ဝတ္ထုတို အမည် - ရာဇဝင်ထဲကသတို့သမီး
စာရေးသူ - ညီညီထက်(ထိန်ပန်း)
-------------------------------------------------
ရာဇဝင်ထဲကသတို့သမီး
📚📚📚📚📚📚📚📚📚
၁။
ည။
လသာသောညဖြစ်ချေသည်။
တမ္ပဒီပ နယ်ပယ်အတွင်းရှိမြင်းခြံကုန်းရွာလေးသည် လရောင်အောက်တွင်ဆိတ်ငြိမ်စွာရှိတုံ၏။ သို့စဉ် မြင်းခြံကုန်းရွာကလေးသို့ ရွာအနောက်ဘက်ထန်းတောအုပ်ဆီကနေ မြင်းတစ်စီးဒုန်းစိုင်းလာနေသည်ကို လရောင်ဖြင့်အထင်းသားမြင်ရချိမ့်သည်။မြင်းကြီးပေါ်တွင်ကားဓားရှည်ကိုလွယ်ထားသောလုလင်ပျိုတစ်ယောက်။မြင်းခွာသံတဖြောင်းဖြောင်းကညဉ်ယံတွင်ဟိန်းနေချေ၏။
"မယ်မင်းရဲ့သားပြန်လာပြီထင်ပ၊ စိတ်မပူလင့်တော့"
သားဖြစ်သူပြန်မလာ သေးသဖြင့်စိတ်သောကကြီးကာအိပ်မပျော်နိုင်ဖြစ်နေသော မိချမ်းဘုံအားလင်ဖြစ်သူ ငစံမှိန်ကပြောလိုက်တုံ၏။စိတ်သက်သာရာရသွားသောမိချမ်းဘုံမှာအိမ်ရှေ့တံခါးပေါက်ကိုအမြန်ထကာဖွင့်လိုက်ချေပြီး သားပြန်လာမည့်လမ်းမဆီမျှော်ငေးကြည့်နေရှာလတ်သည်။ မကြာမတင်ပင်အိမ်ဝိုင်းထိသို့မြင်းညိုကြီးစိုင်းကာသားဖြစ်သူရောက်လာချေသည်မှမိချမ်းဘုံလည်းစိတ်အေးသွားနိုင်၏။
"အို...သား...ငခေါင်ရမ်းရဲ့...အဖနဲ့အမိဖြင့်စိတ်ပူလိုက်ရတာကွယ်၊ဘဇာကြောင့်ညဉ့်နက်ရသတုန်းကွဲ့"
ကရုဏာသံနှင့်ပြောလိုက်သည့်မိချမ်းဘုံစကားတို့ကို ငခေါင်ရမ်းကဂရုမစိုက်။သူ့မြင်းညိုကြီးကိုသာမြင်းဇောင်းတွင်ဆွဲသွင်းကာချည်နေချေ၏။ဤသည်ကိုကြည့်ပြီးငစံမှိန်မှာထောင်းခနဲဒေါသထွက်သွားချေ၏။
"သယ်...ငခေါင်ရမ်း...နင့်အမိမေးနေတယ်ပ၊ ဖြေဦးလော့"
"တန်ပါအဖရာ...စိတ်ရှူပ်ရတဲ့အထဲ"
ပြောပြီးအိမ်ရှေ့ကွပ်ပျစ်ပေါ် ဘုန်းခနဲလှဲချလိုက်သော ငခေါင်ရမ်း၏အပြုအမူကြောင့်ငစံမှိန်မှာဒေါသထွက်လွန်းသဖြင့်အသားတဆတ်ဆတ်တုန်လတ်၏။ထို့ပြင် ဝေ့ခနဲစူးတက်လာသောသေရည်အနံ့ကြောင့်ထွီခနဲတံတွေးတစ်ချက်ထွေးထုတ်လိုက်ရချေသည်။
"သားမောင်ရယ်ဘဇာကြောင့်အဲ့ဒီသေရည်တွေကိုနေ့ရှိသရွေ့သောက်နေရတာလဲ၊သားမှာဘယ်လိုစိတ်ညစ်စရာရှိလဲ၊အမိကိုပြောပါဘိကွဲ့"
သေသမားကြီးတစ်ပိုင်းဖြစ်နေသောငခေါင်ရမ်း၏လက်မောင်းကိုဆုပ်ကိုင်လှုပ်ခါလိုက်ရင်းမိချမ်းဘုံကမချိတင်ကဲလေသံနှင့်မေးလိုက်၏။ငခေါင်ရမ်းကဟက်ဟက်ပက်ပက်ရယ်လတ်သည်။
