လေးကျွန်းမြင်းမိုရ်တောင်ထက်ပို - ခင်နှင်းယု

လေးကျွန်းမြင်းမိုရ် တောင်ထက်ပို
#ခင်နှင်းယု

 ပထမ သားဦး ကိုယ်၀န် ရှိစက ကို၀င်းမောင် ဘာလုပ်သည်ကို သူနားမ လည်။ သူကိုယ်၀န် ရှိသည်ဟု ဖွင့်ပြော လိုက်ကတည်းက သူတို့ အိမ်နောက်ဘက် ခြံစည်းရိုးနှင့် ကပ်၍ အုန်းပင်သုံးပင် ကို၀င်းမောင်က စိုက်သည်။ 

ဦးအောင်ကြီးတို့ အုန်းခြံမှ ပျိုးအုန်းသုံးပင် ရသည်။ ကို၀င်းမောင် အလုပ်က ရန်ကုန်မှ ငါးခြောက် ကုန်သည်များကို အင်းများတွင် ငါးခြောက်ပေး ပေးသော ကိုယ်စားလှယ် ဖြစ်သည်။

အင်းမရွာတွင် အခြေ စိုက်ကတည်းက ပေ ၈၀x ပေ ၁၀၀ မြေကွက်လေး သူတို့နှစ်ဖက် မိဘဘက်မှ ရသည်။ အင်းမသည် ကားလမ်းဖြင့် ကျောင်းကုန်းထိ ပေါက်၍ ရေလမ်းဖြင့် ပန်းတနော်ကို ရောက်သည်။ ကို၀င်းမောင် အလုပ်နှင့် အုန်းပင် စိုက်သည်နှင့် ဘာမှ မဆိုင်။ သူသည် ကို၀င်းမောင်ကို ဘာမှမမေး၊ အင်းထဲ မသွားသော အခါ စိတ်ပြေလက်ပျောက် အုန်းပင် စိုက်သည်ဟုပဲ ထင်သည်။

အမေ့ကိုတော့ ပြောမိသည်။ “ကို၀င်းမောင် ဘာလုပ်တာလဲ မသိဘူး အမေ၊ ကျွန်မက မေးတော့ သားဦးရတဲ့ အထိမ်း အမှတ်တဲ့၊ ကျွန်မ ကိုယ်၀န်ရှိတယ် ပြောပြီး နောက်နေ့အုန်းပင် စိုက်တာပဲ”

အမေက ရေလဲမှ ခေတ္တ လာလည်တုန်းက သူ ဒီလိုပဲ ပြောမိသည်။
“အုန်းတစ်ပင် စိုက်တာ လင်တစ်ယောက် ရတာနဲ့ တူတူပဲ” ဟု အမေက ပြောသည်။

သားဦးလေး မွေးတော့ ကို၀င်းမောင်၀မ်းသာအားရ အော်ဟစ်သည်။
“မကျေးရေ၊ ငါ့သား မျက်နှာက ကြည်လင်နေတာပဲ၊ ကြည်မောင်လို့ နာမည်ပေးမယ်”

သားဦးလေးကလည်း သူအသက် နှစ်ဆယ်ကျော် အစွမ်း အင်အားကောင်း တုန်း၊ နို့ထွက်ကောင်းတုန်း မွေး၍လား မသိ၊ ဖွံ့ဖွံ့ဖြူဖြူ ထွားထွားကြီး ဖြစ်သည်။ အင်းထဲက ပြန်လာချိန် ဘယ်လိုပဲ နောက်ကျနောက်ကျ နောက်ဖေး ရေတွင်းမှာ ရေချိုးရင်း အုန်းပင်ကို ရေလောင်း ရသည်။ သွားစရာ မရှိလည်း ကို၀င်းမောင် မှန်မှန် ရေလောင်းသည်။

“သုံးနှစ်အုန်းလည်း ရှိတယ်၊ ငါက ၀က်မလွတ် သုံးနှစ်အုန်းကို မကြိုက်ဘူး၊ ၅ နှစ်အုန်း၊ အုန်းကြီးပဲ ကြိုက်တယ်”

အုန်းပင်လေးတွေ ခါးလောက် မရှိတရှိမှာ သားက နှစ်နှစ်ထဲ ၀င်လာသည်။ မကျေး နောက်တစ်ယောက် ကိုယ်၀န် လွယ်ရပြန်သည်။ ဒီတစ်ခါ ကလေးရှိကြောင်း ပြောတော့ ကို၀င်းမောင်မျက်နှာ ၀င်းပ သွားပြန်သည်။

“ငါ့သားကြီး အဖော် ရပြီပေါ့” ဟုဆိုသည်။ အင်းမချောင်းဘက် ထွက်သွားသည်။ အပြန်ကျ သစ်ပင် သုံးပင်နှင့် ပြန်လာသည်။

“မကျေး၊ တူးရွင်းပေးစမ်း”

မကျေးက နားမလည်။ တူးရွင်းကို ယူကာ ကို၀င်းမောင် ရှိရာ အိမ်ခေါင်းရင်းဘက်ကို ဆင်းလာသည်။
“ဘာလုပ်မလို့လဲ”

“ဒီမှာလေ ပန်တပွတ်ကမျိုး၊ မန္တလေး ရင်ကွဲသရက်သီး သုံးပင် စိုက်ရမယ်၊ နောက်သား အထိမ်းအမှတ်”

