ဝတ္ထုတို အမည် - ချစ်ကတိတော့ မပျက်ဘူး ကေသီ
စာရေးသူ - သော်တာဆွေ
Short Story
-------------------------------------------------
ချစ်ကတိတော့ မပျက်ဘူး ကေသီ
#သော်တာဆွေ
မောင်မောင်သန်းသည် ရန်ကုန် မန္တလေးသွား စာပို့ရထားပေါ်သို့ မိမိ လက်မှတ်ပါသော တွဲနံပါတ်၊ အခန်းနံပါတ်၊ ခုံနံပါတ်တို့ကို ကြည့်၍ တက်ခဲ့ရာ၊ ထိုအခန်းထဲ ဝင်လျှင်ဝင်ချင်း မိမိအရင် ရောက်နှင့်နေသော လုံးကြီးပေါက်လှ အမျိုးသမီးချော တစ်ယောက်ကို မြင်ရသည်၌ သူ့စိတ်ထဲတွင် ဖြစ်ပေါ်သွားပုံကို လွန်စွာမှ အံ့ဩမိတော့၏။ အကြောင်းမှာ မောင်မောင်သန်း၏ ဇနီးချော သေဆုံးသည်က မကြာသေး၊ ရက်လည် ဆွမ်းသွတ်ပြီး သုံးရက်မျှ အကြာ၌ အိမ်တွင် ဇနီး၏ ခြေရာလက်ရာတွေ ကြည့်နေ မြင်နေရ ပူဆွေးဒုက္ခ ရောက်လှသဖြင့် စိတ်ပြေလက်ပျောက် ဟူ၍ ခရီးရှည် ထွက်ခဲ့ခြင်း ဖြစ်၏။
သူတို့ လင်မယားသည် မိဘက ပေးစား၍ ယူခဲ့ရသည် မဟုတ်၊ ကိုယ့်ဘာသာကိုယ် သမီးရည်းစား ထားပြီးမှ ယူခဲ့ကြရာ တစ်ဦးကိုတစ်ဦး လွန်စွာပင် ချစ်ကြလျက် ဇနီးသည် အမည်က "ကေသီ" ဖြစ်သည်၊ ကိုမောင်မောင်သန်းက အဖျားဆွတ်၍ "သီ" ဟု ခေါ်သကဲ့သို့ ကေသီကလည်း သူ့ကို "သန်း" ဟု ခေါ်ခဲ့၏။ သူတို့အိမ် သွားလျှင် "သီရေ" "သန်းရေ" "သီရေ" "သန်းရေ" နှင့် တသီတတန်းကြီး ချစ်ခဲ့ကြသူများ ဖြစ်၏။
သူတို့ လင်မယား ချစ်ကြသည်မှာ အခြား လင်မယားတွေ ချစ်တာထက် ရှစ်ဆပိုသည်ဟု အောက်မေ့ခဲ့ကြ၏။ မောင်မောင်သန်း အလုပ်သွားမည် ဆိုလျှင် ကေသီသည် အိမ်ပေါက်ဝအထိ လိုက်လာခဲ့၍ ပါးကလေးကို မော့ပေးရာ မောင်မောင်သန်းက ရွှတ်ခနဲ နမ်းပြီးမှ "တာ့တာ ... တာ့တာ" ဟု တစ်ယောက်တစ်ယောက် နှုတ်ဆက်ကာ ထွက်သွား၏။ အပြန်တွင်လည်း ကေသီက အပေါက်ဝမှ ဆီးကြိုနေကာ မွှေးမွှေးသ,ထားသော ပါးပြင်ကလေးကို မော့ပေး၏။ ပြီးမှ တူစုံမောင်မယ် တစ်ယောက်ခါး တစ်ယောက် ဖက်၍ လာကြ၏။ ဤသို့လျှင် သူတို့ လင်မယားသည် ကမ်ဘာပေါ်မှာ အချစ်ဆုံး လင်မယားပဲဟု သူတို့စိတ်မှာ စွဲမြဲကာ ပေါင်းသင်းခဲ့ရာ ငါးနှစ်မျှ အကြာ၌ ကေသီအား သေမင်းက ချောဆွဲသွားသဖြင့် ဖော်ပြခဲ့သည့်အတိုင်း မောင်မောင်သန်းသည် ရောက်ရာ ပေါက်ရာ ဟူ၍ ခရီးရှည် ထွက်ခဲ့ခြင်း ဖြစ်တော့၏။ စစ်ကိုင်းတောင်ရိုး ရောက်သော် ရဟန်းဘောင် ကူးမည် ဟူ၍လည်း စိတ်ကူးခဲ့၏။
