ဂျိန်းဂျိန်းဂျုတ်ဂျုတ်၊ ဂျိန်းဂျုတ်ဂျုတ်-မစန္ဒာ အပိုင်း(၂)

#ဂျိန်းဂျိန်းဂျုတ်ဂျုတ်၊ ဂျိန်းဂျုတ်ဂျုတ်

အပိုင်း(၂)

“ကောင်းတယ် အမရဲ့၊ လတ်လတ် ဆတ်ဆတ် ပြုတ်ထားတာ၊ အလုံးအကြီးကြီးတွေ"

ထိုအသံကြားတော့ တက်ပု ပို၍ဆာလာသည်။ သူ့လက်တွင် ဆုပ်ထားသော ပိုက်ဆံအကြွေ ငါးမူးကို ဖြန့်၍ ကြည့်မိသည်။

“တလုံး ဘယ်လောက်လဲဟင်” 

“ပြားခုနစ်ဆယ်”

တက်ပု နောက်တွန့်သွားသည်။ ပိုက်ဆံအကြွေလေးများကို ပြန်၍ဆုပ်ထားလိုက်မိလေသည်။

“ငုံးဥပြုတ် ယူပါလား”

“တလုံး ဘယ်လောက်လဲ”

“ပြားနှစ်ဆယ်၊ တကျပ်ဖိုး ငါးလုံး”

တကျပ် ငါးလုံးဆိုတော့ ငါးမူးဖိုးဝယ်လျှင် ငုံးဥပြုတ် နှစ်လုံးခွဲ ရမည်ဖြစ်သည်။ တက်ပုသည် စိတ်တွက် တွက်ကြည့်ယင်း စိတ်ပျက်သွားသည်။

“နှစ်လုံး ပေးလေ”

သူက ပြားလေးဆယ် လှမ်းပေးလိုက်သည်။ သူ့ကို ထိုးပေးလိုက်သော ခြင်းတောင်းထဲမှ ငုံးဥပြုတ်နှစ်လုံးကို ရွေးယူသည်။ ငုံးဥလေးတွေကလည်း စာကလေးပစ်သော လောက်စာလုံးအရွယ်လေးတွေ ဖြစ်သည်။ ၀ါးစားစရာပင်မလို၊ မျိုချလိုက်လျှင်ပင် ပါးစပ်ထဲ လျောကနဲ ကျသွားမည် ထင်သည်။ နှစ်လုံးတည်းနှင့်တော့ ဆင့်ပါးစပ်ကို နှမ်းပက်သလို ဖြစ်နေပေမည်။ သူ့ဗိုက်က အလုံးနှစ်ဆယ်လောက် ဆက်တိုက်စားလျှင်ပင် ၀မှ ဝပါလေမည်လား မပြောတတ်။

ငုံးဥနှစ်လုံးကလည်း တော်တော်နှင့် ရွေး၍မရ၊ အလုံးအရွယ်တွေက ညီတူ ဖြစ်နေသည်။ လက်ထဲမရောက်ခင် တောင်းထဲမှာတုန်းက အကြီးဆုံးဟုထင်မိသော ငုံးဥသည် ကိုယ့်လက်ထဲ ရောက်ပြီး ကိုင်မိတော့ သေးသွားသည်ဟု ထင်မိပြန်သည်။

“ငုံးဥရွေးတာများ သူ့ကိုယ်သူ စိန်တွေ၊ ပတ္တမြားတွေ ရွေးနေရတယ် ထင်နေလား မသိဘူး၊ ကြာလိုက်တာဗျာ”

ငုံးဥပြုတ်သည်က မကြားတကြား ပြောသွားသည်။ တက်ပုက မျက်စောင်းထိုး၍ ပြန်ကြည့်သည်။ လက်ထဲမှ ငုံးဥကို ပြတင်းပေါက်ဘောင်နှင့် အသာ ခေါက်လိုက်ယင်း အမေ့ကို သတိရသည်။

ဘယ်သွားလိုက် သွားလိုက်၊ ဒီရွှေအကြောင်း စိန်အကြောင်းချည်းပဲ၊ အမေကလဲ ဒါပဲ"

မနေ့ညတုန်းက အမေက ပြောသည်။ အမေ နောက်အိမ်ထောင်ပြုတော့မည်ဟု ပြောသည်။ တနေ့နေ့တွင် ဒီစကား ကြားရတော့မည်ကို စိတ်ထဲမှ အလိုလိုသိထားပြီးဖြစ်သော်လည်း တက်ပု မကျေနပ်၊ “တတ်နိုင်ယင်တော့ အမေလဲ နောက်အိမ်ထောင်မပြုချင်ပါဘူး သားရယ်၊ သားတို့မောင်နှမကိုလဲ ပထွေးနဲ့ မနေစေချင်ပါဘူး”ဟု အမေက လေချိုလေးနှင့် ပြောသည်။ 

