ဗညားရှိန်း - ခင်နှင်းယု အပိုင်း (၁၇)

#ဗညားရှိန်း

အပိုင်း(၁၇)

အာကာ့ကိစ္စကို ဆက်လက်ဆောင်ရွက်ဖို့ သက်ဆိုင်ရာ ဝတ်လုံတစ်ယောက်ငှားရန် ရှိန်းက တာဝန်ပေးလိုက်ပါသည်။ အာမခံတော့ မရပါ။

မလေးနုမှာတော့ ချမ်းသာသူတွေ၏ ချမ်းသာခြင်းရောဂါကို တွေးရင်း ကုသိုလ် အကုသိုလ်တရားတွေကို ပြန်စဉ်းစားမိသည်။ ရှိန်းတို့မိသားစုကျတော့လည်း ပစ္စည်းက ချမ်းသာလိုက်တာ၊ လင်မယားက တကွဲတပြား၊ သားတွေက အမူးသမား၊ အသောက်သမား။ ရှိန်း မြင်ရသည်မှာ စိတ်ချမ်းသာပုံ မရသလို ရှိန်းဇနီး အေးကလည်း လင်သည်က သူ့အနား မကပ်၊ သားတွေကလည်း မကြင်နာ၊ ဘယ်လောက် အထီးကျန်လိုက်မလဲ။ ရှိန်းကလည်း သူ့ကိုယ်သူ အထီးကျန်သူတဲ့။ သူတို့နှစ်ယောက်စလုံး ကိုယ့်ကိုယ်ကိုယ် သနားနေကြသူတွေ ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် သနားလွန်းတော့လည်း ကိုယ့်အမှား ကိုယ်မမြင်နိုင်တော့ပေ။ အမြဲလို ကိုယ့်ဘက် ငဲ့ကွက်တတ်ကာ ကိုယ့်ဘက်ကချည်း မှန်သည်ထင်သောအခါ နှစ်ယောက် အစေးမကပ်နိုင်တော့ပေ။

တစ်ခါတလေတော့လည်း မလေးနုသည် ဘဝမြင့်ရပ်ကွက်က ကိုစိန်မောင်တို့၊ သစ်သီးသည် မစိန်အေးတို့နှင့် စေတနာခန်းက ဆင်းရဲသားလူနာများကို တွေ့ရလေတော့ ရှိန်းတို့လို ချမ်းသာသူတွေသည် ကိုယ့်ဒုက္ခကိုယ်ရှာကာ စိတ်ဆင်းရဲနေကြသည် ထင်သည်။ ကုသိုလ်ကံကြောင့် ငွေကြေးချမ်းသာပြီး အကုသိုလ်အမှုတွေကြောင့် စိတ်ဆင်းရဲရလေသလား။ ဆေးရုံပေါ်က လူနာများမှာလည်း ငွေကြေးခန်းတက်သူတွေကျတော့ ကော်ဇောကြီးတွေခင်းကာ လူနာစောင့်တွေ၊ လူနာမိတ်ဆွေတွေ ဝိုင်းဖွဲ့စားသောက်နေကြသည်မှာ ပွဲတော်လိုပါပဲ။ သူတို့ ခွဲစိတ်နေ့ဆိုလျှင်လည်း ချမ်းသာသူတွေက ခွဲစိတ်ဆရာဝန်နှင့် အဖွဲ့ကို ခွဲစိတ်ပြီး ခေါက်ဆွဲ၊ ဒံပေါက်ထမင်းဟင်း ကျွေးလိုက်ကြသည်မှာ အားတောင်နာယူရသည်။

စေတနာခန်းကျတော့လည်း ကြက်ဥ၊ ဆေးတို့ကို ရောင်းစားရသောဘဝ။ သူတို့မှာ ဆင်းရဲခြင်းပြဿနာကို ရင်ဆိုင်ဖြေရှင်းနေရသည်နှင့် တခြား လူမှုရေးကိစ္စကို မစဉ်းစားနိုင်၍ လူမှုရေး၊ အိမ်ထောင်ရေးဖောက်ပြန်မှု ပြဿနာတွေ နည်းပါးကြခြင်း ဖြစ်လေမလား။ ရှိန်းတို့မိသားစု ကြည့်ရင်းမှ ဘာ့ကြောင့်များ စာရိတ္တချို့ယွင်းမှုနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ဖြစ်နေသည်ကို မလေးနု မစဉ်းစားတတ်။ သူသည် ဆေးတိုက်မှာ အုပ်ချုပ်ရေးတာဝန်ယူရသော ဆရာမတစ်ယောက်။ ဒါပေမဲ့ ရှိန်း၏ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ သူ ပါဝင်ပတ်သက်နေသည်မှာ စိတ်မောလှသည်။

ဘယ်လောက်ကြာကြာ ဒီ စိတ်မောမှုဒဏ်ကို သူခံနိုင်ပါ့မည်လဲ၊ ကြာတော့ ယခုခေတ်အခေါ် သူသည် ရှိန်း၏ကိုယ်ရေးကိုယ်တာ အတွင်းရေးမှူး ဖြစ်နေတော့သည်။ ဒါပေမဲ့ ဆရာဝန်ပီပီ လူနာတွေအပေါ် စိတ်ရော ကိုယ်ရော မြှုပ်ထားရ၍ ရှိန်းတို့အိမ် ပြဿနာတွေ သူ့ခေါင်းထဲ ကြာကြာမနေရပါ။

သူ့လူနာများကို နံနက်ပိုင်း လိုက်လံကြည့်ရှုပြီး ရုံးခန်းကို ပြန်လာချိန်မှာ တယ်လီဖုန်းလာနေသည်။

"အန်တီမလေး"

ဖြူပြာ၏အသံ။

"ဟုတ်တယ်၊ အန်တီမလေး ပြောနေတယ်”

“ဒီနေ့ ဖြူပြာ ရုံးမတက်နိုင်ဘူးလို့ ရုံးအုပ်ကြီးကို ပြောပေးပါ” 

ဖြူပြာ့အသံက တုန်တုန်ယင်ယင် ဖြစ်နေသည်။

"ပြောလိုက်မယ်လေ ဖြူပြာ၊ ဘာဖြစ်နေတာလဲ”

"ဟိုဒင်း အန်တီသက်မာ ရောက်လာရင်လည်း အမြန်ဆုံး မေမေ့ဆီ ဖုန်းဆက်ပါလို့ ပြောပေးပါ အန်တီမလေးရယ်၊ ဖြူပြာလည်း စိတ်ညစ်တယ်၊ သူဇာ လင်နောက်လိုက်သွားလို့၊ ​ဖေ​ဖေ ကားကုမ္ပဏီမှာ ရောက်နေလို့ ဖုန်းဆက်လိုက်တယ်၊ သိသွားပြီ၊ ဒါပဲ"

ဖြူပြာက ဖုန်းချလိုက်သည်။

မလေးနုသည် ဖုန်းချလိုက်ရင်း ငိုင်နေမိသည်။ သူ ဟိုတစ်ခါ မြယမုံဟိုတယ်မှာ တွေ့ခဲ့သော သူငယ်လေးနှင့်များလား။ သူသည် ဒီအကြောင်း စကားစပ်၍ ဖြူပြာကို မပြောမိ၊ သူ့စိတ်ထဲမှာလည်း ထင်သည်။ တက္ကသိုလ်မှာ သူဇာသည် ပထမနှစ်ဖြစ်၍ ဒီဂရီရမှပဲယူမည်ဟု ထင်ခဲ့မိသည်။

တင်သက်မာကို လိုက်ရှာ၍ အကျိုးအကြောင်း ပြောပြလိုက်ရသည်။ တင်သက်မာကလည်း အံ့အားသင့်နေသည်။ အေးထံ ဖုန်းဆက်လိုက်သောအခါ ... “အခု အမြန်လာပါ” ဆိုတာကလွဲ၍ အေးက ဘာမှမပြောပေ။ တင်သက်မာက အမြန်ဆုံး ရှိန်းတို့အိမ် ခြောက်မိုင်ခွဲသို့ ထွက်သွားသည်။

မလေးနုကတော့ ရှိန်း ဆေးတိုက်ကိုလာလျှင် သူ့အပြစ်ကိုသာ ဖွင့်ဟဝန်ခံဖို့ စိတ်ကူးနေသည်။ ဒါပေမဲ့ သူဇာ လိုက်သွားသည်က သူတို့တွေ့သော လူငယ်နှင့် ဟုတ်မဟုတ် မသိ။ တင်သက်မာ အေးတို့အိမ်ရောက်တော့ ဖြူပြာက ဆီးကြိုကာ အိပ်ခန်းထဲ ခေါ်သွားသည်။ 

အေးသည် အိပ်ရာပေါ်လှဲနေသည်။ တင်သက်မာကိုတွေ့တော့ လက်ကိုကိုင်ကာ ငိုတော့သည်။ အေး၏ခုတင်ပေါ် ထိုင်ရင်း တင်သက်မာက အားပေးရသည်။

“ကဲ... သက်မာတို့ ဘာလုပ်ပေးရမလဲ၊ အေး စုံစမ်းလို့ရော ရပြီလား”

