ချည်ထွေး - ခင်ခင်ထူး (ဝတ္ထုတို)

 ဝတ္ထုတို အမည် - ချည်ထွေး

စာရေးသူ - ခင်ခင်ထူး

Short Story


-------------------------------------------------

ချည်ထွေး


#ခင်ခင်ထူး


ကျွန်မတို့မိသားစု မြစ်ကမ်းနားက တိုက်ခန်းကိုရောင်းပြီး မြို့သစ် ရပ်ကွက်ထဲ ပြောင်းလာကတည်းက ရီထွေးတို့က သည်မှာ အခြေကျနှင့်နေကြတာ နှစ်ကို မနည်းတော့ဘူး။ မြို့သစ်ရယ်လို့ တည်ပါပြီဆိုကတည်းက ရောက်လာကြတယ် ပြောဖူးလို့ တွက်ကြည့်ရင် ဆယ်နှစ်ကျော်လောက်ရောပေါ့။ မြို့သစ်မှာ ရီထွေးတို့က ကျောင်းသားဟောင်း၊ ကျွန်မတို့ကကျောင်းသားသစ်ဆိုတော့ အစစအရာရာ အားကိုးရတယ်။ မြို့သစ်မှာ

ဘာလေးလိုချင်လိုချင် ရီထွေးသမီးတွေကို လွှတ်ရတယ်။ ရီထွေးကိုမေးရတယ်။ မြစ်ဆိပ်တိုက်ခန်းမှာ နေတုန်းကတော့ အခန်း (၄၀)၊ အိမ်ထောင်စု (၄၀) နေကြတဲ့ ဆယ်ခန်း လေးထပ်တိုက်ခန်းဆိုတော့ ခိုင်းရမယ့်ကလေးတွေ ပေါတယ်။ ပြေးပြေးလွှားလွှားလုပ်ပေးမယ့် မိန်းမတွေကလည်း များတယ်။ မြို့သစ်ကိုရောက်လာတော့ ခိုင်းစရာက ရီထွေးသမီးတွေပဲရှိတာ မဟုတ်လား။ လက်ခုပ်လက်ဝါး မကပ်ချင်လို့ မရတော့ဘူး။


ရီထွေးက ကလေးငါးယောက်မအေ ဆိုပေမယ့် ကြီးလှသေးတာတော့မဟုတ်ဘူး။ သုံးဆယ်ကျော် သုံးဆယ့်ငါးတွင်းလောက် ရှိမှာပါ။ အသားမရော်မရေ၊ နဖူးမောက်မောက်၊ မျက်နှာဖောင်းဖောင်းကြီးနဲ့ မသိရင် ပျားတုပ်ခံထားရတဲ့ပုံ။ ရေရယ် မိုးရယ်လို့ ချိုးခဲတဲ့အပြင် ကတ္တီပါပွင့်ကြီးတွေပါတဲ့ လေဘေးထည် အနွေးအကျီကလည်း ဘယ်တော့မှ မချွတ်လေဘူး ။ထဘီကို ဗိုက်ပေါ်တင်ဝတ်သလို ဆံထုံးကိုလည်း ငယ်ထိပ်ပေါ်တက်ထိုးထားတတ်တာဆိုတော့ ရီထွေးကို ကြည့်လိုက်ရင် ရင်ကော့ကြီးနဲ့ရွေ့နေတဲ့ ဒုံးရုပ်လိုပဲ။


“ညည်းအိမ်သားက ဘာလုပ်တာလဲ၊ မိုးချုပ်တယ်နော်”


“ကုန်ထမ်းတာ အစ်မရဲ့၊ မိုးလင်း ထမင်းကြမ်းစားပြီး ထ,သွားတာ၊ မိုးချုပ်မှ ပြန်လာရတာ၊ အလုပ်က မိုးမချုပ်ပါဘူး။ ဒင်းက အရက်ဝင်သောက်တာက အချိန်ကုန်တာပါ”


ရီထွေး ယောက်ျားက တကယ်လည်း မူးပြန်လာတာများတယ်။ပြန်လာတိုင်းလည်း မယားကို ပြဿနာရှာတာချည်းပဲ။ တစ်ခါတ‌လေ ရိုက်မောင်းပုတ်မောင်း လုပ်တတ်လို့ ကျွန်မတို့က ဟန့်ရတယ်။ နေ့တိုင်း မူးနေတာဆိုတော့ ကျွန်မတို့က နေ့တိုင်းဟန့်ဖို့ ခက်သားကလား။


သည်တော့ ရီထွေးက နည်းစနစ်နှစ်ခုနဲ့ ထိန်းတယ်။ တစ်ခုက လင်ပြန်လာရင် လင်ကို မဟုတ်တာရော ဟုတ်တာရော ဆီးပြီး မျက်ရည်ခံထိုးတဲ့နည်း။ နောက်တစ်နည်းက သမီးကလေးတွေကို ပြိုင်တူအော်ငိုခိုင်းတဲ့နည်း။ ဆီးပြီးမျက်ရည်ခံထိုးတဲ့နည်းက လင်ကို ရပ်ကွက်နဲ့ လှည့်တိုက်တာပါ။ ဘယ်သူကကျုပ်တို့ကို ဘာပြောတယ်။ ဘယ်သူက နှိမ်တယ်၊ ဘယ်ဝါကတော့ ဘယ်လိုစောင်းတယ် ဆိုတာမျိုးနဲ့ တို့လိုက်ရင် မယားကို ရန်လုပ်မယ့်

