ပြတင်းပေါက် - ဂျူး (ဝတ္ထုတို)

 ဝတ္ထုတို အမည် - ပြတင်းပေါက်

စာရေးသူ - ဂျူး

Short Story


-------------------------------------------------

ပြတင်းပေါက်


#ဂျုး


သူ အိမ်ပြန်ရောက်သောအခါ သူ့ဇနီးကို တွေ့တွေ့ချင်း တစ်ခုခုတော့ မှားနေပြီဟု သူသိလိုက်၏။ သူ့ဇနီး၏မျက်နှာအမူအရာမှာ ပုံမှန် မဟုတ်ပါ။ သူက လူကဲခတ်ကောင်းသည့်အပြင် သူ့ဇနီးက ဟန်ဆောင်မှုညံ့ဖျင်းလှသောကြောင့် သူမစိတ်တွင်း ခံစားချက် တော်တော်များကို သူ အမြဲရိပ်မိလေ့ရှိပါသည်။ ယနေ့ည သူ့ကိုကြိုဆိုသော ဇနီး၏အပြုံးမှာ လျော့ရိလျော့ရဲဖြစ်နေသည်။


“ဆာပြီလား အေး၊ ဆောရီးကွာ၊ ကိုယ် ကားတစ်စီး သွားကြည့်နေလို့ ”


သူမ သူ့ကို ဘာမှပြန်မပြောပါ။ သူလှမ်းပေးလိုက်သော လက်ဆွဲအိတ်အပြားကလေးကို ရုံးစားပွဲရှိရာသို့ သွားထားရင်း အလုပ်ရှုပ်ချင်ဟန်ဆောင်နေ၏။ သူ စိတ် ထင့်ခနဲဖြစ်သွားသည်။ သူ့ကို နောက်ကျောခိုင်းထားသော ဇနီး၏မျက်နှာကို မြင်ရသည်အထိ သူ မတ်တတ်ရပ်၍ စောင့်ကြည့်နေလိုက်သည်။ ခဏကြာတော့ သူရပ်ကြည့်နေမှန်း မသိသော ဇနီးသည်က သည်ဘက် လှည့်လာသည်။ ထိုမျက်နှာကို သူ အမိအရ မြင်လိုက်ရ၏။ သူမ သူ့ကို စိတ်ကောက်နေခြင်းမဟုတ်ပါ။ သူမသည် တစ်စုံတစ်ရာကို နှမြောတသနေသူတစ်ဦး၏ ယူကျုံးမရမျက်နှာမျိုး ဖြစ်နေပြီး ထိုမျက်နှာကို သူရိပ်မိမှာ စိုးရိမ်နေသည်။ သူ လှမ်းကြည့်နေမှန်း သိသွားသောအခါ ကပျာကယာ မျက်နှာလွှဲလိုက်သော မျက်လုံးများတွင် ခိုးကြောင်ခိုးဝှက်ဟန်တစ်မျိုး ပါဝင်နေသည်။ ထိုမျက်လုံးများတွင် စိတ်ညစ်ညူးမှုကိုလည်း သူ သတိထားမိပြန်သည်။ သူ ဘာမှမရိပ်မိသလို လှည့်ထွက်လာခဲ့၏။


သူတို့အိပ်ခန်းသည် ထုံးစံအတိုင်း အရာရာ စနစ်ကျနစွာ ရှင်းလင်းနေ၏။ အခန်းသည် သာမန်ကန်ထရိုက်တိုက်ခန်းတစ်ခု၏ အိပ်ခန်းအတိုင်း ခပ်ကျဉ်းကျဉ်းသာ ဖြစ်၏။ အပြင်ကျသောနံရံတွင် မှန်တံခါးတပ် ပြတင်းပေါက်ကျယ်တစ်ခုရှိ၏။ အခန်းထဲဝင်လိုက်လျှင် ထူးခြားချက်တစ်ခုကို သူ သတိထားမိလိုက်သည်။ အမြဲတမ်း ဖွင်ထားလေ့ရှိသော ထိုပြတင်းပေါက် ပိတ်နေခြင်းပင် ဖြစ်သည်။ ထိုပြတင်းပေါက်သည် သူတို့တိုက်ခန်းတစ်ခုလုံး၏ တစ်ခုတည်းသော ပြတင်းပေါက်လည်း ဖြစ်သည်။ သူ့ဇနီးသည် နေ့နေ့ညည ပြတင်းပေါက်ဖွင့်ထားမှ အသက်ရှူဝသည်ဟု သူသိထားသည်။ နေ့တစ်နေ့၏အစတွင် ပြတင်းပေါက်ကို စတင်ဖွင့်သူမှာ သူ့ဇနီးဖြစ်ပြီး နေ့တစ်နေ့၏အဆုံး ညနက်ပိုင်းတွင် ပြတင်းပေါက်ကို ပိတ်ရသူမှာ သူပဲဖြစ်လေ့ရှိသည်။


ယခုတော့ ပြတင်းပေါက်သည် ထူးထူးခြားခြား ပိတ်ပြီးသားဖြစ်နေပြီ။ သူ ပြတင်းပေါက်ကို တစ်ချက် လှမ်းအကဲခတ်ပြီးနောက် အခန်းထဲ လှည့်ပတ်ကြည့်နေမိသည်။ သူတို့ခုတင်သည် မွေ့ရာဖုံးအဖြူရောင်ဖြင့် သပ်ရပ်ညီညာနေသည်။ ခုတင်ခြေရင်းက အဝတ်စင်တန်းတွင်လည်း အဝတ်များ စနစ်တကျ ရှိနေ၏။ အသစ်ချိတ်ထားသော သူမ၏ ဝတ်လက်စအဝတ်များမရှိ။ မနေ့ကတည်းက ရှိနေသော သူမ၏ ပန်းနုရောင် ယုန်မွေးဆွယ်တာတစ်ထည်ကို မြင်ရသည်။ ဤအခြေအနေအရ သူမ ယနေ့ အပြင်မထွက်ဖြစ်ဘူးဟု သူ ကောက်ချက်ချလိုက်သည်။ သူ အဝတ်လဲနေစဉ်အတောအတွင်း အိပ်ခန်းထဲသို့ သူ့ဇနီး လိုက်လာခြင်းမရှိပါ။


ညစာထမင်းစားပွဲတွင် သူ့ဇနီးသည် ခါတိုင်းထက် စကားနည်းနေ၏။ ထမင်းစားပွဲသည် လေးထောင့်ရှည်ရှည် ဖော်မီကာခင်း စားပွဲကြီးဖြစ်ပြီး လူဆယ်ယောက် ဝိုင်းထိုင်နိုင်သည်။ သို့သော် သူတို့အိမ်မှာ ထမင်းစားသူက အမြဲတမ်းလိုလို သူတို့နှစ်ယောက်တည်းသာ ဖြစ်သည်။ ထို့ကြောင့် စားပွဲ၏ထောင့်စွန်းဆီမှာ သူတို့နှစ်ယောက် စုကပ် ထိုင်ကြရ၏။ မုန်လာဥ ချဉ်ရည်ဟင်းသည် အငွေ့တထောင်းထောင်းဖြင့် ပူနွေးကာ အရသာရှိလှသည်။ သူ့ဇနီးက ဟင်းချက်ကောင်းသည်။ မိန်းမ ပီသသည်။ သို့သော် ခပ်နုံနုံ၊ ခပ်အအ၊ ရုပ်ရည်ကလည်း စုံမက်ဖွယ်မရှိ၊ ရွက်ကြမ်းရေကျိုရုပ်မျိုးဟု ညှာညှာတာတာ ပြောနိုင်သည်။ သူသည် သူ့ဇနီးကို လက်ထပ်ရန် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။