အေးသည် ငို၍ပြီးတော့မှ ပြောပြသည်။

"အေးတို့ စုံစမ်းတာမရဘူး၊ သန္တာလှိုင်က ဖုန်းဆက်တယ်၊ အင်ကြင်းမြိုင် ကုမ္ပဏီက ဘမောင်ချိန်ဆိုတာ မန်နေဂျင်းဒါရိုက်တာတဲ့၊ သူက သန္တာလှိုင်ကို ဖုန်းဆက်ပြောတယ်တဲ့၊ ခင်ဗျားရဲ့ ဗညားရှိန်း သမီး သူဇာကို ကျွန်တော်ခိုးသွားတယ်လို့ ပြောတယ်တဲ့၊ အဲဒါ ဗညားရှိန်းကို ပြောလိုက်ပါ၊ လိုက်မရှာပါနဲ့လို့၊ လာတွေ့ပါလို့တဲ့”

“ဟင် ... ရှိန်းသိပြီးပြီလား” 

“သိပြီ၊ ဒါပေမဲ့ အဲဒီသူငယ်က မယားကြီးနဲ့တဲ့၊ ရှိန်းကတော့ ဘယ်နည်းနဲ့မှ သွားတွေ့မှာမဟုတ်ဘူး။ သက်မာ ကူပါဦး၊ သန္တာလှိုင်က သက်မာတို့ဆီမှာ ဆေးလာကုတယ်ဆို၊ သန္တာလှိုင်ဆီ စုံစမ်းပြီး သက်မာ အဲဒီ ဘမောင်ချိန်ဆိုတာကို သွားတွေ့ပါ၊ ​အေးတော့ ဘာလုပ်ရမှန်း မသိဘူး၊ သက်မာကို အားလုံးအပ်ပါတယ်” 

အေး စကားဆုံးတော့ တင်သက်မာလည်း စဉ်းစားနေသည်။

“အေးလေ.. သက်မာ အခုပြန်လိုက်ဦးမယ်၊ ဆေးတိုက်ကျမှ မလေးနုနဲ့ တိုင်ပင်ပြီး လုပ်ပါ့မယ်၊ စိတ်အေးအေးထားပါ၊ ကဲ... သက်မာ သွားမယ်၊ ကျန်းမာရေးသာ ဂရုစိုက်နော်” 

တင်သက်မာက အေးကို စိတ်ငြိမ်ဆေးတစ်လုံးတိုက်ကာ ပြန်လာခဲ့သည်။ ဆေးတိုက်ရောက်တော့ မလေးနုကို ရုံးခန်းမှာ​ရော ပြင်ပလူနာခန်းမှာရော ရှာမတွေ့၊ အခန်းစောင့်သူငယ်လေးမှ ရှိန်းအခန်းထဲမှာဆို၍ လိုက်သွားရသည်။ 

အခန်းမှာ မျက်နှာချင်းဆိုင်ထိုင်၍ ရှိန်းနှင့် မလေး စကားပြောနေသည်။ သူဝင်လာသည်ကို မြင်တော့ ရှိန်းက လှမ်းခေါ်သည်။ 

“သက်မာ ထိုင်၊ မလေးကို အကျိုးအကြောင်း ပြောပြနေတာ၊ သန္တာလှိုင်ဆီက သတင်း တင်သက်မာ ကြားပြီးရောပေါ့၊ ကိုယ်ရှိတဲ့ မော်တော်ကားကုမ္ပဏီကို လှမ်းအကြောင်းကြားတယ်” 

"အေးက ပြောပြတယ်”

ရှိန်းသည် တော်တော် စိတ်ထိခိုက်နေပုံရသည်။ စကားဆက်မပြောနိုင်ဘဲ တွေးနေသည်။

“တစ်ခု လုပ်စေချင်တယ်၊ တင်သက်မာနဲ့ မလေး ဒီ ဘမောင်ချိန်ဆိုတဲ့ သူငယ်ကို သွားတွေ့ပါ၊ ရှိန်းတို့က မိန်းကလေးရှင်၊ ဘယ်လိုလုပ်ရမလဲ၊ ဘယ်လောက်အထိ လိုက်လျောနိုင်မယ်ဆိုတာ အပေးအယူ ညှိကြည့်စေချင်တယ်”

တင်သက်မာ ခေါင်းညိတ်လိုက်သည်။ မလေးကတော့ စဉ်းစားနေရာမှ ...

“ဟို မြယမုံဟိုတယ်မှာ သူဇာနဲ့အတူတွေ့တဲ့ သူငယ်ဆိုရင်တော့ ပြင်ပအမြင်နဲ့ ရည်ရည်မွန်မွန် လူကောင်းသူကောင်းပုံပါပဲ၊ စီးပွားကလည်း အက်စ်အီးလီမိတက်၊ မယားကြီးရှိတယ်ဆိုတာ တစ်ခုပဲ စဉ်းစားရမှာ”ဟု ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ်လေ၊ အခြေအနေကို လက်တွေ့တွေ့မှ အဲဒီအပေါ်တည်ပြီး ဖြေရှင်းရမှာ၊ သန္တာလှိုင်ဆီစုံစမ်းပြီး မလေးနဲ့ သက်မာ ဒီကောင်လေးကို သွားတွေ့ပါ"

ခေါင်းမီးတောက်သည်ဆိုသည်မှာ ဒါမျိုးပဲထင်ပါရဲ့။ သမီးကိုထိလာတော့ ရှိန်း ကြည့်ရသည်မှာ ဆောက်တည်ရာမရသလို ထိုင်လိုက်ထလိုက် ဖြစ်နေသည်။ ရှိန်း ဒီလို မတည်မငြိမ်ဖြစ်တာမျိုး ရှိန်းနှင့် ဆက်ဆံလာသော ကာလတစ်လျှောက် မလေးနု မမြင်ဖူးပေ။ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နှင့် လောကကို ရင်ဆိုင်လာသူတစ်ယောက်။ သူ့မေမေကိစ္စတုန်းက ငိုင်ကျသွားသည်လောက်ပဲ၊ ယခုလောက် ယောက်ယက်ခတ်ခြင်းမရှိ။ ခုတော့လည်း မျက်နှာက ရုတ်တရက် အိုမင်းသွားသည် ထင်ရလောက်အောင် ညှိုး၍နေတော့သည်။

“သက်မာတို့ သန္တာလှိုင်ကို ဆက်သွယ်ပြီး သွားမယ်နော်” 

"အေး ကောင်းပြီ၊ ရှိန်း ဒီနေ့ ဘယ်မှမသွားဘူး၊ ဒီဆေးတိုက်က စောင့်နေမယ်”

သက်မာနှင့် မလေးနုသည် ရှိန်းကိုနှုတ်ဆက်ကာ အခန်းပြင် ထွက်လာကြသည်။ သန္တာလှိုင်သည် မလေးနု လူနာဟောင်းဖြစ်သည့်အတိုင်း အလွယ်တကူ ဆက်သွယ်၍ရကာ သန္တာလှိုင်ပေးသော လိပ်စာအတိုင်း အင်ကြင်းမြိုင်ကုမ္ပဏီရှိရာ ကုန်သည်လမ်းကို သူတို့နှစ်ယောက် ထွက်လာကြသည်။

ကုမ္ပဏီက လေးထပ်၊ ဒုတိယထပ်မှာ ရှိသည်။ ကျယ်ပြောသော ဧည့်ခန်းမကြီး၊ ရုံးအဖွဲ့၊ ဒါရိုက်တာများ၊ မန်နေဂျာများနေသော မှန်လုံအခန်းတွေ့နှင့် စနစ်တကျ ဖွဲ့စည်းထားသော ကုမ္ပဏီဖြစ်သည်။ သူတို့နှစ်ယောက် ဧည့်ခန်းမှာထိုင်ရင်း ရုံးစောင့်သူငယ်လေးကို သူတို့ ရောက်ကြောင်း ဦးဘမောင်ချိန်ကို ပြောပေးရန် ပြောလိုက်သည်။ မကြာခင် သူငယ်လေးပြန်လာ၍ သူတို့ကို အခန်းတစ်ခုထဲ ခေါ်သွားသည်။ မှန်ပြတင်းရှည်များနှင့် အလင်းရောင်ကောင်းစွာဝင်သော အခန်းကြီးတစ်ခုထဲ သူတို့ ရောက်သွားသည်။ 

အခန်းဝတွင် ကျွန်းပန်းပုလိုက်ကာ ကာထားသည်ကို တွေ့ရပြီး မဟော်ဂနီရောင် ပြောင လက်သော စားပွဲမှာ ထိုင်လျက်ရှိသောသူ၊ ထိုသူမှာ သက်မာနှင့် မလေး မြယမုံမှာတွေ့ခဲ့သော သူဇာနှင့် တွဲလာသည့် သူငယ်ပါပဲ။ သူငယ်ကသူတို့ကို အရိုအသေပေးကာ ကြိုဆိုလိုက်သည်။ 

“ကြွပါခင်ဗျား၊ ထိုင်ပါဦး"