“ပထွေးနဲ့ မနေစေချင်ယင် နောက်ယောက်ျား မယူနဲ့ပေါ့ဗျ" ဟု သူက အမေ့ကို မအော်စဖူး ပြန်၍အော်မိသည်။ ဒီတော့ တဘက်အိမ်မှ ကြီးတော် ဒေါ်အေးက “နင် ဘာသိလို့လဲ၊ နင်က တနေ့တနေ့ ဆော့ဖို့ စားဖို့လောက် သိတာ။ အမေကို နင် ဘာကူသလဲ၊ ဈေးတောင်းခေါင်းရွက်ပြီး ပြန်လာတဲ့ အမေကို ရေတခွက် ခတ်ပေးဖော် ရရဲ့လား။ ဟိုမှာ ကြည့်စမ်း၊ အငယ်မ ထွေးထွေးက နင့်ထက် သုံးနှစ်ငယ်ပေမယ့် ရေဆွဲယင်လဲ သူ၊ ထင်းခွဲယင်လဲ သူ၊ ထမင်းချက်ယင်လဲ သူ၊ အရွယ်နဲ့တောင် မလိုက်ဘူး၊ လုပ်လိုက်ရတာ"ဟု ဝင်ပြောသည်။ 

ဒီတော့လည်း သူက ကြီးတော် ဒေါ် အေးကို ရန်သူလို ကြည့်သည်။ 

“ထွေးထွေး ရေဆွဲရတာနဲ့ အမေ လင်ယူတာက ဆိုင်လို့လဲဗျ" ဟု ကန့်လန့်မေးခဲ့သည်။ 

အမေက “အင့်”ကနဲ ရှိုက်ကာ မျက်ရည်သုတ်သည်။ 

ကြီးတော်ဒေါ်အေးက “ဆိုင်တယ်တဲ့ ဆိုင်တယ်။ ဦးညွန့်မောင်က မုဆိုးဖိုကြီး။ ချမ်းသာတယ်၊ အသောက်အစား ကင်းတယ်၊ နင့်အမေကို ရွှေတွဲလွဲ ငွေတွဲလွဲနဲ့ ချမ်းချမ်းသာသာ ထားမှာ။ နင်တို့လဲ ချမ်းချမ်းသာသာနေရမှာ”ဟု ဆောင့်ကြီးအောင့်ကြီး ပြောလေသည်။

“အလကား ဟာမကြီးတွေ၊ အမေ့ကို သူတို့ပဲ မြှောက်ပေးနေကြတာ”

ငုံးဥခွံပါးပါးလေးများကို ရထားအပြင်ဘက် လွှင့်ပစ်လိုက်သည်။ ထို့နောက် ပါးစပ်ထဲသို့ အလုံးလိုက် ပစ်ထည့်လိုက်သည်။ ဆားမပါတော့ စား၍မကောင်းလှ။

“ကြက်ဥပြုတ်၊ ငုံးဥပြုတ်၊ ကြက်ဥပြုတ် ငုံးဥပြုတ်"

ကြက်ဥပြုတ်သည်လေးက တွဲထဲမှ ပြန်လျှောက်သွားပြန်သည်။ ခရီးသည်များ၏မျက်နှာကို ဝယ်နိုးနိုးနှင့် အကဲခပ်၍ ကြည့်သွားလေသည်။

“ဟင်၊ ငါ့လက်ထဲမှာ ဆယ်ပြားပဲ ကျန်တော့တာ သိလို့ ငါ့ကို လှည့်တောင် ကြည့်မသွားတော့ဘူး။ တီးထည့်လိုက်ဖို့ ကောင်းတယ်”

တက်ပုက မျက်မှောင်ကုပ်ယင်း တွေးသည်။ ထိုကောင်လေးနှင့်ဆိုလျှင် ရွယ်တူလောက်ပင် ဖြစ်သည်။ ရန်ဖြစ်လျှင် တရားမျှတသော ရန်ပွဲပင် ဖြစ်သည်။ ရုပ်ရှင်ထဲမှာကို လက်တဘက်ကို ရင်ဝနားတွင် ကာထားကာ လက်တဘက်ကိုထောင်၍စောင့်မည်။ အနားသို့ ရောက်လာလျှင် ခုန်၍ဝင်ကာ ဇက်ပိုးကို လက်ဝါးစောင်းနှင့် ခုတ်ထည့်လိုက်မည်။ တက်ပုသည် အတွေးထဲတွင် ပြန်မြင်သည်။ တရုတ်သိုင်းမင်းသား ဝမ်ယုလိုလို၊ တီလုံးလိုလို၊ ​ဒေးဗစ်ချန်းလိုလိုနှင့် သားသားနားနားရှိလှသည်။ 

