ဝတ္ထုတို အမည် - သောက်ချင်ဦးဟ ... အကြွေး
စာရေးသူ - အီကြာကွေး
Short Story
-------------------------------------------------
သောက်ချင်ဦးဟ ... အကြွေး
•••••••••••••••••••••••••••••••••••
အီကြာကွေး
လက်ဖက်ရည်ဆိုင်ဖွင့်တာ တွက်သားကိုက်သည်။ တစ်နေ့ ဘယ်လောက်မြတ်သည်။ ကိုယ့်အတွက် အသား တင် မည်မျှကျန်သည် စသည်ဖြင့် မစားရ ဝခမန်း သူများပြောတာတွေ ယုံစားပြီး . လက်ဖက်ရည်ဆိုင်ဖွင့် လိုက်သည်။
“ဖုန်းကျော်ကြီး တီးဟောက်စ်”
ဆိုင်းဘုတ်တပ်တော့ သူ့နာမည်ဖုန်းကျော်ကို ရှေ့တန်းတင်၍ ဖုန်းကျော်ကြီး တီးဟောက်စ် ဟု တပ် သည်။ ဖုန်းကျော် အသက်က (၃၀)ကျော်ကျော်သာ ရှိ သေးသည်။ အပေါင်းအသင်းများသည်။ အပေါင်းအသင်းကို သံယောဇဉ်ကြီးသည်။
“ကောင်းတယ်ဟေ့ ... တခြားဆိုင်သွားသောက် မယ့်အစား ကိုယ့်အချင်းချင်း မင်းဆိုင်ပဲ တို့အားပေးမယ်”
အပေါင်းအသင်းတွေ ဝိုင်းဝန်းအားပေးမှုကြောင့် ဆိုင် ရောင်းအားတက်လာသည်။ ခင်မင်သော အပေါင်း အသင်းချင်းမို့ အကြွေးသောက်လာတာတွေလည်း ရှိလာသည်။ ရှိတဲ့အခါပေးသည်။ မရှိတဲ့အခါ မှတ်ထား။
“ဟေ့ကောင်တွေ ကြွေးဆပ်ကြဦး။ မင်းတို့ စာရင်းတွေက တဖြည်းဖြည်း ရှည်ရှည်လာပြီ...“
“ဆပ်မှာပေါကွာ .. မရှိသေးလို့...”
တစ်နေ့တခြား အကြွေးသောက်တာတွေ များ များလာသဖြင့် “အကြွေးဖြင့် အားပေးခြင်းသည်းခံပါ” ဟု စာတန်းရေးကပ်ရသည်။ ကပ်လည်း ကပ်ကပ်ပါပဲ။ လူခင်လူရင်းတွေ ဖြစ်နေတော့ ပိုက်ဆံမပြေလည်လျှင် အကြွေးပဲ လာလာသောက်သည်။ ရှိတော့မှ ပေးကြသည်။
“အကြွေးသည်းခံပါ .... ယနေ့အကြွေးမပေး” ဖုန်းကျော်ကြီး စာတန်းအသစ်ပြောင်းသွားသည်။ လေသံ နည်းနည်းမာလာသည်။ အပေါင်းအသင်းမှန်သမျှ သူ့လက်ဖက်ရည်ကြွေးနှင့် ကင်းသူမရှိကြတော့။ ကြွေးနည်းတာနှင့် ကြွေးများတာ ဒါပဲကွာသည်။
“အဆင်ပြေရဲ့လား ... ဖုန်းကျော်ကြီး ..“
သူ့ဆိုင်ကို ငွေလက်ငင်းပေးပြီး နေ့စဉ်အားပေးနေသော ဂုရုကွေးက မေးသည်။ ဖုန်းကျော်ကြီးမျက်နှာ သံပုရာသီး စားမိသော မယ်ကုဝဏ် မျက်နှာလို ရှုံ့မဲ့သွားသည်။
“ဂုရုကြီးလို ဖွတ်ကလိဒင်္ဂါး လက်ငင်းပေးသောက် ကြမယ်ဆိုရင် ဟန်ပါတယ်။ ခုတော့ .... မသိတဲ့လူ၊ မရင်းလူက လက်ငင်းပေးသောက်တယ်။ သိတဲ့လူ၊ ရင်းတဲ့ လူက အကြွေးသောက်တယ်။ အကြွေးနှိပ်စက်နေတော့ ကျန်သင့်သလောက် မကျန်ဘူး ဂုရုကြီး။ စားစရိတ်ကျေ ဖို့တောင် အနိုင်နိုင်ဖြစ်နေတယ်...“
