တောင်တန်းကြီးတွေ အရောင်ပြောင်းသွားတဲ့အခါ - ဂျူး (ဝတ္ထုတို)

 ဝတ္ထုတို အမည် - တောင်တန်းကြီးတွေ အရောင်ပြောင်းသွားတဲ့အခါ

စာရေးသူ - ဂျူး

Short Story


-------------------------------------------------

တောင်တန်းကြီးတွေ အရောင်ပြောင်းသွားတဲ့အခါ


#ဂျူး (ပထမပိုင်း)


အဖေသည် လောကတွင် ဘယ်သူ့ကိုမှ မယုံကြည်။

သူ့သားအရင်း ကျွန်တော့ကိုပင် မယုံကြည်ကါ။


တစ်ခုခုတော့ မှားယွင်းနေပြီထင်သည်။ သည်ည အဘိုးကြီး ပြန်လာသည်ကို မမြင်ရသေးပါ။ သူ့ကို အဘိုးကြီးဟူသော အသုံးအနှုန်းဖြင့် ကျွန်တော်သတိရနေသည်ကို သိလျှင် အဖေ ဘယ်လောက်များ ဒေါပွလိုက်မလဲ။


တကယ်တော့လည်း အဖေ အဘိုးကြီး ဖြစ်နေပါပြီ။


* * *


ကျွန်တော့အိမ်ရှေ့မှ ညတိုင်းဖြတ်ပြီး အိမ်ပြန်သွားလေ့ရှိသော အဖေ့ကို ကျွန်တော် မုန့်ဟင်းခါးဖိုမှာ အလုပ်ရှုပ်နေသည့်ကြားက အမြဲစောင့်ကြည့်ဖြစ်ခဲ့သည်။ မုန့်နှစ် ကြိတ်သည့်ကြိတ်စင်ကြီးကိုကွယ်၍သော်လည်းကောင်း၊ မုန့်ညှစ်သည့် ညှစ်စင်ကိုကွယ်၍သော်လည်းကောင်း ဖြစ်သည်။ ကျွန်တော့အိမ်ခြံ၀င်းရှေ့မှာ ကြီးကြီးမားမားသစ်ပင်မရှိသဖြင့် လမ်းပေါ်ကို အတိုင်းသားမြင်နေရပါသည်။


လရောင် ကြယ်ရောင်အောက်မှာပေမယ့် မှောင်ရီဝိုးတဝါး သဘာ၀ည အလင်းရောင်ဖြင့် အဖေ့ကို အဖေပဲဟု ကျွန်တော်အမြဲသိနေခဲ့သည်။ သိလိုက်တိုင်းလည်း ကွယ်စရာတစ်ခုခုဖြင့် ပုန်းကွယ်၍ ကျွန်တော် အကဲခတ်ကြည့်မိမြဲဖြစ်သည်။ အဖေနေကောင်းရဲ့လား၊ လမ်းလျှောက်တာပုံမှန် ဟုတ်ရဲ့လား ။ အဖေ့စိတ်တွေ ဆူပွက်ဒေါသကြီးနေခဲ့သလား။ သို့မဟုတ် အနည်းငယ် ကြည်လင်နေခဲ့သလား။


မခံချင်စရာကောင်းသည်မှာ အဖေသည် အိမ်ရှေ့က ဖြတ်လျှောက်တိုင်း ဘယ်သောအခါမျှ ကျွန်တော့ခြံဝိုင်းဘက်သို့ စောင်းငဲ့ကြည့်ဖော် မရခြင်းပင်ဖြစ်သည်။ ဘာသိဘာသာ ကျော်ဖြတ်ပြီး စောင်းငဲ့မကြည့်တာတော့ မဖြစ်နိုင်ပါ။ ဆီးပေါင်းထုတ် လုပ်သောအိမ်နှင့် ပဲလှော်ဖိုအကြားက ခြံဝိုင်းမှာ ကျွန်တော်နေထိုင်နေကြောင်း လွန်ခဲ့သည့် နှစ်တွေကတည်းက၊ အမေအသက်ရှိစဉ်ကတည်းက အမေပြန်ပြောပြလို့ အဖေသိနေခဲ့မှာပါ။


မကြည့်ရသည်မှာ မကြည့်ဖြစ်ဖို့ စိတ်ကိုဆုံးဖြတ်ထားလို့သာဖြစ်ရမည်။ အဲသည်လို မဟုတ်ဘူးဆိုလျှင် လပေါင်းများစွာ၏ ညပေါင်းများစွာအနက် တစ်ညတလေတော့ အမှတ်တမဲ့ အိမ်ဘက်သို့ မျက်လုံးအကြည့်ရောက်လာမှာပဲ။ လုံး၀ စောင်းငဲ့မကြည့်ဘူးဆိုတော့ အဖေ ကျွန်တော့အပေါ် ဒေါသကြီးနေဆဲ၊ အမှတ်တညာထားဆဲ၊ မာနကြီးဆဲ ဟု ယူဆရပါသည်။ တစ်နည်းတော့လည်း ဟောသည့်အိမ်တွင် သူစိတ်ဆိုးသော သားတစ်ယောက်နေထိုင်လျက်ရှိသည်ဟု ညတိုင်း ညတိုင်း အဖေ သတိရနေခဲ့လိမ့်မည်။ အဖေ့ဘ၀ထဲမှ ကျွန်တော် အပြီးတိုင်ထုတ်ပယ်မခံရသေးဘူး။ အဲသည့်အတွက် မခံချင်သည့်ကြားမှ စိတ်သက်သာရပါသည်။


ဒီည ကျွန်တော်မမြင်လိုက်ဘဲ အဖေပြန်သွားလိုက်တာလား။ အဲသည်လိုလည်း မဖြစ်နိုင်ပါ။ ယခုလို ညရှစ်နာရီနှင့် ကိုးနာရီကြားတွင် အဖေ ဆန်စက်မှ အိမ်သို့ ပြန်တတ်မှန်းသိ၍ အမြဲသတိထားပြီး အလုပ်လုပ်နေခဲ့တာမို့ မမြင်လိုက်ဘဲ လွတ်သွားစရာတော့အကြောင်း မရှိပါ။ မုန့်ကြိတ်စင်အတွက် ရေလိုလို့ ရေတွင်းဆီ သွားငင်လိုက်တုန်းကများ ပြန်သွားသလား။ ရေတွင်းမှာ ရေငင်တုန်းကလည်း ကျွန်တော် သည်ဘက်သို့ လှည့်၍ရပ်နေခဲ့ခြင်းဖြစ်သည်။ ရိပ်ခနဲ လူသဏ္ဌာန်တစ်ခုတွေပလျှင် မျက်စိက အလွယ်တကူ လမ်းဘက်သို့ လှမ်းကြည့်နိုင်ဖို့ဖြစ်သည်။ အဖေ့ကို ကျွန်တော်လွတ်သွားခဲ့တာ မဟုတ်။ အဖေ ညကိုးနာရီထိအောင် အိမ်ရှေ့က ဖြတ်ပြန်မသွားသေးတာသာ ဖြစ်သည်။


ဘာကြောင့်လဲ ၊ အလုပ်တွေ မပြတ်သေးတာလား။ အရင်ကလိုပင် အဖေလောဘတကြီး အလုပ်လုပ်နေဆဲလား၊ အဖေ့လောဘကြောင့် အဖေ့အလုပ်သမားတွေပါ ညဉ့်နက်အောင် အလုပ်ဆင်းနေရပြန်တာလား။ သို့မဟုတ် အဖေ နေမကောင်းဘူးလား။


အမေကွယ်လွန်ပြီးနောက် အဖေ့ အနားမှာ ဘယ်သူရှိနေပါမလဲ၊ ဘယ်သူမှ မရှိဘူးဆိုလျှင်လည်း အရင်းခံမှာ အဖေ့ကြောင့်သာ ဖြစ်လိမ့်မည်။


အဖေသည် လောကတွင် ဘယ်သူ့ကိုမှ မယုံကြည်။ သူ့သားအရင်း ကျွန်တော့ကိုပင် မယုံကြည်ပါ။


* * *


ဆန်စက်တွေရှိရာ စက်တန်းရပ်ကွက်အစွန်းထိ ဧရာ၀တီမြစ် ရေတက်သော နှစ်ကစ၍ အဖေနှင့် ကျွန်တော်၏ ပဋိပက္ခ စခဲ့သည်။ အဲသည်တုန်းက ကျွန်တော် ကျောင်းပိတ်၍ရွာပြန်ရောက်နေခဲ့၏။


အဖေ့စက်သည် ဤရွာတွင် ဒုတိယနောက်ဆုံးတည်ထောင်သော စက်ဖြစ်၍ ရပ်ကွက်အစွန်တွင် တည်ဆောက်ခဲ့ရသည်။ ဟိုဘက် အစွန်ဆုံးစက်က တစ်နှစ်အတွင်း ရပ်သွားခဲ့သဖြင့် စက်အဆောက်အအုံ အခွံသက်သက်သာ မဖျက်ရသေးဘဲကျန်နေခဲ့၏။ ထို့ကြောင့် မြစ်ရေသာ ဆက်ပြီး တိုးလာခဲ့လျှင် အဖေ့ဆန်စက်ထဲက ဆန်တွေ စပါးတွေက အရင်ဆုံး ရေမြုပ်ရမည့် ကုန်ပစ္စည်းတွေ ဖြစ်နေသည်။ စက်ထဲ ရေရောက်လို့ကတော့ အဖေ့ကြိတ်လက်စဆန်တွေ စပါးတွေ ရေထိတော့မည်။ အဖေ့စက်က အငှားကြိတ်စက်ရုံသက်သက်မဟုတ်ဘဲ စပါး၀ယ်လှောင်ကာ ကြိတ်သောစက်လည်း ဖြစ်သဖြင့် ဆုံရှုံးရမည့် ပစ္စည်းတန်ဖိုးမှာ တော်တော်များသည်။ ထိုအခါ မြစ်ရေတိုးနှုန်း မြန်သည်နှင့်အမျှ မိမိက လှုပ်ရှားဆောင်ရွက်တာလည်း မြန်ဖို့ လိုသည်။ စက်ကြမ်းခင်းမှာ ပုံထပ်ထားသော ဆန်အိတ်များကိုရေလွှတ်ရန် အလျင်အမြန် သစ်သားစင်တစ်ခု ခိုင်ခိုင်ရိုက်ပြီး ထိုစင်ပေါ်သို့ ပြောင်းရွှေ့ပုံရသည်။ အဖေ့အလုပ်သမားများ အားလုံး ထိုနေ့က ည ဆယ်နာရီထိုးသည်အထိ အလုပ်လုပ်ရသည်။


အဲသည့်အချိန်မှာ ကျွန်တော် စက်ထဲမှာ ရှိနေခဲ့တာ အဖေကံဆိုးသွားခြင်းဖြစ်၏။ အင်းလေ အဖေ ကံဆိုးတာမဟုတ်ဘဲ ကျွန်တော် ကံဆိုးတာလည်း ဖြစ်နိုင်ပါသည်။


အဖေ့ အလုပ်သမားတွေ နှစ်မျိုးနှစ်စားရှိ၏ ။ လခစား စက်အလုပ်သမားနှင့် နေ့စား အထမ်းသမားများဖြစ်သည်။ အဖေက သူ့စပါးတွေ ဆန်တွေကို တစ်ညနေတည်းနှင့် ရေလွတ်ရာသို့ ပို့နိုင်ရန် အလုပ်သမား နှစ်မျိုးလုံးကို ခိုင်းခဲ့သည်။ ည ဆယ်နာရီထိုးသဖြင့် လုပ်ခငွေရှင်းသောအခါ နေ့စားအလုပ်သမားများကို တစ်နေ့တာအတွက် ရှစ်ဆယ်ကျပ်စီ ရှင်းပေးပြီး လခစားများကို လက်ဖက်ရည်ဖိုးဟု သုံးဆယ်စီ ပေးသည်။ အလုပ်သမားတွေကလည်း ဘာမျှ စောဒကမတက်ဘဲ အဖေပေးသမျှငွေကိုလက်ခံပြီး ပြန်ဖို့စီစဉ်ကြသည်။ လက်မခံနိုင်သည်က ကျွန်တော်ဖြစ်သည်။


“ အဖေ အခုဟာက ညဆယ်နာရီကျော်ပြီနော် ”


အဖေက ကျွန်တော့အား မျက်မှောင်ကြုတ်ကြည့်သည်။


“ ဆယ်နာရီနဲ့ ဆယ့်ငါးမိနစ်လေ ”


“ ဒီအချိန်ထိအောင် အဖေ့အလုပ်သမားတွေကို ခိုင်းရင် အဖေ အချိန်ပိုဆင်းခ ပေးရမှာပေါ့ ” ကျွန်တော် တိုးတိုးပြောမိ၏။ အဖေ မျက်လုံးပြူးသွားကာ ကျွန်တော့ပခုံးကို ဆွဲဖက်ပြီး သူအနားယူနေကျ သူ့ရုံးခန်းဆီသို့ ဇွတ်ဆွဲခေါ်သွားသည်။


“ မောင်ဌေးရေ . . . လူကုန်ရင် ၀င်းတံခါးပိတ်ထားလိုက်တော့ ”


ညစောင့်အလုပ်သမားလေးအား လှမ်းအော်လိုက်ပြီး ကျွန်တော့ကို အခန်းထဲသို့ ဆွဲသွင်း၏။ ကျွန်တော်တို့နှစ်ယောက်စလုံး အထဲရောက်သောအခါ အဖေက တံခါးစေ့လိုက်သည်။


“ အဖေ လက်ဖက်ရည်ဖိုး ပေးလိုက်တာ မင်းမမြင်ဘူးလား ”


“ သုံးဆယ်စီပေးလိုက်တာ မြင်ပါတယ်၊ အဲဒါ နည်းတယ်အဖေ ”


“ ဟေ . . . တစ်နေ့လုံး လုပ်တာမှ ကိုးဆယ်ပဲ ရတဲ့ အလုပ်သမားကို လက်ဖက်ရည်ဖိုး သုံးဆယ်ပေးတာ နည်းတယ် ဟုတ်လား ”


“ နည်းတယ်အဖေ၊ အလုပ်သမားဥပဒေနဲ့ ရပိုင်ခွင့် သတ်မှတ်ချက်တွေအရဆိုရင် အချိန်ပို တစ်နာရီစာက မူရင်းအလုပ်ချိန် တစ်နာရီစာ လုပ်ခထက် နှစ်ဆ၊ ဒါမှမဟုတ် သုံးဆ . . . ”


“ တော်ပြီ ”


အဖေက ကျွန်တော့စကားကို အဆက်မခံဘဲ ခပ်တင်းတင်းပိတ်၍ အော်လိုက်သည်။


“ မြို့သွား ကျောင်းတက်ရတယ်ဆိုပြီး မတောက်တခေါက် အသိအမြင်လေးတွေနဲ့ ငါ့လာဆရာမလုပ်နဲ့၊ အခု ခိုင်းလိုက်ရတဲ့ အချိန်ပိုက ထွက်ကုန်တိုးဖို့ ငွေမြတ်ဖို့မဟုတ်ဘူး၊ ဒီစက်ရုံရဲ့ ပစ္စည်းတွေ မပျက်စီးအောင် ထိန်းသိမ်းဖို့လုပ်ရတာ၊ ဒီအချိန်ပိုကြောင့် ငါတစ်ပြားမှ ငွေပိုမ၀င်လာဘူး ”


အဖေက သူ့ရုံးစားပွဲပေါ်က လယ်ဂျာစာအုပ်ပုံကို လက်ဝါးနှင့် ခပ်ဆတ်ဆတ်ရိုက်ထည့်လိုက်သည်။


“ ဒါပေမဲ့ အဖေ့ဆန်တွေ စပါးတွေ ရေမစိုဖို့လေ၊ အဖေ့အကျိုးအမြတ်အတွက် သူတို့ လုပ်ပေးရတာလေ ကဲ သူတို့မရှိဘူး ၊ ဒါမှမဟုတ် မလုပ်ဘူးဆိုရင် ကျွန်တော်နဲ့ အဖေနဲ့ ဒီပစ္စည်းတွေကို မပျက်စီးအောင် ဘယ်လိုရွှေ့မလဲ၊ သူတို့ လုပ်ပေးလို့သာ ”


အဖေ ကျွန်တော့ကို မျက်လုံးပြူးကြည့်ပြန်၏။


“ ဟ ကံကြီးမောင်၊ မင်းက ငါ့ကို ဒီအိတ်တွေ ထမ်းစေချင်သေးလို့လား၊ ငါ့လို စက်ပိုင်က စပါးတွေ ထမ်းရမှာလား ” သူ့ရင်ဘတ်သူ လက်မဖြင့် ညွှန်ပြ၍ ဒေါသတကြီး မေးသည်။


“ မဟုတ်ပါဘူး အဖေ၊ အဖေ မထမ်းရအောင် သူတို့ကို ငှားထားတာပဲ၊ အခု သူတို့ ထမ်းပေး သယ်ပေးခဲ့တာလေ၊ ကျွန်တော်ပြောချင်တာက သူတို့သာ မလုပ်ပေးခဲ့ရင် . . . ”