တက်ပုက ထစ်ကနဲဆိုလျှင် ရန်ဖြစ်ချင်သည်။ အသက်ကသာ နှစ်ဆယ်ကျော်ကျော် ရှိသေးသော်လည်း သူ ဆင်နွှဲခဲ့သော ရန်ပွဲပေါင်းက အတော်လေးများနေပြီဖြစ်သည်။ စီကနဲဆိုလျှင် သူက လက်ဦးအောင် ဆော်ထည့်လိုက်ပြီးပြီဖြစ်သည်။ အဘွားကတော့ “သင်္ကြန်တွင်း မွေးတဲ့ကလေးမို့ ရေလိုအေးမလား အောက်မေ့မိပါတယ်၊ သူက သင်္ကြန်တွင်းရဲ့ ရေဓာတ်ကိုမယူပဲ ရန်ဖြစ်တတ်တဲ့ ရန်ဓာတ်ကို ယူလာတာကိုးကွယ်”ဟု ပြောဖူးလေသည်။

“အလကား ဏှာဘူးကြီး၊ အဲဒီ ဦးညွန့်မောင်ဆိုတဲ့လူကြီး အိမ်ကို ရစ်သီရစ်သီနဲ့ လာနေကတည်းက ထင်တော့ ထင်သားပဲ၊ အမေကလဲ သနပ်ခါးအဖွေးသား လိမ်းလိမ်းပြီး ဧည့်ခံနေတာ။ ဟွန်း အဖေသေတာ သုံးနှစ်တောင် မပြည့်သေးဘူး”

လက်ထဲတွင် ကျန်နေသေးသောငုံးဥကို ဆက်ပြီး အခွံနွှာသည်။ ခုမှ ပိုပြီး ဆာလာသည်။ လက်ထဲတွင် ကျန်သော ဆယ်ပြားနှင့် ဘာကို ဝယ်စားရမည်နည်း။ ခပ်လှမ်းလှမ်းတွင် တွေ့နေရသော စင်္ကြန်ပေါ်မှ ဆိုင်လေးကို လှမ်းကြည့်သည်။ ငါးမုန့်ကြော်က တထုပ်တစ်ကျပ်၊ အာလူးကြော်က တစ်ကျပ်၊ ဖီးကြမ်း ငှက်ပျောသီးက ပြားသုံးဆယ်၊ အချဉ်ထုပ်က တမတ်၊ ဆယ်ပြားတန်စားစရာက ဗလာနတ္ထိ မရှိ၊ ဒါတောင် ရထားလက်မှတ် မဝယ်ပဲ ခိုးစီးသောကြောင့် ငုံးဥနှစ်လုံး ဝယ်စားနိုင်ခြင်းဖြစ်လေသည်။

“အလကားအမေ၊ ဒီလူကြီးလာယင်ကို တပြုံးပြုံးနဲ့။ ကြီးဒေါ် အေးတို့ကလဲ လှော်ပေးနေကြတာ၊ အကုန်လုံး ဓားနဲ့ လိုက်ခုတ်ပစ်ဖို့ ကောင်းတယ်"

ငုံးဥလေးကို ပါးစပ်ထဲ ပစ်သွင်းပြီး ကြီးဒေါ်အေး အမှတ်နှင့် ဖိ၍ ဝါးလိုက်သည်။ အမေ့ကိုလည်း မကျေနပ်။ ကြီးဒေါ် အေးကိုလည်း မကျေနပ်။ လိမ္မာသည်ဟု ချီးမွမ်းခံနေရသော သူ့ညီမ ထွေးထွေးကိုလည်း မကျေနပ်။ တက်ပုသည် အားလုံးကို မကျေမနပ်ဖြစ်နေသည်။ ဦးညွန့်မောင်ကိုတော့ ပြောမနေနှင့်တော့။ တူးတူးခါးခါး မုန်းမိသည်။ အိမ်ရှေ့အိမ်က ကိုစိုးတင့် ပြောပြသည့် သိုင်းဝတ္ထုထဲကလို အဝေးရောက်အကြောပိတ်သိုင်းနှင့် အကြောပိတ်ပြီး သတ်ပစ်လိုက်ချင်တော့သည်။ 

“ဟဲ့ တက်ပု"

ခေါ်သံကြားတော့ ရုတ်တရက် လန့်သွားသည်။ သူ့ရှေ့မှု အမျိုးသမီးကြီးကို မော့်ကြည့်ယင်း ဝမ်းသာသွားသည်။