မောင်မောင်သန်း စိတ်ထဲ တသသ, မမေ့နိုင်သည်ကား ကေသီ သေခါနီး၌ "သန်းရယ်၊ သီတော့ ဒီတောင်က မကျော်နိုင်တော့ပါဘူး၊ သီသေရင်လေ သန်း ... သန်းတော့
နောက်မိန်းမ ယူတော့မှာပဲနော်၊ အဟင့် ... ရွှတ် ... ဖတ်"
ထိုအခါ မောင်မောင်သန်းက ကေသီ နှုတ်ခမ်းအစုံကို လက်ညှိုးနှင့် အသာလေး ဖိလိုက်ကာ ...
"အို ... သီ ... သန်းကို ဒီလိုမထင်နဲ့ သန်းဟာလေ သီကလွဲရင် ဘယ်သူ့မှ မယူတော့ပါဘူး ဆိုတာ ကတိပေးပါတယ်၊ မင်းမှာသစ္စာ လူမှာကတိတဲ့ ယုံပါနော် အချစ်ရယ်"
ယင်းသို့ဖြင့် ကေသီ အသေဖြောင့် သွားသည်ဟု မောင်မောင်သန်း ယုံကြည်၏။ မိမိကလည်း ယောက်ျားတစ်ယောက် အနေဖြင့် သွားလေသူ ဇနီးအား ပေးလိုက်သည့် ကတိကို မဖျက်ပါဘူးဟု အဓိဌာန် ပြုထားပါ၏။
သို့စဉ်လျက် ယခု ဒီမီးရထားပေါ်မှ ဒီအမျိုးသမီးချော မြင်ရတော့ မိမိစိတ်၌ ဖြစ်ပေါ်လာပုံမှာ ထူးဆန်းလေစွဟု အောက်မေ့ရတော့၏ ၊ အို ... လောကကြီး၌ လူ့စိတ်သည် အံ့ဩဖွယ်ရာ ပါတကား၊ ပုထုဇဉ်နော ဥမ္မတကော ဟူ၍ ရှင်တော်ဘုရား ဟောခဲ့တာ မှန်လှလေစွဟု ဘုရားသခင်၏ ဂုဏ်တော်ကို ချီးကျူးမိပြန်တော့၏။
ယခု အမျိုးသမီးသည် ကေသီ အရွယ်လောက်ပဲ၊ ကိုယ်လုံးကိုယ်ထည် ပြည့်ပြည့်နှစ်နှစ် တစ်တစ်ရစ်ရစ် ဖောင်းဖောင်းအိအိ နေလိုက်ပုံကြီးကလည်း ကေသီ ဘော်ဒီနှင့် တူလိုက်ပါဘိ၊ ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ကို ကြည့်၍ ဟိုဟိုဒီဒီ စဉ်းစားမိတော့ မိမိမယား ကေသီဘအသက်ပြန်ရှင် လာလေသလားဟုပင် တင်စားမိတော့သည်။
ဤအမျိုးသမီး၌ သူ့အဖော် အဒေါ်ကြီးတစ်ယောက် ပါခဲ့သည်၊ ယင်းသို့ဖြင့် ရထားထွက်ခဲ့တော့ ခရီးသည်တို့အား မီးရထားက လော်စပီကာဖြင့် ဓာတ်ပြားဖွင့်၍ ဖျော်ဖြေသည်။
"ပျိုပျိုမေ အလည်အပတ် ထွက်တယ် ... မော်တော်ကားနဲ့ရယ် ... ရှမ်းပြည်ကို တောင်ပိုင်းရော ... မြောက်ပိုင်းရော ရောက်ခဲ့တယ်။ ရှမ်းမလေးတွေပေါတယ် ... ချောတယ် ... အေးချမ်းသာတဲ့ဋ္ဌာနီဝယ် ... ပါးကလေးတွေနီမြန်းလို့ရယ် .... ချစ်စရာကောင်းလှပါပေတယ် ... ကြိုက်စရာကောင်းပါပေတယ် ... ပျိုပျိုသွားဦးမယ် ... ကိုကိုရယ် တူလိုက်ကွယ် ..."