“ သူတို့ မလုပ်လို့ ဘယ်ရမလဲ၊ သူတို့မလုပ်ရင် ထမင်းငတ်သွားမှာပေါ့၊ တစ်နေ့ ရှစ်ဆယ် ကိုးဆယ်မရရင် သူတို့ ဘာနဲ့သွားစားမလဲ၊ သူတို့မှာ လယ်မရှိဘူး ၊ ပညာမရှိဘူး၊ ထမ်းဖို့ ပိုးဖို့ ပခုံးပဲ ရှိတယ်၊ သူတို့ မလုပ်လို့ရမလား၊ သူတို့ မလုပ်ချင်ရင် ထွက်လေ၊ ရွာထဲမှာ လုပ်ချင်တဲ့သူတွေ ရိုက်သတ်လို့တောင် မကုန်ဘူး၊ တစ်ယောက်ထွက်ရင် တစ်ယောက်၀င်မှာပဲ ရှင်းလား ”


ရှင်းပါသည်။ အဖေ့စိတ်သဘောထားကို အဲသည့်အချိန်ကျမှ သိလိုက်ရခြင်းအတွက်လည်း ကျွန်တော်တုန်လှုပ်သွားခဲ့ပါသည်။


ကျွန်တော့က အဖေ့ကို ဒေါသကြီးသူဟုသာ သိထားခဲ့သည်။ အတ္တကြီးသူဟု မသိခဲ့။ စည်းစနစ်ကြီးသူဟုသာ သိထားခဲ့သည်၊ စေးကုတ်သူဟု မသိခဲ့။


“ သူတို့ အချိန်ပိုလုပ်ရတဲ့ အချိန်မှာ ငါ သူတို့ကို အငတ်ထားလို့လား၊ မုန့်ရေ နဲ့ အကြော်နဲ့ ရေနွေးကြမ်းနဲ့ ကျွေးတာ မင်းမမြင်ဘူးလား ”


ကျွန်တော် ဘာမှ ပြန်မပြောမိအောင် ထိန်းချုပ်ထား၏။ အဖေ့ မုန့်ရေနဲ့ အကြော်က သူတို့ ဗိုက်၀ဖို့မပြောနဲ့ နံတောင်စွတ်မှာ မဟုတ်ဘူးဟု ပြောလိုက်လျှင် အဖေ ကျွန်တော့ဇက်ပိုး အုပ်ကောင်းအုပ်လာနိုင်သည်ဟု ဆင်ခြင်မိသောကြောင့် ဖြစ်သည်။


တကယ်တော့ အဖေ့ကို နေ့စား အလုပ်သမားလုပ်ခ ကျွန်တော် ဆွေးနွေးချင်ခဲ့သည်။ နံနက်၈ နာရီမှ ညနေ ၆ နာရီလောက်ထိ လုပ်ရသော လူတစ်ယောက်၏ တစ်နေ့လုပ်ခ ၈၀ ဆိုတာ မျှတသလား၊ မမျှတဘူးလား ကျွန်တော် တိတိကျကျမသိပါ။ သို့သော် ညနေ ၆ နာရီမှာ အိမ်ပြန်ခွင့်မရသေးဘဲ ဆန်အိတ်တွေ ၊ စပါးတောင်းတွေ ထမ်းပိုးသယ်ရွှေ့ပေးရသည့် နောက်ထပ် အချိန်ပို၊ ၀န်ပိုများပါ ပေါင်းလိုက်လျှင် ငွေ ကျပ် ၈၀ သည် လုံး၀မမျှတသော ငွေဖြစ်တာကတော့ သေချာသည်။


“ ငါ မင်းကိုမြို့သွားကျောင်းတက်ခိုင်းတာ စက်ကို ကောင်းကောင်း အုပ်ချုပ်နိုင်မယ့် ဗဟုသုတ အကြားအမြင်တွေ ရအောင်လို့ကွ၊ ငါ အနားယူရင် မင်းပဲ အုပ်ချုပ်ရမှာ၊ ဒီပုံအတိုင်းဆို မင်းကိုင်ရင် တစ်နှစ်အတွင်း စက်ပိတ်ရတဲ့အဖြစ် ရောက်သွားနိုင်တယ် ”


“ ဟာ အဖေကလဲ . . မဟုတ်တာ ”


“ အလုပ်သမားတွေ မင်းခေါင်းပေါ်တောင် တက်လာဦးမယ် ”


“ သူတို့က အခွင့်အရေးသမားတွေ မဟုတ်ပါဘူး ”


“ ဟား . . . မင်း ဘယ်လိုလုပ်သိမလဲ၊ မင်း သူတို့နဲ့ ဘယ်နှခါဆက်ဆံဖူးလို့လဲ ၊ သူတို့ကို ဘယ်နှခါ အုပ်ချုပ်ဖူးလို့လဲ ”


“ ကျွန်တော် အဖေ့ဆီမှာ အလုပ်လုပ်ကြည့်မယ်လေ ”


ထိုစကားကြောင့် အဖေအံ့သြပြီး ကျွန်တော့အား ခပ်ကြာကြာစိုက်ကြည့်ပါသည်။


“ မင်းအရင်က ဆန်စက်ကို တစ်နှစ်နေလို့ တစ်ခါတောင် လာဖော်မရဘဲ အခုမှ ဘာဖြစ်လို့အလုပ်လုပ်ဖို့ စိတ်၀င်စားလာရတာတုံး ”


ထို့နောက် အဖေသည် ကောက်ချက်တစ်ခုကို ဖြုန်းခနဲ ရသွားသည်။


“ ဧကန္တ . . . မင်း ကိုဘသီရဲ့ သမီးလေးကို . . . ”


ကျွန်တော် မျက်နှာနွေးခနဲပူသွား၏။


“ အဖေ ”


“ ဟုတ်ပါပြီ၊ အဲဒီကောင်မလေးကြောင့် မင်း သူရဲကောင်း ဖြစ်ချင်နေတာ ငါသိပြီ ”


ထားခင်ကို ကျွန်တော် စိတ်၀င်စားမိတာတော့ မှန်ပါသည်။ သို့သော် အလုပ်သမားများ၏ ရပိုင်ခွင့်ကို မနစ်နာစေလိုသည့် ဆန္ဒကတော့ ထားခင်နှင့် ဘာမျှ မဆိုင်ပါ။


“ ဖိုးကံ . . . မင်း ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့နော်၊ စက်ပိုင်သားနဲ့ ကူလီခေါင်းရဲ့သမီး အဆင့်အတန်းချင်းက လွှတ်ကွာတယ်၊ ငါ့ကို သိက္ခာချဖို့ မကြိုးစားနဲ့၊ အတည်လဲ မကြံနဲ့ ၊ အပျော်လဲ မကြံနဲ့ ၊ အို ကွာ နည်းနည်းကလေးမှ မပတ်သတ်စေနဲ့၊ ငါ ကြိုတင်ပြောထားလိုက်မယ် ဒါပဲ ”


ကျွန်တော် အံ့သြနာကျင်သွားခဲ့သည်။


အဖေ့မှာ အဲသည်လို လူတန်းစားခွဲခြားသည့်အမြင် ရှိနေလိမ့်မည်ဟု ကျွန်တော်မထင်ခဲ့မိပါ။


“ ကောင်မလေးကို မင်းဒီနေ့ စကားပြောတဲ့ အမူအရာ အဖေ မကြိုက်ဘူး ”


ကျွန်တော် ဘယ်လိုအမူအရာနှင့် စကားပြောမိပါလိမ့်ဟု တစ်ခဏ ပြန်တွေးမိသွားသည်။ ကတ္တားချိန်ပြီးသွားလို့ ခဏနားနေတုန်း မှာ ဆီးပေါင်းထုပ် နှိုက်စားနေတာ မြင်ရသဖြင့် လက်ဆေးပြီးသား ဟုတ်ရဲ့လား၊ နင့်လက်က စောစော တုန်းက နွားချေးတွေ ကျုံးနေတာ မဟုတ်ဘူးလားဟု မေးခဲ့မိသည်။ ထိုမေးခွန်းကို မေးချိန်မှာ ကျွန်တော့မျက်နှာထား ဘာမှထူးခြားနေစရာအကြောင်းမရှိပါ။


ထို့ကြောင့် ကျွန်တော် အဖေ့ကို စိတ်ပျက်သွားပါသည်။


“ ပြန်ရအောင် အဖေ၊ ကျွန်တော်ဆာလှပြီ ” ဟု စကားဖြတ်ပြီး အခန်းထဲက ပြန်ထွက်ရန် ကျွန်တော်ဟန်ပြင်မိ၏။ “ ငါစကားပြောနေတုန်း စကားမလွှဲနဲ့ ” အဖေဒေါသတကြီး အော်ဟစ်လိုက်သဖြင့် ကျွန်တော်လန့်သွားရသည်။ အဖေသည် တစ်လောကလုံးကို သူ့အာဏာ တည်ချင်သူဖြစ်လိမ့်မည်ဟု ကျွန်တော် အလန့်တကြား တွေးမိသွားပါသည်။


* * *


ကျွန်တော်ကလေးအရွယ်ကတော့ အဖေသည်ကျွန်တော့ သူရဲကောင်း၊ ကျွန်တော့အားကိုးရာ ဖြစ်ခဲ့သည်။


ကျွန်တော်ပထမဆုံးအကြိမ် ကျောင်းတက်သောနေ့က ကျောင်းသို့ အမေလိုက်ပို့ပေးသည်။ ကျောင်းတက်ခေါင်းလောင်းထိုးတော့ အမေ ပြန်မည်ပြင်သောအခါ ကျွန်တော်၀မ်းနည်းအားငယ်စွာ ငိုခဲ့သည်ဟု ကျွန်တော်မှတ်မိနေပါသည်။ အမေ မပြန်နဲ့၊ ကျွန်တော်နဲ့ အတူနေရမယ်ဟု ကျွန်တော် တောင်းဆိုပြီး ငိုကြွေးခြင်းဖြစ်သည်။အမေက ကျွန်တော့ကို ချော့မော့သည်။


“ ကျောင်းဆိုတာ ကျောင်းသားတွေပဲ နေရတဲ့နေရာ၊ လူကြီးမိဘတွေ ကျောင်းခန်းထဲမှာ မနေရဘူး ၊ နေ့လည်ထမင်းစားကျောင်းဆင်းတော့ အမေ သားကို လာခေါ်မှာပဲ ”


သို့သော် ကျွန်တော်က ကျွန်တော်တစ်ယောက်တည်းကျွန်တော်မသိသည့် နေရာစိမ်းတစ်ခုမှာ မကျန်ရစ်ခဲ့လို။ ထို့ကြောင့်၀မ်းနည်းပန်းနည်းဖြစ်နေသည်။ ဆရာမက ကျွန်တော့အား လက်မှဆွဲပြီး အမေကိုပြန်ခိုင်းသည်။ “ အစပိုင်းမှာတော့ ဒီလိုပဲ၊ နောက်ရက်တွေကျ သူ နေသားကျသွားလိမ့်မယ်၊ ရှင်ပြန်မှာသာပြန် ၊ ကျွန်မတို့ရှိပါတယ် ” အမေပြန်သွားသောအခါ အာခေါင်ခြစ်ပြီး ငိုရင်း ကျွန်တော် ကျန်ခဲ့၏။


သိပ်မကြာခင် အမေကျောင်းသို့ တစ်ခေါက်ပြန်လာသည်။


အမေ ချက်ချင်းပြန်လာလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် အမေ့ကို သူငယ်တန်းကျောင်းဆောင်ဘေးက စိန်ပန်းပင်ကြီးအောက်မှာ မြင်လိုက်ရသောအခါ ကျွန်တော်ပျော်သွားပါသည်။ အမေက ကျွန်တော့အား ပြုံးပြပြီး လက်ကာပြသည်။ ထို့နောက် စိန်ပန်းပင်အောက်က အုတ်ခဲတစ်ခုပေါ်မှာ အကျအနထိုင်ပြီး ကျွန်တော်နေ့လယ်ထမင်းစား ကျောင်းဆင်းသည့် အချိန်ထိ စောင့်နေခဲ့ပါသည်။ အမေ ကျွန်တော့ဘေးမှာ ရှိနေသည်ဟူသော အတွေးဖြင့် ကျွန်တော်လုံခြုံစိတ်ချသွားပါသည်။


“ အမေ ”


ထမင်းစား ကျောင်းဆင်းတော့ အမေ့ရင်ခွင်ထဲသို့ ကျွန်တော်ပြေး၀င်ခဲ့သည်။


“ လာ . . . အိမ်ပြန်ပြီး ထမင်းစားကြမယ် ”


အမေက ကျွန်တော့လက်ကိုဆွဲပြီး ကျောင်းသားကျောင်းသူတွေ ကြားထဲမှ တိုးဝှေ့ထွက်လာကြသည်။


“ ဒါပဲနော် ဖိုးကံ၊ အမေ ကျောင်းမှာ လာစောင့်ရလို့ အဖေပဲ ထမင်းချက်ထားရမှာ၊ အမေ စျေးလဲ ၀ယ်မပေးခဲ့ရဘူး၊ ဘာချက်ထားမလဲ မသိဘူး ၊ သား ကြေးများမယ်မကြံနဲ့ ”


အဲသည်နေ့က ဘာဟင်းနှင့် ကျွန်တော်ထမင်းစားရသလဲ မမှတ်မိတော့ပါ။ စားမကောင်းတာပဲ ကျွန်တော်သိသည်။ အဖေက ပြောသတဲ့၊ ‘ ငါ့ သားလေး အားငယ်နေလိမ့်မယ်၊ သားမြင်သာတဲ့ အနီးအနားမှာ မင်းသွားစောင့်ပေးလိုက်၊ ငါ ချက်ပြုတ်ပြီးမှ လယ်ထဲသွားလိုက်ပါ့မယ် ’ ဟု ခွင့်ပေးခဲ့သတဲ့။


ကျွန်တော်တို့ ထမင်းစားချိန်တွင် အဖေ လယ်ထဲသို့ဆင်းသွားခဲ့ပြီ။ အဖေ့ကို မတွေ့ခဲ့ရပါ။ ညနေ ကျွန်တော်ကျောင်းမှ အမေနှင့်အတူ ပြန်လာတော့လည်း အဖေပြန်မရောက်သေး။ ညမိုးချုပ်မှ ပြန်ရောက်ခဲ့၏။ ရောက်ရောက်ချင်း ချွေးသုတ် ခဏ အမောဖြေနေစဉ် အဖေ ကျွန်တော့အား လှမ်းခေါ်သည်။


“ လာစမ်းပါဦး ကျောင်းသားကြီး ၊ ဒီနေ့ ကျောင်းမှာ ဘာတွေ သင်ခဲ့ရတုံး ”


အဖေ ခွင့်ပေးသဖြင့် နေ့စဉ် ကျွန်တော့စာသင်ခန်းဘေးမှာ အမေ စောင့်စောင့်ပေးခဲ့သည်မှာ ကျွန်တော်သူငယ်ချင်းတွေရပြီး နေသားကျသွားသည်အထိ ဖြစ်ပါသည်။


ကျွန်တော်တို့ကျောင်းရှေ့ ဘောလုံးကွင်းကျယ်ကြီးထဲမှာ ဘောလုံးပွဲတွေ ခဏခဏ ကန်ကြသည်။


ကုန်းစောင်းနှင့် ရွာခိုင် ကစားကြသောပွဲကို အဖေနှင့် အတူ လိုက်ကြည့်ခွင့်ရသည်ကို ကျွန်တော် မှတ်မိနေပါသည်။


ကျွန်တော်တို့ ဘောလုံးကွင်းသည် ရွာကွင်းဖြစ်သဖြင့် အကာအရံလည်းမရှိ ၊ ထိုင်ခုံလည်းမရှိ ၊ မြက်ခင်းတောင်မရှိ။ ရှေ့ကလူတွေက ကွင်းအစပ်မြက်ခင်းမှာ ထိုင်ကြည့်ပြီး၊ နောက်ကလူတွေက မတ်တတ်ရပ်ကြည့်ကြသည်။


ကျွန်တော့ကို သူ့ပခုံးပေါ်မှာ ထိုင်စေလျက် အဖေက မတ်တတ်ရပ်ကြည့်သည်။


အဲသည့်နေ့က ကျွန်တော်တို့ ကုန်းစောင်းအသင်းထက် ရွာခိုင်အသင်းကို ကျွန်တော်ပိုသဘောကျမိ၏။ ရွာခိုင်အသင်းမှာ နံပါတ်(၈)ကစားသမား ( ကျွန်တော်နာမည်မသိပါ၊ သူ့စွပ်ကျယ် အင်္ကျီနောက်ကျောမှာ နံပါတ် ၈ ဟူသော ဂဏန်းရိုက်နှိပ်ထားသူဟုသာ မှတ်မိသည်။) ကို ပိုပြီးသဘောကျသည်။ သူ ဘောလုံးသယ်ယူသောအခါ မထိတထိ လှည့်ပတ်ကွေ့ဝိုက်ကာ အပါသယ်နိုင်သောကြောင့် ကျွန်တော် သဘောကျသည်။ ခေါင်းနှင့်တိုက်ပြီး သူဂိုင်းသွင်းတာ လှသောကြောင့် ကျွန်တော်လွှတ်ခနဲ အော်ဟစ် အားပေးမိ၏။