“ကြီးကြီးလှ” 

“နင် ဘယ်သွားမလို့လဲ”

“ကြီးကြီးလှဆီ လာမလို့”

"ဟဲ့ ငါ့ဆီကို"

“ဟုတ်ပါတယ်”

တက်ပု၏အသံက ဘုန်ခါသွားသည်။ ခုနတုန်းကတော့ သူ့ကိုယ်သူ ဝမ်ယုလိုလို၊ ဒေးဗစ်ချန်းလိုလို တွေးထင်နေ၊ အားတွေ အင်တွေ ပြည့်ဖြိုးနေသော်လည်း ခုတော့ ချက်ချင်းပင် ဝမ်းနည်းစိတ်တွေက ပြိုဆင်းလာသည်။

"နင် ဘာဖြစ်လာတာလဲ"

ကြီးကြီးလှက တက်ပု၏ဘေးတွင် ဝင်ထိုင်သည်။ တက်ပုက ချက်ချင်း မပြောနိုင်။ မျက်ရည်အဝဲသား ဖြစ်နေသည်။ လည်ချောင်းတွင် စကားလုံးတို့က တစ်ဆို့နေသည်။ ကြီးကြီးလှကို မြင်တော့ အဖေ့ကို ပိုပြီး သတိရသည်။ ကြီးကြီးလှသည် အဖေ့အစ်မ ဖြစ်သည်။ အမေနှင့်လည်း ရုပ်ရည်ချင်း ဆင်တူလေသည်။

“အမေရယ်ပေါ့"

“ဟင် နင့်အမေက နင့်ကို ရိုက်လို့လား”

တက်ပု ခေါင်းခါပြသည်။ ကြီးကြီးလှ၏ ရင်ခွင်ကျယ်ကြီးတွင် မျက်နှာတင်ပြီး ကျူကျူပါအောင် ငိုပစ်လိုက်ချင်နေသည်။

“အမေရယ် ယောက်ျား ယူမလို့တဲ့

“အော် ဒါလား”

ကြီးကြီးလှကို “ဟင် တကယ်လား”၊ “ဘယ်သူနဲ့တုန်း”၊ “ဘာဖြစ်လို့ ယူတာတုန်း”စသည်ဖြင့် ပြိုးပြိုးပျာပျာ ဖြစ်စေချင်သော်လည်း ကြီးကြီးလှက မဖြစ်။ “ရေထဲမှာ ငါးရှိတယ်ဗျ”ဟု ပြောသံကို ကြားလိုက်သလို “ဪ ဒါလား”ဟု ပြောသည်။ သူ့လက်ထဲမှ ကြိမ်ခြင်းတောင်းကြီးကို ခုံနှစ်ခုံကြား အလယ်နေရာတွင် ထားရာမှ နံရံဘက်သို့ တွန်းရွှေ့လိုက်သည်။

“နင့်အမေကလဲ တတ်သမျှ မှတ်သမျှ လုပ်ကိုင်စားနေတာပဲ ငါ့တူရယ်၊ ဒါပေမယ့် ငွေတွင်းက တယ်ပြီး နက်သဟဲ့။ အရွယ်ကလေးကလဲ ရှိ၊ ရုပ်ကလေးကလဲ ရှိတော့ တင့်တောင့်တင့်တယ် ထားနိုင်မယ့်သူဆိုယင် ယူရမှာပေါ့ဟယ်၊ နင်တို့အဖေ ငါ့မောင်က သေနေပြီပဲဟာ”

တက်ပုသည် ကြီးကြီးလှကို မော်ကြည့်ယင်း ပိုပြီး ငိုချင်သွားသည်။ ခုနတုန်းက သူ မကျေမနပ်ဖြစ်နေသောလူများ စာရင်းတွင် ကြီးကြီးလှတယောက်ပါ ထပ်၍ တိုးသွားသည်။

“နင့်အမေ ငါ့ကို ပြောပြီးပါပြီ၊ အဲဒီလူက မဆိုးပါဘူး၊ ဟို မုဆိုးဖိုကြီး မဟုတ်လား၊ အသက်ကြီးပေမယ့် စိတ်ကောင်း သဘောကောင်း ရှိပါတယ်။ နောက်ပြီး ပထမ အိမ်ထောင်နဲ့လဲ ကလေး မကျန်ခဲ့ဘူးတဲ့"

“အလကား အားလုံးအတူတူပဲ၊ တကျိတ်တည်း တဉာဏ်တည်း”

တက်ပုက စိတ်ထဲမှ အော်လိုက်မိသည်။ အဖေ့ အစ်မမို့ သူ့ဘက်များ ပါမလား၊ အားကိုးများ ရလေမလားဟု ထင်ခဲ့သော်လည်း အလကားပင်။ ကြီးကြီးလှကလည်း ဒေါ်ကြီးအေးလို လေသံမျိုးပင် ထွက်လာလေသည်။