ဤမိန်းမသည် မိမိအိမ်ထောင်နှင့် ပတ်ဝန်းကျင် ကွက်ကွက်ကလေးအကြောင်းကိုသာ စိတ်ဝင်စားသည်။ သို့သော် ခင်ပွန်းဖြစ်သူ တစ်လဝင်ငွေ ဘယ်လောက်ရှိမှန်းမသိ။ စပ်စုရကောင်းမှန်းလည်း မသိ။ နေ့စဉ် ဈေးသုံးရန် ခေါင်းအုံးအောက်မှာ သူထားပေးသော ပိုက်ဆံကိုသာ သုံးတတ်သည်။ အိမ်မှာ ကားတစ်စီးရှိသော်လည်း ကားမမောင်းတတ်။ သူအားလပ်၍ ပို့ပေးမှ တစ်နေရာရာကို ရောက်ရသူဖြစ်သည်။ သူမဘာသာ မြို့ထဲတစ်နေရာရာ ဘတ်စ်ကား စီးသွားဖို့လည်း ဘယ်ကားက ဘယ်ရောက်မှန်းမသိ၊ ဗိုလ်ချုပ်ဈေးကလွဲပြီး ဘယ်မှ မသွားတတ်၊ ခင်ပွန်းဖြစ်သူ၏အလုပ်ရုံ ဘယ်မှာရှိမှန်းမသိ၊ ခင်ပွန်းဖြစ်သူ အိမ်အပြင်မှာ ဘာလုပ်လို့ ဘယ်သွားမှန်းလဲ မသိ၊ သင်္ချာအဓိကနှင့် ဘွဲ့ရထားသော ပညာတတ်တစ်ယောက်ဖြစ်သော်လည်း မိမိစိတ်ကို မိမိပိုင်နိုင်စွာ မတွက်ချက်တတ်သူ ဖြစ်သည်။


သူ ခပ်သွက်သွက် ထမင်းစားနေစဉ်မှာပင် သူ့ဇနီးကို အကဲခတ်ကြည့်နေမိသည်။ သူမ ယနေ့ တော်တော်ကြီးကို စကားနည်းနေပါသည်။ မနက်တုန်းက ခုနှစ်နာရီမခွဲမီ သူအလုပ်သွားခဲ့သည်။ သည်တုန်းကတော့ သူမ ပုံမှန်ပါပဲ။ ယခု ဘယ်လိုဖြစ်နေသလဲ၊ ငါးကြော်ကို အရိုးထွင်ပေးသော သူမ၏မျက်နှာတွင် ကြည်လင်ရွှင်ပျမှု မရှိပါ။ အလုပ်ထဲတွင် ကြုံခဲ့ရသော ရယ်စရာအဖြစ်အပျက်တစ်ခုကို သူ ပြောပြတော့ သူ့ဇနီးက ပြုံးရုံသာပြုံးသည်။ အပြုံးမှာ ဟက်ဟက်ပက်ပက်မရှိ။ အပြုံးမည်ကာမတ္တသာဖြစ်သည်။ ဒါ စိတ်ကောက်နေခြင်း မဟုတ်။ သူမသည် စိတ်ကောက်လျှင် စိတ်ကောက်တာကို သူ မသိမှာ စိုးရိမ်၍ သိသိသာသာပင် မျက်နှာကြော တင်းပြတတ်သည်။ တစ်ခါတစ်ခါ သူမသိချင်ယောင်ဆောင်လျှင် ခြေလှမ်း ခပ်ကြမ်းကြမ်း ဆောင့်ချခြင်း၊ ပန်းကန်ခွက်ယောက်များကို အသံမြည်အောင် ဆောင့်ချခြင်း၊ သူမေးသည့် မေးခွန်းကို မဖြေခြင်းတို့ဖြင့် အသိပေးလေ့ရှိ၏။ ယခုကိစ္စမှာတော့ စိတ်ကောက်သလို သူသိအောင်ပြခြင်းမဟုတ်ဘဲ သူ မသိအောင် ကွယ်ဝှက်ပြီး စိတ်ညစ်နေခြင်းမျိုးဖြစ်သည်။ သူ ထမင်းကို လက်စသတ်စားရင်း ဗြုန်းခနဲ မေးခွန်းတစ်ခုကို ကောက်မေးလိုက်၏။


“ အေး ဘာဖြစ်နေလဲ”


သူမ ကမန်းကတန်း မော့ကြည့်သည်။ သူမမျက်လုံးများတွင် အံ့အားသင့်မှုကို တွေ့ရ၏။ သူ စိုက်ကြည့်သော မျက်လုံးဒဏ်ကို သူမ မခံနိုင်ပါ။ ရုတ်တရက် မျက်လွှာချကာ . . .


“ ဟင့်အင်း၊ ဘာမှ မဖြစ်ပါဘူး”


တစ်ခုခုဖြစ်နေတာ မြင်ရလျက်သားနှင့် ဘာမှမဖြစ်ပါဘူးဟု လိမ်ညာခံရသောအခါ သူ စိတ်တိုသွား၏။ ထမင်းပန်းကန်ကို ရှေ့သို့ ခပ်ကြမ်းကြမ်း တွန်းပစ်ရင်း သူမမျက်နှာကို စိုက်ကြည့်လိုက်၏။


“မင်း တစ်ခုခုဖြစ်နေတယ်”


သူ့စကားသည် မေးခွန်းတစ်ခုမဟုတ်ဘဲ စွပ်စွဲချက်တစ်ခုသာ ဖြစ်၏။ သူမ သူ့ကို မော့မကြည့်တော့ပါ။ ထမင်းကို နှေးကွေးစွာ ငုံ့ဝါးနေတော့သည်။ ထမင်းစားနေသည်နှင့် မတူဘဲ အိပ်မက်တစ်ခု ပြန်၍ ပုံဖော်စဉ်းစားနေသလို ရှိသည်။


“အေး”


သူ့အသံ ခပ်ဆတ်ဆတ်ကြောင့် သူမ ဗြုန်းဆို မော့ကြည့်သည်။ သူမမျက်နှာတွင် စိတ်ပျက်သောအမူအရာ ပေါ်လွင်နေ၏။


“ဘာမှမဖြစ်ဘူး အစ်ကို၊ ခေါင်းနည်းနည်း မူးနေလို့ပါ”


သူ စိတ်မရှည်လွန်းစွာပင် စုတ်သပ်လိုက်၏။


“မဟုတ်ဘူး၊ ဒါ ခေါင်းမူးတာ မဟုတ်ဘူး၊ တစ်ခုခု ဖြစ်ကို ဖြစ်နေတယ်၊ မင်း ကိုယ့်ကို မညာနဲ့”


အိမ်ထောင်သက် နှစ်နှစ်အတွင်း သူ့ဇနီး၏စိတ်ခံစားမှုကို ကြေညက်စွာ လေ့လာသိရှိပြီးသော ခင်ပွန်းတစ်ယောက်၏အသံဖြင့် ပိုင်နိုင်စွာ သူ ပြောချလိုက်သည်။ သူ့စကားကြောင့် သူမ အယောင်ယောင်အမှားမှားဖြစ်ကာ ထမင်းစားလက်စ မပြီးသေးဘဲ ပန်းကန်တွေ စုသိမ်းနေတော့သည်။ မဖြစ်ဘူး။ သူ့ဇနီး တစ်ခုခုကို မျိုသိပ်ထားတာတော့ အမှန်ပဲ၊ ထိုအရာကို သူဖော်ထုတ်ရမည်။ ဇနီးသည်၏ ဖြစ်ပျက်သမျှကိစ္စတို့ကို ခင်ပွန်းသည်က သိကိုသိရမည်။ အိမ်ထောင်တစ်ခုတွင် လျှို့ဝှက်မျိုသိပ်မှုဆိုသည်မှာ မဖြစ်သင့်သော အရာတစ်ခုပဲ။