"အမိက အကျွန်စိတ်ညစ်နေတဲ့အရေးမသိချေဘူးပေါ့..ဟုတ်စ၊အကျွန်ဘဇာကြောင့်သေရည်တွေသောက်ရလဲဆိုတာပြောမယ်ပ၊အဖနဲ့အမိနားထောင်ပါဘိ"
ပြောပြီးယိမ်းကာယိုင်ကာဖြင့်ငခေါင်ရမ်းမှာထပြီး ထိုင်လတ်သည်။ငစံမှိန်လည်းစိတ်ဝင်စားလှသဖြင့်ကွပ်ပျစ်ရှိရာလျှောက်လာပြီးတင်ပါးလွှဲဝင်ထိုင်ချိမ့်သည်။
"ဘဇာကြောင့်အကျွန်သေရည်သောက်ရလဲသိလား၊မိန်းမ မရလို့ဗျ၊ကျူပ်မိန်းမ မရလို့ဗျ...ကဲ"
အာလေး၊လျှာလေးအသံကြီးနှင့်ပြောလိုက်သောငခေါင်ရမ်း၏စကားကြောင့်ငစံမှိန်နှင့်မိချမ်းဘုံမှာပါးစပ်ကြီးတွေဟောင်းလောင်းပွင့်သွားချိမ့်၏။
"ကြံကြီးစည်ရာကွယ်...ဟရို့"
လွှတ်ခနဲရေရွတ်မိသည့် ငစံမှိန်မှာဆက်၍ပြောလာသောငခေါင်ရမ်း၏စကားကြောင့်အသံပင်မထွက်နိုင်ချေတော့ဘဲပြူးသွားရချိမ့်သည်။လင်မယားနှစ်ယောက်မျက်လုံးအပြူးသားနှင့်ငခေါင်ရမ်းကိုပြူးပြဲကြည့်နေမိကြတုံ၏။
"အကျွန်တော့...မခံစားနိုင်တော့ဘူး၊အဖနဲ့အမိ အကျွန့်ကိုမိန်းမရှာပေးပါဘိတော့၊အကယ်၍မှရှာမပေးဘူးဆိုရင်အကျွန်တော့ သမထီးအရပ်မှာအရည်းဝတ်ချေတော့မည်ပ"
သို့ဂလိုပြောပြီးသကာလ ငခေါင် ရမ်းမှာခေါက်ခနဲလှဲကာအိပ်ပျော်သွားခြင်းဖြစ်ချိမ့်၏။
ငစံမှိန်နှင့်မိချမ်းဘုံသည်ကား ခူးခနဲ၊ခေါခနဲအိပ်ပျော်ချေပြီဖြစ်သောငခေါင်ရမ်းကိုမျက်လုံးအပြူးသားနှင့်ကြည့်နေကြရင်းသက်ပြင်းကိုယ်စီချမိလေကြသည်တမုံ့။
၂။
"သမထီးအရပ်ဆိုသဟာ အသို့နည်း"
သောက်လက်စအခါးရည်မြေပန်းကန်ကိုကွပ်ပျစ်ပေါ်သို့ငစံမှိန်ပြန်ချထားလိုက်သည်။
"သမထီးဆိုတာအရည်းကြီးတွေရဲ့ဌာနကြီးတစ်ခုပေါ့၊ငါတို့ရွာထက်ကြီးသပေါ့၊သမထီးမှာအဆောင်တွေ၊သေတင်းကုပ်ကြီးတွေ၊ယဇ်နန်းတွေနဲ့ခန့်ညားပါဘိတောင်း"
ငစံမှိန်၏စကားကိုမိချမ်းဘုံငြိမ်ပြီးအံ့အားတသင့်နားထောင်နေရင်းက
"သမထီးအရည်းတွေရဲ့အကျင့်ကအသို့နည်း"
ဟုထပ်၍မေးပြန်လေသည်တွင် တုံးရန်ကောဟူသောအကြည့်နှင့်ငစံမှိန်ကမိချမ်းဘုံကိုကြည့်လတ်၏။
"ဘာထူးမှာလဲပ၊အရည်းကြီးတွေဆိုမှတော့ငါတို့ဆီကလိုပဲပေါ့၊ထူးဆန်းတဲ့အကျင့်တွေကျင့်ကြတယ်၊တုံးခုန်၊ဇယ်ခတ်၊ရေငုတ်၊မီးလှုံကြတယ်၊တေးလင်္ကာတွေသီကုံးပြီးရွတ်ဆိုကြတယ်၊နောက်ပြီးပန်းဦးလွှတ်တဲ့အလေ့ကိုသူတို့ခုံမင်ကြတယ်ကွဲ့"
"ပန်းဦးလွှတ်တဲ့အလေ့...."
