ဂျိန်းဂျိန်းဂျုတ်ဂျုတ်၊ ဂျိန်းဂျုတ်ဂျုတ်-မစန္ဒာ အပိုင်း(၁)

#ဂျိန်းဂျိန်းဂျုတ်ဂျုတ်၊ ဂျိန်းဂျုတ်ဂျုတ်

အပိုင်း(၁)

ရထားတွဲက ခပ်ဟောင်းဟောင်း။

တွဲနံရံမှ အစိမ်းရင့်ရောင် သင်္ဘောဆေးများက ပျက်ပြယ်နေပေပြီ။ခေါင်မိုးတွင် သုတ်ထားသော အဖြူရောင်သင်္ဘောဆေးများကမူ ၀ါညစ်ညစ် အရောင်သမ်းနေသည်။ တွဲနံရံတွင် မြေဖြူနှင့်ရေးထားသော “ကမြင်းမ၊ မိလှလှရွှေ" ဟူသော စာလုံးက ခပ်ပြားပြား၊ ခပ်ဝါးဝါး ဖြစ်နေပေပြီ။ အောက်ဘက်တွင် ရေးထားသော “ကိုလူမောင်၊ မသန်းအေး” ဟူသော စာတန်းကမူ အတန်ငယ် သစ်လွင်နေသေးသည်။ ရေးထားသည်မှာ ကြာပုံမရသေး။

“ညနေဆိုတော့ အနောက်ဘက်က နေပူမှာပဲ”

လှလှဆွေက အရှေ့ အနောက်ကို အသေအချာ တွက်ချက်ကာ အရှေ့ဘက်ခုံတွင် ထိုင်သည်။ သူထိုင်သောခုံက ခပ်နဲ့နဲ့ဖြစ်နေ၍ နောက်တခုံ ပြောင်းထိုင်သည်။ အချိန်စောသေးသဖြင့် လူရှင်းသေးသည်။ စိတ်ကြိုက်နေရာရွေး၍ ထိုင်နိုင်သည်။ သို့သော် ထိုင်မိပြီး မကြာမီပင် လှလှဆွေသည် ဆတ်ကနဲ ပြန်ထမိသည်။ ထိုင်ခုံသစ်သားပြားများအကြားမှ နှစ်ချို့ကြမ်းပိုးတို့က အားရပါးရ တွယ်လိုက်သောကြောင့် ဖြစ်သည်။

“ဒီကမ္ဘာလောကကြီးထဲမှာ ကြမ်းပိုးတို့၊ ခြင်တို့ဆိုတဲ့ သွေးစုပ်ကောင်တွေ ဘယ်တော့များမှ ပျောက်သွားပါ့မလဲ မသိပါဘူး”

ကြိမ်ခြင်းထဲတွင် အသင့်ထည့်ထားသော သတင်းစာဟောင်း တစောင်ကို ဖြန့်ခင်းပြီး ပြန်ထိုင်လိုက်သည်။ လှလှဆွေက သင်္ကန်းကျွန်းရထားကို အသွားအပြန် စီးနေသူဆိုတော့၊ သတင်းစာခေါက်လေးတခုကို ခြင်းတောင်းထဲ အမြဲထည့်ထားတတ်သည်။ ကြမ်းပိုးလွတ်သော ခုံနှင့်တွေ့သော် ကိစ္စမရှိ၊ ခုလိုခုံမျိုးနှင့် တိုးပါက သတင်းစာခေါက်လေးက ကောင်းကောင်း အသုံးကျသည်။ တခါတရံ အိုက်လွန်းမက အိုက်လျှင်လည်း ထိုသတင်းစာကိုပင် ယပ်တောင်လုပ်၍ ယပ်ခတ်ရသည်။

“အိမ်က ဖျာတွေမှာလဲ ကြမ်းပိုးစွဲနေပြီ၊ ဘယ်ကနေ ဘယ်လိုရောက်လာတယ် မသိဘူး၊ မီးရထားပေါ်က ကြမ်းပိုးပဲ ပါလာတာ ဖြစ်ချင်ဖြစ်နေမှာ၊ ဒါမှမဟုတ် ဟိုနေရာတွေကများလား”