လင်က အရက်ရှိန်ကလေးနဲ့ဆိုတော့ လမ်းထဲကို စောင်တော့တာပဲ။


လမ်းထဲဆိုလို့ ကျွန်မတို့ လမ်းအကြောင်းလည်း ပြောပါဦးမှ။


လမ်းက လမ်းတိုကလေး၊ ပေခြောက်ဆယ် လေးဆယ်ကွက် ခြောက်ကွက်တွဲစာလောက် ရှည်တာပါ။ အရှေ့ အနောက်တန်း၊ တောင်ဘက်မျက်နှာပြုထားပေမယ့် အရှေ့အနောက်လမ်းက ထိုထိုမပေါက်ဘူး။ အရှေ့ဘက်ထိပ်မှာ နံပါတ်တပ် လမ်းမကြီး ရှိပေမယ့်စာသင်ကျောင်းဝင်းကြီး ခံနေသလိုအနောက်ဘက်ကလည်း ကြားလမ်းနဲ့ ကန့်လန့်ခံ အိမ်ကွက်တွေရှိတယ်။ကျွန်မတို့ လမ်းကလေးကို ဒူးကြားလမ်း၊ ကျောကပ်လမ်း၊ တစ်ကွက်ငုတ်လမ်း စသည်ဖြင့် ခေါ်ကြတာလည်းရှိတယ်။ လမ်းက လေးဘက်လေးတန် အိမ်တွေကြား ပျောက်နေသလိုတော့ ဖြစ်နေတာပေါ့လေ။


ကျွန်မတို့ လမ်းတိုထဲမှာ မြေကွက်ခြောက်ကွက်စာ ရှိပေမယ့် လူလာမနေသေးတဲ့ အကွက်တစ်ကွက်စ နှစ်ကွက်စကလည်း ရှိပါသေးတယ်။ရီထွေးတို့ အကွက်က မြို့သစ် စ,တည်ကတည်းက လူနေတယ်ပြောနေပေမယ့် ရေပေးရေးရေငုတ် မရှိဘူး။ ဒီတော့ ရေလိုချင်ပြီဆိုရင် ရေရှိတဲ့အထွက်တွေဘက် သွားရတော့တာပါ။ မနက်မိုးလင်းပြီဆိုတာနဲ့ ရီထွေးကပလတ်စတစ်ခွက် တစ်ခွက်နဲ့ တစ်ပိုင်းကျော်က ရေငုတ်ကိုသွားပြီး မျက်နှာသစ်တယ်။ ရီထွေး မျက်နှာသစ် ပြန်လာတော့ သမီးတွေထဲက

နိုးတဲ့သူက နိုးသလို တစ်ဝိုင်းကျော်မှာ မျက်နှာသွားသစ်ကြပြန်ရော။သမီတွေချည်း ခြောက်လုံးပတ်လိုကြီးစဉ်ငယ်လိုက်ဆိုတော့ ရေမှသွားချိုးကြပြီဆိုရင် ဒွေးမယ်နော် ညီအစ်မတစ်တွေ ရေကန် ရေဆင်းချိုး

ကြသလိုပဲ။


“ရီထွေးရယ်... ရေထည့်ဖို့ အိုးရယ် အင်ရယ်တော့ ရှိပါမှပေါ့ ရေဆိုတာ မရှိမဖြစ်ဟာအေ..ညည်းတို့ ကလေးငါးယောက် ရတာတောင် ရေစဉ့်အိုးတစ်လုံး မရှိတာတော့ မဟုတ်သေးပါဘူး"


တစ်ရက် ကျွန်မက ဆုံးမသလိုလိုနဲ့ပြောတော့ ရီထွေးက ဟိုလိုလို သည်လိုလို အကြောင်းပြတယ်။ ကျွန်မက မနေတက်တာနဲ့ ကျွန်မတို့အိမ်ဆေးသုတ်တုန်းက ပိုတဲ့ ငါးဂါလံဝင် ပလတ်စတစ်ဆေးပုံးကို သန့်အောင်ဆေးပြီး တစ်လုံး ပေးလိုက်တယ်။ သည်ပုံးကိုတောင် ရီထွေးက ရေခပ်ဖြည့်တာမျိုး မရှိဘူး။ သမီးတွေကို ဒန်အိုးတစ်လုံးနဲ့ ရေသယ်ပြီး ဖြည့်ခိုင်းတာပါ။ ရီထွေးကတော့အနွေးထည်ကြီးနဲ့ မီးယပ်ချမ်းထနေတာနဲ့ ပြီးလေရဲ့။ တစ်ခါတော့ ကျွန်မတို့အိမ်ဘက် ကူးလာပြီး ဆေးတောင်းတယ်။


“ဆရာမတို့ ဗမာဆေးလေး ဘာလေး မသုံးကြဘူးလား၊ မီးယပ်ချမ်းထ,လို့ ခိုက်ခိုက်ကို တုန်နေတာပဲ၊ အီးဟီးဟီး.. တစ်ကိုယ်လုံး ကိုက်ခဲနေလို့ အကြီးမ နင်းခိုင်းရတယ်”


သည်ကတည်းက ကျွန်မတို့အိမ်ကို ဆေးဆိုင်မှတ်တော့တာပါ။မိုးလင်းလို့ ခြံတံခါးဖွင့်ထားတာနဲ့ကြုံရင် တစ်ခုမဟုတ်တစ်ခု တောင်းတာမျိုး၊ချေးတာမျိုး လုပ်တော့တာပါ။ တစ်ခါတလေ စောစောစီးစီး ငိုကြီးချက်မနဲ့ဝင်လာပြီး အနွေးထည် လက်မောင်းနဲ့ မျက်ရည်သုတ်၊ မျက်လုံးကြီးတွေ မို့နေအောင် အားရပါးရ ငိုပြီးတော့မှ အကြောင်းရင်းကို ပြောတော့တာပါ။ စောစောစီးစီး အပူရေစာ လာတိုက်နေတာကို မကြိုက်ပေမယ့် နားထောင်ရတာပါပဲ။


“ဆရာမရယ်... ပါတိတ်ကောင်းလေး ပေါင်ထားတာကို နှစ်လနဲ့အဆုံးဆိုတော့ မလွန်ဘူးလား၊ အတိုးလည်း ပေးနေတဲ့ကြားက မနက်ကအစောကြီး သွားရွေးတော့ ဆုံးပြီတဲ့။ မတရားသက်သက်လုပ်တာ။ သွေးအန်မယ့်ဟာတွေ စားကြပါစေ အီးဟီးဟီး..."