မျက်နှာချင်းဆိုင် ကြိမ်ကုလားထိုင်များ ညွှန်ပြ၍ သူက ပြန်ထိုင်သည်။ မလေးနုနှင့် သက်မာလည်း ထိုင်လိုက်သည်။ 

“ကျွန်တော် စောစောကပဲ ဒေါ်သန္တာလှိုင်ဆီက တယ်လီဖုန်း ရပါတယ်၊ အန်တီတို့ လာမယ်ဆိုတာ

သူငယ်က ရည်မွန်စွာ ပြောလိုက်သည်။ အနားကပ်ကြည့် မှ အသားဖြူဖြူ၊ မျက်ခုံးထူထူ၊ မျက်ဝန်းကျယ်ကျယ်၊ နှာတံပေါ် ပေါ်နှင့် လူချောတစ်ယောက်။ ပါးလျားသော နှုတ်ခမ်းက စကားရည်မွန်စွာ ပြောတတ်သည်ကို ဖော်ပြနေသည်။

“ကော်ဖီ တည့်ပါသလားခင်ဗျ၊ အအေးဖြစ်ဖြစ် တစ်ခုခုသောက်ပါ”

“ရှိပါစေတော့ကွယ်၊ အန်တီတို့က မောင် ... မောင် ... ”

နာမည်ကို သေချာအောင် သက်မာက စကားစလိုက်သည်။ 

“ကျွန်တော့်နာမည် ဘမောင်ချိန်ပါ၊ အင်ကြင်းမြိုင်ကုမ္ပဏီက မန်နေဂျင်းဒါရိုက်တာပါ၊ ဟုတ်ကဲ့... တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ၊ လာတဲ့ကိစ္စက"

သက်မာက ​တွေနေသည်။ မလေးနုကလည်း အကဲသာ ခတ်နေသည်။ စကားတစ်လုံးမှ မထွက်သေး။

“ဦးဗညားရှိန်းက လွှတ်လိုက်လို့ပါ၊ ကိုဘမောင်ချိန်က လာတွေ့လှည့်ပါဆိုလို့"

သက်မာက ပြောလိုက်တော့ ...သူငယ်သည် ခပ်ထေ့ထေ့ ပြုံးလိုက်သည်။ 

"အန်တီတို့က ဦးဗညားရှိန်းရဲ့ အာဏာကုန်လွှဲအပ်ခြင်းခံရသော သံတမန်ကြီးများ ဆိုပါတော့”

ဘမောင်ချိန်အသံသည် သူတို့ဝင်လာစက ဆီးကြိုသော ယဉ်ကျေးဖွယ်စကားသံ မဟုတ်။ ခနိုးခနဲ့သံ ပါလာသည်။

“ဆိုပါတော့၊ အန်တီတို့နှစ်ယောက်စလုံးက ရှိန်းဆေးတိုက်မှာ လုပ်ကြတာပါ"

သက်မာက ခပ်အေးအေးပဲ ပြောလိုက်သည်။ 

“အမှန်တော့ သူ့သမီးကိစ္စ ဦးဗညားရှိန်းကိုယ်တိုင် လာသင့်တာပေါ့ဗျာ၊ ဒါပေမဲ့ လူကြီးလူကောင်းတစ်ယောက်ဆိုတော့လည်း သူ့သိက္ခာကို ထိန်းဖို့လိုသေးတာကိုး၊ ဒါ့ကြောင့် အန်တီတို့ကို ကိုယ်စားလှယ်လွှဲလိုက်တာပေါ့လေ”

"ဟုတ်ပါတယ်”

"ဒီတော့ ဦးဗညားရှိန်းကို ပြောလိုသမျှ ကျွန်တော် အန်တီတို့ကို ပြောနိုင်တာပေါ့”

“ပြောနိုင်ပါတယ်၊ မောင်ဘမောင်ချိန်ရဲ့ဆန္ဒ ဘယ်လိုရှိတယ်၊ ဘာတွေဖြစ်စေချင်တယ်၊ ပြီးတော့ သမီးသူဇာနဲ့လည်း အန်တီတို့ တွေ့ပါရစေ”

သက်မာကပဲ တောက်လျှောက်ပြောသည်။ မလေးနုသည် စကားတစ်လုံးမှ ဝင်မဆိုသေး။

“အန်တီတို့က တစ်ယောက်က မေ့ဆေးဆရာဝန်၊ တစ်ယောက်က အိုဂျီသားဖွားမီးယပ်အထူးကုဆိုတော့ စိတ်ရောဂါနဲ့တော့ မဆိုင်ဘူးပေါ့နော်”

ရင်ထဲမှာတော့ မလေးနု ဒေါသထွက်လာသည်။ သူငယ် ပြောပုံဆိုပုံကို မကြိုက်။ မေးခွန်းက ဘာမေးမှန်းမသိ။ သက်မာကတော့ ရင်ထဲက ခံစားမှုကို ထိန်းထား၍ စကားပြန်ပြောနိုင်သည်။

“ဆိုင်တော့ မဆိုင်ဘူးပေါ့လေ၊ ဒီတော့ လူတစ်ယောက်ရဲ့ စိတ်ခံစားမှုဆိုတာကို အန်တီတို့ နားလည်ပါ့မလား၊ ကျွန်တော့်စကားက အန်တီတို့ကို insult(​စော်ကားသလို)လုပ်သလို ဖြစ်ရင်ခွင့်လွှတ်ပါ"

"ကိုဘမောင်ချိန် ဘာကိုဆိုလိုပါသလဲ” 

သက်မာကပဲ ​မေးသည်။

“လူတစ်ယောက် အပြုအမူဟာ သူ့စိတ်မှာ ခံစားရတဲ့စိတ်စေတနာဆိုပါတော့၊ အဲဒီအတိုင်း ဖြစ်တတ်ကြတယ်။ အခု အန်တီတို့လာတဲ့ကိစ္စက ဦးဗညားရှိန်းရဲ့သမီး သူဇာကိစ္စ"

“ဟုတ်ပါတယ်”

“ကျွန်တော့်ဘက်က ဘယ်လိုဖြစ်စေချင်သလဲဆိုတာကို မပြောခင် ကျွန်တော် ဘာ့ကြောင့် သူဇာကို ခိုးပြေးရသလဲဆိုတာ ပြောပါရစေ၊ ဦးဗညားရှိန်းဟာ လူကြီးလူကောင်းတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိန်းတဲ့အနေနဲ့ သူကိုယ်တိုင်တောင် မလာနိုင်ဘူး၊ ရှိပါစေ၊ အဲဒီလို ကိုယ့်ဂုဏ်သရေကို လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ထိန်းတတ်ခဲ့ရင် ကျွန်တော် သူဇာ့ကို ခိုးတဲ့အဖြစ် ဖြစ်မလာပါဘူးခင်ဗျာ”

မလေးနုတို့သည် ငြိမ်သက်စွာပဲ နားထောင်နေသည်။ သူငယ့်စကားကို ဝင်မစွက်။ သူငယ်သည် စကားကို စိတ်ဝင်စားဖွယ် ချီလာသည်။

“ကျွန်တော်ဟာ ကလေးနှစ်ယောက်အဖေ၊ အလုပ်အကိုင်ကတော့ အန်တီတို့သိပြီးပေမယ့် ထပ်ပြောပါရစေ၊ အင်ကြင်းမြိုင်ကုမ္ပဏီက မန်နေဂျင်းဒါရိုက်တာပါ၊ ကျွန်တော့်ဇနီးက တက္ကသိုလ်ကဆရာမ၊ ခုတော့ အနားယူလိုက်ပါပြီ၊ လူကြီးလူကောင်းသမီးတစ်ယောက်ပါပဲ၊ ပါမောက္ခဦးသွင်ရဲ့ သမီးပါ၊ အန်တီတို့ကိုတော့ ကျွန်တော် သနားပါတယ်၊ အန်တီတို့ကလည်း အန်တီတို့ရဲ့ အလုပ်ရှင်ခေါ်မလား၊ Boss ခေါ်မလား၊ ဦးဗညားရှိန်းရဲ့အကြောင်းကို သေသေချာချာ သိမယ် မထင်ပါဘူး၊ ဒီကိုလည်း သူခိုင်းလို့ လာရတာကိုး"

သူငယ်သည် ပြောသာနေသည်။ ဆိုလိုချက်ကို မရောက်သေး။ နိဒါန်းက ရှည်လှသည်။

“သည်းခံပြီး နားထောင်ပါ ခင်ဗျာ၊ ဟိုလွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက် ကျွန်တော်မမွေးခင်၊ ကျွန်တော်က အခု အသက်သုံးဆယ်ပြည့်ပြီကိုး၊ ဦးဗညားရှိန်းဟာ ခုထက်လည်း သွက်လက်နုပျိုမှာပါ၊ ခုတောင် တော်တော်ချောသေးတာပဲ၊ ဒါပေမဲ့ ကလေးငါးယောက်အဖေ ခြောက်ယောက်လို့ ပြောလည်း ရပါတယ်၊ အကြီးဆုံး သီဟရှိန်းက သေသွားတာကိုး၊ သူက အမျိုးသမီးတစ်ယောက်ကို ရည်းစားထားပါတယ်၊ မချစ်ချစ်အောင် အမျိုးမျိုးလုပ်ခဲ့ပါတယ်၊ ဦးဗညားရှိန်းဟာ မိန်းမ မှော်အောင်တယ်ဆိုတာရော အန်တီတို့ သိပါသလား၊ သိမယ် မထင်ပါဘူးနော်”

