ဝတ္ထုတို အမည် - မောင့်စွမ်းဆောင်ရှင်
စာရေးသူ - မစန္ဒာ
-------------------------------------------------
....... မောင့်စွမ်းဆောင်ရှင် .......
ခပ်တိုးတိုးညည်းသံကို မကြားသလိုကြားသလိုနှင့် ဝေ၀၀ါးဝါးဖြစ်နေသည်။ သူလက်မောင်းကို ပူနွေးနေသော လက်တစ်ဖက်က ခပ်သာသာဆုပ်ကိုင်ထားသည်ကိုလည်း
မသိသလိုလို သိသလိုလိုနှင့် အိပ်ချင်စိတ်ကသာ ကြီးစိုးနေသည်။ သူ့မျက်ခွံနှစ်ဖက်သည် ကျောက်ဖျာကြီးနှစ်ချပ်လို လေးလံနေသည်ဟု ထင်ရသည်။
" အကို ကျွန်မ နေမကောင်းဘူး "
ဒီတစ်ခါကြားလိုက်ရတော့ သူ့ဦးနှောက်က အနည်းငယ်နိုးကြားလာသည်။ ထို့ကြောင့် ထိုအသံသည် သူ့မိန်းမအသံဖြစ်ကြောင်း အသိ၀င်လာလေသည်။
" ကျွန်မ ဖျားနေပီထင်တယ် "
ထို့နောက်သူ့လက်မောင်းကို ဆုပ်ကိုင်ထားသောလက်သည် သူ့မိန်းမလက်ဖြစ်ပြီး ထိုလက်သည် တရှိန်ရှိန်ပူနေကြောင်းကိုလဲ တစ်ဆက်တည်း အသိ၀င်သွားသည်။
" ဖျားနေပီ "
သူက ထပ်ဆင့်ရေရွတ်ရင်း ခုတင်ခေါင်းရင်းမှ မီးခလုတ်ကို စမ်းပြီးဖွင့်လိုက်သည်။ ဖျပ်ခနဲလင်းလာသော အလင်းရောင်၀ယ် ခပ်နွမ်းနွမ်းမျက်နှာတစ်ခုကို တွေ့ရလေသည်။
ထိုမျက်နှာပိုင်ရှင်သည် သူ့မိန်းမဖြစ်သည်။ အနှစ် ၂၀ နီးပါးခန့်သူနှင့်အတူ ပေါင်းသင်းနေထိုင်ခဲ့သော ထိုမိန်းမသည် သူ့အတွက် ကလေးလေးယောက်ကို မွေးဖွားပေးခဲ့
လေသည်။
ကလေးမွေးပြီးကာစ ဆယ်လေးငါးရက်ခန့် ငြိမ်ငြိမ်နေတတ်သည်မှအပ ကျန်အချိန်များတွင် ရှိရှိသမျှ အိမ်မှုများကို သိမ်းကျုံးလုပ်ကိုင်နေတတ်သောသူဖြစ်သည်။
သူ့ကိုမရဲတရဲကြည့်တတ်သော မျက်လွှာချထားတတ်သော ရယ်ခဲပြုံးခဲသော စကားနည်းလှသော ထိုမိန်းမသည် ဖျားခဲနာခဲလှသည်ကလဲ အမှန်ဖြစ်သည်။
ထို့ကြောင့်
သူ့မိန်းမကို သူကဖျားတတ်နာတတ်လိမ့်မည်ဟုပင် မထင်မှတ်ခဲ့မိပေ။
" ဖျားနေတယ် "
သူက အံသြသလို ထပ်ရေရွတ်မိပြန်သည်။ သူ့မိန်းမနဖူးကို လက်နှင့်စမ်းကြည့်လိုက်တော့ ရုတ်တရက် လန့်ပင်သွားသည်။ ခြစ်ခြစ်တောက်ပူနေသောကြောင့် ဖြစ်လေသည်။
" ဟာ အတော်ပူနေတာပဲ ဘယ်လိုဖြစ်တာလဲ "
" မနေ့တုန်းက မိုးတွေရွာတော့ ရေချိုးကန်ထဲရေင်အောင် ရေတံလျှောက် ထွက်ဆွဲတာ မိုးမိသွားလို့လား မသိဘူး "
