ဝတ္ထုတို အမည် - သူ့ကုသိုလ်
စာရေးသူ - မစန္ဒာ
-------------------------------------------------
...... သူ့ကုသိုလ် ......
သူတို့မှာ မောင်နှမ ငါးယောက်ရှိသည်။ပြောရမှာတော့သိပ်မကောင်း။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည်ရှိမည်ကိုသိသော်လဲ ခပ်သာသာ ခပ်ဖွဖွတော့ ထောင်းချင်သေးသည်။
တစ်အူထုံ့ဆင်း မောင်နှမအရင်းတွေဖြစ်သော်လဲ အသက်တွေကြီးလာတော့ တစ်ယောက်နဲ့တစ်ယောက် သိပ်ပီး မတည့်ချင်တော့။ တစ်စိမ်းတွေလဲ အသီးသီးဖက်လာကြပီ မဟုတ်လား။
မောင်နှမငါးယောက်မှာ သူက အလယ် နံပါတ်သုံးဖြစ်သည်။ သူ့အထက်တွင် အမတစ်ယောက် အကိုတစ်ယောက် သူ့အောက်မှာညီတစ်ယောက် ညီမတစ်ယောက် စုပေါင်းတော့ ငါးယောက်။ ထိုငါးယောက်ရဲ့ ယောကျာ်းတွေ မိန်းမတွေ ထည့်ပေါင်းလိုက်တော့ဆယ့်တစ်ယောက်။ တကယ်က ဆယ်ယောက်သာဖြစ်သင့်သော်လဲ သူ့ညီက မိန်းမ နှစ်ယောက်ယူထားသောကြောင့် တစ်ယောက်ထပ်တိုးပီး ဆယ့်တစ်ယောက်ဖြစ်သွားခြင်းဖြစ်သည်။
ထိုဆယ်တစ်ယောက်က ပါးစပ် ဆယ့်တစ်ပေါက် လေသံ ဆယ့်တစ်မျိုးထွက်လေသည်။ မယားညီအကိုချင်း လင်ညီအမချင်း ယောက်ဖချင်းယောက်မချင်း စကားပြောအဆင်မပြေ မကျေနပ်တာလေးတွေရှိသည်မှအစ တစ်ခါတရံတော့ မောင်နှမချင်းပင် ခပ်တန်းတန်းဖြစ်ချင်သည်။
သူကတော့ ငါးယောက်တွင် အလယ်နေရာရထားသူမို့ အကြီးနှစ်ယောက်နဲ့လဲမတွဲဖြစ် အငယ်နှစ်ယောက်နဲ့လဲ မတွဲဖြစ် ကြားတွင် ချောင်နေလေသည်။ စီးပွားရေးအားဖြင့်လဲ သူကမပြေလည်ဆုံးဆိုတော့ ကိုယ့်အားငယ်စိတ်နဲ့ ကိုယ် ခပ်အေးအေးနေတာလဲ ပါမည်ထင်သည်။ မိန်းမချင်းယှဉ်လိုက်လျှင် သူ့မိန်းမက အရိုးသားဆုံး အအေးဆုံးဖြစ်မည်ထင်သည်။
စကားလှအောင်ရိုးသည် ဟုပြောရသော်လဲ အသည် နသည်ဟုပြောရလျှင် ပိုပြီးမှန်လိမ့်မည်။ အကိုကြီးမိန်းမက အလယ်တန်းပြဆရာမဖြစ်သည်။
ညီငယ်မိန်းမကြီးကတော့ ကြုံရင်ကြုံသလို ပွဲစားလုပ်သည်။ ဘာရောင်းမည်ကြားကြား သူကနားစွင့်ထားသည်။ ဘာလိုချင်ပြောပြောသူက ဆက်သွယ်ပေးတတ်သည်။
ဒါကလဲ တစ်ကယ့်ပညာတစ်မျိုးပင်။ညီငယ့် မိန်းမအငယ်ကတော့ ငွေမရှာတတ်သော်လဲ အချက်အပြုတ်ကောင်းသည်။ ကြက်တစ်မည်ထဲကိုဆီပြန်ဟင်း အစီမ်းကြော် ဆယ့်နှစ်မျိုးဟင်းချို ရအောင်ချက်တတ်သည်။ ကိုယ့်အကျီကို ချုပ်၀တ်သည်။