သူ့စကား သူမေး၍ သူ့ဘာသာ သူဖြေသည်။ 

“နားနဲ့မနာ ဖဝါးနဲ့နာပါ၊ ဦးဗညားရှိန်းဟာ ဒီတစ်ချက်တော့ တော်ပါတယ်၊ အဲဒီအမျိုးသမီးကို သမီးရည်းစားထက်တော့ နယ်မလွန်ပါဘူး၊ ဒါပေမဲ့ ချိန်းတွေ့ကြ၊ ပြုကြနဲ့ တွေ့တိုင်း သမီးရည်းစားလိုတော့ ဆက်ဆံခဲ့တယ်။ သူက ကလေးခြောက်ယောက်အဖေ၊ ဟိုအမျိုးသမီးက အပျိုဆိုတော့ ယောက်ျားတစ်ယောက်ရဲ့ အထိအတွေ့မှာ အဲဒီအမျိုးသမီးဟာ အစိမ်းသက်သက်ဆိုတော့လည်း စွဲလမ်းတာပေါ့။ ဦးဗညားရှိန်းကို ဘယ်လောက်ချစ်ခဲ့သလဲဆိုရင် သူ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်ရင် ထိခိုက်ပါစေ၊ အငယ်ဘဝနဲ့ပဲဖြစ်ဖြစ် နေပါ့မယ်၊ သူ့ကို လက်ထပ်ပါလို့ ဦးဗညားရှိန်းကို ပြောခဲ့တယ်၊ ဒီအမျိုးသမီးက ဒီဂရီရ အရာရှိတစ်ယောက်ပါခင်ဗျာ၊ လာစပ်တဲ့လူတွေလည်း ရှိတာပေါ့၊ ခင်ဗျားတို့ရဲ့ ဦးဗညားရှိန်း သူတော်ကောင်းကြီးက သူဟာ ကလေးခြောက်ယောက်အဖေမို့လို့ မယူပါရစေနဲ့တဲ့လေ"

သူငယ်သည် အသံတွေ တုန်ယင်လာသည်။ သက်မာတို့နှစ်ယောက်လည်း မလှုပ်ဝံ့သလို ငြိမ်သက်နေသည်။ 

“သိပ်တော်တဲ့ ဂုဏ်သရေရှိ သူတော်ကောင်းကြီး၊ ဒီအမျိုးသမီးကို မချစ်ခင်က မစဉ်းစားဘူးလား၊ ငါ ကလေးခြောက်ယောက် အဖေဆိုတာ၊ ခုမှ လင်မယားအရာသာ မမြောက်တာ၊ အပွေ့အပိုက် အယုအယတွေ ဒီအမျိုးသမီးကို​ ပေး၊ စွဲလမ်းလာတော့မှ မယူပါရစေနဲ့တဲ့၊ တခြား လာစပ်တဲ့လူကို ယူပါတဲ့လေ။ တရားသလား၊ ဒါ တရားသလား"

ခုံကိုပုတ်ကာ သူငယ်က အော်လိုက်သည်။

“ပြီးတော့ ဘာလဲဗျ၊ ကလေးခြောက်ယောက်အဖေမို့လို့ ဒီအမျိုးသမီး အငယ်ဖြစ်တာကို မလိုလားလို့ပါဆိုတဲ့ အကြောင်းက ပြသေး၊ သူကပဲ အနှစ်နာခံ စွန့်လွှတ်ပါတယ်ဆိုတဲ့ သူရဲကောင်းနာမည်ကလည်း ခံချင်သေး၊ အန်တီတို့က အမျိုးသမီးတွေပါ၊ မိန်းမတစ်ယောက်ရဲ့ နှလုံးသားမှာ တကယ်အချစ်နဲ့ တွေ့လာရင် ဘယ်လို ခံစားရမယ်ဆိုတာ စာနာကြည့်ပါ”

သူငယ်သည် စိတ်မထိန်းနိုင်သလို ထိုင်ရာမှထ၍ သူတို့ကို ကျောခိုင်းကာ ပြတင်းမှာ သွားရပ်သည်။ သက်မာနှင့် မလေးနုတို့ကလည်း စိတ်ပြေအောင် ဘာပြောရမှန်းမသိ။ လာရင်းအကြောင်းနှင့် ဘယ်လိုများ ဆက်နွှယ်နေပါလိမ့်။ သူငယ်သည် ပြတင်းဘက်မှ ပြန်လျှောက်လာသည်။ စားပွဲဘေးမှာပင် မတ်တတ်ရပ်ရင်းမှ ဆက်ပြောသည်။ သူ့အသံမှာ ငိုသံပါလာသည်။

"အဲဒီအမျိုးသမီးဟာ ဘယ်သူလဲ၊ သိလား"

သူ့အမေးကို သက်မာတို့နှစ်ယောက်သား ခေါင်းခါပြကြသည်။

“ကျွန်တော့်အမေ ဒေါ်သဇင်ရွှေ၊ သိပြီလား"

သက်မာတို့ မျက်လုံးပြူးသွားသည်။

“အန်တီတို့က မီးယပ်ရောဂါ ကုတာရယ်၊ လူကို သတိမေ့အောင်သာ လုပ်တတ်တဲ့ မေ့ဆေးဆရာဝန်ရယ်ဆိုတော့ လူတစ်ယောက်ရဲ့ နှလုံးသားက မမေ့နိုင်အောင် ခံစားချက်ကို ဘာမှ သိမယ့်လူတွေ မဟုတ်ဘူး။ ကျွန်တော့်အမေဟာ ကျွန်တော့်အဖေ ဦးကောင်းမြတ်ချိန်ကို လက်သာထပ်ခဲ့ရတယ်၊ ချစ်လို့ မရခဲ့ဘူး၊ သူ့ရင်ထဲက ပထမခံစားရတဲ့ဝေဒနာကို ပျောက်အောင် ကုစားလို့မရဘူး။  ကျွန်​တော်​မွေးပြီး ကျွန်တော် ဆယ်တန်းနှစ်မှာ ဒီစိတ်နဲ့ သေသွားပြီလေ"

"ဟင်"

သက်မာက အသံထွက်သွားသည်။ မလေးနုရင်ထဲမှာ ကြေကွဲဖွယ်ဇာတ်လမ်းကို ထပ်တူထပ်မျှ ခံစားနေရသည်။

“ကျွန်တော်ကတော့ ထင်တယ်လေ၊ ကျွန်တော့်အမေဟာ သူ့ကိုယ်သူ သတ်သေတယ်လို့၊ ဘာဖြစ်လို့လဲဆိုတော့ သူသေရတာ ကားတိုက်ခံရလို့သေတာ၊ အမှုကတော့ ကားမတော်တဆတိုက်ခံရမှုပေါ့၊ ဈာပနကိစ္စပြီးလို့ ကျွန်တော် မေမေ့ပစ္စည်းတွေ အိမ်မှာသိမ်းတော့ မေမေ့ဒိုင်ယာရီကို ဖတ်ရတယ်၊ ခင်ဗျားတို့ ဦးဗညားရှိန်းကြီး နဲ့တွေ့ရပုံတွေ အသေးစိတ် ရေးထားတယ်လေ၊ ဘယ်လောက်စွဲလမ်းလဲဆို ကျွန်တော့်ကိုမွေးပြီးလည်း မေ့မရဘူးတဲ့၊ ကြာကြာနေလေ သမျှ လင်သားဖြစ်သူ ဦးကောင်းမြတ်ချိန်ကို သူ သစ္စာဖောက်ရာ ကျနေလို့ ဒီဘဝမှာ မနေလိုဘူးလို့ ရေးထားတယ်၊ အညာကို ဘုရားဖူးသွားရင်း ကားတိုက်ခံရပြီး သေသွားတယ်"

စကားပြောနေရင်း သူငယ်သည် မျက်ရည်တွေကျလာသည်။

"သူ့ကိုယ်သူ သတ်သေတာ ဟုတ်ချင်မှဟုတ်မှာပါ သားရယ်"

သက်မာက ပြောလိုက်၏။

“အေးပေါ့လေ၊ မသေချာလို့ ကျွန်တော် တစ်ဆုံးတစ်ဆ မလုပ်တာ"