တစ်ခါ တစ်ခါကျတော့ အင်္ဂလိပ်လို ရိုက်ထားတဲ့ စာချုပ်လို ဂရံလိုစာရွက်တွေ တစ်ထပ်ကြီး ယူလာပြီး ကျွန်မအိမ်သားကို ဘာသာပြန်ခိုင်းတတ်တယ်။ ကျွန်မ အိမ်သားက ထားခဲ့ ဖတ်ကြည့်ဦးမယ်ဆိုတာလည်း မရဘူး။ အရေးကြီးလို့ ချက်ချင်းပြောပြပါ လုပ်ကရော။ သည်ဘာသာပြန်ချက်မှ မကြားရရင် မဖြစ်တော့သလိုဆိုတော့ ကျွန်မ အိမ်သားက အကြမ်းလောက် ပြောပြရတယ်။ ပြောပြတော့လည်း ကောင်းကောင်းနားထောင်တာ မဟုတ်ပါဘူး။ သည်စာရွက်တွေ ကျွန်မတို့ကို ထိုးရောင်းချင်လို့ လာပြတဲ့သဘောပါ။


“ဒါ ကျွန်မတို့ဦးလေး တစ်ခေတ်ကောင်းစားတုန်းက နောင်ချိုဘက်မှာ မြေနှစ်ကွက်ပေးခဲ့တာလေ ဆရာမရဲ့။ တစ်ကွက်က ကျွန်မအဒေါ်စာရွက်၊ အခု အဒေါ်တို့က ရောင်းတော့မယ်ဆိုတော့ ကျွန်မတို့ကလည်းရောင်းရတော့မှာ။ နှစ်ကွက်တွဲကြီး ဆရာမတို့ ယူလိုက်ပါလား။ အခုက နှစ်ကွက်ကို တစ်ရာနဲ့ ဆိုင်ထားတာ။ ဆရာမတို့ယူရင် ရှစ်ဆယ်နဲ့ယူ”


ရီထွေးစကားက ဟုတ်လေသလား၊ မဟုတ်လေသလားတော့ မသိဘူး။ကျွန်မတို့က ကောင်းအောင်ကြည့်ပြောပြီး ပြန်ခိုင်းရတယ်။


တစ်ခါတော့ သရက်သီး ရင့်ချိန်ကြီး။ တစ်ကွက်ကျော် မြေကွက်မှာပေါက်နေတဲ့ သရက်ပင် နှစ်ပင်က သရက်သီးတွေ ညွတ်နေအောင် သီးနေတာကို ရီထွေးတို့ သားအမိ သားအဖတစ်တွေ တက်ခူးကြ၊ ဆွတ်ခြင်းနဲ့ ဆွဲကြ လုပ်ကြတယ်။ သရက်သီးတွေက ဝမ်းပျဉ်းတွေဆိုတော့ မက်လောက်စရာပေါ့။ ခြင်းတောင်းကြီး လေး,ငါးတောင်းလောက်ရတော့ရီထွေးက သူ့မအေကို ဈေးချိုလွတ် ရောင်းခိုင်းတယ်။ ကျွန်မတို့လမ်းထဲက နှစ်အိမ်သုံးအိမ်ကိုလည်း ဆယ့်လေးငါးလုံးစီ ဝေပေးသေးတာပါ။


“ရီထွေးရဲ့ အဲဒီခြံက ပိုင်ရှင်ရှိတယ် မဟုတ်လား။ ခုဟာက ခမျာများ ခရီးသွားနေကြတာဆို၊ ပြန်လာလို့ သရက်သီးတွေ မတွေ့ရင် ပြဿနာတက်လိမ့်မယ် ... တို့လည်း မယူချင်ဘူး”


ရီထွေးက အရေးမကြီးတဲ့ မျက်နှာနဲ့ပါ။ မျက်နှာဖောင်းဖောင်းကြီးကို ပြုံးထားလိုက်တာ ပါးစပ်က နားရွက်ချိတ်လို့။ ကျွန်မတို့က သည်လမ်းထဲ နောက်မှရောက်ကြတာဆိုတော့ သရက်ပင်နဲ့ ပတ်သက်လို့ ဘာမှမသိပါဘူး။ ဒါပေမယ့် ရီထွေးတို့က ပိုင်စိုးပိုင်နင်း လုပ်နေလို့ မေးရတာပါ။


“ကျွန်မတို့ကို အပ်သွားတာပါ ဆရာမရဲ့၊ သူတို့က ကြာဦးမှာ၊သရက်သီး မှည့်ချိန်မှ ပြန်မရောက်ရင် ခူးရောင်းကြလို့ မှာသွားတာလေ၊ရဲရဲသာ စားပါ”


ကျွန်မတို့လည်း စားကြတာပဲပေါ့။ မကြာပါဘူး၊ မြေရှင်ရောက်လာတော့ ပြဿနာတက်ပါရော။ ရီ‌ထွေးကလည်း စူးစူးဝါးဝါး ရှင်းနေတာကြားပါရဲ့။ နောက်တော့ မြေရှင်က အသံမထွက်တော့ဘူး။ ပြဿနာပြီး သွားတယ်နဲ့ တူပါရဲ့ပေါ့။ တစ်ရက် နှစ်ရက်ကြာတော့ သတင်းကြားရ

တာပါပဲ။ သရက်သီးတွေက လေကြွေတာ တစ်ဝက်၊ ရှဉ့်ကိုက်တာ တစ်တောင်း၊ ပုပ်တာက တစ်စိတ်၊ ကျန်တာကိုခူးပြီး လမ်းထဲက အိမ်တွေဝေတာက ဘယ်လောက်ဆိုပြီး စာရင်းပြသတဲ့။ ပိုင်ရှင်ခမျာလည်း မကျန်တော့တဲ့ သရက်သီး အဘိဇ္ဈာမများချင်တော့တာနဲ့ ငြိမ်နေရတော့သတဲ့။ ရီထွေးက အဲသလိုဟာမျိုးပါ။