“အမှန်အတိုင်းပြောစမ်း အေး၊ မင်း ဘာဖြစ်နေလဲ”


မီးဖိုချောင်ကိစ္စပြီးသည်အထိ သူစောင့်၍ မဖြစ်ပါ။ ဤကိစ္စကို သူ စ၍ မေးမိပြီဆိုမှတော့ လိမ်ညာဖို့အတွက် စိတ်ကူးဥာဏ်ကွန့်မြူးခွင့် မပေးနိုင်တော့ပါ။


“ဒုက္ခပဲ၊ ဘာဆိုဘာမှ မဖြစ်တဲ့ ဥစ္စာ၊ ဘာသွားပြောရမှာလဲ၊ ဘာဖြစ်လို့ ဒီလောက်တောင် မယုံမကြည်ဖြစ်နေရတာလဲ ”


အနည်းငယ်စိတ်ပျက်သော လေသံဖြင့် ခပ်မာမာပြောသော သူ့ဇနီးစကားသံအဆုံးမှာတော့ သူ၏သံသယ ပို၍ကြီးမားလာသည်။ “မယုံမကြည်”ဟူသော စကားကို သူ မကြိုက်ပါ။ ပန်းကန်တွေ စုထပ်ကာ လက်ဆေးကန်ရှိရာသို့ သယ်သွားသော “အေး” ဆီသို့ သူ တိတ်ဆိတ်စွာ လိုက်သွား၏။


“အေး ...”


သူမ၏နောက်မှ ကပ်၍လိုက်ရင်း အသံပြတ်ဖြင့် ခေါ်တော့ သူမ တုန်လှုပ်သွားကာ ပန်းကန်တစ်ချပ် လက်ဆေးကန်ထဲ လွတ်ကျသွား၏။ သူ့ကိုတော့ လုံးဝလှည့်မကြည့်ပါ။


“ပန်းကန်တွေကို နောက်မှဆေး၊ အခု မင်းလက်ကို ဆေးပြီး ငါနဲ့ အပြင်ခန်းလိုက်ခဲ့၊ တို့ စကားပြောကြရအောင်”


“ဟင့်အင်း”


သူမ၏ ဗလုံးဗထွေး ငြင်းပယ်သံမှာ ကယောင်ကတမ်းဖြစ်နေသည်။ သူ ဗြုန်းခနဲ သူမ၏လက်မောင်းကို ဆုပ်ညှစ်လိုက်၏။


“အေး ကိုယ်ပြောနေတာ ကြားလား၊ ကိုယ့်စိတ်ကို မင်းသိတယ်နော်၊ လက်ဆေး”


သူမ၏ဆံပင် ကပိုကရိုကြားထဲတွင် မြင်နေရသော သူမ၏မျက်နှာတစ်ခြမ်းမှာ စိတ်အားငယ်မှုနှင့်ကြောက်ရွံ့မှုကို တွေ့လိုက်ရ၏။ သူ အနည်းငယ် သနားစိတ်ဝင်သွားသည်။ သို့သော် သူ မညှာနိုင်ပါ။ အချိန်တိုတိုအတွင်း ဤကိစ္စ ရှင်းလင်းသွားရန် အရေးကြီးသည်။ သူမအား စဉ်းစားခွင့် လုံးဝမပေးနိုင်ပါ။ လက်ဆေးပြီးသွားသော “အေး” ကို စိတ်မြန်လက်မြန်ပင် လက်မောင်းမှ ဆွဲခေါ်လာခဲ့၏။


“ကဲ ... ထိုင်စမ်းပါဦး အေး၊ ဒီနေ့ အိမ်မှာ ထူးထူးခြားခြား ဘာတွေဖြစ်သလဲ”


သူကိုယ်တိုင်ကတော့ ဇနီးနှင့် ကပ်၍ မထိုင်ဘဲ မျက်နှာချင်းဆိုင်မှ ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။


“ဘာမှ ထူးထူးခြားခြား မဖြစ်ပါဘူး”


စိတ်ရှုပ်ဟန် မျက်နှာပေးဖြင့် သူမ ဖြေသော်လည်း မျက်လုံးထဲမှ စိုးရိမ်မှုအရိပ်ကို သူမြင်ရသည်။ သူ မချင့်မရဲဖြစ်လာကာ ထိန်းချုပ်ထားလျက်က ဒေါသထွက်သွား၏။ ထိုင်နေသော ကုလားထိုင်ကို ရှေ့သို့ ကြမ်းတမ်းစွာဆွဲယူပြီး “အေး” နှင့် နီးကပ်သွားအောင် ရွှေ့လိုက်သည်။ သူမက အလန့်တကြား နောက်သို့ ကိုယ်ကို ယိမ်းယူလိုက်လေသည်။ သူမမျက်လုံးမှာ မျက်ရည်များ ဝေ့လည်နေသည်ကို ဖန်ချောင်းမီးရောင်ဖြင့် ပြိုးပြက်စွာ မြင်ရသည်။ သူသည် ဒေါသကို အကြီးအကျယ်ထိန်းချုပ်ကာ စိတ်ကို ဖြေလျော့လိုက်၏။ သူ ကြိုးစားပမ်းစား ပြုံးပြလိုက်၏။


“ဒီမယ်အေး ကိုယ် မင်းကို အရိပ်လို ကြည့်လာခဲ့တဲ့ကောင်ပါ အေးရဲ့၊ မင်းမျက်လုံးကို ကိုယ်ဖတ်တတ်တယ်၊ မင်းတစ်ခုခုဖြစ်နေတာကို ကိုယ်သိတယ်၊ မင်းမပြောဘဲထားရင် ဒီကိစ္စ ပြီးသွားမယ် မထင်နဲ့၊ မင်းသိထားဖို့က လင်မယားနှစ်ယောက်ကြားမှာ လျှို့ဝှက်ချက်ဆိုတာ မရှိရဘူးကွ”


သူမ သူ့ကို တွေဝေစွာ စိုက်ငေးကြည့်နေရာမှ ခေါင်းခါယမ်းလိုက်သည်။


“ဟာ .... မဖြစ်ပါဘူး”


“မဖြစ်ပါဘူးဆိုတာ ဘာပြောတာလဲ အေး၊ မင်း ဘာမှမဖြစ်ဘူးလို့ ညာချင်တာလား၊ ဒါမှမဟုတ် မင်းဖြစ်ခဲ့တာကို ကိုယ့်ကို ပြန်ပြောလို့ မဖြစ်ဘူးလို့ ပြောချင်တာလား”


သူ တစ်နေကုန် စကားပြောရပါများလွန်း၍ ဘာစကားမှ မပြောဘဲ အေးအေးဆေးဆေး အနားယူ လဲလျောင်းချင်လှပြီ။ သို့သော် ဤကိစ္စ မပြေမလည်မချင်း သူ စိတ်အနားရမည် မဟုတ်ပါ။ သူ့ရှေ့မှာ အရုပ်ကလေးတစ်ခုလို ပျော့ခွေစွာ ထိုင်နေသော သူ့ဇနီးကို သူ ဂရုတစိုက်ကြည့်၍ စူးစမ်းနေမိသည်။ သူမမျက်လုံးများ မို့အစ်ခြင်းမရှိ၊ ငိုကြွေးထားပုံလည်း မရ။ သူ့ဇနီးကို စိတ်အနှောင့်အယှက်ပေးနိုင်သော ကိစ္စများကို တန်းစီ၍ သူ စဉ်းစားကြည့်နေမိသည်။ အားလုံးသော အနှောင့်အယှက်များသည် သူ့ကို ပြောပြမှ ပြေလည်သွားမည့် ကိစ္စများသာဖြစ်သည်။ သူ့ဇနီး မျိုသိပ်ထားစရာ အကြောင်းမရှိပါ။