“ ရှစ် . . ရှစ် ၊ ရွာခိုင် ရှစ်ကွ ”


ထိုအခါ အဖေက ကျွန်တော့ ခြေသလုံးကို သူ့လက်ဖြင့် ထိန်းဆုပ်ထားရာက ဒေါသတကြီး ဖိညှစ်ပစ်သည်။


“ ဟေ့ကောင် ဖိုးကံ၊ ငါတို့ ရွာကို ဂိုး၀င်သွားတာဟ၊ မင်းက ဘာကိစ္စ ရွာခိုင်ဘက်က အားပေးရတာတုံး ”


“ အဖေကလဲ သူက တော်တယ်ဗျ ”


“ တော်တော်ကွာ၊ ကိုယ့်ရွာဘက်က မလိုက်ရင် အဲဒါ သစ္စာဖောက်နဲ့ ဘာမှ မထူးဘူး ”


အဖေကတော့ ရွာစွဲတော်တော်ကြီး၏။ ကုန်းစောင်းအသင်းက ရှုံးနိုင်သည်ဟု အဖေ ထင်ထားပါလျက် ကုန်းစောင်းအသင်းဘက်မှ လောင်းရလောက်အောင် အဖေ ခေါင်းမာခဲ့သည်။ ကျွန်တော်ကတော့ ကိုယ့်ရွာရယ် ကိုယ့်ကျောင်းရယ် မဟုတ်၊ တော်သူကို အားကျသည်။ တော်သူဘက်မှ အားပေးချင်သည်။ ဤကိစ္စအတွက် ကျွန်တော့အား မျိုးချစ်စိတ်မရှိတဲ့ကောင်ဟု နောင်အခါမှာ စွပ်စွဲလေ့ရှိပါသည်။


အဖေ မကြိုက်မှန်းသိသဖြင့် တစ်ဖက်အသင်းကို အားမပေးဖြစ်တော့သော်လည်း အားရ ကျေနပ်စွာ စိတ်လှုပ်ရှားမိဆဲတော့ ဖြစ်သည်။ ထို့ကြောင့် စိတ်ဓာတ်တွေ တက်ကြွကာ ခြေနှစ်ဖက်ကို ဆောင့်မိသွားသည်။ အဖေ့ပခုံးပေါ်မှာ ကျွန်တော်ထိုင်နေမိတာကို သတိမရတော့ဘဲ ဖြစ်သည်။


“ ဟေ့ကောင် . . . ဟေ့ ကောင် ၊ မင်းထိုင်နေတာ ထိုင်ခုံမဟုတ်ဘူး ကွ ”


အဖေက ကျွန်တော့ခြေသလုံးကို ဖြန်းခနဲ တစ်ချက်ရိုက်လိုက်ပြီး အော်ငေါက်တော့မှ ကျွန်တော်ငြိမ်သွားမိပါသည်။


ငယ်ငယ်တုန်းက အဖေ ကျွန်တော့ကို ချစ်ခဲ့သည်။ သို့မဟုတ် ကျွန်တော် အဖေ့ကို ချစ်ခဲ့သည်။ အဖေ လယ်ထွန်သည့်အခါ ထွန်တုံးပေါ်မှာ မတ်တပ်ရပ်နေသော အဖေ့အား လယ်ကန်သင်း ထနောင်းရိပ်မှ ထိုင်စောင့်ကြည့်ရင်း ဒီရွာထဲမှာ အဖေက ခွန်အားအကြီးဆုံးဟု ဂုဏ်ယူမိသည်။ အဖေနင်းသည့် ထွန်ကြောင်းက ပို၍နက်ပြီး ပို၍ ညီညာသည်ဟု ကျေနပ်မိသည်။


လယ်ရိတ်သိမ်းသောအခါ ကျောင်းပိတ်ရက်များ၌ အဖေ့ဆီ ထမင်းချိုင့်သွားပို့ရတိုင်း အဖေ့တံစဉ်ချက်က သူများတံစဉ်ချက်ထက် စပါးပင်တွေ အများကြီးပိုပါသည်ဟု အားကျခဲ့မိသည်။ ငါ အသက်ကြီးလာရင်လည်း အဖေ့လို ခွန်အားရှိလာမှာဟု မျှော်လင့်ခဲ့သည်။ အဖေ့ကို ကူလုပ်မှ အဖေ ပင်ပန်းတာတွေ သက်သာမှာဟု ညှာတာစိတ် ၀င်ခဲ့သည်။ ထို့ကြောင့် ကျွန်တော် မြန်မြန်အသက်ကြီးကာ မြန်မြန် အရွယ်ရောက်ချင်လှသည်။


* * *


အားကျစိတ်မှ မနှစ်မြို့စိတ်သို့ ပြောင်းလဲသွားခဲ့ခြင်းသည် အဖေ့ဘက်က ချို့ယွင်းချက်လား၊ ကျွန်တော့စိတ်အပြောင်းအလဲလား။ အရွယ်ရောက်လာသောအချိန်တွင် အဖေ့နောက်လိုက် မဖြစ်လိုစိတ်၀င်လာခဲ့တာတော့ ကျွန်တော်သတိထားမိ၏။


ကျွန်တော် ၁၆ နှစ်အရွယ်တွင် အဖေက အသက် ၄၀ ရှိနေပြီ။ အသက်၄၀ ဟူသည်မှာ လူတစ်ယောက်အတွက် စိတ်ဓာတ်အပြင်းထန်ဆုံး၊ အတက်ကြွဆုံး၊ ခွန်အားအကောင်းဆုံးဖြစ်လေမလားမသိ။ ကျွန်တော် အခုထိ အသက်၄၀ မရောက်သေးသဖြင့် ကျွန်တော် အသေအချာ မပြောနိုင်ပါ။ သို့သော် အဖေ့ကိုကြည့်ရတာတော့ ကျွန်တော် အသက်၁၆ နှစ်တွင် အဖေ ခွန်အားအကြီးဆုံး၊ စိတ်အတက်ကြွဆုံး ဖြစ်သည်။ အဲသည်အချိန်မှာ အဖေသည် ထွန်တုံးနှင့် လယ်တွေကိုစွန့်ပယ်ပြီး ကျွန်တော်တစ်ခါမှ အိပ်မက်မမက်ဖူးသော ဆန်စက်တစ်ခုကို တည်ထောင်ပြီးခဲ့ပြီ ဖြစ်သည်။


အမေက အဖေ လယ်တွေ ရောင်းပစ်သည့်ကိစ္စကို ခါးခါးသီးသီးကန့်ကွက်ခဲ့၏။ မလုပ်တတ် မကိုင်တတ် အရင်းပြုတ်သွားမှဖြင့်ဟု တွေးပူခဲ့သည်။ အဖေက သူ့အပေါ်မယုံကြည်ခဲ့သူ အမေ့အား အားရပါးရ ရယ်မောခဲ့တာ ကျွန်တော်မှတ်မိပါသည်။


“ အကြည် . . ငါ့ကို သေချာကြည့်စမ်းပါ၊ လေးမောင်ဟာ မနိုင်တဲ့ အလုပ်ကို လုပ်မယ့်ကောင်လားလို့၊ ကြည့်စမ်းပါ ”


နောက်ဆုံးတော့ အမေသည် အဖေ့ကို ဇွတ်နှစ်ယုံကြည်လိုက်ရပြီး လက်၀တ်လက်စားတွေကိုပါ အဖေ့အရင်းအနှီးထဲသို့ ထည့်ပေးလိုက်တော့သည်။


အဖေပြောတာ မှန်ပါသည်။ အဖေသည် သူ မနိုင်သည့် အလုပ်ကို လုပ်ခဲ့ခြင်းမဟုတ်၊ နိုင်နင်းမှာ သေချာသည့်အလုပ်ကို လုပ်ခဲ့ခြင်းဖြစ်သည်။ ဆန်စက်သည် တစ်နှစ်အတွင်း တစ်ရှိန်ထိုး အောင်မြင်ခဲ့သည်။ ကုန်းစောင်း စီးပွားရေးလောကာတွင် နေသူရိန်ဆန်စက်သည် ဆက်ဆံရေး အကောင်းဆုံး၊ ထုတ်ကုန် အသန့်ဆုံးဟူသော ဂုဏ်ပုဒ်ကို ရခဲ့သည်။ ကျွန်တော့ကို သူ့ခြေရာအတိုင်း လိုက်နင်းစေချင်သော အဖေသည် ကျွန်တော့ပညာရေးကိုတော့ အားပေး၏။ ကျွန်တော် ဆယ်တန်းရောက်သောအခါ စနစ်ကျကျ စာကြိုးစားအောင်ဟု အဖေက ကျွန်တော့ကို ရေနံချောင်းမြို့မှ နာမည်ကြီးဘော်ဒါဆောင်တစ်ခုသို့ အပ်၍ စာကြိုးစားစေခဲ့သည်။ သို့သော် ကျွန်တော် နှစ်နှစ်ဖြေခဲ့ရပါသည်။ ထို့နောက် ရွာခဏပြန်ရပြီး ကောလိပ်တက်ရန် ရေနံချောင်းသို့ ပြန်သွားရသည်။


ကောလိပ်ဒုတိယနှစ် အပြီး ရွာခဏပြန်သောအချိန်မှာ ကျွန်တော်တို့အိမ်သည် အိမ်မဟုတ်တော့ဘဲ တိုက်ဖြစ်နေခဲ့ပြီ။


ပထမတော့ ကျွန်တော်သည် ကျွန်တော်တို့၏ ကြွယ်ဝချမ်းသာမှု၌ ပျော်ရွှင်ယစ်မူးခဲ့၏။ သို့သော် မကြာခင်မှာပင် ကျွန်တော်တို့ မိသားစု၏ ထူးခြားဉာဏ်လည်း ရှိ၏။ ကျွန်တော်တို့သားအမိ အဖေ့ကို ဘယ်ကိစ္စမဆို ဆွေးနွေးတိုင်ပင်ဝံ့သည်။ အဖေ့မှာ ကျွန်တော့်အတွက်လည်း အချိန်ရှိ၏။ အဖေပင်ပန်းလွန်းသဖြင့် လယ်ထဲမှ အပြန်တွင် အမေကအဖေ့ကို နင်းနှိပ်ပေးသောအခါတွင် အဖေ့အာရုံသည် ခြံထောင့်က ဇောင်ချမ်းပင်မှာ ၊ ပွင့်တော့မည့် ဇွန်ပန်းရုံမှာ ၊ နီးကပ်လာသည့် မြစေတီဘုရားပွဲမှာ ညွတ်နူးနေနိုင်ခဲ့၏။


ယခုအခါ အဖေသည် ဤအရာများဆီ၌ စိတ်အာရုံ မရှိတော့ပြီ။ အဖေ့စိတ်သည် အမြဲတင်းကျပ်နေသောအခါ အဖေ့မျက်နှာသည် ပြေလျော့မှု မရှိ၊ ထာ၀ရ တည်တင်းနေတော့သည်။


အဖေ နေပူမရှောင် မိုးရွာမရှောင် လယ်လုပ်ရသဖြင့် ပင်ပန်းဆင်းရဲနေသည်ဖြစ်လျှင် အခုအခါမှာ ကျွန်တော်က အရွယ်ရောက်ပြီးသည့် ယောက်ျားဖြစ်ပြီမို့ ကျွန်တော်ကူညီလုပ်ကိုင်ပေးနိုင်ပါလိမ့်မည်။ သို့သော် အဖေက စက်မှာ တစ်နေကုန်နေထိုင်ပြီး ကြီးကြပ်အုပ်ချုပ်ရင်း အလိုမကျမှုတွေ၊ ဘာမှန်းမသိသော ဒေါသတွေ၊ ပူပင်မှုတွေဖြင့် ပင်ပန်းဆင်းရဲနေသည့်အခါ ကျွန်တော်အဖေ့ကို ဘယ်လိုကူညီနိုင်ပါ့မလဲ။ ကျွန်တော်အကူညီနိုင်ဆုံးမှာ ကျောင်းပိတ်ပြီး အိမ်ပြန်ရောက်သည့်အခါတိုင်း အဖေ့ဆန်စက်မှာ ၀င်လေ့လာပြီး အဖေ ခိုင်းသမျှ လုပ်ပေးခြင်းပင်ဖြစ်လိမ့်မည်။ ထိုအတွေးဖြင့် အဖေ့စက်မှာ စက်စာရေး၀င်လုပ်ပေးခဲ့ပါသည်။ သို့သော် ကျွန်တော်ကူညီလုပ်ကိုင်သည်ကို အဖေက ကူညီသည်ဟု မယူဆဘဲ နှောင့်ယှက်အာခံသည်ဟု ယူဆသွားခဲ့သည်။


ကျွန်တော် နာမည်မမှတ်မိတော့သော အဖေ့အလုပ်သမား တစ်ယောက်နှင့်ပတ်သက်ပြီး ဒုတိယအကြိမ် အဖေနှင့် ကျွန်တော် အတိုက်အခံ ဖြစ်ခဲ့ရ၏။ သူ့ကလေး နေမကောင်းသဖြင့် တိုက်နယ်ဆေးရုံတွင် တင်လိုက်ရသည့်အခါ ဆေးဖိုးနှင့် ကုန်ကျစရိတ်တွေ အတွက် အဖေ့ထံမှ သူက လခကြိုထုတ်ချင်သည်။ အဖေက ခွင့်မပေး။ ပြီးခဲ့သည့်လတုန်းက အိမ်အမိုးမိုးရန်ဟု လခကြိုထုတ်ပေးပြီးပြီဖြစ်၍ နှစ်လစာတော့ ကြိုထုတ်မပေးနိုင်ဟု ဆိုပါသည်။


“ ဆရာကြီးရယ် ၊ ကျွန်တော့သားကလေးရဲ့ အသက်ကို ကယ်ပေးပါဗျာ၊ လခတွေကိုကျွန်တော်ခွန်အားရှိနေသမျှ ကုန်းကျုံးဆပ်သွားမှာပါ၊ ဆရာကြီး မနစ်နာစေရပါဘူး ”


အလုပ်သမားက မျက်ရည်စမ်းစမ်းဖြင့် တောင်းပန်သော်လည်း အဖေက လက်မခံချင်။


“ မင်းကလေးက ဖျားတာဆို၊ ဖျားတာနဲ့ပဲ သွေးသွင်းရမယ်ဆိုတာ မဖြစ်နိုင်ဘူး၊ မင်း ငါ့ကို ခဏခဏ လိမ်ခဲ့တဲ့ကောင် ၊ မပေးဘူးကွာ ”


“ အဖေ ”


ကျွန်တော် မနေနိုင်တော့ဘဲ ကြား၀င်မိပါသည်။ အဖေ့ကို တစ်နေရာသို့ ခေါ်သွား၍ တိုးတိုးပြောရသည်။


“ တစ်လခစာငွေဟာ ဘယ်လောက်မှလဲ ရှိတာမဟုတ်ဘူး ၊ အလကားပေးလိုက်ရတာလဲ မဟုတ်ဘူး၊ ချေးလိုက်ရတာတောင် မဟုတ်ဘူး၊ သူက အလုပ်နဲ့ ပြန်ဆပ်မှာပဲဥစ္စာ၊ ပေးလိုက်ပါ အဖေရယ် ”


အဖေ ဒေါပွသွားခဲ့၏။ ကျွန်တော်က တိုးတိုးပြောပေမယ့် အဖေက ကျယ်ကျယ်အော်ငေါက်ခဲ့သည်။


“ ဖိုးကံ . . . ငါနဲ့ ငါ့အလုပ်သမားတွေကိစ္စမှာ မင်း ဘာမှ၀င်မရှုပ်နဲ့လို့ ပြောထားတယ်မဟုတ်လား ”


“ အသက်တစ်ချောင်းဆိုတာ ရခဲပါတယ် အဖေ ”


“ မရခဲပါဘူး၊ သူ့မှာ ကလေးဘယ်နှယောက်ရှိလဲ မင်းသိလို့လား ”


ကျွန်တော် မသိပါ။ ကလေးဘယ်နှယောက်ရှိရှိ ကလေးတစ်ယောက်၏ အသက်က တန်ဖိုးလျော့မသွားပါ။


“ သွား . . ကိုယ့်အလုပ် ကိုယ်သွားလုပ်စမ်း ” ကျွန်တော့ကို ငေါက်ပြီးနောက် အလုပ်သမားကိုပါ ဆက်ပြောသည်။ “ မင်းကလေးတကယ်ဆေးရုံတက်မတက် ငါစုံစမ်းပြီးမှ လိုသလောက်ကိုပဲပေးမယ်၊ အခု မင်းပြန်တော့ ”


“ ကျွန်တော် ဆရာကြီးကို မလိမ်ပါဘူးဗျာ ”


“ ပြန်တော့ ”


ကုပ်ကုပ်လေး ပြန်လှည့်ထွက်သွားသော အလုပ်သမားကို ကျွန်တော်သနားသွားခဲ့၏။ ကျွန်တော့အိတ်ကပ်ထဲမှာပါလာသော ငွေ ၃၀၀ ကို သူ့ကလေးဆေးဖိုးအတွက် ကူညီချင်ပါသည်။ သို့သော် အဖေ့ရှေ့မှာမို့ ကျွန်တော်နေရာမှ မရွှေ့ရဲပါ။