မိန်းမကထုံးစံအတိုင်း မျက်လွှာချကာ တိုးတိုးပြောသည်။ အဖျားသွေးကြောင့် မျက်နှာက မသိမသာနီနေကာ မျက်တောင်များ စင်းငိုက်နေသည်။
" အသက်လေးဆယ်ကျော်နေပီလေ ဆင်ဆင်ခြင်ခြင်လေးလုပ်မှပေါ့ ငယ်တော့တာမှမဟုတ်တာ "
စေတနာနှင့်ပြောလိုက်သော်လဲ သူ့အသံက ထုံးစံအတိုင်းမို့ ပျော့ပျော့ပြောင်းပြောင်း မရှိလှပေ။ ပြောပီးကာမှ အိမ်တွင်ကူဖော်လောင်ဖက် အိမ်ဖော်မလေးတစ်ဦးတစ်လေပင်
မရှိသည်ကိုသတိရသည်။ သူ့မိန်းမက ဘာမှပြန်မပြော။ ရီဝေနွမ်းဖျော့သော မျက်လုံးများနှင့်သူ သူ့ကိုတစ်ချက်လှမ်းကြည့်သည်။
" ဒီအသက်ရွယ်မှာ သိပ်အပင်ပန်းခံလို့ မရတော့ဘူးလေ "
သူက လေသံကိုနည်းနည်းလျှော့ကာ စေတနာစကားထပ်ပြောသည်။ သူနှင့်သားသမီးများ ရုံးသွား ကျောင်းသွားကြလျှင် သူ့မိန်းမတစ်ဦးထဲ ကျန်ရစ်ရမြဲဖြစ်သည်။
လျှော်လိုက်ဖွတ်လိုက် လှဲလိုက်ကျင်းလိုက် ချက်လိုက်ပြုတ်လိုက်နှင့် တကုပ်ကုပ် လုပ်နေတတ်သော မိန်းမကို သူက ပင်ပန်းတတ်လိမ့်မည်ဟုလဲမထင်မှတ်ခဲ့မိပြန်ချေ။
" အင်းလေ ဒါကမိန်းမတွေရဲ့အလုပ်ပဲ အိမ်ရှင်မတွေရဲ့အလုပ်ပဲ သူကအိမ်အလုပ်လုပ်ရသလို ငါကလဲ စီးပွားရှာရတာပဲ "
သူကတွေးနေကျအတိုင်းတွေးကာ အိပ်ရာမှထသည် ခုတင်ခြေရင်းမှ ဆေးဗီရိုကလေးဖွင့်သည်။ အခါတိုင်း ဘယ်သူဘာဖြစ်ဖြစ် သူ့မိန်းမက ထိုဗီရိုကလေးဖွင့်ပြီး
လိုအပ်သမျှ သောက်ဆေး လိမ်းဆေးများကို ထုတ်ပေးလေ့ရှိသည်ကို သတိရသည်။ အခုကိုယ့်ဟာကိုယ်ရှာရတော့ ဘယ်ပုလင်း ဘယ်ဘူး ဖွင့်ရမည်ပင်မသိ။
" ပါရာစီတမောက သုံးလုံးပဲကျန်တော့တယ် စီဗစ်ပုလင်းလေးထဲမှာ ညာဘက်ထောင့်က ချပ်စက္ကူ ဘူးလေးထဲမှာတော့ ဒီလ်ကိုဂျင် တစ်ကတ်ရှိတယ် "
သူ့အခက်ခဲကိုသိဟန်နှင့် မိန်းမက ခပ်သဲ့သဲ့လှမ်းပြောသည်။ သူကမ်းပေးသော ဆေးတစ်လုံးကို ရေနှင့်မျှောချပြီး သူ့မိန်းမကခေါင်းအုံးပေါ်ပြန်လှဲချသည်။
" ခေါင်းကိုမထူချင်ဘူး ကိုက်လိုက်တာလဲ အုံခဲနေတာပဲ "
ဟုပြောရင်း နားထင်နားရင်းများကို ပရုပ်ဆီနှင့်ပွတ်နေသည်။ ပင်ပန်းနွမ်းလျဟန်နှင့် ညှိးမှိန်နေသော မိန်းမကိုငေးကြည့်ရင်း ထိုနေရာတွင်သာ မေမီ ဖြစ်နေလျှင်
