ဝတ္ထုတို အမည် - ပြိုင်မျဉ်းတို့ရဲ့အနားသတ်မဲ့ခြေရာ
စာရေးသူ - မမနိုင်
Short Story
-------------------------------------------------
""""ပြိုင်မျဉ်းတို့ရဲ့အနားသတ်မဲ့ခြေရာ """"
********************************
( ၁ )
"ဒါမှ ငါ့သမီးကွ ရော့ မုန့်ဖိုး ငါ့သမီးစားချင်တာသွားဝယ်စား၊ ငါ့သမီးကြီးက သိပ်တော်တာပဲ"
"ဟေး ဒါမှ တို့ဖေကြီး"
"ဒါနဲ့ ဖေကြီး ပြောခိုင်းတာ သေချာပြောခဲ့ရဲ့လား"
"ဟုတ် သေချာပြောခဲ့ပါတယ် ဖေကြီးရဲ့၊ စိတ်ကောက်ပြေပါတော့ မနှင်းဆီရယ် ဒီလိမ္မော်ရောင်နှင်းဆီပန်းလေးကို ရုံးတက်တဲ့အခါ မနှင်းဆီခေါင်းပေါ်မှာတွေ့ရင် စိတ်မဆိုးဘူးလို့ မှတ်ယူလိုက်ပါရစေ လို့ ဖေကြီးက ပြောခိုင်းတယ်လို့ သမီးသေချာပြောခဲ့ပါတယ်ဖေကြီးရဲ့"
"အေး ဒီလိုမှ စိုးမောင်သမီး ပီသမှာပေါ့၊ သွားတော့ သွားတော့"
ဂါဝန်အဝါလေး တလွင့်လွင့်နဲ့ ပြေးထွက်သွားတဲ့ သမီးကိုကြည့်ရင်း ကျုပ် တဟားဟား သဘောကျနေမိတယ်။ ကျုပ်က ဌာနတစ်ခုမှာ အရာရှိပေါက်စပေါ့။ ရုပ်ခံကရှိသလို၊ အပြောကလည်း ချိုတယ်။ လူပျိုဘဝတည်းက ဇလေးကို ကလေးသုံးယောက်ရတဲ့အထိ မပြင်ချင်သေးဘူး။ သားသမီး သုံးယောက်ထဲမှာ သမီးကြီးကတော့ ကျုပ်ရဲ့အချစ်ဆုံး လက်စွဲတော်။ သမီးကြီးက သွက်လည်း သွက်သလို၊ ချက်ချက်ချာချာလည်း ရှိတယ်။ ဘာပဲခိုင်းခိုင်း စနစ်တကျနဲ့ သပ်သပ်ရပ်ရပ် လုပ်ကိုင်ပေးတတ်တယ်။ အရွယ်နဲ့မလိုက်အောင် ချက်ချာလွန်းလို့ ကျုပ်က ဘယ်သွားသွား သမီးကြီးမှ သမီးကြီး။
"ဆရာစိုးတို့ကတော့ စွံချက်နော်၊ မနှင်းဆီက သမီးနှစ်ယောက်အမေ မုဆိုးမသာဆိုတယ် ပစ်ရက်စရာမရှိအောင်လှတုန်းပဲ၊ စာရေးမတွေထဲမှာတော့ မနှင်းဆီအလှကို ဘယ်သူမှမမီဘူး၊ တော်ရုံလူကိုလည်း အနားကပ်ခံတာမဟုတ်ဘူး၊ ဆရာစိုးတို့ကတော့ နောကျေပါ့၊ အားကျတယ်ဗျာ"
"ဟား ဟား အားကျရမယ်လေ၊ စိုးမောင်က လိုချင်တာဆို မရခဲ့တာမရှိဘူး၊ ပညာလား၊ ဥစ္စာလား၊ ရာထူးလား"
"ဟုတ်ပါ့ဗျာ၊ ရထားတဲ့မိန်းမကလည်း ကလေးသုံးယောက်မွေးပြီးတာတောင် ချောတုန်းလှတုန်းပဲ၊ မိန်းမကိုလည်း တစ်ခွန်းဆိုတစ်ခွန်းနော်၊ လေးစားတယ်ဗျာ"
