မိုးတိမ် - သော်တာဆွေ (ဝတ္ထုတို)

 ဝတ္ထုတို အမည် - မိုးတိမ်

စာရေးသူ - သော်တာဆွေ

Short Story


-------------------------------------------------


မိုးတိမ်


#သော်တာဆွေ


ကျွန်တော် သူ့အကြောင်း ရေးတော့မည်ဟု ဆုံးဖြတ်ပြီးသော်လည်း ဘယ်က စရေးရမည်ကို တော်တော် စဉ်းစားယူရပါသည်။ ရက်ပေါင်းပင် အတော်ကြာပါသည်။


သူနှင့်ကျွန်တော်သည် တစ်ရွာတည်းသား၊ အသက်ချင်း မတိမ်းမယိမ်း၊ အိမ်ချင်းလည်း တယ်မဝေးသဖြင့် ငယ်စဉ်တောင်ကျေး ကလေးဘဝကပင် ကစားဖော်များ ဖြစ်ခဲ့ကြပြီးနောက် ရွာဦးဘုန်းတော်ကြီးကျောင်းတွင်လည်း အတူနေခဲ့ကြပါသည်။ ဘုန်းတော်ကြီးကျောင်းဟု ဆိုသော်လည်း ကျွန်တော်တို့ခေတ်မှာ ဘုရားရှိခိုးမှလွဲပြီး ဘုန်းကြီးစာ မသင်တော့ဘဲ လောကဓာတ်ကျောင်းခေါ် မြန်မာစာ သတ္တမတန်းကျောင်း ဖြစ်နေပါသည်။ သို့ရာတွင် ထိုခေတ်ထိုအခါမှာ မြန်မာပြည်တွင် အင်္ဂလိပ်လက်အောက် ကျွန်သပေါက်ဘဝ၌ ကျွန်တော်တို့ကျေးတောရွာတွေ လွန်စွာဆင်းရဲကြ၍ ကလေးသူငယ်တို့သည် ၇တန်း ရောက်အောင် သင်ကြားနိုင်သူ အလွန်နည်းလျက် ၂တန်းက ထွက်၊ ၃တန်းကထွက်၊ ၄တန်းကထွက်၊ ၅တန်းကထွက်နှင့် ကျွန်တော်နှင့် ကျောင်းနေဖက်တို့သည် သူငယ်တန်းတုန်းက ၂၀မျှ ရှိခဲ့ရာ ၇တန်း ရောက်သောအခါ ကိုယ့်ရွာက ကျွန်တော်နှင့် အခြားတစ်ယောက်သာ ကျန်တော့၏။ ဤသို့ ကျောင်းသားတွေ တဖြုတ်ဖြုတ်ထွက်ရသည်မှာ ပညာကို မသင်ကြားလို၍ မဟုတ်ကြဘဲ မိဘများက ဆင်းရဲကြသဖြင့် သည်သားအား ကျောင်းမလွှတ်နိုင်ဘဲ အိမ်တွင် ကျီးမောင်း ကြက်နှင် ကစပြီး မိဘကိုကူညီရန် ဖြစ်တော့၏။


ယခု ကျွန်တော်ရေးမည့်သူ၏နာမည်မှာ မိုးတိမ်။ ကျေးတောသားဖြစ်လျက် သူ့မိဘများက နာမည်ညွန့်ညွန့်လေး မှည့်လိုက်သည် မထင်ပါနှင့်။ သူ့အစ်ကိုအကြီးက “ဖိုးစိန်” ဖြစ်နေသဖြင့် သူ “မိုးတိမ်” ဖြစ်ရခြင်းပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတို့သည် နာမည်ကို နာဘေကာရန်နှင့် မှည့်တတ်ကြလေရာ နာမည်ဖက်ရှင်ထွင်နေသော မြို့သားတို့ထက် တောသားတွေက မူမှန်ပါသည်။ ဥပမာ မြယဉ်၊ မြခင်၊ မြသင်၊ ထွန်းစိန်၊ ထွန်းရှိန်၊ ထွန်းမှိန်၊ ဤ နာမည်ပေး သမားရိုးကျအတိုင်း တောရွာတွေမှာ မှည့်နေကြတုန်းပါပဲ ရိုစီဘတုတ်နဲ့ ဂျော်ဂျီဖိုးဝတို့ရေ။


မိုးတိမ်၏နာမည်ကို မူလမှည့်စဉ်က “ဖိုးစိန်” အောက် သမားရိုးကျ “ဖိုးမှိန်” သာဖြစ်၏။ သို့သော် ဗေဒင်လေး မတောက်တခေါက်တတ်သော သူ့ဘကြီး ဖိုးသာဝက သူ့ပညာကုန် တွက်ချက်ကြည့်ပြီးနောက် “အောင်မာ ငါ့မြေးဇာတာက မမှိန်ပါဘူးကွ၊ ထူးခြားတဲ့လက္ခဏာတွေ ပါပါတယ်၊ ဖိုးမှိန်မလုပ်နဲ့ဟေ့ မိုးတိမ်” ဟု မှည့်ခေါ်ခဲ့ကြကြောင်း သူ့နာမည်ဆန်းနေ၍ စုံစမ်းကြည့်တော့ ဤသို့ သိရပါသည်။


မိုးတိမ်၏မိဘများမှာ ကျွန်တော်သိတတ်သောအချိန်တွင် လယ်လေးငါးဧကနှင့် ကိုယ်ပိုင် နွားတစ်ရှဉ်းရှိ၍ ချစ်တီးဆီက ၇ဧကမျှ လယ်ထောက်ခ ယူလုပ်ခြင်းဖြင့် စီးပွားရေး ချောင်ချောင်လည်လည်ရှိခဲ့ပေသား။ သို့ရာတွင် ရုတ်တရက် သူ့ဖခင် လယ်ထဲတွင် ပိုးထိ သေဆုံးသွားခြင်းကြောင့် မိုးတိမ်သည် ၆တန်း၌ ကျောင်းထွက်လိုက်ရကာ မူလက ဖအေနှင့် တွဲလုပ်နေသော သူ့အစ်ကိုကြီး ဖိုးစိန်ကို ကူညီရလေ၏။


ကျွန်တော်တို့အရပ် လယ်၁၂ဧက တစ်ရှဉ်းလုပ်မှာ ခေါင်းဆောင်တစ်ယောက်နှင့် နောက်လိုက်တစ်ယောက်တော့ ရှိရသည်။ ထိုအချိန်၌ မိုးတိမ်၏အသက်သည် ဆယ့်လေးငါးနှစ်မျှ ရှိနေပြီဖြစ်၍ ဖအေမရှိသည့်နောက် သားကို ပညာထွန်းပေါက်အောင် မသင်နိုင်တော့ပြီဟု ကျောင်းနုတ်လိုက်သော သူ့မိခင် မုဆိုးမကိုလည်း မည်သည့်ဆွေမျိုးဉာတကာနံကမှ တားမြစ်ခြင်း မပြုကြတော့ပေ။ “အေးကွာ လယ်သမားသားပဲ၊ ဆယ့်လေးငါးနှစ်ရှိရင် ထွန်ကူတော့ လိုက်နိုင်ရတယ်ပေါ့” ဟုသာ ပြောကြပါသည်။ “ငါ့ မြေးဇာတာ မမှန်ပါဘူး၊ ထူးခြားတဲ့လက္ခဏာတွေ ပါပါတယ်” ဟု ဆိုခဲ့သော သူ့အဘိုးကား မရှိတော့ပြီ။


ဤသို့လျှင် မိုးတိမ်နှင့်ကျွန်တော်သည် ကျောင်းနေဖက်ဘဝမှ ခွဲခွာရပြီးနောက် ကျွန်တော် ၇တန်းအောင်၍ မြို့က အထက်တန်းကျောင်းသို့ ပြောင်းရသည်၌ သူနှင့်ကျွန်တော် လူချင်း တွေ့ဆုံမှု နည်းပါးခဲ့လေပြီ။ နောက် ကျွန်တော် ၁၀တန်းအောင်၍ ရန်ကုန်မြို့ရောက်၊ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်၊ ဂျပန်ခေတ် ကျွန်တော်အိမ်ထောင်ကျ၊ သည့်နောက် စာရေးဆရာဖြစ်၍ ရန်ကုန်မှာနေတော့ မိုးတိမ်နှင့်ကျွန်တော် နှစ်ပေါင်းများစွာ လုံးဝ အဆက်ပြတ်ခဲ့လေသည်။


သို့ရာတွင် ကျွန်တော် ရွာသို့ တစ်ခေါက်တစ်ခေါက် ထုံ့ပိုင်းထုံ့ပိုင်း ပြန်ရောက်သည်၌ သူ့သတင်းကို ဝိုးတဝါးမျှ ကြားရပါ၏။


“မိုးတိမ်အမေနဲ့ အစ်ကို ဖိုးစိန်ဟာ ဂျပန်ခေတ်လယ်လောက်ကပဲ ဆုံးတယ်၊ မိုးတိမ်ကတော့ ဂျပန်အဝင်တုန်းက မြို့က စစ်ပြေးလာပြီး သူတို့အိမ်မှာ တည်းခိုကြတဲ့လူတွေနဲ့ အဆက်ရပြီး မြို့ကို ပါသွားတယ်၊ မြို့မှာ ပန်းထိမ်သင်တယ်”


နောက် လွတ်လပ်ရေးရပြီး ဖဆပလခေတ်၌..