မောင်မောင်သန်းသည် ဒီသီချင်းကို သူ့အနီးတွင် ရှိနေသော အမျိုးသမီးက သီဆို၍ သူ့အား ရှမ်းပြည်ကို လိုက်ရန် ခေါ်နေသည်ဟု အောက်မေ့မိ၏။
ဤဓာတ်ပြား ပြီးတော့ နောက်ထပ် သီချင်းတစ်ပုဒ် လာပြန်၏။
"
မြင်ရင်မြင်ခြင်းပဲကွယ် ချစ်မိကြိုက်မိတယ် ... သူဇာနတ်နှယ် ယုံပါကွယ်၊ ရာသက်ပန် မခွဲဘဲ အမြဲပဲ အသည်းစွဲပေါင်းဖို့ ဆုတောင်းရွယ် ..."
ဤသီချင်းမှာ ပြည်လှဖေက သူ့ကိုယ်စားပဲ သီဆိုပေးနေသည်ဟု မောင်မောင်သန်း စိတ်ထဲတွင် အောက်မေ့မိပြန်၏။ ယင်းသို့ဖြင့် မီးရထားကြီးသည် တစ်ဘူတာဝင် တစ်ဘူတာထွက်နှင့် လာခဲ့လေရာ တောင်ငူ ဘူတာသို့ ရောက်သော အခါ၌ မောင်မောင်သန်းသည် ထိုအမျိုးသမီး၊ ထိုအဒေါ်ကြီးတို့နှင့် သိကျွမ်း ခင်မင်သွားလေပြီ၊ အကြောင်းမှာ မောင်မောင်သန်းသည် "ပေးကမ်းခြင်း အောင်စေရာ" ဆိုသည့်ထုံးကို နှလုံးမူ၍ ရောက်လေရာ ဘူတာမှာ သူကချည်း ဝယ်ခြမ်း ကျွေးမွေးသောကြောင့် ဖြစ်၏။ သူ့ ပိုက်ဆံအိတ် ဖောင်းဖောင်းကြီးထဲမှ ငွေစက္ကူ အထပ်လိုက်ကြီးတွေကို ထုတ်ထုတ် သုံး၍လည်း ဖြစ်၏။
အဒေါ်ကြီး နာမည်က ဒေါ်လှသောင်းတဲ့၊ ထို အမျိုးသမီးချော နာမည်က ခင်စောအိတဲ့၊ သူ့ကိုယ်သူ ပြောတော့ "အိ" တဲ့။
သို့သော် ခင်စောအိ မျက်နှာကို အကဲခတ်ရသည်မှာ မောင်မောင်သန်း စိတ်ထဲတွင် တယ်ပြီး ကြည်သာသည်ဟု မထင်၊ တစ်စုံတစ်ခုကို ပူဆွေးသောက ရောက်နေပုံပဲ။ ထို့ကြောင့် ပျဉ်းမနားဘူတာ အလွန်တွင် မခင်စောအိ အိမ်သာ ဝင်သွားစဉ်၌ မောင်မောင်သန်းက အဒေါ်ကြီးအား ...