လက်အောက်က ဝန်ထမ်းတွေရဲ့ မြှောက်ပင့်ပေးသံတွေကြားမှာ ယမကာအရှိန်လေးနဲ့ ကျုပ် အကျေနပ်ကြီးကျေနပ်နေမိတော့တယ်။
****************************************
(၂)
"အား ကြောက်ပါပြီ အမေရဲ့၊ နောက်မလုပ်ပေးတော့ပါဘူး အမေရဲ့၊ နာတယ်အမေရဲ့၊ ဖေကြီးရေ သမီးကိုကယ်ပါဦး"
ခြံတံခါးကိုဖွင့်အဝင် ကြားလိုက်ရတဲ့အသံတွေကြောင့် ကျုပ်အိမ်ပေါ်ကို အမြန်ပြေးတက်လိုက်တယ်။ ဝါးခြမ်းပြားတစ်ချောင်းနဲ့ သမီးကြီးကို ရိုက်နေတဲ့ မိန်းမကိုမြင်လိုက်ရတာ ဒေါသတွေက ထောင်းခနဲ။
"ဘာကိစ္စ ကလေးကို ဒီလောက်ထိ သည်းကြီးမည်းကြီး ရိုက်နေရတာလဲ"
"ဒါကလေးမဟုတ်တော့ဘူး၊ အသက်ပဲဆယ်နှစ်ရှိနေပြီ၊ နားလည်ရမယ့် အရွယ်ကိုရောက်နေပြီ၊ လုပ်သင့်တာ မလုပ်သင့်တာ သိရမယ်"
မိန်းမပါးစပ်က ထွက်လာတဲ့စကားက ဘာကိုဦးတည်နေတယ်ဆိုတာ ကျုပ် နားခွက်က ချက်ချင်းမီးတောက်ပြီးသား။ ရုံးဝင်းကြီးထဲမှာ ရုံးနဲ့အတူ လူနေအိမ်ခန်းတွေ၊ အရာရှိအိမ်တွေ တစ်စုတစ်စည်းထဲမို့ ပန်းပေးတဲ့ကိစ္စက ကျုပ်မိန်းမနားထဲ အရောက်ပို့သူရှိမှာမလွဲ။
"တစ်ဌာနထဲ ကိုယ့်မောင်နှမတွေလိုဖြစ်နေလို့ စနောက်နေကြတာ နင်က အဲ့ဒါလေးနဲ့ ကိုယ့်သားသမီးကို အသားနာအောင်ရိုက်စရာလား၊ အဖေ့နားလာခဲ့ သမီးကြီး"
"ရှင် ဘယ်တော့မှာ အဲ့ဒီလုပ်ရပ်တွေ ရပ်မှာလဲ၊ ရှင့်သမီးက တဖြည်းဖြည်း အရွယ်ရောက်လာပြီ၊ သားနှစ်ယောက်က ကိစ္စမရှိပေမယ့် ရှင်မွေးထားတာ သမီးနော် သမီး"
"ငါ့ကို မိကျောင်းမင်း ရေကင်းပြမနေနဲ့ ၊ စိုးမောင်ဘဝမှာ ဝဋ်လည်တယ်ဆိုတာ ဘယ်တော့မှ မရှိစေရဘူးမှတ်ထား၊ မင်းလည်း ပါးစပ်ပိတ်ထား၊ ငါ့ကိုဘယ်တော့မှ ဆရာလာမလုပ်နဲ့ အတွဲလိုက်မင်းမိဘအိမ်ပြန်ပို့ပစ်လိုက်မယ်"
နောက်ဆုံးတော့ မျက်ရည်နဲ့သာ စခန်းသိမ်းရတဲ့ မိန်းမရဲ့ မချိတင်ကဲ ညည်းတွားသံတွေကို တောက်တစ်ချက်ခတ်ရင်း ကျောခိုင်းကာ အိမ်ပေါ်ကနေ ပြန်ဆင်းလာခဲ့တော့တယ်။
****************************************
(၃)
