မျှော် - သုမောင် (ဝတ္ထုတို)

 ဝတ္ထုတို အမည် - မျှော်

စာရေးသူ - သုမောင်

Short Story


-------------------------------------------------


မျှော်


#သုမောင်


မိုးက ရွာလိုက်စဲလိုက်လည်း မဟုတ်၊ သဲကြီးမဲကြီးလည်း မဟုတ်ပေ။ ဟိုနားဒီနား တဖြောက်ဖြောက်ရှိနေသည်။ ထိုအခြေအနေမျိုးသည် အလွမ်းဓာတ်ခံရှိသူအဖို့ ဟန်ကျလိမ့်မည်ဖြစ်သော်လည်း တစ်ယောက်ထီးတည်း နေရသူများအဖို့မူ ချောက်ချားဖွယ် ကောင်းလေသည်။ လေငြိမ်နေသဖြင့် တိတ်ဆိတ်လှသည်။ မိုးစက်ကျသံနှင့် မြွေပါးကင်းပါး လမ်းလျှောက်သံဟု ခွဲခြားရ ခက်လှသည်။ သစ်သီးကြွေကျသံလား၊ လူခြေသံလား မသိတတ်နိုင်ပေ။ တစ်ချက်တစ်ချက် လျှပ်ရောင်ဝင်းပြက်လျှင်လည်း အလင်းအားကိုးရှိသည်ဟု မှတ်လို့ရသေးသည်။ အခုတော့ လျှပ်စီးလည်းမလက်။


ဒေါ်ပန်းမှုန်ကတော့ တစ်စုံတစ်ရာကို မျှော်နေလေသည်။


“ရှေ့အပတ် ညသန်းခေါင်မှာ အခုလိုအချိန်ပဲ ကျုပ်တို့ ပြန်လာခဲ့မယ်။ ကျုပ်တို့တောင်းထားတဲ့ငွေ မရရင်တော့ ခင်ဗျားကြီးကို တကယ်ခုတ်သတ်မှာနော် ”


အဲသည်နေ့ ညက ကြိမ်းမောင်းသွားခဲ့သော ဓားပြခေါင်းဆောင်၏စကားသံကတော့ ဓာတ်ပြား အပ်ထစ်သလို ခဏခဏ အလိုလို ကြားနေရလေသည်။ တကယ်ပါပဲ။ အဲသည်နေ့ညက ဒေါ်ပန်းမှုန် ဓားပြတိုက်ခံခဲ့ရလေသည်။ ခေါင်းငုံ့ထားရမည်ဆိုသဖြင့် ဓားမိုးထားသူအောက် ငုတ်တုတ်ကလေးထိုင်ရင်း မျက်စိပါမှ ပိတ်ထားရသဖြင့် ဓားပြများ၏မျက်နှာများကိုတောင် လုံးဝ မမြင်ခဲ့ရပေ။ အကယ်၍ မြင်ဖူးလိုက်သည် ဆိုပါကလည်း ဒေါ်ပန်းမှုန် နောက်ဆုံးမြင်ကွင်းသာ ဖြစ်ရလေတော့မည်။ ဓားပြများ၏အသံတွေက တကယ်ပင် ခုတ်သတ်ပစ်လိုက်ကြတော့မည့်ဟိန်းဟောက်သံမဟုတ်လား။


တကယ်တော့ သူရို့တောင်းသော ငွေပမာဏသည် ဒေါ်ပန်းမှုန်းအဖို့ မပြောပလောက်ပေ။ သို့သော် အဲသည်နေ့ဆီကတော့ ဒေါ်ပန်းမှုန်တွင် ငွေကြေး လုံးဝမရှိခဲ့ပါ။ သူရို့ ဓားပြတိုက်ခဲ့စဉ်ကမှ မဟုတ်။ ဒေါ်ပန်းမှုန်လက်ထဲတွင် ငွေစကြေးစ မထားရှိခဲ့သည်မှာ ကြာခဲ့လေပြီ။ ဒေါ်ပန်းမှုန်သည် တစ်ယောက်ထီးတည်း ရှစ်ပါးသီလဖြင့် နေခဲ့သည်မှာကော ကြာခဲ့ပြီ မဟုတ်လား။


* * *

သားနှင့်သမီး အိမ်ထောင်ကျပြီးကြ၍ မြို့တက်မည်ဆိုကတည်းက ဘယ်သူ့နောက်မှ မလိုက်တော့ဘဲ တစ်ကိုယ်တည်း ရွာမှာပင် နေခဲ့လေသည်။ တစ်ကိုယ်တည်းမှ တကယ့်တစ်ကိုယ်တည်း။ ဘာရှိဦးမှာလဲ။ အဲဒီတုန်းက ဒေါ်ပန်းမှုန် အသက်ငါးဆယ်ကျော်။ ပြီးတော့ သူရို့နှင့် ညားသူတွေကလည်း ချမ်းသာကြွယ်ဝကြသူများ။ ကိုင်း ... လိုက်သွားမည်ဆိုလျှင် ဘယ်လောက်အဆင်ပြေမည်နည်း။ သို့သော် ဒေါ်ပန်းမှုန် ရွာက မခွာနိုင်ခဲ့ပေ။