လင်လုဘက်ချင်းဆိုတော့ အကြီးနဲ့အငယ် တစ်ခါတစ်ရံ သက်ကြ ပုတ်ကြသော်လဲ တစ်ခါတစ်ရံတော့ အကြီးအတွက် အကျီကို အငယ်က အကျအနချုပ်ပေးတတ်သည်။
" မိန်းမကိုက ရှစ်စပ်ကလည်နေတာ " ဟု အကိုကြီးမိန်းမက ညီငယ်မိန်းမအကြီးကို ကွယ်ရာမှာ မှတ်ချက်ချဖူးသည်။ ဆရာမမပီသဘူးပဲဆိုဆိုရှစ်စပ်ကလည်ည်ဆိုဆို သူတို့၀င်ငွေအသီးသီးရှာတတ်ကြတော့ ၀တ်သား တစ်ပိသာ ဆီတစ်ပိသာ ဆန်တစ်တင်း စျေးတွေကို ရင်ဆိုင်နိုင်ကြ
သည်ကတော့အမှန်ပင်။
ခက်သည်က အိမ်ကမိန်းမဖြစ်သည်။ အကိုကြီးမိန်းမလိုလဲ ဘွဲ့ရမဟုတ်၊ ညီငယ်မိန်းမအကြီးလိုလဲ လည်လည်၀ယ်၀ယ်မဟုတ်။ အငယ်လိုလဲအချက်အပြုတ် မကောင်း အိမ်မှာ ကုန်စုံဆိုင်လေးဖွင့်တုန်းကလဲ မှန်မှန်ကန်ကန်တွက်ချက်ငွေမအမ်းတတ်။ ၀ယ်သူများကလဲ လိုရင်သာပြန်
တောင်းသည်။ ပိုသွားရင် ဆယ်ယောက်လျှင် တစ်ယောက်ပင်ပြန်လာပေးသည်မဟုတ်။ သည်လိုနဲ့ အရင်းပြုတ်ခဲ့ရသည်။
သူ့လခရှိနေသော်လဲ သားသမီးက သုံးယောက် သူတို့ကနှစ်ယောက် ဆိုတော့ မိန်းမက အပျိုဘ၀က ကြက်သား၀တ်သားချက်တတ်ခဲ့ရင်တောင်မေ့ပီထင်ပ။ အပို၀င်ငွေမရှိပါဘဲလျှက် ကြက်သားမှချက်ချင်သော မိန်းမနဲ့ရလျှင်လဲ အခက်ပင်။ ဒီတော့ မိန်းမမချက်တတ်တာကိုပင် ကြံဖန်ပီးကိုယ့်ဘ၀ကိုယ်ကျေနပ်နေရလေသည်။
သူ့မိန်းမက ပညာမတတ်သော်လဲ အပိုစကားသိပ်မပြောတတ် မညည်းညူတတ် ပါးစပ်ကလေးတစ်ပေါက်ထဲနှင့်ပင် တော်လေး၀ ၀င်နေပီဟုသူကကြံဖန်ပီးဂုဏ်ယူချင်သည်။
ဒီလိုအရည်ချင်းမျိုးက မိန်းမတစ်ရာလျှင် တစ်ယောက်ရှိလျှင် ကံကောင်း။ ဒီလို မညည်းညူ တတ်သောပါးစပ်ကညည်းလာပီဆိုလျှင်တော့ အတော်လေးအခြေနေဆိုးနေပီကို သိသာနိုင်သည်။
" အိမ်မှာတော့ အကုန်ပြတ်နေပီအကို ဆီစာအုပ်ပေါင်ရအောင်ကလဲ နောက်လကျရင် သကြားလေး ဆပ်ပြာလေး ရေနံဆီလေးများရနေရင်နှမျောစရာ "
" သမီးဖိနပ်လဲ ပြတ်ခါနီးပီ အဖေ "
သူကအပျိုအရွယ် သမီးငယ်ကို ငေးကြည့်နေမိသည်။ မိန်းကလေးတစ်ဦးအတွက် ဆံပင်မှခြေထောက်အထိ ခေတ်နဲ့အညီ ၀တ်ဆင်နိုင်ရင် ဘယ်လောက်များကုန်လေမည်နည်းဟု စဉ်းစားမိတော့ ခေါင်းကိုက်ချင်သလိုလိုဖြစ်လာသည်။
အိမ်ကသားသမီးတွေ စနောက်နေတာကြည့်ပီး သူတို့မောင်နှမတွေလဲ ငယ်ငယ်တုန်းကတော့ ခုလို ချစ်ချစ်ခင်ခင်ပင်ဖြစ်သည်။ အသက်တွေကြီးလာတော့လဲ ကိုယ့်အလုပ်နဲ့ကိုယ် ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်ပီး အနေတွေဝေးပီး စိမ်းလာကြသည်။
