ဝတ္ထုတို အမည် - ပျိုလေးတို့အိမ်ခေါင်မိုး ထိုးလာပါတဲ့ ပေဖူးလွှာ
စာရေးသူ - ခင်ခင်ထူး
Short Story
-------------------------------------------------
ပျိုလေးတို့အိမ်ခေါင်မိုး ထိုးလာပါတဲ့ ပေဖူးလွှာ
#ခင်ခင်ထူး
"မထူး၊ မြေးကလေး ဖွေးနှင့် ဆရာ ...
ညီးတို့ ဂဒေါသွား စာပေဟောဒါ ပြန်ရောက်လောက်ပီထင်လို့ နေဇော်ကို အမေ လွှတ်လိုက်တာ၊ ပဲဒေ ဘာဒေ ပါခဲ့လား၊ အမေ စားချင်လို့၊ ဂဒေါနဲ့ ဥဒယက တဇာတ်ထဲ ဆိုဒေါ့ ရွာပဲ လွန်းလို့ပါအေ"
ကျွန်မတူကလေး ယူလာသောစာကို ဖတ်ပြီး အမေ့ဖို့ ပဲနှစ်ပြည်လောက်အပြင် အရင်ဟောပြောပွဲတွေက ပေးလိုက်သည့် နှမ်းဆီတွေပါ ထည့်ပေးလိုက်ရသည်။ အမေ့စာထဲက ဂဒေါဆိုတာ ကျွန်မတို့ဇနီးမောင်နှံ စာဟောပြောပွဲ ရောက်ခဲ့ကြသော မြင်းခြံနယ်က ကတောရွာဖြစ်ပါသည်။ ရှေးကတော့ ခံတော် အရေးရှိခဲ့သည်။ အမေရေးသလို ကတောနှင့် ကျွန်မတို့ ဥဒယရွာက မဝေးပါ။ ဝေးလှလျှင် နှစ်မိုင်ပေါ့၊ ကျွန်မတို့ရွာ အရှေ့ထွက်ပြီး ကြည့်လိုက်လျှင် ကတောရွာ အုပ်အုပ်ညိုညိုကို လှမ်းမြင်ရပါသည်။ တမြင်းခင်းကြိုး တကြောင်းတည်းလို့ ဆိုလိုခြင်းဖြစ်ပါသည်။
ကျွန်မတို့ ကတောရောက်တော့ မွန်းတည့်ပြီ။ နေ့လည်စာတောင် ကတောမှာပဲ စားကြရသည်။ စားပြီးတော့ ကျွန်မတို့ နဂိုအစီအစဥ်ဖြစ်သည့် ဥဒယရွာကို ကူးဖို့ ကတောရွာက စီစဥ်ပေးရှာပါသည်။ ကားလည်းရှိသည်။ လှည်းနှင့်သွားတော့လည်း ဖြစ်ပါသည်။ ကတောနှင့် တကြောတည်း ဆမိတ်ခုံကို နောက်ပြန်ဆုတ်ပြီး ဆမိတ်ခုံကမှ မြစ်ကြောင်းအတိုင်း ပဲ့ထောင်စက်လှေနှင့် သွားတော့လည်း ဖြစ်ပါသည်။ ဒါပေမယ့် ဘယ်ခရီးကမှ အဆင်မပြေပါ။ ကျွန်မတို့ဟောရမည့်ရက်တွေထဲမှာ မိုးက အိုးကြီးမှောက် ရွာပြီးစဆိုတော့ ဥဒယရွာကို ကူးရမည့် ချောင်းချင်းဆက်လက်တွေ ပျက်ကုန်ကြပြီ။ ခရီးအလိုတော့ နှစ်မိုင်လောက်သာရှိသောခရီးကို ယာခရိုးအခြေက သုတ်ခြေတင်သွားလျှင် ရောက်နိုင်ပါရဲ့။ သို့သော် ကျွန်မတို့မှာ ဟောပြောပွဲမီအောင် ပြန်ဖို့ကရှိတော့ ခြေကျင်လျှောက်ဖို့ကလည်း ခက်ပါသည်။ သည်ကြားထဲ သမီးက ပါသေးတော့ ကလေးကို ငဲ့ရသေးသည်။ လိုက်ပို့သည့်ကားတွေ ရှိပေသိ လမ်းက ပျက်ချင်းမလှပျက်ကြပြီဖြစ်ရာ ရွာက ကားမောင်းပြီး "ရသလောက်ပို့ပါ့မယ်၊ ဥဒယက တဝက်စာ လာကြိုရင် ဖြစ်ပါတယ်"လို့တော့ ပြောရှာသား။ ကျွန်မတို့ကပဲ ငြင်းလိုက်ရသည်။
ဆမိတ်ခုံဘက် နောက်ပြန် ဆုတ်ပြီး စက်လှေနှင့်လိုက်ရပြန်တော့ ရေစုန်မှာ မြန်နိုင်ပေသိ ခရီးအပြန် ရေဆန်လှန်တက်လျှင် ကြာဦးမှာကိုး။ သည်လိုနှင့် လှမ်းမြင်နေရသော ကျွန်မရွာ ဥဒယကို မရောက်ဖြစ်ခဲ့ရပါ။ လမ်း မကောင်းသော်လည်း ရွာမှာ တယ်လီဖုန်းရှိနေလို့ ဖုန်းဆက်တော့ ကျွန်မညီမတွေ ကဆုန်ပေါက် ရောက်လာကြသည်။ တွေ့ရရုံပါပဲ။ ကျွန်မ တွေ့ချင်၊ ကန်တော့ချင်သော ကျွန်မကြီးတော်ကြီးနှင့် တွေ့ ခွင့်မရတာကို စိတ်မကောင်းဖြစ်ရသည်။ ကတောရွာ စာကြည့်တိုက်ဖွင့်ပွဲမှာ ဟောပြောဖို့ ဖိတ်ကြားပါပြီဆိုကတည်းက အမေ့ကို ကျွန်မ ဦးဦးဖျားဖျား လှမ်းပြောရပါသည်။ ကတောနှင့် အမေ့ရွာ ဥဒယက ပွင့်ဖတ်နှင့် ပွင့်ညှာ မဟုတ်လား။
အမေက "ဥဒယတော့ ကူးလိုက်ပါအေ၊ ငါ့အစ်မ တွေ့ခဲ့ပါ။ ကန်တော့ခဲ့ပါ" လောက်သာ ပြောခဲ့သည်။ နောက်တော့ စိတ်ကူးရလို့လားမသိပါ။ စာတိုကလေး တစ်စောင် ရောက်လာခဲ့သည်။
“မထူး ... ဂဒေါရောက်ရင် ဥဒယကို ခနတဖျုတ်သွားလိုက်အုံး .... ငါ့အစ်မ အသက် ၉ဝ ရှိဘီ။ ပဲလွမ်းစိ စားပြီး အသက်ရှေလိုက်ဒါ။ အမေ ကဒေါ့ မသွားနိုင်တော့ဘူး။ ညီးသာ ရောက်အောင် သွားပီး တတ်စွမ်းသမျှ ဂဒေါ့ခဲ့ပါ။ ညီးဒို့ဂို စောင့်ရှောက်ခဲ့ဒါ.. ကျေးဇူးရှိဒယ်။ ဒီတစ်သက် ညီအစ်မချင်း မတွေ့နိုင်တော့ဘူး ထင်ပါရဲ့။ ပရုပ်စီလေး၊ ရက်ဆားလေး ဝယ်သွားအုံး
အမေ"