အဖေ့ကို နှလုံးသား မာကျောအေးစက်သူအဖြစ်ကျွန်တော် လက်မခံချင်။


သို့သော် အဖေသည် တကယ်ပဲ မာကျောအေးစက်သူဖြစ်နေခဲ့၏။


အမှန်တရားတစ်ခုကို ပြောလို့ အဖေ ကျွန်တော့ကို ရိုက်ရက်သည်ဆိုလျှင် ရိုက်ပါစေတော့။ ကျွန်တော် မရုန်းပါ ၊ ထွက်လည်းမပြေးပါ။


အဖေ့ကို နှလုံးသား မာကျောအေးစက်သူအဖြစ်ကျွန်တော် လက်မခံချင်။


သို့သော် အဖေသည် တကယ်ပဲ မာကျောအေးစက်သူဖြစ်နေခဲ့၏။ အလုပ်သမားတွေကို အပြစ်တင်အော်ငေါက်ဆူပူနေသည့်အခါမျိုးတွင် ပက်စက်နှိမ့်ချလွန်းသဖြင့် ကျွန်တော်ဘယ်နားသွားနေရမှန်းမသိအောင် စိတ်ညစ်ရသည်။ သားရေပေါ်အိပ် သားရေနားစား ဟူသော စကားမျိုး၊ သောက်ပျင်းကြီးတဲ့ကောင်တွေ ဟူသောစကားမျိုး၊ မင်းတို့ခေါင်းထဲမှာ ဦးနှောက်မရှိဘူး၊ နှပ်ချေးတွေပဲ ရှိတယ်၊ အလကား နှပ်ချေးဦးနှောက်တွေဟူသော စကားမျိုး ပြောခံရသူတွေ ဘယ်လိုခံစားရမလဲမသိသော်လည်း ကျွန်တော်ကတော့ တွန့်တွန့်သွားပါသည်။


လယ်သမားတွေထံမှ စပါး၀ယ်တိုင်း မရမက စျေးဆစ်ပြီး စျေးနှိမ်၀ယ်လေ့ရှိသော အဖေ့အ၀ယ်တော်ကို ကျွန်တော်ကြည့်မရသော်လည်း အဖေက ဒီကောင် တော်တယ်ဟု ချီးကျူးခဲ့ဖူး၏။ ကျွန်တော် အဖေ့ကို အံ့သြရတော့သည်။


အလုပ်သမားတွေ ခွင့်မတိုင်ဘဲပျက်ကွက်လျှင် အဖေက တစ်ခါတည်း ဖြုတ်ပစ်၏။ ဘာမှ ဖြေရှင်း ခွင့်မပေးပါ။


“ ဒီကောင်မလာစေနဲ့၊ စက်ထဲ ၀င်လာရင် ငါ့ကိုခေါ်လိုက်၊ ငါနဲ့တွေ့သွားမယ် ”


အဖေသည် တစ်ဖက်လူ၏ ပြဿနာဘယ်လိုရှိမလဲဟု စိတ်မ၀င်စား သူ့ပြဿနာကိုသာ သူစိတ်၀င်စား၏။ အားလုံးသည် အဖေ့မျက်နှာရိပ် မျက်နှာကဲကိုပဲ ကြည့်နေကြရသည်။ မန်နေဂျာကအစ အဖေ့ကို ကြောက်ရသည်။ စက်တစ်ခုလုံးတွင် အဖေ့ကို ပြန်ဝေဖန်ရဲသူဟူ၍ အဖေ့သားကျွန်တော်တစ်ယောက်ပဲရှိသည်။ စက်တစ်ခုလုံးမကပါ၊ လောကကြီးတစ်ခုလုံးမှာ အဖေ့ကို ဝေဖန်ရဲသူမရှိ၊ အမေတောင် အဖေ့အာဏာအတိုင်း ထားရာနေ၍ စေရာသွားရသူ ဖြစ်သည်။ ကျွန်တော် ငယ်ငယ်က အဖေ ကျွန်တော့ကိုရိုက်လို့ အမေက ၀င်ဆွဲလျှင် အမေပါ ဒဏ်ခံရသည်။


“ မဆွဲနဲ့နော် ၊ ဆွဲရင် မင်းပါနာမယ် ”


တကယ်လည်း အဖေ့တုတ်ချက်တွေသည် ကျွန်တော့ကိုကာထားသော အမေ့ကိုယ်ပေါ်သို့ မညှာမတာ ကျလေ့ရှိပါသည်။


ငယ်ငယ်တုန်းက အဖေ့တုတ်ချက်များကို ပြန်စဉ်းစားလျှင်ရေးရေးမျှသာပေါ်ပြီး ပေါ်လာချိန်မှာလည်း ခါးသီးစွာနာကျင်မှုမရှိပါ။ ကျွန်တော် တကယ်ဆိုးလို့၊ အပြစ်လုပ်မိလို့ အဖေရိုက်ခဲ့ခြင်းဖြစ်သည်။ သံကိုင်းမှာ ရေတွေကြီးနေချိန် အိမ်ကမသိအောင် သူငယ်ချင်းတွေနဲ့ တိတ်တဆိတ် ရေသွားကြည့်ရင်း လှေစီးမိလို့ အရိုက်ခံရသည်။ အနောက်ကိုင်း ဘုရားပွဲသို့ အဖေ လိုက်မပို့ဘူးဆို၍ ကျွန်တော်တစ်ယောက်တည်း ပွဲသွားကြည့်သည့်ညက အဖေ အနောက်ကိုင်းရွာထိ လိုက်ရှာပြီး ကျွန်တော့ကို ခေါ်ခဲ့သည်။ ကျွန်တော်ကံဆိုးချင်တော့ ထိုညက ပွဲခင်းထဲတွင် ရန်ဖြစ်ကြ၏။ ရွာသားတစ်ယောက် ဓားထိုးခံရလို့ သေဆုံးသွားသည်။ အဖေနှင့် ကျွန်တော့အနီးအနားမှာပဲ ဖြစ်သွားခြင်းဖြစ်သည်။ အဖေသည် ကျွန်တော့အား ဇွတ်ဆွဲခေါ်ကာ အိမ်ပြန်၏။ အိမ်ရောက်တော့ ၁၂ နာရီပင် ထိုးနေပြီ။ အမေက ကျွန်တော့ကို စိတ်ပူလို့ ငိုနေခဲ့သည်။ အဖေက ငိုနေသည့် အမေ့ရှေ့သို့ ကျွန်တော့ကို ပို့ပြီး ကျွန်တော့ကို ရိုက်ပါသည်။


“ အဲဒီမှာ မင်းအမေမျက်ရည်တွေ မြင်လား . . . မင်း မြင်လား၊ မင်း လူရိုက်ခံရမလား ရေမြောင်းထဲ ပြုတ်ကျမလား စိုးရိမ်ပြီး ငိုရတဲ့ မျက်ရည်တွေ မင်းမြင်ရဲ့လား ” ဟု ပြောပြောပြီး ကျွန်တော့ကို ရိုက်ခဲ့သည်။


ကျွန်တော့ ကိုယ်ခန္ဓာက နာကျင်ခဲ့သော်လည်း အဖေ့ကို ကြောက်ရုံသာကြောက်ခဲ့၍ မနာကြည်းခဲ့မိပါ။ အဖေ့ကို ကျွန်တော်ပိုပြီးတော့တောင် အားကိုးခဲ့မိသေး၏။ အဖေသာ ဒီည ရောက်မလာခဲ့ရင် ရုတ်ရုတ် ရုတ်ရုတ် လူအုပ်ထဲမှာ ငါ ဘယ်ပြေးလို့ ပြေးရမှန်းသိမှာ မဟုတ်ဘူးဟု တွေးမိပြီး ကြောက်နေခဲ့သောကြောင့်ဖြစ်သည်။ ကျွန်တော့အပေါ်ထားသည့် ချစ်ခင်မှုနှင့် စိုးရိမ်ပူပန်မှုမှ ဖြစ်ပေါ်လာသည့် ဒေါသကို ကျွန်တော်မြင်ရသလိုလိုရှိသဖြင့် အဖေ့ကို မမုန်းသည့်အပြင် ပို၍ပင် ချစ်ခဲ့မိပါသည်။


သို့သော် ကျွန်တော်လူကြီးဖြစ်ပြီး အကျိုးနှင့်အကြောင်းလည်း ခွဲခြား နားလည်ဆင်ခြင်တတ်ပြီ၊ လူ့လောက၀န်းကျင်အတွက် တန်ဖိုးရှိသည့် လူသားတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ဆောက်တည်တတ်ပြီဟု ကျွန်တော် စိတ်ချယုံကြည်လာသောကာလ ရောက်မှ အဖေ ကျွန်တော့်ကို ရိုက်ခဲ့သည့်အဖြစ်ကို ကျွန်တော်နာကြည်းပါသည်။ အဲသည်အဖြစ်သည် အဖေနှင့် ကျွန်တော်၏ အနာဂတ်ကို ပြောင်းလဲပစ်နိုင်လောက်အောင် ပြင်းထန်ခဲ့ပါသည်။


အလုပ်ခွင်အတွင်း ထိခိုက်နစ်နာမှု လျော်ကြေးကိစ္စက စခဲ့သည်။


* * *


အဖေက ကျွန်တော့ကိုဝေးဝေးနေစေချင်ခဲ့သော ထားခင်၏ ဖခင် ဆန်အိတ်တွေပိပြီး ခြေထောက်ကျိုးသွားခဲ့သော ပြဿနာဖြစ်သည်။


အဖေက သူ့ရုံးခန်းထဲတွင် ရှိနေသဖြင့် အဖြစ်အပျက်ကို မမြင်လိုက်ရပေမယ့် ကျွန်တော်အစအဆုံးမြင်လိုက်ရ၏။ ဆန်အိတ် တစ်အိတ် ကို သူထမ်းပြီး အိတ်ပုံပေါ်တင်လိုက်သည်နှင့် တစ်ပြိုင်တည်း မြေငလျင်လှုပ်သလိုပင် ပြင်းထန်စွာပြိုကျလာသော ဆန်အိတ်ပုံကြီးအောက်မှာ လဲကျသွားခဲ့သည်။ စက်အလုပ်သမားတွေရော အထမ်းသမားတွေရော ၀ရုန်းသုန်းကားပြေးလာပြီး သူ့ကိုယ်ပေါ်က ဆန်အိတ်တွေကို ဝိုင်းမ ဖယ်ရှားကြသည်။


“ ကိုဘသီ ”


“ မင်းက အဲဒီအစွန်းက မ, မြန်မြန် ”


“ ဒီဘက်ကို တစ်ယောက်လာ၊ ဒီဘက်ကိုလာ ”


အလုပ်သမားတွေ ဝိုင်းပြီးရွှေ့တော့မှ ဆန်အိတ်ပုံကြီးအောက်မှာ သတိမလစ်တစ်ချက် လစ်တစ်ချက်ဖြစ်နေသော အဘိုးကြီးကို တွေ့ရသည်။ အဖေ အခန်းထဲမှာ ထွက်လာလာချင်း ပြောခဲ့သည့်စကားကို ကျွန်တော်မှတ်မိနေခဲ့သည်။ ထိုအချိန်မှာ ကြားရလိမ့်မည်ဟု မထင်ထားခဲ့သော စကားဖြစ်သည်။


“ မင်းတို့ကို ငါပြောထားတယ်မဟုတ်လား၊ အိတ်တွေကို ဖြစ်သလို မတင်ပါနဲ့လို့၊ ငါ့စကားကို မင်းတို့ နားမှမထောင်ဘဲ ”


ဦးဘသီကို ပွင့်ဖြူဆေးရုံသို့ ပို့လိုက်ရသည်။ မန်နေဂျာ ကိုအုန်းဖေနှင့် အခြားအလုပ်သမားများဆေးရုံအထိ လိုက်သွားပြီး စီစဉ်ဆောင်ရွက်ပေးခဲ့ရ၏။ အဘိုးကြီး ဒဏ်ရာတော်တော်ပြင်းသည်ဟု သိရသည်။ နံရိုးနှစ်ချောင်းကျိုးပြီး ခြေထောက်ကျိုးသွားသည်ဟု ပြောပါသည်။


အဘိုးကြီး ဆေးရုံမှာ နှစ်လလောက် တက်ကုရသည်။ ဆေးဖိုးဝါးခ ပေးရသည်ကို အဖေမကျေနပ်ခဲ့။ အဘိုးကြီး အရက်မူးပြီး ကိုယ့်ကိုယ်ကို မထိန်းနိုင်၍သာဖြစ်သည်ဟု အဖေ ကောက်ချက်ချ၏။ ထားပါတော့ ။ ဆေးရုံကိစ္စ နှစ်လနှင့် ပြီးသွားသည်။ ပြဿနာမှာ ဆေးရုံက ဆင်းပြီးနောက် အဘိုးကြီး ချည့်နဲ့သွားခြင်းဖြစ်သည်။ အလုပ်ကြမ်းလုံး၀မလုပ်နိုင်တော့ဘဲ အိမ်မှာ ကြိမ်ခြင်းလေးတွေ ထိုင်ရက်သည့်အလုပ်ပဲ လုပ်နိုင်တော့သည်ဟု သိရသည်။ ထိုဖြစ်ရပ်အတွက် အဘိုးကြီးက အဖေ့ထံမှ လျော်ကြေးတောင်းသည်။ ထားခင်က ကျွန်တော်တို့စက်တွင် စပါးထမ်းသည့်အလုပ်ကို လုပ်နေဆဲဖြစ်သဖြင့် ထားခင်ကပဲ ကျွန်တော့မှတစ်ဆင့်တောင်းပေးရန် လာပြောပါသည်။


ထားခင်နှင့် ကျွန်တော့ကို အဖေက နဂိုကတည်းက မျက်စိစပါးမွေးစူးသည်ဟု ပြောထားသဖြင့် ကျွန်တော် တောင်းမပေးချင်ပါ။ ကျွန်တော်တောင်းပေးလျှင် ပြဿနာကြီးကျယ်မည်ဟု ကျွန်တော်သိသည်။ ထို့ကြောင့် မန်နေဂျာကိုအုန်းဖေမှတစ်ဆင့် တောင်းခိုင်းပါဟု ထားခင်ကို ကျွန်တော်တောင်းပန်လိုက်ရသည်။


မန်နေဂျာက ပယ်ချလိုက်သည်။ ဆေးဖိုးဝါးခ ဆေးရုံတက်နေစဉ် အိမ်အသုံးစရိတ် အစစအရာရာကူညီထောက်ပံ့ပေးခဲ့ပြီးမို့ နောက်ဖြစ်သည့်ကိစ္စ ဆန်စက်နှင့်မဆိုင်ဟု ငြင်းပယ်လိုက်ခြင်းဖြစ်သည်။ ထားခင် ငိုပါသည်။


အသက် ၁၈ နှစ် အရွယ်မိန်းကလေးတစ်ယောက် ပင်ပန်းဆင်းရဲစွာ စပါးတောင်းတွေထမ်းပြီး ဖခင်လူမမာနှင့် မောင်ကလေးတွေ ကို လုပ်ကျွေးရသည်ဟု သနားကရုဏာသက်မိနေစဉ် ထို မိန်းကလေးက ကူကယ်ရာမဲ့စွာ ငိုကြွေးလိုက်သည့်အခါ ကျွန်တော့နှလုံးသားတွင် စူးနစ်စွာ နာကျင်သွားခဲ့၏။ အဲသည်အချိန်အထိ ထားခင်အတွက် ကျွန်တော်သူရဲကောင်းလုပ်ချင်စိတ် တစ်ဆံချည်မျှင်မျှပင် မရှိခဲ့တာ သေချာပါသည်။ သို့သော် အဖေ သနားမှ ထားခင်တို့မိသားစုအနည်းငယ် အသက်ရှူချောင်နိုင်မှာမို့ အရဲစွန့်ကာ အဖေ့အား တောင်းဆိုပေးလိုက်ရပါသည်။


အဖေ အကြီးအကျယ် ဒေါပွသွားခဲ့သည်။


“ လျော်ကြေး . . . ဟုတ်လား ၊ ဘယ်ဥပဒေနဲ့ ဘယ်ပုဒ်မနဲ့ လျော်ကြေး တောင်းတာလဲ ”


အဖေ ဒေါသတကြီး အခန်းပြင်ထွက်သွားပြီး ထားခင်ကို ရှာသည်။


“ ဘယ်မလဲ လျော်ကြေးလိုချင်တယ်ဆိုတဲ့ ကောင်မလေး ”


ကျွန်တော် အဖေ့နောက်မှ ကမန်းကတန်းလိုက်ဆွဲဖို့ ကြိုးစားရသည်။ ထားခင်က မန်နေဂျာကို ကွယ်၍ ၀ပ်နေခဲ့၏။