“ဘယ်လိုလဲ အေး၊ မင်းကြုံခဲ့ရတာကို ကိုယ့်ကို ပြန်မပြောချင်ဘူးလား၊ ကိုယ့်ကို မင်းမယုံကြည်ဘူးလား၊ ကိုယ့်ကို အားမကိုးဘူးလား”


သူ စိတ်မရှည်ဘဲ ခပ်ဆတ်ဆတ် မေးမိတော့ သူ့ဇနီးက ခေါင်းယမ်း၏။ ဘာမှ မဖြေပါ။


“ကိုယ့်ကို မင်း တစ်ခါမှ မလျှို့ဝှက်ခဲ့ဖူးဘူးနော် ... အေး”


သူ့ကို မော့ကြည့်သော “အေး” ၏မျက်လုံးများ ဇဝဇဝါဖြစ်သွား၏။


“ဒါပေမယ့် လောကမှာ လင်က မယားကို၊ မယားက လင်ကို ဖွင့်မပြောဘဲထားရင် ပိုကောင်းမယ့်လျှို့ဝှက်ချက်ဆိုတာတွေတော့ ရှိမှာပဲ၊ မဟုတ်လား အစ်ကို”


သူ ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။ “အေး” မှာ သူ့ကို လျှို့ဝှက်ထားသော အရာတစ်ခုတော့ ရှိနေတာ သေချာသည်။ ထိုအရာကို ဖွင့်ပြောရန် သင့်မသင့် သူမဘာသာ ချင့်ချိန်နေပြီ။ ထိုအရာကို ဖွင့်ပြောရန် သူ တွန်းအားပေးနိုင်ဖို့ပဲ အရေးကြီးသည်။


“ဒီမှာကြည့်စမ်း၊ ဒီကိစ္စ ကိုယ့်ကို ဘာမှ မဖြေရှင်းဘဲထားရင် ကိုယ် တစ်သက်လုံး မင်းအပေါ် သံသယကြီး ဝင်သွားမှာကို မင်း မစိုးရိမ်ဘူးလား”


“အေး” ဖျတ်ခနဲ မော့ကြည့်၏။


“ဒါပေမယ့် . . .”


ထို့နောက် ဘာစကားမှ ဆက်မပြောဘဲ မျက်နှာပြန်လွှဲသွားသောအခါ သူ “အေး” ၏လက်ဖျားများကို ဆုပ်ကိုင်လိုက်သည်။


“ဒါပေမယ့် ဘာဖြစ်လဲ အေး”


“အေးမှာဖြစ်နေတဲ့ ကိစ္စတိုင်းကိုတော့ အစ်ကိုသိဖို့ မလိုပါဘူး”


“ဘာကွ”


သူ ဒေါသတကြီး ဖြစ်သွား၏။ သူ့ဇနီးလက်ကို ဖြုန်းခနဲ လွှတ်ချပစ်လိုက်ပြီး သူ မတ်တတ်ရပ်လိုက်လေသည်။ အပေါ်စီးမှ သူ ငုံကြည့်လိုက်သောအခါ သူ့ဇနီးကိုယ်ကလေးက ကျုံ့ဝင်သွားသည်။


“မဟုတ်ဘူးလေ၊ တချို့ကိစ္စတွေကျတော့ မပြောဘဲထားရင် ပိုကောင်းမယ်လို့ အေး ထင်တာ”


သူမ၏ အထစ်ထစ်အငေါ့ငေါ့ ဖြေရှင်းသံသည် သူ့ဒေါသကို ပို၍ကြီးအောင် ပင့်ပေးလိုက်သလို ရှိသည်။ သူ တက်တစ်ချက်ခေါက်ပြီးနောက် သူမ၏ကုလားထိုင်ကို ခြေထောက်နှင့် ပိတ်ကန်ပစ်လိုက်၏။


“မင်း ... ဒီနေ့ အပြင်သွားသေးလား၊ ပြောစမ်း”


သူမ တုန်လှုပ်စွာ မော့ကြည့်ရင်း ခေါင်းယမ်းလေသည်။ သူမမျက်လုံးများတွင် လိမ်ညာရိပ် မရှိပါ။ သူ ဆက်တိုက် မေးခွန်းထုတ်လိုက်၏။


“ဈေးသွားသေးသလား”


“ဟင့်အင်း”


ဒါလည်း အမှန်ပဲ။ တစ်နေ့က ဝယ်ထားသော ဟင်းလျာများကိုသာ ယနေ့ ချက်ထားသည်။


“ဒါဖြင့် အိမ်ကို ဘယ်သူလာသလဲ”


“ဘယ်သူမှ မလာပါဘူး”


ဘယ်သူမှလည်း မလာ၊ ဘယ်ကိုမှလည်း မသွား။ မနက်က သူ အိမ်မှ ထွက်သွားစဉ်က အကောင်းကြီး။ ယခုည ချက်ချင်း သူမ အမူအရာပျက်သွားသည်မှာ ဘာအကြောင်းများပါလိမ့်။ သူ အတွေးရ ကျပ်သွား၏။ သူနှင့်ပတ်သက်ခဲ့ဖူးသော၊ ပတ်သက်နေသော အမျိုးသမီးများနှင့် သက်ဆိုင်ရအောင်ကလည်း ဘာသဲလွန်စမှ သူ မထားခဲ့ပါ။


“နေ့လယ်က မင်း ဘာလုပ်နေလဲ”


အသံခပ်ပြတ်ပြတ်ဖြင့် မေးတော့ သူမ ခဏ ကြောင်သွား၏။ ဒါ လိမ်လည်ဖို့ အကြံထုတ်နေတာပဲ။ သူ သူမမျက်နှာကို ငုံ့ကြည့်နေလိုက်၏။ သူမ တော်တော်နှင့် မဖြေပါ။


“အေး”


“အစ်ကိုကလဲ ဘာတွေ လာမေးနေတာလဲ၊ အေးဘာသာ ဘာပဲလုပ်လုပ်ပေါ့”


“ဟာကွာ”


သူ ဖြုန်းခနဲ သူမအနီးတွင် ထိုင်ချလိုက်၏။ သူမမျက်လုံးများတွင် ကြောက်စိတ်မရှိတော့ဘဲ ခံပြင်းသည့်အရိပ်အယောင် ပေါ်လာ၏။ အာခံသလို ထုံပေပေမျက်နှာထား ဖြစ်လာသည်ကို သူ အခံရခက်စွာ မြင်ရ၏။ သူ နောက်ဆုတ်၍ မဖြစ်တော့ပါ။


“အဝတ်လျှော်တဲ့မိန်းမ လာသလား”


“ဟင့်အင်း . . .”


