လူသုံးကုန်ပစ္စည်း ရောင်းသူများ (ဖေမြင့်)
-----------------------------------------
အင်း မိန်းမ အကြောင်းကပဲ စပြောရမယ် ထင်တာပဲ။
ကျွန်တော့် မိန်းမ ပြောတာပါ။
မိန်းမက မိခင်စိတ် ဆိုတာကြောင့်ပဲလား၊ ဒါမှမဟုတ် သူတို့ရဲ့ ခန္ဓာကိုယ် သဘာဝအရ အဲသလိုပဲ ဖြစ်တတ်သလား မပြောတတ်ဘူး။ ဒီမိန်းမဟာ မကြာခဏ ကလေးတစ်ယောက် လိုချင်တယ်လို့ ပြောလေ့ရှိတယ်။ ကလေး ပေါက်စလေး ချီချင်တယ်၊ နို့တိုက်ချင်တယ်လို့ ပြောတယ်။
တကယ်တမ်းကျတော့ သူ့ ရှိပြီးသားဟာတွေတောင် သူနိုင်တာ မဟုတ်ဘူး။ စားရေးသောက်ရေး လုပ်ရတာနဲ့၊ စာဖတ်ဖို့ ပြောရတာနဲ့၊ စိတ်တိုင်းမကျလို့ ဆူရပူရတာတွေနဲ့ အားရတယ် မရှိဘူး။
ဒီကြားထဲကပဲ နည်းနည်းလေး အေးအးလူလူ ရှိရင် ကလေး လိုချင်တဲ့ အကြောင်း ပြောတတ်တယ်။
ကလေး ဆိုတာက သိတဲ့အတိုင်း မလိုချင်ရင်သာ ခက်တာ၊ လိုချင်ရင်တော့ အလွယ်ကလေးပဲ။ တချို့ လူများက လွဲလို့ပေါ့လေ။
အဲဒီတော့ “ကဲ၊ မင်း ဒီလောက် ကလေး လိုချင်လဲ မွေးပေါ့လကွာ” လို့ ပြောပြန်တော့လဲ မွေးရဲသလား ဆိုတော့ မမွေးရဲဘူး၊ ကြောက်ပြန်တယ်။
လူလားမြောက်အောင် ပြုစု ပျိုးထောင်ရမှာတွေ၊ ဘာတွေကျတော့ တွေးကြည့်ပြီး မောတော့ မောတယ်၊ သို့သော် မကြောက်ဘူး၊ ကိုယ်ဝန်ဆောင်ရမှာ ကိုသာ ကြောက်တယ်လို့ ဆိုတယ်။
အင်း ဟုတ်ပါတယ်လေ၊ သူ့အနေနဲ့ ကြောက်မယ်ဆိုလဲ ကြောက်စရာပါပဲ။ ဒီမိန်းမက ကိုယ်ဝန်ဆောင်မိရင် သူများနဲ့ တူတာ မဟုတ်ဘူး၊ ကိုယ်ဝန် ရှိစ အချိန်က စပြီး အန်လိုက်အော့လိုက်နဲ့ ဘာအစာမှ စားမရ မျိုမရ ဖြစ်လိုက်မှာ လူမမာကြီး လုံးလုံး ဖြစ်တဲ့ အထိပဲ။ သူက အဲဒီ ဝေဒနာကြီးကို ကြောက်တယ်။ ပြီးတော့ သူ့မှာ အရင် ကလေးတုန်းက ဗိုက်ခွဲ မွေးရဖူးတဲ့ ရာဇဝင် ရှိတော့ အခု ကလေးမွေးရင် ဗိုက်ထပ်ခွဲ မွေးရဦးမှာ။ ဆေးထိုးရ၊ ဆေးသွင်းရ၊ ဘာညာတွေက မတော်တဆ အေအိုင်ဒီအက်စ် ရောဂါ ကူးမှာ စသဖြင့် အဲဒါတွေ ကြောက်တာလဲ ရှိတယ်။
အဲဒါကြောင့် ကျွန်တော်က မဂ္ဂဇင်းထဲမှာ တွေ့ရတဲ့ ဗိုက်အငှားနဲ့ ကလေး မွေးတဲ့ ကိစ္စကို တစ်စွန်းတစ်စ လှမ်းပြောလိုက်တဲ့ အခါ သူ ငေါက်ခနဲ ထလာတယ်။ “သေသေချာချာ ဖတ်ပြစမ်းပါဦး” တဲ့။