“ဟာ မိုးတိမ် တယောထိုးသိပ်ကောင်းတာပဲ။ မြို့ကတီးဝိုင်းတွေမှာ၊ ရုပ်ရှင်ရုံတွေမှာ တယော ထိုးရတယ်၊ လူကြိုက်သိပ်များဆိုပဲ"


ထိုမှတဖန်...

“မိုးတိမ်က မြို့မှာ ကောင်းစားနေပြီဆရာ၊ သူလုပ်တဲ့ ပန်းထိမ်ဖိုပိုင်ရှင်သမီးနဲ့ ညားတယ်။ အောင်မယ် ကိုယ့်လူ ရွှေဆိုင်ထိုင်ရင်တော့ ရွှေကြယ်သီး၊ ရွှေလက်စွပ်၊ ရွှေလက်ပတ်ကြီးနဲ့ ဆရာ၊ ဝင်းထိန်နေတာပဲ”


နောက် တစ်ဖန်

“မိုးတိမ်က မယားရ တယ်ကံကောင်းတာပဲကွ၊ သူ့ယောက္ခမအထီးကြီးက ပန်းထိမ်ဖိုနဲ့ ရွှေဆိုင်၊ ယောက္ခမကြီးက ကုန်မျိုးစုံဆိုင်နဲ့၊ မိုးတိမ် ထိုင်ချင်ရာမှာထိုင်၊ အပြင်ထွက်တယ်ဆိုရင် ဂျစ်ကားတစ်စီးနဲ့ ဝီခေါ်နေတာပဲကွာ”


ဤသို့လျှင် ကျွန်တော်တို့ရွာသားတွေက ကိုယ့်ရွာသားတစ်ယောက် ကောင်းစားနေသည်ကို ထောမနာပြုကြ၍ ကျွန်တော် ဝမ်းသာလှပါသည်။ သူ့ဘကြီးက သူ့မြေးဇာတာ တွက်ခဲ့တာလည်း မှန်လှပေ၏ဟု ယုံကြည်မိပါ၏။ မိုးတိမ်တော့ ကျွန်တော် တစ်နေ့ တွေ့ဦးမည်ဟု စိတ်မှာထား၏။


သို့သော် ကျွန်တော် ရွာသို့ ပြန်ရောက်၍ မိုးတိမ်နှင့် မမျှော်လင့်ဘဲ တွေ့လိုက်ရတော့ မိုးတိမ်သည် သူ့ဘကြီးဟောခဲ့သော မိုးတိမ်မဟုတ်ဘဲ သူ့ကို မူလမှည့်စဉ် “ဖိုးမှိန်” ဖြစ်နေချေပါပြီဟု ကျွန်တော် အောက်မေ့မိ၏။


၁၉၆၄ခုနှစ် နွေရာသီမှာပေါ့။ ကျွန်တော့ဇာတိဌာန မွေးရပ်ရွာသို့ ခေတ္တပြန်သွားတော့ မိုးတိမ်ကို ကျွန်တော့်ယောက်ဖအိမ်မှာ ရေထမ်းနေတာ တွေ့ရတယ်။ လူလည်း စုတ်ပြတ်ပိန်လှော်လို့။


သူနှင့်ကျွန်တော် လုံးဝမတွေ့တာ သေသေချာချာ ခုနှစ်သက္ကရာဇ်နှင့် စဉ်းစားကြည့်လိုက်တော့ ၂၅နှစ် ကျော်ပြီပဲ။ ယခု ပြန်တွေ့ကြတော့ ကျွန်တော်က ၄၅နှစ်၊ သူက တစ်နှစ်ကြီးသမို့ ၄၆နှစ်။


အဲသည် သက္ကရာဇ်တုန်းက ကျွန်တော်လည်း ရမ်ကို မပြတ်စဲနိုင်သေးသည်မို့ ကျွန်တော့်ယောက်ဖအိမ်က ကြက်သားကြော်နှင့် စားပွဲထိုင်နေတုန်း မိုးတိမ်ဟာ အိမ်ရှေ့မှာ သူ့ရေထမ်းပုံးတွေ ချ၊ အိမ်ပေါ်တက်လာပြီး ကျွန်တော့်ယောက်ဖကို “ကိုစံတင် ခုနှစ်ထမ်း” လို့ ပြောတယ်။


သည်တော့ ကျွန်တော်က အိမ်ခေါင်တိုင်နားက ပက်လက်ကုလားထိုင်မှာ ထိုင်လို့။ မီးမထွန်းသေးတဲ့ နေဝင်စမှောင်ပျပျမှာ အရက်သောက်နေရင်းက “ဟေ့.. မိုးတိမ်” လို့ လှမ်းခေါ် လိုက်တဲ့အခါ သူ ကျွန်တော့်ကိုမြင်ပြီး “ဟ.. ဗိုလ်နီကြီးပါလား၊ မင်းဘယ်တုန်းက ရောက်နေသလဲ” လို့ ကျွန်တော့်ငယ်နာမည်ခေါ်ပြီး အားရပါးရ နှုတ်ဆက်တယ်။


ကျွန်တော်က...

“ခုညနေပဲလကွာ၊ လာ...မင်း အရက်သောက်တတ်တယ်မဟုတ်လား” လို့ ဆိုလိုက်တော့ သူ အဖြေမပေးမီဘဲ ကျွန်တော့ယောက်ဖက...


“မင်း မိုးတိမ် အရက်သောက်တတ်သလား မေးတာက ကြွက်တွင်းထဲ ရေလောင်းချရင် ဝင်ပါ့မလား မေးတာနဲ့ အတူတူပဲကွ”


မိုးတိမ်က ဘာမှပြန်မပြောဘဲ ရယ်ကျဲကျဲကြီးနှင့် ကျွန်တော့်အနား လာထိုင်သည်။


သို့သော် သူသည် နှစ်ခွက်မျှသောက်ပြီးနောက် “တော်ပြီကွာ ငါသွားတော့မယ်” ဟု ထိုင်ရာမှ ထ၏။


ကျွန်တော်က ပုလင်းမြှောက်ပြ၍

“ဟ... ကောင်ကြီးရ ဒီမှာ တစ်ဝက်သာသာကြီး ကျန်နေသေးတယ်၊ လုပ်ပါဦးကွာ၊ ငါတစ်ယောက်တည်း ပျင်းလို့ပါ၊ တို့သူငယ်ချင်းတွေ မတွေ့ရတာလဲ ကြာပြီ၊ အေးအေးဆေးဆေး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရအောင်ကွာ”


သို့တိုင် တားမရ။ သူသည် ကျွန်တော့်ကို တည်ငြိမ်စွာကြည့်၍ “ကျေးဇူးတင်ပါတယ်ကွာ၊ နောက်မှ တွေ့ကြတာပေါ့၊ အခု ငါ့မှာ ရေထမ်းစရာ ရှိသေးတယ်ကွ” ဟု ဆိုပြီး အိမ်ပေါ်မှ ဆင်း၍ သူ့ရေထမ်းပုံးများနှင့် ထွက်ခွာသွားလေ၏။


သူ့ပုံပန်း ကြည့်ရသည်မှာ ကိုယ်သဏ္ဌာန်စုတ်သော်လည်း ဟန်ပန်လေသံကတော့ ကျွန်တော်တို့ရွာ မူလကျေးတောသားနှင့် မတူတော့ချေ။


သူ ဝင်းအပြင်ဘက် ရောက်သွားသည်၌ ကျွန်တော့်ယောက်ဖအား..

“ကိုစံတင် ဒီကောင်ကြီး ရွာပြန်ရောက်တာ ဘယ်လောက်ကြာပြီလဲ”


“တော်တော်ကြာပြီကွ၊ သုံးလေးနှစ်တော့ ရှိပြီထင်တယ်”


“သူ အရင်ကတော့ မြို့မှာ သွားအိမ်ထောင်ကျပြီး ဟန်ဟန်ပန်ပန် ဖြစ်နေတယ်ဆို”


“အေးကွာ၊ အဲဒီတုန်းကတော့ မိုးတိမ်ဟာ ထိန်ထိန်လင်းနေတာပေါ့၊ ခုတော့ကွာ အဲဒီအိမ်ထောင်နဲ့ ကွဲလာပြီး ဒီမှာ ဆင်းဆင်းရဲရဲ နေတာပါပဲကွာ”


“သူ့မှာ သားသမီးတွေ မရှိဘူးလား”


“ရှိတယ်၊ အကြီးဆုံးကောင်က အိမ်ထောင်တောင်ကျပြီ၊ သမီးငယ်နှစ်ယောက်ကလဲ အပျိုတွေ၊ လှကလှနဲ့ မင်း ဈေးရောက်ရင် သူတို့အမေနဲ့ ဈေးထွက်နေတာ သူတို့ကုန်စုံဆိုင် ဝင်ကြည့်ပါလား”


“နေပါဦး ကိုစံတင်ရာ၊ ဒီကောင် အိမ်ထောင်ကျပြီး စီးပွားဖြစ်နေတယ်ဆိုရင် လင်မယား ကွာရှင်းကြတော့ ပစ္စည်းတစ်ယောက်တစ်ဝက်၊ သို့မဟုတ် အနည်းအကျဉ်းတော့ ရလာရမယ် မဟုတ်လား၊ အဲဒါ သူ ဖြုန်းပစ်သလား”