ပရုပ်ဆီပူပူလေးကို သူကိုယ်တိုင် တယုတယ လိမ်းပေးဖြစ်လေမလားဟု တွေးလိုက်မိသည်။ ထို့နောက် လေထက်လျင်မြန်သောစိတ်က မေမီဆီသို့ ချက်ချင်း
ရောက်သွားသည်။
" မေမီ " သူကရင်ထဲမှ တိုးတိုးခေါ်မိသည်။ မေမီသည် သူ့ချစ်သူဖြစ်သည်။ သူနှင့် မေမီတို့အကြောင်းကို သစ်ပုတ်ပင်ကြီးသည်လည်းကောင်း အင်းလျားရေပြင်သည်
လည်းကောင်း တက္ကသိုလ်စာကြည့်တိုက်အနီးက ကံ့ကော်ပင်များသည်လည်းကောင်း ကောင်းကောင်းသိခဲ့ကြမည်ဖြစ်သည်။ ထိုချစ်စဖွယ် မိန်းကလေးကို တစ်ဘ၀လုံး
အတွက် လက်တွဲရန် ရည်ရွယ်ခဲ့သော်လဲ အခွင့်မသာခဲ့ပေ။ အမေကသူ့ကို သူဌေးသမီး တက္ကသိုလ်ကျောင်းသူနှင့် သဘောမတူပဲ ဆယ်တန်းသုံးခါကျ မိန်းကလေးနှင့်
လက်ထပ်စေခဲ့သည်။
" သားကောင်မလေးက ချမ်းသာတယ် နောက်ပီး ပညာတတ်တယ် ငွေတို့ပညာတို့ဆိုတာလူကို မာနတတ်စေတာအမှန်ပဲ ဒါပေမဲ့တစ်ချို့က သတိနဲ့ထိန်းနိုင်တယ်
သူ့မှာတော့ အဲ့ဒီသတိမရှိဘူး သူ့မျက်နှာပေါ်မှာရော မျက်လုံးထဲမှာရော မာနတွေ လျှံထွက်နေတာ အမေတွေ့ရတယ် "
ဟုအကြောင်းပြခဲ့သည်။
ဟုတ်သည်။ မေမီက အမှန်တကယ်ပင် မာနကြီးလှလေသည်။ အမေ့သဘောထားကို အရိပ်အယောင်လေးသိရုံမျှဖြင့် ဆတ်ဆတ်ခါနာကျည်းခဲ့သည်။ နိုင်ငံခြားသင်္ဘော
လိုက်နေသော သင်္ဘောသားတစ်ဦးနှင့် သူ့ထက်အလျင်ဦးအောင် လက်ထပ်သွားခဲ့လေသည်။ ထိုစဉ်က သူ့အသည်းတွေ ဖျတ်ဖျတ်လူးအောင် နာခဲ့ရသည်။
" အတန်းပညာမတတ်ပေမဲ့ အညွန့်လေးက အိမ်ထောင်နိုင်တယ်ကွဲ့ မိဘမရှိဘဲ အဒေါ်အိမ်မှာနေရတော့ မျက်နှာလေးလဲ ငယ်ရှာတယ်ငါ့သားကို ရိုရိုသေသေ
မြတ်မြတ်နိုးနိုးနဲ့ အိမ်ဦးနတ်လို ကိုးကွယ်မဲ့ မိန်းမမျိုး "
ဟုတ်ပါသည်။ အမေပြောသလိုပင် သူ့မိန်းမက သူ့ကိုရိုသေမြတ်နိုးခဲ့သည်ကတော့ အမှန်ပင်။ သူ့ထက် ခြေတစ်လှမ်းမျှမက သုံးလေးငါးလှမ်း နောက်ဆုတ်ပီး
ခပ်ယို့ယို့ နေတတ်သည်ကတော့ ရခါစကတည်းကဖြစ်သည်။ အမေ့ကြောင့် ချစ်သူနှင့် လွဲခဲ့ရသောသူကတော့ အမေ့သဘောကျ ချွေးမဖြစ်သောကြောင့်ပင်
အတန်ငယ် မျက်မုန်းကျိုးချင်သည်။ အမေ့ကို အတိုက်အခံမလုပ်ချင်တော့ မိန်းမအပေါ်တွင် အခုအခံဖြစ်နေသည်။ သူ့ဆီမှ တစ်စုံတစ်ရာကို မျှော်လင့်တမ်းတဟန်