ဆိုင်ကယ်ကိုလှလှပပမောင်းကာ ကျော့ကျော့လေး ထွက်သွားတဲ့ သမီးကြီးနောက်ကျောလေးကို ကြည့်ရင်း သမီးကြီးငယ်ငယ်က အကြောင်းတွေ ပြန်တွေးနေမိတယ်။ သမီးကြီးက ဘယ်အရာမဆို ကျုပ်နဲ့ တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်စိတ်တည်း။ သမီးမိန်းကလေးဆိုတာ မိခင်အတွက် တိုးတိုးဖော်ဆိုသည့်စကားက သမီးကြီးအတွက်တော့ ပြောင်းပြန်ပြောရမလိုပင်။ ကျုပ်မိန်းမပါးစပ်က အမြဲတမ်းပြောနေကျစကားလို သားအဖနှစ်ယောက်တစ်ပုံစံထဲဆိုတာ အမှန်ပါပဲ။ ဒါကိုကျုပ်က မိန်းမကိုအနိုင်ပိုင်းပြီး ဖအေတူသမီးကွ ကြီးပွားမှာ မင်းသေချာစောင့်ကြည့်ထားလို့ ကြုံးဝါးခဲ့လိုက်သေးတယ်။
တဖြည်းဖြည်းရွေ့လျားလာတဲ့ အချိန်စက်ဝန်းတို့နှင့်အတူ သမီးကြီးပင် ပထမနှစ်ကျောင်းသူကြီးဖြစ်ခဲ့ပြီ။ ညို့မှောင်မဲနက်နေတဲ့ ဆံပင်ရှည်တွေက မြင်သူငေးရတဲ့အထိ။ သမီးကြီးရဲ့ အချောအလှကြောင့် ရာထူးတူအရာရှိတွေကြားထဲ သားသမီးချင်းယှဉ်ကြတဲ့အခါ မျက်နှာပန်းက ပွင့်ခဲ့ရပြန်သေးတယ်။ သွက်လက်ချက်ချာလွန်းပြီး အတ္တကြီးတဲ့နေရာမှာပါ သမီးကြီးက ကျုပ်နဲ့တစ်ပုံစံတည်း။ အရင်လို သမီးကြီးကို စသလိုနောက်သလိုနဲ့ခိုင်းတဲ့ ကိစ္စတွေ မလုပ်တော့ပေမယ့် ကျုပ်ကတော့ အရင်ကစိုးမောင်ပင်။ ရာထူးကလည်း ပိုကြီးလာသလို ကျုပ်မဆွတ်ခင်က ညွှတ်ချင်ကြသူတွေ အများသား။ သူတို့ကလည်း သူတို့အကျိုးအတွက်မို့ ကျုပ်ကတော့ အလိုက်သင့်ညောင်ရေလောင်းပေးရုံသာ။
"ကိုစိုးမောင် ရှင့်သမီးကြီးမှာ ရည်းစားသနာရှိနေသလား ရှင် စုံစမ်းဦးနော်၊ ကျွန်မက အပြင်သိပ်ထွက်တာမဟုတ်ဘူး၊ အခုတလော အမူအရာတွေပြောင်းနေတယ်"
"ငါ့သမီးပါဟ၊ ဘယ်တော့မှ ငါ့ကိုမပြောဘဲ မဟုတ်တာမလုပ်ဘူး၊ မင့်,သားနှစ်ယောက်ကိုသာ သေချာထိန်း သားတွေ တစ်ခုခုဖြစ်ရင် မင်းတာဝန်ပဲ"
သမီးကြီးနဲ့ပတ်သက်တာမှန်သမျှ ကျုပ်က စိတ်ချပြီးသား။ စိတ်ထက်သလို စိတ်ကပြတ်တဲ့သူ။ မတော်မလျော်တဲ့သူကို စိတ်မကူးဘူးဆိုတာ ကျုပ်က ယုံကြည်ထားပြီးသား။ အဲ့ဒါကြောင့်လည်း အမြဲတမ်း အဖေတူသမီးလို့ ကျုပ်ပါးစပ်က ကြွေးကြော်ခဲ့ရတာ။
