ဝတ္ထုတို အမည် - စိုပါစေလားငိုစေသလား
စာရေးသူ - မမနိုင်
Short Story
-------------------------------------------------
"""စိုပါစေလားငိုစေသလား""""
********************
"တီ တီ တီ"
အိပ်ရာနဘေးက ဖုန်းကထမြည်တယ်။ ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ သူငယ်ချင်း ဖြိုး။ မကိုင်ရင်လည်း ဆူခံရမယ်။ ကိုင်ပြန်ရင်လည်း ဆူခံရမှာဘဲ။
"ယုမွန် နင်ဘယ်လိုနေလဲ၊ အဆင်မပြေမှာသိလို့ အဆင်ပြေလားလို့မမေးတော့ဘူး၊ ညနေကျရင် ငါပိုက်ဆံနဲနဲလွှဲပေးမယ်၊ သွားထုတ်ကြားလား၊ ဒီအချိန်မှာ ဘာမှမတွေးနဲ့၊ ကျန်းမာအောင်နေ အားရှိအောင်စား၊ လိုင်းလည်းတက်ဦး၊ နင့်ရုပ်ကိုကြည့်မလို့"
"အေးပါဟာ"
" အေးပါဟာ" လို့သာပြောလိုက်ရပေမယ့် ဖုန်းကိုပေါင်ပြီး စားဝတ်နေရေးဖြေရှင်းမှန်းသာ ဖြိုးသိရင် ဘာပြောဦးမည်မသိ။ ဒီကီးပတ်လေးကိုတောင် မဖြစ်မနေဝယ်ထားရတာ။
"သမီး ယုမွန်ရေ၊ ဖြိုးဖြိုးဖုန်းဆက်တယ်၊ သူ့သူငယ်ချင်းကို ဂရုစိုက်ပါတဖွဖွမှာရှာတယ်၊ မဖြိုးလေးက တကယ်ကိုသူငယ်ချင်းကောင်းပီသရှာပါတယ်"
"ဟိုမှာကတည်းက သမီးအပေါ်စိတ်ရင်းနဲ့ဆက်ဆံခဲ့တာ ဖြိုးပါပဲအန်တီရယ်၊ သမီးကသာ သမီးကသာ သူ့စေတနာစကားတွေကို ဆန့်ကျင်ခဲ့မိတာ ဟင့်"
"အို ပြီးတာတွေပြီးခဲ့ပြီ ငိုမနေနဲ့ ကျန်းမာရေးထိခိုက်တယ်၊ ဒီအချိန်မှာ သမီးကျန်းမာနေမှ အထဲက ကလေးလည်းကျန်းမာမှာ၊ ဟိုကောင်လေးက ခုချိန်ထိ ဖုန်းလေးတောင်တစ်ချက်မဆက်ဘူးလား"
"နေပါစေတော့ အန်တီရယ်၊ သမီးဘဝနဲ့သမီးရှိပါစေတော့"
ခပ်လေးလေး သက်ပြင်းတစ်ချက်ကိုချရင်း လှည့်ပြန်သွားတဲ့ ဖြိုးအဒေါ်ရဲ့ ကျောပြင်ကိုငေးကြည့်ရင်း မျက်ရည်စီးကြောင်းနှစ်စက ပါးပြင်ပေါ်ပြိုကျလာတယ်။
*****************************
"ယု အခုတလော နင်မူမမှန်ဘူးနော်၊ အဲ့ဒါဘယ်ကလူလဲ၊ လိုင်းပေါ်ကတွေ့တဲ့လူတိုင်း အယုံမလွယ်သင့်ဘူး"