ကို၀င်းမောင်က သစ်ပင်စိုက်ဖို့ မြေကျင်း တူးနေသည်။ သရက်ပင်က နေရာ ယူသောကြောင့် ပေ ၂၀ လောက်စီ ခွာ ၍စိုက်သည်။ သားသည် သူ သစ်ပင် စိုက်ရာသို့ ပြေးလာကြည့်သည်။
မကျေးက ကို၀င်းမောင် စိုက်ထားသော သရက်ပင်များကို မြေကူ၍ ဖို့ပေးသည်။

“ကဲ- မြေကြီးတွေ ပေလို့၊ ရေချိုးလိုက်ဦး”

သူ ရေချိုးဖို့ ရေတွင်းရှိရာ သွားတော့ သားက အုန်းပင်များ အနားမှ လျှောက်ကာ လိုက်လာသည်။
“မကျေးရေ၊ ကြည့်စမ်းဟေ့၊ အုန်းပင်တွေ ငါ့သား အရပ်ထက် မြင့်သွားပြီ”

အင်းမက ရေမြေကောင်းသည်။ မြစ်၀ကျွန်းပေါ် ဆိုတော့ မိုးကလည်း ကောင်းသည်။ သရက်ပင်လေးတွေ အားလုံး ရှင်းသည်။ မကျေးတို့မှာ မြို့သူတွေလို မဟုတ်၊ ကိုယ်၀န်ရှိချိန် အထူး လေ့ကျင့်ခန်း လုပ်ရန်မလို။ အိမ်ကိစ္စ လုပ်ပြီးလျှင် ရေတွင်းမှ ရေငင်ကာ သရက်ပင်၊ အုန်းပင်များကို ရေလောင်းပေးသည်။ ဒါကြောင့်လား မသိ၊ ဒုတိယသားကို မကျေး ရှောရှောရှူရှူ မွေးသည်။

“အောင်မလေး၊ ငါ့မှာ သားတွေ နှစ်ယောက်တောင်၊ သားကြီးရေ မင်းဖို့ ညီလေးရပြီ”

ကို၀င်းမောင်က ဒုတိယသားကို ပွေ့ချီရင်း ၀မ်းသာအား ရပြောသည်။ ဒုတိယသားကိုတော့ တင်မောင်ဟု အမည်ပေးသည်။ သရက်ပင်က အုန်းပင်လောက် အကြီးမမြန်။ ဒါပေမဲ့ သန်သည်။ မကျေး ကတော့ ထင်သည်၊ သားကြီး ကြည်မောင်က အုန်းပင်လို ရှည်ရှည်ထွားထွား ဖြစ်၍ သားငယ်တင်မောင် က သရက်ပင်လို ဂင်တိုတို ကြံ့ကြံ့ခိုင် ဖြစ်လိမ့်မည် ထင်သည်။ ဒါပေမဲ့ သားငယ် လမ်းလျှောက် တတ်စက စ၍ နည်း နည်းချူချာ၍ ပိန်ကာ သားကြီးက ၀တုတ်တုတ် ခိုင်ခိုင်ကြီး ဖြစ်သည်။

“ကဲ- ကို၀င်းမောင်၊ ဒီတစ်ခါ ဘာပင်စိုက်မလဲ၊ ကျွန်မ ကိုယ်၀န် ရှိပြန်ပြီ”

တတိယသား ကိုယ်၀န်ရှိတော့ မကျေးက ကြိုတင်မေး၏။ မကျေးသည် ယခုလိုအတိုင်းသာဆို နှစ်နှစ်တစ်ယောက် မှန်မှန် မွေးသွားမည် ဖြစ်သည်။ အသက် ၄၀ သွေးဆုံးမည့် အချိန်ထိများ ယခုနှုန်းအတိုင်း မွေးလျှင် အနည်းဆုံး ၁၀ယောက်တော့ မကျေး အေးအေးလေး မွေးနိုင်သည်။

ကို၀င်းမောင်၊ ဒီတစ်ခါ မအူပင်က ပြန်လာတော့ ပန်းပင် သုံးပင် ယူလာသည်။
“လာဟေ့ မကျေး၊ တူးရွင်းယူခဲ့၊ ဒီတစ်ခါ အိမ်ရှေ့မှာ စိုက်မယ်”

“ဘာပင်တွေလဲ”

“ကံ့ကော်ပင်တွေလေ”

“ပန်းပင်စိုက်ရင်တော့ မိန်းကလေး မွေးလိမ့်မယ် ထင်တယ်”

မြေတူးဆွနေသော ကို၀င်းမောင်အနား မကျေးက ထိုင်ရင်း ပြောပြနေသည်။ အိမ်ရှေ့မှာ တန်းစီ၍ ၁၀ ပေစီလောက် ခြားကာစိုက်သည်။

“ငါ့အိမ်မှာ ငါ့သားတွေ သမီးတွေနဲ့ သီးပင် စားပင်၊ ပန်းပင်တွေ ဝေနေရမှာပေါ့”

ကို၀င်းမောင်၏ မြေတူးလက်က သွက်လက် အားသန် လှသည်။
မကျေး နိမိတ်ဖတ်သလို တတိယ ကလေးက သမီးလေး ဖြစ်သည်။