ကျွန်တော်လည်း မဂ္ဂဇင်းထဲ ပါတဲ့ သတင်းကို အစအဆုံး ဖတ်ပြလိုက် ရတယ်။
ရောဂါတစ်ခုကြောင့် သားအိမ် ထုတ်ထားရလို့ ကလေး မရနိုင် ဖြစ်နေတဲ့ အမျိုးသမီးနဲ့ သူ့ ယောက်ျားက ခေတ်မီ သားစပ်လုပ်ငန်း လုပ်တဲ့ ဆရာဝန် ဆီကို သွား၊ ဆ၇ာဝန်က အမျိုးသမီးဆီက အမမျိုးဥနဲ့ အမျိုးသားဆီက အဖိုပိုးကို စပ်ပေး၊ ဖန်ပြွန် သန္ဓေသားလို့ ခေါ်ကြတဲ့ အဲဒီ သားလောင်းကလေးကို တခြား မိန်းမ တစ်ယောက်ရဲ့ သားအိမ်ထဲ ထည့်ပြီး အဲဒီ မိန်းမရဲ့ အသွေးအသားနဲ့ ကြီးထွားခိုင်း၊ နေ့စေ့ လစေ့လို့ မွေးပြီးတဲ့ အခါကျတော့ ကလေးကို ဟိုအမျိုးသမီးနဲ့ အမျိုးသားက ယူကြ၊ အငှား ကိုယ်ဝန်ဆောင်ပေးတဲ့ အမျိုးသမီးကိုတော့ အခကြေးငွေ ဘယ်ရွေ့ဘယ်မျှ ပေး၊ အဲသလို လုပ်ကြတဲ့ အကြောင်း ရေးထားတဲ့ သတင်းတစ်ပုဒ် ပါပဲ။
မိန်းမက အဲဒါ နားထောင်ပြီး သူ့အတွက် လမ်းစပေါ် သွားပြီ ဆိုတဲ့ ပုံစံမျိုးနဲ့ ဝမ်းသာအားရ ဖြစ်သွားတယ်။ “မြန်မာပြည်မှာ အဲဒါမျိုး လုပ်လို့ရရင် သိပ်ကောင်းမယ်” တဲ့။ ပြောလိုက်သေးတယ်။
“သိပ် စိတ်ကူး ယဉ်မနေနဲ့၊ ဗိုက်ငှားတဲ့ မိန်းမကို ပေးရတာချည်းပဲ ဒေါ်လာ တစ်သောင်း၊ ဆရာဝန်နဲ့ ဆေးခန်းကို ဘယ်လောက် ပေးရဦးမလဲ မသိဘူး၊ မြန်မာငွေနဲ့ ဆိုရင် ဘယ်လောက် ရှိမလဲ တွက်ကြည့်ဦး” လို့ ဆိုလဲ သူကတော့ ခပ်အေးအေး ပါပဲ။
“ဒီမှာဆို ဒါလောက် မကျပါဘူး” တဲ့။ “ဒီလက စပြီး အပတ်စဉ် ထီမှန်မှန် ထိုးရမယ်” တဲ့။ “ထီပေါက်တဲ့ အချိန်နဲ့ မြန်မာပြည်မှာ အဲဒါတွေ လုပ်လို့ ရတဲ့အချိန် တစ်ပြိုင်တည်းလောက် ကျရင် အိုကေပဲ” တဲ့။
အဲသလို ပြောပြီး သူ အိပ်ရာဝင် သွားတယ်။
ကျွန်တော် မဂ္ဂဇင်း တစ်အုပ်လုံး ဖတ်ပြီးတဲ့ အချိန်မှာတော့ မိန်းမက အသံဗလံတွေ ထွက်ပြီး အိပ်ပျော်နေပြီ။ ဗိုက်အငှားနဲ့ ကလေး မွေးတဲ့ အိပ်မက်တောင် မက်နေပြီ ထင်ပါရဲ့။
* * *
သူ့ အိပ်မက်က ဘယ်လို နေသလဲတော့ မသိဘူး။ ကျွန်တော့် အိပ်မက်ကတော့ဗျာ၊
