ဝတ္ထုတို အမည် - စိမ်းလဲ့ညို
စာရေးသူ - ဂျူး
Short Story
-------------------------------------------------
စိမ်းလဲ့ညို
#ဂျုး
သူ့ကို ကျွန်မ စောင့်နေသည်။ အချိန်တော်တော်ကြာကြာကတည်းက စောင့်နေခဲ့သည်။ သည်နေရာသည် ကျွန်မတို့ရွာ၏ သာယာလှပဆုံးနေရာ ဖြစ်သည်။
ကျွန်မရှေ့တွင် မုန်းမြစ်သည် ဣနြေကြီးစွာ စီးဆင်းနေလေသည်။ ကျွန်မ၏ ခြေဖဝါးအောက်တွင် သဲမြေပွပွ၏ စိုထိုင်းထိုင်း အေးစက်စက် အတွေ့ကို ခံစားနေရသည်။ ကျွန်မ ဖိနပ်ချွတ်ထားပါသည်။
တခါတုန်းက သည်နေရာတွင် မြစ်ထဲမှ ဆယ်ထားသော သစ်မြစ်ဆုံ အကြီးကြီးတခု လဲလျောင်းနေခဲ့ဖူးသည်။ ထိုသစ်မြစ်ဆုံးပေါ်တွင် ကျွန်မထိုင်၍၊ ဟိုးအဝေး မြစ်ညာဆီက စိမ်းစိမ်းညို့ညို့ တောင်တန်းကြီးကို ငေး၍၊ မုန်းမြစ်၏ ခွန်အားရှိသော ရေစီးသံကို နားထောင်၍၊ ကျွန်မဘေး တဖက်တချက် ပြောင်းခင်းတို့ဆီမှ လာသော စိမ်းမြမြ မွှေးရနံ့ကို ရှုရှိုက်၍ ညနေခင်း တချို့ဆီတုန်းကတော့ ကျွန်မဘေးမှာ နွေးထွေးသော ရင်ခွင်တခု အတူရှိခဲ့ဖူးပါသည်။
ဆယ်နှစ်ကျော်ကာလ ကြာမြင့်ပြီးနောက် ထိုသစ်မြစ်ဆုံကြီးကို ပြန်မတွေ့ရတော့သည်မှာ သဘာဝတရားပဲဖြစ်သည်။ တစုံတယောက်၏ ပုဆိန်ချက်နှင့် ခွဲဖြတ်ခုတ်ထစ်ခံရပြီးနောက် လောင်စာထင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီးရောပေါ့။
ကျွန်မ ရွာပြန်လာချိန်တွင် အရာအားလုံးလိုလို ပြောင်းလဲနေခဲ့ပြီ။ ဥပမာ ရွာမှာ လျှပ်စစ်မီး (၂၄ နာရီမှာ တခဏပဲဖြစ်ဖြစ်) ရနေခဲ့ပြီ။ညနေချမ်းအချိန်မှာ လူတွေ ဟိုတုန်းကလို ရွာထိပ်ညောင်ပင်ကြီးအောက်မှာ စုဝေးထိုင်၍ ကျားကွက်ရွေ့ကစားသည့် အလေ့အထ ပျက်သုဉ်းသွားခဲ့ပြီ။ အိမ်တချို့တွင် ရုပ်မြင်သံကြား အသံများကို ကြားနေရပြီ။ ကလေးတွေ ထုတ်ဆီးထိုးတမ်း ကစားရာမှ တီဗွီကြော်ငြာများကို လိုက်ကြည့် လိုက်ဆိုနေကြပြီ။ ရွာလယ်က ချောက်တီးချောက်ချက် လက်ဖက်ရည် ဆိုင်ကလေးမှာ အသွင်ပြောင်းကာ သစ်လွင်စည်းကားနေပြီ။ ဆိုင်မျက်နှာစာမှာ ကြော်ငြာ Wall Sheet မျိုးစုံဖြင့် ရောင်စုံဖြာနေခဲ့ပြီ။ မီကိုကွေကာ၊ စူပါကော်ဖီမစ်၊ မီကို ကော်ဖီမစ် စသည့် ကော်ဖီကြော်ငြာ ရောင်စုံပိုစတာကြီးများ၊ ဗီဗီ မန်းကျည်းဖျော်ရည်ဘူးနှင့် (ဆီး) ဇီးဖျော်ရည်ဘူးကြော်ငြာများ၊ လန်ဒန် စီးကရက်၊ လာ့စ် ဗေးဂတ်စ် စီးကရက် … စီးကရက်ကြော်ငြာဆိုင်းဘုတ် စသည့် ကြော်ငြာပေါင်းစုံဖြင့် ရှုပ်ယှက်ခတ်နေခဲ့ပြီ။
ရွာ၏ တုံကင်ရေတွင်းကလေးများ၊ အဝီစိစက်ရေတွင်းများမှ ရေကို ဝယ်ယူသုံးစွဲနေကြပုံ ရပါသည်။ အလုပ်သက်သာကာ အဆင်ပြေသွားကြတာ ဝမ်းသာစရာပေါ့လေ။ တခါတုန်းက မုန့်ဟင်းခါးဆိုင်ကလေးမျှသာ ဖြစ်ခဲ့သော ဈေးထိပ်က ဆိုင်တန်းတွင် တိုက်ဂါးဘီယာ၊ ဒဂုံဘီယာ၊ မြန်မာဘီယာ၊ မန္တလေးဘီယာ၊ မြန်မာ ဝီစကီ၊ မြန်မာ ရမ် ကြော်ငြာ အသစ်တွေ၊ ကြော်ငြာအဟောင်းတွေ ချိတ်ဆွဲထားခဲ့ပြီ။ (သို့ပေမယ့် အရက်ဆိုင်ကလေးကလည်း သူ့နေရာနှင့်သူ ရှိနေဆဲ ဖြစ်သည်ကို တွေ့ရသည်။) တချက်ငေးကြည့်လိုက်ရုံနှင့် သိသာမြင်သာသော အပြောင်းအလဲတခုကတော့ ဈေးအနီးတဝိုက်နှင့် ရွာလမ်းဘေးတို့မှာ ဖွေးဖွေးလှုပ်နေသော ကြွပ်ကြွပ်အိတ်အမှိုက်များ ဖြစ်သည်။