တီးတိုးရေရွတ်လိုက်သောမိချမ်းဘုံ၏မျက်လုံးများမှာအရောင်တဖျပ်ဖျပ်လက်နေသယောင်။မိချမ်းဘုံကိုကြည့်ပြီးငစံမှိန်အံတစ်ချက်ကျိတ်လိုက်ချေသည်။
"အသို့နည်း၊ငါတို့ရစက ပန်းဦးလွှတ်ခဲ့တာကိုသတိရနေတာပေါ့လေ၊ဟုတ်စ"
မကျေမနပ်ပြောလာသောငစံမှိန်စကားကြောင့်မိချမ်းဘုံမှာ အိုခနဲဖြစ်သွားရှာလတ်သည်။
"ပြောရက်ပါဘိတောင်း၊အသို့ငရဲခန်းကိုအကျွန်မကဘဇာကြောင့်သတိရမိမှာတဲ့လဲ၊အကျွန်မကင ခေါင်ရမ်းအရည်းကြီးထဲဝင်မည်ဆိုသဟာအနှီပန်းဦးလွှတ်တဲ့အလေ့ကြောင့်များလားလို့တွေးထင်နေမိတာပ"
ဖြစ်နိုင်ချေရှိသည့်မိချမ်းဘုံစကားကြောင့်ငစံမှိန်တွေခနဲဖြစ်သွားပြီး
ပေါက်ဆိန်တစ်လက်နှင့်ထင်းခွဲနေသောငခေါင်ရမ်းကိုလှမ်းကြည့်မိချေသည်။ပုံစံက ညက ဒင်းပဲမဟုတ်သလို။မိန်းမ မရလို့ဒင်းကညစဉ်သေရည်သောက်သတဲ့။ဒင်းကိုမိန်းမရှာပြီးပေးစားရမယ်တဲ့။မရှာပေးနိုင်ရင်အရည်းကြီးဝတ်မည်ဆိုပ။အခုခေတ်လုလင်ငယ်တွေတယ်ပြီးခက်ကြချေသည်။ကိုယ်စွမ်းကိုယ်စမရှိလို့မိန်းမ မရကြဘူးဆိုလတ်ရင် အရည်းကြီးဂိုဏ်းထဲသာဝင်ကုန်ကြချိမ့်သည်။ဝင်ကြပေမပေါ့။ပန်းဦးလွှတ်တဲ့အလေ့ကရှိနေမင့်ဟာကို။သဟာကြောင့်လည်းသမထီးမှာအရည်းဂိုဏ်းသားတွေတစ်စတစ်စများပြားလာခြင်းဖြစ်ချိမ့်၏။ငစံမှိန်ဟူးခနဲသက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ချေပြီး
"မယ်မင်းတွေးထင်တာမှန်သပ၊ ငခေါင်ရမ်းအရည်းဂိုဏ်းထဲဝင်မယ်ဆိုသဟာ အနှီပန်းဦးလွှတ်တဲ့အလေ့ကြောင့်ပေပေါ့"
မိချမ်းဘုံခမျာ မျက်စိမျက်နှာပျက်သွားရှာလတ်သည်။
"မဖြစ်ချေဘူး...အမောင်၊သူများတွေအရည်းဂိုဏ်းထဲဝင်တယ်ဆိုသဟာဘာအရေးလဲ၊ ဒင်းသာဝင်မယ်ဆို...အိုမဖြစ်သေးပါဘူး၊သည်အရေးဟာမပေါ့တန်ကောင်း၊သည်အရေးကိုအမောင်စဉ်းစားပါဦးဘိ"
ငစံမှိန်တွေးရကြပ်သွားတုံ၏။ငခေါင်ရမ်းပုံကမိန်းမရှာမပေးလျှင်အမှန်ပင်အရည်းဂိုဏ်းထဲဝင်မည့်ပုံပင်။
မကြာမတင်ကမှထီးနန်းသိမ်းပိုက်ထားသော အရိမဒ္ဒနပူရ ထီးနန်းအရှင်ဘုရင် အနိရုဒ္ဓဒေဝကိုယ်တော်တိုင် သည်နယ်ဘက်ကွင်းဆင်းပြီးစစ်သည်အင်အားစုဆောင်းသည့်အချိန်တုန်းကမှဒင်းကိုတပ်ထဲမထည့်လိုက်ရ။
"ဘုရင်အနိရုဒ္ဓဒေဝရဲ့အထူးတပ်ထဲဝင်ချင်သပ၊ အကျွန့်ကိုခွင့်ပြုပါအဖ"