"ကိုစိုးမောင်ရေ သားရေးသမီးရေး နားဖောက်ချင်တယ်ဗျာ၊ ကျွန်တော့်သား အငယ်ကောင်က ခင်ဗျားသမီးမှ ခင်ဗျားသမီးတဲ့ဗျား၊ ဒါကြောင့် နားနဲ့မနာ ဖဝါးနဲ့သာ နာပေတော့ဗျို့"
အစည်းအဝေးတိုင်း၊ ညစာစားပွဲတွေတိုင်း ဆုံနေကျ၊ ရှေ့နေကြီးဦးအုံးကျော်စကားကြောင့် ကျုပ်စိတ်ထဲ အံ့ဩသွားမိတယ်။ ဒါပေမယ့်လည်း ပူပင်ရလောက်တဲ့ အသိုင်းအဝိုင်းမဟုတ်တဲ့အတွက် ကိုယ့်သမီးကိုယ် စိတ်ထဲကကြိတ်ကာ ဂုဏ်ယူလိုက်မိတယ်။ စိုးမောင်သမီးက စိုးမောင်လိုဘဲ ဖြစ်နေရမယ်။ ရှေ့နေကြီးဦးအုံးကျော်ဆိုတာ မြို့မျက်နှာဖုံးတစ်ဦးဖြစ်သလို၊ သစ်စက်တွေလည်း အများကြီးထောင်ထားတဲ့ စီးပွားရေးသမားတစ်ဦး ။ သားသုံးယောက်ကလည်း စီးပွားရေးကို ဦးဆောင်လုပ်နေကြသူတွေမို့ ဒီမြို့မှာတော့ ဦးအုံးကျော်သားတွေက သားမက်ဖမ်းချင်စရာ။ ကိုယ့်သမီးဆီ ဒီလိုဖုတ်သွင်းရထားက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်ဆိုတော့ ဘယ်မှာ လက်မခံစရာရှိပါ့မလဲ။
ဦးအုံးကျော်တို့ဘက်က ခြိမ့်ခြိမ့်သဲ ကျင်းပပေးခဲ့တာမို့ တစ်မြို့လုံးမှာ ပြောစမှတ်ပြုလောက်စရာ မင်္ဂလာပွဲတစ်ပွဲ ဖြစ်လာခဲ့တယ်။ ဌာနတွင်း အရာရှိ အသိုင်းအဝိုင်းကြားထဲလည်း အားကျသူတွေက ထုနှင့်ဒေး။ ကျုပ်မျက်နှာကတော့ လူအများကြား သွားလေရာ မော်လို့ ရွှင်လို့ လုပ်ပြနိုင်ခဲ့ပြီ။
****************************************
(၄)
"အဖေ သမီးဒီလူနဲ့ ဆက်မပေါင်းနိုင်တော့ဘူး၊ ကွာရှင်းမယ် အဖေလာခဲ့ပါ"
ဖုန်းထဲက အသံကိုကြားကြားချင်း ကျုပ်အထိတ်တလန့်နဲ့ အံ့ဩသွားမိတယ်။ လက်ထပ်တာဖြင့် နှစ်မပေါက်သေး၊ ဘာတွေများဖြစ်လို့ ကွာရှင်းချင်လောက်အောင်အထိ ဖြစ်ရတယ်မသိ။ လူကြီးချင်း မျက်နှာပျက်စရာဖြစ်တော့မှာမို့ သေချာတော့မေးမှဖြစ်တော့မယ်။
"ကိုင်း ကိုစိုးမောင်ရေ ကလေးတွေကတော့ ရှေ့မဆက်ချင်တော့ဘူးတဲ့ အဓိက က သမီးပဲ၊
ရှင်းပြတာကို လုံးဝလက်မခံတာဘဲ၊ ကျွန်တော့်သားအတွက်တော့ တောင်းပန်ပါတယ်ဗျာ"
"ဘယ်လိုအကြောင်းအရာတွေမို့ တောင်းပန်နေရတာလဲဗျာ၊ ကျွန်တော့်ကို သေချာရှင်းပြကြပါဦး"