ကျွန်မတို့ ရွာကလေးသည် လူ့ယဉ်ကျေးမှု အဆင့်တခုသို့ တိုးတက်ပြောင်းလဲလာခဲ့ပြီ။ ဒါတွေက အဝေးသို့ရောက်နေသည့် ကျွန်မနှင့် တိုက်ရိုက်ပတ်သက်နေသော အပြောင်းအလဲတခုကို လက်ခံယူရန်ဖြစ်ပါသည်။
ကျွန်မ၏ ငယ်သူငယ်ချင်းဖြစ်ပြီး ကျွန်မ၏ ငယ်ချစ်ဦးလည်း ဖြစ်ခဲ့သော သူသည် ကျောင်းပိတ်လို့ ကျွန်မ ရွာပြန်လာတိုင်း ဟောသည် မုန်းဆိပ်မှာ မောင်မောင်ကြီး၏ သီချင်းများကို ညည်းပြ၍ သူ့အလွမ်းကို သက်သေတည်ခဲ့ဖူးသည်။ သူ အကြိုက်ဆုံး သီချင်းနှစ်ပုဒ်မှာ ‘အချစ်ကို ဘယ်လိုပြောရမယ်’ နှင့် ‘ စိမ်းလဲ့ညို’ ဖြစ်သည်။ သူ့ သီချင်း အညည်း၏အစမှာ ကျွန်မက ရယ်မော အလိုလိုက်ကာ နားထောင်ခဲ့ရခြင်းဖြစ်သော်လည်း တဖြည်းဖြည်း သူ့သီချင်းထဲမှာ ကျွန်မ နစ်မြောသွားတတ်သည်။ သူက အသံခွန်အား သိပ်မကောင်းလှပေမယ့် အဆိုတတ်သည်။ မောင်မောင်ကြီး၏ လေယူလေသိမ်းကို တသဝေမတိမ်း လိုက်ဆိုနိုင်သည်။ ကျွန်မမှာ ရယ်ချင်စိတ် လှောင်ချင်စိတ်ပျောက်ကာ သူ့သီချင်းသံကြောင့် ရင်များပင် နွမ်းနယ်စွာ ခုန်ခဲ့ရဖူးပါသည်။
“ ငါမရှိရင်ရော နင် ဒီမှာ ဒီလိုပဲ တိုးတိုးလေး သီချင်းတွေ လာဆိုနေသလား” ဟု ကျွန်မ ပြုံးစစဖြင့် မေးတော့ သူက ရယ်သည်။
“ အလကား ဒီလာဆိုပါ့မလားဟ၊ ငါ့အိမ်မှာပဲ ငါဆိုတာပေါ့၊ ရေတွင်းထဲက ရေခပ်ရင်းလည်း ဆိုတာပဲ၊ ညည မန်းကျည်းပင်အောက်က ကွပ်ပျစ်ပေါ်မှာ လှဲအိပ်ပြီးလည်း ဆိုတာပဲ၊ အကျယ်ကြီး အော်ဆိုတာဗျ၊ နင်ယုံလား”
“ အရူး . . .”
လဲ့လဲ့လေး ညိုစင်သော သူ့ပါးပြင်တို့သည် ရယ်မောလိုက်သည့်အခါ ပို၍ တောက်ပ ဝင်းလက်လာလေ့ရှိသည်။
“ ငါ အဲဒီလို သီချင်းတွေ အော်အော်ဆိုရင် ဘကြီးပုက သိပြီး၊ ရန်အေး .. ငါ့မြေးတော့ ဒီနေ့ပဲ ရူးမလား၊ နက်ဖြန်ပဲ ရူးမလားတဲ့”
လမ်းမှာ ဖြတ်သွားကြသော လူတွေကလည်း သူ အဲသည်လို သီချင်းတွေ အော်ဆိုလျှင် သွားရင်းလာရင်း နောက်နောက် သွားတတ်ကြသတဲ့။ ‘ ရန်အေးရေ. . . တက္ကသိုလ်ကျောင်းတွေ ပိတ်ဖို့ အပုံကြီး လိုသေးသဟ’ လို့ ရယ်မောသွားကြသတဲ့။
“ နင် မရှက်ဘူးလား”
“ မရှက်ပါဘူး” တဲ့။
ကျွန်မတို့ နှစ်ယောက် သူငယ်ချင်းဘဝမှာကတည်းက ပတ်ဝန်းကျင်က ကျွန်မတို့အား ချစ်သူတွေဟု ထင်ခဲ့ကြသည်။ ကျွန်မ သောက်ရေသုံးရေ ခပ်ဖို့ ရွာလယ်က တွင်းသို့ သွားပြီကို သူ့အိမ်ကနေ လှမ်းမြင်လျှင် သူပါ ရေပုံးထမ်းကလေး ဆွဲပြီး အပြေး လိုက်လာလေ့ရှိသည်။ ရေတွင်းက အတန်နက်သဖြင့် ကျွန်မ ရေငင်လို့ ပင်ပန်းမှာကို မကြည့်ရက်ပါတဲ့။ ကျွန်မအတွက် သူပဲ အမြဲ ရေငင်ပေးလေ့ရှိသည်။ ဒါတောင်မှ ကျွန်မ ရေပုံးတဖက်တချက်ဆွဲပြီး အိမ်ကို ရေသယ်ရသဖြင့် ရေပုံးသစ်သားတန်းဖြင့် ပွန်းကာ ကျွန်မလက်ဖဝါးတွေ၊ လက်ချောင်းရင်းတွေ နီရဲကုန်လျှင် သူ့မှာ တဖွဖွ သနား၍ မဆုံးတော့ချေ။ ကျွန်မ၏ အိမ်အတွက်ဖြစ်နိုင်လျှင် သူပဲ ရေထမ်းပေးလိုက်ချင်သတဲ့။