ဒါကြောင့် သူ့ဆိုင်နံရံမှာ စာတန်းတွေ ရေး ကပ်ထားတာကိုး . . .။ သုံးရက်အကြာတွင် စာတန်းတွေ အသစ်တစ်မျိုး ပြောင်းသွားပြန်သည်။
“ကြွေးယူပြုံးပြီး၊ တောင်းရင်မုန်း
မဆုံးသော်လည်း မိတ်ပျက်သည်”
ဟိုက် ... ရှာလပတ်ရည်၊ ဖုန်းကျော်ကြီးစာတန်းက ကာရန်လေးတွေနှင့် ဖြစ်လာပါလား .... ဘာပဲရေးထား ရေးထား အပေါင်းအသင်းတွေက အလေးမထားကြ ပေ။ ရှိရင်ပေးသောက်သည်။ မရှိရင် အကြွေးသောက်သည်။ ဖုန်းကျော်ကြီး တီးဟောက်စ်၏ ကြွေးစာရင်း စာအုပ်ကြီးမှာ အမြဲရေးခြစ်မှတ်သားနေရ၏။
“ခက်တယ် ဂုရုကြီး ...ကျွန်တော်က အရင်း အနှီး သိပ်ရှိတာမဟုတ်ဘူး။ ရောင်းရတာလေးနဲ့ ပြန်ဝယ် ပြန်ရင်းနေရတာ။ စားပွဲထိုးကောင်လေး လေးယောက်ရယ်၊ ဖျော်သမားရယ်၊ မုန့်ဆရာရယ်ကို နေ့စဉ်ထမင်းကျွေးနေရတာ... နည်းတဲ့စရိတ်မှ မဟုတ်ဘဲ၊ စာတန်းပြောင်းဦးမှ ပါပဲ..."
နောက်နေ့တွင် စာတန်းအသစ် ပြောင်းသွား သည်။
“ယနေ့ ရောင်းရငွေသည် မနက်ဖြန်အတွက် အရင်းဖြစ်သည်"
ဖုန်းကျော်ကြီးမှာ အခက်အခဲဖြစ်နေကြောင်း ထို စာတန်းအရ သိသာသည်။ အကြွေးသောက်သော အပေါင်းအသင်းတွေက ရှိမြဲ။ သို့သော် အတော်များများက တတ်နိုင်သလောက် လက်ငင်းပေးသောက်ကြသည်။
ဂုရုကွေးက ဖုန်းကျော်ကြီးဆိုင်မှာ မနက်တိုင်း လက်ဖက်ရည်သောက်နေကျ။ ဒီမနက်တော့ (၁၃)ရပ်ကွက်မှ အလှူတစ်ခုက ဖိတ်ထားသဖြင့် အလှူကို အရင်သွားသည်။ အလှူက မုန့်ဟင်းခါးစားပြီးမှ ဖုန်းကျော် ကြီးဆိုင်မှာ လက်ဖက်ရည်သောက်မည်။
“ဟကောင် .... ပျာယီးပျာယာနဲ့ ဘယ်လိုဖြစ်နေတာလဲ"
ဖုန်းကျော်ကြီးဆိုင်မှာ အကြွေးသောက်နေကျ လူငယ်တစ်ယောက် ဆိုင်ဘက်သို့ ပျာယီးပျာယာ သွား တာနှင့် ကြုံသည်။
“သူ့ကြွေးက တစ်ရာကျော်နေပြီ၊ ဒီနေ့ဖြစ်တဲ့ နည်းနဲ့ ငါးဆယ်ဆပ်မလို့ ပိုက်ဆံသွားချေးလာတာ၊ စာတန်း ပြောင်းသွားပြီ ဂုရုကြီး မဆပ်လို့ မဖြစ်တော့ဘူး"
ဟိုက်...ရှာလပတ်ရည် “စာတန်းပြောင်းသွား လို့ အကြွေးသွားဆပ်မယ်တဲ့။ ဘယ်လိုပြောင်းသွားပါလိမ့်။ ဂုရုကွေး အလှူအိမ်မှာ ကြာကြာ မထိုင်နိုင်။ စားပြီးသည် နှင့် လက်ဖက်ရည်ဆိုင်သို့ အမြန်လာခဲ့ရသည်။
ဆိုင်နံရံမှာ စာလုံးအကြီးကြီးရေးပြီး ကပ်ထား သော စာတန်းကိုမြင်တော့ ဂုရုကွေး ဟိုက်...ရှာလပတ် ရည် မအော်နိုင်၊ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“ယနေ့ ရောင်းရငွေသည် ညနေဆန်ဝယ်ရန် ဖြစ်သည် ...."
⬛🟥
အီကြာကွေး
0 Comments