ဇာတ်လမ်းက ဘယ်နားက ဘယ်လို စသလဲတော့ မသိဘူး။ ကျွန်တော် သိတာက ကျွန်တော့်ကို လူတစ်ယောက်က ကားနဲ့ လိုက်ပို့တယ်။ လူတစ်ယောက် ဆိုတာ သူဌေး တစ်ယောက်ရဲ့ အခိုင်းအစေ သို့မဟုတ် ဒရိုင်ဘာ တစ်ယောက် ဖြစ်ရမယ်။ လမ်းမှာ မိုးထိ တိုက်ကြီးတွေ၊ နှစ်ထပ် သုံးထပ် လမ်းမကြီးတွေ မြင်ရတယ်။ ခြံကြီး ဝင်းကြီးနဲ့ သားနားတဲ့ သူဌေး ရပ်ကွက်ကြီး ဖြတ်ရတယ်။ နောက်တော့ မြို့ပြင်ဘက် ရောက်လာတယ်။ ကျဲကျဲတောက် နေပူအောက် လွင်တီးခေါင် တစ်ခုကို ဖြတ်ပြီးတဲ့ အခါ ဧရာမ အမှိုက်ပုံကြီးတွေ တွေ့ရတယ်။ အဝေးက ကြည့်တဲ့အခါ တောင်ကုန်းကြီးတွေလို ထင်ရတယ်။
အမှိုက်သရိုက် တောင်တန်းကြီးရဲ့ နောက်ဘက်မှာ ရပ်ကွက် တစ်ခု။ တစ်မျှော်တစ်ခေါ်ကြီးပဲ။ မြို့ တစ်မြို့စာလောက် ရှိတယ်။ ဒါပေမယ့် တိုက်အိမ်တော့ တစ်လုံးမှ မတွေ့ရဘူး။ ခြေတံရှည် သစ်သားအိမ်တောင် မရှိဘူး။ အားလုံး မြေစိုက်တဲ၊ ထရံကာတွေ၊ အတိုအစ အဟောင်းအမြင်းတွေနဲ့ ခနော်ခနဲ့ ဆောက်ထားတဲ့ တဲကလေးတွေ။
ရပ်ကွက် အစပ်မှာ ကားရပ်တယ်။ “ဆင်းတော့၊ ခင်ဗျားတို့ ရပ်ကွက် ရောက်ပြီ” တဲ့။ ကားမောင်းသူက ပြောတယ်။
ကျွန်တော် တံခါးဖွင့်ပြီး ဆင်းတယ်။
သူ့ကား ပြန်လှည့် သွားတယ်။
ကျွန်တော် ရှေ့နားက ရပ်ကွက်ကလေးကို ကြောင်တောင်တောင် ကြည့်ရင်း ကျန်ရစ်တယ်။
ဒါ ကျွန်တော်တို့ ရပ်ကွက် ဆိုပါလား။ ဟိုလူ့ စကား စဉ်းစားမိပြီး ကျွန်တော် ဒိတ်ခနဲ ဖြစ်သွားတယ်။ ငါ ဒီရပ်ကွက်က တဲ့လား။ ဒါဖြင့် ငါ ဘာကောင်လဲ၊ ဒါ ဘယ် တိုင်းပြည်လဲ၊ ဘယ် အရပ်လဲ၊ ဒါ ငါနေတဲ့ နေရာ ဆိုတာ ဟုတ်ရဲ့လားကွာ။
ကျွန်တော် စိတ်မချမ်းမသာ ဇဝေဇဝါနဲ့ လျှောက်လာတယ်။
ကျွန်တော် သိသလိုလို ဖြစ်လာတယ်။ ဟုတ်တယ်ဗျာ၊ ဟိုရှေ့ကဟာ ကျွန်တော့် အိမ်။
အိမ်ဆိုတာ ကားဂိုဒေါင်ဟောင်း တစ်ခုလို ပုံစံမျိုး။ သို့သော် အဲဒါ ကျွန်တော့် အိမ်ပဲလို့ အိပ်မက်ထဲမှာ ကျွန်တော် သေသေချာချာ သိလိုက်ရတယ်။
အိမ်ထဲ ဝင်လိုက်တော့ မိန်းမကို တွေ့ရတယ်။
ကျွန်တော့် မိန်းမဆိုတဲ့ မိန်းမက အသားမည်းမည်း၊ နှုတ်ခမ်းလန်လန်၊ ဆံပင် ကောက်ကောက်နဲ့ နီဂရိုးမ တစ်ယောက်ပဲ။ “ငါ ဒါကြီးနဲ့ ဘယ်တုန်းက ဘယ်လို ရသွားလိုက်ပါလိမ့်” လို့ ရုတ်တရက် တွေးလိုက်မိတယ်။ သို့သော် အိပ်မက်ဆိုတာ ကြာကြာ မစဉ်းစား ဖြစ်ဘူး။
မိန်းမက ကွပ်ပျစ်ကလေး တစ်ခုပေါ်မှာ ငြိမ်ပြီး ထိုင်နေတာ တွေ့ရတယ်။ မျက်နှာတော့ မကောင်းဘူး။
သို့သော် ကျွန်တော့် မိန်းမ မျက်နှာ မကောင်းတာ မဆန်းပါဘူး။ တစ်ခုပဲ ရှိတယ်။ ဒီနေ့ မျက်နှာ မကောင်းပုံဟာ ခါတိုင်းနေ့တွေထက် နည်းနည်း ပိုတယ်လို့ ထင်မိတယ်။