ကျွန်မက သူ့လက်ဖဝါးတွေကို ဖြန့်ခိုင်းပြီး ကျွန်မ လက်ညှိုးနှင့် ဖွဖွထိတို့ကြည့်သည့်အခါ သူ့လက်ဖဝါးတွေ အသားမာတက်ကာ ခပ်ရှရှဖြစ်နေသည်ကို ခံစားရသည်။ အဲသည် အခါမျိုးမှာ ထိုလက်ဖဝါးတွေကို ဘယ်လိုချစ်မှန်းမသိ၊ ကျွန်မ ချစ်မိသည်။
ထိုလက်ဖဝါးတွေနဲ့ပဲ ကျွန်မတို့ပြောင်းခင်းက ပြောင်းဖူးတွေကို သူ ကူချိုးပေးခဲ့သည်။ ထိုလက်ဖဝါးတွေနဲ့ပဲ ကျွန်မတို့လယ်ကို သူ ကူရိတ်ပေးဖို့ တံစဉ်ကို ကိုင်ခဲ့သည်။ ထိုလက်ဖဝါးတွေနဲ့ပဲ ကျွန်မတို့ မန်းကျည်းပင်က မန်းကျည်းသီးတွေ ပုတ်ခြွေပေးခဲ့၊ မန်းကျည်းသီးတွေကို အစေ့ထုတ်ပေးခဲ့သည်။ ထိုလက်ဖဝါးတွေနဲ့ပဲ ကျွန်မတို့ စောင်ချမ်းချဉ်လုပ်ဖို့ စောင်ချမ်းသီးတွေကို ဓားဖြင့် ထက်ပိုင်းခွဲပေးခဲ့သည်။ သူ ထက်ပိုင်းဖြတ်ပေးသော စောင်ချမ်းသီးကို ကြွေရည်သုတ် သံဇွန်းဖင်ဖြင့် အတွင်းအနှစ်ကို ကျွန်မ ထိုးကော်ထုတ်ယူတာကို ဝင်ကူလိုက်သေး၏။ ထိုလက်ဖဝါးတွေနဲ့ပဲ ကျွန်မ၏ပါးပြင်ကို ခပ်ဖွဖွ ခပ်ရှရှ ပွတ်သပ်ကာ ‘ နင် ငါ့ကို အပျော်ကြံမသွားနဲ့နော်’ ဟု စ သလို နောက်သလို တောင်းပန်ခဲ့သည်။
တနှစ်ပြီးတနှစ် ကြာမြင့်လာသည့်နှင့် အမျှ သူနှင့် ကျွန်မ၏ ဘဝနှစ်ခုက ပို၍ ပို၍ ကွာခြားလာခဲ့သည်။ ဒါကို ကျွန်မ အရင်ရိပ်မိခဲ့သလား ကျွန်မ မသိနိုင်ပေမယ့် အဦးဆုံး ဖွင့်ဟ ကောက်ချက်ချတာကတော့ သူ ဖြစ်ခဲ့သည်။
“ ငါ သိပါတယ် ခင်လေးရာ၊ နင်နဲ့ ငါ ယူဖြစ်ကြမှာ မဟုတ်ပါဘူး” တဲ့။ တညနေဆီက အနောက်ရိုးမတောင်တန်းကြီးတွေဆီ ငေးနေရာမှ အဆက်အစပ် မရှိ သူ ကောက်ချက်ချခဲ့၏။ အဲသည်တုန်းက ကျွန်မ ဝန်လည်း မခံခဲ့၊ ငြင်းလည်း မငြင်းခဲ့။ သူ့လက်ဖဝါးကို ဆွဲယူကာ ကျွန်မ ပါးပြင်နှင့် ထိကပ်စေ၍ ထိုကြမ်းရှရှ ခံစားမှုလေးပေါ်မှာ အာရုံစိုက်နေခဲ့ဖူးပါသည်။ ပင့်သက်ကလေးတောင် မရှိုက်ဖြစ်ခဲ့ဘူး ထင်ပါသည်။
တကယ်တော့ ကျွန်မ သူ့ကို ချစ်ပါသည်။
သူ၏ ရိုးသားဖြောင့်မှန်မှု၊ စေတနာ မှန်ကန်မှု၊ အေးချမ်းမှု အဲဒါတွေကို ကျွန်မ ချစ်ပါသည်။ သူသည် စာပေ အနုပညာကို မသိ၊ ပန်းချီ အနုပညာကို မသိ၊ ရုပ်ရှင်နှင့် ဗီဒီယို အနုပညာကို မသိ၊ နိုင်ငံရေးနှင့် လူမှုရေး အကဲခတ်ပညာကို မသိ၊ အဆင့်မြင့် သိပ္ပံညာကို မသိ၊ ကွန်ပြူတာ အတတ်ပညာကို မသိ၊ နိုင်ငံခြားဘာသာစကားဟူ၍ ကျောင်းသားဘဝမှာ သင်ခဲ့ရသော အခြေခံ အင်္ဂလိပ်စာမှတပါး ဘာမှ မသိ။ ပတ်ဝန်းကျင် ထိမ်းသိန်းရေး အမြင်ဆိုတာကို မသိ။ ကျွန်မနှင့် သူ ဆွေးနွေးစရာ ဘာသာရပ်တွေ တဖြည်းဖြည်း နည်းပါး ပျောက်ကွယ်ကုန်ခဲ့သည်။ ချစ်သူနှစ်ဦး ချစ်ကြသည့် ကိစ္စမှာ အဲသည် ပြင်ပရေးရာ အတတ်ပညာတွေ၊ အသိပညာဗဟုသုတတွေ လိုအပ်သလားဟု ကျွန်မကို ကျွန်မ ခဏခဏ စစ်ဆေးမေးခွန်းထုတ်ကြည့်ခဲ့ဖူး၏။ သိပ်လိုတာပေါ့ ဟူသော အဖြေကိုသာ ထပ်ကာ ထပ်ကာ ရခဲ့ဖူးသည်။