သူ့စကားကို သက်မာတို့ နားမလည်။

“အဲဒီတော့ ကျွန်တော်ပြောလိုတာက ကျွန်တော်ပြောသမျှ ဦးဗညားရှိန်ကို ပြောပြပါ၊ ကျွန်တော်ဟာ ကလေးနှစ်ယောက်အဖေ၊ ကျွန်တော့်အမေ ဒိုင်ယာရီဖတ်ပြီး ဗညားရှိန်းဆိုသူကို စုံးစမ်းခြေရာခံနေတာ ကြာပြီ၊ ခင်ဗျားတို့ မသိတာတွေတောင် ကျွန်တော်သိတယ်မှတ်၊ ဦးဗညားရှိန်းဟာ ကျွန်တော့်အမေကို အပျိုရည်မဖျက်ပေမယ့် နှလုံးသားကို ခြေမွဖျက်ဆီးခဲ့လို့ ကျွန်တော့်အဖေ ဦးကောင်းမြတ်ချိန်ကို နှလုံးသားနဲ့ အချစ် မပေးခဲ့နိုင်ဘူး။ ပေးတောင် သူများခြေမွထားတဲ့ နှလုံးသားအစုတ်အပြတ် ပေးတာ၊ ကျွန်တော့်အဖေဘက်က ဘယ်လောက်နာကြည်းစရာကောင်းလဲ၊ ကျွန်တော် ကလေးနှစ်ယောက် ရအောင်စောင့်ပြီးမှ သူဇာ့ကို ရအောင်၊ ချစ်အောင် ကျွန်တော် မရမက ပိုးတယ်၊ သူဇာတ အရွယ်လည်းငယ်တယ်၊ စိတ်ကပျော့တော့ ပိုးရလွယ်တယ်၊ ဖြူပြာက စာကြိုးစားနေတာနဲ့ သူ့ကိုယ်သူ ထိန်းနိုင်တော့ မလွယ်ဘူးလေ။ သူဇာက ကျွန်တော့်ကိုချစ်လာပြီး မမြင်ရ မနေနိုင်အောင် ဖြစ်လာတော့မှ ရအောင် ကျွန်တော် ခိုးခဲ့တယ်” 

ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"တစ်ခုတော့ ပြောပါမယ်၊ သူဇာ့ကို ကျွန်တော် ရည်းစားအဖြစ်ထားစဉ် ဦးဗညားရှိန်း မေမေ့ကို ပွေ့သလောက် ထိသလောက်ပဲ ထိခဲ့ပါတယ်၊ နယ်မလွန်ပါဘူး၊ ခုလည်း ညက ခိုးလာပေမယ့် ဟိုတစ်အိမ်မှာပဲ ထားတယ်၊ ကျွန်တော်သွားလည်း မအိပ်ဘူး၊ လက်ဖျားနဲ့မတို့ပါဘူး၊ ဟဲ... ဟဲ... ကလေးနှစ်ယောက်အဖေလေ၊ ဦးဗညားရှိန်း လမ်းစဉ်အတိုင်း မိန်းကလေးတစ်ယောက်ကို ချစ်ရုံ နမ်းရုံ လုပ်ခဲ့တာပါ၊ အပျိုရည် မဖျက်ခဲ့ပါဘူး၊ ကျွန်တော် မယူပါဘူး၊ အငယ်အဖြစ် မထားပါဘူး၊ အန်တီတို့ အခုအပြန် သူဇာကို အိမ်ခေါ် သွားနိုင်ပါတယ်”

“ဘာ... ဘယ်လိုကွယ့်”

သက်မာသည် နားမလည်သလို မေးလိုက်၏။ 

“ကျွန်တော် ဘယ်လိုမှ သူဇာ့ကို မယူနိုင်ပါဘူး၊ ရှင်းပါတယ်၊ အချစ်ဆိုတာ ဘာဆိုတာပဲ ဦးဗညားရှိန်း စာနာတတ်အောင် ကျွန်တော်လုပ်တာ၊ သူ့သမီးကိုထိမှ ဦးဗညားရှိန်းဆိုတဲ့လူရဲ့ ကျောက်သားလိုနှလုံးသားက ကွဲအက်လာမှာကိုး၊ ကျွန်တော့်လုပ်ရပ် မှားတယ်ဆိုတာ ဝန်ခံပါတယ်၊ လျော်ကြေးအနေနဲ့လည်း ဘယ်နှသိန်းလိုချင်ပါသလဲ ပြောပါ၊ ကျွန်တော်ကတော့ သူဇာ့ကို မယူနိုင်ပါဘူး၊ ဘယ်နည်းနဲ့မှ မယူနိုင်ပါဘူး”

သူငယ်သည် ဝဲလာသော မျက်ရည်ကိုထိန်းရင်း ကုလားထိုင်ပေါ် ပြန်ထိုင်သည်။ သူသည် ပြောချင်သမျှ ပြောလိုက်ရ၍ ပေါ့ပါးသွားဟန်ရှိပေမယ့် နာကြည်းခံခက်သော ဝေဒနာကတော့ မျက်နှာမှာ ပေါ်နေသည်။ မလေးနုနှင့် သက်မာကလည်း ဘာစကားမှ မဆိုနိုင်၊ အာစေးထည့်ထားသလို ဖြစ်နေသည်။

“ကျွန်တော့်အပြောအဆိုမှားရင်၊ ရင့်သီးတာတွေပါခဲ့ရင် ခွင့်လွှတ်ပါ၊ သူဇာရှိတဲ့အိမ်ကို ကျွန်တော် လူတစ်ယောက်ထည့်လိုက်ပါ့မယ်၊ ကားပါပါရဲ့လား၊ မပါရင် ကျွန်တော့်ကားနဲ့ ပို့ပေးပါ့မယ်”

“မလိုပါဘူးကွယ်၊ အန်တီတို့မှာ ကားပါပါတယ်” 

သက်မာက ခပ်မာမာပဲ ပြောလိုက်သည်။

"တကယ်လို့များ ကျွန်တော့်အမေဟာ သူ့ကိုယ်သူ သတ်သေတယ်လို့များ သေချာအောင် စုံစမ်းလို့ရရင်တော့ အဲဒီဦးဗညားရှိန်းလည်း သူ့ကိုယ်သူ သတ်သေရတဲ့အဖြစ်အထိ ကျွန်တော် လုပ်မယ်ဆိုတာ ယုံပါ”

“ခုလောက် လက်စားချေရရင်ပဲ တော်လောက်ပါပြီ ကိုဘမောင်ချိန်ရယ်၊ လူတစ်ယောက်ရဲ့ မှားယွင်းတဲ့အပြုအမူကြောင့် အပြစ်မဲ့သူတွေ ခံရတာတော့ မတော်ပါဘူး´

သက်မာက ပြောလိုက်သည်။

"ဟုတ်ကဲ့ ... အဲဒီတရားကို ဦးဗညားရှိန်းကိုပဲ ဟောပါ မေ့ဆေးဆရာဝန်ကြီးခင်ဗျား၊ ကျွန်တော် မှားတယ်ဆိုရင် များများ မမှားပါဘူး၊ ဦးဗညားရှိန်း မှားသလောက်ပဲ မှားတာပါလို့ ပြောပြပါ”

ဘ​မောက်ချိန်က စားပွဲ​အောက်က ​ခေါင်း​လောင်းကို နှိပ်လိုက်ပြီး.."ကဲ.. အန်တီတို့ အခုဝင်လာတဲ့ သူငယ်လေးနောက် လိုက်သွားပါခင်ဗျား၊ ပြန်နိုင်ပါပြီ"

သူငယ်လေးတစ်ယောက် အခန်းထဲဝင်လာသည်။ ကိုဘမောင်ချိန်က နှင်ပြီဆိုတော့မှ သူတို့နှစ်ယောက် ထပြန်လာခဲ့သည်။ လမ်းပြသူငယ်ကလေးကို ကားပေါ်တင်ခေါ်လာကာ မောင်းလာရပေမယ့် မလေးနု ရင်ထဲမှာ တနုံ့နုံ့ဖြစ်နေသည်။ ကိုယ့်ဘက်က တာက ပေါက်နေလေတော့ ဘာစကား ပြန်ပြောရမှန်းမသိ။ ဘမောင်ချိန်ပြောပုံတွေ မခိုးမခန့်နိုင်လိုက်တာ။ မလေးနုစိတ်ထဲ သူ့ကိုယ်ရေးကိုယ်တာများဖြင့် ဒါလောက်အပြောခံရလျှင် လဲသေလောက်ပါရဲ့။ 

သူဇာ့ကိုထားရာ အိမ်မှာ မင်္ဂလာဒုံမရောက်ခင် စော်ဘွားကြီးကုန်းမှ ခြံတစ်ခြံဖြစ်သည်။ သူတို့ကိုထားခဲ့ပြီး လိုက်ပို့သူ သူငယ်လေးက ပြန်သွားသည်။ တိုက်မှာ နှစ်ထပ်တိုက်ဖြစ်သည်။ တိုက်ဝ သံဆွဲတံခါးမှာ အမျိုးသမီးတစ်ယောက်က စောင့်နေသည်။ လိုက်ပို့သူ သူငယ်လေးနှင့် သိပုံရသည်။ သူတို့ကို တံခါးဖွင့်ပေး၍ ဧည့်ခန်းခေါ်သွားသည်။

“ထိုင်ပါဦး၊ ဦးဘမောင်ချိန်က ဖုန်းဆက်ထားပါတယ်၊ ဇော်ဝင်းလာပို့တဲ့ အမျိုးသမီးနှစ်ယောက်ကို သူဇာနဲ့ တွေ့ပေးပါတဲ့၊ အန်တီတို့နာမည်က ..."