"နင့်အမေက နင်တို့မောင်နှမကို အင်မတန်ချစ်တာပါ တက်ပုရယ်၊ အထင်မလွဲစမ်းပါ”

“ဘာချစ်တာလဲ အလကား”

ရုတ်တရက် ဝေကျလာသော မျက်ရည်များကို လက်ဖမိုးနှင့် ပွတ်သုတ်လိုက်သည်။ ဝမ်းနည်း အားငယ်သောစိတ်နှင့် ရန်လို အာခံသော ဆန့်ကျင်ဘက်စိတ်နှစ်မျိုးသည် သူ့ရင်ထဲတွင် တပြိုင်တည်း ဖြစ်ပေါ်နေသည်။

“ငါ့ဆီ လာမယ်ဆိုတာကိုရော နင့်အမေ သိရဲ့လား” 

“သိတယ်”

သူ မနက်တုန်းက အိပ်ရာမှ နိုးတော့ အမေ မရှိတော့ပေ။ ဈေးရောင်းထွက်သွားပြီဖြစ်သည်။ အမေ့ခေါင်းအုံးအောက်ကို လှန်ကြည့်တော့ ငွေသုံးကျပ် တွေ့ရသည်။ သူက သုံးကျပ်လုံး ကောက်ယူလာခဲ့သည်။ နောက်ဖေးတွင် ထမင်းရည် ငှဲ့နေသော ထွေးထွေးက “အစ်ကို နင် ဘယ်သွားမလို့လဲ" ဟု မေးသည်ကို မကြားချင်ဟန် ဆောင်နေလိုက်သည်။ အိမ်အောက်ရောက်သောအခါမှ “ငါ ကြီးကြီးလှဆီမှာ သွားနေမလို့' ဟု လှမ်း၍ အော်ပစ်ခဲ့သည်။

သို့သော် ကြီးကြီးလှဆီကိုတော့ ချက်ချင်း မသွားဖြစ်။ သူတို့နေရာ ဖဆပလကွက်သစ်မှ သမ္မတရုံအထိ လမ်းလျှောက်လာသည်။ ရုပ်ရှင်ကြည့်ရကောင်းမလားဟု တကျပ်ခွဲတန်းတွင် ဝင်၍ တန်းစီပြီးမှ ကြည့်ချင်စိတ် မရှိတော့၍ ပြန်ထွက်လာသည်။ ကျောင်းမှ သူငယ်ချင်းများနှင့် တွေ့သေးသည်။ "ဟေ့ မင်း ကျောင်းမတက်ဘူးလား”ဟု မေးတော့ သူက “မင်းတို့ကရော ရေသွားကူးမလို့ မဟုတ်လား”ဟု ပြန်ပြောယင်း သူတို့နှင့် လိုက်သွားရကောင်းမလား စဉ်းစားသေးသည်။ သို့သော် နောက်ဆုံးတော့ ရဲရင့်ရုံမှ ကုလားကား ဝင်ကြည့်သည်။ ရုံအောက်မှ ကုလားပဲသုပ် ဝယ်စားသည်။ ရုပ်ရှင်က တကျပ်ခွဲ၊ ပဲသုပ်က တကျပ်၊ ငုံးဥက ပြားလေးဆယ်၊ ခုတော့ လက်ထဲတွင် ဆယ်ပြားသာ ကျန်တော့သည်။

"နင့်အသက် ၁၀ နှစ် ကျော်ပြီနော်”

“၁၂-နှစ်ထဲမှာ”

“၁၂-နှစ်ဆိုတာ ကလေးမဟုတ်တော့ဘူး တက်ပုရဲ့၊ ကလေးလို မတွေးနဲ့။ နင့်အမေကို နားလည်စမ်းပါ"

“ဘာ နားလည်ရမှာလဲ”

တက်ပုအသံက ငိုသံပါနေသည်။ ရန်လို အာခံသော စိတ်များက ပျောက်ကွယ်သွားပြီး ဝမ်းနည်းစိတ်များ လျှံတက်လာသည်။

“နင်တို့မောင်နှမကို ချမ်းချမ်းသာသာ နေစေချင်လို့၊ သူ့ခမျာ နောက်အိမ်ထောင်ပြုဖို့ ကြံတာပါဟယ်"

“ဘာ ချမ်းသာစေချင်တာလဲ၊ ချမ်းသာစေချင်ယင် ဒီ့ပြင်အလုပ်တွေ လုပ်စရာအများကြီး ရှိသားပဲ၊ ခုတော့ အမေက... အမေက လင်ယူတာကလွဲလို့ မလုပ်တတ်ဘူးလား”