" အင်းးး လူဆိုတာ ငယ်တုန်းက သဘောထားကြီးပီး အသက်တွေကြီးလာရော စိတ်သဘောတွေလဲ တစ်နေ့တစ်ခြား နုလာကုန်ရော ထင်ပါရဲ့ "
သူကတွေးရင်းစိတ်မကောင်းဖြစ်မိသည်။ သူတို့ ညီအကိုသုံးယောက်သည် ငယ်တုန်းက ထွေးလုံးရစ်ပတ်သတ်ပုတ် ဆော့ကစား ဖက်လဲတကင်းနေခဲ့သော်လဲ ခုတော့ အကြောင်းထွေထူးမရှိရင် တစ်ဦးနဲ့တစ်ဦး မတွေ့ဖြစ်တော့။
အကိုကြီးကလဲ ညီငယ်ကို ခပ်တည်တည်နေသည်။ သူ့မိန်းမကို" အသပြာဆရာမ " ဟုပြောသောကြောင့်ဖြစ်သည်။ ညီငယ်ကလဲ " ကျွန်တော့ဟာကျွန်တော် မိန်းမဘယ်နှစ်ယောက်ယူယူပေါ့ဗျာ ကိုယ့်ဇာတ်ကိုနိုင်လို့ကတာပဲဟာ ခုတော့ အကိုကြီးမိန်းမက အိမ်လာရင် " နင်မို့ ဒီလိုအဖြစ်ခံတယ် ငါသာဆို မယားငယ်မ ပါးချပီး အိမ်ပေါ်က ဆွဲချမယ် " လို့
အကြီးကိုသွားပီးပြော ၊ အငယ်ကိုကျပြန်တော့လဲ " ဟိုကဆွဲထားတော့ ကြိုးအတုတ် နင့်လည်ပင်းကျတော့ ပါးပါးမှုန်မှုန်လေးပါလားဟဲ့ " လို့ပြောလိုပြောတယ်ပီး ဇာတ်လာရှုပ်နေတဲ့ မိန်းမကြီး " ဟု မကျေမနပ်ပြောပီး အကိုကြီးနဲ့ ခပ်တန်းတန်းနေသည်။
သူကလဲ သူ့မိန်းမမလည်လို့ တစ်ကယ်အေးသည်မှာမှန်သော်လည်း " ဒီမိန်းမကတော့ ခပ်နုံနုံ ခပ်ဖျင်းဖျင်းပါကွာ " ဟူသော မှတ်ချက်ကိုကြားနေရတော့ မခံချိ မခံသာဖြစ်မိသည်မှာအမှန်ပင် ။ ဒါကြောင့်လဲ သိပ်အ၀င်အထွက်မလုပ်တော့ပဲ ခပ်အေးအေး ခပ်စိမ်းစိမ်းပင် နေမိတော့သည်ခုငွေ လိုပြန်တော့အမကြီးဆီပဲ သွားရအုန်းမယ် ထင်ပါတယ်။
အမကြီးက ကပ်စီးနဲသော်လဲ မောင်တွေ ညီမတွေ အကူညီလာတောင်းရင် နေနိုင်သူတော့မဟုတ်။ ညည်းညည်းညူညူနဲ့ တစ်၀က်လောက်တော့ထွက်လာတတ်သည်။
သူကညည်းညူလွန်းတော့ ယူရသူမှာ မျက်နှာလဲပူ ကျေးဇူးတင်ရမည်ကိုမေ့သွားတတ်သည်။ သူကတွေးရင်း သက်ပြင်းချမိသည်။ အကိုနဲ့ညီက ချောင်လည်သော်လဲ တောင်းဖို့စိတ်ကူးထဲပင် သိပ်မထည့်ရဲ၊ သူတို့မိန်းမတွေမသိဘဲလဲ သူတို့က ပေးမည်မထင်။
ညီမငယ်လေးကတော့ သူ့ယောကျာ်းကိုအတော်ကြောက်ရသည်။ နောက်ပီး သူတို့မှာလဲကလေးက လေးယောက်။
အမကြီးဆီရောက်လာခဲ့တော့" ရေချိုးနေတယ် ဦးလေး "
ဧည့်ခန်းထဲတွင် ဂစ်တာတီးနေသော သားအကြီးဆုံးကဆီးပြောသည်။ သူက ဧည့်ခန်းထဲက ကုလားထိုင်မှာထိုင်ပီး စားပွဲပေါ်တွင်တွေ့သော သတင်းစာကို ကောက်ကာဖတ်နေမိသည်။