“ကျွန်မ ၀မ်းသာလိုက်တာ ကို၀င်းမောင်၊ သားတွေရတာတော့ အားရှိပါရဲ့၊ အခု သမီးလေးက ကျွန်မအဖော်၊ ကျွန်မ အိုရင် ကျွန်မ သမီးလေးက ကျွန်မအနားမှာ နေမှာ”

သမီးလေးကလည်း ဖြူဖြူထွားထွားကြီးပါပဲ။ အရွယ် ကြီးလာတော့ သားကြီးက အသားအနည်းငယ် ညိုသွားသည်။ သားလတ်သည် ပိန်သည်က လွဲ၍ ဖြူဖြူရှည်ရှည်၊ သမီးက တော့ ဖြူလည်းဖြူ၊ ၀၀တုတ်တုတ်လေး။

မိန်းကလေးဆိုတာ ချောမှ လှမှဟု သမီးကိုကြည့်ရင်း မကျေးက တွေးသည်။ ဒီတစ်ခါတော့ သမီးလေးဖြစ်၍ မကျေးက သူကိုယ်တိုင် အမည်ပေးသည်။ မကြေးမုံတဲ့။ ကို၀င်းမောင် သစ်ပင်များ ရေလောင်းချိန်၊ မကျေး ရေငင်ချိန်များတွင် သားတို့၊ သမီးတို့ ပြေးလွှားကာ သူတို့နောက် မှ လိုက်ကြသည်။ မြေကြီးနှင့် လူးအောင် သားနှစ်ယောက်က ဆော့တတ်သည်။

မကြေးမုံ နှစ်ခါလည်တော့ ကို၀င်းမောင်သည် သားကြီး ကြည်မောင်ကို ရွာမူလတန်း ကျောင်းကို ပို့ရသည်။ ပထမ ကျောင်းသွားသည့် နေ့က သားကြီး ကြည်မောင် အသံပြဲကြီးနှင့် အော်ငိုနေသည်ကို မကျေးက အမြဲလို သတိရ နေသည်။ နောက်တော့လည်း ကျောင်းမှန်မှန်တက်သည်။ ငါးခြောက်ပေါ်ချိန် အင်းထဲဆင်း၍ ငါးခြောက်များ သိမ်းပြီး ကို၀င်းမောင် ရန်ကုန် ပို့ရသည်။ သူအပြန် သားသမီးများ အတွက် အ၀တ်အစား၊ စာအုပ်၊ ကစားစရာတွေ တစ်ပွေ့ တစ်ပိုက်ကြီး ၀ယ်လာသည်။

မကျေး မျက်နှာမြင်တိုင်း အမေ ရေလဲမှ လာ၍ စောင့်ပေးပေမယ့် စတုတ္ထမြောက် ကလေးကျတော့ အမေ မလာနိုင်ပါ။ အမေ မမာ၍ ဖြစ်သည်။ စတုတ္ထကလေး ကိုယ်၀န်ရှိတော့ ကို၀င်းမောင် စံပယ် ပန်းတွေ မြေမြောင်းဖော်၍ စိုက်သည်။ အပင်ကို ၁၀၀ လောက် ရှိမည်။

“အခု ကလေးတော့ ဘာလေးမွေးမယ် မသိဘူး၊ မိန်းကလေး မွေးရင်တော့ မစံပယ်လို့ မှည့်ရမယ်”

မကျေးက မစံပယ်လို့ အမည် ပေးချင်ပေမယ့် စတုတ္ထ ကလေးမှာ သားလေးဖြစ်၍ ကို၀င်းမောင်က မောင်စန်းမောင်ဟု အမည်ပေးသည်။ သားရသည့် အထိမ်းအမှတ် အဖြစ် သပြေပင်ကို မောင်စန်းမောင် မွေးပြီးမှ ၃ ပင် ထပ်စိုက်သည်။

ကြည်မောင်၊ တင်မောင်၊ စန်းမောင် သားက ၃ ယောက်၊ သမီးက မကြေးမုံ။ မောင်စန်းမောင် မီးတွင်းထဲမှာ မကျေး အမေ ဆုံးသွား၍ ရေလဲကို မကျေး မသွားနိုင်။ ကို၀င်းမောင် က သွားရောက် သင်္ဂြိုဟ်သည်။ 

သားကြီး ကြည်မောင် ၄ တန်းအောင်တော့ ကို၀င်းမောင်က ပန်းတနော်ကို ပို့သည်။ သား ငယ်သေး၍ မကျေး က မခွဲချင်။ ဒါပေမဲ့ ကို၀င်းမောင်အစ်ကို ရှိနေ၍ သူ စိတ်ချ လိုက်ပါသည်။ သားတွေ စာကြိုးစား၍ မကြေးမုံက စာကျက် ပျင်းသည်။

“မိန်းကလေးပဲ၊ အိမ်မှု ကျွမ်းကျင်ဖို့ လိုတယ်၊ ကျွန်မသမီး စာမတော်လည်း နေပါစေ” မကျေးက ပြောပေမယ့် ကို၀င်းမောင်ကတော့ သူ့သမီးကို ကျောင်းဆရာမ ဖြစ်စေချင်သည်။ ကို၀င်းမောင် မျှော်မှန်းသလို မဖြစ်လာပါ။ မကြေးမုံသည် ပညာမစုံခင် ကျောင်းထွက်ကာ လင်နောက် လိုက်သွားသည်။ အငယ်ဆုံး စန်းမောင်ကိုပါ သူ့အစ်ကိုများ နည်းတူ အထက်တန်း ရောက်တော့ မအူပင်အစ်ကို ဖြစ်သူထံ ပို့၍ ကို၀င်း မောင်က စာသင်ကြားစေပါသည်။