"အန်တီသောင်းရယ် ... တစ်ခု မေးပါရစေ၊ အိမျက်နှာ ကြည့်ရတာ တယ်ပြီး မရွှင်ပျဘူးဗျ"
ထိုအခါ အဒေါ်ကြီးက
"ဪ ... မောင်မောင်သန်းတော့ သိရတာ မကြာသေးပေမယ့်လို့ ကိုယ့်တူရင်း သားရင်းလို ခင်လို့ ပြောရဦးမယ်၊ အိက မုဆိုးမ ဖြစ်တာ မကြာသေးဘူးကွယ့်"
မောင်မောင်သန်း မျက်လုံးအပြူးသားနှင့် ပါးစပ်အဟောင်းသား ဖြစ်သွားကာ
"ဪ ... "
အဒေါ်ကြီးက
"အဲဒါ ရက်လည် သပိတ်သွပ်ပြီးလို့ သုံးရက်ပဲ ရှိသေးတယ်၊ အိမ်မှာ သူ့လင် ခြေရာလက်ရာတွေ ကြည့်ရတာ ပူဆွေးသောက ရောက်လှတယ်၊ ဒါကြောင့် စိတ်ပြေလက်ပျောက် ဆိုပြီး အဒေါ်နဲ့ ခရီးရှည် ထွက်လာကြတာ"
"ဪ ....."
မောင်မောင်သန်းသည် ဒုတိယမ္ပိ ဪရပြန်၏။
အဒေါ်ကြီးက စကားဆက်သည်။
"သူတို့လင်မယားက တစ်ယောက်တစ်ယောက် သိပ်ချစ်ကြတာကွယ့်၊ သူ့ယောက်ျား နာမည်က မောင်ဖိုးသာကို "သာ" လို့ အဖျားဆွတ်ကလေး တစ်လုံးထဲ ခေါ်တယ်၊ သူ့လင်ကလဲ သူ့ကို "အိ" တဲ့"
"ဪ ..."
မောင်မောင်သန်း၏ တတိယမ္ပိ ဪ ....
"အဲလိုချည်း သာ ... အိ၊ သာ ... အိ နဲ့ သာအိ တစိုစို နေရာက သူ့လင်ဟာ အနိစ္စသဘော ကိစ္စချော သွားတာကွယ့်၊ သူ့ယောက်ျားက ကိုယ်လုံးကိုယ်ဖန်ချင်း မင်းနဲ့ ခပ်ဆင်ဆင် တူသေးတော့"
"ဪ ..."
မောင်မောင်သန်း၏ စတုတ္ထမြောက် ဪ ...
"အောင်မလေး သူတို့ လင်မယားက တစ်ယောက် တစ်ယောက် အင်မတန် ကယုကယင် နေကြတာ၊ မောင်ဖိုးသာ အလုပ်သွားမယ် ဆိုရင်လေ၊ အိက အိမ်ပေါ်ဝထိအောင် လိုက်သွားပြီး ပါးကလေး မော့ပေးလိုက်တယ်၊ မောင်ဖိုးသာက မွှေးပြီးတော့မှ တာ့ ... တာ၊ တာ့ ... တာနဲ့ တစ်ယောက်တစ်ယောက် နှုတ်ဆက်သွားကြတယ်၊ အပြန်မှာလည်း မယားက ဒီလိုပဲ အပေါက်ဝက ဆီးကြိုတယ် ပါးကလေး မော့ပေးတယ်"
"ဪ ..."
မောင်မောင်သန်း၏ ပဉ္စမမြောက် ဪ ...
"အဲသည်လိုပဲ ပေါင်းသင်း လာခဲ့ကြတာ ငါးနှစ်ကြာတော့ မောင်ဖိုးသာ ဖျားပြီး သေခါနီးမှာ (အိရယ် တဲ့၊ သာ မရှိတော့ဘူး ဆိုရင် အိ နောက်လင် ယူတော့မှာပေါ့နော်) ဆိုတော့ အိက (သာ စိတ်ချသာ သွားတဲ့၊ အိဟာ သာက လွဲရင် ဘယ်သူမှ မယူပါဘူး) လို့ ကတိ ပေးလိုက်တယ်၊ ဒီတော့မှလဲ မောင်ဖိုးသာဟာ အသေဖြောင့် သွားပါတယ်ကွယ်" ဟု အဒေါ်ကြီးက လွမ်းလွမ်းဆွေးဆွေး ပြောပြသည်။
ဒီအခါတော့ မောင်မောင်သန်းသည် ဆဌမမြောက် မ"ဪ" နိုင်တော့ပဲ မချိတင်ကဲ အသံကြီးနှင့်
"
အောင်မယ်လေး ... အန်တီသောင်းရယ်၊ ကျွန်တော့် အဖြစ်နဲ့ တူလိုက်တာဗျာ" ဟု ဆိုပြီး သူ့အကြောင်းကို ပြောပြလိုက်တော့ အဒေါ်ကြီးက အားရပါးရ ရယ်မောပြီး ...