ဖတ်သည်ဆိုတော့လဲအမကြီးအကြောင်းတွေးနေတာဆို ပိုမှန်မည်။အမရဲ့ခင်ပွန်းဆုံးသွားသည်မှာ သုံးနှစ်ကျော်ပီဖြစ်သော်လဲ မဆုံးမီက အရှိန်အဝါအရ အပေါင်းသင်းများ ရှာဖွေကောင်းသူဆိုတော့ အတော်လေးသုံးနိုင်စွဲနိုင်သည်။
အင်းလျားလမ်းတွင် တစ်ထပ်တိုက်ကလေးတစ်လုံး ပါရမီတွင်လဲ မြေတစ်ကွက်ရှိသည်။ နေမည်ဟု သူတို့စိတ်ကူးထားသည့်အတိုင်း ပါရမီကမြေကလေးတွင် ပျဉ်ထောင်အိမ်ကလေးတစ်လုံးဆောက်ပီး နေလက်စ အင်းလျားလမ်းကအိမ်ကို ပြန်ပြင်ပီး ငှားရန်စီစဉ်ကာ သားအမိလေးယောက် ပါရမီသို့ပြောင်းခဲ့သည်။
အိမ်ပြောင်းရသည့်နေ့က သူ့တူမငယ်က " ကျွန်မတို့ ဆင်းရဲသွားပီ ဦးလေးရဲ့ " ဟု ၀မ်းနည်းပန်းနည်း ပြောပီး မျက်ရည်ကျတာမြင်တော့ သူက" ငါသာ နင်တို့ဆင်းရဲသလောက်သာ ချမ်းသာရင် ဘယ်လောက်ကောင်းလိုက်မလဲ " ဟု ပြောချင်လိုက်သည်မှာ ပါးစပ်ပင်ယားနေသည်။
ခဏနေတော့အမကြီးထွက်လာသည်။ " ထမင်းစားပီးမှပြန်နော် " ဟုပြောလေသည်။
" ဆင်းရဲပါပီ " ဟုညည်းနေတတ်သော်လဲ အမကြီးတို့ဆီက ဆိတ်သား ကြက်သား ငါးမြင်း ငါးကြင်း စသည်စသည်တို့ကို နေ့စဉ်မထပ်အောင်အမျိုးမျိုးစားလေတော့ သူကပွဲတော်တိုးသလိုမြိန်လှသည်။
တူတွေ တူမတွေစားပီးကြပီး အမကြီးနဲ့ နှစ်ဦးထဲကျန်သည့်အခါမှ" အရေးတကြီးလိုနေလို့ ငွေလေးနည်းနည်း လှည့်ပါအုန်းဗျာ " ဟု ခပ်တိုးတိုးကျိတ်ပီးပြောရသည်။ သူရောက်လာထဲက ငွေလိုပြန်ပီထင်ပါရဲ့ဟု
တွေးမိပီးဖြစ်သောကြောင့် အမကြီးက သက်ပြင်းလေး မသိမသာချသည်။
" နင်တို့အားလုံးက ငါ့ကိုသူဌေးလို့ထင်ကြတယ် ငါ့မှာ တစ်လတစ်လ အလျဉ်မီအောင် မနည်းသုံးနေရတာ အိမ်စရိတ်ကသေးတာမဟုတ်ဘူး "" နင့်တူအကြီးကောင်က စတီရီယိုအဆိုတော်ဖြစ်ချင်လို့တဲ့ ငွေထုတ်ပေးဖို့အရေးဆိုနေတယ် "
" အင်း "
" အငယ်ကောင်ကျတော့ ကားစီးချင်လို့တဲ့ "
" အင်း "
" သားသမီးသုံးယောက်ရှိတော့ ကုန်စရာကအမျိုးမျိုး ငါ့မှာလဲ ၀င်ငွေနဲ့ထွက်ငွေ မျှတာမဟုတ်ဘူး "" မနေ့တုန်းကတောင် မိမျိုးလာသေးတယ် "
" ဟုတ်လား " မိမျိုးသည် သူတို့ညီမအငယ်ဆုံးဖြစ်သည်။
" သူ့ယောကျာ်း ကားမောင်းရင်းတိုက်မိလို့တဲ့ "
" လူထိသွားသေးလား "
" လူတော့မထိဘူး ငွေလိုလို့တဲ့ လာတောင်းတယ် "
" ပေးလိုက်ရရောလား "