"သူကမကွေးဘက်ကတဲ့ အခုရန်ကုန်မှာနေနေတာ၊ သူ့မှာလည်း အလုပ်ရှိပါတယ်၊ ဘွဲ့ရပညာတတ်တစ်ယောက်ပါပဲ၊ ယုလည်း သူများနိုင်ငံမှာ အလုပ်လာလုပ်ရတာ ငြီးငွေ့နေပြီဖြိုးရဲ့၊ အားကိုးအားထားပြုထိုက်ရင် အိမ်ထောင်ပြုပြီး ကိုယ့်နိုင်ငံမှာပဲ အေးအေးဆေးဆေးနေချင်ပြီ၊ မိသားစုတာဝန်တွေလည်း ပခုံးပြောင်းပေးချင်နေပြီ၊ နှစ်ယောက်ဆိုတော့ ဘက်မျှသွားတာပေါ့"
ယုမွန်စကားတွေကို ဖြိုးက မယုံသလိုမျက်နှာထားနဲ့ နားထောင်နေတယ်။ ဖြိုးအမူအရာကြောင့် ရှေ့ဆက်ပြီး ပြောချင်သေးတဲ့ စကားတွေကို မြိုသိပ်ထားလိုက်တယ်။ ဖြိုးက အမြဲအဲ့ဒီလိုပဲ လူတွေကို မယုံသင်္ကာအကြည့်နဲ့ပဲ အမြဲကြည့်တတ်တယ်။
ရသမျှလေးတွေ အိမ်ကိုလည်းပို့ရင်း ပြန်တဲ့အခါ စီးပွားရေးလေးတစ်ခုလောက်လုပ်နိုင်ဖို့ ခြစ်ခြုပ်စုထားတာလေးတွေ အတန်အသင့်ရနေပြီ။ ကိုမျိုးကလည်း ပြန်လာခဲ့တော့လို့ တွင်တွင်သာဂျီကျနေတော့တယ်။ သူများနိုင်ငံမှာ အိမ်ဖော်လုပ်ရတာ ပင်ပန်းသလောက် အန္တရာယ်များမှန်းသိပါတယ်။ ကိုယ့်မှာသူများတွေလို ပညာနဲ့လုပ်စားလို့မှမရတာ။ ရတဲ့အလုပ်လေးလုပ်ရင်း မိသားစုကို ဆင်းရဲတွင်းက ဆွဲထုတ်ချင်လို့ ဒီအလုပ်ကို လာလုပ်ရတာ။ ငါးနှစ်ဆိုတဲ့အတိုင်းအတာမှာ အိမ်ကလူတွေလည်း အတန်အသင့်တော့ ပြေလည်ခဲ့ပါပြီ။ နောက်ခြောက်လလောက်ဆို အပြီးပြန်မယ်လို့ ဆုံးဖြတ်ထားတယ်။ ကိုမျိုးကလည်း ရောက်တာနဲ့ တန်းလက်ထပ်ကြမယ်တဲ့။ ရွာကမိသားစုကိုတော့ ရန်ကုန်မှာ အလုပ်တစ်ခု ရှာလုပ်နေတယ်ဆိုပြီး အကြောင်းကြားလိုက်တော့မယ်။
*******************************
"ကဲ ကိုယ်တို့ဦးလေးရှိတဲ့ရွာဘက် သွားနေကြရအောင်၊ ကိုယ်တို့အိမ်နဲ့ဆိုလည်း သိပ်မဝေးဘူး၊ အလွန်ဆုံးဝေး မိုင်နှစ်ဆယ်လောက်ပဲရှိတာ၊ အခုက ကိုဗစ်ရောဂါက ဆိုးနေတာ ရန်ကုန်မှာဆက်နေလို့တော့မဖြစ်တော့ဘူး၊ ဒီကြားထဲ မင်းကပြောစကားနားမထောင်ဘူး၊ ကလေးမယူသေးပါနဲ့ဆိုတာ ယူလိုက်သေးတယ်"