လှလှဆွေက တွေးယင်း မအီမသာဖြစ်လာသည်။ ရှက်စိတ်လိုလို၊ ဝမ်းနည်းအားငယ်စိတ်လိုလို၊ အမည်မဖော်ပြတတ်သော စိတ်တမျိုးက သူ့အတွေးတဲတွင် စုန်ချည် ဆန်ချည် ပြေးလွှားနေသည်ဟု ထင်မိလေသည်။ ရုတ်တရက် ချွေးပြန်လာ၍ နဖူးပြင်မှ ချွေးကို လက်ဖမိုးနှင့် ပွတ်သုတ်လိုက်သည်။

"ငါ အခုလို ဖြစ်နေတာ ကိုကိုနိုင်များသိယင် ဘယ်လိုနေမယ် မသိဘူး"

ကိုကိုနိုင်ကို သတိရသည်။ ကိုကိုနိုင်သည် သူ၏အချစ်ဦး၊ လှလှဆွေ ငယ်ငယ် မလိမ်မိုး မလိမ်မာ ကလေးဘဝက အချစ်ဦးဖြစ်ပါသည်။ ကြာတော့ကြာခဲ့ပါပြီ၊ ကိုကိုနိုင်ကို မတွေ့ရ မမြင်ရသည်ပင် သုံးနှစ်ကျော်ကျော်လောက် ရှိပြီထင်သည်။ သို့သော် လှလှ​ဆွေက မနေ့တနေ့က အဖြစ်အပျက်လိုပင် ထင်မိသည်။ ခုပြန်တွေးလျှင် ခု ပြန်ပြီး မျက်ရည်ဝဲရသည်။

“အင်း သူက ငါ့ကိုတွေ့ယင်တောင် မှတ်မိချင်မှ မှတ်မိတော့မှာ၊ သူ့ဘဝမှာ ငါလိုကောင်မလေးတွေ ဘယ်နှစ်ယောက်များ ရှိခဲ့သလဲမှ မသိတာ”

လှလှဆွေ ပင့်သက်ရှိုက်မိသည်။ ကိုကိုနိုင်သည် ဥစ္စာပေါ၊ ရုပ်ချော ပညာတတ်သော ရာထူးလက်ရှိတဦးဟုပင် အကြမ်းဖျင်း ဆိုရပေမည်။ ဦးနှောက်ကို အတော်အတန် အသုံးချသော မိန်းကလေးမှန်သမျှ ကိုကိုနိုင်နှင့်​တွေ့လျှင် မဆွတ်မီက ညွှတ်ချင်ချင် ဖြစ်ကြရသည်။ မဆွတ်ပဲနှင့်ပင် ညွှတ်ချင်နေကြသူများပင် ရှိရာ၊ သူက အဆွတ်ခံရသောကြောင့် ညွှတ်မိခြင်းဖြစ်သည်ကိုတော့ အပြစ်မတင်သင့်ဟု လှလှဆွေ ထင်မိသည်။ သို့သော် ကိုကိုနိုင်ကို သူချစ်ခြင်းမှာ အထက်ပါအရည်အချင်းများကြောင့်တော့ မဟုတ်ပေ။ ထိုအရည်အချင်းများမရှိလည်း သူက ချစ်မည်ပင်ဖြစ်သည်။ 

ကိုကိုနိုင်သည်သာ မုန့်ဟင်းခါးရောင်းသူဖြစ်လျင် သူက ဟင်းရည်အိုးကို ပျော်ပျော်ကြီး ရွက်မည်ဖြစ်သည်။ ကိုကိုနိုင် ခြေလက်အင်္ဂါမသန်မစွမ်း ချွတ်ယွင်းလျှင်ပင် သူက ဝတ်ကြီးဝတ်ငယ် ပြုစုနေရန် ဝန်မလေး။ ထိုထိုသော ချစ်မြတ်နိုးခြင်း၊ အထင်ကြီးခြင်း၊ တွယ်တာခြင်း စသော ထောင့်ငါးရာတွေ၊ ငါးရာနှစ်ဆယ့်ရှစ်တွေ ရောထွေးလာသောအခါ ကိုကိုနိုင် ခေါ် သမျှ လိုက်မိလေသည်။ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်၊ အင်းယားစောင်း၊ ထို့နောက် သူ့သူငယ်ချင်းအိမ်သို့ မကြာခဏ။