ချစ်သူနှစ်ဦး တယောက်မျက်နှာ တယောက်ကြည့်၍ ချစ်စိတ်ကြည်နူးစိတ်ကလေးတွေ ပျံ့လွင့်ဆက်သွယ်သည့်ကာလ ဘယ်လောက်ထိ ကြာမလဲ။ အချိန်အတိုင်းအတာ တခုကို လွန်မြောက်လျှင် တယောက်နှင့်တယောက် အချစ်ကို ဖလှယ်ရာမှ အတွေးအမြင်တွေ၊ စကားလုံးတွေ၊ ပျော်ရွှင်မှုတွေ၊ နာကျင်မှုတွေ ဖလှယ်ဖို့ အချိန်ရောက်လာမည်။ ထိုကာလတွေက ပို၍ ကြာလိမ့်မည်။ ကျွန်မတို့နှစ်ယောက် ဘာတွေ ပြောပြတိုင်ပင်ကြမလဲ၊ ဘာတွေကို ဖလှယ်ကြမလဲ။ ကျွန်မတို့နှစ်ယောက်အကြားမှာ တူညီတာဆိုလို့ ဂီတကို ချစ်တာ တခုပဲ ရှိသည်။ ထိုတခုတည်းသော ဂီတ အနုပညာကို ဖလှယ်ကြမည် ဆိုပါစို့။
သူ ချစ်သည့် မောင်မောင်ကြီးကို ကျွန်မ ချစ်သည်။ သူ ချစ်သည့် ကိုသန်းလှိုင်ကို ကျွန်မ ချစ်သည်။ သူ စိမ်းလဲ့ညိုကို ညည်းလျှင် ကျွန်မက ရင်ထဲမှ သီချင်းပိုဒ် နှစ်ပိုဒ်လောက်ကို လိုက်ညည်းနိုင်သည်။
မေပျိုမေပျို . . . မောင့်အသည်းစွဲအောင် ချွဲတဲ့ ပျို . . . မြောက်ပြန်လေ သွေးရင် ဝေးမှာစိုးတယ်လို့ . . . ကျွန်တော့် ရင်ခွင်ထဲက သူဆို . . . ပြုံးချိုချိုမူရာလေးနဲ့ ခနဲ့ပုံနွဲ့ပုံ . . မောင့်စိတ်အာရုံထဲက မထွက်ဘူးပျို . . .ခုများတော့ သနား မငဲ့ညှာသလို . . . တပြည်တရွာစီလည်း ခြားခဲ့သကို . . . ဘွေဇာလီမှာ အားနွဲ့ပေါ့ပျို . . . မခွဲဘူးလို့ မြတ်ဘုရားရှေ့မှာ ဆုတွေ ပန်ဆို . . . နှစ်ကိုယ်တူ ယှဉ်တွဲ နွှဲခဲ့တဲ့ သည်ကမ်းရိပ်ကို . . . တကိုယ်ရည်သာပဲ မြန်းရပါ့ ပျို . . . ရပ်ဝေးက ချစ်တေးနဲ့သာ စိမ်းလဲ့ညိုကို မျှော်မှန်းကာ တမ်းတဆို . . . ကမ်းဗဟို အလွမ်း ပိုမို . . . စိမ်းလဲ့လဲ့ . . တော .. တောင်တောင်ဆီက ညို . . . တဲ့။ ကျွန်မ လွမ်းတတ်ပါသည်။
‘ ချစ်သူ ဝေးဝေး သွားပါနဲ့လားကွယ်’ ကို သူ ညည်းလျှင် တလုံးစ နှစ်လုံးစ ကျွန်မ လိုက်ညည်းနိုင်သည်။
သူ ချစ်သည့် သီချင်းမှန်သမျှ ကျွန်မ ချစ်နိုင်ပေမယ့် ကျွန်မ ချစ်သည့် သီချင်းတွေကို သူ မချစ်နိုင်ခဲ့ပေ။ မင်းမင်းလတ်ကို သူ ချစ်နိုင်သည်ထား၊ ဇော်ဝင်းထွဋ်ကို ချစ်ဖို့ ကြိုးစားကြည့်နိုင်သည် ထား၊ ဘီးဂျီး ကို သူ မခံစားနိုင်ခဲ့။ အီးဂဲလ်ကို သူ မခံစားနိုင်ခဲ့။
အဲသည်တော့ရော ဘာဖြစ်လဲ ဟု ကျွန်မ အားတင်းကြည့်ဖူးသည်။ အဲသည်တော့ ကျွန်မတို့နှစ်ယောက် ပြောစရာ စကားတွေ ရှားပါးခဲ့တာပေါ့။ သူနှင့် ကျွန်မ မုန်းမြစ်ရေ လျှံသည့်အကြောင်း ပြောနိုင်ခဲ့ကြသည်။ ရာသီဥတုအကြောင်း ပြောနိုင်ခဲ့ကြသည်။ ကုန်ဈေးနှုန်းအကြောင်း ပြောနိုင်ခဲ့ကြသည်။ မုန်းမြစ်ရဲ့ ဟိုးအထက်ဆီက စိမ်းညိုသည့် တောင်တန်းမှာ အစိမ်းရောင်ပြယ်လွင့်ကာ အညိုရောင်များလာသည့်အကြောင်း ပြောနိုင်ခဲ့ကြသည်။ ဒါတောင်မှ သစ်တောထိန်းသိမ်းရေးဆိုသည့် ခေါင်းစဉ်အောက်ရောက်တော့ ကျွန်မနှင့်သူ ခံစားချက်ချင်း ကွာခြားခဲ့ရသေးသည်။ ကျွန်မက လောင်စာအဖြစ် ထင်းမီးကို သုံးစွဲနေရသည့်အတွက် နှမြောစိတ်နှင့် လိပ်ပြာမသန့်စိတ်တို့ ခံစားရပါသည်ဟု ပြောလျှင် သူ တဟားဟား ရယ်လေသည်။
“ ငါတို့ရွာမှာ ထင်းမီးနဲ့ မီးသွေးမှ မသုံးရရင် ဘာနဲ့ သွားချက်စားရမလဲ ခင်လေးရ”
သူသည် ထင်းမီးကို ပျော်ပျော်ရွှင်ရွှင်ကြီး သုံးရုံမျှမက သူ့အိမ်မှာ ဝယ်ရသည့် ထင်းတွေက အသားမကောင်းဘူး၊ မီးမစွဲဘူးဟု အကြောင်းပြကာ အထက်ဘက်က တောထဲသို့ သွားကာ သူကိုယ်တိုင် သစ်ပင် ခုတ်ချင်ခဲ့သေးသည်။