သို့သော် ကျွန်တော် ဘာမှ မေးမြန်း မနေတော့ပါဘူး။ မေးလို့လဲ မိန်းမက ဖြေချင်မှ ဖြေမှာကိုး။ ရှင့်ကို ပြောလို့ကော ရှင်က ဘာတတ်နိုင်မှာလဲလို့ ဖြေပြန်ရင် လင်မယား ရန်ဖြစ်ရဦးမယ်။ အဲဒီတော့ သူပြောမှပဲ နားထောင်တော့မယ် ဆိုပြီး သားကလေး လှဲနေတဲ့ နေရာနား သွားထိုင် လိုက်တယ်။
သားလေးက နေမကောင်းဘူး။
မိန်းမက စိတ်မချမ်းသာတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို လှမ်းကြည့်ပြီး သူ့နေရာက ထလာတယ်။
မိန်းမက မပေါ့ပါးတော့ဘူး။ သူ့ဗိုက်က တနင့်တပိုးကြီးကို ဖြစ်နေပြီ။ အမှန်တော့ ကိုယ်ဝန်က ခုနစ်လ ကျော်ကျော်ပဲ ရှိသေးတယ်။ ဗိုက်က ပူတတ်တော့ ပုံမှန်ထက်ကို လေးလေးလံလံကြီး ဖြစ်နေတာ။
ဒီ ကိုယ်ဝန်ဟာ ကျွန်တော်နဲ့ ရထားတာ မဟုတ်ဘူး။
အမှန်ကတော့ ကျွန်တော့် မိန်းမ ကိုယ်ဝန်ဆောင်တာ ဆယ့်ခုနစ်ကြိမ် ရှိသွားပြီ။ ဒီအထဲမှာ ကျွန်တော်နဲ့ ရတာ နှစ်ယောက်ပဲ ပါတယ်။ ကျန်တာတွေက သူများ ဗိုက်တွေ။ သူများ သန္ဓေသားကို ဗိုက်အငှား ကိုယ်ဝန်ဆောင် ပေးရတာတွေ။
ဘယ်က ဘယ်လို ဒီဘဝထဲ ကျွန်တော်တို့ ရောက်ခဲ့ကြသလဲ မသိဘူး။ ကျွန်တော့် မိန်းမဟာ ကျွန်တော်နဲ့ ရကတည်းကပဲ သူများ သန္ဓေသားတွေကို အခကြေးငွေ ယူပြီး ကိုယ်ဝန်ဆောင် ပေးတဲ့ အလုပ် လုပ်လာခဲ့ရတာ ခုဆိုရင် နှစ်ပေါင်း နှစ်ဆယ်နီးပါး ရှိပါပြီ။ တစ်ဗိုက်ပြီး တစ်ဗိုက် ပြတ်တယ်ကို မရှိဘူး။
အစပိုင်းကတော့ ဒီအလုပ်ဟာ အတော်လေး ကိုက်ပါတယ်။ သန္ဓေသား ပိုင်ရှင်တွေက သူတို့ သွေးသားစလေးကို အလုံးအထည် အကောင်ဒြပ် ဖြစ်လာတဲ့အထိ သွေးသား ဖြည့်တင်းပေးမယ့် မိခင်အတု ဖြစ်သူ ကျွန်တော့် မိန်းမကို ကိုယ်ဝန်ဆောင်ခ ကိုးလခ အပြင် အာဟာရ ပြည့်တင်းအောင် စားဖို့ အစားအစာတွေ၊ ဆေးဝါးတွေ၊ စိတ်လက် ကြည်လင်အောင် ဆိုပြီးလဲ မကြာခဏ လက်ဆောင် ပစ္စည်းတွေ ပေးကြ ကမ်းကြတယ်။
အဲဒီတုန်းကတော့ ကုသိုလ်လဲရ ဝမ်းလဲဝပေါ့။ မိန်းမအတွက် ပေးတဲ့ စားကောင်း သောက်ဖွယ်တွေ၊ သစ်သီး ဝလံတွေ ကျွန်တော်လဲ အဝအပြဲ စားခဲ့ရတာပဲ။