“ တစ်နေကုန် မင်းဘာလုပ်နေသလဲ”


“ဗီဒီယို ကြည့်နေတယ်”


သူဇနီးကို သူ အကဲခတ်ကြည့်လိုက်၏။ သူ့ဇနီးက မျက်နှာအောက်ငုံ့ထားသည်။


“ဘာကားကြည့်တာလဲ၊ မင်းသွားငှားသေးလား”


“ဟင့်အင်း .... အိမ်မှာရှိတဲ့ အခွေဟောင်းပဲ”


“ဘာခွေလဲ”


တော်တော်နှင့် မဖြေ။ သူမ လိမ်နေပြီ။ မိမိကြည့်သော ကားနာမည်ကို ဒီလောက် စဉ်းစားနေစရာမလိုပါ။ သူ့ဇနီးသည် မြန်မာကားကိုပဲ ကြည့်တတ်သည်။ နိုင်ငံခြားကားကို ကြည့်လေ့မရှိပါ။


“ဘာကားလဲလို့ ကိုယ်မေးနေတယ်”


ထိန်းချုပ်ထားလျက်က သူ့ဒေါသက လွတ်ထွက်သွားပြန်၏။ သူမ မဖြေပါ။ တရားခံစစ် စစ်သည်ဟု ထင်သွားသလား မသိ။ မျက်နှာထား ခပ်မာမာဖြင့် နှုတ်ခမ်း တင်းတင်းစေ့ကာ ငြိမ်သက်နေသည်။ သူ ထိုင်ရာမှ ဝုန်းခနဲထကာ ရုပ်မြင်သံကြားစင်ရှိရာသို့ စိတ်မြန်လက်မြန် ထလျှောက်သွားလိုက်သည်။ အောက်ဘက်စင်ထဲရှိသော တိပ်ခွေများကို စစ်ဆေးကြည့်လိုက်၏။ သူ ညကကြည့်လက်စ တိပ်ခွေနှင့် ဟိုတစ်နေ့က သူကြည့်ထားသော တိပ်ခွေများသာ ရှိသည်။ မြန်မာကား ထုတ်မထားပါ။ သူ့ဇနီးရှိရာသို့ ဖြုန်းဆို လှည့်ကြည့်လိုက်သည်။ သူမ သူ့ကို လှမ်းကြည့်နေသည်။ သူမမျက်လုံးများတွင် ကြောက်ရွံ့စိုးရိမ်စိတ် လုံးဝမမြင်ရသည့်အပြင် တွန်းလှန်လိုစိတ်ကို မြင်ရ၏။


သူ့ရင်ထဲမှာ မာကျောခက်ထန်စွာ အေးစက်သွား၏။ သူ့ဇနီးနှင့် သူ့အကြားတွင် ယခင်က မရှိခဲ့ဖူးသော အဟန့်အတားတစ်ခုတော့ ရှိနေပြီ။ သူသည် မတ်တတ်ရပ်နေရာမှ ဧည့်ခန်းကျယ်ကို ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ပတ်ပတ်လည်တွင် ပုံမှန်မဟုတ်သော အပြောင်းအလဲ တစ်စုံတစ်ရာကို တွေ့ရမလား ရှာဖွေကြည့်နေမိ၏။ ဧည့်ခန်းစားပွဲမှာ သူ့ဇနီး၏လက်ဖြစ် တစ်ချောင်းထိုးလက်ရာ ဇာပန်းပွင့်စားပွဲခင်း အဝါနုရောင်။ ၄င်းပေါ်မှာ ဖန်ပန်းအိုးပြားပြားထဲတွင် ပိန်းပန်းနီနီ သုံးခက်နှင့် ကျောက်ခက်စိမ်းစိမ်း သုံးခက် ဝေဆာစွာ စိုက်ထား၏။ ရုံးစားပွဲတွင် သူ့စာအုပ်များ၊ စာရွက်စာတမ်းများ စနစ်တကျ စီစီရီရီ ရှိနေသည်။ မတ်တတ်ကုလားထိုင်ကို စားပွဲအောက်သို့ ထုံးစံအတိုင်း ထိုးသွင်းထားသည်။ သူနှင့် မျက်နှာချင်းဆိုင်နံရံတွင် သူ့စိတ်ကြိုက် ဂျပန်ပြက္ခဒိန်နှစ်ခု ချိတ်ထား၏။ တစ်ဖက်နံရံတွင် သူ့ဇနီးကြိုက်သော မြန်မာရုပ်ရှင်မင်းသားတစ်ဦး၏ ကိုယ်လုံးအပြည့် ဝေါလ်ပိုစတာကြီး ချိတ်ထားသည်။


အားလုံး ပုံမှန်ပဲ။ မှန်ဗီရိုအမြင့်ကြီးမှာ ထုံးစံအတိုင်း သော့ပိတ်လျက်။ အတွင်းတွင် မင်္ဂလာလက်ဖွဲ့အဖြစ် ရထားသော ကြွေထည်ပစ္စည်းများ၊ ဖန်ထည်များ၊ ဓာတ်ဘူးများအပြင် ပန်းပုရုပ်သေးသေးကလေးများ နေသားတကျ ရှိနေသည်။ အားလုံး ယခင်နေ့များအတိုင်း မထူးခြားပါ။ တစ်ခန်းလုံးတွင် ထူးခြားနေသည်မှာ အိပ်ခန်းထဲက ပိတ်ထားသော ပြတင်းပေါက်သာ ဖြစ်၏။ သူ ကြမ်းတမ်းစွာ လမ်းလျှောက်နေရာမှ တုံ့ခနဲ ရပ်လိုက်သည်။


“အေး . . . အိပ်ခန်းထဲက ပြတင်းပေါက်ကို မင်းပိတ်ထားတယ်”


ရုတ်တရက် ပြောလိုက်သော သူ့အသံမှာ ကြမ်းရှစွာ မာဆတ်နေ၏။ စကားသံမှာ စွပ်စွဲချက်တစ်ခုနှင့် တူနေသည်။ သူ့စကားကြောင့် သူမ သိသိသာသာ တုန်လှုပ်သွား၏။ သူ့ကို မကြည့်တော့ဘဲ ပိန်းပန်းနီနီကလေးကို စိုက်ကြည့်နေလေသည်။ သူသည် သူ့ဇနီး၏တုန်လှုပ်မှုကြောင့် ကျေနပ်သွား၏။ ပြတင်းပေါက်ကို ပိတ်ထားသည်မှာ ပုံမှန်မဟုတ်ကြောင်း သေချာသွားပြီ။ သူ ခြေလှမ်းကျဲကျဲဖြင့် သူမရှိရာသို့ လျှောက်သွားသည်။


“ဘာဖြစ်လို့ ပြတင်းပေါက် ပိတ်ထားတာလဲ”


သူမ မဖြေပါ။ သူစိတ်တိုနေတာကို ဂရုမစိုက်သလိုပင် ဖြစ်သည်။


“အေး”


“နည်းနည်း အေးလာလို့ပါ”


သူ့ကို မော့ကြည့်ရင်း ဖြေသော သူမမျက်လုံးများတွင် ခိုးကြောင်ခိုးဝှက်ဟန်နှင့် မလုံမလဲဟန်အမူအရာကို မြင်ရသည်။ သူ့စိတ်ထဲ ဆဲပစ်လိုက်၏။ “မင်းရှေ့ဆက်ပြီး မညာနဲ့တော့” ဟူသော အထက်စီးအပြုံးမျိုးဖြင့် သူ ပြုံးပြလိုက်ပြီး ချာခနဲ လှည့်ထွက်လာခဲ့သည်။ ပြတင်းပေါက်ကြောင့် သူမ မျက်နှာပျက်နေတာပဲ။ ပြတင်းပေါက်မှတဆင့် သူမ ဘာကို မြင်သွားသနည်း။ သူ အိပ်ခန်းထဲ အလောတကြီးဝင်သွားကာ ခုတင်ပေါ် တက်လိုက်၏။ ခုတင်၏ခေါင်းရင်းဘက် အထက်ကျကျနေရာတွင် ပြတင်းပေါက်ရှိသည်။ သူ ပြတင်းပေါက်အနီးတွင် ထိုင်ချလိုက်ပြီး မင်းတုပ်ကို ဖွင့်လိုက်သည်။


