သင်္ချိုင်းရွှေ့တဲ့နေ့ - ဆရာမောင်မှိုင်းညို့ (ချောင်းဦး)

 ဝတ္ထုတို အမည် - သင်္ချိုင်းရွှေ့တဲ့နေ့

စာရေးသူ - ဆရာမောင်မှိုင်းညို့ (ချောင်းဦး)

Short Story


-------------------------------------------------

သင်္ချိုင်းရွှေ့တဲ့နေ့(ဖြစ်ရပ်မှန်)စ/ဆုံး

မူရင်းရေးသူ ဆရာမောင်မှိုင်းညို့ (ချောင်းဦး)

~~~~~~~~~~~~~~~~~~~~~~~


"ဘုရားရေ …သင်္ချိုင်းရွှေ့တာလည်း ရဲတာဝန်ပဲလားဟ…"


လက်ထဲက စာရွက်နှစ်ရွက်ကိုကြည့်ပြီး စခန်းမှူးဦးခင်ကျော်

စိတ်ပျက်လက်ပျက် ညည်းညူလိုက်တယ်…


စာရွက်နှစ်ရွက်က သင်္ချိုင်းရွှေ့ရာမှာ ရွတ်ဖတ်အမိန့်ပြန်ရမယ့်

အမိန့်စာရွက်နှစ်ရွက်။မကြာခင် အချိန်ကလေးကမှ

သဲကုန်း မ.ဝ.တ ဥက္ကဋ္ဌ ဗိုလ်မှူးကိုယ်တိုင် သူ့လက်ထဲ

ထည့်ပေးလိုက်တာပါ။


ပြီးတော့…


"ကဲ…။စခန်းမှူးကြီးရေ ခင်ဗျားကိုပဲ တာဝန်ပေးလိုက်မယ်။

ကျုပ်တို့ အမ်းမမြို့ကို တိုးချဲ့သတ်မှတ်မယ်ဗျာ။

သင်္ချိုင်းကုန်းနေရာမှာ လူနေရပ်ကွက်တွေ ဖြစ်လာမယ်။

ဒါကြောင့် သင်္ချိုင်းကို အမ်းမရဲ့ အနောက်တောင်ဘက်က

သတ်မှတ်ထားတဲ့ နေရာကိုရွှေ့မယ်…

အဲဒါ ရွှေ့ဖို့ ပြောင်းဖို့ ကိစ္စကို စခန်းမှူးကြီး တာဝန်ယူပြီး

လုပ်ဆောင်ပါ…"


လို့လည်း ပြောလိုက်တယ်။သင်္ချိုင်းဆိုတာ

သီးသန့်သတ်မှတ်ထားနေရာ။

လူတွေက သင်္ချိုင်းကို နာရေးကိစ္စရှိမှ လာတယ်။

ကိစ္စမရှိလို့ကတော့ ခြေဦးတောင် မလှည့်ကြဘူး။

ဒီတော့ လူတွေနဲ့ ကင်းကင်းနေချင်တဲ့ သရဲတစ္ဆေ

နာနာဘာဝတွေအတွက် သင်္ချိုင်းကုန်းက

နေရာဋ္ဌာနတစ်ခုဖြစ်တာ မဆန်းပါဘူး။


အခု သူတို့ကို နေရာပြောင်းရွှေ့ပေးရမယ်။

သင်္ချိုင်းဟောင်းက ပြောင်းချင်သလား။

မပြောင်းချင်ဘူးလား။ဆန္ဒတောင်းဖို့ မလိုဘူး။

သင်္ချိုင်းကုန်းအသစ်မှာ နေချင်သလား။

မနေချင်ဘူးလား။အဖက်လုပ်ပြီး မေးစရာအကြောင်းမရှိဘူး။

ဒါက အစိုးရမင်းရဲ့ အမိန့်ပဲ။


စာရွက်ပေါ်မှာ ရေးထားတဲ့ အမိန့်ကိုဖတ်ရုံနဲ့

နာနာဘာဝတွေ ပြောင်းမလား။မပြောင်းဘူးလား

ဦးခင်ကျော်မသိဘူး။နောက်ပြီး သရဲတစ္ဆေတွေကို

ကြီးမှူးအုပ်ချုပ်တာက သင်္ချိုင်းရှင်မ မဖဲဝါတဲ့။


မြို့နယ်မှာ အုပ်ချုပ်တဲ့ အစိုးရမင်းက မဖဲဝါနဲ့

စေ့စပ်ညှိနှိုင်းခဲ့တာလည်း မကြားမိဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ရဲလက်စွဲမှာ ပြဋ္ဌာန်းမထားတဲ့

ရဲအက်ဥပဒေမှာ ရဲအလုပ်လို့ သတ်မှတ်မထားတဲ့

သင်္ချိုင်းရွှေ့တဲ့အလုပ်ကတော့ စခန်းမှူးဦးခင်ကျော်ရဲ့

ပုခုံးပေါ် ကျလာပြီဖြစ်တယ်။


"ဒါလည်း အတွေ့အကြုံသစ် တစ်ခုပဲလေ…"


နောက်ဆုံးမှာ စခန်းမှူးဦးခင်ကျော်စိတ်ကို

ဖြေလျော့လိုက်တယ်။သင်္ချိုင်းရွှေ့ဖို့ ကိစ္စကို