သားကြီးကြည်မောင်နှင့် တင်မောင်က တက္ကသိုလ် ရောက်၍ ကြည်မောင်ပင် အင်ဂျင်နီယာ နောက်ဆုံးနှစ် ရောက်ပြီ။ ဖွေးဖွေးလှုပ် ပွင့်နေသော ကံ့ကော်ပင်အောက်တွင် မကျေး က ထိုင်ရင်း သမီး ကြေးမုံကို သတိရနေသည်။ ကို၀င်းမောင်ကို ကြည့်ရတာ ယခင်လို သွက်သွက်လက်လက် မရှိ၊ မိခင် ဖြစ်သူ သူ့ထက်ပင် သမီး လင်နောက် လိုက်သွားသည်ကို စိတ်ထိခိုက်နေပုံ ရသည်။

မကျေး အနားကို ကို၀င်းမောင်က လာထိုင်သည်။ မကျေး သည် သမီးအကြောင်း စကားစဖို့ စဉ်းစားနေသည်။ မနေ့ကပဲ မအူပင်က ကို၀င်းမောင် အစ်ကို ကိုသန်းအောင်က မကြေး မုံကို ယောက်ျားလေးဘက်က မိဘများက ပြန်လည် အပ်နှံပါ မည်၊ လက်ခံပါဟု ဦးအောင်ကြီးမှ တစ်ဆင့်စကားဆိုလာ သည်။ သူကတော့ မိခင် ဖြစ်လေတော့ သမီးလေး ပါသွားပြီး နောက် အပျိုပြန် ဖြစ်လာတော့မှာမှ မဟုတ်ဘဲ မိသားဖသား ပီပီ အပ်နှံသည်ကိုပဲ လက်ခံချင်သည်။ ကို၀င်းမောင် သဘော မသိရသေးဘူး။

“ကို၀င်းမောင်”

ကို၀င်းမောင်သည် မကျေး ခေါ်နေသည်ကို ပါးစပ်နှင့် မထူး၊ မျက်လုံးနှင့်ပဲ ဘာကိစ္စလဲဟု မေးနေပုံရသည်။ မကျေး က အတိုချုံး၍ ကိုသန်းအောင် ပြောသည်ကို ပြောပြသည်။ ကို၀င်းမောင်က မလှုပ်။
“ခေါင်းပေါ် မော့ကြည့်လိုက်စမ်း ကို၀င်းမောင်” ကို၀င်း မောင်က မော်ကြည့်သည်။

“သမီးမွေးတုန်းက စိုက်တဲ့ ကံ့ကော်ပင်တောင် ပွင့်ပြီပဲ၊ ခူးမကုန်လို့ ဖောက်သည်တောင် ပေးနေရပြီ၊ သမီးလည်း အချိန်တန်တော့ ယူသွားတာပေါ့၊ အေးလေ မိသားဖသားပီပီ တောင်းရမ်းယူဖို့ မစီစဉ် တတ်တာတော့ သမီး မလိမ္မာတာပေါ့။ ဦးအောင်ကြီးတို့ကလည်း ယောက်ျားလေးရှင်နဲ့ သိတယ်။ လက်ခံလိုက်ပါတဲ့”

“မင်း သဘောပဲ၊ ကြည့်လုပ်ပေတော့”

ကို၀င်းမောင် ပြောရာမှ ထသွားသည်။ အနောက်ဘက် ကောင်းကင်ကို နောက်ခံထား၍ အုန်းလက်များ ယိမ်းနေကြသည်ကို မကျေး ငေးကြည့်ရင်း ကျန်ရစ်သည်။ မကြေးမုံ ကိစ္စ ပြီးသွားတော့ ကို၀င်းမောင် အိပ်ရာပေါ် လဲသွားသည်။ မည်သူမျှ ကို၀င်းမောင် ဒါလောက် စိတ်ထိ ခိုက်မည် မထင်။
သားကြီး ဘွဲ့ယူမည့်နှစ်မှာ ကို၀င်းမောင် ကွယ်လွန်ခဲ့သည်။ သားကြီး ဘွဲ့တစ်ခု ရသွားသည်ကို ကို၀င်းမောင် သိသွားပေမယ့် ဘွဲ့ယူပွဲကိုတော့ မတက်ရပါ။ မကျေးကလည်း မျက်ရည်စက်လက်နှင့် သား ဘွဲ့ယူပွဲကို မတက်လို ဆို၍ ကိုသန်းအောင်တို့ လင်မယားပဲ ဘွဲ့နှင်းသဘင်ပွဲကို လိုက်သွား ကြသည်။

“ငါက တောသား၊ တို့ရွာမှာ အင်းတွေရှိတော့ ဒီလုပ်ငန်း လုပ်နေရပေမယ့် အင်းသူကြီး သားတွေ သမီးတွေလို ဘွဲ့ရအောင် ငါ့သားသမီးတွေကို ပညာ သင်ပေးချင်တာ၊ ကြည်မောင်တော့ ငါ့ဆန္ဒပြည့်အောင် ဖြည့်ခဲ့လို့ သာဓုခေါ်တယ်”