" ဒေါက်တာတင်သက်မာနဲ့ ဒေါက်တာ မလေးနုပါ”

“ဟုတ်ပြီ၊ ဒါဆို ကျွန်မနဲ့အတူလိုက်ခဲ့ပါ"

ဘမောင်ချိန်က သူတို့နာမည်များကို ပြောထားဟန်ရှိသည်။ အမျိုးသမီးခေါ်ရာ အိမ်အပေါ်ထပ်သို့ သူတို့နှစ်ယောက် လိုက်သွားသည်။ အခန်းတံခါးတစ်ခုကို ဖွင့်လိုက်တော့ တစ်ယောက်အိပ် ခုတင်ပေါ်မှာ သူဇာ လှဲအိပ်နေသည်။ အမျိုးသမီးက သူတို့ကိုထားရစ်၍ ထွက်သွားသည်။ သူဇာသည် ထထိုင်၍ ကြောင်ကြည့်နေရာမှ ... "အန်တီမလေး" ဟု အော်ခေါ်ကာ ပြေးဖက်သည်။ မလေးနုက ပခုံးကိုပွေ့လိုက်တော့ ရှိုက်ကြီးတငင် ငိုတော့သည်။ ခုတင်ရှိရာ သို့ မလေးနုက ဆွဲခေါ်သွား၍ ထိုင်လိုက်ကြသည်။ တစ်ဖက်မှာ တင်သက်မာက ထိုင်သည်။

မလေးနုက တင်သက်မာကို မျက်ရိပ်ပြလိုက်သည်။ တင်သက်မာ သူဇာ့ကိုဖက်ရင်း ပြောရသည်။

“တိတ် သူဇာ၊ အန်တီရောက်လာပြီ၊ တိတ်တော့လေ” 

သူဇာသည် ရှိုက်နေဆဲ၊ သူ့ခမျာ အကြောင်းစုံ ဘာမှမသိသေး၍ တော်တော့သည်။ ချက်ချင်းသိလျှင်လည်း ရင်ကွဲရှာမည်။ 

“ဖေဖေက ဘာပြောလဲဟင်၊ မေမေရော နေကောင်းလား” 

သူဇာက ရှိုက်ရင်း မေးသည်။ တင်သက်မာက သူဇာ့မျက်ရည်များကို တယုတယ ပဝါဖြူနှင့် သုတ်ပေးသည်။

"အန်တီမလေးတို့ကို ဖေဖေ လွှတ်လိုက်လို့ လာတာ” 

မလေးနုသည် ကြိုးစား၍ စကားကို ပြောနေရသည်။ သူဇာ အခံရသက်သာအောင် စကားလုံးကို ရွေးရမည်။ နောင်အခါကျမှ ပြဿနာကို တစ်မျိုးရှင်းရမည်ပေါ့။

"ဟင်... ဟုတ်လား၊ ဖေဖေ သူဇာ့ကို စိတ်မဆိုးဘူးလား”

"မဆိုးပါဘူး၊ အခု သူဇာနဲ့ ဘမောင်ချိန်ကို တွေ့ပါတဲ့။ သမီးတို့ဖြစ်ချင်တာ ဖေဖေက လုပ်ပေးမယ်တဲ့"

သူဇာ့မျက်နှာလေးသည် ရုတ်တရက် ဝင်းပသွားသည်။ 

“ဟုတ်လား၊ ဖေဖေ သူဇာ့ကို စိတ်မဆိုးဘူးနော်” 

မလေးနုက တင်သက်မာကို လှမ်းကြည့်ပြန်သည်။ တင်သက်မာက စကားဆက်ပြောသည်။

“အန်တီသက်မာကတော့ မေမေ့ကို သွားတွေ့ရတာပေါ့၊ ခုလိုလုပ်သွားတော့ ရောဂါ ပြန်ထတာပေါ့၊ အန်တီသက်မာ သူ့ကို ဆေးပေးပြီး သိပ်ထားခဲ့ရတယ်” 

“မေမေ နေမကောင်းဘူးလား “

"ဟုတ်တယ်၊ အန်တီသက်မာ သူဇာကို လာခေါ်တဲ့အကြောင်း ဘမောင်ချိန်ကို ပြောပြီးပြီ၊ အိမ်ကို ပြန်လိုက်ခဲ့ပါ။ မေမေ့အခြေအနေက ရုတ်တရက် တစ်စုံတစ်ခုဖြစ်နိုင်တယ်၊ သူဇာ ပြန်မလာရင် နောင်တရစရာ ဖြစ်နေမယ်၊ သမီးတို့ ဖြစ်ချင်သလိုဖြစ်အောင် စီစဉ်ပေးမယ်လို့ ဖေဖေကလည်း မလေးနုကို မှာလိုက်တယ်။ အန်တီတို့ ဘမောင်ချိန်နဲ့တွေ့ပြီး အကျိုးအကြောင်းပြောပြီးလို့ ဒီကို ဘမောင်ချိန် လွှတ်လိုက်တာ”

"အန်တီတို့ တွေ့ခဲ့တယ်လား၊ ကိုကိုက သူဇာကို မနေ့က ခေါ်လာပြီး ဒီအိမ်မှာ ထားတယ်၊ ညကလည်း လာမအိပ်ဘူး၊ ဒီနေ့များ လာမလားမသိ၊ သူလာရင် သူဇာ့ကိုမတွေ့တော့ ကိုကို စိတ်ဆိုးမှာပေါ့”

ဘာမှမသိသော အရိုးခံသက်သက်နှင့် သူဇာ ပြောနေသည်ကို မလေးနု မကြည့်ရက်။ ဇာတ်ဆရာမကြီးနှင့်တူသော တင်သက်မာက သူ့ဇာတ်လမ်း သူဆက်နေသည်။

"ဒီလိုလေ အန်တီတို့ ဘမောင်ချိန်နဲ့တွေ့ပြီး အကျိုးအကြောင်း ပြောပြတယ်၊ သူက ခေါ်သွားပါတဲ့၊ ရှိန်းနဲ့ အေးတို့က လက်ခံရင် လူကြီးစုံရာနဲ့ သူလာတောင်းပါ့မယ်တဲ့"

”ဟုတ်လား"

"ဟုတ်ပါတယ်၊ ဖေဖေ့ဂုဏ်နဲ့ ဒီလိုလိုက်ပြေးတယ်ဆိုတာ မကောင်းပါဘူးကွယ်၊ လူမသိခင် အန်တီတို့က အုပ်မိအောင် လာတာ၊ ပြန်လိုက်ခဲ့ပါ။ ဒီတစ်ပတ်အတွင်း ဘမောင်ချိန် လာတောင်းမယ်၊ ဒီတော့ လက်ထပ်ပွဲဖြစ်အောင် ဖေဖေတို့က လုပ်ပေးမှာပေါ့"

သူဇာသည် ငေးနေ၍ စဉ်းစားနေပုံရသည်။ ပြီးတော့မှ အကြံရပုံပေါ်သည်။ 

"သူဇာ ကိုကို့ကို ဖုန်းဆက်မေးမယ်၊ ကိုကိုက ခွင့်ပြုရင် လိုက်ခဲ့မယ် “

တင်သက်မာက သဘောတူလိုက်သည်။ သူတို့တွေ့ခဲ့သော ဘမောင်ချိန်က သူဇာကို ပြန်ခေါ်သွားဖို့ ပြောပြီးသည့်နောက် အခု သူဇာက ဆက်မေးလည်း ပြန်လိုက်သွားဟု ပြောမည်ပဲဖြစ်သည်။ မထူးတော့ပါ။ သူဇာ ဖုန်းဆက်စဉ်သာ စိတ်မကောင်းစရာ၊ နာကြည်းစရာတွေ မဖြစ်ပါစေနဲ့ဟု သက်မာက ဆုတောင်းနေသည်။ 

"ဖုန်းက အောက်မှာလား၊ သွားလေ၊ ဆက်မေးပေါ့၊ အန်တီတို့ လိုက်ခဲ့မယ်"

သက်မာက ဖုန်းဆက်မေးဆိုတော့ ယုတ္တိရှိသွားသည်။ သူဇာ အောက်ထပ်ဆင်း၍ ဖုန်းဆက်ချိန်မှာ သူတို့နှစ်ယောက် အနားမှာရှိသည်။ သူဇာသည် ဖုန်းကိုလှည့်၍ ပြောနေသည်။

“ကိုကိုလား"

"ဟုတ်တယ်"

"အန်တီသက်မာနဲ့ အန်တီမလေးတို့ လာနေတယ်၊ ကိုကိုနဲ့ တွေ့ပြီးပြီဆို”

"ဟုတ်ကယ်"

“သူဇာ ပြန်လိုက်သွားရမလား၊ ကိုကို ဘယ်တော့ လာခေါ် မလဲ၊ တစ်ပတ်အတွင်း လာတောင်းမယ်ဆို”

“ဟုတ်တယ်”

"သူဇာ လိုက်သွားမယ်၊ ကိုကို စိတ်မဆိုးဘူးနော်”

“လိုက်သွားပါ”