"အင်း ... မင်းတို့ တူနှစ်ကိုယ်ချင်းတော့ တွေ့နေပြီကောကွဲ့၊ မင်းခုန အိမ်သာ သွားနေတုန်းကလဲ အိက ဒီလူ့မျက်နှာ ကြည့်ရတာ သိပ်ရွှင်ပျပုံ မပေါ်ဘူးတဲ့၊ ပြောတယ်"
ဤတွင် မောင်မောင်သန်း ပျာပျာသလဲ ဖြစ်သွားကာ ...
"ဟင် ... ဟုတ်လား အန်တီသောင်း"
"ဟုတ်တယ် ... မင်းက သူ့ကို စိတ်ဝင်စားသလိုပဲ၊ သူကလဲ မင်းကို စိတ်ဝင်စားပုံပဲ၊ ဒါပေမယ့် မင်းအကြောင်း အန်တီက မသိသေးတော့ ပြောမပြလိုက်ရဘူး၊ ခုတော့ ပြောလိုက်မယ်လေ၊ အိ အိမ်သာက ပြန်လာတော့၊ မင်းက အိမ်သာထဲ သွားနေပေါ့ဟုတ်လား"
ယင်းသို့ဖြင့် မောင်မောင်သန်း အီးအီးမပါဘဲနှင့် အိမ်သာထဲတွင် တစ်အောင့်တနားကြီး နေလိုက်ရ ပြန်၏။
ဪ ... သွားလေသူတို့အား မောင်မောင်သန်းက
"သီကလွဲရင် ဘယ်သူမှ မယူပါဘူး" ခင်စောအိက
"သာကလွဲရင် ဘယ်သူမှ မယူပါ" ဟု ချစ်ကတိတွေ ကိုယ်စီ ပေးလိုက်ကြပြီမို့ တစ်ဦးအဖြစ် တစ်ဦး သိနေကြသော သူတို့နှစ်ယောက်အဖို့ ခက်မနေကြပေဘူးလား။
သို့သော် ... မခက်ပါဘူး၊ လောကတွင် လိုလျှင်ကြံဆ နည်းလမ်းရသည်မို့ ရမည်းသင်း ဘူတာ အလွန်တွင် ဤပြဿနာကို ဟိုအဒေါ်ကြီး ဒေါ်လှသောင်းကပဲ ဖြေရှင်းပေးလိုက်ပါ၏။
"မင်းတို့က ခုမှ မုဆိုးဖို, မုဆိုးမ စလုံးရေ စရုံ ရှိကြသေးတာကွာ၊ ငါက ငါး မုဆိုးမ၊ မုဆိုးမ ငါးခါ ဖြစ်ခဲ့ပါပြီကွယ်၊ သေခါနီး လူတွေက သူတို့ အသက်ကလေး ထွက်ပါမယ့် အရေး၊ အင်မတန် ဇီဇာ ကြောင်တာကွယ့်၊ ငါလဲ ဒီကတိမျိုးတွေ ပေးခဲ့ဘူးသပေါ့၊ အမှန်တော့ သေခါနီးလူကို ပေးလိုက်တဲ့ ကတိလဲ မပျက်ရအောင်၊ ကိုယ့်ဆန္ဒလဲ ပြည့်ရအောင် မြွေမသေ တုတ်မကျိုး နည်းရှိပါတယ်ကွ၊ အဲ ... ငွေလေးတော့ အနည်းအကျဉ်း ကုန်မယ်ပေါ့ကွာ၊ အခုနှစ်မှာ သတင်းစာတွေက ကြော်ငြာခ တစ်ကော်လံ တစ်လက်မကို ဘယ်လောက် ယူသလဲ"
မောင်မောင်သန်းက သွက်လက် ဖျတ်လတ်စွာ၊
"၁၅ိ/- ခင်ဗျ"