အဲဒီတုန်းက ကိုယ့်သန္ဓေသားကို သူများ ဗိုက်ငှားပြီး ကိုယ်ဝန်ဆောင်ခိုင်း ကြသူတွေကလဲ များသောအားဖြင့် ကျန်းမာရေး အခြေအနေအရ တကယ် ကိုယ်တိုင် ကိုယ်ဝန် မဆောင်နိုင်လို့ သူများကို အားကိုးကြရတဲ့ မိခင်စိတ် ပြည့်ဝတဲ့ မိခင်လောင်း စစ်စစ်တွေ။
နောက်ပိုင်းမှာတော့ ဒီကိစ္စ သိပ် ခေတ်စားလာတယ်။ ကလေးတော့ လိုချင်ပါရဲ့၊ ဗိုာ်ကြော ပြတ်မှာ ကြောက်တယ်။ ဗိုက်နာပြီး ကလေး မွေးရမှာ ကြောက်တယ်။ ဗိုက်ထဲမှာ ကလေးတစ်ယောက် လွယ်ပြီး ကိုးလ ဆယ်လ မနေချင်ဘူး ဆိုတဲ့ မိန်းမတွေ။ အဲ ပိုက်ဆံလဲ ချမ်းသာကြတယ်ပေါ့။ အဲဒီ မိန်းမမျိုးတွေကလဲ အများကြီးပါ။ မြို့ကြီးထဲမှာ တိုက်တာ အိမ်ရာကြီးတွေမှာ နေကြတဲ့ ဟာတွေပေါ့။
သူတို့က ကျွန်တော့် မိန်းမလို ကိုယ်ဝန် လက်ခံတဲ့ မိန်းမမျိုးတွေ ဆီမှာ သူတို့ ဗိုက်တွေ လာအပ်ကြတယ်။
ကျွန်တော့် မိန်းမလို ဗိုက်လက်ခံတဲ့ မိန်းမတွေလဲ များလာတယ်။ တဖြည်းဖြည်းနဲ့ မြို့ထဲက သူဌေးမယားတွေ အားလုံးကိုယ်စား ကျွန်တော်တို့ ရပ်ကွက်က ဆင်းရဲသား မယားတွေက အခစားနဲ့ ဗိုက်ကြီး ပေးရတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။
ဒီအခါမှာ ကြားက ဖြတ်စား လျှပ်စားလုပ်တဲ့ လူတွေ ပေါ်လာတယ်။ ပွဲစားတွေ၊ ကိုယ်ဝန် အကျိုးဆောင် လုပ်ငန်းတွေ။
တိုတို ပြောရရင် ကျွန်တော်တို့ ရပ်ကွက်က ကျွန်တော့်မိန်းမ အပါအဝင် ဗိုက်ငှားသမတွေဟာ အဲဒီ အကျိုးဆောင် လုပ်ငန်းတွေ လက်ထဲ ရောက်သွားတယ်။ စာချုပ် အနှောင်အဖွဲ့ အမျိုးမျိုး၊ စည်းကမ်းချက် အမျိုးမျိုး၊ ဒဏ်ကြေး အမျိုးမျိုးနဲ့။
ကျွန်တော့် မိန်းမဟာ သူများ ကိုယ်ဝန် နှစ်ကြိမ် ပျက်ကျဘူးတယ်။ နှစ်ကြိမ်လုံးမှာ ကျွန်တော့် မိန်းမဟာ အကျိုးဆောင် လုပ်ငန်းရှင်တွေ ဖွင့်လှစ်ထားတဲ့ ဆေးရုံ ဆေးခန်းတွေက ဆရာဝန်များရဲ့ ညွှန်ကြားချက်တွေ အတိုင်း မလိုက်နာလို့ ဖြစ်ရတာ ဆိုပြီး တရားရုံးက ဆုံးဖြတ်တဲ့ အတွက် ဒဏ်ငွေ မချိမဆံ့ အရိုက်ခံရတယ်။ အဲဒီ ကြေးငွေကို ဆပ်ဖို့အတွက် ကျွန်တော့် မိန်းမဟာ ကိုယ်ဝန်လေးကြိမ် ဆောင်ပေးခဲ့ရတယ်၊ ဒီ သံသရာထဲက ကျွန်တော်တို့ ဘယ်မှာ လွတ်နိုင်ပါတော့ မလဲဗျာ။
* * *
မိန်းမ ကျွန်တော့် အနား လာထိုင်တယ်။