ခေါင်းထဲထည့်စဉ်းစားရတယ်။


"သင်္ချိုင်းနဲ့ပတ်သတ်ရင် သင်္ချိုင်းရှင်မ မဖဲဝါကို

အသိပေးရတယ်နော် ဗိုလ်ကြီး…

ဒီကိစ္စအတွက် တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့

တိုင်ပင်သင့်ပါတယ်…

အမှားအယွင်းဖြစ်တာတို့ မဖဲဝါမကြိုက်တာတို့

ဖြစ်ရင်တော့ ရွာခိုက်တယ်လို့ကြားဖူးပါတယ် ဗိုလ်ကြီး"


စခန်းမှူးဦးခင်ကျော်ကို ဂတ်စာရေးတပ်ကြပ်ကြီးက

အကြံပေးတင်ပြတယ်…


"နေပါဦး ဂတ်စာရေးကြီးရဲ့ ။ ရွာခိုက်တယ်ဆိုတာ

ဘယ်လိုဖြစ်မှာလဲ…"


"မဖြစ်သင့်တာတွေ ဖြစ်တာပေါ့ ဗိုလ်ကြီးရယ်

သူ့အလိုလိုနေရင်း တစ်မြို့လုံးထိတ်လန့်ချောက်ချားနေမယ်။

ညညဆိုရင် ခွေးတွေအူမယ် ။ ခွေးတွေ ဟောင်မယ်။

ငှက်ဆိုးတွေ ထိုးမယ်။ အဲဒီကနေ တစ်မြို့လုံးလိုလို

နာဖျားမကျန်းဖြစ်ပြီး လူတွေတစ်ယောက်ပြီး

တစ်ယောက်သေမယ်ပေါ့ခင်ဗျာ…"


"ဟ…သင်္ချိုင်းပြောင်းတဲ့ကိစ္စက ဒီလောက်တောင်ကြီး

ကျယ်သလားဗျ…"


"ဒါကတော့ ဗိုလ်ကြီးပဲ စဉ်းစားကြည့်လေ။

လူ့လောကမှာ အုပ်ချုပ်သူအဆင့်ဆင့်ရှိသလို

သူတို့တစ္ဆေလောကမှာလည်း အုပ်ချုပ်တဲ့

အကြီးအကဲရှိမှာပဲ။သူ့ကိုအလေးထားပြီး

အသိပေးတော့ ကောင်းတာပေါ့"


"ဟုတ်ပါပြီဗျာ သင်္ချိုင်းရွှေ့ရင် ဒီအချက်ကိုလည်း

စဉ်းစားပါ့မယ်…"


"နောက်ပြီး ကျန်သေးတယ် ဗိုလ်ကြီး…"


"ဘာများလဲဗျ"


"သင်္ချိုင်းပြောင်းတဲ့အခါ သင်္ချိုင်းဟောင်းက

သရဲတစ္ဆေ နာနာဘာဝတွေ တစ်ကောင်တစ်မြီးမှ

မကျန်ဖို့လည်း အရေးကြီးတယ်။

တစ်ကောင်ကျန်နေရင်တောင် သင်္ချိုင်းမပျက်ဘူးတဲ့။

ဒါကြောင့် မဖဲဝါကို အလေးထား တိုင်တည်ရမယ်

ပြောတာပေါ့။ တစ်ကောင်မှ မကျန်အောင်ပြောင်းဖို့

ဆိုတာက မဖဲဝါမှ လုပ်နိုင်မှာလေ…။

ကျနော်တို့က နာနာဘာဝတွေကို

မမြင်ရတော့ ဘယ်သူကျန်တယ်။ မကျန်ဘူး။

ဘယ်လိုလုပ် သိနိုင်မှာလဲ…။

သင်္ချိုင်းရွှေ့မယ်အကြောင်းကို ကြိုတင်ပြီး

အကြောင်းကြားပေးထားဖို့လည်း လိုမယ်…"


ဂတ်စာရေးကြီးရဲ့ အကြံပေးမှုနဲ့ သိသင့်သိထိုက်တာ

အချို့ သိလိုက်ရတယ်…။

အဲဒီနောက်မှာတော့ သင်္ချိုင်းနေရာ ရွှေ့ဖို့ကိစ္စကို

စတင်စီစဉ်တယ်…။အင်းမသင်္ချိုင်းကို

လူတစ်ယောက်လွှတ်တယ်။


မဖဲဝါကို စားမြိန်စာထုပ်နဲ့ ကျွေးမွေးပြီး မနက်ဖြန်

နေ့လယ်မှာ သင်္ချိုင်းရွှေ့မယ်အကြောင်းနဲ့။

သင်္ချိုင်းမှာ နေထိုင်တဲ့ သရဲ တစ္ဆေ ။

နာနာဘာဝအားလုံးကို အသင့်ရှိနေအောင်

စုစည်းပေးထားဖို့ မေတရပ်ခံခိုင်းလိုက်ပါတော့တယ်။


XXXXXX


"ဒီသင်္ချိုင်းအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နာနာဘာဝ

ဝိနာဘာဝ ပုဂ္ဂိုလ်သတ္တဝါအပေါင်းတို့ ခင်ဗျား…

ဒီသင်္ချိုင်းနေရာကို လူအများနေထိုင်ရန်

မြို့ကွက်တိုးချဲ့တော့မှာ ဖြစ်တဲ့ အတွက်