“ မပိုစမ်းပါနဲ့ ရန်အေးရာ၊ အဖမ်းခံနေရမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်”
သူကတော့ ပြုံးပြုံးပါပဲ။ ကျွန်မကို လက်တွေ့မကျသူ၊ စိတ်ကူးယဉ်သူ၊ ပညာတတ် ဉာဉ်ရှိသူ စသည် စသည်ဖြင့် ကျွန်မတို့အပေါ် သူ့ကောက်ချက်တွေ အမျိုးမျိုး တိုးလာခဲ့တော့သည်။
ကျွန်မအတွေးနှင့် သူ့အတွေး ဘယ်လောက်တောင် ဝေးကွာခဲ့သလဲဆိုလျှင် သူ့ကို ကျွန်မ မယူနိုင်သည့် အကြောင်းပြချက်ပေးပါဟု တောင်းလို့ ကျွန်မ ပေးခဲ့သောအခါ ထိုအကြောင်းပြချက် စစ်စစ်ကို သူ မယုံခဲ့ပေ။
ကျွန်မ သူ့ကို မယူနိုင်၊ သူ့ကိုမှ မဟုတ်၊ ဟောသည် ကမ္ဘာလောကတွင် ဘယ်ယောက်ျားကိုမှ လက်မထပ်နိုင်၊ ကျွန်မ အိမ်ထောင် မကျလို။ ကျွန်မနှင့် အိမ်ထောင်သည် ဘဝ သင့်တော်ကိုက်ညီမှာ မဟုတ်။ မိသားစုဘဝ၏ အရသာကိုလည်း ကျွန်မ ပေးနိုင်မှာလည်း မဟုတ်။ ရနိုင်မှာလည်း မဟုတ်။ ကျွန်မသည် တထစ်ကလေးမျှ အလျှော့ မပေးချင်။ အပွန်း အပဲ့လည်း မခံချင်။ အေး အတူ ပူ အမျှ ဆိုသည့် အပေးအယူတွေ၊ လိုက်လျောမှုတွေ၊ ထိန်းချုပ်မှုတွေကို မကြုံချင်။ ကျွန်မ၏ အတ္တကို နည်းနည်းမျှ အထိအခိုက် မခံနိုင်။ အိမ်ထောင်သည် ဘဝ၏ ဂီတ စည်းချက်နှင့် လိုက်လျောညီထွေစွာ ကျွန်မ က နိုင်မှာ မဟုတ်။
သူ မယုံခဲ့ပေ။
လောကမှာ အဲသည်လောက် ကြောင်သည့် မိန်းမ မရှိဟု သူ တွက်ပုံရသည်။ ကျွန်မ သူ့ကို မယူနိုင်တာက ကျွန်မက ပညာပိုတတ်ပြီး သူက ပညာ မတတ်လို့ . . . တဲ့။ ကျွန်မက ချမ်းသာပြီး သူက ဆင်းရဲလို့ . . . တဲ့။
တကယ့် အကြောင်းပြချက်ကို သူ မယုံသောအခါ သူထင်သည့် အကြောင်းပြချက်ကိုပဲ မှန်ကန်ပါသည်ဟု ကျွန်မ ဝန်ခံလိုက်ရသည်။
သူ့ကို မယူနိုင်ပါဘူး ဟု ကျွန်မက ဖွင့်ဟ ကြေညာပြီးပေမယ့် ကျွန်မ ချစ်သူသည် သူပဲ ဖြစ်နေသည်။ ကျွန်မ အတွက်က ဘာမျှ မပြောင်းလဲပေ။ သူကတော့ ကျွန်မတို့နှစ်ယောက်၏ ဘဝကလေး ပြောင်းလဲသွားပြီဟု ယူဆလိုက်ကာ ချစ်သူဘဝမှတဆင့် ပြန်နောက်ဆုတ်ပစ်ခဲ့သည်။ ဒါကလည်း ရိုးစင်းသည့် ယောက်ျားတယောက်၏ သဘာဝကျကျ အဖြေထုတ်မှုတခုပင် ဖြစ်သည်။ သူ့လို မရိုးစင်းသည့် ကျွန်မက ထိုသဘာဝကို လက်မခံနိုင်ခဲ့။
ကျွန်မ ရွာပြန်ရောက်လာလျက်သားနဲ့ ကျွန်မနှင့် ဆုံတွေ့နေကျ မုန်းဆိပ်သဲသောင်ပြင်သို့ သူ မလာခဲ့လေခြင်းဟု ကျွန်မ ဝမ်းနည်း နာကျင်ခဲ့ပြန်၏။ ကျွန်မ ရေခပ်ချိန်မှာ သူငယ်ချင်းဘဝကလို သူ ရေငင်ဆွဲထည့်ပေးစဉ်ကာလမှာ ကျွန်မ သူ့လက်ဖဝါး ကြမ်းကြမ်းကို ဆွဲယူနမ်းကာ မျက်ရည်ကျခဲ့မိတော့ သူ ဤအဖြစ်ကို နားမလည်နိုင်ခဲ့ပေ။
“ ခင်လေး . . . ငါ့ကို နင်က ဘာဖြစ်စေချင်တာလဲ၊ ငါက ဘာလဲ၊ ဘာဆက်လုပ်ရမှာလဲ”
သူ ရိုးစင်းစွာ ကျွန်မကို မေးခဲ့သည်။ ကျွန်မ သူ့မျက်လုံးတွေကို စူးစူးစိုက်စိုက်ကြည့်လိုက်ပြီး ကျွန်မဖြစ်စေချင်သည်ကို မညှာမတာပင် ပြောချပစ်ခဲ့သည်။
“ နင့်ကို ငါ မယူတာနဲ့ပဲ နင်နဲ့ငါနဲ့ ချစ်သူတွေ မဖြစ်ရတော့ဘူးလား၊ ဟင့်အင်း. . မရဘူး၊ နင့်ကို ငါချစ်သလို နင်လည်း ငါ့ကို ချစ်နေရမယ်၊ ညနေစောင်းရင် ဟိုးတုန်းကလိုပဲ မုန်းဆိပ်ကို နင် လာခဲ့ရမယ်၊ ငါ မန္တလေးကို မပြန်မချင်း ညနေတိုင်း နင် လာခဲ့ရမယ်၊ ဒါပဲ”