“ ကောင်မလေး . . . နင့်အဖေဟာ ငါ တရား၀င်ခန့်ထားတဲ့ အလုပ်သမား မဟုတ်ဘူး၊ ပုတ်ပြတ်နဲ့ ၀င်ထမ်းတဲ့ အလုပ်သမား၊ နောက်ပြီးတော့ နင့်အဖေ အလုပ်လုပ်ရင်း အရက်မူးနေတယ်၊ နောက်ပြီး အလုပ်မှာ ပေါ့ဆလို့ စနစ်မကျလို့ ခုလိုဖြစ်ရတာ၊ နင်တို့တွေ ပေါ့ပေါ့ လျော့လျော့နဲ့ ၊ မူးမူးရူးရူးနဲ့မို့ ထိခိုက်ဒဏ်ရာရတာကို ငါပိုက်ဆံ အကုန်ခံပြီး ကုပေးပြီးပြီလေ၊ ငါ လူ၀တ္တရားနဲ့ လုပ်ပေးတာ၊ ငါ့မှာ ဘာတာ၀န်မှ မရှိဘူး၊ လျော်ကြေးတွေ ဘာတွေ လာမပြောနဲ့၊ နင် မကျေနပ်ရင် ကြိုက်တဲ့နေရာက သွားတိုင်စမ်း ”


ထားခင် အဖေ့ကို ကြောက်လန့်ကာ ငိုပြန်ပါသည်။


“ လျော်ကြေးဆိုတဲ့စကား ငါ့လာမပြောနဲ့၊ နင့်ကိုပါ ငါ့စက်ရုံထဲက မောင်းထုတ်လို့ရတယ်၊ နားလည်လား ”


“ အဖေ . . အဲဒီလိုမပြောပါနဲ့၊ သူက ကလေးမလေးပဲ ရှိသေးတာ ”


“ အေး . . . အဲဒီ ကလေးမလေးက မတန်တဆတွေ လောဘကြီးပြီး တောင်းနေတယ်လေ ”


“ ဘဘရယ် . . ကျွန်မ လောဘကြီးတာမဟုတ်ပါဘူး၊ မိသားစု ကျပ်တည်းလွန်းလို့ ဘဘဆီက အကူအညီတောင်းကြည့်တာပါ ”


“ အေး၊ အစတုန်းက နင်ဘာဖြစ်လို့ သဒ္ဓါကြေးလေး မစ,ပါလို့ မတောင်းသလဲ၊ ဘာဖြစ်လို့ လျော်ကြေးတောင်းသလဲ၊ မတန်မရာ ဘာဖြစ်လို့ လောဘကြီးသလဲ ”


တကယ်တော့ လောဘကြီးနေခဲ့တာက အလုပ်သမားတွေမဟုတ်၊ အဖေသာ ဖြစ်သည်။


“ အုန်းဖေ . . . ကောင်မလေးကို ငွေနှစ်ထောင် ပေးလိုက်၊ အဲဒါ စေတနာနဲ့ စွန့်ကြဲတဲ့ သဒ္ဓါကြေး၊ လျော်ကြေးပေးစရာဘာအကြောင်းမှ မရှိဘူး ”


ပြောပြီး စပါးသည့်သည့်စက်ရှိရာသို့ လျှောက်သွားသည်။


ကိုအုန်းဖေ အံဆွဲသော့ဖွင့်ပြီး ကောင်မလေးကို ငွေနှစ်ထောင်ထုတ်ပေး၏။ ကောင်မလေးသည် အဖေ၏ ပက်စက်သောစကားကို မာနမထားနိုင်ဘဲ ငွေနှစ်ထောင်ကို တုန်ယင်သောလက်နှင့် ယူလေသည်။ ကျွန်တော် ကောင်မလေးကို ခဏတားထားလိုက်ပီး အဖေ့အခန်းထဲ၀င်ကာ ကျွန်တော်ချွတ်ထားသည့် ဂျာကင်အင်္ကျီထဲမှာ ငွေတစ်ထောင်ကိုပါ ထုတ်ယူပြီး ကောင်မလေးကို ပေးလိုက်သည်။


“ ရော့ ရော့ . . အဲဒါပါ ယူသွား၊ ဒါက ငါ့မုန့်ဖိုးထဲက ပေးတာ ” ကောင်မလေးက တွန့်ဆုတ်စွာ ယူသည်။


“ အဲဒါ ဘာလုပ်တာလဲ ”


ဘယ်အချိန်က ကျွန်တော့အနားသို့ ရောက်လာမှန်း မသိရဘဲ အဖေ့အသံကို ရုတ်တရက်ကြားလိုက်ရသည့်အခါ ကျွန်တော်တုန်သွား၏။


“ ကံကြီးမောင် ”


ကျွန်တော် ကပျာကယာ လှည့်ကြည့်လိုက်တော့ ဒေါသဖြင့် တောက်ပတင်းမာနေသော အဖေ့မျက်လုံးများကို ရင်ဆိုင်လိုက်ရပါသည်။


“ ဒါ ဘာလုပ်တာလဲ၊ ငါမေးနေတယ် ”


ကျွန်တော် ကိုယ့်ကိုယ်ကိုဟန်တင်းလျက် တည်ငြိမ်စွာဖြေလိုက်သည်။


“ ကျွန်တော်ပိုင်တဲ့ငွေပါ ထပ်ထည့်ပေးလိုက်တာပါ အဖေ ”


“ ငါပေးတဲ့ငွေဟာ မမျှတဘူးလို့ မင်း ပြောချင်တာလား ”


အဖေ့အသံသည် ဒေါသဖြင့် တုန်ယင်နေ၏။


“ မပြောပါဘူး ”


“ ဒါဖြင့် မင်းဘာလို့ အဲဒီပိုက်ဆံ ထပ်ပေးတာလဲ၊ ခွေးကောင်။ အဲဒီပိုက်ဆံကို မင်းပိုင်တယ်လို့ ပြောလိုက်သလား ၊ ဟုတ်လား ၊ အဲဒီငွေ မင်းတကယ်ပိုင်သလား၊ အဲဒါ ငါမနေ့က မင်းကိုပေးထားတဲ့ မုန့်ဖိုးပဲ၊ အဲဒါ ငါပိုင်တဲ့ ပိုက်ဆံလေ၊ မင်းပိုက်ဆံမှ မဟုတ်ဘဲ ”


ကျွန်တော်မျက်နှာနွေးခနဲ ပူသွား၏။ ဘေးမှာ စက်အလုပ်သမားတွေရော တာလီအထမ်းသမားတွေရော အများကြီးရှိနေသည်။


“ မင်းကို သူရဲကောင်းမလုပ်နဲ့လို့ ငါသတိပေးထားလျက်နဲ့ ”


တော်ပါတော့ အဖေ၊ လူတွေရှေ့မှာ ကျွန်တော် မျက်နှာပူလာသည်။


“ ငါက နှစ်ထောင်နဲ့ သင့်တော်တယ်လို့ ဆုံးဖြတ်တဲ့ ကိစ္စမှာ မင်းက မသင့်ဘူးလို့ အာခံချင်တာလား ”


ထားခင် မျက်နှာပျက်ပျက်နှင့် ကျွန်တော့အား ငွေတစ်ထောင်ပြန်ယူရန် ရိုရိုကျိုးကျိုးလေး ကမ်းပေးနေ၏။ ကျွန်တော်ဘာလုပ်ရမှန်းလည်း မသိ။

တောင်တန်းကြီးတွေ အရောင်ပြောင်းသွားတဲ့အခါ


#ဂျူး (ဒုတိယပိုင်း ဇာတ်သိမ်း)


ထားခင် မျက်နှာပျက်ပျက်နှင့် ကျွန်တော့အား ငွေတစ်ထောင်ပြန်ယူရန် ရိုရိုကျိုးကျိုးလေး ကမ်းပေးနေ၏။ ကျွန်တော်ဘာလုပ်ရမှန်းလည်း မသိ ။


“ ဟေ့ကောင် . . . ငါ မေးနေတယ်လေ၊ မင်း ဘာအချိုးချိုးတာလဲ လို့ ငါမေးနေတယ်။ ”


ကျွန်တော် အဖေ့ကို ရင်ဆိုင်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ထားခင်ပေးနေသည့်ပိုက်ဆံကို ကျွန်တော်မယူဘဲ ကောင်မလေးလက်ထဲ ပြန်တွန်းပေးလိုက်သည်။


“ အဖေ့နှစ်ထောင်က ကျွန်တော့ဆယ်ရက်စာ မုန့်ဖိုးတောင် မရှိဘူးအဖေ ”


“ မင်းက . . . ”


အဖေ ကျွန်တော့ကို ကြောင်ကြည့်နေ၏။


“ အဖေ့ စက်ရုံလည်ပတ်ပြီး တစ်လတစ်လ ငွေတွေ သိန်းနဲ့ချီပြီးမြတ်နေတာ ဦးဘသီတို့လို အလုပ်သမားတွေရဲ့ လုပ်အားတွေနဲ့ပါ ”


အဖေ မျက်လုံးပြူးသွားသည်။


“ အဖေ့အတွက် အဖေ့စက်ရုံမှာ အလုပ်လုပ်ရင်း ထိခိုက်ဒဏ်ရာနဲ့ ဘ၀ဆုံးသွားတဲ့ လူတစ်ယောက်အတွက် အဖေပေးတဲ့ ငွေနှစ်ထောင်ဟာ ဘာမှ မဖြစ်လောက်ဘူး အဖေ ”


ကျွန်တော်မပြောဘူးဟု စိတ်ကို ထိန်းချုပ်ထားပါလျက် လွတ်ခနဲပြောမိသွား၏။ အဖေ အံ့သြလွန်းသဖြင့် ကျွန်တော့ကိုဘာစကားမှ မဆိုနိုင်ဘဲ ငေးကြောင်နေခဲ့သည်။


“ အဖေ လယ်သမားတွေပေါ်က စျေးနှိမ်ခေါင်းပုံဖြတ်၊ အလုပ်သမားတွေဆီက လုပ်ခတွေ ရပိုင်ခွင့်တွေကို ခေါင်းပုံဖြတ်၊ အဲဒီကရတဲ့ အမြတ်ငွေတွေနဲ့ အဖေ ဘယ်လောက်ထပ်ပြီး ချမ်းသာချင်သေးလို့လဲ ”


အဖေ အံတင်းတင်းကြိတ်ကာ လက်သီးဆုပ်လိုက်တာကို ကျွန်တော်သတိထားမိသည်။


“ တော်တော့ ”


အခုမှတော့ ကျွန်တော် နောက်ပြန်ဆုတ်လို့ မဖြစ်တော့ပါ။ ကျွန်တော့်ကို တစ်စုံတစ်ရာက ရှေ့ဆက်ပြောအောင် တွန်းပို့နေသည်။ ထိုအရာမှာ ဘာလဲဟု ကျွန်တော်မသိ။ ကျွန်တော် အဖေ့ကိုပြောစရာတွေ အများကြီးရှိသည်။ ကျွန်တော်ပြောမှ ဖြစ်မည်။


“ သာသနာ့ဗိမာန်ကို အဖေ ငွေလှူတာ၊ မြစေတီဘုရားကို အဖေ ထီးတင်တာ အဲဒါတွေကြောင့် အဖေ ဘုရားဒကာ၊ ဗိမာန်ဒကာအဖြစ် ကုသိုလ်ရမယ်ဆိုရင် အလုပ်သမားတွေ လယ်သမားတွေရဲ့ ချွေးနဲ့ သွေးနဲ့ ရင်းပြီး လုပ်ပေးခဲ့တဲ့ လုပ်အားတွေပေါ်က အမြတ်ကြီးစားထားတဲ့အတွက် ကုသိုလ်က တစ်၀က်ပဲရမှာ ၊ တစ်၀က်က သူတို့ရဲ့ ကုသိုလ် ”


“ မင်းက ငါ့ကို အမြတ်ကြီးစားလို့ ပြောတယ်၊ ပြောရဲတယ် ဟုတ်လား ”


အဖေ ကျွန်တော့ရှပ်အင်္ကျီရင်ဘတ်ကို ဆွဲဆုပ်ကာ ယမ်းခါလျက် မေးသည်။


“ အဖေ့ အလုပ်သမားတွေက လူတွေ အဖေ. . . တိရစ္ဆာန်တွေ မဟုတ်ဘူး ”


အဖေ့လက်သီးက ကျွန်တော့ မျက်နှာသို့ အရှိန်ပြင်းစွာ လာထိသောအခါ ကျွန်တော် နောက်သို့ ယိမ်းယိုင်သွားသည်။ ဘယ်ဘက်ပါးဆီမှာ ပူပြင်းစွာနာကျင်သွားသော ဝေဒနာက ကျွန်တော့စိတ်ကိုဆူပွက်နေရာမှ ငြိမ်သက်သွားအောင် ထိန်းချုပ်ပေးလိုက်သလိုရှိပါသည်။ ကျွန်တော် စကားတွေ ကျွံသွားခဲ့ပြီ။ ကျွန်တော် ပြန်နုတ်ယူလို့ မရတော့ဘူး ။


“ ငါ့ကို အာခံရဲတဲ့ကောင်၊ မင်းတော်တော် သတ္တိကောင်းတယ်ပေါ့၊ ဟုတ်လား ”


အလုပ်သမားတွေအတွက် တကယ့်ပွဲကြီးပွဲကောင်း ဖြစ်ခဲ့မည်။ ကျွန်တော်နှင့် အဖေ့အတွက်တော့ ဘယ်လိုမှ ပြန်ပြင်လို့မရသည့် အမှားတွေ ဆက်တိုက်ဖြစ်သွားခဲ့သည် အဖေသည် ကျွန်တော်က သူ့ကို သူ့အလုပ်သမားတွေရှေ့မှာ အာခံတော်လှန်သည်ဟူသော ပြစ်ချက်ဖြင့် ကျွန်တော့ကို လက်လှမ်းမီရာ အုန်းဆံကြိုးခေါက်တစ်ခုဖြင့် သဲကြီးမဲကြီး ရိုက်နှက်အပြစ်ပေးခဲ့သည်။


“ ဆရာ . . မလုပ်ပါနဲ့၊ ဖိုးကံက ကလေးပဲ ၊ ဘာမှ မသိလို့ ပြောမိတာပါ ”


ကိုအုန်းဖေက ကျွန်တော့ကိုယ်ပေါ်သို့ ကြိုးချက်တွေ ဆက်တိုက် ကျလာချိန်မှာ မနေသာတော့ဘဲ ၀င်ဆွဲဖို့ ကြိုးစားသည်။ အဖေက ကိုအုန်းဖေကို တွန်းထုတ်ပြီး ဆက်ရိုက်၏။ ကျွန်တော့ ကိုယ်ခန္ဓာပေါ်က စူးရှနာကျင်လှသော ဝေဒနာတွေထက် လွန်သွားသည်က ရင်ထဲမှ အသည်းခိုက်သော ဝေဒနာတစ်ခုဖြစ်သည်။ အမှန်တရားတစ်ခုကို ပြောလို့ အဖေ ကျွန်တော့ကို ရိုက်ရက်သည်ဆိုလျှင် ရိုက်ပါစေတော့။ ကျွန်တော် မရုန်းပါ၊ ထွက်လည်းမပြေးပါ။


“ ဘဘရဲ့ အစ်ကို့ကို မရိုက်ပါနဲ့တော့ ၊ ကျွန်မ ဒီပိုက်ဆံတွေလဲ မယူတော့ပါဘူး၊ ဘဘ ပြန်ယူပါ၊ အစ်ကို့ကို မရိုက်ပါနဲ့ ”


ကောင်မလေးက ကျွန်တော်နှင့် အဖေ့ကြား ဇွတ်၀င်ရပ်ပြီး အဖေ့အား ပိုက်ဆံတွေ ပြန်ပေးရင်းငိုသည်။ မဟုတ်ဘူး ၊ နင့်ပိုက်ဆံတွေကြောင့် ငါအရိုက်ခံရတာမဟုတ်ပါဘူး။ သွား . . . . သွား . . . . နင် မလာနဲ့၊ ကျွန်တော့နှုတ်ဖျားမှ ဘာစကားမှ ထွက်မလာ၊ ကျွန်တော့အသံတွေကို နာကျင်မှုနှင့် ရှက်ရွံ့မှုက ဆွဲငင်နုတ်ယူထားလိုက်ပြီ။


အဖေက ကောင်မလေးကို တွန်းလွှတ်လိုက်သဖြင့် ကောင်မလေး လက်ထဲက ပိုက်ဆံတွေ ပြန့်ကြဲကုန်သည်။ အလုပ်သမားတွေ တုတ်တုတ်မျှ မလှုပ်ရဲဘဲငေးကြောင်ကာ ရပ်ကြည့်နေကြ၏။ တစ်လောကလုံး မှာ ကြိုးရိုက်သံတစ်ခုတည်းသာ ကျယ်လောင်နေခဲ့၏။ အံကြိတ်ပြီး တင်းခံဖို့ ကြိုးစားပါလျက် နောက်ဆုံးမှာတော့ မြေပြင်ပေါ်သို့ ကျွန်တော်လဲကျသွားတော့သည်။ ကျွန်တော့မျက်လုံးမှာ မျက်ရည်တွေပြည့်နေသဖြင့် အဖေ့မျက်နှာကို ေ၀၀ါးစွာပဲမြင်ရသည်။ အဖေ ကြိုးခေါက်ကို လွှင့်ပစ်လိုက်ပြီး လှည့်ထွက်သွားတာကိုတော့ သိလိုက်သည်။


“ အုန်းဖေ . . မြင်းလှည်းတစ်စီး ခေါ်ပြီး ဒီကောင့်ကို အိမ်ပြန်ပို့လိုက်စမ်း ”