မှန်တံခါးဖွင့်ဖွင့်ချင်း အေးမြသောလေက သူ့မျက်နှာကို ဖြတ်တိုက်သွားလေသည်။ ပြတင်းသံတန်းကလေးများအကြားမှ မြင်ရသော ရှုခင်းသည် သာမန်မြို့ပြရှုခင်းတစ်ခုသာဖြစ်သည်။ လမ်းမီးတိုင်များ၊ သစ်ပင်များက အောက်မှာ ကျန်ခဲ့သည်။ သူတို့အခန်းသည် သုံးထပ်ခြောက်လွှာ ကန်ထရိုက်တိုက်ခန်း၏ အပေါ်ဆုံးလွှာဖြစ်သည်။ ပတ်ဝန်းကျင်မှ အိမ်များ၊ တိုက်ခေါင်မိုးများ၊ သစ်ပင်များထက် မြင့်နေသည်။ အလွှာတူညီသော ကပ်လျက်တိုက်ခန်းများလည်း မရှိ။ ထို့ကြောင့် သူတို့ပြတင်းပေါက်နှင့် အခြားပြတင်းပေါက်တစ်ခုခု ဆက်စပ်မှုလည်း မရှိပါ။


သူသည် ပြတင်းပေါက်သံချောင်း ကွက်လပ်ကလေးများအကြား မြင်ရသမျှ ပတ်ဝန်းကျင်ကို ငုံ့ကြည့် စူးစမ်းသည်။ ခေါင်းရင်းဘက် ခပ်လှမ်းလှမ်းမှာ လမ်းကျယ်မှ ဖြတ်သွားနေကြသော ကားများ၊ လူများကို ရှုပ်ယှက်ခတ်စွာ မြင်နေရ၏။ တိုက်ခန်းခြေရင်းဘက်ဆီမှာတော့ လူခြောက်သွေ့သော နောက်ဖေးလမ်းကြားကျဉ်းကျဉ်းကလေး ရှိသည်။ လက်ဝဲဘက် ( သူမျက်နှာချင်းဆိုင်ရာ) လေးငါးအိမ်သည် တစ်ထပ်တိုက်၊ နှစ်ထပ်တိုက်ပုပုကလေးများဖြစ်ပြီး အမိုးများကိုသာ မြင်ရ၏။ ဟိုး ခပ်ဝေးဝေးမှာတော့ ဆောက်လက်စ တိုက်ခန်းအမြင့်များ ရှိပါရဲ့။ သို့သော် ဝေးလွန်းသည်။ ဆက်စပ်မှုမရှိ။


ထိုအခိုက် အောက်နားဆီမှ သီချင်းသံခပ်သဲ့သဲ့ အပေါ်သို့ လွင့်တက်လာသည်။ သူ ငုံ့ကြည့်လိုက်၏။ မျက်စီရှေ့တူရူ ခပ်လှမ်းလှမ်းမှာ ဟာလာဟင်းလင်း ခြံဝိုင်းကျယ်တစ်ခုရှိသည်။ ထိုခြံဝိုင်းတွင် မကြာသေးမီကမှ လက်ဖက်ရည်ဆိုင်တစ်ခု ဖွင့်လှစ်ခဲ့၏။ အပေါ်စီးမှ ခပ်စောင်းစောင်းကြည့်သောအခါ သစ်ပင်ပုပုကလေးများပေါ်မှ မီးလုံးရောင်စုံကလေးများသည် ကလေးကစားစရာအရုပ်များနှင့် တူနေ၏။ ကျိုးတိုးကျဲတဲ သစ်ပင်ပုပုကလေးတွေအောက်က ထိုင်ခုံပုပုများနှင့် စားပွဲပုကလေးများမှာ လူတွေ ထိုင်နေကြသည်။ အပေါ်စီးမှကြည့်ရတာ ရယ်စရာကောင်းနေ၏။ သို့သော် သူ မရယ်နိုင်ပါ။ သူ့ဇနီး၏ဖြစ်နိုင်ခြေကို စိုးရိမ်တကြီး ရှာဖွေဖော်ထုတ်နေရသောအဖြစ်မှာ ရယ်စရာမဟုတ်ပါ။


ခပ်သွက်သွက် လှုပ်ရှားပြီး တစ်ဝိုင်းနှင့်တစ်ဝိုင်း ကူးသွားနေသော စားပွဲထိုးကောင်ကလေးများမှာ ဆယ်နှစ် ၊ ဆယ့်ငါးနှစ် ပတ်ဝန်းကျင်လောက် ဖြစ်သည်။ သွပ်မိုးအဖီချထားသော နောက်ဘက်က အဆောက်အအုံကလေးမှာ လက်ဖက်ရည်ဖျော်သော နေရာနှင့် ကောင်တာဖြစ်သည်။ သွပ်မိုးအောက်မှ ဆိုင်အခင်းအကျင်း တစ်ပိုင်းတစ်စကို မြင်ရသည်။ ကောင်တာမှာထိုင်နေသူက အမျိုးသမီးဖြစ်သည်။ အသက်က သူ့ဇနီးအရွယ်လောက် ဖြစ်နိုင်သည်။ အကွာအဝေးမြင့်လွန်းသောကြောင့် ရေရေရာရာ မကွဲပြားပါ။ လက်ဖက်ရည်ဖျော်သောနေရာကို သူ မမြင်ရ။ သူ မမြင်လျှင် သူ့ဇနီးလည်း မြင်ရမှာ မဟုတ်ပါ။ အကွယ်အကာမရှိ မြင်နိုင်သမျှမှာ ဆိုင်သို့လာသော ဖောက်သည်များ၊ ဝိုင်းဖွဲ့စကားပြောသူများသာ ဖြစ်သည်။


ခြံဝိုင်းရှေ့မှာ ကားသုံးလေးစီး တန်းစီရပ်ထား၏။ ဝင်လာသူများ၏မျက်နှာများကို အပေါ်စီးအနေအထားဖြင့် သူမြင်ရသည်။ မိမိသိကျွမ်းသူမဟုတ်လျှင် မျက်နှာသွင်ပြင်ကို ဖမ်းမိဖို့ မလွယ်ပါ။ အကွာအဝေးက မြင့်နေသည့်အပြင် လူအားလုံးသည် မိမိ၏ အထက်သို့ မော့ကြည့်ပြီး လမ်းလျှောက်လေ့မရှိပါ။ သူမြင်ရသလောက်မှာ မည်းနက်သောဦးခေါင်း၊ ပခုံးနှစ်ဖက်၊ ခပ်စောင်းစောင်းမြင်ရသော ကိုယ်ခန္ဓာ ... ဒါပဲ။ သူမ ဘာကိုမြင်သွားခဲ့ပါသနည်း။ သူမ မြင်ရသောအရာကို ယခု သူမြင်နိုင်သလား။ ဘယ်တုန်းကမှ ပြတင်းပေါက်မပိတ်သော သူ့ဇနီးသည် ယခု ပြတင်းပေါက်ပိတ်ထားခဲ့သည်။ ဘယ်တုန်းကမှ မမြင်သောအရာကို သူမ မြင်သွားလေသလား။