ဒီနေရာမှာ သင်တို့နှင့် ရောယှက်နေထိုင်ရန် မဖြစ်နိုင်ပါ။

သို့ဖြစ်ပါ၍ သင်တို့နေထိုင်ရန်

သတ်မှတ်ထားသောနေရာသစ်သို့

ကျွန်ပ်ကိုယ်တိုင် ပို့ဆောင်ပေးမည် ဖြစ်သည်။

ထို့ကြောင့် ဤသင်္ချိုင်း၏အပြင်ဘက်တွင်

ရပ်ထားသော လောရီကားပေါ်သို့ တက်ကြပါရန်

မေတ္တာရပ်ခံပါသည်"


စခန်းမှူးဦးခင်ကျော်ဟာ အမိန့်အမှတ်(၁)ကို

အသံနေ။ အသံထား။အမိန့်သံပါပါနှင့်

သုံးခေါက်တိတိ ဖတ်လိုက်တယ်။


"သင်္ချိုင်းရှင်မ မဖဲဝါအနေနဲ့လည်း သင်္ချိုင်းရွှေ့တဲ့

အစီအစဉ် ချောခောမောမောဖြစ်အောင်

စောင့်ရှောက်ပေးပါ"လို့ လည်း ထပ်ပြီးပြောလိုက်တယ်။


ပြောပြီးတာနဲ့ သင်္ချိုင်းဇရပ်ဘေး အုတ်ဂူတစ်လုံးပေါ်က

မဖဲဝါအတွက် တင်ထားတဲ့အမဲသားဟင်းနဲ့

ထမင်းထုပ်ကိုကြည့်လိုက်တယ်။ထမင်းထုပ်ပေါ်မှာ

ယင်မမည်းရိုင်းကြီးတစ်ကောင်က ဝဲလိုက်နားလိုက်

လုပ်နေတယ်။ဒီအချိန်မှာပဲ ဦးခင်ကျော်ရဲ့ တစ်သက်တာမှာ

တစ်ကြိမ်တစ်ခါမျှ မကြုံဖူးတဲ့ ထူးထူးဆန်းဆန်း

အဖြစ်အပျက်ကို ကြုံတွေ့လိုက်ရတယ်။


မထင်မရှား ရောထွေးနေတဲ့ စကားပြောသံတွေ

ကြားလိုက်ရတယ်။စကားသံတွေက

လော်ရီကားကြီးဆီကပါ။

ကားက ဘော်ဒီကြီးကြီးတောင့်တောင့်

အပေါ်မှာ သံကိုင်းတွေ ရှိတယ်။

ယာဉ် (၅)တန်။ ကုန်(၅)တန်။

ပေါင်(၁၀)တန်ဆိုတဲ့ ကားကြီး။


နောက်တစ်ခါ ကျွိ…ကျွိ…ကျွိ…ကျွိ ဆိုတဲ့

မြည်သံကိုလည်း ကြားရပြန်တယ်။

ဒီအသံက လူတစ်ယောက်ကားပေါ်တက်တိုင်းလူရဲ့

ကိုယ်ခန္ဓာအလေးချိန်ကြောင့် ကားဘော်ဒီလှုပ်ရှားရာက

ထွက်ပေါ်တတ်တဲ့အသံမျိုး။

ဒီလိုကိစ္စမျိုး ဦးခင်ကျော်တစ်ခါမှ မကြုံဖူးဘူး။


တိတ်ဆိတ်ငြိမ်သက်နေတဲ့ နေ့ခင်းကြောင်တောင်ကြီးမှာ

သရဲတစ္ဆေ နာနာဘာဝတွေ ကားပေါ်တက်နေကြတယ်

ဆိုတဲ့ အသိနဲ့ ကားဆီက ထွက်ပေါ်နေတဲ့

မသဲမကွဲစကားသံတွေ။ တကျွိကျွိမြည်သံတွေကြောင့်

ချောက်ချားစရာ ကောင်းနေတယ်။

ရုတ်တရက် သူ့ဘေးက လူတစ်ယောက်ဖြတ်သွားသလို

ခံစားလိုက်ရတယ်။ သူ့ကို လေဟပ်သွားတယ်။


သူ ဘေးဘီဘယ်ညာကို ကြည့်လိုက်တယ်။

ဘယ်သူ့ကိုမှ မတွေ့ရဘူး။မမြင်ရတဲ့

နာနာဘာဝတစ်ကောင် သူ့ဘေးက ကပ်ပြီး

ကားဆီကိုသွားနေတာ ဖြစ်မယ်လို့ သူနားလည်လိုက်တယ်။


ဒီအချိန်မှာပဲ ကားသမားဆီက လှမ်းအော်ပြောသံကို

ကြားရတယ်။ကားသမားက ခေါင်းခန်းထဲမှာ

စတီယာရင်ကိုင်ပြီး ထိုင်နေတာ။


"ဗိုလ်ကြီးရေ…ဒီမှာ လာလုပ်ပါဦး

ခေါင်းခန်းထဲ ဝင်နေကြတယ်…"


ဦးခင်ကျော် ခေါင်းခန်းတံခါးပွင့်သွားတာ စောစောက

တွေ့လိုက်တယ်။ဒါပေမဲ့ 'ချက်' ချတာ မမိလို့ပဲထင်မိတယ်။

ခဏနေတော့ ခေါင်းခန်းတံခါး ပြန်ပိတ်သွားတာ တွေ့ရတယ်။

ဒါလည်း ဒရိုင်ဘာက ပြန်ပိတ်လိုက်တာလို့ ထင်မိတယ်။

အမှန်က ဒီလိုမဟုတ်ဘူး။