သည်တုန်းက ဒင်းခွင့်တောင်းခဲ့သဟာကို ငစံမှိန်ကခွင့်မပြုခဲ့။ခုတော့နောင်တရနေလတ်၏။စိတ်ရှူပ်ထွေးနေသောငစံမှိန်မှာထင်းပေါက်သံမကြားရသဖြင့်ငခေါင်ရမ်းကိုလှမ်းကြည့်မိလေလျှင် မြင်းဇောင်းမှမြင်းညိုကြီးကိုဆွဲယူပြီးလွှားခနဲခွတက်လိုက်သည်ကိုတွေ့ရချေ၏။သည့်နောက်"ဟိုင်း"ခနဲမာန်သွင်းကာရွာအနောက်ဘက် သေတင်းကုတ်ရှိရာသို့ဒုန်းစိုင်းသွားချေတော့သည်။မြင်းညိုကြီးကိုဒုန်းစိုင်းသွားသောငခေါင်းရမ်း၏နောက်ကျောကိုကြည့်ရင်းငစံမှိန်နှင့်မိချမ်းဘုံမှာတားချိန်ပင်မရလိုက်ချေဘဲ အံ့အားတသင့်ငေးကျန်ရစ်ခဲ့ကြ၏။
"အမလေး...အမောင်ရဲ့...သားသမီးလေးတစ်ကိုယ်တည်းမွေးထားပါရဲ့၊စိတ်ဆင်းရဲရပါဘိတောင်း"
ချူံးပွဲချငိုကြွေးလိုက်ချေသည့်မိချမ်းဘုံကိုကြည့်ပြီးငစံမှိန်ဆို့နင့်သွားလတ်၏။ကြာလာချေလျှင်သည်အရေးကမလွယ်။မိချမ်းဘုံပြောသလိုမပေါ့တန်ကောင်း။ငစံမှိန်ဆုံးဖြတ်ချက်တစ်ခုကိုယတိပြတ်ချလိုက်ချိမ့်သည်။
"သည်အရေးအတွက်မနက်ဖြန်ခါမှာပုပ္ဖအရပ်ကဦးရီးတော်ဦးကြာဖူးဆီခရီးထွက်မယ်ပ၊ဦးရီးနှင့်တိုင်ပင်လတ်ပြီး ဒင်းအတွက်တစ်ခုခုစီစဉ်မည်၊မစိုးရိမ်လင့်တော့မိချမ်းဘုံ"
ငစံမှိန်စကား ကြောင့်စိတ်သက်သာရာရသွားပြီးမိချမ်းဘုံတစ်ယောက်အငိုတိတ်သွားလေတော့သည်တမုံ့။
၃။
ငခေါင်ရမ်းအရေးကြောင့်ပုပ္ဖအရပ်သို့ခရီးထွက်သွားသောငစံမှိန်မှာငါးရက်အကြာတွင်မြင်းခြံကုန်းသို့ပြန်ရောက်လာချေသည်။တစ်ယောက်တည်းမဟုတ်။ဦးရီးတော်သူဦးကြာဖူးနှင့်အိုစည်သူအမည်ရှိလုံမပျိုလေးပါ ပါလာခြင်းဖြစ်ချိမ့်၏။
"ငခေါင်ရမ်းအတွက်သတို့သမီးလောင်းပ"
ရောက်မဆိုက်ပြောလာသည့်ငစံမှိန်စကားကြောင့် ငခေါင်ရမ်းမှာထ၍ကျွမ်းထိုးလေချေ၏။ ထိုးပေမပေါ့။မိန်းမရတော့မည်ကိုး။သားတော်မောင်ကိုကြည့်ပြီးငစံမှိန်နှင့်မိချမ်းဘုံမှာပြုံးပျော်မိကြလေသည်။အိုစည်သူလေးမှာကားမျက်လွှာလေးအောက်ချကာရှက်နေရှာလတ်သည်။သနားစရာကောင်းပါဘိတောင်း။
"အကျွန်...သေမသောက်တော့ဘူး၊အဖနဲ့အမိ ၊ အရည်းဂိုဏ်းထဲလည်းမဝင်တော့ဘူး၊ဟောဒီလုံမလေးနဲ့သာကျူပ်ကိုအမြန်ဆုံးထိမ်းမြားပေးပါဘိ"
ငခေါင်းရမ်းမှာ အိုစည်သူလေးကိုမျက်တောင်မခတ်တမ်းကြည့်ကာမျောက်အုန်းသီးရသကဲ့သို့ ပျာယာခတ်နေရှာလတ်သည်။ငစံမှိန်နှင့်မိချမ်းဘုံမှာကားဦးရီးတော်ဦးကြာဖူးကိုကြည့်ကာ ကျေးဇူးတင်မဆုံး ရှိနေရှာလတ်ကြ၏။
"သည်အရေးအတွက်ဘာမှမပူလင့်ငစံမှိန်၊ငခေါင်ရမ်းနဲ့အံဝင်မယ့်သတို့သမီး ငါ စပ်ဟပ်ပေးမည်ပ"