ဒါကြောင့် လမ်းထဲကရော၊ ကျွန်မတို့ တစ်လမ်းကျော်ကရော၊တောင်မြောက် ကန့်လန့်အကွက်တွေကရော ရီထွေးကို ချည်ထွေးလို့ ခေါ်ကြသတဲ့။ လမ်းထိပ်ကမုန့်ပျားသလက်ရောင်းတဲ့ မသောင်းကပြောဖူးတယ်။


“ဆရာမနှယ်... ရီထွေးက ဇယားရှုပ်တယ်နော်၊ ကျွန်မတို့က ရီထွေး မခေါ်ဘူး၊ ချည်ထွေး ခေါ်ကြတာ။ ရှင်းမရအောင် ရှုပ်လွန်းလို့လေ”


နောက်တော့လည်း ရီထွေးအကြောင်း အူမချေးခါး သိလာရတော့တာပါပဲ။


* * * * *


“အကြီးမရေ.. ဟေ့ အကြီးမ၊ ဘယ်သွားနေတာတုန်း၊ ကြောင်အိမ်ထဲက ဖအေ့ဖို့ ချန်ထားတဲ့ ဟင်းနှစ်တုံး မစားပါနဲ့ဆိုတဲ့ကြားက စားသွားသေးသနော်၊ အာပုပ်မ... ခါးပိုက်နှိုက်မ... လာခဲ့စမ်း”


မနက် မိုးမလင်းသေးဘူ။ ခုနစ်စဉ်တိုက် အော်သံကြီးကြောင့် ကျွန်မတို့ မိသားစုတွေ အိပ်ရာက ငေါက်ခနဲ ထ,ထိုင်လိုက်ရတော့တာပါ။အရှေ့အိမ် အနောက်အိမ် ဝင်းထရံတစ်ချပ်ပဲ ခြားတာဆိုတော့ နားနားကပ်အော်လိုက်သလိုပါပဲ။ အကြီးမဆိုတာ ရီထွေးရဲ့ သမီးအကြီးဆုံးအပျိုပေါက်မကို ခေါ်တာပါ။ အမှုသွား အမှုလာကလည်. ထူးပြီးမေးစရာ မလိုတော့ပါဘူး။ အော်သံထဲမှာ ပါပြီးသားလေ။ အာပုပ်မဆိုတာကမိဘ မသိအောင် စားတာကို ဆိုလိုတာ။ ခါးပိုက်နှိုက်မက အလစ်ဝင်တွယ်သွားတယ်လို့ ပြောချင်တာမှန်း ကြားရသူတိုင်းက သဘောပေါက်ရတယ်။ ရီထွေးကသည်လိုပဲ အော်နေကျပါ။ အသံကလည်း အောင်သလားမပြောနဲ့။အသံကွဲကြီးနဲ့ သာယာနာပျော်စရာ မကောင်းတာထား၊ ခြစ်အော်လိုက်

သံက ဓားထက်ထက်နဲ့ ခွဲလိုက်တဲ့အတိုင်းပဲ။ ပြီးတော့ ကိုယ့်အိမ်ထဲကို ကိုယ်အော်နေရင်ထား။ အခုက တစ်ကွက်ကျော်မှာ မျက်နှာသွားသစ်နေတဲ့ အကြီးမကို အော်တာဆိုတော့ နဂိုသံထက် နှစ်ဆတင်အော်တာဆိုတော့ စဉ်းစားသာကြည့်တော့။


တစ်ခါတော့ အလတ်မကအိမ်မှာ နတ်ဆက်ထားတဲ့ လက်ဖက်နဲ့မုန့်ဆီကြော် အနီ အဖြူတွေကို မန်ကျည်းပင်ရိပ် ထွက်စားလိုက်တာ ကုန်ရော။ ရီထွေး အိမ်လည်ရာက ပြန်တော့ နတ်စင်ကို မကြည့်မိသေးဘူး။ နေ့လယ်လောက်ကျတော့မှ သတိထားမိရာက နတ်လက်ဖက်၊နတ်မုန့်ဆီကြော် ခိုးစားမှုကို စစ်တော့တာပါ။


“အမယ်လေး... အမယ်လေး မကြံကောင်းမစည်ရာတော်။နတ်တင်ထားတဲ့မုန့်ကိုမှ ငတ်ရသလား၊ နတ်တောင် မနည်းကုတ်ကတ် တင်ထားရတာတဲ့၊ ကိုင်း ပြောစမ်း ဘယ်သူစားတာတုန်း”


တဗုန်းဗုန်း တဗိုင်းဗိုင်း ထုနှက်ရိုက်စစ်နေလိုက်တာ ညနေစောင်းတဲ့အထိ မပေါ်ဘူး။ အားလုံးကို မဲရိုက်နေတာဆိုတော့ အပြစ်မရှိသူတွေပါခံနေရတော့တာပါ။ ခိုးစားတဲ့သူကလွဲလို့ ဘယ်သူမှလည်း မသိလိုက်တဲ့ကိစ္စဆိုတော့ အမှုက တော်တော်နဲ့မပေါ်ဘူး။ နောက်တော့မှ တရားခံမိလို့တစ်ယောက်တည်း ရွေးရိုက်တာ နနွင်းတောင် သိပ်ယူရသတဲ့။ ကျွန်မကတရားခံ ဘယ်လို‌ပေါ်သလဲလို့မေးတော့ ရီထွေးက အမှုကြီး မိလိုက်တဲ့