သူ့မျက်နှာ ကြည့်ရတာ တစ်မျိုးကြီးပဲ။ ကျွန်တော် ကြောက်လာတယ်။ ဒီမိန်းမ ဒီမျက်နှာနဲ့ ကြည့်ရင် သူ့ပါးစပ်က ထွက်လာမယ့် စကားတွေဟာ ကျွန်တော့်အတွက် ကြောက်စရာတွေချည်း ဖြစ်ရမယ် ဆိုတာ ကျွန်တော် သိနေတယ်။
ကျွန်တော် သတိထား စိတ်ထိန်းပြီး မိန်းမ စကားပြောဖို့ ပြင်နေတာ မရိပ်မိတဲ့ ပုံမျိုးနဲ့ တစ်ဖက် လှည့်နေလိုက်တယ်။ အဲဒီအခါမှာ အနီးမှာ ရှိတဲ့ ကျွန်တော့် သားလေးကို ကျွန်တော် စိတ်မချမ်းသာစွာ ကြည့်မိပြန်တယ်။
ဒီမိန်းမနဲ့ နေခဲ့တဲ့ နှစ်ပေါင်းများစွာ အတွင်း ကိုယ့်သွေး ကိုယ့်သားကို မွေးဖွားဖို့ အခွင့်အရေး နှစ်ကြိမ်ပဲ ရခဲ့တယ် ဆိုတာ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ အဲဒီ နှစ်ကြိမ်မှာ အခု ရှိနေတဲ့ သားကလေး တစ်ယောက်ပဲ အဖတ်တင်ခဲ့ ပါတယ်။
အဲဒီ တစ်ဦးတည်းသော သားလေးကိုတောင်မှ အင်း ကျွန်တော်တို့ ဘာကြောင့်မှန်း မသိဘူး၊ ဝဋ်ဒုက္ခ အင်မတန် ကြီးကြတယ်ဗျာ၊ ကျွန်တော်တို့မှာ ထမင်းစားဖို့ တခြား အလုပ် မရှိကြတာလား၊ ဒီအလုပ် အပြင် တခြား ဘာမှ မလုပ်တတ်ကြတာလား။
ဒီသားလေးကို ကျွန်တော်တို့ ငွေရှာခိုင်း ခဲ့ရတယ်။
သားလေးမှာ ကျောက်ကပ် တစ်ခု မရှိတော့ဘူး။ ပြီးခဲ့တဲ့ နှစ်ကတည်းက ထုတ်ရောင်းခဲ့ရတယ်။ ဈေးတော့ ကာင်းကောင်း ရခဲ့ပါတယ်။ ကျောက်ကပ်ရောဂါ ဖြစ်နေတဲ့ သူ့အရွယ် သူဌေးသားလေး တစ်ယောက်ကို ရောင်းလိုက်ရတာ။ သူဌေးသားလေးတော့ ဘယ်လို နေသလဲ မသိဘူး။ ကျွန်တော့် သားလေးကတော့ အဲဒီ ကျောက်ကပ်တစ်ခု ထုတ်ရောင်းပြီး ကတည်းက ကျန်းမာတယ် မရှိဘူး။ လူကလေးဟာ ဖောသွပ်သွပ် ပွယောင်းယောင်း ဖြစ်နေတယ်။
ဒါပေမယ့် သားလေးဟာ ကျွန်တော်တို့ မိဘများကို အပြစ်မဆို ရှာပါဘူး။ ရောင်းတုန်းကလဲ သူကိုယ်တိုင် လိုလိုချင်ချင်ပါ။ သူ့အတွက် သုံးလေးနှစ်စာ ကျောင်းစရိတ် ရအောင် ဆိုပြီး ရောင်းခဲ့ကြတာ။ ပညာတတ်မှပဲ ဒီ အောက်တန်းစား ဘဝက လွတ်မယ် မဟုတ်လား။ ကျောက်ကပ်တစ်ခု ထုတ်လိုက်တဲ့ အတွက် ဘာမှ ထူးခြား မသွားနိုင်ဘူးလို့လဲ အားလုံးက ပြောခဲ့ကြတယ်လေ။ ပြီးတော့ ဒီလိုပဲ ကျောက်ကပ် တစ်ခုတည်းနဲ့ နေနေကြတဲ့ ကလေးတွေ၊ လူကြီးတွေ ကျွန်တော်တို့ ရပ်ကွက်မှာ နည်းတာ မှတ်လို့။