"အို ဘာမှရှင်းနေစရာမလိုဘူးအဖေ၊ မိန်းမတစ်ယောက်လုံးယူထားပြီး ကွယ်ရာမှာ ဖောက်လွဲဖောက်ပြန်လုပ်နေတဲ့သူကို သမီးလုံးဝဆက်မပေါင်းနိုင်ဘူး၊ အဖေတို့ မကွဲပေးရင် သမီးဘာသာတရားရုံးတက်ပြီး ကွာရှင်းခွင့်တောင်းမှာနော်"
"မဟုတ်သေးပါဘူးသမီးရယ်၊ နှစ်ဖက်မိဘတွေရဲ့ မျက်နှာလည်းရှိသေးတယ်၊ သမီးအတွက်လည်း သမီးကြည့်ရမယ်လေ၊ တစ်ခုလပ်ဆိုတဲ့ နာမည်က အဖေတို့အသိုင်းအဝိုင်းနဲ့ မအပ်စပ်ပါဘူးသမီးရယ်၊ ညှိနှိုင်းကြပါဦးလား"
"ဟုတ်ပါတယ် သမီးရယ်၊ စိတ်ကိုအေးအေးထားပြီး ဆုံးဖြတ်ပါ၊ လုပ်ငန်းနဲ့ပတ်သက်ပြီး မလွှဲမရှောင်သာ ပြောဆိုဆက်ဆံနေရတာတွေပါ၊ သမီးအပေါ် ဖောက်လွဲဖောက်ပြန်လုပ်တာ မဟုတ်ပါဘူးသမီးရယ်"
အဖေနှစ်ယောက် ဝိုင်းဝန်းနားချနေပေမယ့် ထူးလာမယ့်အခြေအနေမဟုတ်မှန်း သမီးမျက်နှာကို ကြည့်ရုံနဲ့သိလိုက်တယ်။ ဘူးဆိုဖရုံမသီးတတ်တဲ့သမီးအကြောင်း အဖေဖြစ်သူကျုပ်က အသိဆုံး။ သူ့ယောကျ်ားကတော့ ပြောလည်းမထူးဘူးဆိုတဲ့ မျက်နှာမျိုးနဲ့ စောင်ပေပေသာ ကြည့်နေလေတော့တယ်။ ကိုယ့်သမီးအကြောင်း ကိုယ်အသိဆုံးမို့ သူ့သဘော သူ့ဆန္ဒအတိုင်းသာ။
နောင်တစ်ချိန် ကိုယ်အတင်းအကျပ်နားချခဲ့လို့ သူ့အိမ်ထောင်ရေး အဆင်မပြေဖြစ်ရတာပါလို့တော့ အဖြစ်မခံနိုင်။ ဘယ်မိဘမဆို သားသမီးစိတ်ချမ်းသာတာပဲ မြင်ချင်ကြတာမဟုတ်လား။
******************************************
(၅)
သမီးကြီး အိမ်ပြန်ရောက်လာတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မိန်းမကိုတော့ စိတ်ထဲကနေ နည်းနည်းရွံ့သွားမိတယ်။ အငယ်နှစ်ကောင်က သူတို့အမေနဲ့ တစ်သွေးတည်း တစ်သားတည်း။ အိမ်ထောင်ဦးစီးဆိုတဲ့မာန်နဲ့ ဟန်ကိုယ့်ဖို့နေရပေမယ့် စိတ်ကတော့မလုံ။ သမီးကြီး ဒီလိုဖြစ်ရတာ ကျုပ်ကြောင့်များလားဆိုတဲ့ သံသယအတွေးကလည်း အခုတစ်လော မကြာခဏ နှောက်ယှက်လွန်းတယ်။