ခေါင်းခန်းတံခါးက သူ့အလိုလို'ချက်'ပြုတ်ပြီး

ရုတ်တရက်ပွင့်သွားတာ။


ပြီးတော့ သူ့အလိုလို ပြန်ပိတ်သွားတာ ဖြစ်မယ်။

ဒါကို ဒရိုင်က သိလိုက်တယ်။

နောက်ပြီး သူ့ဘေးက ထိုင်ခုံကူရှင်ပေါ်ကို

တစ်ယောက်ယောက်ဝင်ထိုင်သလို ဖြစ်သွားတယ်။

ဒါကြောင့် စခန်းမှူးဦးခင်ကျော်ကို

လှမ်းအော်ပြောလိုက်တာ ဖြစ်မယ်။


ဦးခင်ကျော် ကားခေါင်ခန်းဆီကို သွားတယ်။

ဒရိုင်ဘာကို အကျိုးအကြောင်းမေးတယ်…။

ဒရိုင်ဘာက ဖြစ်ပုံပျက်ပုံ အကြောင်းစုံကိုရှင်းပြတယ်။

နာနာဘာဝတစ်ကောင် ခေါင်းခန်းထဲဝင်ထိုင်နေပြီဆိုတာ

ဦးခင်ကျော် သဘောပေါက်သွားတယ်။


"ကားခေါင်းခန်းထဲမှာ ဝင်ထိုင်နေတဲ့

နာနာဘာဝပုဂ္ဂိုလ် ခင်ဗျား…

ကားခေါင်းခန်းထဲမှာက ကားမောင်းတဲ့ဒရိုင်ဘာနဲ့

သင်တို့ကို နေရာသစ်ဆီလိုက်လံပို့ဆောင်ပေးမယ့်

ကျွန်ပ်နှစ်ဦးသာ ထိုင်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ခေါင်းခန်းထဲက ဆင်းပြီး

နောက်ဘက်ကားအပေါ်မှာ သွားရောက်နေရာယူပေးဖို့

မေတ္တာရပ်ခံပါတယ်"


စခန်းမှူးဦးခင်ကျော်ပြောပြီးလို့ ခဏပဲကြာတယ်။

ခေါင်းခန်းတံခါး 'ချက်'ပြုတ်သံကြားရပြီး

ပွင့်သွားတယ်။


တစ်စုံတစ်ယောက် ဆင်းသွားသလို ဖြစ်ပြီး

တံခါးပိတ်သွားတယ်။ဒီလိုနဲ့ နာရီဝက်နီးပါးလောက်ကြာတော့

ဘာသံမှ မကြားရတော့ဘူး။နာနာဘာဝတွေ

ကားပေါ်ကို အားလုံးရောက်နေပြီ။သင်္ချိုင်းထဲမှာ

မကျန်လောက်တော့ဘူးလို့ ဦးခင်ကျော်

တွက်ဆတယ်။ဒါကြောင့် လော်ရီကားခေါင်းထဲ

တက်လိုက်ပြီး ကားသမားကို မောင်းဖို့

ပြောလိုက်တယ်။


ကားသမားက ကားကိုစက်နှိုးတယ်။

စက်နိုးတာနဲ့ ဂီယာထိုးပြီး ကားကို ထွက်တယ်။

အဲဒီအချိန်မှာ ကားရပ်သွားတယ်။

ကားသမားက ဂီယာပြန်ဖြုတ်ပြီး စက်ပြန်နှိုးတယ်။

စက်နိုးတာနဲ့ ဂီယာထိုးပြီး ကားထွက်တယ်။

ကားစက်ရပ်သွားပြန်တယ်။


သုံးကြိမ် သုံးခါတိတိ စက်နှိုးလိုက် ဂီယာထိုးလိုက်

ကားရပ်သွားလိုက် ဖြစ်နေတယ်။


ဒီမှာတင် ကားသမားကပြောတယ်။


"ဗိုလ်ကြီး…ဝိတ်အရမ်းများလွန်းတယ်။

တချို့တစ်ဝက် ပြန်ဆင်းခိုင်းပေးပါဦး"


ဒရိုင်ဘာရဲ့စကားကြောင့် စခန်းမှူးဦးခင်ကျော်

ကားဘော်ဒီထဲကို ကြည့်လိုက်တယ်။

ကားပေါ်မှာ ဘာမှမရှိဘူး။

သက်ရှိသတ္တဝါ တစ်ကောင်တစ်မြှီးမှ မမြင်ရဘူး။


"ကားပေါ်ကို သူတို့တက်တယ်ဆိုတာတော့

ငါလက်ခံတယ်။ဝိတ်များလွန်းနေတယ်

ဆိုတာကတော့ ဟုတ်ပါ့မလားကွာ ။

ကားဘော်ဒီကလည်း အခွံကြီး။

အထဲမှာ ဘာမှာမရှိဘူး"


"ဘယ်လိုကြောင့်ဆိုတာတော့ ကျနော်လည်း မသိဘူး

ကားကတော့ ထွက်လို့မရတာ အမှန်ပဲဗိုလ်ကြီး"


ကားဒရိုင်ဘာက စခန်းမှူးဦးခင်ကျော်ကိုပြောပြီး

စိတ်ပျက်လက်ပျက်နဲ့ တံခါးဖွင့် အောက်ဆင်းသွားတယ်။