ကြည့်စမ်း . . . ကျွန်မ ဘယ်လောက်တောင် အတ္တကြီးခဲ့မိလေသလဲ။
သူသည် ယောက်ျားမာနနှင့် ကျွန်မကို ချစ်သည့် အချစ်အကြားမှာ သူ့ဘဝသူ အလူးအလဲ ရွေးချယ်ဖို့ ကြိုးစားခဲ့ရသည်။ ကျွန်မက ထိုအချိန်မှာ ခံစားချက် နှစ်ခုနှင့် သူ့ရွေးချယ်မှုကို မျှော်လင့်နေခဲ့သည်။ သူ၏ ယောက်ျားမာနအတွက် ကျွန်မကို အပြတ်အသတ် ဖြတ်ချပစ်လိုက်စေချင်သည့် ခံစားချက်က တခု၊ ကျွန်မ၏ တွယ်တာမှုကို အသိအမှတ်ပြုကာ ကျွန်မအား အလိုလိုက် အလျှော့ပေးကာ ကျွန်မ စိတ်ချမ်းသာဖို့ မုန်းဆိပ်သို့ သူ ရောက်လာစေချင်သည့် ခံစားချက်က တခု။ ထိုခံစားချက်နှစ်ခုနှင့် ထိုညနေတုန်းက ကျွန်မ ဟောသည်နေရာမှာ ကြာမြင့်စွာ စောင့်ခဲ့ရဖူးပါသည်။
သူ ရောက်မလာဖြစ်လျှင် သူ့မာနကို ကျွန်မ ဂုဏ်ပြုကာ ဝမ်းသာပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသလို သူ ရောက်လာခဲ့လျှင် ကျွန်မအပေါ်ထားသည့် သူ့အချစ်အတွက် ကိုယ့်ကိုယ်ကိုယ် ကြည်နူးကျေနပ်စွာ သူ့ရင်ခွင်ထဲသို့ ဝမ်းပန်းတနည်း ခိုဝင်ရှိုက်ငိုပစ်ဖို့ ကြိုတင်မျှော်လင့်နေခဲ့သည်။
နောက်ဆုံးတော့ သူ ရောက်လာခဲ့သည်။
ကျွန်မကို ချစ်မြတ်နိုးလွန်းလို့ ကျွန်မရှိရာကို ရောက်လာခဲ့ရပေမယ့် သူ့မျက်နှာမှာ ကြေကွဲမှုတွေ၊ အားငယ်မှုတွေနှင့် မှိုင်းညို့နေခဲ့သည်။
“ ငါ နင့်ကို အမြင်ကတ်လို့ နာလွန်းလို့ မလာတော့ဘူးလို့ပါပဲ ခင်လေးရယ်၊ ဒါပေမယ့် နင် မျက်ရည်ကျမှာကို ငါက သနားနေပြန်သတဲ့၊ ငါးဖယ်က ပြောင်းပြန်လေ၊ နင့်ကို သနားလို့ ငါ လာခဲ့တာ၊ အဲဒါ နင် ယုံရဲ့လား” …တဲ့။
ကျွန်မ ယုံပါသည်။ ဟိုး နှစ်ပေါင်းများစွာကတည်းက ကျွန်မဘေးမှာ သူ ရှိနေခဲ့သည်။ ကျွန်မ လူမှန်းသိတတ်စ အရွယ်ကတည်းက ကျွန်မ လိုအပ်တာ မှန်သမျှကို ပေးဆပ်ဖို့ ကျွန်မဘေးမှာ သူ ရှိနှင့်နေခဲ့သည်။ သူ ကျွန်မကို အဲသည်တုန်းကတည်းက မြတ်နိုးစွာ ချစ်နေခဲ့မှာ ကျွန်မ ယုံပါသည်။
သည်တခါဖြင့် သူ လာမှ လာပါ့မလား။
ဟိုး အနောက်ဘက် တောင်စွယ်မှာ နေလုံးကွယ်ခဲ့တာ ကြာပြီ။ မုန်းမြစ်ပြင်၏ ရေအလျဉ်သည် အမှောင်ချဉ်းကပ်လာသည်နှင့် အမျှ အညိုရောင်သန်းလာခဲ့ပြီ။ ကျွန်မ၏ ဘေးနားဆီက ပြောင်းပင်တို့၏ ရနံ့သည် လေအဝှေ့တွင် ချိုမြစွာ မွှေးနေဆဲ။
ကျွန်မကသာ သဲသောင်စပ်မှာ ထိုင်စောင့်နေခဲ့ပေမယ့် ကျွန်မ ရွာပြန်ရောက်နေကြောင်း သူ မသိဘဲ နေနိုင်သည်။ ဟင့်အင်း . . . မဖြစ်နိုင်ပါ။ ကျွန်မတို့ရွာသည် ကျဉ်းကျဉ်းကလေး ဖြစ်သည်။ ကျွန်မ သည်နေ့မနက် ရောက်လာသည်ကို သူ့အား သတင်းပေးမည့် သူတွေ အများကြီး ရှိသည်။ ကျွန်မ ရောက်နေမှန်း သူ သိကို သိမှာပါ။ သေချာပါသည်။
ဒါဖြင့် သူ လာမှာလား၊ မလာဘူးလား။
ဆယ်နှစ်ကျော်ကာလ ကြာမြင့်သည် အထိ ရွာသို့ ကျွန်မ မပြန်ဖြစ်ခဲ့။ ယခုအကြိမ်သည် ဆယ်နှစ်အတွင်း ပထမဆုံး ပြန်ရောက်သည့် အကြိမ်ဖြစ်သည်။
ကျွန်မ ဘာ့ကြောင့် ပြန်ရောက်လာသည်ဆိုတာ သူ သိမှာပါပဲ။