အမေရေးသလိုပင် ကျွန်မတို့မောင်နှမတစ်တွေ ကျောင်းပိတ်လို့ ရွာပြန်ကြပြီဆိုလျှင် ကြီးတော်တို့အိမ်က ဒိုင်ခံ ချက်ပြုတ် ကျွေးမွေးနေကျ။ အဘကလည်း ရှိသေးတော့ ကျွန်မတို့အဖို့ရာ ဘိုးရိပ်ဘွားရိပ်မှာ အပူအပင် မရှိခဲ့ကြရ။ တစ်နေ့လုံး ရွာထဲမှာ မီးဝင်းဝင်းတောက်အောင် ကစား၊ မောကြပြီဆိုတော့မှ ချွေးတလုံးလုံးနှင့် ပြန်လာကြပြီး ကြီးတော်ထမင်းအိုးထဲက ထမင်းကို ဝေသာလီပြည် ဘီလူးကျသလို ဘေးတုတ်အောင် စားခဲ့ကြသည်။ ကျွန်မတို့ ကဲသမျှ ဆိုးသမျှ သည်းခံရှာသော ကြီးတော်၊ ကျွန်မ၏ဒုတိယအမေ။ အခုတော့ အသက် ကိုးဆယ်ကျော်ရှာပြီ။ အမြင်အာရုံ ချို့ရှာပြီ။ ကျွန်မ ရောက်သွားလျှင် ခုထိ နဖူးတွေ၊ ပါးတွေ၊ လက်တွေကို စမ်းတုန်း။ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျတုန်း။ ကျွန်မရောက်ရမှာပေါ့၊ ရောက်မှ ဖြစ်မှာပေါ့။ ဥဒယရွာက အဖေ့ရွာ၊ အမေ့ရွာ၊ ကျွန်မ ကြီးပြင်းခဲ့ရသော ရွာ။ လက်နှင့် လှမ်းပုတ်လို့တောင်ရသည့်နေရာ၊ ရောက်မှတော့ သွားလိုက်စမ်းမပာဲ့ဆိုသည့် စိတ်သည်ပင် သွားလမ်း မသာဘူးဆိုလို့ အညွန့်ဆိတ်လိုက်သလို ညှိုးခဲ့ရသည်။ ကျွန်မတို့တစ်တွေမှာ ခုချိန်အထိ တစ်ရွာ့တစ်ရွာ သွားဖို့လာဖို့ ခက်တုန်းပါလား လို့လည်း အောက်မေ့မိရပါ၏။ ဂင့်ဂဲကျောင်း၊ ဆမိတ်ခုံကျောင်း တက်ရသည့် ကလေးတွေခမျာလည်း ခဲခဲယဉ်းယဉ်း ရှိကြရော့မည်။ ရောဂါရယ်၊ ဝေဒနာရယ်ဖြစ်လို့ ဆေးရုံဆေးခန်း သွားရမယ်ဆိုတော့ကော သည်လိုပုံနှင့် မိုးကြီးချုပ်ရချေလိမ့်မည် ထင်ပါသည်။
ရွာမရောက်ခဲ့ရသည့်အကြောင်း အမေ့ကို ပြောပြလျှင် စိတ်ချမ်းသာရှာမည်မဟုတ်။ အမေက “ရွာကပဲ လွန်းလို့ပါအေ"တဲ့။ ရွာက “ပဲ”ကို လွမ်းတယ်လို့ ရေးရှာတာပါ။ "ပဲချင်းအတူတူ ရွာက 'ပဲ'မှ လွမ်းရော့လား အမေရယ်" လို့ကျွန်မ မပြောရက်ပါ။ အမေတို့က တောင်သူမျိုးရိုးတွေဆိုတော့ မြေသီးနှံတွေကြား ကြီးခဲ့ရသူများဖြစ်သည်။ သည်မြေ၊ သည်ရေ၊ သည်လေကို အင်မတန် စွဲလန်းကြရှာတာ ကျွန်မသိပါ၏။ ရွာငရုတ်မှ ဆိမ့်တယ်၊ ရွာနှမ်းကိုကြိတ်မှ နှမ်းဆီစစ်တယ်၊ ရွာကြက်သွန်မှ အနှစ်ကောင်းတယ်၊ ယုတ်စွအဆုံး ရွာဘူးရွက်မှ ဟင်းချိုတယ်လို့ တစ်သက်လုံး မှတ်ယူခဲ့ကြသူတွေဆိုတော့ ရွာသီးနှံ နှင့် ကြီးပြင်းခဲ့ရသူ အမေ့ခမျာ သူ့ရွာ သူ့မြေက ထွက်သည့် ပဲကို လွမ်းမယ်ဆို လွမ်းစရာပါ။ အမေ့စာကို ကျွန်မ သိမ်းနေကျ ဖိုင်ထဲ မထည့်ခင် တစ်ခေါက်ဖတ်တော့ နောက်မှာလည်း စာပါပါသေးသည်။
“ညီးအဖေ ပဲဂျော်ထဲ့နေကျ ဖံပလင်းကြီး ကွဲသွားဘီ။ တရခံရှာ မတွေ့ဘောင်အေ၊ ဖံဂွဲဒေကော ဆိုတော့ အမှိုက်ကားလာလို့ ပစ်လိုက်ကြသဒဲ့။ သေများသေချင်ဒယ်။ အိမ်မှာ ဒို့နဲ့ ၄၇ နှစ်လုံးလုံး အတူနေခဲ့သဲ့ ဖံပလင်းကြီး ကွဲသွားဒါ အမေ စိတ်မကောင်းဘူး။ ပလင်းဂွဲကို အသာ မထားကြဘဲ ပစ်လိုက်ကြဒေါ့ အမေ့မှာ ထမင်းတောင် မစားနိုင်အောင်အေ။ ဖြစ်ရပုံများဒေါ့။ ဖံပလင်းကွဲပေသိ ညီးအဖေတသက်လုံး အိပ်ရာဘေးထားလာခဲ့ဒါ ညီးအသိဆုံး။ ကိုယ့်အိမ်ကိုယ့်ဝင်းထဲမှာ မြေထဲ မြှုပ်ထားအုံးဒေါ့ ကိုယ်နဲ့အတူ ယှိနေသေးဒါပေါ့။ ဂုခစ်ကာလ သားသမီးများ သံယောဇင်နဲချက်ဒေါ့ အမေဒို့စိတ်နဲ့ ကွာသွားပီ။ မြေးလေးဖွေး ကျောင်းသွားသလား။ မြေးလေး အမေကြီးဆီ လာခဲ့အုံး။ မထူး, ဥဒယအကြောင်းတွေ ပြောလဲ့အုံး”
အမေ့ဗလာစာရွက် နောက်ကျောဘက်မှာပါသော သီးခြားအကြောင်းအရာဖြစ်သည်။ အမေ့စာကိုဖတ်ပြီး အမေဘယ်လို ခံစားရမည် ဆိုတာကို ကျွန်မသိပါသည်။ အိမ်မှာ တစ်သက်လုံးရှိနေခဲ့သော ဖန်ပုလင်းကြီး ကျကွဲသွားတာကို နှမြောလွန်လွန်းလို့ ထည့်ရေးလိုက်တာမှန်း ကျွန်မ သိနေတော့ ဖြစ်မှဖြစ်ရလေလို့ တွေးမိသည်။ ကျွန်မတို့အိမ်မှာက လူအဝင်အထွက်ကလည်း များသကိုး။ လူအဝင်အထွက် များတယ်ဆိုလို့ သူစိမ်းရယ်လို့တော့ ရှိခဲပါသည်။ သားတွေ မြေးတွေ ခြေချင်းလိမ်နေကြတာပဲ ဖြစ်ပါ၏။ ကော်ဘူးတွေ၊ ပလတ်စတစ်ဘူးတွေ ပေါများနေသည့်ခေတ်မှာ ဖန်ပုလင်းကြီးတစ်လုံး ကျကွဲသွားတာ ဘာမှမဟုတ်တော့ပါဘူး ဆိုပေသိ အမေ့အဖို့တော့ နားတောင်းတစ်ဖက်ပြုတ်ကျသလို ရှိနေရှာပုံရပါ၏။ တရားခံမတွေ့ပေါင်အေ ဆိုလို့ ပြုံးမိရသည်။ ဘယ်သူ့ကြောင့် ကွဲတယ်ဆိုတာ လက်သည်မပေါ်ဘူးလို့ ဆိုလိုချင်တာပဲဖြစ်သည်။ အဖေနှင့် အမေတို့က အညာကျေးတောနေ ကျေးတောကြီး တောသူတောင်သားတွေဆိုတော့ “ပဲ”မပါလျှင် ထမင်းမမြိန်တတ်ကြသူတွေပင်။ ဟင်းဘယ်လောက်ကောင်းကောင်း ပဲကြော်ကလေး ဖျောက်ဖျောက်ဖြူးလိုက်မှ ခံတွင်းမြိန်ကြသူတွေမဟုတ်လား။ အဖေ့ဖို့ ပဲကြော်တစ်ဆုပ်ရှိလျှင် ဟင်းမလိုသူ ဖြစ်ပါ၏။