ကို၀င်းမောင် မမာနေစဉ် ကြည်မောင် စာမေးပွဲ အောင်ကြောင်း အဖေကို ပြောပြစဉ်က ကို၀င်းမောင်က ယခုလို ပြောခဲ့သည်။ သူ မသေခင် သားဘွဲ့ရသည်ကို သိသွားရ၍ မကျေး ကျေနပ်ပါသော်လည်း သားကြီး၏ ဘွဲ့နှင်းသဘင် တက်ပွဲကိုတော့ တက်ရောက်ရန် မကျေး စိတ်မတင်းနိုင်တော့ပါ။

“အရီးကျေး”

ခြံ၀င်လာသူက မငယ်၊ သူ ထိုင်နေရာ ခုံတန်းမှာ လာ ရောက်ထိုင်သည်။ 
“ဘာကိစ္စလဲ မငယ်”

“ကံ့ကော်တွေ ပွင့်တုန်းကရော စံပယ်ပွင့်တုန်းကရော ကျွန်မကို အရီး ပေးတယ်၊ အခု သပြေခက်လည်း ကျွန်မကို ပေးပါ”

မကျေးသည် အံ့အား သင့်နေသည်။ သပြေခက်များ သူတို့ရွာမှာ ဘုရားတင်လျှင် ရှိသည့်အိမ်က တောင်းယူ၍ ခူးကာ ဘုရားတင်ကြသည်။ မ၀ယ်ရပါ။
“မငယ်ရယ် ဘာလုပ်ဖို့လဲ”

“ကျွန်မ စည်းပြီး ဖောက်သည် ပေးမှာပေါ့။ ပန်းတနော် ကတစ်ဆင့်ဖြစ်ဖြစ်၊ ကျောင်းကုန်းက တစ်ဆင့်ဖြစ်ဖြစ် ရန်ကုန် ပို့ရင်ရတယ်၊ ရန်ကုန်မှာ သပြေတစ်စည်း ၂၀ိ/-ရောင်းရ တယ်၊ အရီးတို့ အပင်က သပြေကြီးတွေ၊ တခြားက အသေး ပင်ဆိုရင် ၁၅ိ/- အရီးရဲ့၊ အုန်းသီးရော အရီး ဘယ်စျေးရလဲ”

“ဦးအောင်ကြီးတို့ဆီ လာကောက်တဲ့ လူတွေနဲ့ အရီးပေး လိုက်တာ ဖောက်သည်စျေး ၁၀ ကျပ်”
“အောင်မယ်လေး ရန်ကုန်မှာ တစ်လုံး ၂၅ိ/ ၃၀ိ/ သိရဲ့ လား၊ ဝါ၀င်ဝါထွက် အုန်းလဲချိန် ကြွက်မြီးကောင်းရင် ၆၀-၇၀ ရတယ်၊ အေးလေ ကောက်တဲ့လူကလည်း စရိတ်နဲ့ဘာနဲ့ ဆိုတော့ အဆင့်ဆင့် သွားရတာဆိုတော့ အရီးတို့ဆီကယူတော့ ကောက်စျေး နည်းတာပေါ့၊ ဘယ့်နှယ် သပြေခက် ပေးနော်”

“မငယ်ဘာသာ ချိုးယူပေါ့”

“တက်နိုင်ပါတယ်၊ မောင်ကြီးပါခေါ် တက်ခိုင်းမယ် အရီးတော့ ဟန်ကျနေတာပဲ၊ ကံ့ကော်၊ စံပယ်၊ အုန်း၊ သရက်တွေနဲ့ ၀င်ငွေ မပြတ်ဘူး”

“တို့ငယ်ငယ်တုန်းက ကံ့ကော်ပွင့်ချိန် စံပယ်ပွင့်ချိန် ဘယ်သူမှ ၀ယ်မပန်ရပါဘူး၊ တောင်းခူးပြီး ပန်ကြတာ”

“အရီးကျေးကလည်း အိမ်ထဲက မထွက်ဘူး၊ မငယ်တို့က ပန်းတနော်နဲ့ မအူပင်ပဲပို့တာ၊ ရန်ကုန်မှာ မှော်ဘီတို့၊ အင်းစိန်၊ ကမာရွတ်တို့မှာ စံပယ်တွေ စိုက်ပြီး အပွင့် ဖောက်သည် ပေးရတယ်၊ ရန်ကုန်မှာ ၁၀-ပွင့်ပါတစ်ကုံး ၅ိ/-လောက် ပေးရတယ်”

“ဘုရားရေ တကယ်လား မငယ်”

“ဟုတ်ပါတယ်၊ ဒါကြောင့် ကျွန်မ စံပယ်ဖူးတွေ ညနေခူး သီ၊ ပန်းတနော်နဲ့ မအူပင်ပို့တာ ရန်ကုန်လောက် စျေးမကောင်း ပေမယ့်စျေးရပါတယ်၊ ရန်ကုန်သာ နီးရင် အရီးကျေး စံပယ်တွေ ကျွန်မ ယူပြီး ဖောက်သည်ပေးတယ်၊ အရီးကျေး သူဌေးဖြစ်ရော”