“ဟေ့အေး သူက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဆင်းလာတာကွ၊ တို့ ရွာပြန်ရောက်တော့ သူ့မှာ ဘာမှ ပါလာတာမဟုတ်ဘူး”


“သူ့မယားက နောက်အိမ်ထောင်ပြုသလား”


“မပြုပါဘူး၊ သူတို့လင်မယားက ကွာရှင်းတာလဲ မဟုတ်ဘူး၊ မင်းကောင်ကြီးကသာ စိတ်မထင်လို့ ဆင်းလာတာ ဆိုလားပဲကွ”


ကျွန်တော့်ယောက်ဖကား သူများအကြောင်း ဘာမျှ စူးစမ်းလေ့လာတတ်သူ မဟုတ်ချေ။ သူများပြောသံကိုသာ နားရှိ၍သာ ကြားရသူဖြစ်ပါ၏။ ထို့ကြောင့် မိုးတိမ်အကြောင်း သူ့ဆီက ဘာမျှ ထူးထူးထွေထွေ မသိရ။

နောက်တစ်နေ့ညနေတွင် ကျွန်တော်သည် သူငယ်ချင်းဖိုးထင်၏အိမ်အပေါ်ထပ်ဝယ် စကားစမြည် ပြောနေကြစဉ် အိမ်ရှေ့မှ “ဟေ့... ဖိုးထင် ဖိုးထင်” ဟု မိုးတိမ်၏ခေါ်သံကို ကြားရ၍ ဖိုးထင်သည် အိမ်ပေါ်မှ ဆင်းသွားသည်။ လမ်းတွင် မိုးတိမ်နှင့်တွေ့ပြီး ခဏအကြာ အိမ်ပေါ် ပြန်တက်လာ၍ သူ့ဇနီးအား “ဟေ့ အပု ငွေနှစ်ကျပ်ပေးစမ်း” ဟု တောင်း၏။ ရလျှင် အိမ်ရှေ့ ထွက်သွားပြီး မိုးတိမ်ကိုပေးသည်။


မိုးတိမ် ထွက်ခွာသွား၍ ဖိုးထင် အိမ်ပေါ်ပြန်ရောက်လာသည်၌ ကျွန်တော်က...

“မိုးတိမ်က မင်းဆို ဘာကြောင့် ပိုက်ဆံလာတောင်းတာလဲကွ”


“အပုပ်ချိန်ဆိုတော့ သူအရက်သောက်ဖို့ပေါ့ကွာ”


“အေး.. ဒါ ဟုတ်ပါပြီ၊ ငါမေးတာက သူက မင်းဆီမှာ ပိုက်ဆံရစရာရှိလို့လား”


“ဟာ.... သူနဲ့ ငါကတော့ သူရစရာရှိလဲ ပေးရတာပဲ၊ မရှိသေးဘဲ ကြိုတောင်းလဲ ပေးရတာပဲကွ”


“ဘယ်လိုကြောင့်တုံး”


“ဒီလိုကွာ၊ အိမ်မှာ ငါမနိုင်မနင်းရှိတဲ့ အလုပ်ဆိုရင် သူ့ကို ခိုင်းရတာပဲကွ၊ အခု ငါက မြေပဲခင်းကလေးတွေ ထွန်နေတော့ သူ့ကို မြက်ထမ်းခိုင်းရတယ်ကွ၊ ဒါက ငါတစ်ယောက်တည်း မဟုတ်ဘူးကွ၊ ဘယ်သူ့အိမ်ဖြစ်ဖြစ် ကိုယ့်အိမ်သားချည်း မတတ်နိုင်ရင် သူ့ကို အားကိုးရတာပဲ။ ထင်းပေါက်၊ ရေခပ်၊ မြေပဲနုတ်၊ ဂုန်လျှော်ခုတ်ကွာ အစစအရာရာ ဆိုပါတော့”


“ပိုက်ဆံပေးရင် လုပ်ပေးတယ်ပေါ့”


“ဟာ... ဒီလိုလဲ မဆိုနိုင်ဘူးကွ၊ ရေထမ်းတာတို့ မြက်ထမ်းတာတို့တော့ အများပေါက်ဈေး၊ ရေ ၁၀ထမ်း တစ်ကျပ်၊ မြက်တစ်ထမ်း တစ်ကျပ်ပဲ၊ တခြား ဗာဟီရကိစ္စမျိုးတွေတော့ကွာ ဘယ်အဖိုးဖြတ်လို့ ရမလဲ၊ သင့်လျော်သလို ကြည့်ရှုပေး၊ မပေးလဲ ဘာမျှ မပြောပါဘူးကွ၊ ကူညီတဲ့သဘောပဲ၊ အဲဒါတစ်ခု ချီးကျူးဖို့ ကောင်းတယ်”


“ကိုစံတင်ကတော့ မိုးတိမ်ကို အကောင်းမပြောဘူး၊ အရက်သမား ကြွက်တွင်းပဲတဲ့ ”


“ဟာ.. မင်းယောက်ဖကတော့ကွာ၊ သူတစ်စက်မှ မသောက်တတ်တာနဲ့ သောက်တဲ့လူမှန်သမျှ ကြွက်တွင်းချည်း ပြောတဲ့လူကွ၊ အရက်သမားကို ကြွက်တွင်းလို့ ခေါ်ရမယ် အောက်မေ့နေတာ”


“အေး....... ဒါနဲ့ မနေ့ညနေက ငါ မိုးတိမ်ကို ရမ်ခေါ်တိုက်တာကွ၊ နှစ်ခွက်သောက်ပြီးတော့ တော်ပြီ၊ သူ ရေထမ်းစရာရှိသေးတယ်ဆိုပြီး ထွက်သွားတယ်ကွ၊ ငါ တားတာတောင် မရဘူး”


“အေး.. သူ့အလုပ်ဝတ္တရားလဲ အင်မတန် ရိုသေတယ်ကွ၊ သူ့တာဝန်ရှိတာကို မပျက်ကွက်ရဘူး”


“ဒါနဲ့ သူ ဟိုတုန်းက မြို့ပေါ်မှာ အိမ်ထောင်ကျပြီး တော်တော်ကောင်းစားခဲ့တယ်ဆို”


“ဟာ... သူ့ယောက္ခထီးကြီးက ပန်းထိမ်ဖိုနဲ့ ရွှေဆိုင်ကွာ၊ သူ့ယောက္ခမကြီးနဲ့ သူ့မိန်းမနဲ့က ကုန်စုံဆိုင်ကြီးကွာ၊ အလုပ်နှစ်မျိုးစလုံးလဲ သူကျွမ်းကျင်တော့ ထိုင်ချင်ရာဆိုင်မှာ သူထိုင်၊နောက်ပြီး ဂျစ်ကားတစ်စီးနဲ့ သူသွားချင်ရာသွား၊ စားချင်ရာစား လူကိုညွန့်လို့ပေါ့၊ တကယ့် မြို့ပေါ်က သူဌေးလေးပဲ”


“အေး အဲဒီလို အခြေအနေပြီးတော့ အခု ကိုယ့်ရွာပြန်ပြီး သူများအိမ်မှာ ရေခပ်၊ မြက်ထမ်း၊ ထင်းပေါက် လုပ်နေတယ်ဆိုတော့ ဒီကောင် အံ့သြစရာပဲ၊ သူ့သားမယားနဲ့ မသင့်တင့်လို့ ကွဲခဲ့ ကွာခဲ့တာလဲ မဟုတ်ဘူးဆို”


“ဟာ... သူ့မိန်းမက သူ့ကို အမြဲတမ်း ခေါ်ရက်ပါကွာ၊ သူကသာ မပြန်တာ၊ သူ့သားသမီးတွေကလဲ အဖေ့အတွက် ရှက်လှချည်ရဲ့ ပေါ့၊ တစ်ခါတစ်လေ သူတို့ ဂျစ်ကားနဲ့ ရောက်လာပြီး ဖအေကြီးကြိုက်တတ်တဲ့ အရက်တွေ စားစရာတွေ ယူယူလာသေးတယ်ကွ၊ မြို့ပြန်နေဖို့လဲ ချော့ခေါ်ကြတယ်၊ ဒီတော့ သူက သားတို့ သမီးတို့ ချမ်းချမ်းသာသာနေကြတာပဲ ဖေဖေ ကျေနပ်ပါပြီ၊ ဖေဖေလဲ ဒီမှာ ကိုယ်ချမ်းသာသလို နေပါရစေတော့လို့ ပြောတယ်။ ဒီတော့ သားသမီးတွေက ဖေဖေ ဒီမှာ သူများအိမ်ဘေး အဖီလေးချပြီး သူများအိမ်တွေမှာ ထင်းပေါက်တယ်၊ ရေခပ်တယ်၊ ကူလီလုပ်နေရတာ ချမ်းသာသလား မေးတော့ ....”


ကျွန်တော် လွန်စွာ စိတ်ဝင်စားမိကာ သူ့စကား ဖြတ်မေးလိုက်မိသည်။


“အေး.. ဒီတော့ သူဘယ်လိုပြန်ပြောလဲ”


"ဣန္ဒြေရရကြီးနဲ့ ရယ်ပြီးတော့ကွ ချမ်းသာတယ် ဆင်းရဲတယ်ဆိုတာ အစစ်ကို ကလေးတို့ နားမလည်သေးပါဘူးကွယ်” တဲ့။


ကျွန်တော် ရုတ်တရက် အံ့သြပင်သင့်ကာ...