စခန်းမှူးဦးခင်ကျော်လည်း အောက်ကို ဆင်းလိုက်တယ်။


ခဏနေတော့ ကားဒရိုင်ဘာက


"ဗိုလ်ကြီး…ဗိုလ်ကြီး ဒီမှာ လာကြည့်ပါဦး"


လို့ လှမ်းခေါ်တယ်။


ဦးခင်ကျော်ရောက်သွားတော့ ကားဒရိုင်ဘာက

လေးထုပ်ပြတယ်။


လေးထုပ်ဆိုတာက ဝန်ဖိအားကို ထိန်းပင့်ဖို့အတွက်

ကားဝင်ရိုးမှာ တပ်ဆင်ထားတဲ့ လေးကိုင်းပုံသံမဏိပြားတွေပါ။

သူ့ရဲ့သဘာဝက ဝန်ဖိအားမရှိဘူးဆိုရင်

လေးကိုင်းပုံ ကွေးနေတယ်…။

အပေါ်က ဝန်ဖိထားရင်တော့ ကွေးနေတဲ့လေးပြားတွေဟာ

ဆန့်ပြီးတန်းမတ်သွားတာ ဖြစ်တယ်။


အခုလည်း လေးတွေက တန်းဆန့်နေတာ တွေ့ရတယ်။

'မိန်းခလေး'တင်မကဘူး'ဟက်လ်ပါ'လို့ခေါ်တဲ့

'အကူလေး'ပါ ဝန်ပိနေတာ တွေ့ရတယ်။


ဦးခင်ကျော်ဟာ အရင်က တစ္ဆေသရဲ။

နာနာဘာဝဆိုတာတွေကို

သိပ်အယုံအကြည်ရှိလှတာ မလှဘူး။

ခုလည်း တာဝန်အရ လုပ်ရတာမို့

အမှားအယွင်းမဖြစ်အောင်။ ကိုယ့်အပြစ်မဖြစ်အောင်သာ

မဖဲဝါတင်တာ မြှောက်တာ။

ပြောဆိုတောင်းပန်တာတွေ လုပ်နေရတာ ဖြစ်တယ်။


ခုတော့ ကိုယ့်တွေ့မျက်မြင်ဖြစ်နေတာမို့

မယုံလို့မရလို့ မရဘဲ လက်ခံလိုက်ရတယ်။


"တချို့တစ်ဝက် ပြန်ဆင်းခိုင်းမှ ကားထွက်လို့ရမယ်ဗိုလ်ကြီး"


ကားဒရိုင်ဘာရဲ့ ဒုတိယမြောက်သတိပေးစကားကြောင့်

ကားပေါ်က နာနာဘာဝအချို့ကို ပြန်ဆင်းခိုင်းဖို့

ဦးခင်ကျော် သတိရသွားတယ်။

ဒါကြောင့် ကားဘော်ဒီအိမ်အလယ်လောက်က

သံတိုင်ကိုကိုင်တယ်။


"ကားပေါ်မှာ တက်ရောက်နေကြတဲ့ နာနာဘာဝပုဂ္ဂိုလ်

သတ္တဝါအားလုံးတို့ခင်ဗျား…

ကားပေါ်မှာ တက်ရောက်နေသူတွေ များလွန်းတာကြောင့်

ဝန်လေးပြီး ကားက ထွက်လို့မရဘူး ဖြစ်နေပါတယ်။

ဒါကြောင့် ဒီသံတန်းရဲ့ အရှေ့ဘက်မှာ

ရောက်နေတဲ့ပုဂ္ဂိုလ်သတ္တဝါတွေက ကားပေါ်မှာ

နေမြဲအတိုင်းနေပြီး ။

ဒီသံတန်းရဲ့ အနောက်ဘက်မှာရှိတဲ့ ပုဂ္ဂိုလ်သတ္တဝါ

အားလုံးက ကားအောက်ကို ခေတ္တခဏ ဆင်းပေးကြပါ။

ဘယ်ကိုမှ မသွားမလာဘဲ ဒီနေရာမှာပဲ

စောင့်ဆိုင်းပေးကြပါ။ကားပေါ်က

ပုဂ္ဂိုလ်တွေကို နေရာသစ်သို့ ပို့ဆောင်ပေးပြီးတာနဲ့

တစ်ပြိုင်နက် သင်တို့ကို တစ်ခေါက်ပြန်လာ

ခေါ်ပါ့မယ်။နေရာသစ်ကို ပို့ဆောင်ပေးပါ့မယ်"


လို့ ပြောလိုက်တယ်…။

ပြောပြီးတာနဲ့ ဘာကိုမှမကြည့်ဘဲ

'လေး'တစ်ခုတည်းကိုပဲ စူးစိုက်ပြီးကြည့်တယ်။

နာနာဘာဝတွေ ကားပေါ်တက်ကြတုန်းက

တကျွိကျွိမြည်နေသလိုပဲ။သူတို့ပြန်ဆင်းတဲ့အခါမှာလည်း

ကားကလှုပ်ခါနေတယ်။အသံတွေ မြည်နေတယ်။


နောက်ပြီး ဝန်ကိုထမ်းနေရတဲ့ 'လေး'တွေကလည်း

တဖြည်းဖြည်းလျော့လာတာကို အံ့သြဖွယ် တွေ့နေရတယ်။

ဆယ်မိနစ်လောက်ကြာတော့ ဆင်းတဲ့အသံတွေ

ရပ်သွားတယ်။ကား'လေး'ကလည်း

ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။


"ကဲ …ကားဆရာရေ။'လေး'တွေကတော့ ပုံမှန်အတိုင်း