မငယ်ကလည်း အင်းမရွာသူ၊ ပန်းသည်အနေနှင့် သူ့ကုန်သွယ်ရေး အစီအစဉ်ကို တင်ပြသွားသည်။
“နော် အရီးကျေး၊ သပြေလည်း တစ်ပတ် တစ်ခါလောက် လာခူးမယ်”

“အေး အေး”
“သွားဦးမယ်နော်”

မငယ်သည် နှုတ်ဆက်ကာ ထသွားသည်။ အစ်ကိုဖြစ်သူက လှေတစ်စင်းနှင့် မငယ်တို့ မောင်နှမ မိုးမလင်းခင်က ပန်း တွေ၊ သစ်သီး၀လံတွေတင်ကာ ပန်းတနော် သွားကြသည်။ သူ့အဖို့ မကျေး ဘ၀မှ အရီးကျေး ဘ၀ကိုသာ ရောက်လာသည်။ ဒီလိုများ စံပယ်၊ ကံ့ကော်ပန်းတွေ၊ သပြေခက်တွေ စျေးကောင်း လိမ့်မည်ဟု သူမတွေးမိ။ သွားလေသူ၏ ရည်ရွယ်ချက်ကို နားမလည်။ ခုတော့လည်း အမေက“အုန်းတစ် ပင်စိုက်ရင် လင်တစ်ယောက် ရသလိုပဲ” ဟု ပြောခဲ့သလို အုန်းသုံးပင်ကလည်း ၀င်ငွေ မနည်း။ သရက်ကလည်း ရသည်။ ပန်းတွေပါ ပေါင်းတော့ တစ်နှစ်၀င်ငွေမှာ သူ့အိမ်ကလေး မီးဖို စရိတ်ဖူလုံရုံမက ပိုလျှံသည်။ ကို၀င်းမောင် ရှာခဲ့သော ငွေတချို့၊ ငါးခြောက်ပေး ပေး၍ရသော ငါးခြောက်များကို ကို၀င်းမောင် အဆက်များနှင့် ရန်ကုန် ပို့သည်ကလည်း ၀င်ငွေရှိသည်။

သားကြီး ကိုကြည်မောင် အင်ဂျင်နီယာ အဖြစ် ဆည်မြောင်းမှာ လုပ်ရင်းက မိန်းမရကာ အညာဘက် ပြောင်းသွား ရသည်။ သားလတ် တင်မောင်က ဘွဲ့မယူ။ ပထမနှစ် ဝိဇ္ဇာတန်းက ထွက်၍ နိုင်ငံခြား သင်္ဘောလိုက်သည်။ သားငယ် စန်းမောင်က ကမ်းရိုးတန်း သင်္ဘောသား။ မကြေးမုံကတော့ မအူပင်မှာ ကျောင်းဆရာနှင့် ရနေသည်။ အမေ နေမကောင်းရင် မှာပါတဲ့၊ စကားတော့ ဆိုသည်။

သမီးလေး ရတုန်းက သမီးလေးကို ကြည့်ကာ ၀၀ဖြူဖြူ လှလှလေးမို့ စာတတ်ရန် မလို၊ မိန်းမ ပီသဖို့ပဲ လိုသည်ဟု သူက ထင်မြင်ချက်ပေးခဲ့သည်။ မိန်းမတို့ ဥစ္စာသည် အဆင်း ရုပ်ဝါ မဟုတ်ပါလား။ ယခုတော့လည်း အဆင်းလှတော့ စောစော လင်ရသည်။ သူ မိခင် အနေနှင့် မိန်းမ ပီသဖို့ သင် ကြားပေးသည်ကလည်း ယောက်ျားကို ပြုစုဖို့ ဖြစ်လာရသည်။

သူ့အနားမှာ သမီးလေးက တိုးတိုးဖော်ဟု သူ စိတ်ကူး ယဉ်ခဲ့ပေမယ့် ယခုတော့ သမီးလေးက အဝေးမှာ။ သမီးပြော စကားလိုပဲ နေထိုင် မကောင်းလျှင်တော့ သမီး ပြေးလာတန် ကောင်းပါရဲ့။

အေမေရ
အမေအသက် ၇၀ ပြည့်နှစ် ကိုကြီး၊ ကိုလတ်နဲ့မောင်လေး တို့ အင်းမကို လာနိုင်အောင် စီစဉ်နေတယ်၊ မအူပင်၀င်ပြီး သမီးကို ခေါ်မယ်၊ သမီးတို့ အားလုံး လာကန်တော့မယ်၊ နီးမှလာမယ့် ရက်ကို အကြောင်းကြားမယ်။
ကျန်းမာချမ်းသာပါစေ
သမီးကြေးမုံ