“ဟာ... ဒီလိုပဲ သူပြောသလား”


“ငါကိုယ်တိုင် ကြားရတာကွ၊ သူ့သားသမီးတွေ လာပြီဆိုရင် ငါနဲ့ ဗိုလ်ခိုတို့ကို သူ့အိမ် ခေါ်လေ့ရှိတယ်”


“ဘာလုပ်ဖို့ ခေါ်တာလဲ”


“သူ့ သားသမီးတွေ ယူလာတဲ့ မြို့က စားစရာတွေနဲ့ နိုင်ငံခြားအရက်တွေ တို့ကိုကျွေးတယ်၊ တိုက်တယ်ကွ”


“မင်းတို့က ဒါမျိုးတော့ အကြိုက်ပေါ့လေ”


“ဟာ... ကောင်းတာကိုးကွ၊ ဒါမျိုးကလဲ သူကျွေးမှ တိုက်မှ တို့က စားရသောက်ရတာပဲ။ ဒါပေမယ့်ဟေ့ မိုးတိမ်ကတော့ တို့တောချက်အရက်သာ နေ့တိုင်းသောက်နေတယ်၊ အဲဒီ နိုင်ငံခြားအရက်တွေ ဘာတွေကို ထူးထူးခြားခြား မက်မက်မောမော မရှိလှဘူးကွ၊ တို့သာ ဖိတိုက်တာပဲ”


ကျွန်တော်က ခေါင်းကို လေးလေးညိတ်မိသည်။ မိုးတိမ်အကြောင်းက စိတ်ဝင်စားစရာကောင်းလာသည်။ ကျွန်တော်နှင့် အေးအေးဆေးဆေး တွေ့မည်ဟု စိတ်ကူးမိသည်။ သို့သော် ဤတစ်ခေါက်မှာ ကျွန်တော် မတွေ့ဖြစ်လိုက်တော့။ အကြောင်းမှာ နောက်တစ်နေ့တွင် ကိုသာဗျာတို့ ကိုမြချောတို့ ဝါးတောတက်ရာ ဝါးကူခုတ်ရန်ခေါ်သဖြင့် မိုးတိမ် လိုက်ပါသွား၏။ ကျွန်တော်တို့ရွာမှ ဝါးတောတစ်ခါတက်လျှင် သုံးလေးရက်မျှ ကြာလေရာ ကျွန်တော် အဲသည်အတွင်း ရန်ကုန်သို့ ပြန်ခဲ့ရ၏။ ထိုမှ ကျွန်တော်သည် အနေဝေးသဖြင့် မိုးတိမ်အကြောင်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြန်သည်။


ကျွန်တော်သည် သေလျှင် အပါယ်လားမည်လား၊ နတ်ပြည်သို့ပဲ သွားမလားဟု မည်သူမျှ အတိအကျ ပြောနိုင်ကြမည် မဟုတ်သော်လည်း ယခု ပစ္စုပ္ပန်ဘဝမှာဖြင့် ကျွန်တော်သည် အကုသိုလ်အလုပ်များကို တော်တော်ဝါသနာပါ၏။ကျွန်တော် အရက်သောက်သည်၊ ကြက်တိုက်သည်ကိုတော့ ကျွန်တော့်စာဖတ်ပရိသတ် သိပြီးဖြစ်ကြပါသည်။ ထို့ပြင် ငါးပက်ဝါသနာပါသည်ကိုတော့ အခါအခွင့်မသင့်၍ မထုတ်ဖော်ရသေးပါ။ ယခုမှ စာအဆင်သင့်သဖြင့် ရေးသားရပါသည်။


ကျွန်တော်သည် ငယ်စဉ်တောင်ကျေး ကလေးဘဝကပင် ငါးပက်ဝါသနာပါလှပါသည်။ မိုးရာသီနှင့် မိုးနှောင်းကာလများတွင် ကျောင်းပိတ်ရက်ဆိုလျှင် ဖိုးထင်၊ ဗိုလ်ခို၊ သာကျော်တို့တစ်သိုက်နှင့် ဓားမတိုတစ်လက်၊ တူရွင်း တစ်ချောင်း၊ ခနွဲတစ်လုံး၊ ယက်သဲ့တစ်ခု၊ ပလိုင်း ကိုယ်စီနှင့် ငါးပက်ထွက်ခဲ့ကြပါသည်။ ငါးရှိမည်ထင်သော တွေ့ကရာအိုင်ကို ပက်သည်။


မှန်းချက်နှင့်နှမ်းထွက် ကိုက်သည်လည်းရှိသည်။ မကိုက်သည်လည်းရှိသည်။ တစ်ခါတစ်ရံ လူသုံးလေးယောက် သုံးလေးနာရီကြာအောင် ပက်လို့မှ ငါးနုပ်အဖွဲလေး သုံးလေးကောင်မျှ ရသည်လည်း ရှိတတ်ပါ၏။ သို့သော် ကျွန်တော်တို့သည် စိတ်မပျက်တတ်။ နောက်တစ်အိုင် ပက်ကြပြန်သည်။ များများရလျှင် ကိုယ်စီ ခွဲဝေယူကြသည်။ နည်းနေလျှင် တစ်အိမ်အိမ်မှာ ချက်ပြီး အတူတကွ စားကြ၏။ ကိုယ့်ဟာကိုယ်ဖမ်း၍ ချက်ချင်းစားရသော ငါးသည် ဝယ်စားရသောငါးထက် အဆများစွာ ကောင်းသည်ဟု ယုံကြည်ကြသည်။


ယခု သာဓကပြပါမည်။ မနှစ်က လယ်များ ရိတ်သိမ်းပြီးချိန် တပို့တွဲလ၌ ဖိုးထင်၊ ဗိုလ်ခိုတို့ဆီက...

“တို့ ဒီလပြည့် ဘုရားပွဲတော်အမီ မင်းတို့လယ်ထိပ်က ကျေးပင်အိုင်ကြီးကို ပက်တော့မပေါ့၊ မင်းလာနိုင် လာခဲ့တော့” ဟု အဓိပ္ပာယ်ပါသော လူကြုံစကား ပါးလိုက်၏။ ကျွန်တော်တို့လယ်ထိပ်က ကျေးပင်အိုင်ကြီးဟာ တော်တော်ကြီး၏။ မိုးကုန်ကုန်ချင်း မပက်နိုင်။ ယခု တပို့တွဲလမှ ပက်နိုင်သည်ကိုပဲ ချင့်ချိန်ကြည့်ကြပါတော့။ အိုင်သည် အိုင်ရှည်ဖြစ်၍ တစ်ကန့်စီတစ်ကန့်စီ ခွဲပြီး သုံးလေးရက်လောက်ကြာအောင် ပက်ရ၏။ ငါးအချိန် သုံးလေးဆယ်ရနိုင်၏။


သည်လိုပက်နေတုန်းမှာ မခန်းမီ ရေအကျတွင် ဆောက်ချုံနှင့် ကိုင်းဖုတ်တို့ အောက်ဂလိုဏ်တွင်း၌ ခိုအောင်းကျန်ခဲ့သဖြင့် ရှေးဦးစွာဖမ်းရသော ငါးများထဲမှ ငါးရံ့ခေါင်းတိုကို လည်းကောင်း၊ ငါးသင်းအုံကို လည်းကောင်း၊ ငါးပြေမကြီးကို လည်းကောင်း ရွှံ့မံပြီး မီးဖုတ်၊ ရွှံ့ဖြူအက်တော့ ခွာလိုက်စမ်း၊ အရေပြားက ရွှံ့မှာကပ်ကျန်ခဲ့၏။ အသားဖြူဖြူဖွေးဖွေးကို အရိုး ခွာထုတ်၊ ဆား၊ သံပုရာ၊ ကြက်သွန်ဥကြီး၊ ငရုတ်သီးစိမ်း၊ နံနံပင်နှင့် သုပ်၊ ထန်းလျက်အရက် မီးတောက်နှင့် မြည်း၊ တောက် ရန်ကုန်ဟိုတယ်တွေမှာ နို့စို့ဝက်ကလေး ကောင်လုံးကြော်ကို စကော့ခ်ျဝီစကီနှင့် ချတာနဲ့ တစ်မျိုးစီ ကောင်းကြတာပေါ့ဗျာ။


ကျွန်တော် မနှစ်က အခါမသင့်၍ ဤပွဲတော်ကြီးနှင့် လွဲသွားသည်။ သည်နှစ်တော့ အမိကျဲမှ။ သူတို့က လပြည့်အမီဆို၍ ကျွန်တော် တပို့တွဲလဆန်း ၁၂ရက်နေ့ ရောက်သွားတော့ “ဟာ... ဘသားချောတွေ ထည့်နေတာ နှစ်ရက်တောင် ရှိသွားမှကိုး”


ကျွန်တော် ရန်ကုန်က မနက်အစောဆုံးထွက်တဲ့ ပြည်ရထားနဲ့ လိုက်ခဲ့တာ ရွာရောက်တော့ ၁၁နာရီ ထိုးလုနီးပြီ။ အမောအပန်းတောင် မဖြေတော့ပါဘူး။ ကိုယ့်လူတွေ ကျေးပင်အိုင် နွှဲနေပြီဆိုတာ သိရတော့ ချက်ချင်းပဲ လယ်သမားအဝတ်လဲ၊ အဖေ့ခမောက်ကြီး ဆောင်းပြီး သူတို့ဆီ လိုက်ခဲ့တယ်။


“ဟေး” လို့ ကျွန်တော်က အိုင်ကမ်းပါးပေါ်က အော်လိုက်ရော သူတို့အားလုံး အသီးသီး လုပ်ငန်းကိုယ်စီရပ်၊ အိုင်ထဲက ရွှံ့ ပေကျံတဲ့ မျက်နှာတွေနဲ့ ကျွန်တော့်ကို တစ်ညီတည်း မော့်ကြည့်ကြပြီး သံပြိုင်ပဲ..“ဟား ဗိုလ်နီကြီး ရောက်လာပြီ” ဟု အော်လိုက်ကြ၏။


“ဒီနှစ် တော်တော်နိပ်ရဲ့ လား ဟေ့”


ကျွန်တော်က မေးလိုက်တော့ ဗိုလ်ခိုက သူ့ထုံးစံအတိုင်းပဲ အသံညက်ညက်ကလေးနှင့်...“သင့်သားကွ”


သူ့သင့်သားဆိုလျှင် ဟန်ပြီ။


မောင်သင်လေးက “ဟေ့ကောင်... ထမင်းမစားခဲ့သေးဘူး မဟုတ်လား” မေးတော့..