ရဲအရာရှိလို မျက်နှာနဲ့ပါ။ သူ့ဟာနဲ့သူတော့ အဟုတ်သား။


“ပထမတော့ ကျွန်မက အားလုံးကို ရိုက်တာ၊ ဖော်မှမဖော်ကြတာ။ နောက်တော့မှ သတိရပြီး ပါးစပ်တွေ လိုက်နမ်းကြည့်တော့ အလတ်မ ပါးစပ်က လက်ဖက်စော်နံတာ ထောင်းထ,လို့၊ ဒါနဲ့ ဆော်လိုက်တာ ဝါးခြမ်းနှစ်ခြမ်း ကုန်ရော။ နနွင်းသိပ်ထားခဲ့တယ်”


“ညည်းတို့က ဘာနတ် ကိုးကွယ်တာတုန်း ရီထွေးရဲ့၊ လက်ဖက်နဲ့မုန့်ဆီကြော်ဆိုလို့ မေးတာပါ"


“နတ်သော‌ကောရောကောပါပဲ ဆရာမရယ်၊ တစ်နတ်မ,မ တစ်နတ်မ လုပ်ရတာလေ၊ လက်ဖက်နဲ့ မုန့်ဆီကြော်က နတ်တိုင်း ဆိုင်တာကိုး.….”


ရီထွေးမှာ အဆိုးဆုံးအချက်က လမ်းတိုကလေးထဲ ရှိတဲ့လူ ဘယ်သူနဲ့မှ မတည့်ချင်တာပါ။ ပြဿနာ ဇာစ်မြစ်လိုက်,လိုက်ရင် ရီထွေးကလွန်တာချည်းပဲဆိုတာ အားလုံးကလည်း သိနေကြတာပါပဲ။ ရီထွေးက အလုပ်သာ လက်ကြောမတင်းတယ်၊ မီးဖိုချောင် အချေးအငှားတော့လည်း

လက်ရဲဇက်ရဲနိုင်တယ်။


“မစန်းနွဲ့ရယ်... ကြက်သွန် တစ်တက်လောက် ပေးစမ်းပါ၊ဈေးက မေ့လာလို့”


“မငယ်ရေ... ငန်းဆေး ဝယ်ထားတာ တွေ့လိုက်ပါတယ်၊ အငယ်မကိုယ်ပူချင်နေလို့ တစ်ခါတိုက်လောက် မျှပါဦး”


“ဒေါ်ကြီးသန်း ငံပြာရည်ဖျော်ပြီးမှ ငရုတ်သီးမှုန့် ကုန်မှန်းသိတော့တယ်၊ တစ်မှုန် နှစ်မှုန်လောက် ပေးစမ်းပါ”


ဆိုတာမျိုးက နိစ္စဓူဝကိစ္စ။ ကြည်ကြည်သာသာ ချေးလို့ ငှားလို့တောင်းလို့ ရမ်းလို့ ရရင်ရ၊ မရလို့ကတော့ ရန်လုပ်ပါလေရော။ ရန်ဖြစ်တဲ့အိမ်ရှေ့ တဘီမ,ပြီး ရန်စောင်နေတာ လေး,ငါးခေါက်။ ရှောင်နိုင်သူတွေက ရှောင်ကြပေမယ့် မရှောင်နိုင်သူကျတော့ ချိတ်ကရော။ အော်ကြ၊ဆဲကြ၊ လုံးကြ၊ သတ်ကြ၊ ခဲကိုင် တုတ်ကိုင်တွေ ဖြစ်ကြရော။ လမ်းတိုကလေးထဲ ရှိသမျှ လေး,ငါးခြောက်အိမ်မှာတော့ ရီထွေးက ရမ်းချင်သလို ရမ်းရနေတာကိုး။ ညဘက် လင်မူးလာတော့ လင်က တစ်စခန်းထ,ရင် ၊

ရီထွေးက လူကောင်းလုပ်ပြီး လင်ကို ဖေးသေး မ,သေးတာပါ။


သည်လိုနဲ့ အရပ်မှာလည်း အချေးအငှား ရှိတော့လည်း ချေးကြငှားကြ၊ ရန်ဖြစ်တော့လည်း ဖြစ်လိုက်ကြ၊ မျက်နှာပြောင်ပြောင်နဲ့ပြန်ဝင်တော့လည်း ခွင့်လွှတ်ကြနဲ့ နေကြရတယ်။ ရီထွေးက တစ်အိုးတစ်မကြီးနဲ့ပေမယ့် ပူတယ်ပန်တယ်ရယ်လို့တော့ မရှိဘူး။ ထမင်းချက်ချိန်ကျရင်အလတ်မ မီးမွှေးစမ်း၊ နို့ညှာမ ရေခပ်စမ်း၊ အကြီးမ ဈေးပြေးပြီး ပုဏ္ဏားသိမ်းသိမ်းစမ်း၊ အငယ်မ မလှတို့အိမ် ဆီတစ်မှုတ်လောက် သွားချေးစမ်း။နို့ညှာအထက်မက မမြင့်ထွေးအိမ်ဆိုင် အာပြဲခြောက်တစ်ထုပ် အကြွေးယူချေစမ်း ဆိုတာမျိုးနဲ့ ထမင်းတစ်နပ် ဟင်းတစ်နပ် ပြီးသွားရတာချည်းပါပဲ။


သူကတော့ ဂုံနီဖျင်ကုလားထိုင်ပေါ်မှာ အချစ်ဝတ္ထုတစ်အုပ်နဲ့ပေါ့။ စာအုပ်ဆိုင်နဲ့ စကားများတာတွေလည်း ခဏ ခဏ တစ်ည တစ်ရာပေးရတဲ့ပုဂ္ဂလိက လျှပ်စစ်မီးသမားနဲ့ ငြင်းကြခုံကြတာလည်း ခဏ ခဏ။သူများ ခြံစည်းရိုးပင် သွားခုတ်ပြီး ထင်းဆိုက်လို့ ရုံးရောက်ရတာလည်း

ခဏ ခဏ။ ကြားထဲက သူများပစ္စည်း ပေါင်ပေးရာက ကာယကံရှင်က ပြန်ရွေးမယ်ဆိုတော့ ရီထွေး ပိုယူထားတဲ့ငွေ ပြန်မထည့်နိုင်သေးရွေးမရရာက စကားများကြတာလည်း ခဏခဏ။ အိမ်ငှားရှာပေးရာကဖြစ်ရတဲ့ အရှုပ်အရှင်းကတော့ မရေနိုင်တော့ဘူး။