သူ့အသက် ၇၀ ပြည့်ကို သားသမီးတို့ သတိတရ လာကန် တော့မတဲ့။ အမေဆိုသည်ကို သူတို့ရင်ထဲ ရှိနေသေး၍ စာဖတ်ရင်း သူ မျက်ရည် ကျမိသည်။ ၀မ်းသာ၍ကျသော မျက်ရည်။ သူတို့လာလျှင် ဘာကျွေးရ ဘာပေးရပါ့မလဲ။ နွေဦး ပေါက်ဆိုတော့ သရက်က ကင်းစရှိသေး။ ကံ့ကော်တော့ ပွင့်ပြီ။ ကံ့ကော်ပန်းတွေ လက်ဆောင်ပေးလျှင် သူတို့ကြိုက်ပါ့ မလား။ အုန်းသီးတွေကတော့ အဆင်သင့်။ အုန်းသီးတွေ ပေး ရင်ကော သူတို့ ယူပါ့မလား။ ရန်ကုန်မှာ တစ်လုံး ၆၀ိ-၇၀ိ/- လို့ မငယ်က ပြောသည်။ ရှားပါး ပစ္စည်းမို့ အလကားရသော ခြံထွက်အုန်းသီး ပေးလိုက်လျှင် သူတို့ အလေးခံ သယ်ပါ့မလား။

အမေကျေး တွေးလိုက်ရတာ၊ နိုင်ငံခြား သင်္ဘောသား တင်မောင်ပဲ အပေးလွတ်သည်။ မကြေးမုံကလည်း ခင်ပွန်းသည် ကျောင်းဆရာလခ နည်းသည်ဆို၍ အမေ့ထံ ခဏခဏ ငွေတောင်းသည်။ အမေက ငါးခြောက်ငါးခြမ်းလည်း မအူပင်က နီးလေတော့ သမီးဆီ ပို့ရသည်။ အငယ်ဆုံး သားထွေးက လည်း ကမ်းရိုးတန်း သင်္ဘောသား ဆိုတော့ သိပ်မစားသာ။ အမေ ပို့ပါဦး ဆို၍ အမေခဏခဏ ငွေပို့ရသည်။

“ကိုလတ်လို နိုင်ငံခြား သင်္ဘောလိုက် ရမှ ကျွန်တော် မိန်းမ ယူမယ်” ဟု သားထွေးက ပြောသည်။

တင်မောင်နှင့် စန်းမောင် မိန်းမ ရလျှင်လည်း တင်တောင်း ပေးရဦးမည်။ သားကြီး ကြည်မောင် ဆည်မြောင်း အရာရှိဖြစ်တော့ စစ်ကိုင်းသူနှင့် လက်ထပ်တုန်းက အမေသည် သားရှင် ဖြစ်၍ လက်ကောက် ၂ ရန်၊ တစ်ကျပ်သား ရွှေဆွဲကြိုးတစ် ကုံးနှင့် စိန်နားကပ်ကတော့ သိပ်မကြီးလှ။ သူ ကို၀င်းမောင် နှင့် လက်ထပ်စဉ်က အမေ ပေးသော ခန်း၀င် ပစ္စည်းပါပဲ။ လက်ကောက် နှစ်ရန်ကလည်း တစ်ရန် တစ်ကျပ်သားစီ ရှိ သည်။ သားကြီး လက်ထပ်ပွဲတုန်းကလည်း သူမသွားနိုင်။ ဦးသန်းအောင်တို့ လင်မယားပဲ သွားရောက် တောင်းယူပေးသည်။ ယခု သူတို့ လာကြတော့မည်။

မငယ်က မီးဖိုမှာ လာ၍ ကူချက်ပေးသည်။ သူတို့တွေဆီမှာ ရှားပါးလှသော ငါးရံ့အူချက်၊ ပုစွန်ထုပ်ကြီး ဆီပြန်၊ ငါးမြင်းရင်းမြီးနှင့် ကင်ပွန်းချဉ်ရွက်ချဉ်ရေ၊ ငါးဘတ်၊ ငါးပိ ကောင်ချက်၊ တို့စရာ စုံစုံ လုပ်ထားသည်။
“ငါးမြင်းရင်း ဆိုတာ ရန်ကုန်မှာ ရွှေ အရီးကျေးရဲ့၊ သူတို့လား၊ အစစ် မစားနိုင်ပါဘူး၊ ထောင်ကျော်တယ်၊ ငါးတန် ကို ရန်ကုန်မှာ ငါးမြင်းရင်းဆိုပြီး ရောင်းတာ၊ အဲဒါတောင် ၆၀၀ိ-၇၀၀ိ ရှိတယ် အရီးကျေးရဲ့”

မငယ်က ရန်ကုန်နှင့် အင်းမ ကူးနေ၍ အစုံသတင်းပေးသည်။ အမေကတော့ အချိန်နည်းနည်းလေး နောက်ကျသွား ၍ စိတ်မကောင်း။ ဆောင်းဦးပေါက်ကဆို ငါးရံ့အူထူထူကြီးတွေ ရသည်။ ခုလည်းဆိုးတော့ မဆိုး၊ မရန်းသီးနှင့် ချက်ပေး လိုက်သည်။ လက်ဆောင် ပေးဖို့တော့ အင်းထွက် ဆားပေါ့ လတ်လတ်ဆတ်ဆတ် ငါးရံ့ခြောက်တွေ နှစ်ပိဿာစီ အိတ်နှင့် ချုပ်ထားသည်။

သူတို့ လာကြပြီ။
အမေ့ခြံလေးမှာ စံပယ်နှင့် ကံ့ကော်ရနံ့ထက် အမေ့မေတ္တာ ရနံ့က ပိုမို သင်းပျံ့နေသည်။ သားသမီးတွေ ဝိုင်းဖက်တော့ အမေ မျက်ရည်ပေါက်ပေါက် ကျသည်။
“ကို၀င်းမောင်ရေ၊ ရှင့်သားသမီးတွေ ပြန်လာပြီ”