"အောင်မယ်လေး ... ဟိုတုန်းက ၈ိ/- ပါကွာ၊ ကြေးမုံ သတင်းစာမှာ ဆိုရင် ပိုင်ရှင် အယ်ဒီတာက အန်တီ့ သူငယ်ချင်းမရဲ့ သားမက် ဖြစ်နေတော့ အန်တီဆို တစ်ပြားမှတောင် မပေးရဘူး၊ ငါ နောက်လင်တစ်ခါ ယူခါနီးတိုင်း ဖရီး ကြော်ငြာတာချည်းပဲ"
"ဘယ်လို ကြော်ငြာရမလဲ ခင်ဗျ"
မောင်မောင်သန်းက မေး၍ အဒေါ်ကြီးက သူ့နည်းသူ့ဟန်ကို ပြောပြတော့ ခင်စောအိရော မောင်မောင်သန်းပါ သဘောကျလှသဖြင့် သူတို့သည် သေသူများ၏ အသက်အာမခံငွေတွေ မြိုးမြိုးမြက်မြက် ရထားသည့်အတိုင်း မြိုးမြိုးမြက်မြက်ပဲ ဉာဏ်ပူဇော်ခ ကမ်းပေးလိုက်ကြပြီး သာစည်ဘူတာ အရောက်၌ ရန်ကုန်ရထားပေါ်က ဆင်းခဲ့ကြ၍ မန္တလေးမှ လာသော အစုန်ရထားဖြင့် ရန်ကုန်သို့ ပြန်လိုက်ခဲ့ကြလေ၏။
သူတို့ ရန်ကုန် ရောက်ပြီး နောက်တစ်နေ့ သတင်းစာများ၌
-------
နာမည်ပြောင်းခြင်း
မြောက်ဥက္ကလာပ၊ ခိုင်သစ္စာလမ်း၊ အမှတ် (၇၅) နေ ကျွန်တော် မောင်မောင်သန်း၏ နာမည်ကို မောင်မောင်သာဟု ပြောင်းလိုက်ပါကြောင်း။
ပုံ - မောင်မောင်သာ
------
၎င်းကြော်ငြာအောက်မှာပဲ
--------
နာမည်ပြောင်းခြင်း
တောင်ဥက္ကလာပ၊ သမ်ဘူလရပ်ကွက်၊ အမှတ် (၁၅၀၉) နေ ကျွန်မ ခင်စောအိ နာမည်ကို ခင်စောသီဟု ပြောင်းလိုက်ပါကြောင်း။
ပုံ - ခင်စောသီ
----------
ဤသို့ နာမည်ပြောင်း ကြော်ငြာများ ပါပြီးနောက် တစ်နေ့ သတင်းစာများ၌
---------
လက်ထပ်ပြီးစီးခြင်း
မြောက်ဥက္ကလာပ၊ ခိုင်သစ္စာလမ်း၊ အမှတ် (၇၅) နေ ကျွန်တော် မောင်မောင်သာနှင့် တောင်ဥက္ကလာပ၊ သမ်ဘူလရပ်ကွက်၊ အမှတ် (၁၅၀၉) နေ ကျွန်မ ခင်စောသီ တို့သည် မနေ့က ပြည်သူ့တရားရုံး၌ လက်ထပ်ပြီးစီးပါကြောင်း။
ပုံ - မောင်မောင်သာ+ခင်စောသီ
----------
ယင်းသို့လျှင် သူတို့နှစ်ယောက်သည် သွားလေသူတို့အား ပေးလိုက်သော ကတိများလည်း မပျက်စေဘဲ မယားက လင်ကို "သာ"၊ လင်က မယားကို "သီ" ဟု သီ သီ သာ သာ နှင့် တီတီတာတာ ပေါင်းသင်း နေကြလေသတည်း။
ကောင်းနော် ...
0 Comments