ရန်ကုန်ပြန်ရောက်ရောက်ချင်း ကိုမျိုးနဲ့တွေ့ပြီး ချက်ချင်းလက်ထပ်လိုက်ကြတယ်။ ဖြိုးကတော့ စိတ်ဆိုးပြီး စကားမပြောတော့ဘူး။ အိမ်ကိုတော့ သမီးရန်ကုန်မှာ အိမ်ထောင်ပြုလိုက်ပြီလို့ လှမ်းအကြောင်းကြားလိုက်တယ်။ နောက်မှပဲ ဆွေးပြမျိုးပြသွားတော့မယ်လို့ တွေးထားလိုက်တယ်။ ကိုမျိုးကလည်း သူ့အလုပ်နဲ့သူဆိုတော့ ပူစရာတော့မရှိ။ ပါလာတဲ့ပိုက်ဆံလေးနဲ့ အိမ်လေးငှား၊ ကိုမျိုးကအလုပ်ပုံမှန်သွား လေးငါးလတော့ မိုးမမြင်လေမမြင်ပျော်လိုက်ကြတာ။
ကိုယ့်အတွေးနဲ့ကိုယ် ကိုမျိုးလည်း မိသားစုဘဝလေးလိုချင်ရှာမှာလို့ တွေးပြီး သူနဲ့မတိုင်ပင်ပဲ ကလေးယူလိုက်မိတယ်။ ကလေးရှိနေပြီလို့ ပြောတဲ့နေ့ကတည်းက တဗျစ်တောက်တောက်နဲ့။ ဒီကြားထဲ ကိုဗစ်ရောဂါကဆိုးလာလို့ ကိုမျိုးတို့အလုပ်တွေလည်း နားထားရတယ်။ လက်ထဲရှိတာလေးလည်း တတိတိနဲ့ထိုင်စားရင်း ကုန်လုကုန်ခင်ဖြစ်လာတော့ ကိုမျိုးက မျက်နှာမလှချင်တော့ဘူး။
အရေးရယ်အကြောင်းရယ်ကျမှ ဖြိုးကိုသတိရတယ်။ ဖြိုးရေ ဒီလိုဒီအကြောင်းပဲဆိုတော့ ကိုယ့်အသံကြားတာနဲ့ မနေနိုင်ရှာဘူး။ အခုသွားမယ့်မကွေးဘက်ကရွာမှာ သူ့အဒေါ်ရှိတယ်တဲ့။ လိုအပ်တဲ့အကူအညီရှိရင်တောင်း၊ သူလှမ်းပြောထားမယ်တဲ့။ ကိုမျိုးကိုလည်း ဖုန်းထဲကနေ အပြစ်တွေတင်နေလိုက်တာ တကယ့်ကို အဖွားကြီးပေါက်စလေးအတိုင်းပါပဲ။ ဒါပေမယ့်လည်း မျက်စိပိတ်နားပိတ်နဲ့ ကိုမျိုးနောက်လိုက်ရမယ့်အတူ အဲ့ဒီဘက်အားထားစရာ ကိုယ့်လူတစ်ယောက်လောက်ရှိတယ်ဆိုတော့ အားတော့အလိုလိုရှိသွားမိတယ်။
ဖြိုးလိုသူငယ်ချင်းဟာ ယုအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ သူငယ်ချင်းကောင်းစစ်စစ်ပါပဲ။
*****************************
"အဟွတ် အဟွတ် အဟွတ်"
"ဟာ ကျွတ် မင်းဖျားနေတာက ရိုးရိုးရော ဟုတ်ရဲ့လား၊ ကိုဗစ်များဖြစ်နေတာလား၊ တော်ကြာငါ့ပါကူးနေဦးမယ်၊ ငါ အမေတို့အိမ်ခဏပြန်နေတော့မယ်"