* * *


တစ်လောကလုံး တိတ်ဆိတ်နေချိန်တွင် ရုတ်တရက် ဟိန်းထွက်လာသော အဖေ့စကားသံသည် တဖြည်းဖြည်းတိုး၀င်သွားသည်။ အဖေ ကျွန်တော်နှင့် မိုင်ပေါင်းများစွာအဝေးသို့ ရောက်သွားသလိုပဲ ဖြစ်၏။


တကယ်လည်း အဖေနှင့် ကျွန်တော် မိုင်ပေါင်းများစွာ ဝေးသွားခဲ့ပြီဟု ကျွန်တော်ခံစားလိုက်ရပါသည်။


* * *


တောင်တန်းကြီးတစ်ခုသည် နှစ်တွေကြာသည့်အခါ အရောင်ပြောင်းသွားတတ်သလား ၊ ကျွန်တော်မသိပါ။


ပြာမှောင်သော တောင်တန်းကြီး အဖြူရောင်ဖြစ်နေတာတော့ . . . . . ။


* * *


ကျွန်တော်ပဲပြုတ်ဆီဆမ်းကို ဇွန်းအပြည့် ခပ်စားလိုက်ပြီး ရေနွေးပန်းကန်ကို ခပ်မြန်မြန်ပင် မော့သောက်လိုက်မိ၏။


“ ဖြည်းဖြည်းစားစမ်းပါ၊ အခုမှ ၆ နာရီတောင် မထိုးသေးပါဘူး ”


ကျွန်တော့မိန်းမက မုန့်ဟင်းခါးထုပ်များကို ကြိမ်ခြင်းထဲ စီရီထည့်နေရာက ကျွန်တော့ကို လှမ်းပြောပါသည်။


“ ငါ သွားစရာရှိတယ် ”


“ ဘယ်လဲ ”


“ အဖေ့အိမ် ”


တစ်ခါမျှ မကြားဖူးသော စကားတစ်ခွန်းကို ကြားလိုက်ရသဖြင့် သူမ အံ့သြတကြီးငေးကြည့်သည်။


“ အဖေ ညက ဆန်စက်ကပြန်သွားတာ မတွေ့လိုက်ဘူး ”


အဖေများ နေမကောင်းလို့လားဟု ညက တွေးမိသော်လည်း အခု မနက်မှာတော့ တစ်ခြားအတွေးတစ်ခု၀င်လာခဲ့သည်။ အဖေ့ဆန်စက်ကို အလုပ်သမားတွေ သပိတ်မှောက်လိုက်ကြပြီလား။ အဲဒါပဲ ဖြစ်မည်။ တကယ်လို့ အဖေနေမကောင်းဘူးဆိုလျှင် အလုပ်သမားတွေ ကျွန်တော့ကို တစ်ယောက်မဟုတ် တစ်ယောက် လာသတင်းပေးမှာပဲ။ သပိတ်မှောက်လိုက်ကြလို့သာ။


“ မုန့်ဟင်းခါးဆိုင်တွေကို မင်းဖြစ်ဖြစ် စိုးသန်းဖြစ်ဖြစ် သွားပို့ ပေးလိုက်တော့ ”


ကျွန်တော် လှေကားမှ ခပ်သွက်သွက်ဆင်းရင်း ရှပ်အင်္ကျီ လက်ကို ခေါက်ရပါသည်။


“ အစ်ကို. . . ”


“ ဘာလဲ ”


“ အခုမနက် မုန့်သုံးပိဿာ အော်ဒါရှိတယ်လေ ”


“ မင်း လုပ်လိုက်ပေါ့ ”


ကျွန်တော် ဝါးလုံးတန်းကို ဆွဲဖြုတ်ပြီး ခြံတံခါးကို ဖွင့်ထွက်လိုက်သောအခါ လမ်းပေါ်တွင် မြင်းလှည်းတစ်စီး စျေးဘက်သို့ မောင်းသွားတာကို မြင်လိုက်ရသည်။ ထိုမြင်းလှည်းကို လှမ်းတားရန် ဟန်ပြင်ပြီးမှ ကျွန်တော်စိတ်ပြောင်းသွား၏။ အဖေ့အိမ်ရှိရာသို့ ခြေကုန်သုတ်၍ လျှောက်လာခဲ့၏။


နေစမ်းပါဦး၊ မနေ့က မနက်က ရှစ်နာရီခွဲ ကိုးနာရီမှာ အဖေ ဆန်စက်ကို သွားတာ ကျွန်တော်မြင်လိုက်သည်မဟုတ်လား။ ညက အိမ်ပြန်သွားတာ မတွေ့ရဘူးဆိုတော့ အဖေ ဆန်စက်မှာပဲ ရှိမှာပေါ့။ အိမ်မှာ ရှိမှာမဟုတ်။ အိမ်ကိုသွားလို့ ဘယ်တွေ့ပါ့မလဲ။ ဆန်စက် သွားမှ တွေ့မှာပေါ့။


သို့သော် ကျွန်တော် အဖေ့ကို မြင်လိုက်သည်မှာ မနေ့မနက်ကလား ၊ တမြန်နေ့ မနက်ကလား မသေချာတော့ပါ။ မနေ့ကလည်း ဖြစ်နိုင်သည်။ တမြန်နေ့ကလည်း ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် အဖေ့ အိမ်သည် ဆန်စက်နှင့် စာလျှင် ပိုနီး၏။ ရွာသစ်မြောင်း ပေါင်းကူးတံတား မရောက်မီ လမ်းချိုးမှာ အဖေ့အိမ် ရှိသည်။ လမ်းဘေးက မန်ကျည်းပင်များသည် အရွက်နုများဖြင့် နုဖတ်ကာ စိမ်းလဲ့နေကြသည်။ လမ်းပေါ်မှာတော့ ဟိုမှ သည်မှ ကြွေလွင့်နေသော မန်ကျည်းရွက်များနှင့် ဗာဒံရွက်ကြွေများ ။ လမ်းချိုးထဲသို့ ကျွန်တော် ၀င်လိုက်၏။


အဖေ့ခြံဝိုင်း၏ သံတိုင်အမြင့် စည်းရိုးတံတိုင်းသည် စိမ်းကားစွာ တွန်းဖယ်မှု၏ ပြယုဂ်တစ်ခုဖြစ်သည်။ ထိုခြံ၀င်းဆီသို့ တွန့်ဆုတ်သော ခြေလှမ်းများဖြင့် ကျွန်တော် ခိုးကြောင်ခိုးဝှက် လှမ်းကာ အမေ့ကို ခိုးတွေ့ခဲ့ရသော ရက်များအား ကျွန်တော်သတိရမိသည်။ ထိုအခါ ကျွန်တော့ခြေလှမ်းတွေ လေးလံသွားပါသည်။


* * *


“ သား . . . သား . . . မိုက်လိုက်တဲ့ သားလေးရယ်၊ အဖေ ဆိုတာ စိတ်ဆိုးရင်ခဏပေါ့၊ ဘာဖြစ်လို့. . . ”


အမေသည် ကျွန်တော့ကို တွေ့တိုင်း မျက်ရည်စမ်းစမ်းနှင့် ရှိသမျှအစားအစာ အကုန်ထုတ်ကျွေးကာ အမေစုထားသမျှ ငွေကြေးလေးတွေ ထုတ်ပေးတတ်၏။ ကျွန်တော် အမေကျွေးသမျှ စားခဲ့သော်လည်း ငွေကိုတော့ တစ်ပြားမှ မယူခဲ့ပါ။


“ မင်းပိုင်တဲ့ ငွေလို့ ပြောလိုက်သလား . . . ဟုတ်လား ၊ အဲဒါ မင်းပိုင်တဲ့ငွေမှ မဟုတ်ဘဲ ၊ ငါ့ပိုက်ဆံ ”


အဖေ၏ ဒေါသတကြီးနှိမ့်ချသောစကားက ကျွန်တော့နှလုံးသားထဲမှ ဘယ်တော့မှ မထွက်ပါ။ အမေ့ငွေဟာလည်း အဖေ့ရဲ့ငွေပဲ။ အဖေ့ငွေကို ကျွန်တော် တစ်ပြားတစ်ချပ်မှ ထိကိုင်လိမ့်မည်မဟုတ်။


အမေ . . .။


အဖေနှင့် သားကြားတွင် တစ်ယောက်ဆီမှ နာကြည်းမှုတစ်ယောက်ဆီသို့ မကူးစက်ရလေအောင် အမေက မင်စုပ်စက္ကူချပ်ပမာ ကျွန်တော်တို့ နာကြည်းမှုတွေကို စုပ်ယူပေးခဲ့၏။ အုန်းဆံကြိုးနှင့် ရိုက်ခံရသော ဒဏ်ရာတွေကို မြင်သောအခါ အမေ မူးမေ့လဲကျသွားခဲ့တာကို ကျွန်တော်သိလိုက်သည်။ ကျွန်တော့ကျောက ဒဏ်ရာကို ကျွန်တော် မမြင်ရသော်လည်း အမေမူးလဲကျသွားတာကို ကြည့်လျက် ဘယ်လောက်ဆိုးရွားခဲ့မည့်ဟု ကျွန်တော်ခန့်မှန်းနိုင်ပါသည်။


နှစ်ပတ်ကြာတော့မှ ဒဏ်ရာတွေ သက်သာအကင်းသေသွားခဲ့သည်။ နာကျင်ဖွယ်ရာကောင်းသည်မှာ ထိုနှစ်ပတ်မျှသောကာလတွင် ကျွန်တော့ခုတင်ဆီသို့ အဖေ တစ်ခါမျှ လာမကြည့်ခဲ့ခြင်းပင်ဖြစ်သည်။ ထိုအမှန်တရားက ကျွန်တော့အား ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာချနိုင်လောက်အောင် နာကြည်းသွားစေခဲ့တော့သည်။


အဖေ့အရိပ်အောက်မှာ မနေနိုင်တော့ရန် ဆုံးဖြတ်ချက်ဖြစ်သည်။ ထို့ပြင် အဖေ့ကို တော်လှန်နိုင်သည့် ခါးသီးမှုတစ်ခုကိုပါ ပေးအပ်ခဲ့သည်။


ခြံ၀င်းတံခါးမှာ အတွင်းက သော့ခတ်ထား၏။ သို့သော် အိမ်မှာ လူရှိသည်ဟု အဓိပ္ပာယ်မရပါ။ ခြံတံခါးကို အပြင်မှနေ၍ အတွင်းသော့ခတ်ထားလို့လည်း ရနေခဲ့တာပဲ။ ထို့ကြောင့် ကျွန်တော် အိမ်ဆီသို့ လှမ်းကြည့်မိသည်။ တိုက်အိမ်တံခါးကိုရော အပြင်မှ ခတ်ထားသလား။ ဘာဂျာသံဆွဲတံခါးကိုတော့ အတွင်းမှ သော့ခလောက်ခတ်ထားသည်။ ဒါလည်း အိမ်ထဲမှာ လူရှိသည်ဟု အဓိပ္ပာယ်မရပါ။


ကျွန်တော်လှမ်းခေါ်ကြည့်ရမလား။


အဖေဟု ကျွန်တော် မခေါ်ဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် အခုအခါမှာ ကျွန်တော့နှုတ်ဖျားမှ ထိုစကားလုံးထွက်မလာခဲ့ပါ။ အဖေဟု ခေါ်ဖို့ တွန့်ဆုတ်နေသည်။ ကျွန်တော်ခြံစည်းရိုးပေါ်မှ ကျော်တက်လိုက်ရမလား။ တိုက်အိမ်တံခါးပိတ်ထားလား မထားလား သွားကြည့်ရန်ဖြစ်သည်။ နံနက် ၆ နာရီ လင်းအားကြီးအချိန်မှ စက်သူဌေးလေးဦးလေးမောင်၏ အိမ်ဝိုင်းထံသို့ ခြံစည်းရိုးကျော်၀င်သူကို ဘယ်သူမဆို သူခိုးဟု ထင်မှာပဲ။ မဖြစ်သေးပါ။ နောက်ပြီး အဖေ ဤလုပ်ရပ်ကို ကြိုက်မှာမဟုတ်။ သူခိုးလမ်းပြ လုပ်သည်ဟု စိတ်ဆိုးလိမ့်မည်။ ကံဆိုးလျှင် ကျွန်တော့ကို ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲနိုင်သေးသည်။


“ အဖေ ”


မခေါ်ဖြစ်တာကြာပြီ ဖြစ်သော ထိုစကားလုံးကို စရွတ်ခါစက နှုတ်ဖျားတွင် ထစ်ငေါ့လေးပင်နေခဲ့၏။ နောက်တစ်ခွန်းထပ်ခေါ်တော့မှ ထိုစကားလုံးနှင့် ကျွန်တော် နေသားကျသွားပါသည်။


“ အဖေ ”


ထိုအခိုက် အိမ်ဘေးတစ်နေရာဆီမှ ရိပ်ခနဲပြေးလာသော အရာနှစ်ခု၊ အညိုရင့်ရောင်နှင့် အနက်ရောင်။ ဝေါင်းခနဲမြည်ဟိန်းသံများကိုကြားလိုက်ရတော့မှ ကျွန်တော်သူတို့ကိုသတိရသွားသည်။ အဖေ့ခွေးနှစ်ကောင် . . . ။


“ ရန်လုံ၊ ဝိုင်းလုံ ”


သူတို့သည် မတွေ့တာကြာသည့်တိုင်အောင် ကျွန်တော့ကို ချစ်ခင်ရင်းနှီးဆဲဖြစ်သည်။


“ အဖေရှိလား ”


သူတို့နှစ်ကောင် ကျွန်တော်ရှိရာသို့ ခြံတံခါးကို ကုတ်တွယ် ပတပ် ရပ်လျက် တအီအီအသံပေးနေကြသည်။ အဖေမရှိဘူး။ အဖေသာရှိလျှင် သူတို့နှစ်ကောင် အိမ်ဆီသို့ ပြေးသွားပြီး ကျွန်တော်ရောက်ကြောင်းသတင်းပို့မှာပါ။ ကျွန်တော်သူတို့နှုတ်သီးများကို လက်ဖြင့်အသာဖွဖွ ပွတ်သပ်နှုတ်ဆက်လိုက်သည်။ အမေရှိတုန်းကတော့ ကျွန်တော်ဤနေရာမှ သူတို့နှစ်ကောင်ကိုနှုတ်ဆက်ရင်း ‘ အမေ ’ ဟု ခပ်တိုးတိုး ခေါ်ရသည်။ ထိုအခါ တိုက်တံခါးဗြန်းခနဲပွင့်သွားပြီး အမေ ၀မ်းသာအားရပြေးထွက်လာတတ်သည်။ ‘ သားလား လာပြီ အမေလာပြီ ’ ဟူသော အမေ့အသံ၊ ထိုအသံကို ကျွန်တော် ဘယ်တော့မှ မကြားရတော့ဘူး။


ကျွန်တော်သည်တံခါးပွင့်မလာသောအဝါရောင်တိုက်အိမ်ဆီသို့ ငေးကြည့်နေမိသည်။ ဤအိမ်ထဲသို့ ကျွန်တော် နောက်ဆုံး၀င်ခဲ့သည်မှာ အမေ့အလောင်းကို ကန်တော့စဉ်က ဖြစ်သည်။ ဤကမ္ဘာလောကတွင် ကျွန်တော့ကို ချစ်မြတ်နိုးသော တစ်ဦးတည်းသောလူသား၊ အမေ။ အမေ့အသက်ကို ကျွန်တော်မမီခဲ့။ အမေသည် သေဆုံးခါနီးတွင် သားဟု တ, သွားသေးသလား၊ ကျွန်တော်မသိခဲ့။


အမေ့အလောင်းဘေးမှာ ဒူးတုပ်ထိုင်ချလျက် အမေ၏ ဘယ်တော့မှ ကျွန်တော့ကို ဖွင့်မကြည့်နိုင်တော့မည့်မျက်လုံးများကို ငေးမောကြောင်အစွာကြည့်နေစဉ် ကျွန်တော့နောက်နား ခပ်လှမ်းလှမ်း၌ တစ်ယောက်ယောက်ကြည့်နေသည်ဟု စိတ်ထဲမှာ ခံစားခဲ့ရသည်။ အဖေပဲဖြစ်မှာဟု ကျွန်တော်သိခဲ့၏။ သို့သော် ထိုအသိ မှန်လားမှားလား ကျွန်တော်အတည်မပြုခဲ့။ ကျွန်တော်လှည့်မကြည့်ခဲ့။


အဖေဖြစ်ခဲ့လျှင် ကျွန်တော် အဖေ့ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ။ အမေ့အလောင်းကို ယူကျုံးမရ နာကျင်ကြေကွဲမှုတွေနှင့် ငေးကြည့်နေခဲ့မိသော သားတစ်ယောက်သည် အဖေကို မြင်လိုက်ရလျှင် အဖေ့ရင်ခွင်သို့ ပြေးမ၀င်မိအောင် ဘယ်လိုထိန်းချုပ်နိုင်ပါ့မလဲ။ ကျွန်တောအဖေ့ကို မြင်လိုက်လျှင်မဖြစ်ပါ။ အဖေ့ရှေ့မှာ ကျွန်တော်အားကိုးတကြီး မငိုချင်ပါ။