တကယ်တော့ ကျွန်တော်တို့ ရပ်ကွက်မှာ အင်္ဂါစုံတဲ့ လူဆိုတာ မရှိသလောက် ပါပဲဗျာ။ ကျွန်တော်တို့ဟာ မြို့က သူဌေးတွေအတွက် ခန္ဓာကိုယ် အပိုပစ္စည်းတွေ အဖြစ် မွေးဖွားလာခဲ့ ကြသလိုပဲ။
တချို့လူများ ဆိုရင် ရောင်းလို့ရတာ မှန်သမျှ ဖြုတ်ရောင်း လာလိုက်ကြတာ တစ်ကိုယ်လုံး ဘာမှတောင် မကျန်တော့ သလိုပဲ။
အင်း သူများသာ ပြောနေရတယ် ကျွန်တော် ကိုယ်တိုင်ကိုပဲ ကြည့်စမ်းပါဦး။
ဘယ်ဘက်မျက်စိ နေရာမှာ ချိုင့်ခွက် ဖြစ်မနေအောင်လို့ ပလပ်စတစ် မျက်လုံး ထည့်ထားရတယ်။ ညာဘက်က အဆုတ်မှာ တစ်မွှာ လျှော့နေတယ်။ ကျောက်ကပ် တစ်လုံး မရှိဘူး။ အသည်းကို တစ်ကြိမ် ဖဲ့ရောင်းဘူးတယ်။ သွေးတို့ ရိုးတွင်းခြင်ဆီတို့ ထုတ်ရောင်းတာတော့ အကြိမ်ပေါင်း မရေတွက်နိုင်တော့ဘူး။
ကိုယ့်အသား ကိုယ်လှီးစားတယ် ဆိုတာ ကျွန်တော်တို့မှ အစစ်ပဲ။
* * *
မိန်းမက “ဒီမှာ” တဲ့။
မလွဲမရှောင်သာ မိန်းမနဲ့ မျက်နှာချင်း ဆိုင်လိုက် ရတယ်။
“ကျွန်မ ရှင့်ကို မပြောချင်ပါဘူး၊ အားလဲ အားနာတယ်၊ သနားလဲ သနားတယ်၊ ဒါပေမယ့် သားလေးကိစ္စ မြန်မြန်လုပ်မှ ဖြစ်မယ် မဟုတ်လား”
မှန်တယ်။ တကယ်ဆိုတော့ ကျွန်တော့်သားလေး ကျောက်ကပ် ရောင်းတုန်းက ဆေးရုံက လူတွေ သေသေချာချာ စစ်ဆေးကြဖို့ ကောင်းတယ်။ ကျောက်ကပ် တစ်ခု သိပ်မကောင်းမှန်း သိရင် ဟိုတစ်ခုကို ဘယ်ရောင်း ဖြစ်မလဲ။ ဥပဒေကလည်း ရောင်းခွင့် မပြုဘူး။
အခု ကျွန်တော့်သား ဆေးကုဖို့ ငွေလိုနေပြီ ဆိုတော့ သူတို့နဲ့ပဲ ဆက်စပ်ပြီး ငွေရှာရမှာ။ သားရောဂါက ဒီအတိုင်း ကုလို့ ရမယ့်ပုံ မပေါ်ဘူး။ ကျောက်ကပ် အစားထိုးရမယ် ဆိုတာမျိုး ဖြစ်ချင် ဖြစ်သွားနိုင်တယ်။ အဲဒါဆိုရင် မလွယ်ဘူး။ ကျွန်တော့်ဆီက တစ်ခုခု ဖြုတ်ရောင်းမှပဲ။
“အင်း”
ကျွန်တော် သက်ပြင်း ချတာကို ကြည့်ပြီး မိန်းမ မျက်နှာမှာ စိတ်မချမ်းသာတဲ့ အရိပ်လက္ခဏာတွေ ပိုထင်ရှား လာတယ်။ ဒါပေမယ့် မိန်းမကတော့ သူပြောစရာ ရှိတာကို ပြောဖြစ်အောင် ဆက်ပြောတယ်။ သူလည်း အရေထူ နေပြီလေ။