တက်ပုက ခပ်ရိုင်းရိုင်း ပြောပြီး ရှိုက်ငိုမိသည်။ စီးကျလာသော မျက်ရည်များကို ပုဆိုးအောက်နားနှင့် ငုံ့၍ သုတ်သည်။ နှာရည်များကို ရှီးကနဲ ညှစ်ပစ်လိုက်သည်။

" အေး ဒါက ဒိပြင်ဟာတွေထက် တွက်ခြေကိုက်လို့ဟေ့၊ နင့်အ​မေ လင်ယူတာက အလကားယူတာမဟုတ်ဘူး၊ ဈေးတွက် တွက်ပြီး ယူတာ"

ကြီးကြီးလှက သူ့ကိုမျက်လုံးပြူးကြည့်ကာ ခပ်ကျိတ်ကျိတ် ပြောသည်။ တက်ပု နှာရည် ထပ်ညှစ်သည်။ ဆင့်၍ ဆင့်၍ တက် လာသော ရှိုက်သံများကို သည်။ နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျိုချ

တက်ပု မကျေနပ်။ ဘယ်သူ့ကိုမှ မကျေနပ်။

လောကကြီးတခုလုံးကို မ​ကျေနပ်။

* * *

မျက်စောင်းထိုးခုံတွင် ငိုမဲ့မဲ့နှင့် ထိုင်နေသော ကောင်ကလေးကို တွေ့ရသည်။ ကောင်ကလေးက မျက်ရည်များကို လက်ဖမိုးနှင့် ပွတ်သုတ်ယင်း "ချမ်းသာစေချင်ယင် ဒိပြင် လုပ်စရာတွေ အများကြီး ရှိသားပဲ၊ ခုတော့ အမေက လင်ယူတာကလွဲလို့ မလုပ်တတ်ဘူးလား" ဟု ပြောသည်။

ထိုစကားကို ကြားရတော့ အေးမွန်၏သူငယ်ချင်း မငယ် ပြောခဲ့သောစကားကို အောင်ဖြိုးဝင်း သတိရသည်။ မငယ်ကလည်း သူ့ကို စေ့စေ့ကြည့်ကာ “ငဖြိုးရယ်၊ နင် ချမ်းသာချင်ယင် လုပ်စရာတွေ အများကြီးပါ။ ချမ်းသာတဲ့မိန်းမကို ယူတာက လွဲလို့ ဒိပြင်ဟာ မလုပ်တတ်တော့ဘူးလား။ နင်က အေးမွန်ကို လွယ်လွယ်လေး သစ္စာဖောက်တော့မှာလား”ဟု ပြောခဲ့သည်။ အဲဒီတုန်းက သူက ပါးစပ်မှတော့ ဘာမှ ပြန်မပြောခဲ့။ စိတ်ထဲတွင်တော့ ခုနတုန်းက မိန်းမကြီးပြောသလို "ဒါက ဒီပြင်ဟာတွေထက် တွက်ခြေကိုက်လို့ဟဲ့”ဟု ပြောမိလေသည်။

“ဈေးတွက် တွက်တာ မိန်းမတွေမှ တွက်တတ်တာ မဟုတ်ဘူး၊ တို့ယောက်ျားလေးတွေလဲ တွက်တတ်တာပဲ။ အင်းလေ ဘယ်လောက်ထွက်တွက်၊ တွက်ခြေကတော့ ကိုက်ချင်မှ ကိုက်မှာပေါ့လေ"

အောင်ဖြိုးဝင်း သက်ပြင်းတချက် ချမိသည်။ အေးမွန်ကို သတိရသည်။ အထူးသဖြင့် တခုံကျော်မှ မိန်းကလေးကိုမြင်တိုင် အေးမွန်ကို ပိုပြီးသတိရမိသည်။ ထိုမိန်းကလေးသည် သူ့လိုပင် သင်္ကန်းကျွန်းရထား စီး​နေကျ ဖြစ်သည်။ နူးညံ့ပြီး အေးဆေးသောမျက်နှာထားလေးက အေးမွန်နှင့် တူသည်။ သူက ပုစွန်တောင်ဘူတာတွင် ဆင်းသူတက်သူမို့ ထိုမိန်းကလေး ဘယ်ဘူတာကတည်းက ပါလာသနည်း မသိရပေ။ သို့သော်လည်း ရထားပေါ်တွင်တော့ မကြာခဏ ဆုံမိကြသည်။ တဦးနှင့်တဦး မျက်မှန်းတန်းမိနေသည်။ ခုနတုန်းက ထိုမိန်းကလေး ငုံးဥဝယ်တော့ ရှေ့ခုံမှ လူက စကားရော ဖောရောနှင့် အရောဝင်ရန် အားထုတ်နေသည်ကို သတိပြုမိ၏။