“ဒါ ဘာရထားလဲဟင်”

စင်္ကြန်ပေါ်မှ ကောင်လေးတယောက်က မေးသည်။ အင်္ကျီနွမ်းနွမ်း၊ ပုကိုးနွမ်းနွမ်းနှင့် အဆီပြန်နေသော မျက်နှာက ခပ်ညှိုးညှိုးဖြစ်နေသည်။ 

“သင်္ကန်းကျွန်း"

"တိုးကြောင်လေး ရောက်မှာလား“

"ရောက်မယ်"

“ဘယ်အချိန် ထွက်မှာလဲဟင်"

“​လေးနာရီ သုံးဆယ့်ငါး”

ကောင်ကလေး လှည့်ထွက်သွားတော့ တွေးလက်စအတွေးက ခေါင်းထဲ ပြန်ဝင်လာသည်။ “အတူနေကြပါစို့ ကိုကိုရယ်”ဟု ပြောစဉ်က မျက်နှာ မသာမယာရှိခဲ့ပုံကိုလည်းကောင်း၊ အတွေ့ပင် မခံတော့ပဲ ရှောင်​နေပုံကိုလည်းကောင်း၊ သတင်းစာထဲမှ “လက်ထပ်ပြီးစီးခြင်း” ကြော်ငြာကိုတွေ့တော့ သူ လူးနေအောင် ငိုခဲ့ရသည်များကိုလည်းကောင်း ဆက်တိုက် သတိရလာသည်။ ကိုကိုနိုင် အချစ်ဦးကို ရူးရူမူးမူးချစ်ခဲ့မိလေတော့ သူ၏အသည်းကိုလည်းကောင်း၊ နှလုံးကိုလည်းကောင်း၊ အ​သွေးအသားကိုလည်းကောင်း၊ အလုံးစုံကို ပုံပြီး အပ်နှင်းခဲ့မိသည်။ သို့သော် ကိုကိုနိုင်ကမူ သူ့အား မေတ္တာအတုအယောင်မှတပါး ဘာကိုမှ ပြန်မပေးခဲ့ပေ။

“အခုလို ပိုက်ဆံနဲ့များ ပြန်ပြီး တွက်ယူလိုက်ရယင် နည်းမှာ မဟုတ်ဘူး'

လှလှဆွေက အံကြိတ်ယင်း မိုက်မိုက်ကန်းကန်း၊ ရူးရူးနှမ်းနှမ်း တွေးမိသည်။ ခုတော့ လှဆွေတို့က ပါးနေပြီ။ ဘယ်သူ့ကိုမှ အလကား မပေးတော့၊ အင်း  ငွေနှင့် ကြေးနှင့် ဆိုလျှင်တော့...။

"ဒါ အရောင်းအဝယ်လုပ်တာပဲ၊ ဘာဖြစ်သေးလဲ၊ ကိုယ့်ဆီမှာ ​ငွေမရှိဘူး၊ ​ငွေလိုတယ်။ စိန်တွေ ရွှေတွေ အဝတ်အထည်တွေကို ဆိုင်ခင်းပြီး မရောင်းနိုင်ဘူး။ ဒါကြောင့် ကိုယ်ပိုင်တဲ့ပစ္စည်း ကိုယ်ရောင်းတာ ရောင်းစရာမရှိလို့ ရှိတာကို ရောင်းရတာ။ အမေ့အတွက် ဆေးဖိုး၊ ညီမလေးအတွက် ကျောင်းဝတ်စုံ၊ မောင်လေးအတွက် စာအုပ်ဖိုး၊ နောက်ပြီး အိမ်မိုးဖို့၊ ကြမ်းခင်းဆွေး လဲဖို့၊ ဒါတွေ ဒါတွေအတွက် ဘယ်သူကများ ပိုက်ဆံကို အလကားပေးမှာမို့လဲ"