“မနက်က အိမ်ကို ပွဲစားတစ်ယောက် ရောက်လာတယ်၊ ယောက်ျားလျာမ တစ်ယောက်က ယောက်ျားဖြစ်အောင် ခွဲစိတ်ပြီး ပြောင်းချင်လို့တဲ့၊ ဆေးရုံ ကွန်ပျူတာက ထုတ်ပေးတဲ့ စာရင်းအရ သူနဲ့ အသားဓာတ်ချင်း နီးစပ်သူ စာရင်းထဲမှာ ရျင် ထိပ်က ပါနေတယ်။ ပစ္စည်း မမြင်ရသေးပေမယ့် ကွန်ပျူတာ ဖော်ပြပေးချက်နဲ့တင်ပဲ ဝယ်သူက သိပ်ကြိုက်နေပြီတဲ့၊ ဈေးက ထိပ်တန်းဈေး ရမယ်လို့ ပြောတယ်၊ သားကို သေသေချာချာ ကောင်းသွားအောင် ဆေးကုနိုင်ရုံမက ခင်ဗျားတို့ အိမ်တောင် ပြင်ဆောက်လို့ ရမယ်ဗျာတဲ့၊ ပွဲစားကတော့ အာမခံ သွားတာပဲ၊ သူတို့က မြန်မြန် အလုပ်ဖြစ်ချင်တယ်၊ ဒီယောက်ျားလျာ ဆိုတာမျိုးက သိပ်စိတ်ငြိမ်တာ မဟုတ်ဘူးတဲ့၊ အဲဒီတော့ စိတ်ပြောင်းသွားရင် အလုပ် မဖြစ်ဘဲ နေမယ်တဲ့၊ အဲဒီတော့ မနက်ဖြန်ကို နောက်ဆုံးထားပြီး အကြောင်းပြန်ပါတဲ့၊ သဘောတူတယ် ဆိုရင် ဒီအပတ်ထဲပဲ ငွေချေမယ်၊ ငွေချေမယ့် နေ့ပဲ ပစ္စည်း ဖြုတ်မယ်တဲ့”
မိန်းမစကား နားထောင်ရင်း ကျွန်တော် ဇောချွေး ပြန်လာတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ပြောနေနိုင်တဲ့ မိန်းမကို ကြည့်ပြီး ကျွန်တော် ကြောက်လာတယ်။ လောကကြီးမှာ ဘာကိုမှ တန်ဖိုးထားရ ကောင်းမှန်း မသိတဲ့ မိန်းမပါလား ဆိုပြီးတော့လည်း ဒေါသ ထွက်လာတယ်။
ကျွန်တော် ရုတ်တရက် ထအရပ်လိုက်မှာ အိမ်က ထုတ်တန်းနဲ့ ဆောင့်မိတယ်။
* * *
ဘယ်ဟုတ်ပါ့မလဲ။
ခုတင် ဘေးနားက စားပွဲစောင်းနဲ့ ကျွန်တော့်ခေါင်း ဆောင့်မိပြီး အိပ်ရာက လန့်နိုးလာတာ။
ဘုရား၊ ဘုရား။ ငါ အိပ်မက် မက်နေတာပဲလို့ သတိရပြီး စိတ်ထဲ သက်သာသွားတယ်။ ဒါပေမယ့် ရင်တွေ တုန်နေတုန်းပဲ။
ခေါင်းကလည်း နာသွားတယ်။ ချွေးတွေ သုတ်ရင်း ကျွန်တော် မီးခလုတ် လှမ်းဖွင့်တယ်။
ကျွန်တော့် နံဘေးမှာ မိန်းမက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။ ကျွန်တော့် မိန်းမ အစစ်။ အိပ်မက်ထဲက နီဂရိုးမနဲ့ တခြားစီ။
ကျွန်တော် ဇောချွေး ပြန်နေတဲ့ အချိန် သူကတော့ ခန္ဓာကိုယ် သဘာဝ အလှတွေ လှစ်ဟပြီး စိတ်ချလက်ချကြီး အိပ်ပျော်နေလိုက်တာ။
မျက်နှာကလည်း ပြုံးနေသယောင်ယောင်။ အိပ်မက်ထဲမှာ သားဆုများ ပန်နေ လေရော့သလား။
အင်း ကျွန်တော် ရင်တွေ တုန်နေသေးတယ်ဗျာ။ ရေတစ်ခွက် ထသောက်တယ်။
မီးပိတ်တယ်။
တစ်နှစ်သုံးလေး အဆက်မပြတ် ရေပြီး အိပ်ပျော်အောင်ပဲ အတင်းမှိတ် အိပ်ပစ်လိုက်ရတယ်ဗျာ။
--------------
ဖေမြင့်
မဟေသီ၊ နိုဝင်ဘာ၊ ၁၉၉၁။
0 Comments