မိန်းမရဲ့ အကြည့်တွေ မခံနိုင်လို့ သမီးကြီးကို သေချာစောင့်ကြည့်နေမိတယ်။ သမီးကြီးကတော့ သူလုပ်စရာရှိတာတွေကို ဘာမှမဖြစ်သလို လုပ်နေမြဲ။ ဖက်ရှင်ဆိုင်လုပ်ချင်တယ်ဆိုလို့ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဆိုင်ဖွင့်ပေးထားလိုက်တယ်။ စီးပွားရေးလုပ်နေပြီဆိုတော့ အတွေးအမြင်က ပိုပွင့်လင်းလာမှာကတော့ အသေအချာပင်။ ဒါ့ကြောင့်လည်း တစ်ခွန်းမှဝင်မပြောဘဲ ဘေးကသာစောင့်ကြည့်နေမိတယ်။
"အဖေ သမီးအိမ်ထောင်ပြုတော့မယ်"
ဆိုင်းမပါ ဗုံမဆင့် ပြောချလာတဲ့စကားကိုကြားလိုက်ရတော့ ကျုပ်မှာ မျက်လုံးတောင် ပြူးသွားမိတယ်။
"ဟေ၊ ဘယ်သူနဲ့လဲ သမီးရဲ့"
"သမီးတို့နဲ့ စီးပွားရေးတူတူလုပ်တဲ့သူပါ၊ သူကတာချီလိတ်နဲ့ ရန်ကုန်ကို အထည်တွေဖောက်သည်ပို့တာ၊ တခြားလုပ်ငန်းတွေလည်း အများကြီးရှိပါတယ်အဖေ"
တော်ရုံလူကို မမှန်းတတ်တာ သိပေမယ့် စီးပွားရေးသမားပဲလားဆိုတဲ့ အတွေးက စိတ်ကို ခြောက်လှန့်နေပြန်တယ်။ သမီးကြီးကတော့ ဆုံးဖြတ်ထားပြီးပြီမို့ ရှေ့ဆက်သွားမယ်ဆိုတဲ့ မျက်နှာထားနဲ့သာ။ ပထမတစ်ခါက ကိုယ့်သဘောနဲ့ရွေးချယ်ပေးခဲ့မိလို့ အမှားအယွင်းက ကိုယ့်ပယောဂမကင်းခဲ့။ ဒုတိယတစ်ကြိမ်မှာတော့ သမီးကြီးဆုံးဖြတ်ချက် မှန်ကောင်းပါရဲ့ဆိုတဲ့ အတွေးနဲ့ လိုက်လျောလိုက်တယ်။ မိန်းမကတော့ လက်မခံချင်၊ ဒီအတိုင်းပဲနေသွားစေချင်တယ်တဲ့လေ။ဒါပေမယ့်လည်း အတင်းအကျပ်တားလို့ ရမယ့်စိတ်မျိုးမဟုတ်မှန်း ကျုပ်အသိဆုံး။ အရွယ်ကလည်းကောင်း၊ အလှတရားကလည်း ရှိဆိုတော့ မတော်တရော်တွေနဲ့ မဖြစ်သင့်တာဖြစ်လာမှာ စိတ်ပူနေရမယ့်အတူတော့ သူရွေးတဲ့လမ်းမို့ သူကောင်းအောင်လျှောက်နိုင်ကောင်းပါရဲ့။
*****************************************
(၆)
အိမ်ရှေ့ကို ငြိမ့်ငြိမ့်လေးထိုးရပ်လာတဲ့ကားကြောင့် သတင်းစာဖတ်နေရာမှ လှမ်းကြည့်လိုက်မိတယ်။ ကားတံခါးကိုဖွင့်ပြီး ကျော့ကျော့မော့မော့ ဆင်းလာတဲ့သမီးကြီး။ စီးပွားရေးတွေကြား လုံးပန်းရင်း တကယ့်ကို တည်ငြိမ်ရင့်ကျက်နေလိုက်တာ။ လုပ်ငန်းတွေကလည်း အောင်မြင်တယ်လို့ ဆိုရမယ်။ တိုးချဲ့ထားတဲ့ဆိုင်တွေနဲ့ အလုပ်သမားတွေကြား နေ့မအားညမအား။ တစ်လတစ်ခါပင် အိမ်ကိုမှန်မှန်မရောက်ချင်တော့။