ထို့ကြောင့် စိတ်ကိုတင်းလျက် အမေ့လက်ကလေးကိုသာ ဖွဖွဆုပ်ညှစ်ပြီး အမေ့ကိုကန်တော့ခဲ့သည်။ ထို့နောက် ဘယ်သူ့ကိုမှ မော့မကြည့်ဘဲ ခေါင်းငိုက်စိုက်ချလျက် အဖေ့အိမ်ထဲမှ တစ်လှမ်းချင်း ထွက်ခဲ့မိသည်။ ကျွန်တော့ကို ဘယ်သူမှ လိုက်မခေါ်ခဲ့ပါ။


‘ သား ’ ဟူသော အသံကို ကျွန်တော်ကြားချင်သူထံမှ မကြားခဲ့ရပါ။


ကျွန်တော်ခြံရှေ့မှ ရုတ်တရက်လှည့်ထွက်လာခဲ့သည်။


* * *


ဆယ်မိနစ်အတွင်း စက်တန်းရပ်က အဖေ့ဆန်စက်၀င်းရှေ့သို့ ကျွန်တော်ရောက်သွားသည်။ ဆန်စက်၀င်းတံခါးသည် ခပ်ဟဟပွင့်နေ၏။ ၀င်းတစ်ခုလုံး ခြောက်သွေ့တိတ်ဆိတ်နေ၏။ လူရိပ်လူယောင်မမြင်ရ။ စက်၀င်းကြီးသည် နံရံများဖြင့် ထီးထီးကြီး ငြိမ်သက်နေသည်။ ကျွန်တော့နှလုံးသားတွင် စူးနစ်သောဝေဒနာတစ်ခု ခံစားလိုက်ရသည်။


ကျွန်တော် ပွင့်နေသောတံခါးမှ အလောတကြီး ၀င်လိုက်သည်။ ညစောင့်အလုပ်သမားအိပ်နေကျ အစောင့်တဲကလေးမှာလည်း ဟာလာ ဟင်းလင်း။ ဘုရားရေ . . ဘာတွေဖြစ်ကုန်ကြပြီလဲ။ ဆန်စက်တံခါးမကြီးကလည်း ခပ်ဟဟ ပွင့်နေခဲ့သည်။ အလုပ်သမားတွေ တစ်ယောက်မှ မရှိတာ စောသေးလို့ထားပါတော့။ ညစောင့်ကောင်လေး ဘယ်ရောက်နေသလဲ၊ တံခါးတွေက ဘာလို့ပွင့်နေရတာလဲ၊ အဖေရော။


“ အဖေ ”


ပွင့်နေသောတံခါးမကြီးမှ စက်ထဲသို့ ကျွန်တော်ပြေး၀င်သွားလိုက်ပါသည်။ စက်ကြီးတစ်ခုလုံး လူသံ စက်သံ ဘာမှ မကြားရ။ မှောင်မည်းတိတ်ဆိတ်နေ၏။


“ အဖေ ”


မန်နေဂျာရုံးခန်းသည် အပြင်မှ သော့ခတ်ထားသည်။ စက်စာရေးရုံးစားပွဲရှည်သည် ၀င်ပေါက်၏ လက်ဝဲဘက်မှာ ဘာစာရွက်စာတမ်းမှ မရှိဘဲ ရှင်းလင်းနေ၏။ တစ်ခုခုတော့ လွဲနေပြီ။ ခါတိုင်း ရုံးစားပွဲတွေပေါ်မှာ စာအုပ်တွေ အထပ်လိုက်ပါ။


အဖေ့ အခန်းတံခါး။ အဖေ့တံခါး ပိတ်ထားသည်။ အပြင်မှ ပိတ်ထားခြင်းမဟုတ်၊ အတွင်းမှ ပိတ်ထားခြင်းဖြစ်ပါသည်။ အဖေ့အခန်းရှေ့မှာ ကျွန်တော် ခဏရပ်လိုက်ပြီး အထဲမှ အသံတစ်ခုခုကြားရမလား နားစွင့်ကြည့်လိုက်၏။ ဘာသံမှ မကြားရ၊ ကျွန်တော့အသက်ရှူသံကိုသာ ကြားရသည်။ အပြေးအလွှား လာခဲ့ရသဖြင့် ကျွန်တော်မောနေပါသည်။


“ အဖေ . . ”


“ . . . . . ”


အထဲမှ ဘာသံမှ မကြားရ။


ကျွန်တော့်ရင်ထဲမှာ မီးတောက်တစ်ခု အရှိန်ပြင်းစွာ ပူပြင်းတောက်လောင်လာသည်။ အဖေ ဘာဖြစ်နေသလဲ၊ အဖေ နေမကောင်းဘူးလား။ ကျွန်တော အခန်းတံခါးကို တဒုန်းဒုန်းထုမိသည်။


“ အဖေ . . ”


ကျွန်တော့အသံတွင် ထစ်ငေါ့တုန်ယင်မှုတစ်ခုကို ကျွန်တော် ကိုယ်တိုင်ခံစားလိုက်ရသည်။ မဟုတ်ဘူး၊ အသံက တုန်ယင်လာတာမဟုတ်ဘူး ကျွန်တော့ခြေထောက်တွေ တုန်ယင်လာတာ။


ကျွန်တော်တံခါးကို လက်သီးဆုပ်ဖြင့် သွေးရူးသွေးတမ်း ထုမိသည်။ အဖေသာ နေကောင်းခဲ့လျှင် အဖေ အခုလောက်ဆို နိုးပြီပေါ့။ အဖေ တစ်ခုခုဖြစ်နေလို့သာ . . .။


ကျွန်တော့ခြေထောက်တွေ ယိမ်းယိုင်လာသဖြင့် တံခါးရွက်ကို မှီလိုက်ရ၏။ အဖေ နေမကောင်းဖြစ်တာမှ ဟုတ်ရဲ့လား၊ ကျွန်တော့ကို မတွေ့ချင်လို့များ မထူးဘဲ မြုံနေသလား။


“ အဖေ နေကောင်းလား၊ ကျွန်တော့ကို ပြောပါအဖေ၊ အဖေ နေကောင်းနေတယ်ဆိုရင် ကျွန်တော်ပြန်မှာပါ ”


အထဲက ဘာသံမှ မကြားရ။


သေချာသည်။ အဖေ တစ်ခုခု ဖြစ်နေပြီ။


ကျွန်တော် တံခါးကို ရိုက်ချိုးပြီး ဖွင့်ဖို့ ဆုံးဖြတ်လိုက်၏။ လက်သမား သေတ္တာထဲမှာ တူနှင့် ဆောက်များ၊ သံဖြတ်လွှများ ရှိသည်။ အဲသည် သေတ္တာ ဘယ်မှာပါလိမ့်။ လုံးတီးဆန် ဇလားနားက စင်ပေါ်မှာ ထားတတ်သည်။ ကျွန်တော် ထိုနေရာသို့ သွားရန် လှည့်အထွက်တွင် ကျွန်တော့အနောက်ဘက်က အသံတစ်ခုကို ကြားလိုက်ရ၏။ ချောက်ခနဲ မြည်သံ၊ ကျွန်တော် ဗြန်းခနဲ လှည့်ကြည့်လိုက်မိသည်။ မမျှော်လင့်ဘဲ အဖေ့အခန်းတံခါး ပွင့်သွားလေသည်။


အဖေ။


တံခါးမကြီးဆီမှ တစ်၀က်တစ်ပျက် အလင်းအောက်မှာ အဖေ မတ်တတ်ရပ်နေသည်။ ကျွန်တော့ကို လှမ်းကြည့်နေသော အဖေ့ မျက်လုံးများသည် ဖျော့တော့နေသလား၊ အေးစက်နေသလား ကျွန်တော်မသိ။ သိစရာလည်းမလိုတော့ပါ။ အဖေ နေကောင်းနေသည်ကို ကျွန်တော်မြင်ရပြီ။ အဖေ မတ်တတ်ရပ်နိုင်သည်။ တံခါးဖွင့်နိုင်သည်။ တံခါးဖွင့်ပြီးနောက် အဖေ အခန်းထဲသို့ ပြန်၀င်သွားလေသည်။ အဖေ့ခြေထောက်တွေ နည်းနည်းယိုင်သွားသလား။ ကျွန်တော့နေရာမှာ မလှုပ်မယှက်ရပ်နေမိသည်။ ကျွန်တော်ပြန်သွားသင့်သလား၊ အထဲ၀င်လိုက်သွားသင့်သလား။ အခန်းတံခါး ဖွင့်ပေးခြင်းအားဖြင့် ကျွန်တော့ကို အခန်းထဲ၀င်ခွင့်ပေးလိုက်တာလား။


ကျွန်တော် စိတ်ကိုတင်းလျက် အဖေ့အခန်းထဲ ၀င်လိုက်သည်။


ပြတင်းပေါက်ဖွင့်ထားပြီး ထိုပြတင်းပေါက်ဘေးမှာ အဖေ မတ်တပ်ရပ်ပါသည်။ အခန်းထဲမှာ ခုတင်မရှိ၊ ခြေထောက်လည်း ဆန့်လိုရ၊ လှုပ်လည်းလှုပ်လို့ရသော သစ်သား ပက်လက်ကုလားထိုင်တစ်ခုပဲ ရှိသည်။ ကုလားထိုင်ပေါ်မှာ စောင်တစ်ထည်ခေါက်ထားပြီး အခြားစောင်တစ်ထည်ကို လုံးထွေးလျက် တင်ထား၏။ ကျွန်တော် တဒုန်းဒုန်းထုနှက်မှုကြောင့် အိပ်ရာက နိုးသွားခဲ့ရခြင်းဖြစ်မှာပါ။


“ ကျွန်တော်က အဖေ နေမကောင်းဖြစ်သလားလို့ တံခါး ထုမိတာပါ အဖေ ”


အဖေ ဘာမှမပြော။ ကျွန်တော့ဘက်လည်း လှည့်မကြည့်။


“ ညတုန်းက အဖေ အိမ်ပြန်တာ မမြင်တာနဲ့ . . ”


အဖေ လှည့်မကြည့်ပါ။ မလှုပ်မယှက် ရပ်နေဆဲ။


ကျွန်တော့ရင်ထဲမှာ ကျင်ခနဲနာလာ၏။ ကျွန်တော် ဘာဖြစ်လို့ သည်အခန်းထဲ လိုက်၀င်လာမိပါလိမ့်။ ကျွန်တော် တော် မှားလိုက်တာ။


“ ကျွန်တော် ပြန်တော့မယ် ”


ကျွန်တော်လှည့်ထွက်ရန်ပြင်လိုက်သောအခါ အဖေ ဗြုန်းခနဲ လှည့်လာသည်။


“ ငါ နေမကောင်းဘူးဆိုရင် မင်းဘာလုပ်မလဲ၊ ငါသေရင် မင်းက ဘာလုပ်မလို့လဲ ”


အဖေ့အသံက အေးတိအေးစက် ၊ မျက်လုံးတွေကလည်း အေးတိအေးစက် ဟု ကျွန်တော်ခံစားရသည်။ ကျွန်တော့အပေါ်မှာ အမြဲတမ်း မယုံသင်္ကာဖြစ်ခဲ့သည့် အဖေ။ ကျွန်တော့စိုးရိမ်သောကကို အဓိပ္ပာယ်ကောက် လွဲခဲ့ပြီ။


“ ငါ သေရင် ဒီစက်က မင်းလက်ထဲ ရောက်မှာပါ ”


အဖေ့ထံက ကြားရသမျှ စကားတွေထဲမှာ အခါးသီးဆုံး စကားတစ်ခွန်း ဖြစ်၏။ ထိုစကားကို ကြားလိုက်ရသောအခါ တစ်ညတာ မြုပ်ကွယ်နေခဲ့သော နာကြည်းမှုတွေက ရင်ထဲမှာ ဟုန်းခနဲ ပြန်တောက်လောင်လာခဲ့သည်။


ကျွန်တော် ဒေါသကို ချုပ်တည်းပြီး အခန်းထဲမှ ထွက်ခဲ့သည်။ အပြင်မှာ နေထွက်နေပြီ။


နေရောင် တစ်စွန်းတစ်စသည် တံခါးမကြီးမှ ဆန်စက်ကြမ်းပြင်ပေါ်သို့ ကျနေခဲ့ပြီ။ နေရောင်ခြည် ကွက်ကွက်ကလေး ကျနေသော နေရာကို ကျွန်တော့မျက်စိရောက်သွားသောအခါ ကျွန်တော့ခြေလှမ်း တန့်သွား၏။ အဲသည့်နေရာမှာပဲ အဖေ ကျွန်တော့ကို ရက်ရက်စက်စက်ရိုက်ခဲ့တာ။ ကျွန်တော့ကျောပေါ်မှာ မချိမဆန့် နာကျင်ခဲ့ရဖူးသော ကြိုးခေါက်ရိုက်ချက်ဒဏ်ရာများသည် အသစ်တစ်ဖန် ပြန်နာလာ၏။


ထို့ကြောင့် အဖေ့အား ကျွန်တော်၏ နောက်ဆုံးစကားဖြစ်နိုင်သော စကားတစ်ခွန်းကို ကျွန်တော်ပြောမိပါသည်။


“ အဖေ သေရင် ဒီစက်ကို ကျွန်တော် မီးရှို့ပစ်မယ် ”


“ တကယ်လား ”


အဖေ့အသံက ရုံးခန်းဆီမှ ခပ်တိုးတိုးထွက်လာ၏။


“ ဒါဖြင့် ငါသေတဲ့အထိ စောင့်စရာမလိုဘူး၊ အခု ရှို့လို့ရတယ် ရော့ ”


ကျွန်တော် လှည့်အကြည့် အဖေက တစ်စုံတစ်ခု ပစ်အပေး။ ကျွန်တော်ကမန်းကတန်း လက်မြှောက်ပြီး ဖမ်းယူလိုက်သည်။ ဂက်စ်မီးခြစ်ကလေး၊ ကျွန်တော့လက်ထဲမှာ အေးစက်စက်မီးခြစ်လေးကို တင်းတင်းဆုပ်ထားလိုက်မိ၏။


“ တောင်ဘက်နံရံအခြေမှာ ဓာတ်ဆီဂါလန် တစ်ပုံး ရှိတယ်၊ သွားယူ ”


ကျွန်တော် နေရာမှ မရွေ့လျားပါ။


“ ဒီစက်ကို ငါ ဆက်ပြီး ထိန်းသိမ်းထားတာ ဘယ်သူ့အတွက်လို့ ထင်သလဲ ”


အဖေ့ အသံက မာရေကျောရေ။


“ ပြောစမ်းပါ ကံကြီးမောင်၊ ငါ ဘယ်သူ့အတွက် ဒီစက်ကို ဆက်ထိန်းထားရမှာလဲ ”


ကျွန်တော် အဖေ့ကိုလည်း လှည့်မကြည့်၊ ရှေ့ဆက်လည်း ခြေလှမ်း မလှမ်းမိ။


“ ညတွေမှာ ငါအိမ်ပြန်တိုင်း မင်းအိမ်ရှေ့က ငါ ဖြတ်လျှောက်ရတာ ငါဘယ်လောက်စိတ်ဆင်းရဲခဲ့ရသလဲ၊

မင်းသိလား ”


ကျွန်တော့်အိမ်ရှေ့က အဖေ မဖြတ်ရသည့်လမ်း ရှိသားပဲ။ တာပေါင်ရိုးလမ်းမြင့်အတိုင်း ရပ်ကွက်တွေကို ပတ်ကွေ့ပြီး ရွာသစ်လမ်းအတိုင်း ပြန်၀င်ပေါ့။ ကျွန်တော့အိမ်ရှေ့က လျှောက်ရတာ စိတ်ဆင်းရဲရင်လေ။


သို့သော် ကျွန်တော်မပြောပါ။ ပြောမိမှာစိုးလို့ အံတင်းတင်းကြိတ်ထားမိသည်။


* * *


“ ည ရှစ်နာရီ ကိုးနာရီဆိုတာ ငါ့အလုပ်သမားတွေတောင် အိမ်ပြန် အိပ်နေကြမယ့်အချိန်ကွ၊ မင်းပြောခဲ့တဲ့ ခေါင်းပုံဖြတ်တယ်ဆိုတဲ့ အလုပ်သမားတွေလေ၊ အလုပ်သမားအခွင့်အရေးတွေ အပြည့်မရလို့ ငါ့ဆီကနေ မင်းအသနားခံပြီး တောင်းပေးရတဲ့ အလုပ်သမားတွေလေ၊ အဲဒီ အလုပ်သမားတွေ ည ကိုးနာရီမှာ ဇိမ်နဲ့ နှပ်နေကြပြီ ”


ကျွန်တော့ရင်ထဲမှာ နင့်သွားသည်။ အဖေ ဆက်ပြောမည့်စကားကို ကြိုသိလိုက်သောကြောင့်ဖြစ်၏။ ကျွန်တော် ထိုစကားကို ကြားရဲ, ရဲ့လား။