သူ့ လက်ထပ်မင်္ဂလာပွဲကို ကျွန်မ တက်ရောက်ချီးမြှင့်လိမ့်မည်ဟု သူ နည်းနည်းမျှ ကြိုတင် မမှန်းဆခဲ့သည့်တိုင် ကျွန်မ ရောက်လာပြီဆိုမှတော့ သူ့ မင်္ဂလာပွဲအတွက်ဟု သူ ရိပ်မိမှာပါ။ သူ ဘယ်လို ရင်ဆိုင်မှာပါလိမ့်ဟု ကျွန်မ စိတ်ကူးယဉ်ကြည့်မိသည်။ ရန်အေးဟာ ခင်လေးရဲ့ ချစ်သူဆိုတာ ဟောသည် တရွာလုံး သိခဲ့သည်။ ကာလ အရှည်ဆုံးသော တက္ကသိုလ်တခုမှာ သွားရောက် ပညာသင်နေခဲ့သည့် ချစ်သူ ခင်လေးကို ရန်အေး ဘယ်လောက် လွမ်းဆွတ် တသခဲ့သည်၊ ကျောင်းပိတ်ချိန်တွေကို ဘယ်လောက်မျှော်လင့်တကြီး စောင့်စားခဲ့သည် ဆိုတာလည်း တရွာလုံး သိခဲ့သည်။
တကယ်ဆို သည်နေ့ ကျွန်မ ရွာကို မလာခဲ့သင်ဘူး၊ ကျွန်မ သိပါသည်။
ကျွန်မ ဘာကြောင့် လာခဲ့မိပါလိမ့်။
တခြားမိန်းမတစ်ယောက်ကို ဖြစ်သင့် ဖြစ်ထိုက်စွာ လက်ထပ်ယူတော့မည့် ချစ်သူဟောင်းတယောက်ကို ကျွန်မက ဘာဖြစ်လို့ အနှောက်အယှက် ပေးနေဦးမှာလဲ။ အတိတ်၏ နာကြည်းကြေကွဲမှု ဒဏ်ရာဟောင်းကို ဘာဖြစ်လို့ သူ့အား ပြန်လည် ခံစားစေဦးမှာလဲ။ သူ့ဇနီးလောင်းနှင့်သူ ပျော်ရွှင်ချမ်းမြေ့စွာ ဘဝကို ဖြတ်သန်းပါစေတော့လား။
ဟင့်အင်း. . .မရဘူး။ သူ့မင်္ဂလာပွဲကို ကျွန်မ သွားရမှ ဖြစ်မည်။ သူ့ သတို့သမီး ဘယ်လောက်လှသလဲ ဆိုတာ ကျွန်မ မြင်ရမှ ဖြစ်မည်။ သူ့ သတို့သမီးကို သူ ဘယ်လောက် ကြင်နာယုယနိုင်မလဲဆိုတာ ကျွန်မ မြင်တွေ့ရမှ ဖြစ်မည်။ မင်္ဂလာပွဲမှာ ကျွန်မကို မြင်ရလျှင် သူ ဘယ်လောက် ဒေါသထွက်မလဲ၊ ဘယ်လောက် တုန်လှုပ်သွားမလဲ၊ ဘယ်လောက် စိတ်ညစ်သွားမလဲ ဆိုတာ ကျွန်မ မြင်တွေ့ရမှ ဖြစ်မည်။
ကျွန်မ တဇွတ်ထိုးလုပ်တတ်တာ သူ သိလို့ကို သည်မုန်းဆိပ်ကို သူ လာမှာပါ။ ကျွန်မကို ကြိုတင်ဖျောင်းဖျဖို့လေ။ စိတ်လိုက် မာန်ပါ မလုပ်ဖို့ ဖျောင်းဖျမလား. . .မဟုတ်နိုင်ပါ။ ကျွန်မ သူ့အကျိုး ပျက်စီးရာ ပျက်စီးကြောင်း ဘယ်တော့မှ လုပ်မည့်သူ မဟုတ်မှန်း သူ သိထားမှာပါ။ စိတ်ကူး မယဉ်ဖို့ပဲ သူ ဖျောင်းဖျပေလိမ့်မည်။ သူ ပြောမှာပေါ့။ ကျွန်မတို့ အသက်တွေ မငယ်ကြတော့ဘူး။ ရည်းစားဟောင်းရဲ့ မင်္ဂလာပွဲကို တက်ဖို့ စိတ်ကူးတွေ ယဉ်မနေနဲ့။ သူ့ ရင်ထဲမှာလည်း ကျွန်မ မရှိတော့တာ ကြာပြီ . . . စသည် စသည်ဖြင့် သူ ပြောမှာပေါ့။ သူ ကျွန်မနှင့် ကြိုတင် ညှိဖို့ သည်နေရာကို လာကို လာမှာပါ။
သို့သော် အမှောင်သည် တစ တစ ချဉ်းနင်းဝင်ရောက်လာရာ မြစ်ပြင်မှာ ရေအရောင်ကို ခပ်လတ်လတ်သာ မြင်ရတော့သည်။ ကူးတို့လှေကလေးသည် ခပ်လှမ်းလှမ်းမှာ အနားယူကာ ရပ်တန့်နေပြီ။ ဟိုဘက်ကမ်း သည်ဘက်ကမ်း ကူးဖို့လည်း ဘယ်သူမှ ရောက်မလာကြတော့ပေ။
ဒါဖြင့် သူ မလာတော့ဘူးပေါ့။
ဘယ်လိုလုပ်ပြီး လာနိုင်မလဲလေ။ မနက်ဖြန် မင်္ဂလာဆောင်တော့မယ့် သတို့သားမှာ ဆောင်ရွက်စရာ ကိစ္စတွေ ရှုပ်ယှက်ခတ်နေမှာပေါ့။ နောက်ပြီး ဇနီးလောင်းက သိသွားခဲ့လျှင်၊ သိ မသွားလျှင်တောင် သစ္စာမဲ့ရာ ကျနိုင်သည် ဟူသော အတွေးက သူ့ရင်ထဲမှာ ရှိမှပေါ့။ သူသည် ထုံးတမ်းစဉ်လာ သဘာဝဆိုတာကို ဘယ်တုန်းကမှ ချိုးဖောက်ဖို့ လွန်ဆန်ဖို့ စိတ်ကူးခဲ့သူ မဟုတ်။