ကျွန်မကတော့ သည်လို လူ့စရိုက်တွေလည်း ရှိတတ်တာပါပဲလေလို့သဘောထား ဆက်ဆံပေမယ့် ရီထွေးက ကျွန်မကိုတောင် ဂိုဏ်းမထားတာတွေ ရှိလာတယ်။ တစ်ခါက သူ့ကလေးတွေ အိမ်လာရင် ကြေး‌စော် ချွေးစော် နံလွန်းလို့ ကျွန်မက ရေချိုးချေကြ ခိုင်းလိုက်တယ်။ မိန်းကလေးဆိုတာ သန့်သန့်ရှင်းရှင်း နေရကြောင်း၊ ဝတ်ပြီးသား နံနံစော်စော်တွေ မဝတ်ရကြောင်း၊ ခေါင်းကို မှန်မှန်လျှော်၊ ဆီလိမ်းဖြီးသင်နေရကြောင်း၊ လက်သည်း ခြေသည်း ညှပ်ရကြောင်းတွေ ပြောပြီးမှ ပြန်လွှတ်လိုက်တာပါ။ကလေးတွေက ပြောင်းပြန်။ နွေမှာ ခေါင်းစွပ်ကြီးတွေ မချွက်တမ်း ဝတ်ချင် ဝတ်ကြသလို ဆောင်းမှာ အင်္ကျီပါးကလေးတွေနဲ့ ဖြစ်ချင်ဖြစ်နေကြတာတွေလည်း ရှိတယ်။ ဆောင်းတွင်း မနက်အစောကြီး ရေချိုးကြတာ ရှိသလို နွေခေါင်ခေါင် ရေမချိုး မိုးမချိုး သုံးလေးရက် နေကြတာလည်းရှိတယ်။ အင်္ကျီအ၀တ်အစားလည်း တစ်ယောက်ချွတ် တစ်ယောက်ကကောက်ဝတ် ကြုံရာကျပန်း နေတတ်ကြရဲ့။


ကျွန်မက ပြန်လွှတ်လိုက်တော့ ရီထွေးကို ကလေးတွေက ဘယ်လိုဘာသာပြန်ကြသလဲတော့ မပြောတတ်ပါဘူး။ ကျွန်မကို စောင်းမြောင်းအော်ပါလေရော။


“ရေချိုး ရေချိုးနဲ့ လွယ်မှတ်လို့၊ ရေတစ်ပေါက် သောက်ဖို့တောင် အနိုင်နိုင်ဟာကို၊ ညည်းတို့က မင်းကတော်မို့ ရေချိုးရမှာလားတဲ့၊ နံရင်၊စော်ရင် ဘယ်မှမသွားကြနဲ့။ ခြံအပြင်ထွက်တဲ့လူ အရိုက်ပဲ”


ကျွန်မကို စောင်းနေမှန်း သိပေမယ့် ငြိမ်နေရတာပါပဲ။ တုဖြစ်လို့လည်းမကောင်းဘူး မဟုတ်လား။ တကယ်လည်း ရီထွေးကလေးတွေ ကျွန်မတို့အိမ်ဘက် သုံးလေးရက် မကူးကြတော့ဘူး။ သည်ကလေးတွေကို ကျွန်မက လွယ်အိတ်၊ ပေတံ၊ ခဲတံ၊ ခဲဖျက်၊ ဘောလ်ပင်ကအစ ဝယ်ပေးနေကျပါ။ တောက်တိုမယ်ရ ခိုင်းတော့လည်း ပေးနေကျ။ အိမ်မှာ ထမင်းဟင်း ပိုတော့လည်း ကလေးတွေ များလှသကာရယ်လို့ စည်းရိုးကျော်ပေးရတယ်။ ဒါကို ရီထွေးက မထင်ရင် မထင်သလို သူတို့ပိုလို့ မစားချင်လို့ တို့ကိုပေးတာလို့ ပြောတတ်ရဲ့။ ကျွန်မကလည်း

ကလေးတွေကို ခေါ်မခိုင်း၊ အပေးအကမ်းလည်း ရပ်စဲထားပြီဆိုရင်တော့ ရီထွေးက သမီးအထွေးဆုံးကို စမ်းလွှတ်တယ်။ နောက်တော့ အကုန်လုံးပြန်ဝင်ကြရာက ရီထွေးကပါ အဝင်အထွက် အချေးအငှား ပြန်လုပ်တာလည်း များလှပါပြီ။


* * * * *


သမီး ငါးယောက်စလုံးက မအေ့ ဇ'ကလေးတွေ နည်းနည်းစီတော့ပါကြတယ်။ သတင်းပေး သတင်းယူ၊ ပုံကြီးချဲ့၊ ရန်တိုက်၊ မဟုတ်ကဟုတ်ကပြော၊ မကြားတာ ကြားတာ လုပ်တာတွေများတော့ အထူးကျွမ်းကျင်ကြတယ်။ ရသမျှသတင်း အကုန်အံကြတော့တာပါ။ 'ရီထွေးက သမီးတွေ ရလာတဲ့ သတင်းတွေအားလုံးကို ခွဲထုတ်စိစစ်တယ်။ ဒါကကိုယ်နဲ့ဆိုင်တယ်၊ ဒါက ကိုယ်နဲ့မဆိုင်ဘူး။ ဒါကလက်ဦးရင် ရနိုင်တယ်၊ဒီစကားကတော့ ရန်ဖြစ်ရမယ့်ကိစ္စ၊ သည်သတင်းကတော့ နပမ်းလုံးရမယ့်

ကိစ္စ၊ သည်သတင်းကတော့ အမြတ်ထုတ်ရမယ့်ကိစ္စ စသည်ဖြင့် ခွဲထုတ်ပြီးမှ အချိန်အခါစောင့်ပြီး လုပ်စရာရှိတာ လုပ်တော့တာပါ။