ကျွန်တော်က “ဟ..အခု အိုင်ထဲက မဖမ်းရသေးတဲ့ ငါးဟင်းနဲ့ စားမလို့ လာခဲ့တာကွ”


သည်တော့ သူက “ဖိုးထင်ရေ ငါးစုံအောင် လျှောက်ဖမ်းပေတော့ကွာ”


ရေလုံးပြီး အလယ်၌ ငါးစုနေပြီဖြစ်သောကြောင့် ယက်သဲ့နှင့် ကော်ဖမ်း၍ ရနေချေပြီ။ ငါးခူ၊ ငါးရံ့၊ ငါးကျည်း၊ ငါးခုံးမ၊ ငါးအိုက်၊ ငါးမြွေထိုး တစ်အိုးစာ ဖိုးထင်က ပလိုင်းနဲ့ ဖမ်းလာတယ်။ အပေါ်ရောက်တော့ ချက်ချင်းပဲ မောင်သင်လေးက ဟင်းကိုင်တယ်။


တံငါတို့သည် တံငါတဲ၌ ငါးကို အမြီးမဖြတ်ရ။ နှုတ်ခမ်းမွေးမဖြတ်ရ။ အကြေးထိုး ချေးဖောက်သာ လုပ်ရပြီး သင့်လျော်သလို တုံးတစ်။


သူတို့ ချက်တာ ငါးနှစ်ပိဿာလောက်ကို ကြက်သွန်ဆယ်ဥ၊ ငရုတ်သီး ဆယ်တောင့်လောက်ပဲ ဆီလေးပြက်သိကာ၊ ဆားနှင့် အိုးထဲမှာ နာနာနယ်ပြီး မီးဖိုပေါ် တင်လိုက်တယ်။ မန်ကျည်းမှည့်လေး နှစ်တောင့် ပစ်ထည့်လိုက်တယ်။ လက်စက်ရေခန်းတော့ (ယောင်းမနှင့်မမွှေဘဲ) အိုးကို လှုပ်ပေးလိုက်တယ်။ နောက်ပြီး ငရုတ်ဆုံဆေးတဲ့ ရေကို လောင်းထည့်၊ အဲသည်ရေလည်း တော်တော်ဆူရော ချစားကြတာပါပဲ ခင်ဗျာ။


သူတို့မိန်းမတွေက သူတို့လင်များ ငါးပက်ရာကို လာပို့ကြတဲ့ ထမင်းဟင်းတွေ၊ ကိုယ့်လူတွေ ရပေါက်ရလမ်း တည့်နေချိန်မို့ ဝက်သား၊ ကြက်သား၊ အမဲသား၊ အသီးသီး ပါကြပါရဲ့ ။ ဒါပေမယ့် ဖိုးထင်တို့ ခုန ချက်လိုက်တဲ့ တံငါတဲငါးဟင်းကို ဘယ်ဟင်းကမှ မမီကြပါဘူးဗျာ။ ဘုရားစူးရစေရဲ့။


ကဲ.... သည်နေရာမှာ ဝက်၊ ကြက်၊ အမဲတွေ ဘေးဖယ်ထားလိုက်စမ်း။ သည်အိုင်ထဲကထွက်တဲ့ ငါးချင်းပဲ မနေ့က အရှင်ဖမ်းသွားပြီး အိမ်မှာလှောင်ထား၊ ခုမနက်မှာ သတ်ပြီး ချက်လာတဲ့ ငါးဟင်း။ အိမ်ကမိန်းမ ချက်တာဆိုတော့ ငရုတ် ကြက်သွန် ဆီဆား အချိုးကျကျနဲ့ ငံပြာရည်တောင် ခတ်လိုက်ပါသေးတယ်။ အဲဒါက အခုန တံငါတဲမှာ ယောက်ျားတွေ ဖြစ်ကတတ်ဆန်းချက်တဲ့ ဟင်းကို မမီဘူးဆိုတာ ယုံနိုင်စရာလား။


ဥပမာတစ်ခု ပြောပြပါမယ်။ ကျွန်တော်ကြားဖူးပါတယ်။ ရှေးခေတ်က မျက်နှာဖြူဗိုလ်တစ်ယောက် တောထဲမှာလာနေတော့ ငှက်တွေကို သေနတ်နဲ့ ပစ်ပြီး လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ကြော်လှော်စားလေ့ရှိသတဲ့။


ဒါနဲ့ ဗိုလ်ဆီက မျက်နှာလိုချင်တဲ့ တောသားတစ်ယောက်က စနိုက်အရှင်တွေ ထောင်ဖမ်းလာပြီး လက်ဆောင်ပေးတယ်။ ဒါပေမယ့် ဗိုလ်က သူ့ကို ပိုက်ဆံအသင့်အတင့်ပေးပြီး စနိုက်တွေကိုတော့ လက်မခံဘူး။ "လူကလေး ပြန်ယူသွားပါ"လို့ ပြောတယ်။


တောသားက “ဘာဖြစ်လို့လဲ သခင်” လို့ မေးတော့ သူက.....

“လူကလေးရဲ့ အကောင်တွေက မလတ်တော့ဘူး”


သည်တော့ ကိုရွှေတောသား အံ့အားသင့်ပြီး...

“အို.. သခင်၊ ဒီ အရှင်ကောင်တွေက ဘယ့်နှယ် မလတ်ရမှာတုံး”


ဗိုလ်က “ကျွန်ုပ်ပြောတယ်၊ မလန်းဆန်းတော့ဘူး ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ကို လူကလေးဖမ်းထားတာ ကြာပြီ၊ သူတို့ စိတ်ညစ်နေတယ်၊ ဒီတော့ သူတို့အသားဟာ စားလို့ မကောင်းတော့ဘူး”


ဗိုလ်ဆိုလိုတာက သည်စနိုက်တွေ အရှင်ဆိုပေမယ့် ဖမ်းလှောင်ထားတာ ကြာပြီမို့ အဆီအသား ခန်းခြောက်နေပြီ။ ဒါကြောင့် စားမကောင်းတော့ဘူး ဖြစ်ပါတယ်။


ဤစကားသည် မှန်လှ၏။ ယခု ရန်ကုန်မှာ ကြက်အရှင်တွေ ခြင်းထဲက ရွေးဝယ်၊ ကုလားအား ဟာလာလုပ်၊ အမွေးနုတ် သို့မဟုတ် အရေဆုတ်ခိုင်း၊ သည်ထက် လတ်ဆတ်တာတော့ မရှိတော့ဘူး အောက်မေ့ကြ။


သို့သော် ကျွန်တော်ကိုယ်တွေ့ ပြောမယ်။ ကိုယ့်အိမ်ကကြက် အိပ်တန်းကဖမ်းပြီး ချက်ချင်း ချက်စားတဲ့ အရသာကို လုံးဝမမီ။ ဘယ်လိုကွဲပြားသလဲ၊ စာနဲ့ ရေးပြလို့တော့ မလွယ်ကူဘူး။ သို့သော် ထင်ရှားတဲ့ ခြားနားချက် ပြရလျှင်ဖြင့် ဆိုပါတော့ သည်ကြက်နှစ်မျိုးကို တစ်အိုးစီ ညဦးက ချက်စားတယ်။ နှစ်အိုးစလုံးမှာပဲ ဟင်းတွေ ကျန်နေတယ်။ အဲသည် ဟင်းနှစ်အိုးကို မနက်ကျတော့ ယှဉ်ကြည်ပါ။ ဈေးကဝယ်တဲ့ ကြက်သားဟင်း အနေအထားသည် မနေ့က အတိုင်းပဲ မည်သို့မျှ ပြောင်းလဲခြင်းရှိမည် မဟုတ်သော်လည်း ကိုယ့်အိမ်က ချက်ချင်း ဖမ်းချက်လိုက်တဲ့ ကြက်သားက အေးချမ်းတဲ့ နံနက်ခင်းမှာ အရည်နဲ့ အဆီအသား ခဲပြီး တွဲနေပါလိမ့်မယ် ခင်ဗျာ၊ ကျောက်ကျောလိုပဲ။


ကဲ ကျွန်တော်တို့ ပြဿနာလုပ်ခဲ့တဲ့ မနေ့ကဖမ်းသွားပြီး အိမ်ကချက်လာတဲ့ ငါးဟင်းနဲ့ တံငါတဲမှာ အိုင်က ချက်ချင်းဖမ်းပြီးချက်တဲ့ ငါးဟင်းဟာလည်း သည်အတိုင်းပဲ ခြားနားသပေါ့။