“ အဲဒီအချိန်ထိအောင် မင်း နွားတစ်ကောင်လို ပင်ပင်ပန်းပန်းရုန်းကန်ထမ်းပိုးပြီး အလုပ်လုပ်နေရတာကို ငါဘယ်လိုကြည့်နိုင်မလဲ၊ ဘယ်လိုမျက်လုံးနဲ့ ကြည့်ရမှာလဲ၊ ဘယ်လိုနှလုံးသားနဲ့ ကြည့်ရမှာလဲ ”


အဖေ့အသံက မာကျောနေရာမှ အဖျားဆွတ်ပြီး တုန်ယင်သွား၏။


* * *


“ မင်းမယား အလိမ္မာကလေး သနပ်ခါး ခြေဆုံးခေါင်းဆုံးနဲ့၊ မင်းယောက္ခမက အရက်လေး တမြမြနဲ့၊ မင်းက မုန့်ဟင်းခါးဖိုမှာ ရှိသမျှ ခွန်အားနဲ့ ကုန်းကျုံးဖျစ်ညှစ်ပြီး တိရစ္ဆာန်လို လုပ်နေရတယ်၊ မင်းရုပ်ကိုရော မင်းပြန်ကြည့်မိရဲ့လား၊ ပိန်လှီခြောက်ကပ်လို့ ”


တော်ပါတော့ အဖေ၊ မပြောပါနဲ့တော့။


“ ငါ့အိမ်ရှေ့မှာ မင်းအသံကို ဘယ်တော့ကြားရမလဲလို့ ငါစောင့်ခဲ့တာ ဘယ်လောက်ကြာပြီလဲ၊ မင်းမလာဘူး ၊ မင်း ငါ့ဆီ မလာဘူး၊ ငါ့ကို အောက်ကျို့မယ့်အစား မင်းနွားလို အသေခံသွားမယ်ပေါ့ . . . ဟင် ”


အဖေ့စကားကို နားထောင်နေရင်း ကျွန်တော်၏ အသားမာတက်နေသော လက်ဖဝါးများကို မသိမသာ စမ်းကြည့်မိသည်။ အသားမာတက်ရင် မနာတော့ဘူးဆိုတာ ဘယ်သူပြောခဲ့တဲ့ စကားပါလိမ့်။ ကျွန်တော့်အတွက်တော့ နာနေဆဲ။ မုန့်ကြိတ်စင်မှာ သစ်သားကြိတ်တန်းကို တင်းတင်းဆုပ်ပြီး တွန်းရတိုင်း နာနေဆဲ။ မုန့်ညှစ်စင်မှာ သစ်သားဆုံကို မုန့်နှစ်အပြည့်သံခွက်ထဲကို ဖိတွန်းချရတိုင်း နာနေဆဲ။


“ မင်းပျော်သလား ”


မမျှော်လင့်သော အဖေ့စကားတစ်ခွန်းကြောင့် ကျွန်တော့ကိုယ်ခန္ဓာ ဆတ်ခနဲ တုန်သွား၏။ ကျွန်တောအဖေ့ဘက်သို့ လှည့်ကြည့်မိသည်။ အဖေသည် အခန်း၀မှာ တံခါးပေါင်ကို ကျောမှီလျက် လက်နှစ်ဖက်တင်းတင်းပိုက်ကာ မတ်တတ်ရပ်ရင်း ကျွန်တော့အား စိန်းစိန်းကြီး ကြည့်နေခဲ့သည်။


“ ဟင် . . . မင်းပျော်သလား၊ ငါ့စိတ်ကူးတွေ ငါ့အနာဂတ်တွေကိုဖျက်ဆီးပြီး ငါ့အိမ်ကနေ ထွက်သွားခဲ့ရတာ မင်းပျော်လား၊ ငါ့ကို တော်လှန်ရတာ မင်းပျော်လား၊ ငါဘယ်လိုမှ စိတ်ကူးနဲ့တောင် မင်းကိုထည့်ကြည့်လို့မရတဲ့ အောက်တန်းစားအလွှာထဲကို မင်းခြေစုံပစ်ပြီး ၀င်လိုက်ရတာ ပျော်သလား ”


ကျွန်တော့ရင်ထဲမှာ တဆတ်ဆတ်ခါအောင် နာကျင်လာ၏။ ဤစကားတွေကို ကျွန်တော်ခံနိုင်ရည်မရှိပါ၊ ကျေးဇူးပြီပြီး မပြောပါနဲ့တော့ အဖေ၊ ကျွန်တော့ကို သနားရင် . . . ။


“ ငါက ကင်းကင်းရှင်းရှင်းနေပါလို့ တားခဲ့တဲ့မိန်းမတစ်ယောက်ကိုမှ မင်းရွေးပြီး ကောက်ယူပစ်လိုက်ရတာ မင်းပျော်သလား ”


ကျွန်တော့မျက်လုံးမှာ မျက်ရည်တွေ ပြည့်လျှံလာသဖြင့် ရုတ်တရက် မျက်နှာကို ငုံ့ချပစ်လိုက်မိသည်။


“ ငါ့ကို တော်လှန်ချင်တဲ့စိတ် တစ်ခုတည်းနဲ့ မင်းခုန်ဆင်းခဲ့တဲ့ တွင်းကြီး ဘယ်လောက်နက်သလဲ၊ မင်းသိလား၊ ကံကြီးမောင် . . . အဲဒီ တွင်းကြီးထဲမှာ မင်းပျော်နေတယ်လို့ ငါ့ကို ပြောစမ်းပါ၊ ပြောလိုက်စမ်းပါကွ ”


“ တော်ပါတော့ အဖေ၊ ကျွန်တော့ကို ဒီလောက်ပြောရရင် ကျေနပ်ပါတော့ ”


“ မကျေနပ်ဘူး၊ မင်း အဲဒီမေးခွန်းကို မဖြေမချင်း ငါ မကျေနပ်ဘူး၊ ဖြေ . . . မင်း ပျော်နေတယ်လို့ ဖြေ ”


အဖေက နာကျင်သောဒေါသဖြင့် အော်၏။ ကျွန်တော့လက်ထဲမှ ဂက်စ်မီးခြစ်ကလေးကိုပင် ဆုပ်ကိုင်ထားနိုင်သည့် ခွန်အားမရှိတော့ဘဲ အောက်လွတ်ကျသွားသည်။ ထို့နောက် အဖေ့ ခြေရင်းမှာ ကျွန်တော်ဒူးညွှတ်ခွေကာ ထိုင်ကျသွားပါသည်။


“ ကျွန်တော် သေချင်တယ်အဖေ၊ ကျွန်တော် သေသွားပါစေလို့ နေ့တိုင်း ဆုတောင်းတယ် ”


ထို့နောက် ကျွန်တော်မချုပ်တည်းနိုင်တော့ဘဲ မျက်နှာကို လက်ဝါးဖြင့် အုပ်ကာ ငိုမိသည်။


* * *


ကျွန်တော် ထားခင်ကို မချစ်ခဲ့။ အရင်ကလည်း မချစ်ခဲ့ ၊ နောင်လည်း ချစ်လို့ရမှာ မဟုတ်ပါ။ အဖေ့ကို ဆန့်ကျင်အာခံချင်သည့် စိတ်တစ်ခုတည်းဖြင့် ကျွန်တော် ထိုမိန်းမကို မိုက်မိုက်မဲမဲယူခဲ့ခြင်း ဖြစ်သည်။ ကျွန်တော့အနီးမှာ မိန်းမသုံးလေးယောက် ရှိနေပါလျက် အဖေက ကင်းကင်းနေဖို့ တားမြစ်ခဲ့သူမှာ ထားခင်တစ်ယောက်သာဖြစ်ခဲ့ခြင်းကြောင့် ထားခင်ကို ကျွန်တော်ယူခဲ့မိပါသည်။


အဖေ သိလျက်နှင့် မေးခွန်းထုတ်ခဲ့သည်။ ပျော်သလား တဲ့။


“ ဆရာကြီး . . . ”


ကျွန်တော့ နောက်ဘက်မှ တစ်စုံတစ်ယောက်၏ တွန့်ဆုတ်သောခေါ်သံ။ ကျွန်တော် ကမန်းကတန်း မျက်ရည်သုတ်ကာ ဟန်မပျက်ထရပ်နိုင်အောင် ကြိုးစားသည့်အခါ အဖေက ကျွန်တော့ကို ညင်သာစွာ ဆွဲထူပါသည်။


“ အေး၊ မောင်ဌေး . . . လာ ”


အဖေ့ညစောင့်အလုပ်သမားလေးက ကျွန်တော်တို့နား ရောက်လာကာ လက်ထဲက လေးဆင့်စတီးချိုင့်ကို ကမ်းပေးသည်။ အဖေက ကျွန်တော့ပခုံးကို ဖက်ထားသော လက်ကို မခွာဘဲ အခြားလက်ဖြင့် ချိုင့်ကို လှမ်းယူ၏။


“ သုံးပွဲ ဆရာကြီး၊ အောက်ဆုံးချိုင့်က ဟင်းရည် ”


“ အေး အေး . . . မင်းရော စားခဲ့ရဲ့လား ”


“ စားခဲ့ပြီ ဆရာကြီး ၊ ဒီနေ့ ကျွန်တော် ပဲပလာတာနဲ့ လက်ဖက်ရည်သောက်ခဲ့တယ် ”


“ အေး အေး၊ သွား . . တံခါးတွေ ဘာတွေ ဖွင့်စရာရှိတာ ဖွင့်ထား၊ ခဏကြာရင် မနက်ဆိုင်းက အလုပ်သမားတွေ ရောက်လာတော့မှာ ”


မောင်ဌေး ရိုကျိုးစွာ လှည့်ထွက်သွားသည်။


“ လာ . . . ဖိုးကံ၊ မင်းအတွက်ပါ မုန့်ပါတယ် ”


* * *


ကျွန်တော့အတွက် . . . ။ ကျွန်တော် အဖေ့ဆီရောက်လာလိမ့်မည်ဟု အဖေသိနေခဲ့ပါသလား။ အဖေ့အခန်းတွင်းသို့ နောက်တစ်ကြိမ်၀င်ရပြန်သည်။ သည်တစ်ခါတော့ အခန်းသည် စောစောကလောက် မှုန်မှိုင်းအေးစက်မှု မရှိ၊ နွေးထွေးစွာ လင်းချင်းနေသည်။ စားပွဲပေါ်သို့ အဖေက ချိုင့်ကို ချသည်။


“ ထိုင် ”


ကျွန်တော် ဘာမှမပြောဘဲ စားပွဲရှေ့က ကုလားထိုင်မှာ ထိုင်လိုက်ပါသည်။ အဖေက နောက်ဘက်ဗီရိုအသေးလေးထဲမှ ပန်းကန်ပြားနှစ်ချပ်နှင့် စတီးဇွန်းတွေ ထုတ်ယူလိုက်ပြီး စားပွဲပေါ်ချ၏။ ကျွန်တော်က အဖေ့စားပွဲပေါ်မှ ငွေရောင်ဆုတံဆိပ်ဒိုင်း အဝိုင်းလေးကို တအံ့တသြ ကောက်ကိုင်ကြည့်လိုက်မိသည်။ ကျွန်တော်ရှစ်တန်းနှစ်က ကုန်းစောင်းကျောင်းမှ ထူးချွန်ဆုပေးခဲ့သည့် ငွေဒိုင်းကလေးဖြစ်သည်။ ထိုဆု ယူခဲ့စဉ်က အဖေရော အမေရော ထိုအခမ်းအနားသို့ တက်ခဲ့သည်။


အဖေက စတီးချိုင့်ကို တစ်ခုချင်းဖြုတ်လိုက်သည့်အခါ မုန့်ဟင်းခါး လက်သုပ်ဆီချက်၏ ငရုတ်သီးနံ့ သင်းခနဲမွှေးသွား၏။ နောက်ဆုံးတစ်ချိုင့်က ဟင်းရည်အကျဲ။ ဟင်းခါးရည်၏ ပုစွန်ခြောက်နှင့် ကြက်သွန်ဖြူ၊ ငရုတ်ကောင်းတို့၏ မွှေးရနံ့ကို ရသည်။ အဖေက ပန်းကန်ပြားထဲသို့ မနယ်ရသေးသည့် မုန့်ပွဲကို မှောက်ချလိုက်သည်။ မုန့်ပြင်ဆင်ထားသော အနေအထားကိုကြည့်ခြင်းဖြင့် ဒါ ဒေါ်တင်မြဆိုင်က မုန့်ဟု ကျွန်တော်သိလိုက်သည်။


“ စား . . . ဖိုးကံ၊ ဒီဆိုင်က မုန့်ဖတ်က ဒီရွာမှာ အသန့်ရှင်းဆုံးနဲ့ အနူးညံ့ဆုံးမုန့်ပဲ ”


အဖေက ခပ်တည်တည်ပြောတော့ ကျွန်တော်ဇွန်းဖြင့် မုန့်နယ်ရင်း အသံထွက်ရယ်မိ၏။ ဤမုန့်ဖတ်သည် ကျွန်တော့မုန့်ဟင်းခါးဖိုမှ မုန့်ဖြစ်ကြောင်း အဖေမသိဘဲနေမှာမဟုတ်ဟု တွေးမိသောကြောင့် ဖြစ်ပါသည်။


“ ငါ နေ့တိုင်း မတင်မြမုန့်ဟင်းခါးသုပ်ကိုပဲ စားလာတာ သုံးနှစ် ရှိပြီ ”


အဖေက ကျွန်တော့အား စိုက်ကြည့်ပြီးပြောတော့ ကျွန်တော်မျက်လွှာချလိုက်ရသည်။


“ ခါတိုင်းတော့ မနက်ကိုးနာရီမှ စားရတာ ၊ ဒီနေ့ အိမ်မပြန်ဖြစ်လို့ စောစောစားဖြစ်တာ၊ ဘယ့်နှယ်လဲ မုန့်ကောင်းရဲ့လား ”


ကျွန်တော် မဖြေဖြစ်ပါ။


“ အဖေ ညက ဘာဖြစ်လို့ အိမ်မပြန်ဖြစ်တာလဲ၊ အဖေ နေမကောင်းဘူးလား ”


ကျွန်တော်သိချင်သော လာရင်းကိစ္စကို အခုမှ မေးဖြစ်သည်။


“ ကောင်းပါတယ်၊ ငါအိမ်ပြန်တာ မတွေ့ရင် မင်းများ ငါ့ဆီ ရောက်လာမလားလို့ ”


“ အဖေ . . . ”


ကျွန်တော် အဖေ့ကိုမော့ကြည့်လိုက်တော့ အဖေက ကျွန်တော့ကိုစိုက်ကြည့်ပြီး ပြုံးနေပါသည်။


* * *


ကျွန်တော် အနည်းငယ်ရှက်သွားသဖြင့် အောင့်သက်သက် ပြုံးလိုက်မိပြီး အဖေ့ပခုံးမှကျော်၍ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်သည်။


မန်ကျည်းပင်ကိုင်းများအကြားမှ အဝေးက တောင်တန်းကြီးကို လှမ်းမြင်လိုက်ရသည်။


ကျွန်တော် ငေးကြည့်မိသွား၏။ အနောက်ရိုးမတောင်တန်းဟု ကျွန်တော်သိထားသော တောင်တန်းကြီးဖြစ်သည် ။ ထိုတောင်တန်းသည် ပြာမှောင်နေကျ တောင်တန်းဖြစ်သည် ။ မြူတွေဆိုင်းလျှင် အောက်ပိုင်းက ပြာမှောင်ရင့်ရင့်၊ အပေါ်ပိုင်းက အပြာဖျော့နုနု ဖြစ်သည်။


အခုအခါ တောင်တန်းကြီးတစ်ခုလုံးသည် ဖြူဖွေးနေ၏။ တောင်တန်းကြီး တစ်ခုသည် နှစ်တွေကြာသည့်အခါ အရောင်ပြောင်းသွားတတ်သလား ၊ ကျွန်တော်မသိပါ။ ပြာမှောင်သော တောင်တန်းကြီး အဖြူရောင်ဖြစ်နေတာတော့ အခု ကျွန်တော့မျက်မြင်ပဲ ။


သို့မဟုတ် တောင်တန်းတွေသည် ဆောင်းအကုန် နှင်းကြွင်းရာသီ နံနက်စောစောတွင် အခုလို အဖြူရောင်လွှမ်းနေတတ်သလား။ ကျွန်တော် ဤအခန်းထဲတွင် ဤကုလားထိုင်၌ ထိုင်ပြီး နံနက် စောစောမှာ တောင်တန်းကို တစ်ခါမှ မကြည့်ခဲ့ဖူးပါ။


တကယ်တော့လည်း တောင်တန်းကြီးကို စိတ်လိုလက်ရ ကျွန်တော်တစ်ခါမှ မကြည့်ခဲ့ဖူးသဖြင့် တောင်တန်းကြီး အရောင်ပြောင်းသွားသည်ဟု ကျွန်တော် မပြောနိုင်ပါ။ မနက်တိုင်း အဖြူရောင်လွှမ်းနေသည့် တောင်တန်းကြီးကို အခုမှ ကျွန်တော် သတိထားမိသွားတာလည်း ဖြစ်နိုင်ပါသည်။


-------------------------------------------------

K Sharing Audiobook ၏ Social Media Channel များ

K Sharing Youtube

Telegram Channel

Facebook Page


Post a Comment

0 Comments