သူ့စီးပွားနဲ့ သူ့အိမ်ထောင်နဲ့ အဆင်ပြေနေတယ်ဆိုတော့လည်း ကျုပ်ကစိတ်ထဲကြိတ်ပြီး ဝမ်းသာရတာပေါ့။ ပုံမှန်ပို့ပေးနေကျ ကန်တော့ငွေကတော့ လတိုင်းမှန်မှန်အပို့မပျက်။ အိမ်အတွက် မလိုအပ်ပေမယ့် သားသမီးက ကန်တော့တဲ့ငွေမို့ ပီတိတော့ဖြစ်ရတာပင်။
"ဖေကြီး အမေရော"
"ထုံးစံအတိုင်း အိမ်နောက်ဘက်မှာ ချက်ပြုတ်နေမှာပေါ့ သမီးကြီးရဲ့"
"မောင်လေးတို့ရော"
"အလတ်ကောင်က ဆေးကျောင်းကပြန်မလာသေးဘူးလေ သမီးရဲ့ ဒီလစာမေးပွဲရှိတယ်တဲ့၊ စာမေးပွဲပြီးရင်တော့ ပြန်လာမှာပေါ့၊ အငယ်ကောင်ကတော့ ကျူရှင်သွားတယ် စာမေးပွဲနီးနေပြီလေ၊ ဂုဏ်ထူးငါးခုတော့အနည်းဆုံးမှန်းထားတယ်တဲ့၊ သမီးအမေကတော့ သူ့သားနှစ်ယောက်အလုပ်နဲ့ ချာချာလည်နေတာပါပဲ"
"ဖေကြီးရော အရင်လို ဘာဘာညာညာတွေ ရှိသေးလား ဟား ဟား"
"မရှိတော့ပါဘူး သမီးကြီးရယ်၊ ညည်းအဖေအသက်ကြီးနေပြီသမီးရဲ့ဟား ဟား"
"အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူး၊ ဖေကြီးက ခုထိခန့်တုန်း၊ ချောတုန်းပါပဲ"
"ဒါနဲ့ သမီးကြီး အခုတလော ခရီးမသွားရဘူးပေါ့"
"မသွားသေးတာဖေကြီး၊ အလုပ်တွေခဏရပ်ထားတယ်၊ သမီးတို့ မနေ့ကတင် ရုံးတက်ပြီး နှစ်ဦးသဘောတူကွာရှင်းလိုက်ပြီ၊ ဖေကြီးတို့ကို စိတ်မကောင်းမှာစိုးလို့ ဘာမှမပြောတော့တာ"
"ဟင်"
အေးဆေးပေါ့ပါးစွာ ပြောနေတဲ့ သမီးကြီးရဲ့ မျက်နှာကိုကြည့်ရင်း ကျုပ် နှလုံးခုန်သံတွေက နားစည်တွေထဲထိတောင် ရိုက်ခတ်လာသလိုလို။ တဟူးဟူးတိုးလာတဲ့ လေသံတွေနဲ့အတူ နှစ်ဦးသဘောတူကွာရှင်းလိုက်ပြီဆိုတဲ့စကားက နှလုံးသားထဲမှာ အရှိန်ပြင်းတဲ့ရထားတစ်စင်းအလား၊ မနေမနားခုတ်မောင်းနေလိုက်တာ။ ဒီအကြောင်းကိုသာသိရင် ကျုပ်ကိုမိန်းမက ဘာတွေပြောဦးမလဲ။ ပတ်ဝန်းကျင်ကရော ဘယ်လိုတွေ ပြောကြမှာလဲ။ ကျုပ်မျက်လုံးတွေကို ယောင်ယမ်းပိတ်လိုက်မိတယ်။ ကြည့်စမ်းပါဦး၊ ကျုပ်အာရုံတွေထဲမှာ လိမ္မော်ရောင်နှင်းဆီပွင့်တွေလေ၊ ငွားငွားစွင့်စွင့်နဲ့တစ်ပွင့်ပြီးတစ်ပွင့် ပွင့်နေလိုက်ကြတာများ။
မမနိုင်
0 Comments