" မပေးလို့ဘယ်ဖြစ်မလဲ ပေးရတာပေါ့ဟယ် "
" ကိုတိုးမိန်းမလဲ ခဏခဏလာတယ်ဟဲ့ "" အကြီးမလား "
" အင်း သူပေါ့ ဆွမ်းကျွေးရှိလို့ ဟိုဟာလာငှား ဒီဟာလာငှား ပြောရင်လဲမကောင်းဘူး ထဘီငှားသွားရင်လဲ ဟင်းဖိတ်လိုဖိတ် ဆီစွန်းလိုစွန်းပီးမှပြန်ပေးတာ ရင်ထိုးကျတော့ကျိုးကျိုးလာတယ် ကိုယ်ကပြောရင် ငတိုးက သူ့မိန်းမရှေ့က လက်သီးလက်မောင်းတန်းအုန်းမယ် "
" ကျွန်တော်တို့ကိုလဲ လူရည်မလည်ဘူး အသလေး နသလေး မပြောသွားဘူးလား "
" အို စိတ်ဆိုးမနေနဲ့ သူ့၀သီအတိုင်းပဲဟာ "
စိတ်မဆိုးနဲ့ပြောမှ စိတ်ဆိုးချင်လာသည်။ မောင်နှမတွေဆုံမိလျှင် သူတို့လင်မယားကို မိန်းမရော ယောကျာ်းရော ခပ်ညံ့ညံ့ပါ ဟုပြောဆိုကြမည်ကိုစိတ်ကူးနဲ့ သိနေသောကြောင့်ဖြစ်သည်။
" အကိုတို့မောင်နှမတွေကလဲ အသက်လေးငါးဆယ်ကျော်ဖြစ်နေပီ ဒီအ၇ွယ်မှာ ချစ်ချစ်ခင်ခင်နေသင့်တာပေါ့ "
သူ့မိန်းမပြောတော့ စိတ်မကောင်းဖြစ်ရသည်။
" အချိန်တွေကုန်တာ သိပ်မြန်တာအကိုရဲ့ ဘာလိုလိုနဲ့ ကျွန်မတို့အသက်တွေပဲ ငါးဆယ်နားကပ်နေပီမဟုတ်လား "" ဥပုသ်မစောင့် တရားမထိုင်နိုင်သေးရင်တောင် ဒေါသစိတ်လေးလျှော့ဖို့ကောင်းပီ သေမင်းဆိုတာအချိန်မရွေးရောက်လာတတ်တာ "
မိန်းမပြောမှသတိထားမိသည်။ အခုနေများ ငါသေသွားရင် ငါ့နောက်ကိုပါစရာ ဘာကုသိုလ်မှ မရှိပါလားးးးးးရုတ်တရက်တွေးမိပီး ချွေးပြန်လာသည်။ အသက်သာငါးဆက်နီးလာသော်လဲ ဘာကုသိုလ်မှ မှတ်မှတ်ရရ မလုပ်ခဲ့။
" အသက်တွေလဲကြီးလာပီ မောင်နှမအချင်းချင်း ချစ်စရာလေးတွေတွေးပီး နေကြပါလား "
သူ့မိန်းမကို အဖျင်းအနုံဟုဆိုသော်လဲ ဒီလိုအဖိုးတန်စကားကိုတော့ သူ့မိန်းမကလွဲပီး ထိုမိန်းမတွေ ပြောတတ်လိမ့်မည်မထင်။
" အေးကွာ ကိုယ်ကြိုးစားကြည့်အုန်းမယ် "" ကြိုးစားဆို မြန်မြန်ကြိုးစား အသက်တွေလဲ ကြီးလှပီ "
" ငါမသေခင်တော့ မောင်နှမတွေစည်းလုံးရမှာပေါ့ ဟုတ်ဘူးလား ငါ့မှာလဲ ဒီပြန်ကုသိုလ်မရှိတာနဲ့ ဒီကုသိုလ်ကိုပဲ နောင်ဘ၀ထိယူသွားရမယ် "
သူကအပြောင်အပြက်ပြောရင်းရယ်မိသည်။ သူတို့ကသာသေမင်းကိုမေ့ထားသော်လဲ သေမင်းကမမေ့သည်ကို သိသားပင်။ ဆန့်သောလက်မကွေးမီ ကွေးသောလက် မဆန့်မီဟူသော ဘုရားစကားကိုလဲ သိသားပင်။ ထိုစကားများက သူများအတွက်ဖြစ်ပီး သူနဲ့မဆိုင်သလို
ထင်ခဲ့မိသည်.........................