ဒါကြောင့် ကျွန်တော်တို့ ၆ယောက် စားလိုက်ကြတာ ငါးနှစ်ပိဿာလောက်ချက်တဲ့အိုး ပြောင်ရော။ တခြား ကြက်သား ဝက်သားတွေတော့ တို့ရုံလောက်ပဲ ဆိုပါတော့။


အဲသည်ထမင်းပွဲမှာ တစ်ပုလင်းနှစ်ကျပ်ဈေးဖြစ်တဲ့ ထန်းလျက်အရက်၊ လက်ဖက်ရည်ကြမ်း ပန်းကန်နဲ့ နှစ်ခွက် ကျွန်တော် သောက်လိုက်တယ်။ ထမင်းလည်း စားပြီးရော မျက်တောင် စင်းလာတာနဲ့ ဝါးကွပ်ပျစ်ပေါ်မှာ ဝါးဆစ်ခေါင်းအုံးနဲ့ တုံးတုံးလှဲလိုက်တယ်။ မကြာပါဘူး အိပ်ပျော်သွားရော။ အဲသည်မှာ ကျွန်တော် အိပ်မက်မက်တယ်ဗျို့။ အိပ်မက်ကလည်း မိုင်တစ်သောင်းကျော်ကပစ္စည်း သယ်လာတာဗျို့။


၁၉၆၃ခုနှစ်၊ ကျွန်တော် အရှေ့ဂျာမနီပြည်ရောက်စဉ်တုန်းက တစ်ညသ၌ ဘာလင်မြို့က ဂေါ်ကီ ဇာတ်ရုံကြီးမှာ တယောအလက် ၃၀၀ တစ်ပြိုင်တည်း တစ်သံတည်းဖြစ်အောင် ထိုးတာ နားထောင်ခဲ့ရသဗျ။


အဲဒါဗျာ အခု မြန်မာပြည်က ထန်းလက်ကာတဲ့ တံငါတဲကလေးမှာ ချက်အရက် နှစ်ခွက်နဲ့ အိပ်ပျော်နေတုန်း ပြန်ပေါ်လာတော့ ဘယ်လောက် ဇိမ်ရှိလိုက်သလဲ။


အိပ်မက်ဆိုတာ ဆန်းသဗျ။ အဲသည် တယောအလက် ၃၀၀ ထိုးတဲ့ အသံကနေပြီးတော့ နောက်ဆုံးမှာ တယောတစ်လက်တည်း အသံ ဖြစ်လာတယ်။ တေးသွားကလည်း ဟိုကတေးသွား မဟုတ်တော့ဘူး။ မြန်မာတေးသွား ဖြစ်လာတယ်။


ဒါနဲ့ ကျွန်တော့စိတ်ထဲက "ဟဲ့ အိပ်မက်ရဲ့၊ ငါ့ကို ဂျာမနီ ပြန်ပို့ပါဦး"ဆိုတော့ မရတော့ဘူး။ လားလား ကျွန်တော်က အိပ်ရာက နိုးနေပြီကိုး။ ဒါပေမယ့် မြန်မာတေးသွားနဲ့ တယောသံကတော့ ကြားရက်ပဲ။


ကျွန်တော် ရုတ်တရက် အံ့သြတယ်။ ဘယ့်နှယ် ကွင်းခေါင်ခေါင် သည်လယ်ထဲမှာ ဘယ်သူက လာတယောထိုးနေပါလိမ့်လို့။ ငါနိုးတာမဟုတ်ဘဲနဲ့ အိပ်မက်ကများ ငါ့ကို ပြန်တစ်ပတ်ရိုက်နေတာလားလို့ ကိုယ့်ကိုယ်ကို ဆွဲလိမ်ကြည့်လိုက်တယ်။ ဟာ... နာလိုက်တာ။


သည်တော့မှ ကျွန်တော် အိပ်ရာကထ။ ကျွန်တော့်သူငယ်ချင်းတွေကတော့ တဲမှာမရှိကြတော့ဘူး။ သူတို့ သည်ညနေ သည်တစ်အိုင်ကို အပြီးသတ်ရမှာမို့ အိုင်ထဲမှာ ကြိုးစားနေကြတယ်။


ကျွန်တော်လည်း သူတို့ကို ကူညီရအောင် အိုင်ထဲဆင်းလိုက်သွားရင်း ...

“ဘယ့်နှယ် ထူးထူးဆန်းဆန်း လယ်ကွင်းပြင်ကြီးထဲမှာ တယောသံ ကြားနေရတယ်၊ ငါ့နားတွေများ ရူးနေသလား မသိပါဘူး” လို့ ပြောမိတော့ ဖိုးထင်က...


“ဟ မင့်နား မရူးပါဘူးကွ၊ အဲဒါ မိုးတိမ်ကြီးရယ်ပေါ့၊ သူ ကိုမြချော ယာခင်းစောင့်ရင်း နွားကျောင်းရင်းနဲ့ တယောထိုးနေတာ”


သည်တော့မှ ကျွန်တော် မိုးတိမ်ကိုရော၊ သူ တယောထိုးတတ်တယ်ဆိုတာရော သတိရပြီး..

“ဟေ.. အဲဒါ မိုးတိမ်လား၊ ဒါဖြင့် ငါ သူ့ဆီ သွားတွေ့ဦးမယ်ကွာ” ဆိုတော့ ဖိုးထင်က


“မင်း.. အရင်တစ်ခေါက်တည်းက တွေ့ချင်နေတာ၊ သူ ဝါးတော လိုက်သွားတာနဲ့၊ ကဲ... ခုတော့ အဆင်သင့်ပဲ၊ ဟိုကောင်ကြီး စကားပြောလို့ အာသွက်အောင် ဟိုသင်းလဲ ယူသွားပါလားကွ၊ တို့ ခုန ထမင်းစားတော့ တစ်ပိုင်းလောက် ကျန်သေးတာပဲ”


ကျွန်တော်သည် ဤအရက်တစ်ပိုင်းသာမက မွှန်းပြီး ဆားနနွင်းနယ် တစို့ ထိုး၍ ကင်ထားသော လက်ကောက်ဝတ်လောက်ရှိ အဆီတွေစက်စက်နှင့် ငါးမြွေထိုးကြီးနှစ်ကောင် သံပုရာသီး နှစ်လုံး၊ ငရုတ်စိမ်း ဆယ့်လေးငါးတောင့်နှင့် လက်ဖက်ရည် အကြမ်းပန်းကန်တစ်ခွက် ယူကာ မိုးတိမ်ဆီသို့ သွားလေသည်။


မိုးတိမ်သည် တံငါတဲနှင့်ခပ်လှမ်းလှမ်း ထန်းသုံးပင် ကန်သင်းဆုံ၌ အလယ်က တောင်ပို့ပေါ် ထိုင်၍ တယောထိုးနေခြင်းဖြစ်သည်။ သူ ကျွန်တော့်မမြင်မီက လှမ်းကြည့်လိုက်ရာ သူ့မျက်နှာက သူ့တယောနှင့်အတူ ကြည်လင်သာယာလှသည်။


“ငါ သူတို့အိမ်မှာ ပန်းထိမ်ပညာသင်ရင်း အားလပ်တဲ့အချိန်မှာ တီးဝိုင်းခေါင်းဆောင် ဆရာမြိုင်ဆီသွားပြီး တယောထိုးလဲ လေ့ကျင့်တယ်၊ ငါ ငယ်ငယ်ကတည်းက အတီးအမှုတ်တော့ ဝါသနာပါတယ် မဟုတ်လားကွာ”


မှန်၏။ မိုးတိမ်သည် လေးငါးခြောက်နှစ်သားအရွယ်ကပင် ရွာထဲသို့ တီးဝိုင်းနှင့် အလှူခံ လာပြီဆိုလျှင် ကြားရာကပြေးသွားပြီး ဤတီးဝိုင်းနောက် လိုက်သွားတဲ့ကာ ရွာဆုံးမှ ပြန်လာတော့၏။ သူသည် ဤကတည်းက စည်းနဲ့ ဝါးကို နားလည်ပေပြီ။ အဘယ့်ကြောင့်ဟူမူ သူသည် တီးဝိုင်းနောက် လျှောက်လိုက်ရင်း ဝါးလက်ခုပ်ဝင်တီးလေ့ရှိ၏။


“ဒါနဲ့ ၃နှစ်ကြာတော့ ပန်းထိမ်ပညာရော၊ တယောထိုးရော ငါ ကောင်းကောင်းတတ်ရောပေါ့၊ အဲဒီတော့ သူတို့သမီးနဲ့ ငါနဲ့ ကြိုက်ပြီး ညားရောလကွာ”


“သူ့မိဘများက ရှောရှောရှူရှူ သဘောတူသလား”