“ကောင်မလေးက အေးအေးဆေးဆေး ရိုးရိုးသားသားလေး။ ဟိုကောင့် ကြည့်ရတာ စပ်ဖြဲဖြဲ၊ ပြီတီတီနဲ့ အတော်​ပွေမယ့် ရုပ်မျိုး။ ကြည့်ပါအုံး ရင်ဘတ် ဟပြဲ။ ရွှေဆွဲကြိုးက ဆွဲသေး"

သူက တွေးမိသည်။ ထိုနောက် တဆက်တည်း သူနှင့်အေးမွန်နှင့်တုန်းကလည်း ဘေးလူများက ထိုသို့ပင် ပြောလေ့ရှိကြသည်ကို သဘိရသည်။ အေးမွန်က ရိုး၍ အေးကာ သူကတော့ လူလည်ရုပ်ဟု အေးမွန်၏သူငယ်ချင်း မငယ်ကပြောဖူးသည်။ အေးမွန်အား သူ့ကို ပြန်မကြိုက်ရန် ကပျက်ယပျက် လုပ်ဖူးသည်။ မငယ်က ပြောလွန်းလို့လားမသိ၊ အေးမွန်ကလည်း သူ့ကို သိပ်မယုံချင်ပေ။ "အေးမွန် မောင့်ကို မယုံရဲဘူးကွယ်”ဟု ပြောလျှင် သူ့က ပြုံး၍သာနေသည်။ သူ့ကိုယ်သူလည်း သိသည်။ သူက ယုံကြည်လောက်သော စိတ်ချလောက်သော ပုဂ္ဂိုလ်မျိုး မဟုတ်ပေ။

အဖေသေတော့ အမေ့တွင် အတွင်းပစ္စည်းလေး အနည်းပါးသာ ကျန်ခဲ့သည်။ သူ့အစ်မက ၁၈-နှစ်၊ သူက ၁ ၅-နှစ်၊ ညီမလေးက ၁၃-နှစ်။ အမေသည် သူ၏လက်ဝတ်လက်စားများနှင့် သားသမီးတို့၏ပညာရေးကို လဲခဲ့သည်။ သူတို့မောင်နှမ သုံးဦးလုံး ဘွဲ့ရခဲ့သည်။ အစ်မကြီးက ပညာရေးတက္ကသိုလ်မှ အောင်ကာ အထက်တန်းပြဆရာမ ဖြစ်ခဲ့သည်။ သူက စက်မှုတက္ကသိုလ်မှအောင်ကာ အင်ဂျင်နီယာ ဖြစ်ခဲ့သည်။ ညီမလေးကမူ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ရိုးရိုးသိပ္ပံဘွဲ့နှင့် အင်ဂျင်နီယာက​တော်ဘွဲ့ကို တပြိုင်နက်တည်း ဆွတ်ခူးခဲ့သည်။ ညီမလေး ဘွဲ့ရမည့်နှစ်တွင်ပင် အိမ်ကိုဝင်ထွက်နေသော သူ့သူငယ်ချင်း ကိုကိုလတ်နှင့် အကြောင်းဆက်၍ ပေါင်းဖက်မိကြသောကြောင့် သားသမီး သုံးဦးလုံးကို ပညာအပြည့်ပေးပြီးသောအခါ၌ကား အမေ့ဆီတွင် ရွှေဆို၍ မူး၍ပင် ရှူစရာမရှိတော့ပေ။

“အမေ့သားတွေ သမီးတွေကို အမေက ပညာအမွေပဲ ပေးနိုင်တယ်ကွယ်၊ ဟောဒီက သားကြီး ငဖြိုးအတွက်တော့ အမေ စိတ်မကောင်းဘူး။ သားကြီးက အင်မတန် အကောင်းကြိုက်၊ အင်မတန် ဇိမ်ယူတတ်တာ။ ခုတော့ အမေက ဘွဲ့တခုက လွဲလို့ ဘာတိုက် ဘာကားမှလဲ မပေးနိုင်”

အမေက မျက်ရည်အဝဲသားနှင့် ပြောခဲ့သေးသည်။ ဟုတ်သည်။ သူအစ်မနှင့် ညီမက ရှိသမျှနှင့် ရောင့်ရဲကာ ခပ်အေးအေး နေတတ်သော်လည်း သူက ကြားထဲမှ ဖောက်ကာ အင်မတန် အကောင်းကြိုက်တတ်နေသည်။ ရေအိုးထဲက ရေအစား ရေခဲသေတ္တာထဲက ရေကိုမှ သောက်ချင်သည်။ ယပ်တောင် တဖြတ်ဖြတ် ခတ်ရသည်မှာ ညောင်း၍ ပန်ကာလေလေးနှင့် အအေးခံချင်သည်။ ဒတ်ဆန်း ဝမ်းတွမ်တီးဝိုင်လောက် မစီးရလျှင်တောင်မှ ဖင်မလီယာလောက်တော့ စီးချင်သည်။