ရှိသော မျက်လုံးဝိုင်းဝိုင်းလေးများကို လျစ်လှူရှုထားခဲ့သည်ကတော့ ယနေ့ထိတိုင်အောင်ပင်ဖြစ်သည်။ သားမှတ်မှတ် မယားမှတ်မှတ်နှင့် မဖောက်မပြားပေါင်းသင်း
ခဲ့သော်ငြားလည်း " ချစ်သည် " ဟူသောစကားကိုတော့ ယနေ့ထက်တိုင် မပြောခဲ့ဖူးသေးချေ။
သူတို့အိမ်ထောင်ရေးသည် ဆားမပါသော ဟင်းချိုကိုသောက်ရသလို
သူ့ရင်ထဲတွင် ပေါ့ပျက်ပျက်ဖြစ်နေခဲ့လေသည်။
" မိုးတောင်လင်းခါနီးပီ "
အလင်းရောင်မလာသေးသော်လဲ ကျေးငှက်သံကလေးများကို စိုးစိုးစိစိကြားနေရသည်။ အခါတိုင်း ဒီအချိန်ဆိုလျှင် သူ့မိန်းမအိပ်ရာထဲတွင် မရှိတော့ချေ။ မီးဖိုချောင်တွင်
ငြင်သာသွက်လက်စွာ လှုပ်ရှားလုပ်ကိုင်နေပီဖြစ်သည်။ သံဒယ်အိုးနှင့် သံယောက်မ ထိခတ်သောအသံနှင့်အတူ ထမင်းကြော်နံ့ ကြက်သားဟင်းနံ့ ငါးပိချက်နံ့
ပဲကြီးနှပ်နံ့ သီးစုံချဉ်ရည်နံ့ ချဉ်ပေါင်ကြော်နံ့ စသော အနံ့ပေါင်းစုံက အိပ်ရာနားအထိ တိုးဝှေ့၀င်ရောက်လာတတ်သည်။ သားတို့သမီးတို့က အိပ်ရာမထမီ ဟင်းနံ့
ရှုရှိုက်ရင်း သူတို့အမေချက်သောဟင်းကို မှန်းဆကြည့်တတ်ကြမြဲဖြစ်သည်။
" ထမင်းလဲ မချက်နိုင်တော့ဘူး "
သူ့မိန်းမက ညည်းညူသလိုပြောသည်။ လူကသာမထနိုင်သော်လဲ စိတ်က မီးဖိုချောင်ရောက်နေသည်။
" ကလေးတွေ ထမင်းဘူးယူနိုင်တော့မှာ မဟုတ်ဘူးကွယ် ၀ယ်စားလဲ၀မှာ မဟုတ် "
" တစ်နေ့တစ်လေပဲကွာ သက်သက်သာသာနေစမ်းပါ "
ဒီတစ်ခါတော့ သူ့အသံက အတန်ငယ်ပျော့ပျောင်းနေသည်။
" မေမီက ထမင်းလဲမချက် ဟင်းလဲ မချက်တတ်ဘူးနော် အ၀တ်လျှော် မီးပူတိုက်လဲ လုပ်လိမ့်မယ် မထင်နဲ့ "
ဟုပြောလေ့ရှိသော ချစ်သူစကားကိုလဲ တစ်ဆက်တည်း ကြားယောင်နေမိသည်။ ထို့နောက်
" ဒါတွေ ဒါတွေကြောင့် အမေက ဒီလို စီစဉ်ခဲ့တာကိုး "
ဟုပထမဆုံးအကြိမ်အဖြစ် လျှောလျှောရှူ၇ှူအတွေးပေါက်မိသည်။
၆ နာရီခွဲလောက်ကြတော့ သားတွေသမီးတွေ နိုးလာသည်။ သူတို့အမေကို အခါတိုင်းလို မီးဖိုချောင်တွင် မတွေ့ရတော့ အခန်းထဲသို့ တစ်ဦးပီးတစ်ဦးရောက်လာကြသည်။
ခေါင်းကို လက်ကိုင်ပုဝါနှင့် တင်းတင်းစည်းကာ စောင်ကြီးပိန်းနေအောင်ခြုံထားသော မိခင်ဖြစ်သူအား တအံ့တသြ ဝိုင်းကြည့်နေကြလေသည်။
" မေမေ ဖျားတယ်တဲ့ "
" အေးလေ ဘာလို့ဖျားတာလဲ မသိဘူး "
" အရင်တုန်းက မဖျားဖူးပါဘူးနော် "
