောရီး၊ ဟောဗျာ... အန်ကယ်ကြီး ကန်တော့ပါဗျာ”

“ကန်တော့... ကန်တော့” 

သူ့ကို ဝင်တိုက်သူက ကလေးတစ်ယောက် ချီထားသည်။ သူ့လက်ထဲမှ ကလေးကို ပလက်ဖောင်းပေါ် ချလိုက်တော့မလို့၊ ခါးထစ်ပဲ ခွင်လိုက်တော့မလိုနှင့် ပျာယာခတ်ရင်း ကယောင်ကတန်းတွေ ပြောကာ တောင်းပန်သည်။ မြင်ပြင်းကတ်စရာကောင်းလှသော ထိုသူကို ပထမတော့ မြင်ဖူးသလိုလိုပဲဟု ထင်သည်။ နောက်တော့မှ အိမ်ပေါ်ထပ်တွင် နေသောသူဖြစ်မှန်း သတိရသည်။

“ကန်တော့ပါ အန်ကယ်ကြီးရယ်၊ ကန်တော့နော် ကန်တော့၊ ကျွန်တော်လဲ စိတ်ညစ်ညစ်နဲ့မို့ ဘယ်သူ့ကိုမှတောင် မမြင်မိတော့ဘူး” 

ထိုသူက ထပ်ပြန်တလဲလဲ တောင်းပန်နေသည်။ အားတုံ့အားနာဖြစ်ခြင်းနှင့် စိတ်ညစ်ညူးခြင်းတို့ ရောထွေးနေသော မျက်နှာသည် ရယ်စရာလည်း ကောင်း၊ သနားစရာလည်း ကောင်းနေသည်။ 

"ရပါတယ်ကွ.. မနာပါဘူး”
 
အတန်ငယ် စိတ်နှလုံးပျော့ပျောင်းနေသော ဦးဘပွားက အလိုက်သင့် ပြောလိုက်သည်။ ထို့နောက် ထိုလူသည် လူပျိုကြီးဖြစ်ကြောင်းကို တစ်ဆက်တည်း သတိရသည်။ လူပျိုကြီးသည် ဘယ်က ကလေးကို ချီလာလေသနည်းဟု ဆက်၍ စဉ်းစားမိလေသည်။

“ကားပေါ်ကနေ ကလေးတစ်ယောက် ကောက်ရလာလို့ အန်ကယ်ကြီးရယ်”

ထိုသူက သူ့အတွေးကို သိလိုက်သလို မမေးဘဲနှင့် ဖြေသည်။ ရယ်စရာပြောခြင်း ဖြစ်လေသလားဟု ဦးဘပွားက တွေးလိုက်မိသော်လည်း သူအသံက ငိုသံပါနေသည်ဟု ထင်ရလေသည်။

ဆက်ရန်
-----------------------
#မစန္ဒာ

crd 👉 ရသလွင်ပြင်

Post a Comment

0 Comments