သူသည် သွားလေသူကို တကာ ရှိုက်ကြီးတငင် ငိုမိ သည်။ မကြေးမုံကလည်း ငိုသည်။
“အမေကလည်း သားတို့နဲ့တွေ့ရပြီပဲ၊ မငိုပါနဲ့၊၀မ်းသာပါ”

သားကြီး ကြည်မောင်က အမေ့ကို ဖက်၍ ချော့သည်။
“တင်မမက ကိုယ်၀န် လရင့်နေလို့ လိုက်မလာနိုင်ဘူး အမေ”

ဇနီးသည် မပါလာသည်ကို ပြောပြနေသည်။
သူတို့အားလုံး ထမင်းဝုိင်း ထိုင်တော့ အမေ ကြည်နူးနေသည်။ ငယ်ငယ်က ဇလုံလေးတွေ ကိုယ်စီနှင့် တစ်ဝုိင်းသတ်သတ် ကျွေးရသော သားသမီးတွေ ထမင်းဝိုင်းကို အမေပြန်၍ မြင်ယောင်လာသည်။ ဒီတုန်းက ဟင်းတစ်ယောက် တစ်ဖတ် ထည့်ပေးလျှင် သားထွေး စန်းမောင်က အရင်ကုန်၍ အမေ့ကို လာတောင်းတတ်သည်။ ယခုတော့လည်း ခေါင်းမဖော်။ သူတို့ဆီမှာ စားရခဲသော ဟင်းလျာများကို စားလိုက်ကြသည်မှာ အမေ ကျေနပ်စရာပါပဲ။

စားပြီးတော့ အိမ်ရှေ့ခန်း ဖျာချောပေါ်မှာ ခေါင်းအုံးကိုယ် စီနှင့် လှဲရင်းစကားပြောကြသည်။ ရေနွေးကြမ်း၊ ငါးရံ့ခြောက်ဖုတ်နှင့် လက်ဖက်သုပ်ကို မငယ်က ပြင်ပေးသည်။ အမေလည်း သူတို့နှင့် အတူ ဖျာတစ်ချပ်ပေါ်မှာ အိပ်နေ၍ မကြေးမုံက နှိပ်ပေးသည်။ သုံးနာရီလောက် တစ်ရေးနိုး လာကြတော့မှ ခေါင်းရင်းမှာ ဖျာခင်း၍ သူတို့ ယူလာသော ပစ္စည်းတွေ ပုံထားကာ အမေ့ကို ကန်တော့ကြသည်။ ကြည်မောင်က ချိပ်လုံချည်တစ်ထည်နှင့် ပဝါ၊ တင်မောင်က နိုင်ငံခြားဖြစ် သိုးမွေးစောင်၊ မကြေးမုံက ပါတိတ်လုံချည်၊ စန်းမောင်က မုန့်ပုံး။

အမေက ဆုတွေ ပေးလိုက်တာ အသံက တုန်ယင်နေသည်။ ကို၀င်းမောင်ကိုပဲ တမ်းတမိသည်။ ကလေးတွေ အဖေ မြင်ယောင်စေချင်သည်။
“အမေရေ လိုချင်တာ ရှိလည်းမှာ၊ နေမစောင်းခင် ကျွန်တော်တို့ မအူပင် ပြန်ရမယ်”

ကြည်မောင်က စပြောသည်။
“ဟယ် ညဉ့်မအိပ်နိုင်ကြဘူးလား”

“ခွင့်မရဘူး အမေ၊ တင်မမ ကလေးမျက်နှာ မြင်ပြီးမှ ကျွန်တော်တို့ လာကန်တော့ဦးမယ်”

“ကြေးမုံရော”

“သမီးလည်း ကိုထွန်းသာ တစ်ယောက်တည်း ထားခဲ့ရတယ် အမေ”
ကြေးမုံက ဖြေသည်။ အမေသည် သက်ပြင်းလေး ချလိုက်၏။ 

“မငယ်၊ မောင်ကြီးလည်း ခေါ်လိုက်ပါ။ ဟန်စိန် ရေ လောင်းနေလား၊ ခေါ်လိုက်ပါ၊ ကဲ-ငါးရံ့ခြောက်ထုပ်တွေ လှေဆိပ်ထိ လိုက်ပို့လိုက်၊ သားတို့ အုန်းသီးတွေ ယူသွားမလား”

ကြည်မောင်တို့က ရယ်ကြသည်။
“လေးတယ် အမေရဲ့”
စန်းမောင်က ဖြေသည်။ သူတို့အားလုံး အမေ့ကို ကန်တော့သည်။ ခြံ၀အထိ အမေက လိုက်ပို့သည်။
သူတို့အားလုံး သွားကြပြီ။
အမေ့ အနားမှာ ကို၀င်းမောင် စိုက်ခဲ့သော သီးပင်၊ စားပင်နှင့် ပန်းပင်တွေပဲ ကျန်ရစ်သည်။

ခင်နှင်းယု 
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၁)
ရွှေအမြုတေမှ ကူးယူဖော်ပြသည်။)

Post a Comment

0 Comments