ပြန်ဖြစ်သွားပြီ။ ကားစက်နှိုးပေတာ့"


စခန်းမှူး ဦးခင်ကျော်ပြောတာနဲ့ ကားဆရာက

စက်ကို နှိုးလိုက်တယ်။ပြီးတော့

ဂီယာထိုးပြီး မောင်းထွက်လိုက်တယ်။ဒီတစ်ခါတော့

စောစောတုန်းကလို အနှောင့်အယှက်မဖြစ်တော့ဘူး။

ချောချောမွေ့မွေ့ပဲ မောင်းလို့ ရသွားတယ်။

သူတို့ကား သင်္ချိုင်းကနေ ထွက်လာတယ်။

ခ.လ.ရ (၈၀)နှင့် ဆေးရုံကိုကျော်တယ်။


ဆေးရုံနဲ့ ရေပြာစားသောက်ဆိုင်တွေကြားမှာ

လက်ဝဲဘက်ကွေ့တဲ့ လမ်းချိုးတစ်ခုရှိတယ်။


သူတို့ကားက အဲဒီလမ်းချိုးလေးအတိုင်း ဝင်သွားတယ်။

မိုင်ဝက်နီးပါး ဝင်ပြီးတော့မှ

ကျောက်ကုန်းတစ်ခုကိုတွေ့ရတယ်။


ကျောက်ကုန်းလွင်ပြင်တစ်နေရာမှာ ထောင့်လေးထောင့်။

တိုင်လေးတိုင်စိုက်ပြီး ဧရိယာသတ်မှတ်ထားတဲ့

နေရာတစ်ခုကို တွေ့ရတယ်။


တောချုံပုတ်အချို့နဲ့ သစ်ပင်ငယ်တွေလည်း

အဲဒီကျောက်ကုန်းလွင်ပြင်ထဲမှာ ပေါက်ရောက်နေကြတယ်။


"ဒါသင်္ချိုင်းကုန်းအသစ်အဖြစ် သတ်မှတ်ထားတဲ့နေရာပဲ"


စခန်းမှူးဦးခင်ကျော်ကားကို ရပ်ခိုင်းလိုက်တယ်။


ပြီးတော့ အမိန့်စာရွက်အမှတ်(၂)ကို ထုတ်ပြီး

အမိန့်ပြန်တယ်။


"ကားပေါ်မှာ လိုက်ပါလာတဲ့

နာနာဘာဝပုဂ္ဂိုလ်သတ္တဝါအားလုံးတို့ခင်ဗျား…

ယခုအသင်တို့ နေထိုင်ရမယ် နေရာဋ္ဌာနအသစ်သို့ ရောက်ရှိပါပြီ။

ထောင့်လေးထောင့်မှာ တိုင်စိုက်ထားတဲ့

ဧရိယာအကျယ်အဝန်းဟာ သင့်တို့ နေထိုင်ရမယ့်

နေရာသစ်ဖြစ်ပါတယ်။ အသင်တို့ အားလုံး ကားပေါ်ကဆင်းပြီး

နေရာသစ်မှာ နေရာယူကြပါ။ သင်တို့အထဲမှာ

အကြီးအမှူးပြုသူအနေနဲ့ ယခုပါလာသော

ပုဂ္ဂိုလ်သတ္တဝါများနှင့် နောက်ထပ်ရောက်လာမယ့်

ပုဂ္ဂိုလ်သတ္တဝါအားလုံးကို သာတူညီမျှ နေရာထိုင်ခင်း

ခွဲဝေပြီး နေရာချထားပေးဖို့ မေတ္တာရပ်ခံပါတယ်"


အမိန့်စာကို သုံးခေါက်တိတိဖတ်ပြပြီး သူတို့အားလုံး

ကားပေါ်ကဆင်းဖို့ မိနစ်နှစ်ဆယ်လောက်

အချိန်ပေးလိုက်တယ်။ပြီးမှ…


"ကျန်တဲ့သူတွေကို ထပ်မံခေါ်ရမှာ ဖြစ်တဲ့အတွက်

အားလုံးကားပေါ်မှာ ဆင်းကြပါ။

တစ်ဦးတစ်ယောက်မျှ ကားပေါ်ပြန်လိုက်မလာကြပါနဲ့"


လို့ပြောလိုက်တယ်။ ဟုတ်တယ်။ သူတို့ကိုမြင်ရတာမှ

မဟုတ်တာ။ ကားပေါ်ပြန်လိုက်လာရင် ဘယ်လိုလုပ်မလဲ

ဒါကြောင့် လိုလေသေးမရှိအောင် ပြောရတာ ဖြစ်တယ်။

အဲဒီနောက်မှာ ကားကိုပြန်လှည့်ပြီး သင်္ချိုင်းဟောင်းဆီ

မောင်းလာခဲ့တယ်။


ကားမနိုင်လို့ ချန်ထားခဲ့တဲ့သူတွေကို ပြန်ခေါ်ရတယ်။

ဒီလိုခေါ်တော့လည်း


"ခုနက ကားမနိုင်လို့ ပြနဆင်းနေခဲ့ရတဲ့ ပုဂ္ဂိုလ်သတ္တဝါအားလုံး

ကားပေါ်တက်ကြပါ"


လို့ ပြောရုံနဲ့ မပြီးဘူး။


"ခုနက ကားမနိုင်လို့ ပြန်ဆင်းနေခဲ့ရတဲ့သူများ

အကြောင်းအမျိုးမျိုးကြောင့် ခရီးလွန်နေပြီး