ယခုဆိုလျှင် ဒေါ်ပန်းမှုန် အသက်ခြောက်ဆယ်ကျော်ခဲ့လေပြီ။ မြေးဦးကလေးနှစ်ယောက်ပင် ရခဲ့ပြီးပြီ။ ဒီလိုပဲ သားနှင့်သမီးက ရွာသို့ အလှည့်ကျ လာခဲ့ကြသည်။ တစ်ရက်တန်သည် နှစ်ရက်တန်သည် ဒေါ်ပန်းမှုန်ဆီ လာနေကြပြီးလျှင် မြို့ ပြန်သွားကြသည်။ ကြာတော့လည်း တစ်ယောက်ထီးတည်း နေရသည်ကိုပင် ပို၍နှစ်သက်ခဲ့သည်။ ရွာမှာ ဆွေမျိုးသားချင်းတွေရှိပေမယ့် အခုလို တစ်ယောက်တည်းနေရာတာကိုပဲ ဒေါ်ပန်းမှုန် နှစ်သက်ခဲ့သည်။ အစားအသောက် မက်မက်မောမောမရှိခဲ့သော ဒေါ်ပန်းမှုန်သည် သားနှင့်သမီးထံမှ နှစ်ခုသာ ပုံမှန်တောင်းဆိုခဲ့သည်။


“ ငါးပိနှင့် ထန်းလျက် "


မှန်ပါသည်။ ငါးပိကောင်းကောင်းလေးတစ်ခွက်ရှိလျှင် သူ ထမင်းမြိန်သည်။ ခြံထဲမှထွက်သည့်ဟင်းသီးဟင်းရွက်လေးတွေ အတို့ မြှုပ်လိုက်ရုံသာရှိသည်။ ထန်းလျက်ခဲလေးရှိလျှင် အချိုတည်းဖို့ ကိစ္စငြိမ်းလေသည်။ ငွေကြေးဆိုတာ ဝေလာဝေးပင်။ သို့သော် သားနှင့် သမီးထံမှ ပုံမှန် ငွေနည်းနည်းကလေးတော့ တောင်းသည်။ ဒါကလည်း သူ့အတွက်မဟုတ်ပေ။ သူ့ကို လာရောက်ကူညီပေးနေသော အိမ်နီးချင်းကလေးမလေး မစန္ဒာအား မုန့်ဖိုးပဲဖိုး ပေးရန်မျှသာ ဖြစ်သည်။ ထိုအကြောင်းတွေကို တစ်ရွာလုံးကလည်း အသိပင်။


* * *

အဲသည်နေ့ညတုန်းဆီက အခုလိုပဲ လမိုက်ည သန်းခေါင်ကျော်ကြီးမှာ လူသုံးယောက် ဒေါ်ပန်းမှုန်အိမ်ထဲသို့ ချဉ်းနင်းဝင်ရောက်လာခဲ့လေသည်။ တံခါးမရှိ ဓားမရှိ ဆိုသလို နေခဲ့သောကြောင့် ဝင်လာသူသုံးယောက်ဆိုတာလောက်သာ သူသိသည်။ ဝင်လာကတည်းက ဓားတွေမိုးပြီး ငုတ်တုတ်ထိုင်၊ မျက်နှာငုံခိုင်းထားသဖြင့် ဘယ်သူတွေဆိုတာ လုံးဝမသိခဲ့ပေ။ သိခဲ့လျှင်လည်း မြင်ဖူးသူများ မဖြစ်နိုင်ပေ။ အကြောင်းမှာ ဒေါ်ပန်းမှုန်တစ်ယောက်ထီးတည်း နေခဲ့သည်ကို တစ်ရွာလုံးအသိပင် မဟုတ်လား။ ဓာတ်သိထဲကမဟုတ်သော ဓားပြများ ဖြစ်ကြပေလိမ့်မည်။


"ခင်ဗျားကြီး သားနဲ့သမီး ချမ်းသာတာကို ကျုပ်တို့သိတယ်။ ဒီတော့ ရှိသမျှ အကုန်ထုတ် ”


“ တကယ့်ကို မရှိပါဘူး သားတို့ ရယ်၊ အမေ ငွေကြေးလည်း ကိုင်တတ်ပါဘူး"


"အို ... အဘွားကြီး လျှာမရှည်နဲ့။ ခုတ်ပစ်လိုက်မယ် "


“သတ်ရင်လည်း သေရမှာပါကွယ်။ အမေက ရှစ်ပါးသီလနဲ့သာ နေခဲ့သူဆိုတော့ ”