“ပထမဦး မအေကြီးက အင်တင်တင်လုပ်နေသေးတယ်၊ ဖအေကြီးကတော့ ငါ့အရည်အချင်း သဘောကျတယ်ဆိုပြီး ပေးစားတော့တာပါပဲ၊ ငါ သူတို့သမက် ဖြစ်သွားတဲ့အခါမှာ ကုန်စုံဆိုင်မှာ ထိုင်တဲ့အခါ ထိုင်ရတယ်ကွ၊ အဲဒီ သုံးလေးနှစ်အတွင်းမှာ တော်တော် စီးပွားတက်တယ်ဟေ့၊ ဒီတော့ သူတို့ကိုးကွယ်တဲ့ အထက်ဂိုဏ်းဆရာကြီးဆိုတာ ပေါ်လာသကွ၊ ဒီဆရာကြီးလုပ်ပေးတဲ့ အဆောင်အယောင်ကြောင့် အဲဒီ လေးငါးနှစ်အတွင်းမှာ စီးပွားတက်တယ်ပေါ့ကွာ၊ ငါလဲ အဲဒီတော့ ခပ်ငယ်ငယ် အသက် ၃ဝမှ မပြည့်သေးတာ၊ အဟုတ် မှတ်မိသကွ၊ ဒါနဲ့ ဆရာကြီးကို ကြည်ညိုမိသကွ၊ ဒီဆရာကြီးဟာ ဆရာ့ဘာသာ မနေနိုင်တော့ဘဲ ကိုယ့်ကြည်ညိုနေတဲ့ တပည့်အပေါ် ရန်စလာသကွ”


ကျွန်တော်က သူ့စကားထောက်၍

“ဟ ဆရာကြီးက တပည့်အပေါ် ဘယ်လိုရန်စလာသတုံး”


“ဒီလိုလကွာ၊ ငါက အဲဒီအခါမှာ ဆရာမြိုင်တို့ တီးဝိုင်းနဲ့ လိုက်ပြီး တယောထိုးနေတော့ အရက်သောက်တတ်လာသကွာ၊ အဲဒါ ဆရာကြီးက အလကား မသာကြီးပါကွာ၊ အဲဒီ မသာကြီးက သိတော့ ဒီအိမ်မှာ ငါလုပ်ပေးနေရက်သားနဲ့ စီးပွားလာဘ်သပကာ တက်သင့်သလောက် မတက်တာဟာ ဒီသူငယ်က သူရာမေရိယကံ မှီဝဲနေလို့ကိုး၊ ဒီအရက် ရှေ့ဆက်သောက်နေလို့ ရှိရင်ဖြင့် ဖြစ်ပြီးသားစီးပွားတောင် ပြန်ပျက်နိုင်တယ်၊ ဒါကြောင့် ငါ့ကို အရက်ဖြတ်ပါဆိုတဲ့ မိန့်ခွန်းခြွေရောပေါ့"


“ဟား... ဟား အဲဒီ ဆရာကြီးဆိုတဲ့ လူမျိုးတွေက ဒါမျိုးတော့ ဖြစ်ရမယ်၊ ဒီတော့ မင်းက”


“အဲဒီအခါမှ ငါက ကိုယ့်စဉ်းစားဉာဏ်နဲ့ ကိုယ် အတွေးဝင်တော့တာကိုး၊ ငါ အခု အရက်သောက်နေတာဟာ ရွှေဆိုင်ကပိုက်ဆံနဲ့လဲမဟုတ်၊ ကုန်စုံဆိုင်ကလဲ တစ်ပြား မပါ၊ ငါ့ဟာငါ တယောထိုးလို့ ရတဲ့ လာဘ်သပကာနဲ့ သောက်တယ်။ အလွန်အကျွံမူးအောင်လဲ ငါမသောက်၊ ဘာကြောင့် တက်လာတဲ့စီးပွား ပျက်ရမှာတုံး၊ နောက် အဲဒီကတစ်ဆင့် သူတို့သမီးနဲ့ ငါနဲ့ညားပြီး သုံးလေးနှစ်အတွင်းမှာ ဘာကြောင့် စီးပွားတက်လာသလဲ၊ ရေရေလည်လည် စဉ်းစားလိုက်တော့ လားလား၊ ငါ့ကြောင့်ကိုးကွ၊ ဗိုလ်နီ မင်းအံသြသွားသလား”


“ဆိုစမ်းပါဦးကွာ”


“သူတို့မှာ ရွှေဆိုင်နဲ့ ကုန်စုံဆိုင်ရှိနေတာ သူတို့သမီးနဲ့ ငါနဲ့ညားတော့ တောရွာက ငါ့ဆွေမျိုးတွေက ငါ့ယောက္ခမဆိုင်ရယ်ဆိုပြီး လာကြတာကိုးကွ”


သည်တော့မှ ကျွန်တော်စဉ်းစားမိကာ...

“အား.. ဟုတ်တာပေါ့ကွ”


“ဒါ့အပြင် ငါ့မှာက အဲဒီမူလဆွေမျိုးတင် မကဘူး၊ ငါက ဆရာမြိုင်တို့တီးဝိုင်းနဲ့ တောရွာအလှူတွေမင်္ဂလာဆောင်တွေပါလိုက်ပြီး တယောထိုးတော့ ငါ့တယော သဘောကျတဲ့ မိတ်သစ် ဆွေသစ်တွေကလဲ ရှေ့နှစ်ခါလဲ ကျွန်တော် ကျွန်မတို့ရွာ လာပါဦးဆိုတဲ့သဘောနဲ့ ငါ့ယောက္ခမ၊ ငါ့မိန်းမဆိုင်လာပြီး အားပေးကြပြန်သကိုးကွ၊ ဒါနဲ့ သူတို့ ရောင်းပန်းဝယ်ပန်း ပွင့်လန်းပြီး စီးပွားဖြစ်လာတာဟာ ငါ့ကြောင့်မဟုတ် ဘယ်သူကြောင့်တုံး၊ အဲဒါကို ဟိုဆရာကြီးဆိုတဲ့ မသာကြီးက အလကားသက်သက် ဝင်ပြီးနာမည်ယူတာ၊ အဲဒါစဉ်းစားမိတော့ ဒီမသာကြီးကို ငါဒေါသဖြစ်လိုက်တာ ဆွဲတောင်ထိုးချင်ရော”


ကျွန်တော် သူ့စကား သဘောကျမိကာ...

“အေး မင်းပြောတာ ဟုတ်တယ်ကွ၊ အဲဒီအကြောင်း မင်း သူတို့ ပြောမပြဘူးလား”


“ဘယ် သူတို့လဲ”


“မင်း ယောက္ခမကြီးတွေပေါ့ ”


“ဟွန်း..... အဲဒါကြီးတွေ မဆိုထားတဲ့ ငါ့မိန်းမ ငါပြောပြတာတောင် လက်မခံဘူး၊ 'တော်အရက်မဖြတ်နိုင်တိုင်း ဆရာကြီးကျေးဇူးကို စော်ကားတဲ့စကား မပြောပါနဲ့၊ ကျွန်မတို့ဆရာကြီးက တော်မြို့မရောက်ဖူးခင် တော့်ဖင်ထဲ ရွှံ့တစ်ခွဲသား ဝင်နေတုန်းကတည်းက ကျွန်မတို့ မိရိုးဖလာ ကိုးကွယ်လာတာ'တဲ့၊ ဒီစကားလဲကြားရော 'ကိုင်း နင်တို့ဆရာကြီးနဲ့ ငါ ဘယ်သူစွမ်းသလဲဆိုတာ သိကြရအောင်' ဆိုပြီး ငါ သူတို့အိမ်က တစ်ခါတည်း ဆင်းခဲ့တယ်”


“မင်းကို မတားကြဘူးလား”


“မတားတဲ့အပြင် 'လင်မယားချင်းကွာလို့ ပစ္စည်းတစ်ယောက်တစ်ဝက်ရမယ် မထင်လိုက်ပါနဲ့' ပြောလိုက်သေးသဗျ၊ ဒီတော့ ငါက 'အောင်မယ် ဝေးပါသေးရဲ့ဗျ' လို့ ဆိုပြီး ကိုယ်ပေါ်ကအဝတ်နဲ့ ဟောဒီတယောကလေးပဲ ဆွဲဆင်းခဲ့တာကွ၊ တို့တောရွာမှာ ထမင်းစားဖို့ ဘာ ခဲယဉ်းသလဲ သူငယ်ချင်း”


“မင်း ရွာရောက်တော့ ဘာလုပ်ကရောလဲ”


“မင်း အခုသိတဲ့ အတိုင်းပေါ့ကွ၊ အိမ်တိုင်းမှာ ကူလီလိုက်လုပ်တာပေါ့ကွ”


“ ဒီတော့ မြို့က မင်းမိန်းမနဲ့ ယောက္ခမများက ဘာပြောသံထွက်လာလဲ”