"နင် ဒီလောက်တောင် အကောင်းကြိုက်နေယင်လဲ သဌေးသမီး ရှာယူပါတော့ဟယ်"ဟု အစ်မကြီးက ပြောခဲ့သည်။ ဟုတ်သည်။ သူ့ကိုယ်သူလည်း သိသည်။ သဌေးသမီးကို ရှာယူမှ ဖြစ်မည်။ သို့သော် ခက်သည်က သဌေးသမီးကို ရှာ၍ မတွေ့ခင် အေးမွန်နှင့် အနေနီးကာ ချစ်ရေးဆိုမိပြီး ချစ်သူဖြစ်လာကြရခြင်း ဖြစ်သည်။ 

“လူရှိလား ဟင်”

“မရှိပါဘူး”

သူက ဘေးတွင်ချထားသော သားရေအိတ်ကို ပေါင်ပေါ် တင်ကာ တွဲနံရံဘက်သို့ တိုးပေးလိုက်သည်။ ရုံးဝတ်စုံ ဝတ်ထားသော အမျိုးသမီး ခပ်ဝဝတဦးက ဝင်ထိုင်သည်။ သူ့လက်ထဲမှ ငါးမူးတန် ပလတ်စတစ်အိတ်ပျော့လေးကို ကြမ်းပေါ်သို့ ချပြီး အပေါ်ဘက်မှ လက်နှင့်ထိန်း၍ ကိုင်ထားလိုက်သည်။

“အိုက်လိုက်တာလွန်ရော”

အမျိုးသမီးက သူ့ကိုလှမ်းကြည့်ကာ ပြောသည်။ ရုံးသွား ရုံးပြန် တွေ့ဖူးနေကျ မျက်နှာဖြစ်၍ သူက အလိုက်သင့် ပြန်၍ ပြုံးပြလိုက်သည်။

“ရန်ကုန်မှာ အပူချိန် တရာ့နှစ်တဲ့"

"ဟုတ်လား"

သူက သတင်းစာထဲတွင် ဖတ်လာကာ အပူချိန်ကို ပြောတော့၊ မင်းသမီးက “ဟုတ်လား”ဟု စိတ်မဝင်စားသလို၊ ဝင် စားသလိုနှင့် အူကြောင်ကြောင် ပြောသည်။ ထို့နောက် သူ့ လက်ထဲမှ ပလတ်စတစ်အိတ်ကို ဖွင့်ကြည့်ကာ “ဟောတော့ ထောပတ်သီးတွေ မေ့ထားခဲ့ပြီ”ဟု အလန့်တကြား ပြောလေသည်။

အောင်ဖြိုးဝင်း စိတ်ညစ်သွားသည်။ သူဘာပြောပြော အမျိုးသမီးကြီးက စိတ်ဝင်စားတော့မည်မဟုတ်၊ သူ့အနားတွင် အနုမြူဗုံးကြီး ကျကွဲလျှင်ပင် မသေခင် “အောင်မလေးတော့၊ ထောပတ်သီးဟု အော်ကာ အငွေ့ဖြစ်သွားလိမ့်မည်ထင်သည်။ရသည်မှာ ထောပတ်သီး ကျန်ခဲ့သည် မဟုတ်ပဲ၊ စိန်လက်စွပ် ကျန်ခဲ့သောပုံမျိုး ဖြစ်နေလေသည်။

“တောင်ကြီးက တိုက်ရိုက်လာတဲ့ အသီးကြီးတွေကွယ့်၊ ကောင်းကကောင်းနဲ့၊ ကြွက်စားကုန်ယင်တော့ ဒုက္ခပဲ”

အမျိုးသမီးကြီးက ညည်းညည်းညူညူ ပြောသည်။ အောင်ဖြိုးဝင်း ဘာပြန်ပြောရမည်မှန်း မသိ၍ ပြုံးနေလိုက်ရသည်။ ထောပတ်သီးကို သူ စိတ်မဝင်စား၊ ကြိုက်လည်းမကြိုက်။ ထိုကြောင့် အေးမွန်းအကြောင်းကို ဆက်၍တွေးသည်။

အပိုင်း(၃)ဆက်ရန်
-------------------
#မစန္ဒာ

Post a Comment

0 Comments