သို့ဂလိုပြောကာဦးကြာဖူးက အိုစည်သူလေး၏မိဘနှစ်ပါးနှင့်ငစံမှိန်ကိုတွေ့ဆုံပေးကာတစ်ခါတည်းတောင်းရမ်းခဲ့ကြခြင်းဖြစ်ချိမ့်၏။ အိုစည်သူ၏မိဘနှစ်ပါးမှာလည်းဝမ်းသာအားရနှင့်သမီးဖြစ်သူကိုအကြည်အဖြူထည့်လိုက်ကြခြင်းဖြစ်ချေသည်။
"ကဲ...ငစံမှိန် မင်္ဂလာပွဲကို ဘယ်အခါကျင်းပကြမတုန်းကွဲ့"
ဦးကြာဖူးက ပျာယာခတ်နေသည့်င ခေါင်ရမ်းကိုမျက်စောင်းတစ်ချက်ထိုးကာမေးလတ်သည်။ငစံမှိန်နှင့်မိချမ်းဘုံတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြိုင်တူခေါင်းညိတ်ပြီးသကာလ
"မနက်ဖြန်ပဲ ကျင်းပကြစို့ရဲ့ဦးရီးတော်"
ဟုပြောလျင်ပင် ငခေါင်ရမ်းမှာ"ဟေး"ခနဲအော်လိုက်ချေသည်တမုံ့။
၄။
ငခေါင်ရမ်းနှင့်အိုစည်သူတို့၏မင်္ဂလာပွဲကားအတော်အသင့်စည်းကားလတ်၏။ဆန်ပေါက်ပေါက်နှင့်သကာရည်ကျွေးမွေးခြင်းဖြစ်ချိမ့်၏။ မြင်းခြံကုန်းကာလသားတစ်သိုက်မှာ သတို့သားငခေါင်ရမ်းကိုကြည့်ကာအားကျနေလတ်ကြသည်။အားကျစရာပါချေ။သတို့သမီး အိုစည်သူလေးကားမွှတ်နေအောင် လှနေချေသည်တကား။
"တောက်ကွာ...ငခေါင်ရမ်းနေရာမှာငါနဲ့သာဆို ဘယ်သို့ကောင်းမည်နည်း"
ရွာကာလသားငကြာစိက သတို့သမီးအိုစည်သူကိုငေးရင်းကျိတ်မနိုင် ခဲမရတီးတိုးရေရွတ်လေသည်တွင် ဘေးမှငပေတိုးကလည်းအားကျမခံ အံကြီးကျိတ်ပြီး
"ဟုတ်ပ ရောင်းရင်းရာ၊သတို့သားနဲ့သတို့သမီးဘယ်သို့မှမလိုက်ဖက်ဘူး၊ကျူပ်ဖြင့်သတို့သမီးကိုနှမျောပါဘိတောင်း၊ငခေါင်ရမ်းနဲ့များစုံဖက်ရတယ်လို့၊ကျူပ်နဲ့ဆိုဟုတ်တုတ်တုတ်"
သို့ဂလိုမစားရ ဝခမန်းပြောဆိုနေကြသည်ကို ဘေးနားမှငြိမ်၍နားထောင်နေလတ်သော ငအိုးက
"ရောင်းရင်းတို့သတို့သမီး အိုစည်သူလေးလှသည်ကားမှန်ပါဘိ၊သို့ပေတဲ့သတို့သမီး၏လည်ဇလုပ်ကအသို့ကြောင့်ကြီးဘိသနည်း"
ဟုမေးလိုက်သဖြင့် ကာလသားတစ်သိုက်မှာတွေး ငေးကုန်ကြချေသည်။
အသို့နည်း။မိန်းမများလည်ဇလုပ်မပါရဘူးလို့မည်သူပြောသနည်းဟု အချင်းချင်းကျိတ်၍ငြင်းခုံကာအိုစည်သူလေးကိုငေးမြဲငေးနေကြချိမ့်သည်။
သတို့သားငခေါင်ရမ်းကအိုစည်သူ၏ လက်ကလေးတစ်ဖက်ကို ရွရွကိုင်ထားချေပြီး စိတ်ထဲမှကျိတ်၍နှမျောနေရှာလတ်သည်။အသို့နည်း။
ညနေရီမှောင်ရီပျိုးပြီဆိုရင်ဖြင့်သတို့သမီး အိုစည်သူကို ရွာဦးရှိအရည်းကြီးကျောင်းတွင် ပန်းဦးလွှတ်ရန်ပို့ရတော့မည်ဖြစ်၍ပင်။
အိုစည်သူလေးမှာကား မျက်လွှာလေးချကာ ဆိတ်ငြိမ်နေရှာသည်။"နှမျောပါဘိ...နှမငယ်ရယ်..."တွေးရင်းငခေါင်းရမ်းရင်မချိအောင် ခံစားသွားရ၏။ချက်ချင်း အပျော်တို့ဆိတ်သုဉ်းကုန်ဘိ၏။
၅။