သူဇာက ဖုန်းချလိုက်ပြီး မလေးနုတို့မျက်နှာကို သံသယကင်းစွာနှင့် ကြည့်လေလေ မလေးနုက ရင်နာလေ။ 

“ညက ဘယ်ရောက်နေလဲ မသိဘူး၊ အိမ်ပြန်သွားတယ်ထင်တယ်၊ ဆက်မရဘူး၊ သူဇာက ကိုကို့ရဲ့ရုံးခန်းပဲ သိတာ။ ကဲ... ဒေါ်ကြည်၊ သူဇာ အန်တီတို့နဲ့ လိုက်သွားမယ်နော်၊ ပစ္စည်းတွေ သွားသိမ်းဦးမယ် "

သူဇာက လှေကားပေါ် ပြန်တက်သွားသည်။ တင်သက်မာတို့နှစ်ယောက် ကျန်ရစ်မှ မကြည်ဆိုသူ အစောင့်အမျိုးသမီးက ပြောပြသည်။

“ဆရာက အန်တီတို့မလာခင် ဖုန်းဆက်ထားတယ်၊ အန်တီတို့ သူဇာကို လာခေါ်ရင် ထည့်လိုက်ပါ ဆိုတယ်၊ တခြား ဘယ်သူနဲ့မှ ပေးမတွေ့ရဘူး"

“ဟုတ်ပါတယ်” 

သူတို့သည် စကားရှည်ရှည် ဆက်မပြော။ ဒီမိန်းမက ဘာလဲမသိ။ စကားတိတ်နေကြစဉ် သူဇာ သေတ္တာတစ်လုံးနှင့် ဆင်းလာသည်။ ပစ္စည်းအနည်းငယ်ပဲ ပါပုံရသည်။ မကြည်ကို နှုတ်ဆက်ကာ သူတို့နှစ်ယောက် သူဇာ့ကို ခေါ်လာခဲ့သည်။ ကားပေါ်မှာလည်း တစ်ယောက်နှင့်တစ်ယောက် စကားမပြောဖြစ်။ မလေးနုသည် အေးတို့ခြံဘက်သို့ ကားမောင်းလာသည်။ ကား အိမ်ဘက်မရောက်ခင် . . .

“သက်မာနဲ့ သူဇာကို အိမ်မှာ ချရစ်မယ်၊ မလေးနု ဆေးတိုက်ကိုပြန်မယ်၊ ဟိုမှာ ရှိန်းက စောင့်နေမယ်လေ” 

“ဟုတ်ပြီ"

သက်မာက ဖြေလိုက်သည်။ သူဇာကတော့ ငြိမ်သက်စွာ တွေးနေရင်း လိုက်ပါလာသည်။ မလေးနုက ကားဆင်ဝင်မှာရပ်၍ သူတို့နှစ်ယောက်ကို ချထားပြီး ပြန်ထွက်သွားသည်။ တင်သက်မာနှင့် သူဇာကို ဖြူပြာက တံခါးလာဖွင့်ပေးတော့ သူဇာသည် ဖြူပြာကို ဖက်၍ငိုသည်။

"ကဲ.. ကဲ… ဖြူပြာ၊ သူဇာကို အပေါ်ခေါ်သွား၊ မေမေရော အပေါ်မှာလား"

ဖြူပြာက ဖြေရင်း လှေကားပေါ်တက်သွားသည်။ သက်မာကတော့ ဖြည်းဖြည်းပဲလိုက်သွားရင်း အေးကို ဘယ်လိုပြောရမည်ကို စဉ်းစားလာသည်။ နောက်မှ သတိရကာ အေးအခန်းထဲ သူဇာထက် မြန်မြန်လျှောက်ကာ အရင်ဝင်နှင့်သည်။ အေးကိုတွေ့တော့ 

“အေး၊ သူဇာပါလာပြီ၊ ဘာမှမဆူနဲ့၊ သူဇာပြောသမျှ နားထောင်၊ နောက်မှ အကြောင်းစုံ မင်းကို ကိုယ်ပြောပြမယ်”

အေးနားနား ကပ်ကာ သက်မာက တီးတိုးပြောလိုက်သည်။ မကြာခင် သူဇာက အပြေးဝင်လာကာ အေးကို ဖက်လိုက်သည်။ 

"မေမေ နေကောင်းတယ်နော်၊ သူဇာ့ကို ခွင့်လွှတ်ပါ၊ ကိုကို လာတောင်းရင် ဖေဖေက ပေးစားမယ်ဆို"

“ဟုတ်တယ်၊ ဟုတ်တယ်”

အေးက မျက်ရည်တွေ တွေတွေကျရင်း သမီးနဖူးကို နမ်းကာ ပြောလိုက်သည်။

"အခု ဘယ်လိုနေလဲ၊ နှလုံးခုန်သေးလား”

“သက်မာ ဆေးတိုက်ထားလို့ သက်သာပါတယ်"

"ကဲ…. သူဇာ လာ၊ မေမေ နားပါစေဦး"

ဖြူပြာက သူဇာကို ခေါ်လိုက်သည်။

“သမီးမျက်နှာ မြင်ရလို့ မေမေ စိတ်အေးသွားပြီ၊ မေမေနားလိုက်ဦးမယ်၊ ညက တစ်ညလုံး အိပ်မရဘူး"

သူဇာသည် မေမေ့ပါးကိုနမ်းကာ သူ့အခန်းကိုသူ ဖြူပြာနှင့်အတူ ထွက်သွားမှ တင်သက်မာက တံခါးကို ချက်ထိုးလိုက်သည်။ အေး ခုတင်ဘေး ဝင်ထိုင်လိုက်၏။

“အေး ရောဂါအခံရှိပေမယ့် သက်မာ ပြောတာတွေ နားထောင်ပါ၊ သမီးရှင်ဆိုတာ ဒီပြဿနာတွေ တစ်နေ့မတွေ့  တစ်​နေ့တွေ့ရမှာပဲ၊ သက်မာလည်း သမီးနဲ့ပဲ၊ အပျို​ဖော်ဝင်လာရင် သတိထားရမှာပဲ” 

အေးသည် သံသယဝင်သောမျက်လုံးနှင့်  တင်သက်မာပြောနေသည်ကို ကြည့်နေသည်။  

“သူဇာပြောတာ ဟုတ်လား၊ သူငယ်လေး လာတောင်းမှာလား"

တင်သက်မာသည် ဘာမှပြန်မပြောနိုင်သေး။ မပြော၍လည်း မဖြစ်။ အေးက အဓိက ကာယကံရှင်။

"သူဇာ ပြန်ရောက်လာပြီပဲ၊ စိတ်အေးတော့၊ အပျိုရည်မပျက် ပြန်ရောက်လာတာကို ဝမ်းသာရမယ်၊ သက်မာ ပြောပြမယ်” 

သက်မာသည် ဘမောင်ချိန်နှင့် တွေ့သမျှ အကြောင်းစုံကို တစ်လုံးမကျန် ပြောပြလိုက်သည်။ အေးသည် အိပ်ရာပေါ်လှဲချလိုက်၏။ အံ့သြခြင်း၊ ဝမ်းနည်းခြင်း၊ ခံပြင်းခြင်းတွေနှင့် သူဘာပြောရမှန်းမသိ၊ အံကြိတ်ထားမိသည်။ သက်မာကလည်း အခြေအနေကို ကြည့်နေသည်။ စောစောက ဆေးတိုက်ထား၍ အေး ခံနိုင်ရည်ရှိပုံရသည်။ အေးသည် အားယူ၍ တဖြည်းဖြည်းပြောရင်း မျက်ရည်က ဝေ့လာသည်။

“ဒီသူငယ်က သဇင်ရွှေရဲ့သားကိုး"

“ဟုတ်တယ်၊ သဇင်ရွှေကို အေး သိလား"

“သိတယ်၊ သားကြီးဆုံးပြီး ကိုယ့်ကို စိတ်နာတယ်ဆိုပြီး ရှိန်း ပထမဆုံးတွဲတဲ့ ရုံးက အရာရှိအမျိုးသမီးလေ၊ လက်စသတ်တော့ သူ့သားက လက်စားချေတာကိုး"

"ဟုတ်တယ်၊ ဒါပေမဲ့ တော်ပါသေးတယ်၊ သူဇာက ပြောပါတယ်၊ သူ့ကို ဘမောင်ချိန်က ခိုးလာပြီး တို့တွေ့ခဲ့တဲ့ စော်ဘွားကြီးကုန်းအိမ်မှာ ထားခဲ့တယ်တဲ့၊ ညက လာမအိပ်ဘူးတဲ့၊ ကိုယ့်သမီး အပျိုရည်မပျက်ဘူးပေါ့လေ”