သည်တော့ ရွာပဲကလေးကို ရေတစ်ညစိမ်၊ အခွံခွာပြီး အိမ်မှာတင် ပဲကြော် မပြတ်အောင် ကြော်ထားရသည်။ ပဲကြော်မွမွကို ဖန်ပုလင်းကြီးထဲထည့်ကာ အဖေ့အိပ်ရာဘေး တင်ပေးထားရသည်။ ပဲကြော်က အဖေ့သရေစာ။ အမေတို့ခေတ်ကာလက ငွေကြေးကလည်းရှားတော့ အိမ်ထောင်မှုပစ္စည်းဆိုတာ ပြည့်စုံနိုင်ခဲသည်။ သည့်ထက် ပိုတာက မြတ်နိုးမှုတန်ဖိုးဖြစ်သည်။ အိမ်ကပစ္စည်းတိုင်းကို ဘယ်အရပ် ဘယ်နေရာမှာ ဘယ်သူနဲ့ ဝယ်တာ၊ ဘယ်လောက်ပေးခဲ့ရတယ် ဆိုတာကအစ မမေ့နိုင်ကြသူတွေဆိုတော့လည်း နှမြောရှာကြပေမပေါ့။ ပုလင်းကွဲ၊ ဖန်တောင် အိမ်ထဲတင် မြေမမြှုပ်ရအေဆိုတာ အမေ့စိတ်ရင်း အမှန်ပင်။ အိမ်မှာ တစ်သက်လုံးဦးဆွေးဆံမြည့် အမှုတော်ထမ်းခဲ့သည့် သစ္စာခံ ဖန်ပုလင်းကြီး ကျဆုံးခဲ့ရပြီ။ ခမျာ ကွဲကာမှ ခွဲခွာရလေခြင်း ရယ်လို့ ခံစားရပုံပေါ်ပါ၏။
အမေ့ဆီက စာတိုကလေးတွေ ကျွန်မတို့အိမ်ကို ရောက်လာနေကျ။ ရောက်တိုင်းလည်း စာတိုစာရှည်တွေအားလုံး အိတ်ဖိုင်တစ်လုံးထဲထည့်ကာ ကျွန်မ သိမ်းဆည်းထားနေကျ။ အမေ့စာတွေက အမေ့စိတ်ကို ထင်ဟပ်စေရုံမက၊ နောက်ကြောင်း ရာဇဝင်ကလေးတွေကလည်း ပါတတ်လေတော့ တစ်မျှင်ဆွဲလျှင် တစ်ထွေးကြီးပါရတာမျိုး ဖြစ်ပါ၏။ အမေ့စာရလို့ရယ်မဟုတ်ပါ။ မန္တလေးအနောက်စွန်း မြစ်ဆိပ်မှာ နေသည့် အမေ့အိမ်ကို မန္တလေး အရှေ့စွန်းမှာ နေကြသည့် ကျွန်မတို့မိသားစု တစ်ပတ်တစ်ကြိမ် ကားငှားပြီး သွားနေကျပါ။ အမေ ကြိုက်လောက်သည့် မုန့်ပဲသရေစာကလေးတွေနှင့် အမေသုံးနိုင်အောင် ကန်တော့ငွေကလေး လက်ရောက်ပေးနိုင်တာရော၊ အမေ့ကျန်းမာရေးကိုပါ သိရအောင် မရောက်ရောက်အောင် သွားကြမြဲဖြစ်ပါ၏။ ဟောပြောပွဲတွေ စီစဉ်ကာ လက်ခံထားလျှင်တော့ အမေ့ဆီ မရောက်ရပြန်ပါ။ များသောအားဖြင့် ရွာတွေမှာ ဟောပြောလျှင် ရွာထွက်၊ ဒေသထွက်ကလေးတွေ ထည့်ပေးလေ့ရှိကြတော့ အမေ့ကို ဦးဦးဖျားဖျား ခွဲဝေ ကန်တော့ရတာလည်း ရှိသည်။ မန္တလေးမှာရှိနေလျှင် ကျွန်မတို့မိသားစု ပုံမှန်ရောက်ပါ၏။ တစ်ပတ်က နှစ်ပတ်မရောက်လျှင်တော့ အမေ့စာတိုကလေးတစ်စောင် ရောက်လာတော့သည်။ ကန်တော့ကအပြန် အမေ့အိမ်ရောက်ပြီးလို့မှ မကြာသေး၊ စာတိုကလေးတစ်စောင် ထပ်ရောက်လာပြန်သည်။ ဖန်ပုလင်းကြီးအကြောင်းကလည်း ထပ်ပါလာပြန်ပါ၏။
“ဆရာ, မထူး, မြေးကလေး ဖွေး....
အမေနေကောင်းဒယ်။ မိုးတွေ ရွာလို့ အမေအိမ်ပေါ်မှာနေရဒယ်။ ဟိုရောက် သည်ရောက် ရှောက်တွေးဒေါ့ ရွာက မဂျမ်းအကြောင်း တွေးမိဒယ်။ ဒို့က မမဂျမ်းခေါ်ကြဒါပေါ့အေ။ အဖေ့နှမက မွေးဒါ။ မမဂျမ်းယောက်ခမက နဘူးအိုင်ဘက်က ပတ်ဆံရှိဒယ်။ သူတို့ဘက် ထန်းပင်တွေ၊ ထန်းတက်သမားက အသံကောင်းဒေါ့ ဒီကောင် မင်းသားလုပ်ခိုင်းရင် ဖြစ်တယ်ဆိုပီးဒေါ့ ဇတ်ထောင်ဒယ်။ အကမကောင်းပေသိ အသံမဆိုးဘူးပေါ့အေ။ သဒါရုံအောင် လှတင်ဒဲ။ အကသင်ဒေါ့ တတ်ရှာပါရဲ့။ အသံကဒေါ့ ပျာရှပ်ရှပ်ပါ။ အဲဒီဇတ် ရွာကဒေါ့ ဇတ်ထုတ်ထွက်တာ ရှင်ဘုရင့်ဆင်ကြီး တောထဲ စိတ်ဆိုးပီး ထွက်သွားလိုက်ဒါ ၃ နှစ်ကြာဒယ်။ ဆင်ဖမ်းဒဲ့လူဒေ သွားဖမ်းဒေါ့လည်း မလိုက်ဘူး။ ရှင်ဘုရင်က ငါကိုယ်တိုင် ဖမ်းမယ်ဆိုပြီး တော်ထဲလိုက်ဒါ ဆင်ကြီးက ပါလာပါလေရော။ အဲဒါပြဒေါ့ မမဂျမ်း ယောက်ခမက ပွဲခင်းထဲ ငိုရော။ ဘေးက ဝိုင်းမေးကြဒေါ့ ငိုရင်းနဲ့ ပြောသဒဲ။ ငါ့ဆွမ်းအုပ်ကြီး တိုက်သွင်းဘို့ ယွန်းဆရာ အပ်ထားဒါ ဂျပန် ၃ နှစ် ဝင်လိုက်ဒါ တိုက်ဆရာလဲပျောက် ဆွမ်းအုပ်ကြီးလဲပျောက်။ အဲဒါ သဒိရလို့ဒဲ့။ ပွဲခင်းထဲက ဆင်ကမှ ဘုရင်လိုက်ဖမ်းလို့ ပါလာသေးအေ၊ ငါ့ဆွမ်းအုပ်ဒေါ့ ဆုံးပါပကောဆိုပီး ငိုဒါဒဲ့။ ရွာက ရီကြဒါပေါ့။ မမဂျမ်းယောက်ခမသာ ပြောဒါ။ အမေလဲ မထူးဘူး။ ကြုံရဘီ။ ဒို့အိမ်က ကွဲသွားဒဲ့ ဖန်ဘူးဂျီးက ဘုရင့်ဆင်ပျောက်သာဒဲ့ ဆိုးဒယ်။ ညီးအဖေနဲ့အမေ အိမ်ထောင်ကျဇက မြင်းခြံဆယ့်နှမုတ် ဘုရားပွဲမှာ ဝယ်ဒါ။ ဒါတောင် ညီးအဖေက ဝယ်ရဘမလားလို့ ငေါက်သေးဒါ။ ဖန်ဘူးဝယ်သာ ပြောမဆုံးဘူး။ အဖေ လှေထွက်ခါနီး ပဲတဘိတ်သာကျော်ကျော်လောက် ကျော်ပီး ထည့်ပေးရင် အတော်ပဲ။ တစ်ခါဒေါ့ ညီးအဖေက ဖန်ဘူး မပြောမဆိုနဲ့ မြေတော်က သူ့ဂျီးဒေါ်
ကို အောက်အရပ်က ဝယ်လာဒဲ့ ဒမင်းငပိထည့်ပေးခဲ့ဒါ။ ရွာလှေစိုက်တော့ ဘယ်မှာဒုံး ဖန်ဘူးဆိုတော့ ငါ့ဂျီးဒေါ်ကို ငပိထဲ့ပေးခဲ့ဘီဒဲ့။ စာရေးရဒါ မကောင်းဘူးအေ။ ဘောပင် မကောင်းရွေ့။ လက်ရေးသီးခံဖတ်ပါ။ ဖွေးတို့မိသားစု ...