နေဝန်းသည်အနောက်ဂေါ်ယာကျွန်းသို့ ဝင်လတ်ပြီ။ ငခေါင်ရမ်း၏အိမ်ဝိုင်းတွင်ကာလသား၊ကာလသမီးများနှင့်ပြည့်နေချေသည်။
ဝါးဖြင့်ပြုလုပ်ထားသောဝေါစင်ကို ကာလသားများကထမ်းယူလာကြ၏။
အချို့က ကျွဲချို၊သံသာ၊ခွက်ခွင်း၊ဗုံတိုများတီးမှုတ်နေကြသည်။ ထိုတေးသံများကပျော်စရာမကောင်း။ ကြေကွဲဖွယ်ကောင်းဘိ၏။ ကာလသမီးမိန်းမပျိုလေးများက မြေနီအိုးတွင်ပန်းရောင်စုံ ထိုးစိုက်ကာလက်တွင်ပိုက်ထားကြချေသည်။
ပန်းဦးလွှတ်ရန်သတို့သမီးကိုအရည်းကြီးကျောင်းသို့ပို့ကြချေတော့မည်။ အချိန်နီးကပ်လာသည်နှင့်အမျှ ငခေါင်ရမ်းရင်ထဲ မီးတောက်နေချေပြီ။ တစ်ချက်တစ်ချက် လွတ်ချင်ချင် ဖြစ်နေသော စိတ်ကိုထိန်းကာ အိုစည်သူလေးကိုသာ သနားခြင်း၊ယူကျုံးမရခြင်း၊နှမျောခြင်း စသည့်အကြည့်များနှင့် ကြည့်နေမိချိမ့်၏။
အိုစည်သူလေးမှာ မျက်နှာတစ်ချက်မပျက်၊ ပကတိတည်ငြိမ်ဘိ၏။ ဝေါစင်ပေါ်သို့တက်လှမ်းသွားသော ခြေလှမ်းများမှာ တစ်ချက်ပျက်ယွင်းခြင်းမရှိ။ ကြေကွဲနေသော ငခေါင်ရမ်းကို ယဲ့ယဲ့လေးပြုံပြရှာလတ်၏။
သို့စဉ် "ဘော်"ခနဲ မှုတ်လိုက်သော ကျွဲချိုသံကြောင့်ကာလသားများက ညီညာစွာ ဝေါစင်ကိုထမ်းလိုက်ကြပြီး ထွက်ခွာသွားကြလျှင် မိန်းမပျိုလေးများက မြေနီပန်းအိုးကိုယ်စီပိုက်ကာ စီတန်း၍လိုက်သွားကြချေ၏။
ဝမ်းနည်းပက်လက်ငိုကြွေးနေခဲ့ရှာသော ငခေါင်ရမ်း၏ပခုံးလေးကို မိချမ်းဘုံကဖွဖွလေး ဖက်ကာနှစ်သိမ့်နေလတ်သည်။ သွားကြချေပြီ။ရွာထိပ်အရည်းကြီးကျောင်းသို့ ပန်းဦးလွှတ်ရန် အိုစည်သူလေးပါသွားရှာချေပြီ။ငခေါင်ရမ်းသည်ကား ရှိူက်၍ရှိူက်၍သာ ငိုလေတော့သည်တမုံ့။
၆။
ထိုင်ခုံတွင် ထိုင်လိုက်၊ထလိုက်၊ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လိုက်ဖြင့် ရှင်ကြီးဝဏ္ဏစိတ်လှုပ်ရှားနေချိမ့်၏။ လာတော့မည်။ ဒင်းတို့လာတော့မည်။ စိတ်ထဲတွေးကာ ဝတ်ရုံကို ပခုံးပေါ်တင်လိုက်၊ပြန်ချလိုက်၊ထိုင်ခုံတွင်ဝင်ထိုင်လိုက်လုပ်နေသော ရှင်ကြီးဝဏ္ဏ။ လက်အောက်ငယ်သားများကသူ့ကိုအားကျသောမျက်ဝန်းများ နှင့်ကြည့်နေကြသည်ကိုပင် ရှင်ကြီးဝဏ္ဏ သိသော်လည်းဂရုမစိုက်နိုင်။
"ဒင်းလောက် လှတဲ့အမျိုးသမီး တမ္ပဒီပမှာရှိတော့မည်မထင်"
နေ့ခင်းက အထောက်သွားခဲ့သည့်ကပ္ပိယကြီး၏စကားကြောင့် သတို့သမီးမှာဘယ်ကလောက်ချောသည်ဆိုသဟာကို ရှင်ကြီးဝဏ္ဏတွေးချင့်မိသဖြင့် စိတ်လှုပ်ရှားနေမိချင်းပင်။အရေးထဲ လက်အောက်အရည်းများကသည်သတင်းကြောင့်