ဤနေရာသို့ လာဖို့ မလာဖို့မှာ မလာဖို့ဘက်က ဆွဲအားပိုများနေမှာပါ။ ကျွန်မ သိပါသည်။ ယောက်ျားမာနနှင့် အချစ် လွန်ဆွဲကြသည့် ပွဲတုန်းက အချစ်က အနိုင်ရခဲ့တာ မှန်ပါရဲ့။ ယခုကိစ္စမှာတော့ ယောက်ျားမာနအပြင် ဆောင်ရွက်စရာ ကိစ္စတွေ၊ ခင်ပွန်းလောင်းတယောက်၏ သစ္စာဆိုတာတွေ၊ ပတ်ဝန်းကျင် စကာတင်းတွေ. . .။ အို . . . အဲသည်ဘက်မှာ ပို၍ အလေးသာအောင် ကူဖြည့်မည့် အကြောင်းအချက်တွေက အများကြီး။ သည်ဘက်မှာက မျှော်လင့်ချက် မရှိခဲ့သည့် အချစ်တခုတည်း။ အချစ်မှာမှ ဆယ်နှစ်ကျော်ကာလ ကြာမြင့်ပြီးနောက် တဖြည်းဖြည်း လျော့ပါးနေနိုင်သည့် ပမာဏနည်းမည့် အချစ်။
တဖြည်းဖြည်းနှင့် မှောင်လာသည့် ညနေချမ်းမှာ ကျွန်မ၏ မျှော်လင့်ချက်တွေ တဖြည်းဖြည်း တရိပ်ရိပ် ကျဆုံးကုန်ပါသည်။
သူ မလာတော့ဘူးပေါ့။
ယခု အချိန်အထိ သူ့ကို ကျွန်မ ချစ်နေဆဲဟု ကိုယ့်ကိုယ်ကို သေချာသွားသည်။
ယခုဆိုလျှင် သူ့ရုပ်ပုံလွှာ ဘယ်လို ပြောင်းလဲနေပြီလဲ။
မလာဘူးဟု သေချာခါမှ ကျွန်မ သူ့ကို အလွန်အမင်း မြင်တွေ့ချင်လာသည်။ သူ့မေးစေ့တဝိုက်မှာ ရင့်ကျက်သည့် မုတ်ဆိတ်တို့ဖြင့် စိမ်းညှို့နေလောက်ပြီလား။ ညိုစင်သည့် သူ့လက်မောင်းမှာ တောထဲသွားရသည့် ဒဏ်၊ လယ်ထဲဆင်းရသည့် ဒဏ်တို့ဖြင့် ညိုရာမှ မည်းခဲ့ပြီလား။ ပုဆိန်ကိုင်သည့် လက်ဖဝါးများ၊ တံစဉ်ကိုင်သည့် လက်ဖဝါးများ အသားမာတက်ရာ ကြမ်းတမ်းရာမှ ခံစားမှုပျောက်သည်အထိ မာကျောခဲ့ပြီလား။ ကျွန်မ သူ့ကို မြင်ချင်လိုက်တာ။ သူတပါး၏ ခင်ပွန်းအဖြစ် မြင်ချင်တာ မဟုတ်ပါ။ ပိုင်ဆိုင်သူ မရှိသည့် ကျွန်မ၏ ချစ်သူအဖြစ် လွတ်လပ်သော ယောက်ျားတယောက်အဖြစ် မြင်ချင်လာတာပါ။
သို့သော် သူ မလာတော့ပါ။
အမျိုးသမီးတစ်ယောက်အနေနှင့် သည့်ထက်ပို၍ သည်နေရာမှာ နေဖို့ မသင့်တော်ဘူးဟု ကိုယ့်ကိုယ်ကို အားတင်းကာ ကျွန်မ ထိုင်ရာမှ ထရပ်လိုက်ချိန်တွင် ကျွန်မ မျက်ရည် တစက် နှစ်စက် လွင့်စဉ်ကျသွားသည်။
အို . . . သူ မလာဘူးလို့ ကျွန်မ သေချာလို့လား။
ကျွန်မ ရွာကို ကျောပေး၍ မြစ်ကို မျက်နှာချင်းဆိုင်၍ မလှုပ်မယှက် ထိုင်နေခဲ့သည့် ကြာမြင့်သော ကာလမှာ ကျွန်မ နောက်နားဆီသို့ သူ ရောက်ချင် ရောက်လာနိုင်ခဲ့တာပဲ။ ကျွန်မဆီသို့ ခြေတလှမ်း ထပ်တိုးဖို့ ဟန်ပြင်ပြီးမှ နောက်ပြန်ဆုတ်ကာ ပြန်သွားတာလည်း ဖြစ်နိုင်တာပဲ။ နောက်ဘက်ကို ကျွန်မ တခါမှတောင် လှည့် မကြည့်ခဲ့ဘူးလေ။
ကျွန်မ ရွာဘက်သို့ ပြန်လှည့်လာခဲ့သည်။
ကျွန်မ တရပ်လောက် မြင့်သည့် (လမ်းဘေးဝဲယာရှိ) ပြောင်းပင်တွေသည် မလင်းတလင်း လရောင်အောက်မှာ လေဖြင့် ယိမ်းနွဲ့နေကြသည်။ အဲသည် ပြောင်းပင်တန်းတွေကြားမှာ လူတယောက် အသာလေး ရပ်ပြီး သည်ဘက်ကို လှည့်ကြည့်နေခဲ့နိုင်တာပဲ။ ကျွန်မဆီကနေ သဲသဲကွဲကွဲ မြင်နိုင်မှာ မဟုတ်ဘူးလေ။
ထို့နောက် ကျွန်မ ခပ်တိုးတိုး ရယ်မိသည်။
သူ ပြောခဲ့တာ သိပ်မှန်၏။ ကျွန်မ စိတ်ကူးယဉ်လေသည်။
-------------------------------------------------
K Sharing Audiobook ၏ Social Media Channel များ
0 Comments