မီးရထား ပြတင်းပေါက်ဘောင်ကို ခေါင်းနှင့် ခပ်နွဲ့နွဲ မှီလိုက်သည်။ ရင်ထဲတွင် မောလျလျ ဖြစ်နေသည်။ စင်္ကြန်တဘက်မှ ရထားသံလမ်းဘေးတွင် ပြောင်းဖူးရိုးနှစ်ရိုး တွေ့ရသည်။ စက်ဆီများ ပေကျံကာ မည်းညစ်နေသည်။ 

"အဖေ နာတာရှည် ဖြစ်နေတုန်းကလဲ ဘာမှ မတတ်နိုင်င်၊ ဒီအတိုင်း ငုတ်တုတ်ကြည့်နေရတယ်။ မိုရီရာမင်းဆိုတာ အ​ကြောထဲကနေ သွင်းလိုက်ယင် အားပြည့်သတဲ့၊ ကြက်သားကို ပေါင်းစားပါတဲ့၊ ကြက်ပြုတ်ရည် သောက်ပါတဲ့၊ ဆရာဝန်ကြီးက ပြောတယ်။ လွယ်လိုက်တာ၊ ပိုက်ဆံများရှိယင်တော့ ဘာခက်မှာလဲ၊ ပိုက်ဆံမရှိတော့ ကြက်ခြေထောက်ကလေး တချောင်းကအစ ရဖို့ ခက်တာပဲ”

လှလှဆွေ သက်ပြင်းချသည်။ အဖေ ဆုံးသွားသည်မှာ တနည်းအားဖြင့်တော့ ကောင်းသည်။ ဝဋ်ကျွတ်သွားခြင်း ဖြစ်သည်ဟု လှလှဆွေ ယူဆမိသည်။ အဖေဆုံးပြီး မကြာမီပင် ကိုကိုနိုင်နှင့် တွေ့သည်။ သူ၏ဖြူစင်သော ဘဝလေးမှာလည်း လူမသိ၊ သူမသိ ပျက်ယွင်းခဲ့ရသည်။ ညစ်နွမ်းခဲ့ရသည်။ ယခုတဖန် အမေက နေမကောင်းဖြစ်ပြန်ချေပြီ။ တနေ့တခြား ပိန်ကာ မူးလိုက် မောလိုက်နှင့် ညှိုးညှိုးငယ်ငယ် မရွှင်မပျ ဖြစ်လာသည်။ ဆရာဝန်က “အသား များများစား၊ ပဲများများ စား'ဟု ပြောပြန်နေပြီ။ ကြက်ဥ၊ နွားနို့ သောက်ခိုင်းပြန်နေပြီ။ “မိုရီရာမင်း’သောက်ခိုင်းပြန်ချေပြီ။ “ဂျယ်ရီယာဗစ်”သောက်ခိုင်းပြန်ချေပြီ။ ဒီတခါတော့ လှလှဆွေသည် အ​ဖေ့တုန်းကလို ငုတ်တုတ်ထိုင်ပြီး ကြည့်မနေတော့။ မရ ရသည့်နည်းနှင့် ငွေရှာခဲ့သည်။ ဆေးဝယ်ခဲ့သည်။

“ဘယ်တတ်နိုင်မှာလဲကွယ်၊ ငါ့လခက နှစ်ရာလောက်ရယ်။ ကြက်သားက နှစ်ဆယ့်ခြောက်ကျပ်ဈေး၊ ဂျယ်ရီယာဗစ်က တပုလင်း လေးဆယ်၊ အိမ်မှာ စားမယ့် ပါးစပ်က လေးပေါက်"

စင်္ကြန်ပေါ်တွင်ရပ်ကာ ဖရဲသီးစိတ်စားနေသော မိန်းမကြီးတယောက်က ဖရဲခွံကို ရထားလမ်းပေါ် ပစ်ချလိုက်သည်။ ပေနေသောလက်ကို ထဘီနှင့် ပွတ်သုတ်လိုက်သည်။

“ခဏ ခဏလုပ်လို့တော့ မဖြစ်ဘူး၊ တော်ကြာ လူသိကုန်ယင် ဒုက္ခ။ အမေသာ သိယင်တော့ သေလိမ့်မယ် ထင်တယ်။ မောင်လေးနဲ့ ညီမလေး သိယင်ရော ... အို မတွေးချင်တော့ပါဘူး။ တနေ့တုန်းကတော့ တည်းခိုခန်း တက်ဖမ်းတာ မိကုန်ကြတယ် ကြားတယ်။ ငါ့ကိုများ အဲဒီလို မိသွားယင် ရှက်တာနဲ့ ချက်ချင်း လဲသေလိမ့်မယ် ထင်ပါရဲ့"