အမေ”
သည်တစ်ခါ စာက ရှည်လို့ စာရေးရတာ မောသွားပုံရသည်။ အမေ့ခမျာ ပျင်းရှာရော့ ထင်ပါ၏။ အရင်က အိမ်မှာ ကျွန်မတို့မောင်နှမတွေ တထွေးထွေး၊ မြေးတွေ တဝေးဝေးနှင့် ရှိခဲ့တာကိုး။ ချက်တာ ပြုတ်တာကလည်း ကိုယ်တိုင်ချက်ရမှ ဆိုတော့ အိမ်မှာ ဝင်တစ်လုတ်၊ ထွက်တစ်လုတ် စားကြတာများ အလှူအိမ် ရုံစမ်းကျွေးနေသည့်အတိုင်းပင်။ အမေ့မှာ မီးဖိုချောင်က ထွက်ရသည် မရှိခဲ့။ အမေကိုယ်တိုင်ကလည်း ချက်ထား ပြုတ်ထားသမျှ စားကြရော့ ဆို သလို တိုက်ချက်နေကျ။ ကျွန်မအဖေနှင့် အစ်ကိုကြီး ရှေ့ဆင့်နောက်ဆင့် ဆုံးရှာတော့ အိမ်မှာ လူနည်းသွားပါကောရယ်လို့ အမေ အင်မတန် စိတ်ဆင်းရဲရှာသည်။ ကျွန်မတို့ မိသားစုအဖို့ရာတော့ ကျေးဇူးရှင်နှစ်ဦး ခွဲခွာသွားကြ သလိုပါပဲ။ အဖေက လှေနှင့်တက်နှင့် လုပ်ကိုင်ကျွေးမွေးခဲ့သလို၊ အဖေ မကျန်းမာတော့ အစ်ကိုကြီးက အဖေ့လက်ထဲက တက်ကို လက်လွှဲကိုင်ရတော့သည်။ ပဲခူးချောင်ဘက် မြစ်ကျိုးဘက် မော်တော်တစ်စင်းနှင့် သစ်နဝလီ၊ ဝါးနဝလီ လုပ်ကိုင်ရင်း ကျွန်မတို့ဆီကို ငွေလှမ်းပို့ရှာကြသည်။ သို့သော်လည်း အမေ့ပတ်ဝန်းကျင်မှာ ကျွန်မတို့တစ်တွေ ဝန်းရံကြတုန်းဆိုတော့ ကျန်သည့် သားသမီးမြေးသားတွေနှင့် အမေ့ခမျာ ငှက်တောင်သိမ်းသိမ်း နေနိုင်ရှာခဲ့ပါ၏။
ကျွန်မအစ်ကိုလတ်က သားသမီးသုံးယောက် အိမ်ထောင်နှင့် အမေတို့ရပ်ကွက်နှင့် မနီးမဝေး ဧရာထွန်းရပ်ကွက်မှာ နေကြတာ ဆိုတော့ ဝင်ခလုတ်ထွက်ခလုတ် ရောက်ကြသည်။ မောင်အငယ်ဆုံးက အမေ့အိမ်နှင့် သုံးဝိုင်းကျော်လောက်မှာ သူ့အိုးသူ့အိမ်နှင့်။ ကလေးသုံးယောက် ရှိတာကလည်း အမေ့အိမ်မှာ အနေများပါသည်။ ထိုစဉ်က ကျွန်မနှင့် ကျွန်မမောင် နို့ညှာကောင်က အမေနှင့် အတူတူနေကြတုန်း။ သားအမိသုံးယောက် တစ်ဘဝပေါ့။
“ဟိုတန်းကတော့ ငှက်သိုက်ကြီးလိုပါအေ.. ကျီကျီကျာကျာနဲ့ ပိစိပိစိနဲ့ ငှက်ကလေးတွေ သားကျလို့ ... နောက်တော့ အပျံသင်လို့ လေဟုန်စီးနိုင်ကြရော.. ငှက်ကလေးတွေလည်း အသိုက်ကြီးက ခွာကြရော.. အသိုက်ဟောင်း လောင်း ငှက်ဟောင်းလောင်း ကျန်ခဲ့သာပါပဲ”
အမေက တစ်ယောက်စီ တစ်ယောက်စီ အိမ်ထောင်ကျလို့ အိမ်က ခွဲကြသည့်အခါ ပြောနေကျစကားဖြစ်ပါ၏။ အမေ့ဥပမာက ရိုးပေသိ အကောင်းဆုံးဥပမာ မဟုတ်လား။ တစ်ခါတလေတော့ မြင်းခြံက မန္တလေးကို ပြောင်းမယ်ကြံ တော့ အဖေက “ခွေးမြုံကလေးလို ကောက်ပွေ့ရလွယ်တုန်း ရွှေ့ကြမှ ရှင်မရေ ... သားသမီးတွေ အရွယ်ရောက်ကြလို့ တစ်ကောင်စီ ကွဲကုန်ရင် တစ်မြို့တစ်ရွာစီ ဝေးကုန်ကြလိမ့်မယ်။” လို့ ပြောခဲ့သည့်စကားကို အမေ တခုတ်တရ ပြောတတ်ပါသည်။
နောက်တော့ ကျွန်မလည်း အိမ်ထောင်ကျပြန်လို့ အမေ့အသိုက်ထဲက လောကဝေဟင်ထဲ ပျံဝဲခဲ့ရပြန်ပါ၏။ အိမ်မှာ အမေနှင့် သူ့သား နို့ညှာ လူပျိုကောင် နှစ်ယောက်တည်း ရှိရတော့ အမေက အဝေးက သားသမီးတွေဆီ စိတ်ရောက်ရှာသည် ထင်ပါသည်။ အမေ့အိမ်နှင့် ကျွန်မတို့နေသော မြို့ သစ်က လှမ်းတော့ အမေက စိတ်ရောက်တိုင်း စာလူကြုံပါးနေကျ။ တစ်ခါတလေ ဝတ္ထုလိုတောင် ရေးတတ်သလို ရေးပေးလိုက်သည့် စာတွေလည်း ရှိပါ၏။ တစ်ခါတလေတော့ အမေ့ဘဝထဲက အမှတ်ရချက်တွေပေါ့။ ရယ်စရာ၊ မောစရာများ သတိရတော့လည်း ကျွန်မနှင့် ဆရာနေတို့ ဟောပြောပွဲမှာ သုံးရအောင်လို့တဲ့ စာရေးပေးလိုက်သေးသည်။ အမေ့စာတွေထဲက အချက်အလက်တွေကို အတွေးပွားရာက ဖြစ်ရသော ဝတ္ထုတိုတွေ ကျွန်မရေးဖြစ်ပါသည်။ အမေ့စာကလည်း တစ်ကြောင်းပေသိ သည်ဘဝ၊ သည်ဝန်းကျင် အငွေ့အသက်တွေကို ကျွန်မလည်း ခံစားနားလည်ခဲ့ရတာ မဟုတ်လား။ အဲသလို ဝတ္ထုများ မဂ္ဂဇင်းထဲပါလာလျှင် “ညည်းတို့စာမူခ..ငါတစ်ဝက်ဆိုင်သယ်”ဆိုပါသေး၏။ တစ်ခါတလေတော့ စာနှင့်ရေးရာက လက်မလိုက်နိုင်တော့လို့ “ညည်းတို့ လာခဲ့အေ... ငါ့ပါးစပ်က ပြောချင်စမ်းပါ့ ... စာရေးရတာ တောင်စမ်းမြောက်စမ်းနဲ့ ... စကားလုံး မပြောင်ချက်တော့” လို့ထည့်ရေးထားတာမျိုးလည်း စာတွေမှာ ပါတတ်ပါသည်။
အမေက ခေတ်အတန်းစာရယ်လို့ မတတ်ရှာပါ။ ရေးတတ် ဖတ်တတ်ရုံ သေစာရှင်စာလောက်သာ သင်ခဲ့ရသူ ဖြစ်သည်။ ရွာဘုန်းကြီးကျောင်းထွက်ဆိုသော်လည်း အမေနှင့် ရွယ်တူတန်းတူတွေထဲမှာတော့ အမေက စာအသွားဆုံးဖြစ်၏။ ဒါကို အမေက ဆံမြိတ်တချချ ရှိတတ်သည်။
“တို့က ဘုန်းကြီးမျိုးတွေတော့"
အရှေ့ကျောင်းဆရာတော် ဦးတိက္ခဆိုတာ တို့အမေရဲ့ မောင်ပေါ့တော်။ တို့ခေတ်က စာသင်ကျောင်းဆိုလို့ သည်တစ်ကျောင်းရှိတာ ... တစ်ရွာလုံး တို့ဘုန်းကြီး တပည့်ချည်းပဲ .. အတန်းချင်းအတူတူ တို့က စာတတ်လွယ်သယ်။ အခု တောင်ရပ်က မသန်းခင်တို့များ ဘာမှ မေးမရဘူး ...။ လူချင်း ယှဉ်ရင် မသန်းခင် တို့နောက်က ဖဝါးလေးဆယ်လောက် ကျန်ရစ်ခဲ့သာ”