အေးက မဲ့လိုက်သည်။

“အေးပေါ့လေ၊ သူဇာ ပြန်ပါလာတာပဲ တော်ပြီ အောက်မေ့ရတာပေါ့၊ သဇင်ရွှေ သဇင်ရွှေ ... အေးက သူ့ကို သတင်းကြားတာ ကြာပြီ၊ နေ့လယ်ဆို ရှိန်းက သူ့ရုံးကို ကားနဲ့သွားခေါ်ပြီးမှ စထရင်းမှာ နေ့လယ်စာစားကြတယ်၊ ရုပ်ရှင်လည်း အမြဲတွဲကြည့်တယ်ဆိုတာ သိနေတာကြာပြီ၊ တစ်နေ့ ရုပ်ရှင်ရုံပေါက်ဝမှာ သူတို့စုံတွဲကို အေး ပက်ပင်းတိုးတာ၊ အေးက တမင် ရှိန်းမှာ ကားပါမှန်းသိပေမယ့် အေး လိုက်ပို့မယ်လို့ ပြောလိုက်တယ်၊ ရှိန်းမျက်နှာကြီး မည်းသွား တယ်လေ၊ ကောင်မကို ဆွဲခေါ်သွားပြီး လူထဲတိုးဝင်သွားတယ်”

သက်မာက ဘာမှပြန်မပြောတော့ပေ။ 

“သူ့အဖေက ဘာပြောလဲ"

“မလေးနု သွားပြီလေ၊ ဆေးတိုက်မှာ ရှိန်း စောင့်နေတယ်၊ မလေးနုက ရှိန်းကို ပြောပြလိမ့်မယ်”

"တို့ ဘာလုပ်ရင် ကောင်းမလဲ သက်မာ”

အေးက သက်မာကို အကြံတောင်းလိုက်သည်။ 

“ရှိန်း ဘာပြောမလဲ မသိဘူး၊ သူဇာလည်း အပျိုရည်မပျက် ပြန်ရောက်လာပြီပဲ၊ ဒီကိစ္စ သူများတွေလည်း မသိသေးဘူး၊ ဒီလိုပဲ နေသွားသင့်တယ်၊ ကြာတော့ ဘမောင်ချိန် လာမတောင်းရင် သူဇာကလည်း ဘမောင်ချိန် အချစ်ကို သံသယဝင်လာမှာပေါ့၊ သူဇာ စိတ်မညစ်အောင်ဘဲ မင်း လိမ်လိမ်မာမာနဲ့ ကြည့်ထိန်း၊ တစ်ခုပဲ၊ ရှိန်းအကြောင်း ကလေးတွေကို ဘာမှမပြောပါနဲ့၊ သူဇာတို့ အဖေ့အကြောင်းတွေသိပြီး အဖေကို အထင်သေးရင် မကောင်းဘူး” 

အေးက မချိပြုံး ပြုံးလိုက်သည်။

"သက်မာရယ်၊ သဇင်ရွှေနဲ့ ပတ်သက်ပြီး ရန်ဖြစ်တော့မှ ရှိသမျှဓာတ်ပုံတွေ အေး ရိုက်ခွဲ၊ နှစ်ယောက်သား ရန်ဖြစ်လိုက်တာ တစ်အိမ်လုံး မသိချင်အဆုံး။ ဒီ သန္တာလှိုင်နဲ့ကလည်း အကုန်လုံး သိ၊ သူဇာကတော့ သန္တာလှိုင်ကို ကြည့်မရဘူးလေ၊ တော်ပါတော့ သက်မာရယ်၊ အေးလည်း မပြောချင်တော့ဘူး၊ အေး ကံပေါ့၊ ​အေးက သားတွေကို အချစ်လွန်တဲ့ အပြစ်ကြောင့် ခါးစည်းပြီး ခံနေရပေမယ့် ဒီသားတွေကလည်း အေးကို ကျေးဇူးတင်လားဆိုတော့ အေးကို ပြန်မရိုက်တာပဲ ကံကောင်း၊ အခု သူတို့အဖေက အေးရဲ့ နှလုံးသားကို ကွဲအောင်ခွဲတော့ အခု သူ့နှလုံးသားကို ဘမောင်ချိန်က ပြန်ခွဲပြီလေ။ ကာလဝိပါက် နောက်ပိုးတက်တတ်တယ်တဲ့၊ မင်းတို့ ရှိန်းကို ကလဲ့စားချေမယ့်သူ ပေါ်လာတာပေါ့၊ မှတ်ထား၊ ဒီတစ်ချီ ကောင်းကောင်း မင်းတို့ရှိန်း ခံရပြီ၊ ဒါတောင် သတိရပါ့မလား မသိ"

အေး စကားကို တင်သက်မာ အံ့သြနေသည်။ ရှိန်းအပေါ် သူလည်း နာကြည်းနေလေတော့ သူ လက်စားချေချင်သောစိတ် ရှိနေပေမည်။ အေးသည် သူကိုယ်တိုင် လက်စားချေနိုင်သော အခြေအနေ မရှိခင် ခုလို ရှိန်းကို လက်စားချေမည့်သူ ပေါ်လာသည်ကို ဝမ်းသာနေလေသလား၊ အေး စိတ်ကို သူ ဘယ်လိုနားလည်ရပါ့။

"လက်စားချေခံရတာက အေးရဲ့သမီး သူဇာ ဖြစ်နေတယ်လေ၊ ဒီလို သူဇာခံရတာကို မင်းက ဝမ်းသာနေလား၊ ရှိန်းနဲ့ သူဇာကို ခွဲမြင်မှပေါ့၊ အခု သမီးကိစ္စမှာ မင်းတို့နှစ်ယောက်က လက်တွဲ ဖြေရှင်းရမယ့်အချိန်၊ ဘယ့်နှယ့် ရှိန်းကို လက်စားချေမယ့်သူ ပေါ် လာတာကို ကောင်းကောင်းခံရပြီ ပြောနေလဲ၊ အေး... သတိထားပါ"

“ငါ့သမီးလေးမှာ အပြစ်မရှိပါဘူး၊ သမီးက ယုတ်မာသူတွေ ထောင်ချောက်ကို ဝင်တိုးမိတာကိုး၊ သူတို့ထောင်ချက်က ပန်းတွေဆင်ထားတော့ သမီးက ဝင်တိုးမိတာပဲ၊ သမီးလေးကိုတော့ သနားပါတယ်၊ လွတ်လပ်တဲ့သူဆိုရင် ဘယ်သူ့ဖြစ်ဖြစ် ပေးစားပါတယ်”

"ဘမောင်ချိန်က ချစ်တယ်ဆိုရင် ဟုတ်တာပေါ့” 

“အေးပေါ့ .…… တော်တော်တတ်နိုင်တဲ့ ယောက်ျားတွေ၊ ရင်ထဲက အချစ်မရှိဘဲလည်း မိန်းမတွေကို ချစ်ဟန်ဆောင်နိုင်တယ်၊ တကယ်ချစ်ပါတယ် ဆိုပြီးမှလည်း သစ္စာဖောက်ကြတယ်၊ ဘယ်သူမှ မကောင်းဘူး သက်မာ”

အေးစကားသံက ကျားနာ၏ ရေရွတ်အော်မြည်နေသံပါပဲ။ 

“ဖြစ်ပြီးတာတွေ ဆက်မတွေးနဲ့တော့၊ အေး ဘာဆက်လုပ်သင့်တယ်ဆိုတာ အေးနဲ့ ရှိန်း နှစ်ယောက် တိုင်တိုင်ပင်ပင်နဲ့လုပ်ပါ၊ မင်းလည်း မိခင်တစ်ယောက်အနေနဲ့ စဉ်းစား၊ တို့လည်း စဉ်းစားမယ်၊ ဘမောင်ချိန်က ချစ်လို့ သူဇာကို ခိုးတာမဟုတ်တော့ နောက်ထပ်လည်း တွေ့မှာမဟုတ်ဘူး၊ သူဇာ့ကိုလည်း ပြန်လိုက်သွားမှာ မစိုးရိမ်ရဘူး၊ သူဇာရဲ့ဘဝ ဖရိုဖရဲ မဖြစ်သွားအောင်သာ ကြည့်ထိန်း"

“ဝေးပါသေး ဝေးပါသေး၊ သူနဲ့ တိုင်ပင်ဖို့က၊ မင်းတို့ရှိန်းက အိမ်ပေါ်တောင် ပြန်တက်မလာဘူး”

သက်မာက သက်ပြင်းချလိုက်၏။

“အေး၊ မင်း လိမ္မာရမယ် ဒီအချိန်မှာ သမီးကိစ္စ အကြောင်းပြပြီး ရှိန်း အိမ်ပေါ်ပြန်တက်အောင် မင်း လုပ်ရမှာ”

"တော်ပြီ သက်မာ၊ ငါ့သမီး သူ့ကြောင့် လက်စားချေခံရတာ၊ ငါကလည်း မင်းတို့ ရှိန်းကို ကမ္ဘာမကျေဘဲ အောက်မေ့"

အေးသည် သူ့ထုံးစံအတိုင်း စီးကရက်ကိုသာ မီးညှိ၍ ရှိုက်ဖွာလိုက်သည်။ သက်မာ ဘာမှ စကားမဆက်ချင်တော့ဘဲ နှုတ်ဆက်ကာ ပြန်လာခဲ့သည်။

အပိုင်း(၁၈) ဆက်ရန်
------------------------
#ခင်နှင်းယု

Post a Comment

0 Comments