ခုမှပြန်ရောက်လာသူများအားလုံး ကားပေါ်ကို တက်ကြပါ။

သင်တို့နေထိုင်ရမယ့် နေရာသစ်ကို

ကျွန်ပ်ကိုယ်တိုင် လိုက်လံပို့ဆောင်ပေးမှာဖြစ်ပါတယ်"


လို့သုံးခေါက်တိတိပြောပြီး ကားပေါ်တက်ချိန်

မိနစ်နှစ်ဆယ်လောက် စောင့်ပေးတယ်။

ပြီးမှ သင်္ချိုင်းနေရာသစ်ကို မောင်းလာခဲ့တယ်။

ဒီတစ်ကြိမ်မှာတော့ ပထမအခေါက်တုန်းကလို

ကားစက်ရပ်သွားတာ ကားထွက်မရတာ

စတဲ့အနှောင့်အယှက်တွေ မရှိဘဲ ချောချောမွေ့မွေ့

ကားထွက်ခဲ့တယ်။


သင်္ချိုင်းနေရာသစ်ကိုရောက်တော့

ပထမအခေါက်တုန်းက ပြောသလိုပြောပြီး

ကားပေါ်က ဆင်းခိုင်းရတယ်။


အားလုံးပြီးမှ အမိန့်စာရွက် နှစ်ရွက်ကို အပေါက်ဖောက်

သစ်ပင်တစ်ပင်မှာ ချိတ်ထားပေးခဲ့ရတယ်…။


သင်္ချိုင်းရွှေ့တဲ့ကိစ္စ အောင်အောင်မြင်မြင်ပြီးဆုံးမှပဲ

စခန်းမှူး ဦးခင်ကျော်တစ်ယောက် စိတ်လက်ပေါ့ပါး

လွတ်လပ်သွားပါတော့တယ်။


XXXXX


"သင်္ချိုင်းရွှေ့တာ ပြောင်းတာတွေ ကျနော်မကြာခဏ

ဆိုသလိုကြားဖူးခဲ့တယ်…။

အစ်ကိုကြီးပြောသလိုပဲ ကားမနိုင်လို့ ပြန်ဆင်းခိုင်းရတယ်

နောက်တစ်ခေါက်ပြန်ခေါ်ရတယ်ဆိုတာတွေကို

အမြဲတမ်းလိုလို ကြားရလို့ ဟုတ်မှဟုတ်ပါ့မလားလို့တောင်

ထင်မိတယ်။အခု အစ်ကိုကြီးကိုယ်တိုင် လက်တွေ့

ကြုံခဲ့ရတယ်ဆိုမှ ကျနော်ဘဝင်ကျမိပါတယ်"


ရဲအရာရှိအငြိမ်းစား။အင်းမရဲစခန်းမှူးဟောင်း

ဦးခင်ကျော်ရဲ့


"သင်္ချိုင်းရွှေ့တဲ့နေ့" အဖြစ်အပျက်တွေ နားထောင်အပြီးမှာ

စာရေးသူက ဦးခင်ကျော်ကို ပြောလိုက်ခြင်းဖြစ်ပါတယ်။


"ကျုပ်လည်း အစကတော့ နာနာဘာဝဆိုတာတွေကို

သိပ်ပြီးယုံလှတယ် မဟုတ်ဘူးဗျ။

ဒါပေမဲ့ အလုပ်တာဝန်တွေနဲ့ ဒေသအနှံ့သွားရတယ်။

အဲဒီဒေသတွေမှာ မကြာခဏဆိုသလို

ထူးထူးဆန်းဆန်းတွေ ကြုံရတယ်ဆိုတော့

မယုံလို့မဖြစ်တဲ့ အခြေအနေရောက်သွားတယ်။

ကြည့်လေဗျာ။ ဝိတ်များနေလို့ ကားထွက်မရဘူး။

စက်နှိုးလိုက် ။ ဂီယာထိုးလိုက်။ စက်ပြန်သေသွားလိုက်နဲ့

သုံးကြိမ်တိတိဖြစ်တယ်။


ကျနော်သာ သူတို့ကိုပြန်မဆင်းခိုင်းရင် ဘယ်တော့မှ

ကားထွက်လို့ရမှာ မဟုတ်ဘူး။တစ်ဝက်ပြန်ဆင်းလိုက်လို့သာ

ကားထွက်လို့ရတာ ။ဒါက ကျနော့်ကိုယ်တွေ့။

နောက်ပြီး ကား'လေး'တွေကို ဝန်ပိနေတဲ့ ကိစ္စ

ကျနော့်မျက်မြင်ပဲ။ ဝန်ပိလို့ တန်းနေတဲ့'လေး'တွေဟာ

တစ်ဝက်ဆင်းခိုင်းလိုက်တော့မှ'လေးကိုင်း'လို့

ပြန်ကွေးသွားတယ်။


ဒါတွေအားလုံး ကျနော့်မျက်မြင်ကိုယ်တွေ့သာ

မဟုတ်ရင် ဘယ်လိုမှ ယုံနိုင်စရာမရှိတဲ့

အဖြစ်အပျက်တွေပဲလေဗျာ…။

နေဦး ကျနော်ပြောဖို့ တစ်ခု ကျန်နေသေးတယ်"


"ဘာအကြောင်းများလဲ အစ်ကိုကြီး"


"ဒီလိုဗျ အဲဒီသင်္ချိုင်းရွှေ့တဲ့နေ့က

ကားနဲ့နှစ်ခေါက်ပြန်ပို့ပေးရတယ်