“အောင်မယ်လေး၊ တို့ရွာက ဈေးဝယ်သွားတဲ့ လူတွေကို အသံလွှင့်လိုက်တာ သူတို့က အင်မတန်ကောင်းကြောင်း၊ ငါက ဆိုးကြောင်း၊ ကျီးကန်းသူကောင်းမြှောက် ချေးခြောက်ကောက်စားတယ်၊ ကောင်းစေချင်လို့ နတ်ပြည်တင် ခွေးဖင်ဘုံမှတ်လို့ ပြန်ဆင်းတယ်၊ မျိုးမမှန်တော့ ဇာတိပြန်တယ်ပေါ့ကွာ၊ ငါ့စိတ်ထဲကတော့ အေး ပြောကြ ပြောကြ၊ တစ်နေ့ သိမယ်လို့ အားခဲနေလိုက်တာ၊ တစ်နှစ်က နှစ်နှစ် ရောက်လာတယ်ဆိုပဲ သူတို့ သိစပြုပြီကွ၊ အရင် တောက ငါ့ဆွေမျိုး၊ ငါ့မိတ်ဆွေတွေက သူတို့ဆီကို ငါ့ယောက္ခမ၊ ငါ့မယား၊ ငါ့စီးပွားရေးရယ်လို့ အားပေးအားမြှောက် ဝယ်ကြ၊ ခြမ်းကြတာကိုးကွ၊ အခု ငါ့ကို ဘာပစ္စည်းမှ မပေးလိုက်ဘဲ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဆင်းသွားတာ တစ်နှစ်ကျော် နှစ်နှစ်ကြာပြီ ဆိုတာလဲသိရော သူတို့ မေတ္တာမဲ့ပြီး သူတို့ဆိုင် မသွားကြတော့ဘူး၊ အဲ... ၃နှစ်မြောက်တော့ သူတို့အမှား သူတို့ ဝန်ခံကြရောပေါ့၊ အဲဒီအတွင်းမှာ သူတို့ဆရာကြီးကလဲ အမှန်တရားကို ပြလိုက်သေးသကိုးကွ”


“ဘယ်လိုပြတာလဲ”


“သူတို့အဒေါ်တစ်ယောက်နဲ့ ဖောင်စီးလက်ဖွဲ့ ထိုးတယ်ဆိုပြီး နောက်မီးလင်းတာ ပေါ်သွားသကိုးကွ၊ အဲဒီတော့ ဖွတ်ထွက်လို့ တောင်ပို့မှန်းသိကြပြီး ငါပြောခဲ့တဲ့စကား မှန်လှပါတယ်၊ 'မောင် ပြန်ခဲ့ပါတော့' လို့ ငါ့မိန်းမက ခေါ်သကွ၊ ဒါပေမယ့် ငါ မပြန်တော့ဘူး”


“ဟ ဘာလို့လဲ၊ မင်းအနိုင်ရပြီပဲကွ”


“ငါ သူတို့စီးပွားရေးအလုပ်ကို ငြီးငွေ့ တယ်ကွ၊ ကောင်းတဲ့အလုပ် မဟုတ်ဘူးလို့လဲ နားလည်နေတယ်ကွာ၊ တကယ်တော့ ငါ့ယောက္ခမအထီးကြီးက ပန်းထိမ်နဲ့ ရွှေဆိုင်၊ ငါ့ယောက္ခမနဲ့ငါ့မိန်းမ ကုန်စုံဆိုင်၊ အဲဒီနှစ်ဆိုင်နဲ့ တို့ တောသားတွေအပေါ်မှာ ကုပ်သွေးစုပ် အမြတ်ထုတ်ဖို့ကို ငါက ရွှေဆိုင်ထိုင်လိုက် ကုန်စုံဆိုင်ထိုင်လိုက်နဲ့ ကြားက တည်ကြက်လုပ်ခဲ့ရတယ်ဆိုတာ သဘောပေါက်နေပြီ”


“အေး.. ဒါဖြင့် အခု မင်း တည်ကြက်မလုပ်တော့ကောကွာ၊ တို့တောသားတွေဟာ မြို့သွားပြီး မင်းယောက္ခမများဆိုင်မှာ မဟုတ်လဲ တခြားဆိုင်တွေမှာ ဝယ်ခြမ်းနေကြတာပဲကွ၊ အဲဒီဆိုင်တွေကကော ဘာထူးမှာလဲ၊ မြို့သားတွေက တောသားတွေဆို အမဲထားကြတာပဲ”


“အေး... ဒီတော့ ငါ့ပယောဂ မပါဘူးကွာ၊ ဟိုတုန်းကဖြင့်ကွာ ငါ့အကြောင်းပြုပြီး ငါ့ယောက္ခမများဆိုင်တွေ လာကြတော့ ငါ့ယောက္ခမအထီးကြီးက ဘယ်ရွာက ဘယ်သူ ရွှေဘယ်လောက်သား ဝယ်တာရောင်းတာ ပေါင်တာမှာ ဘယ်လောက်နှံလိုက်သလဲဆိုတာ ငါ သိနေတယ်၊ နို့ပြီး ငါ့ယောက္ခမကြီးကလဲ ဘယ်ရွာက ဘယ်သူ့အလှူအတွက် ပဲဆီကို ဖွဲနုဆီ ဘယ်လောက်ရောလိုက်တယ်၊ ငါးရံ့ခြောက်ကို ဆားရည် ဘယ်လောက် ဖျန်းလိုက်တယ် ဆိုတာတွေ ငါ သိနေတော့ စိတ်မကောင်းဘူးကွာ၊ အဲဒါတွေ ပြန်ပြန်တွေးပြီး ငါ နောင်တရတယ်ကွာ၊ ဒါကြောင့် ငါ့ပယောဂနဲ့ တို့ရွာသားတွေ အလိမ်အညာခံခဲ့ရတာတွေကို ငါ ဘယ်လိုပြန်ပြီး အလျော်ပေးမလဲဆိုတာ စဉ်းစားလိုက်တော့ တို့ ရွာသားတွေလိုသမျှ အကူအညီကို ငါ တတ်နိုင်သလောက်ပေးမယ် ဆုံးဖြတ်ချက်ချထားတယ်၊ ဒါကြောင့် မင်းအသိပဲ၊ အိမ်တိုင်းမှာ သူတို့အလိုရှိတာ ကူညီလုပ်ကိုင်ပေးပြီး ငါ့တစ်ဝမ်းတစ်ခါး စားသောက်ဖို့အတွက် အဖိုးအခပေးနိုင်တဲ့ လူဆီက ယူတယ်၊ မပေးနိုင်တဲ့လူဆီက မယူဘူး၊ အခု ကိုမြချောယာခင်းကို တစ်နေ့ တစ်ကျပ်နဲ့ စောင့်ရင်း ငါကျောင်းနေတဲ့ နွားတွေထဲမှာ အလကား ကျောင်းပေးရတဲ့အကောင်တွေက တစ်ဝက်လောက် ပါတယ်ကွ”


သည်အချိန်၌ ကျွန်တော်တို့သည် ထန်း တစ်ယောက်တစ်ပင် ကျောမှီ၍ ကိုယ်ပက်လက်နေသဖြင့် အာကာပြင်ကို မြင်ရလျက်ရှိပေရာ ကျွန်တော့်စိတ်ထဲတွင် ကျွန်တော့်သူငယ်ချင်း မိုးတိမ်သည် ထက်ကောင်းကင်က ကြည်လင်သန့်စင်သော မိုးတိမ်များနှင့် တူလှပေသည်၊ သူ့အဘိုး ပေးခဲ့သော နာမည်နှင့် ကိုက်ညီလှပေသည်ဟု အောက်မေ့မိပါ၏။


ထို့ကြောင့် “မိုးတိမ် မင်းစိတ်ထားက တကယ်မွန်မြတ်ပေတာပဲကွာ၊ ဟိုတုန်းက မင်း မြို့ပေါ်မှာ ဘယ်လိုနေ ဘယ်လိုစားခဲ့တယ်ဆိုတာကို ငါသိတယ်၊ အဲဒီအခြေအနေကနေပြီး ခု ဒီအဆင့်ကို ပြန်ဆင်းနေနိုင်တယ် ဆိုတာကိုတော့ ငါ မင်းကို အချီးမွမ်းဆုံး အအံ့သြဆုံးပဲဟေ့”


“ဘဝဆိုတာ ဘာလဲ အစစ်အမှန်ကို နားလည်ပြီးရင် ဒါ အံဩစရာ မဟုတ်တော့ပါဘူး သူငယ်ချင်း”


“မင်း ဘယ်လိုနားလည်သလဲ၊ ငါ့ ပြောပြစမ်းကွာ”


“ငါ နားလည်ပေမယ့် အကျယ် မပြောတတ်ဘူးကွ၊ ဓမ္မကထိက ဆရာမြ ရေးသားတဲ့ လင်္ကာတစ်ပုဒ်တော့ ငါသဘောကျလို့ အလွတ်ကျက်ထားတယ်”


“အေး.. ရွတ်ပြစမ်းကွာ၊ ငါကြိုက်ရင် ကူးယူသွားမယ်”


“ဒါဖြင့် နားထောင်”


"ဘဝဟူသည်

ဘဝသရုပ်ကို ဖော်ထုတ်ဆိုလျှင်

ဤကိုယ်ခန္ဓာ တည်ဆောက်တာမှာ

အိပ်ရာနှင့်ထမင်းဝိုင်း

ဤအသိုင်းအဝိုင်းမှ အစွန်းမထွက်

နှစ်ဖက်ညီမျှ ရှိပါမှ

ဘဝကြာရှည် တည်ချိမ့်မည်။

စား၍မဝင်၊ အိပ်လျှင်မပျော်

ရှိခဲ့သော်မူ

လူ၏ဘဝ၊ ပျက်သုဉ်းရမည်

မုချစင်စစ် ဧကန်ဖြစ်၏။

ရွှေဘုံပေါ်မှာစံစံ

ရွှေပန်းကန်နဲ့ စားစား

မြေသားပေါ် လှဲလျောင်း၍

စလောင်းပဲ့နှင့်စားလည်း

မခြားနားပြီ

ဘဝသည် ဒါပဲဖြစ်၏။


မိုးတိမ်လို အတွေးအခေါ်မျိုး ရှိသင့်တဲ့ လူတန်းစားတစ်ရပ်အတွက်..

Post a Comment

0 Comments