"ညောင်းရင်နှိပ်ပေးမယ်ဂိုဏ်းအုပ်ကြီး" ဟုတစ်မျိုး၊ "လိုတာရှိခိုင်းနော်၊ လုပ်ပေးချင်လို့ပါ" ဟုတစ်သွယ်၊သူ့ထက်ငါမျက်နှာချိုသွေးနေကြသဖြင့်မာန်မဲလွှတ်ရချေသေး၏။ ယခုပင် အခန်းဝတွင်ရစ်သီရစ်သီလုပ်နေကြသည်ကို မမြင်ချင်ယောင်ပြုရ၏။
" ဘာတဲ့နာမည်လေးက အိုစည်သူဆိုပါကလား...ကပ္ပိယကြီးပဲလွန်ကျူးပြီးပြောသလား၊အကယ်ပင်လှသလားဆိုတာကို ဒင်းလေးလာမှသိချိမ့်မည်"
နှုတ်မှပွစိပွစိ ပြောပြီးခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလတ်သော ရှင်းကြီးဝဏ္ဏစိတ်လှုပ်ရှားမည်ဆိုက လှုပ်ရှားလောက်ပေသည်။
မြင်းခြံကုန်းတွင် မင်္ဂလာပွဲမရှိသည်မှာ အတန်ကြာလတ်ပြီကိုး။ဘယ်နေ့မင်္ဂလာပွဲရှိမလဲနှင့်ရှင်ကြီးဝဏ္ဏတို့မျှော်
နေခဲ့ရသည်။ခုတော့မျှော်နေခဲ့သည့်ရက်မျိုးရောက်ချိမ့်ပြီ။
သို့ဖြင့်ပင် ကညှင်းဆီမီးတိုင်များ ထွန်းညှိကာတီးမှုတ်၊ကခုန်ရင်းနှင့်သတို့သမီးဝေါစင်ကြီးကား ရှင်ကြီးဝဏ္ဏ၏ကျောင်းဝန်းထဲသို့ရောက်လာခဲ့ချေသည်။
ပကတိတည်ငြိမ် သောဣန္ဒေဖြင့်ရှင်ကြီးဝဏ္ဏထိုင်ခုံတွင်ထိုင်လိုက်ချေပြီးမျက်လွှာကိုချထားချိမ့်၏။သတို့သမီးကိုလိုက်ပါပို့ဆောင်ကြသူများရှင်ကြီးဝဏ္ဏကိုအရိုအသေပေးကာပြန်သွားကြချေသည်။
ရှင်ကြီးဝဏ္ဏမှာသတို့သမီး မျက်နှာကိုမကြည့်ရသေး။ အနှီ အမျိုးကောင်းသမီးက ဝေါစင်ပေါ်မှဆင်းကာ
ရှင်ကြီးဝဏ္ဏရှေ့တွင် ဒူးတုပ်ခေါင်းငုံ့ အရိုအသေပေးနေသည်။ အပ်ကျသံပင်မကြားရလတ်သည့် ဆိတ်ငြိမ်ခြင်းကို ရှင်းကြီးဝဏ္ဏက စတင်ဖြိုခွင်းလိုက်ဘိသည်။
" အရည်းတို့ဆိုင်ရာအဆောင်သို့ပြန်ကုန်လော့"
အလိုက်မသိ ငေးကျူနေကြသော အရည်းများကိုရှင်ကြီးဝဏ္ဏက နှင်ထုတ်လိုက်သည်။ သို့မှမကျေမနပ် ရေရွတ်သံများဖြင့် အရည်းများအလျှိုလျှိုထွက်သွား ကုန်ကြသည်။
သို့ပေတဲ့မမြင်ကွယ်ရာကနေ ပြန်၍ချောင်းကြမည်ကိုရှင်ကြီးဝဏ္ဏသိနေလတ်၏။ ကိစ္စမရှိ။ချောင်းကြပါစေ။
" သူငယ်မ မျက်နှာမော့စမ်းပ"
ရှင်ကြီးဝဏ္ဏအသံက အခန်းထဲဟိန်းသွားချေသည်။ တဖြည်းဖြည်းမော့လာလတ်သော သတို့သမီးမျက်နှာကို ရှင်ကြီးဝဏ္ဏ မျက်တောင်မခတ်တမ်း ကြည့်ပစ်လိုက်သည်။ အလို...ရှင်ကြီးဝဏ္ဏရင်တွေဆောင့်ခုန် သွားလတ်သည်။ခေါင်းမြီးခြုံထားသောဇာပဝါကိုနောက်သို့ဆွဲဖယ်ကာ သတို့သမီးခေါင်းမော့လာသည်။ မှောင်မိုက်သည့်ညတိမ်တိုက်တွင်ပေါ်ထွန်းလာသော လပြည့်ဝန်းကဲ့သို့ ဝင်းမွတ်သောအလှ မျက်နှာလေးကိုရှင်ကြီးဝဏ္ဏ မြင်လိုက်ရဘိ၏။ကပ္ပိယကြီးစကား သွေးထွက်အောင်မှန်ချိမ့်ပြီ။