တောရွာသဘာဝ သူ့ခေတ် သူ့အခါ အထူးသဖြင့် မိန်းကလေးများ စာတတ်ပြီဆိုလျှင် ကျောင်းက နုတ်ပြီ ယာထဲကိုင်းထဲ ဝင်ကြရသည်။ သည်နေရာမှာတော့ တောင်သူ့သမီး သူရင်းငှားသမီး အတူတူပါပဲ။ သည်တော့ အမေ့စာတွေကို ကျွန်မတို့က ဖြည့်ဖတ်ရသည်။
စာလုံးပေါင်း သတ်ပုံကလည်း ခေါင်းထဲရှိတာ ရေးတာဆိုတော့ ဖြည့်ပြီး နားလည်ရသည်။ ကျွန်မဆီ ပို့လိုက်သောစာက ရှည်တာလည်း မပြော နှင့်၊ သတိရတာကလေး ရှေ့ကခံပြီး ကွဲသွားသည့် ဖန်ဘူးကြီးနှင့် ဆွဲကပ် ယူရှာထားကိုး။ ဒါပေမဲ့ ရေးချင်သမျှ လက်က မရောက်နိုင်လို့ လူသာလာ ခဲ့ပါအေလို့ အားမလိုအားမရ ဆိုရှာခြင်းဖြစ်ပါ၏။ ကျွန်မက အမေ့စာဖတ်ပြီး ဖန်ပုလင်းကြီး၏ နောက်ဆက်တွဲ စာမျက်နှာကို သိချင်လို့ ကားငှားပြီး လိုက်ရတော့သည်။
အမေက စကားလည်း အင်မတန်ပြောချင်သူပါ။ သားတွေက ရှေးဟောင်းနှောင်းဖြစ်တွေ ထိုင်နားထောင်နိုင်လောက်အောင် စိတ်မရှိကြတော့ ကျွန်မနှင့်လျှင် မမောတမ်း ပြောလေတော့၏။ ရယ်ရတာလည်းပါရဲ့၊ မောရတာလည်းပါရဲ့၊ အတုယူစရာလည်းပါရဲ့၊ တွေးစရာလည်းပါရဲ့၊ ဆင်ခြင်စရာလည်းပါရဲ့။
“အမေရယ် ... ဖန်ပုလင်းကြီးကို စိတ်စွဲမနေပါနဲ့... သည်ခေတ် ဖန်ဘူး, ဖန်ပုလင်းတွေ ပေါလွန်းလို့မှ ရောင်စုံရှိတယ် ... အရွယ်စုံရှိတယ်၊ အမေ့စာတွေဖတ်ရရင် ဖန်ပုလင်းကြီးမပါတာ မရှိဘူး”
ကျွန်မက အမေ စိတ်ပေါ့ပါးစေရယ်လို့ သာသာထိုးထိုးကလေး ပြောရသည်။ ပစ္စည်းတစ်မယ် အိမ်ရောက်ဖို့ အတန်တန် တွက်ချက်ဝေဖန်ပြီးမှ ဝယ်ကြသူတွေဆိုတော့ အိမ်ရောက်လာသည့်ပစ္စည်း တစ်သက်လုံးရှိရတော့သည်။ လူသာ နာချင်နာရော့၊ ပစ္စည်းကတော့ မနာစေရ။ ဘိုးမွေးဘွားမွေလို အစဉ်အဆက် သုံးကြပေရော့၊ ကိုင်ကြပေရော့။
“အလိုတော် ... လင်မယားနှစ်ယောက် အိမ်ထောင်ကျကာစ အဆူခံပြီးမှ ဝယ်ရတဲ့ပစ္စည်းအေ့... ပိုက်ဆံ တစ်မူးတစ်မတ်ကအစ လင်က မယားမသိအောင် မယားက လင်မသိအောင် သုံးဖို့များ ဝေးကရော့ ... ပိုက်ဆံရှာသာလည်း ရှာသာပေါ့ ... မလိုသာ မဝယ်ဘူး ... ဝယ်ရင်လည်း တစ် သက်လုံး သုံးကရော့”
“နေပါဦး .. အမေ့စာထဲမှာပါတော့ အဖေက သူ့ကြီးတော်ကို ငါးပိထည့်ပေးလိုက်ဆို ... ဖန်ပုလင်းကြီးက ဘယ်လိုပြန်ရတာလဲ"
“သည်းအဖေလေ အဲဒါကလည်း ဇာတ်ထုပ်အေ့၊ စာထဲ မရေးနိုင်တော့လို့ ...။ ညည်းအဖေက သူ့ကြီးတော်ရှိတဲ့ မြေတော်မှာ လှေဆိုက်တော့ ပါလာတဲ့ ငါးခြောက်ငါးခြမ်းပေး .. ဆန်ပေး... သည်လိုကိုး ..၊ ကြီးတော်က လှေပေါ်တက်ယူသာဆိုတော့ ငါးပိတွေ တွေ့ကရော.. တွေ့တော့ တောင်းကရော ... တောင်းတော့ ပေးကရော ပေးသာထား ငါ့ဖန်ဘူးကြီးထဲက ပဲကြော်တွေသွန်ပြီး ငါးပိတွေ သိပ်ထည့်ပေးလိုက်သာမှာ ဖန်ဘူးပါ ပါကရော ”
“ အဖေနဲ့ ရန်မဖြစ်ဘူးလား ”
“မဖြစ်ပဲလားအေ၊ အမေက နေ့ရှိသရွေ့ ဗျစ်စိဗျစ်စိ ပြောနေတော့ ညည်းအဖေက နားညီးသယ်နဲ့ တူပါရဲ့ အေ ...။ နင့်ဟာနင်သာ ပြန်တောင်းချေတော့ဟာသဲ့ ... ဘာရမတုံး ... သုတ်ဆို ဂေါဝိန်ဆင်းပြီး မှီရာသင်္ဘောနဲ့ မြေတော်လိုက်သာပဲ... မြေတော်မှာ ဆင်းပြီး ကြီးတော်အိမ် ချက်ချင်း လိုက်သာပဲ”
“တွေ့လား ...”
“တွေသာပေါ့ ... ဖန်ဘူးကြီးကော ဆိုတော့ ကြီးတော်က မောင်ညို ပေးခဲ့သဲ့ ငါးပိတော့ ငါတို့ယူထားလိုက်သာပါအေသဲ့... ဖန်ဘူးတော့ အိမ်ကြွလာသဲ့ ကိုယ်တော်က တောင်းလို့ ပေးလိုက်ပါပကောသဲ့ ... ဘယ်ကိုယ်တော်တုံးဆိုတော့ ... ကျောက်ဖူးက ဘုန်းကြီးသုန်တဲ့ ... မိုးချုပ်နေပြီ ဆိုတော့ ... ဘယ့်နှယ့်လုပ်ရပါ့ပေါ့...”
ကျွန်မမှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရပါ၏။ အကြောင်းအရာက ရယ်စရာနှင့် အမေဖြစ်နေပုံကို မြင်ယောင်မိသောကြောင့်ဖြစ်သည်။ အမေက ရွတ်စရာရှိလျှင် ကမ်းကုန်အောင် ရွတ်တတ်တာ ကျွန်မသိနေပင်။ အမေမှမဟုတ်ပါ။ အမေ့အစ်မ ကျွန်မ ကြီးတော်တွေလည်း သည်ပုံအတိုင်း တစ်ကုမ္ပဏီတည်းထွက်တွေ ဖြစ်သည်။ ကျွန်မထင်ပါသည်။ အဖေက နင့်ဟာနင် သွားတောင်းလို့လည်း ဆိုရော ခါးဝတ်ခါးစားနှင့် ထလိုက်သွားမှာ သေချာသည်။ အမေ ရွတ်လျှင် အဖေကလည်း တားဖြစ်တာမဟုတ်။ ကျွန်မက မေးတော့ အမေ အသစ်ပြန်ဖြစ်ပုံရပါရဲ့။ အသံတွေများ လွင်လို့။
"ဒါနဲ့ ... မနက်လင်းတော့ ကျောက်ထူးအထိ လျှောက်သာပဲ ... ဘယ်ကျောင်း ဘယ်ကိုယ်တော် သီတင်းသုံးနေမှန်းလည်း မသိပေါင်အေ ... ဘုန်းကြီးသုန်ဆိုလို့ ထလိုက်သာ ... တွေ့ကရော ... ဒကာမကြီး ဘာတုံးသဲ့... တပည့်တော်မ ဖန်ဘူးကြီး ဦးဇင်းတောင်းသွားတယ်ဆိုလို့ဆိုတော့ မြေတော်က ဒကာမကြီးက ကျုပ်ကို လှူလိုက်သာဗျတဲ့ ... လှူရအောင် ပိုင်ရှင်က တပည့်တော်မပါဘုရားဆိုတော့ ဘုန်းကြီးလည်း ဇဝေဇဝါပေါ့အေ”
“ဒါနဲ့ ရခဲ့ရောလား”
“ပြောဦးမယ် ... မပြီးသေးဘူး ...”