“အိုဗျာ လည်ပင်းကနေ ပိုင်းချလိုက်ရ၊ ဟင်း ”


“ မယုံရင်လည်း သားတို့ဘာသာ လှန်လှောရှာဖွေပြီး ယူသွားကြပါကွယ်"


ဤသို့အားဖြင့် ဓားပြများနှင့် အတိုက်ခံရသူတို့ ထုံးစံအတိုင်း တိုးတိုးတိတ်တိတ် ကြိမ်းလိုက်မောင်းလိုက်၊ အစ်လိုက်အောက်လိုက်၊ ရှာလိုက်ဖွေလိုက်၊ ဈေးဆစ်လိုက် လုပ်ခဲ့ကြသည်မှာ တစ်နာရီနီးပါး ကြာသွားပေပြီ။ နောက်ဆုံးတော့ ဒေါ်ပန်းမှုန်ဆီမှာ ငွေကြေး တကယ်ပင်မရှိကြောင်း ဓားပြများ ရိပ်မိသွားကြပုံရသည်။ ထို့ကြောင့် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ယနေ့ညကို ဓားပြများက အချိန်းအချက် ပေးသွားခဲ့ကြခြင်း ဖြစ်ပါတော့သည်။ ဓားပြတိုက်ခံရပြီး နောက်နေ့မနက်မှာပင် ဒေါ်ပန်းမှုန်သည် အဖော်ကလေးမ မစန္ဒာအား သမီးထံလွှတ်၍ ဓားပြများ တောင်းထားသောငွေကို မြို့တက် တောင်းစေခဲ့သည်။ ဘာကြောင့်ရယ်ဟု မစန္ဒာကိုပင် ပြောမပြခဲ့သောကြောင့် အံ့ဩစရာတော့ ဖြစ်ခဲ့ရသည်။ ထို့ကြောင့်လည်း သမီးကိုယ်တိုင် ရွာလိုက်လာပြီး အမျိုးမျိုး အစ်အောက်မေးခဲ့ပါသေးသည်။ သို့သော် ဒေါ်ပန်းမှုန်သည် “ ဘယ်သူမှ မသိစေနဲ့ ” ဟူသော ဓားပြများ၏စကားအပေါ် သစ္စာရှိခဲ့လေသည်။ သမီးကိုလည်း ရွာမှ အမြန်ပြန်စေခဲ့သည်။


တစ်ယောက်စကား တစ်ယောက်နားဖြင့် ထိုသတင်းလည်း တစ်ရွာလုံး ပျံ့နှံ့သွားခဲ့လေသည်။ အဘွားကြီး ဘာကြောင့် ခုလို ငွေတောင်းသည်မှာလည်း ပဟေဠိဖြစ်သွားခဲ့လေသည်။ ဒီလိုအဘွားကြီးမျိုး သမီးဆီက ပိုက်ဆံတောင်းသည့်ကိစ္စမှာ အလွန်ထူးဆန်းသည် မဟုတ်ပါလား။ သို့သော်လည်း ဒေါ်ပန်းမှုန်၏ အခြေအနေကို တိုးတိုးတိတ်တိတ် စောင့်ကြည့်ရင်းက တစ်ပတ်လုံးလုံး အချိန်ကုန်ခဲ့ကြလေသည်။ ချိန်းထားသည့်အချိန် ကျော်လွန်၍ သာလျှင် မိုးစင်စင်လင်းခဲ့ပေပြီ။


ဓားပြများ၏အရိပ်အယောင်ကို လုံးဝ မမြင်ရပေ။ နောင်လည်း မြင်ရမည်မဟုတ်ပေ။ ဘယ်နှယ့်လုပ် မြင်ရပါမည်နည်း။ တကယ်တော့မူ ဓားပြများမှာ တခြားမျက်နှာစိမ်းများ မဟုတ်ကြပေ။ တစ်ရွာတည်းသား ဒေါ် ပန်းမှုန်၏တူများ သာဖြစ်ကြလျက် ရုပ်ဖျက်၊ အသံဖျက်၊ အပျော်တမ်း ဓားပြတိုက်သူများသာ ဖြစ်ကြသည်။ ထို့ကြောင့်လည်း သူရို့လိုသမျှ ငွေစ ကြေးစ အနည်းငယ်မျှနှင့်ပင် သဘောတူခဲ့ကြသည် မဟုတ်ပါလား။ တကယ်တမ်းကျတော့လည်း ချိန်းထားသည့်အတိုင်း ဘယ်နှယ့်လုပ် ငွေကို လာယူပါမည်နည်း။


မည်သို့ပင်ရှိစေ ဒေါ်ပန်းမှုန်တစ်ယောက်မူကား ယခုလို မိုးလေး တဖြောက်ဖြောက် ရွာသော လမိုက်ညများတွင် ကတိမတည်သောဓားပြများအား မျှော်လျက်ပင် ရှိနေ တော့သည် ။

Post a Comment

0 Comments