လှလှဆွေက တွေးယင်း ရင်ခုန်လာသည်။ ရထားလမ်းပေါ်မှ ဖရဲခွံကို ငေးကြည့်နေမိသည်။ လွှင့်ပစ်လိုက်သည့်အရှိန်နှင့်မို ခါးလယ်က အက်နေသည်။ လတ်လတ်ဆတ်ဆတ်ဖို့ အရောင်အသွေး မပျက်ပြယ်သေး။ အတန်ငယ် စိုပြည်နေသေးသည်။ သို့သော်လည်း မကြာမီပင် သူ့နားမှ ပြောင်းဖူးရိုး နှစ်ရိုးလို ဖုံအလိမ်းလိမ်းနှင့် ညစ်ပတ်ပေကျံသွားတော့မည် ဖြစ်သည်။

“အပုပ်နံ့ဆိုကာ ကြာကြာဖုံးလို့ ရတာမဟုတ်ဘူး၊ သိကုန်ကြယင်တော့ ဒုက္ခပဲ။ စောစောစီးစီး ဖြတ်နိုင်ယင် ကောင်းမယ်။ ဒီတခါ လက်ထဲမှာ စုမိယင်တော့ စာအုပ် အငှားဆိုင်လေး ဖွင့်ရယင် ကောင်းမလား မသိဘူး”

ခက်သည်က လက်ထဲတွင် များများစားစား မစုမိခြင်းပင်။ နောက်ပြီး ငွေအရလွယ်သောလမ်းကို လိုက်မိပြီဆိုတော့လည်း ဆီးငန်စေ့ထုပ်ခြင်း၊ စက္ကူစာအိတ်လုပ်ခြင်း စသော တကျပ်းငါးမတ်အလုပ်မျိုးလေးတွေကိုလည်း မလုပ်ချင်တော့ပေ။ အမေ့ချောင်းသံ အဟွတ်ဟွတ်ကိုကြားလျှင်၊ မောင်လေးက မှတ်စုရေးဖို့ ဗလာစာအုပ်လိုပြန်ပြီ အစ်မရယ်၊ နောက်ပြီး ကျောင်းက ဆရာကန်တော့ပွဲကျယင် ကျွန်တော်တို့တွေကို ဦးရွှေရိုးယိမ်း ကခိုင်း​နေတယ်၊ ဝတ်စုံလိုပြန်ပြီဟု ပြောသံကြားရလျှင် သူသည် သက်ပြင်းရှိုက်ယင်း ထိုအခန်း မှောင်မှောင်လေးကိုပင် ပြေးပြီး သတိရမိတတ်လေသည်။ 

“ဒါ မင်္ဂလာဒုံ ရထားနော်”

“မဟုတ်ပါဘူး သင်္ကန်းကျွန်းပါ” 

“ဟဲ့ ငါက မင်္ဂလာဒုံ အောက်မေ့လို့

သူ့ဘေးသို့ ဝင်ထိုင်တော့မည်ပြုသော အမျိုးသမီးဝဝကြီးက ရထားပေါ်မှ ပြန်ဆင်းသွားသည်။ အမျိုးသမီးကြီး ကိုင်ထားသော ပလတ်စတစ်ခြင်းဝါဝါထဲမှ သုံးဆင့်ချိုင့်လေးက အရောင်ပြောင်လက်နေသည်။ စတီးချိုင့်ဖြစ်သည်။ ခြင်းတောင်းထဲမှ ဒန်သတ္တု ထမင်းဗူးလေးလို ချေးညှော်စင်စေရန် ကွမ်းသီးဆံဖတ်နှင့် တိုက်၍ ဆေးစရာမလို၊ အလိုလိုပြောင်ပြီး လက်နေလေသည်။ စိန်ဂျွန်းဈေးရောက်တုန်းက ထိုထမင်းချိုင့်မျိုးလေး တွေ့၍ ဘယ်လောက်လဲ မေးကြည့်တော့ “တစ်ရာ့ငါးဆယ်”ဟု ပြောခဲ့သည်ကို သတိရသည်။ 