အမေ့ဇာတ်လက် တကယ်လည်း မပြီးသေးပါ။ အမေက သူ့ဟာသူ ပြောရင်း ငယ်စိတ်နှင့် ရွတ်ခဲ့တာတွေကို ပြန်သတိရလာဟန် တူပါသည်။ ပါးကလေး ခွက်နေအောင် ရယ်ရှာသည်။ ဘုန်းကြီးသုန်က ဘယ်ကမှန်းမသိတဲ့ ဒကာမသုန်က ဘယ်ကမှန်းမသိတဲ့ ဒကာမတစ်ယောက် ဖန်ဘူးကြီး လာတောင်းနေတော့ အံ့ဩသတဲ့။ အဖေ့ကြီးတော်ကြီးက အဖေပေးခဲ့တဲ့ ငါးပိတွေ လှယ်၊ ဖန်ဘူးကြီးကို ဆေးကြောပြီး ခြံတိုင်မှာ စွပ်ထားတာကို အိမ်ကြွလာသည့် ဆရာတော်က မြင့်လို့ ကျောင်းမှာ ထန်းလျက်ထည့်ရအောင် တောင်းခဲ့သည်။ ကျောင်းရောက်တော့ ဖန်ဘူး ကြီးက ငါးပိစော်နံတုန်း။ ကျောင်းက ကိုရင်ကြီးတစ်ပါးကို ငါးပိနံ့ပျောက်အောင် ဆေးချေစမ်းခိုင်းလို့ ကျောင်းရောက်တော့ ဆေးနေသခိုက် ကျောင်းကို ဘုန်းကြီးသုန်ရဲ့ မယ်တော် ကြွလာတာနှင့်ကြုံရော။
မယ်တော်ကြီးက တပည့်တော်မ ဆေးပေးပါ့မယ်။ မတော် လွတ်ကျမှဖြင့် ဆိုပြီး သူ့အိမ် ယူသွားပြန်၏။ ဖန်ဘူးက ဆေးလို့ပြောင်သော်လည်း ငါးပိနံ့က မပျောက်။ ဒါမျိုးက အရက်နဲ့ ကျင်းရတယ် ကြားဖူးတော့ ရွာပြင်အရက်ဖို အရက်သွားတောင်းသည်။ အရက်နှင့် ကျင်းလိုက်ပြီး နေလှမ်းလိုက်တော့ ငါးပိနံ့ ပျောက်သွားသည်။ ဘုန်းကြီးသုန်က သူ့မယ်တော် ဆေးဖို့ဆိုပြီး ယူသွားတာပဲ၊ ရွာထဲလိုက်ဆိုတော့ အမေက နာမည် မေးပြီး လိုက်သည်။ အမေက နှစ်ပေါင်းများစွာက အဖြစ်အပျက် ဆိုပေသိ ဘုန်းကြီးမယ်တော်နာမည်တောင် မှတ်မိနေသည်။ ဒေါ်ကလေးမ တဲ့။
“ဘုန်းကြီးမယ်တော်နဲ့ တွေ့တော့ ဘုန်းကြီးမယ်တော် ဒေါ်ကလေးမက ရန်တွေ့သာပဲ။ ညည်းလည်း ငါမသိပဲနဲ့ ညည်းဖန်ဘူးဆိုလို့ ပေးရမှာလား... သားဘုန်းကြီးက ဆေးခိုင်းလို့ ငါယူလာသာ... မပေးနိုင်ပေါင် ဖြစ်ကရော ... ၊ ညည်းက ဘယ်သူတုံးဆိုတော့ ... ကျုပ်က ဥဒယရွာက မယ်သန့်သမီး မိတာ ဆိုတော့
ဟောတော့ ... လက်စသတ်တော့ ညည်းက ဘုန်းကြီးဘိုဓမ္မ တူမပါလား.. ညည်းအမေ မယ်သန့်နဲ့ငါနဲ့ဟာ အမျိုးရင်းကြီးဟာသဲ့... အမေ့ငယ်နာမည်က မိတာကိုအေရဲ့ ... ဒါနဲ့ အကျိုးအကြောင်းပြောတော့ ဖန်ဘူးကြီးက သူ့ဆီရောက်နေသာတော့ ဟုတ်တယ်တဲ့"
“နေပါဦး ... အမေက ကျောက်ဖူးမှာ ဘယ်သူ့အိမ် တည်းတာတုံး"
“ညွန့်ကြည်အိမ် တည်းသာလေ ... ညည်းအဖေ့အမျိုး ... ညွှန့်ကြည်ကလည်း ကျောက်ဖူးကို ငါဘာလာမှန်း မသိဘူး။ ညည်းအိမ် ငါထမင်းစားမယ်.. ညအိပ်မယ်လောက်ပြောပြီး ဖန်ဘူးထွက်ရှာတာ ”
“အမေကလေ ..”
“အမေကလေ မလုပ်နဲ့လေ၊ ညည်းအဖေ လက်လွယ်လို့ ရွဲ့ပြီး လိုက်သာ ... ဘယ်နှယ့် လှေပေါ်က ငါးပိများ အင်ဖက်နဲ့ ထုပ်ပေးဖြစ်သာကို ငါ့ဖန်ဘူးနဲ့ ထည့်ပေးလိုက်သာ မခံချင်လို့ ထလိုက်သာပဲ ... ဟိုးဟိုးကိုကျော်ကရော ... ”
“ဒါနဲ့ ယူခဲ့ရောလား”
“ ဘယ်ဟုတ်လိမ့်မတုံး ... မပြီးသေးဘူး”
အမေပြောပုံတော့ ဘုန်းကြီးမယ်တော် ဒေါ်ကလေးမက ဆေးပြီး လှန်းထားတာကို ရွာတောင်ဖျားက မလုံးတင်က တွေ့တော့ လှူစရာမပါဘဲ လွတ်လွတ်ခါခါ မပို့ကောင်းပါဘူး။ ဆရာတော့်ကျောင်းအတွက် မြေပဲဆားလှော် ဖန်ဘူးတစ်ဘူးစာ လှော်ပြီး လှူလိုက်စမ်းပါရစေ ဆိုပြီး မလုံးတင် ယူသွားတယ်လည်းဆိုတော့ အမေက ချက်ချင်း ထလိုက်ပြန်တယ်။ မလုံးတင်နှင့်တော့ တွေ့ပါရဲ့။ ဖန်းဘူးက ကိုဆယ်ပြားတို့အိမ်မှာတဲ့။ ကိုဆယ်ပြားတို့အိမ် ဘယ့်နှယ်ကြောင့် ရောက်ရတာတုံးဆိုတော့ ကိုဆယ်ပြားမိန်းမ မရိုးကြည်က မြေပဲလှော်တာ ကောင်းလို့ တစ်ဆင့်ခိုင်းတာ ဖြစ်ကရော။ မရိုးကြည်အိမ်ကို မလုံးတင်ကလည်း လိုက်လာတာဆိုတော့ ဖန်ဘူးကြီးတော့ တွေ့ရပြီ။ မရိုးကြည်က အကျိုးအကြောင်းသိတော့ အမေ့ကို ငေါ့သတဲ့”
ဖန်ဘူးတစ်ဘူးနဲ့ ဥဒယက လိုက်လာသာများတော် အံ့ဩပါ့၊ ဖန်ဘူးများ မင်းသားဖိုးစိန်ကြီး လက်စွပ်ကျလို့”
"ကျုပ်ကလည်း ညည်းတို့အံ့သြသာ... ငါ့ဖန်ဘူးကြီးတွေ့မှ မြေပဲလှော်လှူချင်စိတ် ပေါက်ရသလား အေ့ ... ညည်းဟာညည်း နဂိုက လှူပါရောလား ••• ငါ့ဖန်ဘူးများ နှယ်နှယ်ရရမမှတ်နဲ့၊ ဝိတိုရိယဘုရင်မခေါင်းက စိန်ဆံထိုးအေ့”