“အမေ - မအုန်းတင်တို့ ထီပေါက်လို့တဲ့၊ နှစ်ရာဖိုးတဲ့”


“သေချာရဲ့လား”


“မငယ်တို့ ပြောနေတာ၊ သမီး ရောက်သွားတော့ မလှကတောင် မငယ်ကို လက်ကုတ်လိုက်သေး”


“ဟုတ်ပြီ--- နောက်တစ်ယောက် ဘာကြားခဲ့တုန်း”


“သမီး ရောက်သွားတော့၊ ပါးစပ်ပိတ်သွားကြလို့ ဘာမှမကြားခဲ့ရဘူး"


“ညည်း ရောက်သွားမှ ပါးစပ်ပိတ်တယ်ဆိုတော့ ငါ့အတင်းနေမှာ ကောင်မတွေ နေနှင့်ဦး၊ ကဲ ပြောစမ်း အလတ်မ”


“မအေးက အဝတ်တွေ မလှကြီးကို ပေါင်ခိုင်းမလို့တဲ့၊ အမေ့မယုံလို့ နေမှာပေါ့”


“ဘာအဝတ်တွေလဲ”


“မသိဘူး”


“ညည်းကို သိခဲ့တယ်မရှိဘူး သွားစမ်း”


သမီးတွေကလည်း ရပ်ကွက်ထဲက အမျိုးသမီးတွေကို အဒေါ်ရယ်၊အစ်မရယ် ထည့်မခေါ်ကြပါဘူး။ မအေ ခေါ်သလိုပဲ မငယ်တဲ့၊ မအုန်းတင်တဲ့၊ သူတို့ကိုယ်တိုင်ကလည်း မအေ ခေါ်လို့ထူးရင် “ဟင်"တို့၊ “ဘာတုန်း'တို့ ထူးကြတာ မဟုတ်လား။


သည်လိုကလေးတွေ ပြောစကားပေါ်မှာ မူတည်ပြီး ပိုက်ဆံချေးရမယ့်သူကို ချေးတယ်၊ ရိရမယ့်သူကို ရိတယ်။ ရန်ဖြစ်ရမယ့်လူကို ဖြစ်တယ်။ နပမ်းလုံးသတ်ရမယ့်လူကို လုံးသတ်တယ်။ တစ်ခါကများ ရန်ဖြစ်ရင်း သူများအိမ် ခဲနဲ့ထုလို့ ရုံးရောက်ရပြီးပြီ။ သမီးတွေက အနားက ဘကကျောင်းထားတာဆိုတော့ ရီထွေးက ဆရာမနဲ့ လိုက်ရန်ဖြစ်လို့ ဘုန်းကြီးကျောင်းထဲ မဝင်ရဆိုတာမျိုးနဲ့ ဘုန်းကြီးက အမိန့်ထုတ်ခံရတာလည်း

ရီထွေးပါပဲ။


“ညည်းအေ... ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ဘုန်းကြီးကျောင်းထဲ မဝင်ရဆိုတဲ့အဖြစ်က ကြောက်စရာကောင်းလိုက်တာ၊ ဘုန်းကြီးကို အပြစ်က ခွင့်လွတ်ဖို့ သွားလျှောက်ချေ၊ ညည်း မလျှောက်ရဲရင် ငါ လိုက်လျှောက်ပေးပါမယ်"


ကျွန်မက စိတ်မချမ်းသာလွန်းလို့ ပြောမိတော့ ရီထွေးက ဘယ့်နှယ်မှတောင် ခံစားရပုံ မပေါ်ပါဘူး။ဘုန်းကြီးကျောင်းထဲ မဝင်ရရင် ဘေးက

ပန်းသွားရုံပေါ့တဲ့။ ကမ်းကို ကုန်ပါရော။ ရီထွေးအကြောင်း ပြောရရင်တော့ မကုန်ပါဘူး။


လမ်းတိုကလေးထဲက အိမ်တွေကလည်း ရီထွေးကို တတ်နိုင်သမျှတော့ရှောင်ကြပါတယ်။ အိမ်ရှေ့ကို အမှိုက်ပုံတာ၊ ထမင်းသိုးဟင်းသိုးသွန်တာ၊ အိမ်သာနံ့ထောင်းထောင်းထနေတာ၊ အိမ်ရှေ့ထရံမှာ တွယ်နေတဲ့ခြတောင်ပို့ကို ရာဇမတ်ကာပြီး နေ့မီး ညမီး မပြတ်ထွန်း ပူဇော်နေလို့ မီးဘေးစိုးရိမ်ကြရတာမျိုးတွေကလည်း ရှိသေးတယ်။ ရီထွေးက ဈေးဝယ်လွှတ်ရင် ရောင်းရတဲ့ အိမ်ဆိုင်တွေက နောက်ဆက်တွဲ ပြဿနာတွေကို

ကြောက်ကြတယ်။ ဖယောင်းတိုင် တစ်တိုင်၊ လက်ဖက်ခြောက်တစ်ထုပ်၊အခေါက်ခေါက်အခါခါ လဲခိုင်းတာမျိုး၊ အအမ်းအတောမှားလို့ ပိုက်ဆံကစုတ်နေလို့၊ အကြွေချန်လို့၊ ကလေးတွေက မုန့်ပါ ရောနှိုက်သွားလို့ ဆိုတာမျိုးတွေကလည်း ထပ်လို့။ ။


လမ်းထဲမှာ ဘယ်လိုက ဘယ်လို ရောက်လာမှန်းမသိတဲ့ ခွေးတွေကလည်း ရီထွေးတို့အိမ်ထဲ တံခါးမရှိ ဓားမရှိ ဝင်ကြ ထွက်ကြ။ လမ်းတိုကလေးထဲမှာ ကား၊ ဆိုင်ကယ် အဝင်အထွက်မရှိ။ ကစားကွင်းကျယ်ပေမယ့် ရီထွေး ကလေးတွေနဲ့ မပတ်သက်ချင်တော့ တခြားလမ်းဘက်