“အဟမ်း

လှေကားရင်းတွင် ရပ်နေသူတဦးက ချောင်းဟန့်သည်။ သူ့ကို စူးစူးဝါးဝါးကြည့်နေသည်။

“မြတ်စွာဘုရား”

လှလှ​ဆွေ ရင်တွေခုန်လာသည်။ သူနှင့် အခန်းထဲတွင် ဆုံဖူးသူတဦးဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။ ချက်ချင်း မှတ်မိသည်နှင့် ချက်ချင်းလည်း ဣန္ဒြေဆည်လိုက်နိုင်သည်။ လှမ်းကြည့်မိသောမျက်လုံးကို လျှမ်း၍ကျော်လိုက်ပြီး မသိလိုက် မသိဘာသာ လွှဲလိုက်သည်။ တွဲနံရမှ စာတမ်းကို ငေးကြည့်ပြီး ထပ်ပြန်တလဲလဲ ဖတ်နေမိသည်။

"ကမြင်းမ၊ မိလှလှရွှေတဲ့၊ ငါ့နာမည်နဲ့ ခပ်ဆင်ဆင်ပဲ၊ ဘယ်သူများ ရေးထားတယ်မသိပါဘူး”

လှေကားရင်းမှလူက ရထားပေါ်တက်လာသည်။ သူ့ဘေးတွင် ထိုင်မည်ပြုသည်။ လှလှဆွေသည် ကြိမ်ခြင်းကို ပေါင်ပေါ် မတင်ပဲ ဘေးတွင်ချထားမိသည်ကို ကိုယ့်ကိုကိုယ် ကျေးဇူးတင်မိသည်။

“လူရှိတယ်”

လှလှဆွေက လေသံအေးအေးနှင့် ပြောလိုက်သည်။ သို့သော် ထိုအခါမှ ပို၍ဆိုးဘော့သည်။ ထိုသူက ရှေ့ဘက်ခုံတန်းတွင် ဝင်ထိုင်သည်။ သူဝတ်ထားသော ရုံးဝတ်စုံကိုလည်းကောင်း၊ ကြိမ်ခြင်းတောင်းဟောင်းဟောင်းကိုလည်းကောင်း၊ မပြုမပြင် မလိမ်းမခြယ်နှင့် ရိုးသားသော မျက်နှာအဆင်အပြင်ကိုလည်းကောင်း ကြည့်ကာ အသေအချာ အကဲခတ်သည်။ သို့သော် မသေမချာနှင့် ဇ​ဝေဇဝါဖြစ်နေပုံ ရသည်။

“တနေ့နေ့တော့ ဒီလိုဖြစ်မှာပဲ၊ ဒါပေမယ့် ဘယ်သူက အသေအချာ မှတ်မိမှာလဲ၊ အဲဒီတုန်းက ငါ ဒီလိုမဟုတ်ပါဘူး၊ နှုတ်ခမ်းနီကိုလဲ အရဲသား ဆိုးထားတာ၊ ဆံပင်ကိုလဲ ဖြန့်ချထားတယ်။ နောက်ပြီး ဒီလို လင်းလင်းချင်းချင်းမှမဟုတ်ပဲ"

လှလှဆွေသည် သူ့ကိုယ်သူ အားတင်းသည်။ စိတ်ကို အေးအေးထားကာ လက်ထဲက လက်ကိုင်ပဝါကလေးနှင့် လေကို ယပ်၍ယပ်ခတ်သည်။ ရထားတွဲထဲမှ လူအနည်းငယ်ကို မျက်စိ​ဝေ့၍ကြည့်ယင်း “အိုက်လိုက်တာလွန်ရာ” ဟု တဦးတည်း ပြောလိုက်မိသည်။