သူမ မြင်သွားသည်မှာ လူတစ်ယောက်ယောက်ဖြစ်လေမလား။ သူသည် ယခုချက်ချင်း သူ့ဇနီးပခုံးကို ဆွဲဆောင့်လှုပ်ယမ်းပြီး မေးချင်လာ၏။ သူမကို သွားခေါ်ပြီး ရအောင်မေးမည်ဟူသော ဆုံးဖြတ်ချက်ဖြင့် ပြတင်းပေါက်မှ သည်ဘက် ပြန်လှည့်လိုက်သည်။ ထိုအချိန်တွင် သူ့ဇနီးကို မြင်တွေ့ရသည်။ သူမသည် အခန်းဝတွင် မတ်တတ်ရပ်လျက် သူ့ကို ငေးကြည့်လျက်ရှိသည်။ သူမ ဝတ်ထားသော အပြာနုရောင် ဝိုင်စအင်္ကျီပွပွကလေးသည် ပြတင်းမှလေကြောင့် လှုပ်ခတ်နေသည်။ ကျောလယ်အထိဖြန့်ချထားသော ဆံပင်တို့သည် မျက်နှာကျက်မှ ဖန်ချောင်းမီးရောင်ဖြင့် အလင်းတင်ကာ ဖြာလက်နေ၏။ သူမပုံစံက အိပ်ပျော်နေရင်း ယောင်ယမ်းလမ်းလျှောက်နေသူနှင့် တူနေသည်။


“အေး”


သူ့အသံသည် ခြောက်သွေ့စွာ ခက်ထန်နေ၏။ ထိုအသံတွင် နားမလည်နိုင်မှု၊ ပေါက်ကွဲမှု၊ အလျင်စလိုဖြစ်မှုများ ရောထွေးပါဝင်နေသည်။


“ ဒီကိုလာစမ်း”


သူ့ဇနီးက သူ့အသံကို မကြားသလိုပင် မတုန်မလှုပ် ရပ်နေ၏။ သူ ဒေါသတကြီး ခုတင်ပေါ်မှဆင်းကာ သူ့ဇနီးဆီသို့ ခြေလှမ်းကျဲများဖြင့် ရောက်သွား၏။ ထို့နောက် သူမကို ဆွဲခေါ်လိုက်သည်။


“လာစမ်းပါ အေး၊ မင်း ဘာကိုမြင်ရတယ်ဆိုတာ ကိုယ့်ကို ပြောပြမှဖြစ်မယ်”


သူမသည် အ​ကြောက်အကန် ငြင်းဆန်တော့မလို တောင့်တင်းသွားပြီးမှ လက်လျှော့လိုက်သလို ပျော့ခွေစွာ သူနှင့်အတူ ပါလာ၏။ သူမမျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ ခုတင်ပေါ် ထိုင်မိကြတော့ သူ့ဇနီး၏ပခုံးနှစ်ဖက်ကို သူ တင်းကျပ်စွာ ဆုပ်ညှစ်ထား၏။


“ဟောဒီနေရာမှာ မင်း အမြဲတမ်း ထိုင်နေကြည့်နေတတ်တယ် မဟုတ်လား၊ ကဲ ... ပြောစမ်း၊ မင်း ဘာကိုမြင်ရသလဲ၊ ဘယ်သူ့ကို မြင်ရသလဲ၊ ကိုယ့်ကို ပြောစမ်း”


သူ့ဇနီးကို ပြတင်းပေါက် သံချောင်းကလေးတွေနှင့် မျက်နှာအပ်မိသည်အထိ သူ တွန်းကပ်၍ မေးလိုက်သည်။ သူမ ထိတ်လန့်တုန်လှုပ်စွာ ရုန်းကန်ရာမှ လွှတ်ခနဲ အော်လိုက်လေသည်။ သူ ရုတ်တရက် ပေါက်ကွဲသွားသောဒေါသကို ထိန်းချုပ်လိုက်ပြီးနောက် သူ့ဇနီးကို သူနှင့် မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်ယူလိုက်သည်။ သူ့ဇနီးကို သူ စိုက်ကြည့်သောအခါ သူမက မျက်ရည်ပြည့်လျှံနေသော မျက်လုံးများဖြင့် ပြန်ကြည့်နေ၏။ ထိုမျက်လုံးများတွင် နာကြည်းမှုကို တွေ့လိုက်ရသောအခါ သူ့တစ်ကိုယ်လုံးရှိ အင်အားများ ဆုတ်ယုတ်သွားလေသည်။ သူ့ဇနီးကို ဆုပ်ကိုင်ထားသော လက်များ ဖြေလျော့သွားသည်။


“လူတစ်ယောက် မပြောချင်တဲ့ကိစ္စတစ်ခုကို အစ်ကို ဘာဖြစ်လို့မေးသလဲ”


သူမ၏အသံက ကြောက်လန့်နေသူတစ်ဦး၏အသံ မဟုတ်သလို တည်ငြိမ်အေးစက်နေသည်။


“ဘာဖြစ်လို့လဲဆိုတော့ မင်းက ကိုယ့်မိန်းမ ဖြစ်နေလို့ပေါ့”


သူ့အသံက အက်အက်ကွဲကွဲ။


“ကဲ ... ဒီလောက်တောင် သိချင်နေရင် ပြောရတာပေါ့။ ဒါပေမယ့် သိပြီးတဲ့အခါ အစ်ကို နောင်တရလိမ့်မယ်၊ မသိရင် ပိုကောင်းမယ်ဆိုတာ အစ်ကိုသိလာလိမ့်မယ်”


သူမအသံက ရှေ့ဖြစ်ဟောသူတစ်ဦး၏အသံလို အနိမ့်အမြင့်မရှိဘဲ တစ်သမတ်တည်း ဖြစ်နေသည်။ သူသည် သူ့ဇနီးကို နားမလည်နိုင်စွာ စိုက်ကြည့်နေမိ၏။


“သူ ဒီနေ့ လက်ဖက်ရည်ဆိုင်ကို ရောက်လာတယ်”


လမ်းမဆီမှာ ကားတစ်စီးဖြတ်မောင်းသွားသံသည် သူ့ရင်ထဲသို့ တုန်ခါစွာ ဝင်ရောက်သွားသည်။


“သူ ... ဟုတ်လား၊ သူဆိုတာ ဘယ်သူလဲ”


ကယောင်ကတမ်း မေးလိုက်သောအခါ သူ့ဇနီးက ပြုံးသည်။ ယခုညနေခင်းအတွက် ပထမဆုံးသော အပြုံးဖြစ်သည်။ ထိုအပြုံးသည် ဓားသွားတစ်ခုလို အေးစက်သည်။


“သူဆိုတာ အေးရဲ့ အရင်တုန်းက ချစ်သူဟောင်းပေါ့”


သူ့ရင်သည် ဒေါသဖြင့် ပူလောင်စွာ နာကျင်သွားသည်။


“ မဟုတ်ဘူး”


သူ အော်လိုက်သည်။ သူနှင့်လက်ထပ်ချိန်ထိ သူ့ဇနီးမှာ ချစ်သူရည်စားတစ်ယောက်မှ မရှိခဲ့ပါ။


“ဟုတ်တယ်”


သူ့ဇနီးက ခိုင်မာစွာ အတည်ပြုလိုက်၏။ ထို့နောက် သူ့မျက်လုံးများကို စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။


“ သူက အရက်မသောက်ဘူး၊ ဒေါသမကြီးဘူး၊ မကြမ်းတမ်းဘူး၊ အောက်တန်းမကျဘူး”


ပြတ်သားသော သူမအသံသည် သူ့ရင်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။


“သူက ဝက်တစ်ကောင်လိုလဲ မဝဘူး”