" ဘာပြောတယ် "" ဟယ် "
အကိုကြီးသည် သူ့လက်ထဲမှာ တယ်လီဖုန်းခွက်ကိုနားမှာခွာရင်း မယုံနိုင်သလိုရပ်နေမိသည်။
" ဘာဖြစ်လို့လဲမောင် "" ကိုစိုး ကိုစိုး ဆုံးပီတဲ့ "
" ဟော့ တော် "
ရုတ်တရက် ဒူးများက မခိုင်တော့သလိုကြမ်းပေါ်ထိုင်ချကာ နံရံကိုမှီထားလိုက်သည်။
" မောင် သတိထား သတိထား "
မိန်းမက သူမူးမှာစိုးရိမ်သော်အခါမှ ခေါင်းထဲတွင် တရိပ်ရိပ်မူးလာသလိုရှိသည်။ ကိုစိုးနဲ့မတွေ့ဖြစ်သည်မှာ တစ်လနီးပါးရှိနေပီကို သတိရသည်။နောက်ဆုံးတွေ့ခဲ့သည်က သူငယ်ချင်းတစ်ဦးရဲ့သား ရှင်ပြုမှာဖြစ်သည်။ အလှူတွင်ဆုံမိကြသည်။ ကိုစိုး၀တ်ထားသော တိုက်ပုံလေးမှာ အတော်လေးနွမ်းသည်ကို သတိထားလိုက်မိသည်။
" အင်း သူလဲ တိုက်ပုံကောင်းကောင်းမရှိဘူးထင်တဲ့ ငါ့မှာနည်းနည်းကျပ်နေတဲ့ တိုက်ပုံလေးဆိုရင် တော်မယ်ထင်တယ် "စိတ်ကူးမိသည်။
အိမ်ရောက်တော့ ဗီရိုထဲက တိုက်ပုံလေးထုတ်က ကိုစိုးတိုက်ပုံက နွမ်းနေပီ ခင်သတိထားမိလား မောင်တိုက်ပုံလေးပေးလိုက်ရင်ကောင်းမလားလို့စကားစကြည့်သည်။ မိန်းမက လှည့်ကြည့်ကာ
" ဒီတိုက်ပုံကအဟောင်းကြီးမောင် နောက်ပီး မောင့်သားကြီးနဲ့ မကြာခင်တော်လာတော့မှာသားကတစ်အားထွားနေတာ မောင်မြင်သားနဲ့ မောင့်ညီကိုပေးချင်ရင် အသစ်တစ်ထည်၀ယ်ပေးလိုက် " ဟုပြောသည်။သူကလဲ အေးအေး ဟုခေါင်းညိတ်ခဲ့သည်။
ဒီလိုလဲ အဟောင်းလဲမပေး အသစ်လဲမပေးဖြစ်။ အခုတော့ သူပေးချင်လွန်းလို့ သွားပေးလို့ပင်မရတော့။ သြော် ငါ့ညီလေးသေပီတဲ့။
" မောင်ရေ သတိထားနော် "သူ့မိန်းမအသံချိုချိုက နားထဲ၀င်လာပြန်ပီ။ " အလကားမိန်းမ ငါ့ကို ကြိုးဆွဲနေတာ " ဟုဒေါသနဲ့တွေးမိသည်။
" ကိုစိုးရေ ငါ့ညီ မင်းကငါ့ကို ပညာတတ်မိန်းမရတော့ အကို့ကို ကြိုးဆွဲနိုင်တာပေါ့လို့ပြောတုန်းက မင်းကိုစိတ်ဆိုးပီး သုံးလလောက်စကားမပြောပဲနေခဲ့တယ်နော် အခုတော့ ငါခေါ်လို့တောင် မင်းကထူးနိုင်ဦးမလား ဟင် "
ကြေကွဲစိတ်က ဆို့ကျပ်လာသည်။ မျက်လုံးမှိတ်ထားသော်လဲ မျက်ရည်များကျလာသည်။
............................