အမေနဲ့ မရိုကြည် စကားများကြတော့ မလုံးတင်က ဖန်ဘူး ပြန်ယူလာပြီး အမေ့ပေးသတဲ့။ အမေ့လက်ထဲ ဖန်ဘူးရောက်တော့ မှောင်ပြီ။ ညတွင်းချင်း ဖန်ဘူးပိုက်ပြီး မြေတော်ပြန်ခဲ့သည် ဆိုပါ၏။ အာဂ အမေ ... ။ မြေတော်နှင့် ကျောက်ဖူးက နည်းနည်းတော့ လှမ်းသည်။ ခေတ်က ခေတ်ပျက်နေချိန်။ ခေတ်အပျက် တောကြောင်တွေကို ကြောက်နေလန့်နေရသော အချိန်ကာလ ဖြစ်ပါ၏။ အဖေ့အမျိုး ဒေါ်ညွန့်ကြည်က တားသော်လည်း အမေ တစ်ညမအိပ်ခဲ့ဟု ဆိုပါသည်။ နောက်ရက် မြေတော်ကနေ ဥဒယကိုဖြတ် ကူးတို့စီးပြီး ခင်ဝဲကူး၊ ဂင့်ဂဲက နေပူခေါင်ခေါင် ဘူးပိုက်ပြီး ဥဒယပြန်လာခဲ့တော့ အဖေက သြချယူရသတဲ့။
အမေ ပြောတာ ကြားရတာနှင့်ပင် ကျွန်မ ရင်မောမိရပါ၏။ အမေ မက်မောသော ဖန်ဘူးကြီးဆိုလို့ ဖန်ဘူးကြီး လိုက်ရသော်လည်း အမှန်မှာ ကျွန်မတို့ ငယ်ငယ်တုန်းက မုန့်ဆိုင်တွေမှာ တွေ့ရတတ်သော တစ်တောင်မိုက်လျော့လောက်ရှိသည့် လေးထောင့်ဖန်ပုလင်းကြီးပဲ ဖြစ်သည်။ အဖုံးက လက်ဝါးတစ်ဖြန့်စာလောက်ရှိပြီး အရစ်နှင့်လှည့်ပိတ်လျှင် လေလုံသော ပုလင်းကြီးဖြစ်သည်။ ကျွန်မတို့ မမွေးခင်ကတည်းက ဖန်ပုလင်းကြီးက အိမ်မှာရှိနှင့်ပြီးသားဆိုတော့ ကျွန်မအသက်ထက်ပင်ကြီးပါ၏။ အမေက မန်းမရွေးတွေ ချိုးဖဲ့ထည့်လား ထည့်ရဲ့၊ မုန့်ဩဇာတွေ ထည့်ထားထည့်ရဲ့၊ ကျွန်မတို့ နယ်ဘယ်ဆီက ထွက်သော ပေါက်စိမ်းထန်းလျက်ပျော့တွေကို မြေပဲဆီလောင်းကာ ထည့်လားထည့်ရဲ့။ အဖေ လှေခရီးထွက်ရပြီဆိုလျှင်တော့ ကျွန်မရေးခဲ့သလို ဆေးကြောပြီး ပဲကြော်ပဲလှော် အပြည့်ထည့်ပေးနေကျ။ အဖေ လှေကနားတော့ ဖန်ဘူးကြီးလည်း အိမ်မှာ တစ်ကြော့နားရပြန်သည်။
အမေ ရေးသည့်စာထဲကလို ၄၇ နှစ် အိမ်မှာ ရှိနေခဲ့တဲ့ ဖန်ဘူးကြီးပါအေဆိုတာ အမှန်ပါ။ နှမြောမည်ဆိုလည်း နှမြောစရာ။ အမေ့ခံစားမှုက တစ်မျိုးမဟုတ်လား။ အမေ့ဆီကို မကြာခဏဆိုသလို ရောက်နေကျ ဆိုသော်လည်း အရောက်အပြု ခြားသွားလျှင် စာလိုက်လာတာပါပဲ။ အမေ့စာတွေက အကြောင်းအရာအမျိုးမျိုး၊ အမှာဆင့်ပုံ အမျိုးမျိုး၊ သတိရချက် အမျိုးမျိုးဆိုတော့ မရိုးနိုင်။ မကြာပါဘူး။ ဗလာစာရွက်နွမ်းနွမ်းမှာ ခဲတံနှင့် ရေးထားသော စာတို ကလေး ရောက်လာပြန်သည်။
“မထူး, ဆရာ, ဖွေးလေး ညီးတို့ပေးဒဲ့ပဲတွေ ဆိမ့်ချက်အေ... အမေက ပဲဂိုလှော် ပြုတ်ပီးဒေါ့ ဆီမွှေးသတ်ပီး စားဒါ... ပဲရေဖွပေါ့အေ... အိမ်မှာ ပို့သူမရှိလို့ မပို့ရဘူး ... မထူးက ပဲကြိုက်ဒယ်... ဆရာက ရန်ဂုံသဒေပျက် ... ပဲမကြိုက်ဖူး ... အညာသူယူရင် ပဲကြိုက်ရဒယ်"
ကျွန်မက အမေ့စာ တစ်ဖြတ်စာ ဖတ်ပြီး ရယ်မိပါသေး၏။ ကျွန်မ အိမ်သားကို ရန်ကုန်သန္ဓေပျက်လို့ ရေးထားတာကို အမေ့မို့ ကြံကြံဖန်ဖန် ရေးတတ်လေခြင်း အောက်မေ့မိသည်။ ဆရာနေခမျာလည်း ပဲမကြိုက်တာနှင့် ရန်ကုန် သားလိုလို၊ အညာသားလိုလို၊ ဘယ်ဇာတိ ဘယ်ပဝတ္ထိ မဝေခွဲနိုင်သည့် သန္ဓေပျက်သူအဖြစ် လှမ်းငေါ့ထားသည့်သဘော မဟုတ်လား။ စာကို ဆက်ဖတ်တော့ အဖေ့ပုဆိုးတွေအကြောင်း ပါလာပြန်ပါရောလား။ ဪ ... အမေ့နှယ် ...။
"မနေ့က အမေ့အိမ်က မှံဘီဒိုကြီးဖွင့်ဒေ့ါ အမေသိမ်းထားဒဲ့ ညီးအဖေပဆိုးတွေ တွေ့ဒယ် ... အမေ သိမ်းထားဒါ နှစ်ပေါင်းတောင်ကြာပေါ့။ ဘုံဂေါက်ပဆိုး သုံးထည်။ အပြာတဂွင်း၊ ရွှေဖလားရောင်တဂွင်း၊ ရေညိဇိမ်းတဂွင်း။ ဟိုဒုံးက တော်ရုံလူ ဘံဂေါက်မဝတ်နိုင်ဘူး။ ညီးအဖေက လူပျိုကဒဲက ကောင်းကောင်းဝတ်ရဒယ်။ အမေ့ကို ကျုပ်ချောကဲ့လားလို့ မေးဒေါ့ ရုပ်ကဆိုးမှဒေါ့ တော့်ဟာတော် ဘာဝတ်ဝတ် မထူးပါဘူးလို့ ပြောလို့ ရီလိုက်လာ၊ လူပျိုတုံးက ဝယ်ဒါ နှစ်ထယ်။ အမေ သူများ မပေးရက်ဘူး။ အခု အဖေ့ပဆိုးဒေ မထူးတို့ သိမ်းဒါကောင်းဒယ်လို့ စင်းစားဒယ်။ မထူးတို့ လာဒဲနေ့ယူပီး အိမ်မှာ သိမ်းဘာရံ ..."