"ဟင် ယုမှာ ကိုယ်ဝန်ကြီးနဲ့လေ ကိုမျိုးရဲ့၊ နေလည်းမကောင်းတော့ ဘာမှလုပ်နိုင်တာမဟုတ်ဘူး၊ ဘေးမှာကိုမျိုးရှိနေတော့ တော်သေးတာပေါ့"
"မင်းဖျားတာက ကိုဗစ်အဖျားဆိုဘယ်လိုလုပ်မလဲကွ၊ ငါ့ဦးလေးအိမ်ကို မင်းကိုကြည့်ပေးဖို့ မှာခဲ့မယ်၊ ငါ့အိမ်ပဲပြန်နေတော့မယ်"
စိတ်ပျက်အားလျော့တဲ့အကြည့်ကလွဲရင် ယုဘာမှပြောလိုစိတ်မရှိတော့ဘူး။ ဒီရောက်ကတည်းကလည်း ကိုမျိုးပုံစံက အလွတ်ရုန်းချင်တဲ့ပုံပေါ်နေမှန်း တစ်နေ့ထက်တစ်နေ့ သိသာလာတယ်။ ယုမှာရင်ဖွင့်စရာ၊ အားကိုးစရာ ဖြိုးပဲရှိတော့တယ်။ ဖြိုးကတော့ စိတ်တွေတိုပြီး စိတ်ရှိသလောက် အားရတဲ့အထိပြောတော့တာပဲ။
နေ့စဉ်နဲ့အမျှ မျက်ရည်ကိုပဲ အဖော်ပြုရင်း အားငယ်နေရတဲ့ဘဝမှာ ဘေးနားမှာ ဖြိုးအဒေါ်ရှိနေလို့သာ။ တစ်ယောက်ထဲသာဆို ကိုယ့်ကိုယ်ကိုယ် တစ်ခုခုလုပ်ပစ်မိလောက်တယ်။ အိမ်ကိုလည်း ဒီအခြေအနေရောက်မှ မပြန်ချင်တော့ဘူး။ မိဘတွေကို အမြဲအအေးပေးလာသူမို့ အပူမပေးချင်။ ဖြိုးကတော့ မွေးဖို့ဖွားဖို့ ဘာမှမပူနဲ့ သူအကုန်စီစဉ်ပေးမယ်လို့ ပြောရှာတယ်။ ရွာကဆရာမကတော့ ယုအခြေအနေနဲ့ ရိုးရိုးမွေးဖို့ အဆင်မပြေနိုင်လောက်ဘူးတဲ့။ ခွဲမွေးရမယ်တဲ့။ ဖြိုးကတော့ ကလေးကိုမွေးပြီးတာနဲ့ ကိုမျိုးအိမ်ပို့ခိုင်းနေတယ်။ ယုကို သူ့ဆီပြန်လာဖို့ သူအကုန်စီစဉ်မယ်တဲ့။
***********************************
"ယုမွန် နင်နေကောင်းရဲ့လား၊ နင်ဘာမှအားမငယ်နဲ့နော် သိလား၊ နင့်အနားမှာ ငါတစ်ယောက်လုံးရှိတယ်"
"အေးပါ ဖြိုးရယ်၊ ယုလေ ဖြိုးကိုကျေးဇူးအများကြီးတင်ပါတယ်၊ ပြန်ဆပ်လို့တောင် မကျေနိုင်လောက်ပါဘူး ဖြိုးရယ်"
"မလိုပါဘူး ယုမွန်ရယ်၊ နင်လုပ်ရမှာက အဲ့ဒီလိုကောင်ကို အလှဆုံးလက်စားချေဖို့ပဲ၊ အဲ့ဒီအတွက် နင်ကျန်းမာနေရမယ်၊ ငါဒီမှာ နင့်အတွက်မွေးဖွားဖို့စရိတ်ကို ရင်းနှီးတဲ့သူတွေဆီမှာ အလှူလိုက်ခံနေတယ်၊ အခုလည်း စားဖို့သောက်ဖို့ နည်းနည်းပို့လိုက်တယ်၊ အားရှိအောင်နေ၊ ရွာထဲကကျန်းမာရေးဆရာမနဲ့ သေချာပြနော်၊ စားချင်တာရှိရင်လည်း အဒေါ့်ကိုပြော အားမနာနဲ့"