သူ့ခန္ဓာကိုယ်က နောက်သို့ အနည်းငယ် ယိုင်သွား၏။


“သူချွေးထွက်တဲ့အခါ အရက်စော်မနံဘူး၊ ဆေးလိပ်စော် မနံဘူး၊ ချိုင်းပတ်စော် မနံဘူး၊ သူ့ပါးစပ်ကလဲ ကြက်သွန်ဖြူစော် မနံဘူး”


အေးစက်သောအသံသည် မာကျောကြမ်းရှစွာ သူ့မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်လေသည်။


“သူက သူဖြစ်ချင်တဲ့ ဆန္ဒကို နောက်မှာထားပြီး အေးဖြစ်ချင်တဲ့ဆန္ဒကိုပဲ အမြဲဦးစားပေးခဲ့တာ၊ သူနဲ့စကားပြောတဲ့အခါ ကိုယ့်ကိုယ်ကို တရားခံတစ်ယောက်လို ဘယ်တော့မှ မခံစားရဘူး၊ သူက အေးကို တရားခံစစ်သလို ဘယ်တုန်းကမှ မစစ်ဆေးခဲ့ဘူး၊ တရားခံတစ်ယောက်လိုလဲ ဘယ်တုန်းကမှ အမိန့်ချမပေးခဲ့ဘူး”


သူမ၏အသံမှာ အိပ်မက်ကို ပြန်ပြောနေသူတစ်ဦး၏ စဉ်းစားပုံဖော်မှုများ ပါဝင်နေသည်။ သူ ပါးစပ်အဟောင်းသားနှင့် ငေးစိုက်ကြည့်နေမိသည်။


“သူ့မျက်လုံးတွေက နူးညံ့တယ်၊ ပိုက်ဆံရဖို့အတွက် လူတွေကို ကောက်ကျစ်လိမ်ညာတဲ့ မျက်လုံးမျိုးမဟုတ်ဘူး။ ဒါကြောင့် သူ့မှာ တိုက်မရှိဘူး၊ ကားလဲ မရှိဘူး၊ အလုပ်ရုံလဲ မရှိဘူး၊ ဂိုဒေါင်လဲ မရှိဘူး”


သူ နောက်သို့ မသိမသာ ဆုတ်လိုက်သည်။


“ဒါပေမယ့် .... သူ့မှာ အချစ်ရှိတယ်”


“တော်တော့ ...”


သူ၏ထိန်းချုပ်သည်းခံနိုင်စွမ်းကို ကျော်လွန်သွားသော စကားလုံးဖြစ်သည်။ သူ့ဇနီးက မရပ်ပါ။ သူ့ကိုစိုက်ကြည့်လျက် တစ်လုံးချင်း ဆက်ပြောနေပြန်၏။


“သူက အေးကို အနုံ အ,အလို့ တစ်ခါမှ မပြောခဲ့ဖူးဘူး၊ သုံးမရတဲ့မိန်းမလို့လဲ တစ်ခါမှ မပြောခဲ့ဖူးဘူး၊ အေးရဲ့နှာခေါင်းကို စေ့စေ့ကြည့်ပြီးလဲ တစ်ခါမှ မသရော်ခဲ့ဖူးဘူး၊ သူ့ကို အေး တစ်ခါမှတောင် မမုန်းခဲ့ဖူးဘူး၊ တစ်ခါမှလဲ စိတ်မပျက်ခဲ့ဖူးဘူး”


“မင်း လိမ်နေတာ”


သူ့အသံသည် အက်ကွဲပြတ်တောက်စွာ ထွက်သွား၏။ ထိုအသံကို သူ့ဇနီးက မကြားသလိုပင် တတွတ်တွတ် ပြောနေပြန်သည်။


“အေး ဒီကနေ လှမ်းကြည့်နေတာကို သူမြင်သွားတယ်၊ သူ အေးကို ကောင်းကောင်းမြင်ရတယ် ... သေချာတယ်၊ နောက်နေ့တွေလဲ သူ ... လာဦးမှာပဲ”


သူ လက်သီးကို တင်းကျပ်နေအောင် ဆုပ်ထားလိုက်မိသည်။ စိတ်ကို ထိန်းထားစမ်း။ ဒီမိန်းမ မဟုတ်တမ်းတရားတွေ လာပြောနေတာ။ အရူးတစ်ယောက်လို လျှောက်ပြောနေတာ။ အရူးတစ်ယောက်ရဲ့စကားကို အရူးတစ်ယောက်ကပဲ ယုံမှာပဲ။ သို့သော် ရင်ထဲမှာ ဒေါသငွေ့ဖြင့် ပူပြင်းလောင်မြိုက်နေ၏။


“ဒီပြတင်းပေါက်ကလေး ရှိနေလို့သာပဲ”


“တော်တော့ “


ဗြုန်းခနဲ သူ့ဇနီး၏ပခုံးနှစ်ဖက်ကို ဆုပ်ကိုင် လှုပ်ခါယမ်းပစ်လိုက်၏။


“ဒီကနေ ကြိုးကလေးနဲ့ ချည်ပြီး သူ့ဆီကို တစ်ခုခု ချပေးလို့ရတယ်၊ သူကလဲ တစ်ခုခုပေးချင်ရင် အဲဒီကြိုးစမှာ ချည်ပေးလိုက်လို့ရတယ်၊ ဒီလိုနည်းနဲ့ ...”


သူ လုံးဝစိတ်မထိန်းနိုင်တော့ဘဲ သူ့ဇနီးမျက်နှာကို အားကုန် လွှဲရိုက်ချလိုက်လေသည်။ တတွတ်တွတ် ပြောနေသောအသံက တိခနဲ ရပ်သွားသည်။ သူမသည် မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ တစ်ကိုယ်လုံး တုန်လှုပ်နေ၏။ ကျိတ်၍ ငိုရှိုက်နေခြင်းဖြစ်သည်။ သူ အံကြိတ်၍ စိုက်ကြည့်နေသည်။ နောက်ထပ် စကားတစ်ခွန်း ပြောကြည့်စမ်း၊ များများပြောစရာ မလိုဘူး၊ တစ်ခွန်းတည်းပဲ ပြောကြည့်စမ်း။ သူသည် ဒေါသဖြင့် ဆူပွက်နေကာ ရန်လိုစွာ စောင့်ကြည့်နေ၏။ သူ့ဇနီး အသံတစ်ချက် ထွက်လာလျှင် လက်က ရိုက်ချပစ်ဖို့ အသင့်စောင့်နေသည်။ သို့သော် သူမ လုံးဝစကားမပြောတော့ပါ။


သူတို့ မိနစ်ပေါင်းများစွာ သည်အတိုင်း ငြိမ်သက်နေကြသည်။ လမ်းမဆီမှ ကားသံများ သူတို့နှစ်ယောက်ဆီသို့ လှိမ့်ဝင်လာသည်။ ထို့နောက် စကားပြောသံ၊ ရယ်မောသံ၊ ကားဟွန်းသံ ...၊ လက်ဖက်ရည်ဆိုင်မှ သီချင်းသံခပ်သဲ့သဲ့က အပေါ်ဆုံးထပ် အခန်းထဲထိပင် ပျံ့လွင့်လာ၏။ သူ ဗြုန်းခနဲ လှုပ်ရှားလာကာ မှန်တံခါးကို ဒေါသတကြီး ဆွဲပိတ်ပစ်လိုက်သည်။


အခန်းသည် ရုတ်တရက် တိတ်ဆိတ်သွား၏။

-------------------------------------------------

K Sharing Audiobook ၏ Social Media Channel များ

K Sharing Youtube

Telegram Channel

Facebook Page


Post a Comment

0 Comments