နေ့လယ်နှစ်နာရီလောက်မှ ကိစ္စအားလုံးပြီးစီးသွားလို့

ပြန်လာခဲ့တယ်။ဗိုလ်မှူးကိုလည်း

အင်းမသင်္ချိုင်း ရွှေ့ပြောင်းပြီးပြီလို့

ဖုန်းဆက်သတင်းပို့လိုက်တယ်။

ကျနော့်တာဝန် ပြီးပြီဆိုတော့

စိတ်လက်ပေါ့ပါးသွားတာပေါ့ဗျာ…


ဒါပေမဲ့ ကျနော်ထင်သလို မဟုတ်ဘူးဗျို့။

ကိစ္စက မပြီးသေးဘူး။

နောက်နေ့ နေ့လယ်ခင်းမှာ

ကားတစ်ခေါက်ပြန်ဆွဲပြီး ပို့ပေးရသေးတယ်"


"ဘာကြောင့်တုန်း အစ်ကိုကြီး"


"သင်္ချိုင်းဟောင်းမှာ အိုမင်းမစွမ်းတွေ ကျန်နေသေးတယ်တဲ့ဗျာ

ကျုပ်ကို အဲဒီညမှာပဲ အိပ်မက်လာပေးတယ်။

ကျုပ်လည်း ဒါ…ဘယ်လိုဖြစ်တာလဲပေါ့…


ဟာကွက်မရှိအောင် သေသေချာချာလုပ်ထားတာကို

ဒါကြောင့် နားလည်တဲ့ဆရာတစ်ယောက်ခေါ်ပြီး

မေးကြည့်ရတယ်။ ဒီတော့မှ ဟုတ်တယ်ဗျို့။

ကျုပ် မေ့ကျန်ခဲ့တာပဲ။


နာနာဘာဝ ဝိနာဘာဝတွေကို စားဖို့သောက်ဖို့ပဲ

ဖိတ်ဖိတ် ပြောင်းဖို့ရွှေ့ဖို့ပဲ ခေါ်ခေါ် အိုမင်းမစွမ်းသူ

မကျန်းမာသူတွေကိုလည်း

မပျက်မကွက် ဖိတ်ခေါ်ရတယ်တဲ့။

ဒီလို ဖိတ်ခေါ်တဲ့အခါမှာ…


"အိုမင်းမစွမ်းသူ မကျန်းမာသူများရှိရင်လည်း တွဲပြီး ခေါ်ခဲ့ကြပါ။

လမ်းမလျှောက်နိုင်ရင်လည်း ကျောပိုးပြီး ခေါ်ခဲ့ကြပါ"


လို့ ပြောရတယ်တဲ့ ။

ကျနော်က အဲဒါကို မသိဘူး။ဒါကြောင့်

မပြောလိုက်မိဘူး။အိပ်မက်လာပေးမှပဲ သိတော့တယ်။


ဒီကိစ္စနဲ့ ပတ်သက်ပြီး နားလည်တဲ့ဆရာပြောခိုင်းတဲ့အတိုင်း

ပြောပြီး ကားနဲ့ တစ်ခေါက်ထပ်ပို့ရသေးတယ်ဗျို့။


ပထမနေ့ကပို့တဲ့ လော်ရီကားက မဝတ ကပေးတာဆိုတော့

စက်ဆီကို မဝတ ကထည့်ပေးတယ်။


နောက်တစ်နေ့ အိုမင်းမစွမ်းတွေ မကျန်းမာသူတွေ

ပို့တာက ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဆိုတော့

ကားခကို ကျနော်ပဲ ခံလိုက်ရတာပေါ့ဗျာ"


"ဒါထက် ကျနော် တစ်ခုမေးပါရစေ။

အိုမင်းမစွမ်းတွေ ကျန်နေသေးတယ်လို့

အစ်ကိုကြီးကို အိပ်မက်လာပေးတာ ဘယ်သူလဲ

အိုမင်းမစွမ်းထဲကပဲလား"


စာရေးသူ ဦးခင်ကျော်ကို မေးလိုက်တယ်။


"မဟုတ်ဘူးဗျ အမျိုသမီးတစ်ယောက်ပဲ

အသက်က အစိတ် သုံးဆယ်လောက်ရှိမယ်

ဆံပင်အရှည်ကြီးကို ဖားလျားချထားတယ်"


"ဒါဆိုရင် မဖဲဝါပေါ့"


"စာရေးဆရာက မဖဲဝါမှန်း ဘယ်လိုလုပ်သိတုံး"


"သင်္ချိုင်းနဲ့ ပတ်သက်တဲ့ကိစ္စဆိုမှတော့

သူပဲဖြစ်ရမှာပေါ့ခင်ဗျာ"


ဦးခင်ကျော်က အံ့သြဟန်နဲ့ စာရေးသူကို ပြောလိုက်တယ်။


ဘာပြောလိုက်လဲ ထင်ကြလဲ

ခင်ရင် ကျုပ်ကို ကွန့်မန်ပေး၍ ဖြေကြလော့friဒို့


ပြီးပါပြီ


စိတ်ရွှင်လန်းကြပါဇေ

-------------------------------------------------

K Sharing Audiobook ၏ Social Media Channel များ

K Sharing Youtube

Telegram Channel

Facebook Page


Post a Comment

0 Comments