" ဟယ် အမကြီး "" မိမျိုး "
" ဟင် အမကြီး ဘာဖြစ်နေတာလဲဟင် "
" ငစိုး ငစိုး သေပြီတဲ့ "
" ဟင် "
ညီမလက်က ထမင်းဇုံလေးလွက်ကျသွားသည်။တုန်ယင်စွာ တက်လာသောအမရဲ့လက်ကို ထမင်းတွေဟင်းတွေပေကျံနေသောလက်နဲ့ ဆုပ်ကိုင်လိုက်သည်။
" မနေ့ မနေ့တုန်းကတောင် အိမ်ကိုလာသေးတယ် မိမျိုးရဲ့ နင့်အကို လူရိုး လူနုံကြီးလေ ခုမနက်တော့ ရုံးမှာ မူးလဲပီးဆေးရုံတောင် မရောက်ဘူးအသက်ပျောက်သွားပါလေရောလား "
" အမလေး အကိုစိုးရဲ့ "
" မနေ့တုန်းက မျက်နှာလေးညိုးလို့ ပြန်ခါနီးကျ ကျေးဇူးပါအမရယ် ဒီငွေမရရင် ကျွန်တော်ဆီစာအုပ်ပေါင်ရတော့မှာလို့ပြောတာ ငါကအေးဆေး
ငွေထုတ်မပေးပဲ သူစိတ်မျမ်းသာအောင် ညည်းညူပြလိုက်သေးတယ်။
ဆိတ်သားဟင်းလေးနဲ့ ထမင်းစားကောင်းလိုက်တာတဲ့ သူ့ပန်းကန်ထဲဟင်းနည်းနေတာမြင်ရက်သားနဲ့ ညနေစာမလောက်မှာစိုးလို့ ငါက ထပ်ထည့်မပေးမိဘူး။
အမကြီးပြောနေတာနားထောင်ရင်း အပူလုံးဆို့တက်လာသည်။ငယ်ငယ်ကျောင်းနေတုန်းကကိုယ့်အတန်းထဲတွင်မနေပဲ အကိုစိုးရဲ့ အတန်းထဲသို့သွားသွားငိုနေတတ်သည်ကို သတိရသည်။
အကိုစိုးက သူ့ကိုမနိုင်မနင်းပွေ့ချီရင်းပြန်ပီးပို့တတ်သည်။ မုန့်တွေ လာလာကျွေးတတ်သည်။ သူ့ကိုဒီလိုချစ်ခင်ကြင်နာသော အကိုသည် ယခုတော့မရှိတော့ပီ။သူကအမကြီးကို တအားဖက်ကာ ကြူကြူပါအောင် ငိုမိတော့သည်။
" အကိုရဲ့ တို့မောင်နှမတွေ ချစ်ချစ်ခင်ခင်နေရအောင် မသေပါနဲ့အုန်းလား အကိုရယ် "
သေခြင်းတရားမြန်ဆန်ပုံကို မြင်လိုက်ရတော့ ကိုတိုးတုန်လှုပ်နေမိသည်။ ကိုစိုးကို ကြည့်ရသည်မှာ ပူပူနွေးနွေးရှိသေးတယ်။
မျက်စိကိုစုံမှိတ်ထားမိသည်။ မြင်နေရသော်လဲ မယုံနိုင်ဖြစ်သည်။ လွန်ခဲ့သော တစ်ပတ်လောက်ထဲက ငယ်စဉ်က ဆော့ကစားခဲ့သည်များကို သတိရနေသည်။
သရက်ပင်ပေါ်ခုန်ချလို့ ပုလင်းကွဲတည့်တည့်ကျကာ ခြေဖဝါးအလယ် ဟက်တက်ပြဲစဉ်က အကိုကြီးနဲ့ အကိုလေးက သူ့ကို တစ်လှည့်စီ ကျောပိုးကာအိမ်ပြန်ခဲ့ကြသည်ကို တွေးမိတော့ ရင်ထဲနွေးသွားသည်။