ရှင်းကြီးဝဏ္ဏထိုင်ရာမှ ဝုန်းခနဲထလတ်ပြီးအခန်းထောင့် တွင်ထွန်းညှိထားသော ကညှင်းဆီမီးကို"ဟူး" ခနဲငြှိမ်းသတ်လိုက်ချေ၏။ အခန်းကအမှောင်အတိ။ခဏချင်းပင် လမင်းကိုတိမ်တိုက်အမှောင် ဖုံးချေပြီ။
ရှင်ကြီးဝဏ္ဏအခန်းက မီးရောင်ပျောက်သည်နှင့် လက်အောက်အရည်းကြီးငါးယောက် ရှင်ကြီးဝဏ္ဏအခန်းတံခါးပေါက်တွင် ဝမ်းလျားထိုးမှောက်ကာ နေရာယူကြချိမ့်သည်။ အမှောင်ကြောင့်ဘာမျှမမြင် ရသည့်အခန်းတွင်းသို့ နားကိုသာအာရုံပြု နေကြလတ်စဉ် ဆိတ်ငြိမ်သော ညဉ့်ဦးယံ တွင် ရှင်ကြီးဝဏ္ဏ၏နက်ကျောသောအသံကြီးထွက်လာလတ်သဖြင့်လန့်ဖျပ်ကုန်ကြ ချိမ့်သည်။
" ကယ်မကြပါဗျို့ ... အမလေးငါ့ရှင်တို့ သတို့သမီးမှာ လစိကြီး အဲ့ လည်စိကြီးပါတယ် ...ဟရို့"
ဝတ်ရုံကြီးဖိုသီဖတ်သီနှင့် အော်ပြီးပြေးထွက်လာသော ရှင်ကြီးဝဏ္ဏခြေထောက်တွေက တံခါးပေါက်တွင် ဝမ်းလျားထိုးကာ ချောင်းနေကြလတ်သော အရည်းငါးယောက်၏ခေါင်းများကို ပယ်ပယ်နယ်နယ် နင်းသွားချေတော့၏။
ခေါင်းနင်းခံရသည့်အရည်းများမှာ
ဘာမှန်းမသိဘဲအော်ဟစ်ထွက်ပြေးသွားသောရှင်ကြီးဝဏ္ဏကို ငုတ်တုပ်ထိုင်ကာ ကြည့်နေလတ်ကြစဉ်
" အဘယ်သူ လာချင်သတုန်း...လာချင်သပဆို ဝင်ခဲ့ပ၊အကျွန်မ စောင့်နေဘိသည်"
ဟူသောဩရှရှအသံကြီးကြောင့်ယောင်ရမ်းကာ ပြိုင်တူအော်မိကြကုန်၏။
" အလိုလေး...ယောင်္ကျားအသံကြီးပါလား...ဟရို့"
၇။
အရည်ကြီးကျောင်းမှ ထွက်ပေါ်လာသော အသံနက်ကြီးကြောင့်မြင်းခြံကုန်း တစ်ရွာလုံးထိတ်လန့်ကုန်ကြသည်။ တက်တခေါက်ခေါက်နှင့်တစ်ချိန်လုံး ရှိနေသောငခေါင်ရမ်းမှာ အနှီအသံနက်ကြီးကြားသည်နှင့် ဓားလွတ်လွယ်ကာသွားမည် ဟန်ပြင်သဖြင့် ငစံမှိန်နှင့် မိချမ်းဘုံတို့ အတင်းထပြီးဆွဲထားရချိမ့်သည်။
" မမိုက်ချင်ပါနဲ့သမီး(အဲ့)သားရယ်၊အိုစည်သူလေးသူ့ဟာသူပြန် ရောက်လာပါလိမ့်မယ်ကွဲ့"
စကားမှားကာချော့နေရှာလတ်သည့် မိချမ်းဘုံကိုကြည့်ပြီးပုပ္ဖသား ဦးကြာဖူးမှာ တခွီးခွီးရယ်နေလတ်တော့၏။
၈။
အနှီညမှ အံ့ဩဖွယ်ဖြစ်ရပ်ကြောင့်မြင်းခြံကုန်းရွာမှအရည်းကြီး ရှင်ကြီးဝဏ္ဏမှာ အရည်းကြီးဘဝမှ ရာသက်ပန်အနားယူသွား သည်ကိုစိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ရှိကြရလေ သည်တကား။
#ညီညီထက်(ထိန်ပန်း)
0 Comments