ခုနတုန်းက ရှင်းနေသောရထားတွဲထဲတွင် ထိုင်နေကြသူများကို အနည်းအကျဉ်း တွေ့ရသည်။ တွေ့နေကျမျက်နှာက သုံး လေးဦး ပါသည်။ သူ့လိုပင် သင်္ကန်းကျွန်းရထားကို အသွားအပြန် စီးနေကြသူများဖြစ်သည်။ အချို့မျက်နှာများကိုကား မမြင်ဘူးသေး၊ အိမ်သာခန်းဘက် ထောင့်ကျကျတွင် ကောင်ကလေးတယောက် ထိုင်နေသည်။ တွဲပြတင်းပေါက်ဘောင်ကို ခေါင်းမှီယင်း အပြင်ဘက်ကို ငေးကြည့်နေလေသည်။

"ဒါ ခုနတုန်းက ဘာရထားလဲ လာမေးတဲ့ ကောင်ကလေး ထင်တယ်"

လှလှဆွေက တွေးမိသည်။ ဘေးတွင် ချထားသော ခြင်းကို ပေါင်ပေါ် ကောက်တင်မည်ပြုပြီးမှ လူရှိသည်ဟု ပြောထားမိသည်ကို သတိပြီး လူမျှော်သလိုလိုနှင့် တွဲပြတင်းပေါက်မှခေါင်းပြူ၍ ဟိုဟိုဒီဒီ ကြည့်သည်။ အသိတယောက်ယောက် လာလျှင် ကောင်းမည်။ ခြေဆုံးခေါင်းဆုံးကြည့်ပြီး အကဲခတ်နေသူ၏မျက်စိရှေ့တွင် အနေခက်လှသည်။

“ကြက်ဥပြုတ်... ငုံးဥပြုတ် ...ကြက်ဥပြုတ်'

“လာအုံး"

ကြက်ဥပြုတ်ရောင်းသော ကောင်ကလေးကို လှမ်းခေါ်လိုက်သည်။ စားချင်လို့ဘော့မဟုတ်၊ လုပ်မိလုပ်ရာလုပ်ခြင်း ဖြစ်လေသည်။

‘ငုံးဥပြုတ်က ဘယ်လိုရောင်းလဲ”

“တကျပ် ငါးလုံး”

“ခြောက်လုံးထားပါလားဟယ်”

“မရဘူးအစ်မ၊ အလုံး အကြီးကြီးတွေ”

လှလှဆွေက ကျပ်တန်တရက် ထုတ်ပေးသည်။ အတန်ငယ်ကြီးသယောင်ရှိသော ငုံးဥများကို ရွေးယူသည်။ အသားလွတ်ကြီး ယိုင်နေရသည်ထက် တခုခုလှုပ်ရှားနေရသည်က နေရထိုင်ရ သက်သာသလိုလိုရှိသည်။

“ငုံးဥပြုတ် ကောင်းလားဗျ “

"မပြောတတ်ဘူး၊ ကောင်းမယ်တော့ထင်တာပဲ"

အရှေ့ကလူက မေးသည်။ လှလှဆွေသည် ငုံးဥ ရွေး​နေရာမှ အမှတ်မဲ့ဟန်နှင့် မော်ကြည့်ယင်း အရိုးခံမျက်နှာထားနှင့် ဖြေသည်။ 

“ကလေးတွေကတော့ သိပ်ကြိုက်တာ၊ ခါတိုင်းတော့ အစိမ်းဝယ်ပြီး ပြုတ်ပေးနေကျ၊ ဒီနေ့မှ ဝယ်မလာမိလို့"

ဘာကြောင့် ထိုသို့ ပြောမိသည်လဲတော့ သူ့ကိုယ်သူပင် အသေအချာ မသိ။ သို့သော် ထိုသို့ပြောဖြစ်လိုက်သည့်အတွက် အရှေ့ဘက်ကလူ၏ ပြုံးကျဲကျဲမျက်နှာက အတန်ငယ် တည်သွားသည်။ "ငါလူမှားတာထင်ပါရဲ့"ဟု တွေးမိပြီး အားနာသယောင်ယောင် ဖြစ်သွားကြောင်းကိုလည်း လှလှဆွေ မသိမသာ မော်ကြည့်ယင်း သိလိုက်ရသည်။ 

အပိုင်း(၂)ဆက်ရန်
--------------------
#မစန္ဒာ

Post a Comment

0 Comments