အမေ့စာတိုကလေးကို ဖတ်ပြီး ကျွန်မအတွေးတွေ မဆုံးနိုင်ပါ။ အဖေတို့မိဘများက လူချမ်းသာကြီးတွေ မဟုတ်သော်လည်း ရွာမှာတော့ အဆင်ပြေကြသည်ဆိုပါ၏။ အမေ့မိဘများကတော့ စီးပွားထက် လောကုတ္တရာရေး၊ လူရေး၊ လူမှုရေး၊ ဓမ္မသတ်ရေးတွေမှာ သိက္ခာကြီးကြသူတွေ။ အဖေနှင့်အမေကို နှစ်ဖက်လူကြီးတွေ ပေးစားကြတော့ မြေတွေ ပါသည်။ ရှေးလှေကြီးတစ်စင်း ပါသည်။ ရွာမှာ ဘန်ကောက်ပုဆိုး တရွှမ်းရွှမ်းနှင့် နေခဲ့ရှာသူက ရှေးလှေကြီး လက်ဖွဲ့ ရလိုက်တော့ ချက်ချင်းပင် ပဲ့နင်းကြီး ဖြစ်ရတော့သည်။ အိမ်ထောင့်တာဝန်ကို ထမ်းရတော့မည်ဆိုသောအခါ အဖေ့တာဝန်ကျေခဲ့သည်။ မြစ်ရိုးတစ်လျှောက် စွပ်ကျယ်ကျောပေါက်၊ ချည်ပုဆိုးတိုတိုနှင့် လှေသမားကြီး ဖြစ်ရပြီ။ သည်ကတည်းက ချွတ်ထားခဲ့ရသော ဘန်ကောက်ပုဆိုးတွေ နောင်လည်း မဝတ်နိုင်ရှာတော့။ ဘန်ကောက်ပုဆိုးတွေ ခေတ်မစားတော့လို့ မဟုတ်ပါ။ ပုဆိုးကောင်း တသသမရှိနိုင်တော့ဘဲ ချည်လုံကွင်းနှင့် ကျားလျှာအင်္ကျီ ဖားဖားကြီးနှင့်သာ ဘဝကုန်ခဲ့ရသည်။ အဖေနှင့်အမေတို့ မင်္ဂလာဆောင်မှာ ဗန်ကောက်ပုဆိုး ဝတ်ခဲ့တာ အဖေ့အဖို့ရာ နောက်ဆုံးဖြစ်ပါလိမ့်မည်။
အမေ့ဆီရောက်တော့ ပလတ်စတစ်နှင့် ထုတ်ထားသော အဖေ့ဘန်ကောက်ပုဆိုး သုံးထည်ကို ကျွန်မလက် အပ်ရှာသည်။ အဖေ့ကို ဘန်ကောက်ပုဆိုးနှင့် ကျွန်မ မမြင်ဖူးခဲ့။ အိမ်မှာ ရှိမှန်း သိတော့သိပါ၏။ ရပ်ကွက်မင်္ဂလာပွဲ၊ အလှူပွဲတွေမှာ လည်ကတုံး အင်္ကျီဖြူဖြူ၊ ချည်ပုဆိုး သစ်သစ်လွင်လွင်တော့ ဝတ်လေ့ရှိပါ၏။ ဖော့ဦးထုပ်ကြီးနှင့် အဖေက ကောင်းကောင်းမွန်မွန် ဝတ်ရစားရပြီဆိုလျှင် ကျွန်မကို အဖေချောရဲ့ လားလို့ မေးလေ့ရှိပါသည်။ ကျွန်မက “
မချောပေါင်'လို့ ပြောတော့ သွားဖုံးညိုညိုကြီးတွေ ပေါ်အောင် ရယ်တော့သည်။ အဖေ မချောရင် သမီးလည်းမချောဘူးပေါ့အေ၊ ငါ့သမီးက အဖေတူဟာကိုတဲ့။
အဖေ့ပုဆိုးကလေးတွေကို လက်ထဲ ကိုင်ထားရင်း ကျွန်မမျက်ရည်ကျရပါ၏။ သားသမီးတစ်ယောက်မွေးတိုင်း အဖေ နောက်တစ်လှမ်း ဆုတ်သလို ရှိခဲ့သည်။ သားသမီးတွေကို ဖြည့်ခဲ့ ဖို့ခဲ့ရတာတွေ များခဲ့လှပြီ။ အခုတော့ ကျွန်မတို့ အိမ်က မှန်ဗီရိုထဲမှာ အဖေ့ဘန်ကောက်ပုဆိုး သုံးထည်ရှိနေလေပြီ။ အမေ့လက်ရေးနှင့် ရေးခဲ့သည့် စာကလေးတွေ များလှပါပြီ။ စာရွက်ကတော့ ကြုံရာစာရွက်နှင့် ရေးပေးခြင်းဖြစ်လို့ ဟိုတစ်စ သည်တစ်စ မြေးတွေဆီက ရရာစာရွက်တွေနှင့် ရေးသလို စားပွဲပေါ်ကမင်္ဂလာဆောင်ဖိတ်စာ၊ အလှူဖိတ်စာ နောက်ကျောတွေမှာလည်း ရေးသည်။ စက္ကူ အဝါ၊ အပြာ၊ အညို၊ လိပ်မြေစက္ကူ၊ ကုန်ထုတ်စက္ကူတွေလည်းပါရဲ့။ အမေ့စာတွေ ဖတ်ရတိုင်း အမေ့ဘဝတွေ ပါလေ့ရှိ၏။ အမေ့စာ တစ်လုံးနှစ်လုံး၊ အမေ့စာ တစ်ကြောင်းနှစ်ကြောင်းက အမေ့ဘဝ၊ အဖေ့ဘဝ တစ်ခန်း နှစ်ခန်းစာ ကျယ်ဝန်းပါသည်။ စာတွေမှာ နောက်ကြောင်းရာဇဝင်တွေပါတာကို ကျွန်မ ရေးခဲ့ပါပြီ ။ အမေ့စာတွေမှာ အဖေ့အကြောင်းကို တိုက်ရိုက်မပြောပေသိ အဖေနှင့် နှီးကာနွယ်ကာရှိတာ သတိထားမိပါသည်။ အသက်တွေအိုမင်းလာတော့လည်း တစ်ခါက အဖေနှင့်အမေတို့ ဒိုးတူပေါင်ဖက် လုပ်ကိုင် စားသောက်ခဲ့ရသည့် ဘဝတွေကို ထင်ယောင်မြင်ယောင်ရှိရာက လွမ်းလွမ်းဆွေးဆွေး ရေးပို့တာလည်း ဖြစ်နိုင်ပါ၏။
အိမ်အတွက်ဝယ်သည့်ပစ္စည်းကလေးတွေမှာတောင် အစွဲအလမ်းကြီးတတ်သည့် အမေ့ခမျာ ဘ၀တစ်သက် ပေါင်းဖက်ခဲ့ရသော ပါရမီဖက် မလွမ်းရှိရော့မလား။ အဖေဆုံးတာတောင် အနှစ် နှစ်ဆယ်နီးပါး ရှိခဲ့ပါပြီ။ အမှန်တော့ အမေသည် ပစ္စည်းကလေးတွေကို အစွဲအလမ်းကြီးခြင်းထက် ပစ္စည်းတွေနှင့် နှီးနွယ်သောဘဝတွေကို လွမ်းခြင်းက ပိုပါလိမ့်မည်။
ရှေးက အိုင်ချင်းတစ်ပုဒ်ထဲမှာ "စုန်မယ်ဆို စုန်မယ့်ရက် ဆက်ဆက်မဆို၊ တီးသည့်စောင်းနှင့် လောင်းသည့်ကြက်ကို ပိုက်လို့ငို၊ မောင့်ကို ကုန်သွားထည့်သလားတော်" ဆိုသည့် စာသားတွေ ဖတ်ရပါသည်။ မိန်းမသားတွေရဲ့ လှလိုက်တဲ့ခံစားမှု။ ချစ်သူက အောက် ပြည်အောက်ရွာ လှေလိုက်တော့ ကျန်ရစ်သည့် ချစ်သူမိန်းမသားခမျာ ချစ်သူတီးသည့် စောင်းကို ပိုက်ရင်း ငိုရသတဲ့။ ချစ်သူလောင်းနေကျ ကြက်ဖကို ပိုက်ပြီး ငိုရသတဲ့။ မိန်းမသားတွေခမျာ သည်စိတ်နှင့်ပင် ရင့်ရော်ကြရတာများလား ... ။
အမေ့စာတွေက အမေ့စိတ်ကို ထင်ဟပ်မြဲပင်။ စာတွေ များများရေးစမ်းပါ အမေရယ်။ အဖေ့အကြောင်းတွေ အမေမှပဲ များများပြောနိုင်မှာ မဟုတ်လား။ အမေ စာတွေ နှစ်ပေါင်းများစွာ ရေးနိုင်ပါစေ....။ ကျွန်မတို့အိမ်ခေါင်မိုးမှာ အမေ့ပေဖူးလွှာတွေ ထိုးထားနိုင်ပါစေ အမေ..။
0 Comments