သူကဘာတစ်ခုမှ ကူညီညာမလုပ်နိုင်ပဲ အကိုစိုးအား သယ်ကြ ပြောင်းကြ လုပ်နေသည်ကိုပင်ငိုင်ပီးကြည့်နေမိသည်။
" အကိုရယ် ငါ့မှာ ဘာကုသိုလ်မှ မရှိဘူးဆို ခုနေငါသေသွားရင်ဘာကုသိုလ်မှမရှိဘူးဆို ငါမသေခင် ငါ့မောင်နှမတွေ စည်းလုံးအောင်လုပ်မယ်ဆို အဲ့ဒါကုသိုလ်ပဲဆို အကိုရဲ့ အဲ့ကုသိုလ်ကြီး မယူသွားတော့ဘူးလား "
အကိုစိုး မိန်းမ မချိတင်ကဲပြောကာငိုသည်။" ငါမသေခင် ငါ့မောင်နှမတွေကို စည်းလုံးအောင်လုပ်မယ်ဆို " ဟူသော စကားက မောင်နှမတွေရင်ကို ဒိန်းခနဲ၀င်ဆောင့်သည်။
မျက်ရည်ပူများကျလာပြန်သည်။ ဒီတစ်ခါတော့ ယောကျာ်းတန်မဲ့ ငိုရှိုက်မိသည်။ ထာ၀ရကွဲကွာပီဟူသောအသိက သူတို့ရင်ကို ဖျပ်ဖျပ်ခါနေစေသည်။
" အကိုစိုးရဲ့ ကျွန်မအိမ်ကိုမလာချင်ဘူးဆို " ဟူသော ဟစ်ပီးငိုသံကြားရသည်။ ညီမက အကိုစိုးရဲ့ခြေအစုံကို၀င်ဖက်သည်။
အကိုကြီးက ကိုစိုးနားကိုတိုးကပ်ကြည့်သည်။ " မောင်ရေ သတိထားနော် " ဟု တဖွဖွ သတိပေးနေသော ဇနီးသည်ကို လုံး၀ဂရုမထား။ အလောင်းစင်နားတွေတွေရပ်ရင်း ကိုစိုးမျက်နှာကို စိုက်ကြည့်နေသသည်။
" နင့်ညီလေးလေ ကြည့်ပါအုန်းလား တစ်ကယ်သေရှာပြီဟဲ့ "အမကြီးငိုသံကြားတော့မှ အမကြီးပုခုံးအား ဆီးပီးဖက်မိလိုက်သည်။
ကိုတိုးက ညီမငယ်အားဆွဲယူထသည်။ မောင်နှမလေးဦး မျက်ရည်ကျရင်း သူ့ဘေးတွင်ရပ်နေမိသည်။ ငယ်ငယ်တုန်းကလိုပင် တစ်ဦးနဲ့တစ်ဦးလက်တွေတွဲထားကြလေပီ။
ဒီလိုလက်ချင်းမတွဲမိသည်မှာ ကြာလှပေပီ။ အခုပြန်ပီးတွဲမိတော့ ကြမ်းတမ်းတင်းမာနေသော နှလုံးသားများသည် အတန်ငယ်ပျော့ပြီးပူနွေးလာသယောင်ရှိသည်။ ရင်ထဲမှ ကြေကွဲစိတ်က လျှံတက်လာသောအခါ ပိုပြီး တင်းတင်းဆုပ်ကိုင်မိကြသည်။
" ကုသိုလ်ရပါတယ် အကိုရဲ့ အကိုလိုချင်တဲ့ ကုသိုလ်ကို အကိုရပါတယ် "
သူ့ဘေးတွင် ၀န်းရံပီးရပ်နေသော ကျန်မောင်နှမလေးဦးကိုကြည့်ကာ သူ့မိန်းမက မချိတင်ကဲ ငိုလေသည်။
၀တ္ထု -- မစန္ဒာ
0 Comments