သွားကစားကြတဲ့အထိ ရီထွေး ရန်ကို ကြောက်ကြတယ်။ ကျွန်မလည်း တစ်ခါတလေ ဉာဏ်မီသလောက် စဉ်းစားကြည့်မိပါရဲ့။ ဘာကြောင့်များချည်ထွေးလိုရှုပ်တဲ့ ရီထွေးကို ကြောက်နေကြရတာပါလိမ့်ပေါ့။


* * * * *


အခုတော့ ကျွန်မတို့ လမ်းတိုကလေးထဲမှာ ရီထွေးတို့ မရှိကြတော့ပါဘူး။ ရီထွေးရဲ့ ဦးလေးပိုင်တဲ့ အိမ်ဆိုတော့ ဦးလေးတော် ဆုံးသွားလို့ဝိုင်းရော အိမ်ရော ရောင်းလိုက်ကြတယ်။ သည်တော့ ရီးထွေးတို့လည်း တခြားပြောင်းကြရတော့တာပေါ့။ ဒါတောင် ချက်ချင်းမပြောင်းသေးဘဲ

ဟိုအိမ်အဖီ ဆွယ်ပါရစေ။ ဟိုဝိုင်းထဲ တဲငုတ်တို ဆောက်ပါရစေ လုပ်နေလို့ ရပ်ကွက်က စိတ်ထင့်နေကြရသေးတာပါ။ ရီထွေးက ပြောင်းခါနီးမျက်နှာအမ်းကြီးနဲ့ အိမ်ပေါက်စေ့ လိုက်ငိုတယ်။ သူတစ်ပါး ဒုက္ခရောက်တာ ဝမ်းမသာကြပေမယ့် ရီထွေးတို့ ပြောင်းသွားမှပဲ လူတွေမှာ ကိုယ့်အိမ်ရှေ့ ကလေး ကိုယ် ရဲရဲထွက်ရှူဝံ့ကြတော့တာပါ။


“အခုမှ ချည်ထွေး ရှင်းတော့တယ် ဆရာမရေ၊ ဒါတောင် လေဝှေ့သလို ဝေ့နေသေးတာ”


လမ်းတိုကလေးထဲမှာ ကလေးတွေ ထွက်ကစားနေကြပြီ။ ဟိုတုန်းကတစ်ယောက်နဲ့တစ်ယောက် စကားလက်ဆုံကျရင်တောင် ရီထွေးက သူ့အတင်း ပြောတယ်ဆိုပြီး ရန်လုပ်မှာစိုးကြတဲ့ အိမ်နီးချင်းတွေလည်း အခုမှ ပြုံးဝံ့ ရယ်ဝံ့ စကားလက်ဆုံကျဝံ့ကြတော့တယ် ဆိုပါတော့။


'' ရီထွေးတို့အိမ်ကို ပွဲစားတစ်ယောက်က ဝယ်လိုက်တာပါ။ ပွဲစားကအိမ်ရှေ့က ခြတောင်ပို့ကြီးကို အရင်ဖြိုချလိုက်တော့ ခြတွေဆိုတာ ရွရွတက်လို့။ တစ်ဝက်စောင်းနေတဲ့ အိမ်ကြီးကို ဖြိုတဲ့နေ့ကများဆို မြွေတွေရော၊ ကြွက်တွေရော၊ ကြမ်းပိုးတွေရော၊ ပိုးဟပ်တွေရော ထွက်လာလိုက်တာ မနည်းဘူး။ ခွေးတွေလည်း သခင်ပျောက်ပြီး ဘယ်ရောက်ကုန်တယ် မသိပါဘူး။ ရပ်ကွက်ကတော့ လ,ငပုပ်ဖမ်းရာက လွတ်လာတဲ့ လမင်းလို ရှင်းရှင်းကြီး လင်းသွားတော့တာပါ။ လမ်းတိုကလေးထဲ သန့်ရှင်းရေးတွေလုပ်ကြ၊ ကလေးတွေ ဆော့ကြ၊ ကစားကြတာတွေ့တော့ ကျွန်မတောင်ပြုံးမိပါရဲ့။


ရီထွေးတို့ ပြောင်းသွားလို့ ဘယ်လောက်မှတောင် မကြာလိုက်ပါဘူး။မနေ့တစ်နေ့ကတော့ သတင်းတစ်ခု ရောက်လာတယ်၊ ရီထွေးတို့ ကျွန်မတို့ လမ်းတိုကလေးထဲ ပြန်ပြောင်းလာတော့မယ်ဆိုတဲ့ သတင်းပါ။ လမ်းထဲက လူမနေဘဲ ခြံခတ်ထားတဲ့ တရုတ်သူဌေးတစ်ယောက်ရဲ့ ဝိုင်းထဲကိုအသနားခံပြီး တဲတစ်လုံးထိုးနေကြမယ်လို့ဆိုရဲ့။ သတင်းက သေချာလေသလား၊ မသေချာလေသလားတော့ မပြောတတ်ဘူး။


ရပ်ကွက်ထဲက လူတွေကတော့ ရီထွေး ပြန်ရောက်လာမှာ စိတ်ညစ်ကြတယ်။ ရီထွေးတို့ ပြန်ရောက်လာရင် တစ်ဆက်တည်း ခွေးတွေရော၊ ခြတောင်ပို့တွေရော၊ မြွေတွေ၊ ကြွက်တွေ၊ ကြမ်းပိုးတွေ၊ ပိုးဟပ်တွေရော ရပ်ကွက်ကလေးထဲ ပြန်ရောက်လာနိုင်တာကိုး။


ရီထွေးတို့ ပြန်ရောက်လာရင် ချည်ထွေးလို ရှုပ်ဦးမှာပဲ ထင်ပါရဲ့။

Post a Comment

0 Comments