"အင်းပါ"
"အသံကပျော့ဖတ်ဖတ်နဲ့ ဘာဖြစ်နေတာလဲ၊ စိတ်ပျော့တာတွေအဲ့ဒီမှာ အပြီးသတ်ထားခဲ့လိုက်ယုမွန်၊ စိတ်နုတဲ့သူတွေကို လူတွေကအမြဲအနိုင်ကျင့်တတ်ကြတယ်၊ ဪ တစ်လက်စထဲပြောလိုက်မယ်၊ နင့် ကိုမျိုးက လိုင်းပေါ်မှာနောက်တစ်ယောက်တောင်ရနေပြီ"
ဪဆိုတဲ့တစ်ခွန်းပဲ ပြောလိုက်နိုင်တယ်။ မကိုမခင်တော့ ဥကိုလည်း ဘယ်ခင်ပါ့မလဲ။ ဖြိုးပြောသလို မွေးပြီးတာနဲ့ သူ့မိဘအိမ်ကို သွားပေးပစ်မယ်။
ထွက်သွားပြီးကတည်းက နောက်ကိုတစ်ချက်လေးတောင် လှည့်မကြည့်တဲ့ ကိုမျိုးကိုလည်း ယုစိတ်နာနေပြီ။ ယုအပေါ်ဆက်ဆံခဲ့တဲ့ ဆက်ဆံရေးမှန်သမျှက အပေါ်ယံဟန်ဆောင်ဆက်ဆံရေးတွေဆိုတာကို တစ်ဘဝလုံးနဲ့ရင်းပြီး ယုသိလိုက်ရပါပြီ။ နောက်ကျသွားပြီလို့ ထင်စရာရှိပေမယ့် ယုပြိုလဲသွားလို့မဖြစ်သေးဘူး။ ယုပြန်ထရမယ်။ ယုဘဝကို ယုအကောင်းဆုံးပြန်တည်ဆောက်ရမယ်။ ဒီကလေးကို သူတောင်မှ မလိုချင်တာ ယုလည်းဘာလို့ ယူထားရမှာလဲ။ မွေးပြီးတာနဲ့ သွားပေးပစ်မယ်။ ဒီကလေးကိုမြင်တိုင်း ယုကိုစွန့်ပစ်ခဲ့တဲ့ သူ့အပြစ်ကိုသူ သတိအမြဲရနေစေရမယ်။
ပါးပြင်ပေါ်စီးကျလာတဲ့ မျက်ရည်တွေကို ယုမွန် မသုတ်ဘဲထားလိုက်တယ်။ နောက်ဆုံးမျက်ရည်အဖြစ်နဲ့ အားရပါးရ စီးကျခွင့်ပေးလိုက်တယ်။
"အား ကျွတ် ကျွတ်"
ဗိုက်ထဲက သိသိသာသာရုန်းကန်လှုပ်ရှားသွားတဲ့ လှုပ်ရှားမှုကြောင့် ယုမွန် အငိုရပ်ပြီး မျက်လုံးလေးအပြူးသားဖြစ်သွားတယ်။ လက်နဲ့အသာဖွဖွစမ်းကြည့်လိုက်တဲ့အချိန် ဗိုက်ထဲကနေ တစ်လိမ့်ဆီတိုးနေတဲ့ အထိအတွေ့မှာ ယုခံစားနေရတဲ့ သောကတွေအားလုံးကို မေ့သွားတယ်။ သူလေး၊ သူလေး ငါ့ဗိုက်ထဲမှာ လှုပ်ရှားနေပါရောလား။ ဘာလေးပါလိမ့်။ ဘာလေးဖြစ်မှာပါလိမ့်လို့ တွေးရင်း တစ်လောကလုံးကို ခေတ္တခဏတော့ ယုမွန်မေ့လျော့သွားပါတော့တယ်။
မမနိုင်
0 Comments