သားတွေ သမီးတွေကလဲ သူ့လိုပင်ဖြစ်နေပုံရသည်။ သူတို့အမေကို သံတွေ သံခဲကြီးဟုများ ထင်နေကြသလားမသိ။ ဖျားတတ်နာတတ်လိမ့်မည်ဟု ထင်ထားကြပုံမရပေ။
သမီးကြီးကသာ
" မေမေ ဘာဆေးသောက်ပီးပီလဲ "
ဟုမေးကာ ကော်ဖီပြေးဖျော်သည်။ ငါးတန်းရောက်နေပီဖြစ်သော သမီးအငယ်ဆုံးကတော့ သူ့နားကပ်ကာ
" ဖေဖေ မေမေ သေမှာလားဟင် "
ဟုငိုမဲ့မဲ့မေးလေသည်။ သမီးက ကလေးစိတ်နှင့်မေးလိုက်သော်လဲ သူ့ခေါင်းထဲတွင်တော့ လျှပ်စီးတွေ ပြိုးပြိုးပြက်ပြက်လက်ပြီး မိုးပြိုတော့မလိုဖြစ်သွားသည်။
" ကြောင်အိမ်ထဲမှာ ငါးဖက်ဆုပ်ဟင်းလေးရှိတယ်။ အုပ်ဆောင်းအောက်မှာတော့ ထမင်းကြမ်းဇလုံရှိတယ် ကလေးတွေကို ကြည့်ကျွေးလိုက်နော်သမီး အမေ
ပဲပြုတ်လဲမ၀ယ်ဖြစ် ထမင်းလဲ မကြော်နိုင်ဘူး "
သူ့ခေါင်းသူမထူနိုင်သော်လဲ နှုတ်ကတော့စီစဉ်နေသေးသည်။ အသံတော့သိပ်မထွက်။ ပျော့နဲ့နဲ့ ဖြစ်နေသည်။ သမီးငယ်ပြောသလိုများ သူသေသွားရင် ဘယ်လို
လုပ်ကြရပါ့မလဲ ။
ခြေတွေလက်တွေမသယ်နိုင် မလှုပ်နိုင်တော့သလိုလှဲနေသော သူ့မိန်းမကိုငေးကြည့်ရင်း သူက ကယောက်ချောက်ချားအတွေးပွားနေမိသည်။
ရုပ်ရှင်ကြည့်ချင်သည်ဟု လည်းကောင်း ရွှေပါတိတ်ကြိုက်သည်ဟုလည်းကောင်း စိန်နားကပ်ပန်ချင်သည်ဟုလည်းကောင်း မော်တော်ကားစီးချင်သည်ဟုလည်းကောင်း
တစ်ခါမျှမပြောခဲ့ဖူးသောမိန်းမ သူထမင်းစားလျှင် ဘေးမှလိုသမျှဖြည့်ဆည်းပေးကာ ယပ်ခပ်ေးနေတတ်သောမိန်းမ သူ့ဟာသူသာ ဆယ်တန်းသုံးခါကျခဲ့သော်လဲ
သမီးတို့သားတို့ကို ခုနှစ်တန်း ရှစ်တန်းလောက်ထိ သင်္ချာတွေ ရှင်လင်းသင်ပေးနေတတ်သောမိန်းမ ထိုမိန်းမသာ ရုတ်တရက်ကွယ်ပျောက်သွားခဲ့မည်ဆိုလျှင်။
သူကရှေ့ကိုဆက်ပင်မတွေးရဲဘဲ ချွေးတွေပြန်လာသည်။
" မေမေ စိတ်ချလက်ချနေပါ မေမေရဲ့ သမီးဒီနေ့ ကျောင်းဖျက်လိုက်မယ် "
သမီးကြီးကသူ့ဟာသူစီစဉ်သည်။ အသက် ၁၅ နှစ်ကျော်ပီး ကိုတန်းလည်းရောက်နေပီမို့ အတော်လေးအားကိုးနေရပီဖြစ်သည်။ ခုတင်ပေါ်တက်ပီး သူတို့အမေဘေးတွင်
ငုတ်တုတ်ကလေးတွေထိုင်နေကြသော အလတ်နှစ်ကောင်နှင့် အငယ်မလေးကို မီးဖိုချောင်သို့ခေါ်သွားသည်။ ထမင်းကြမ်းခဲကြီးက အေးစက်စက်နှင့်မို့ စားမကောင်း
လှသော်လဲ အငယ်တွေက ဘာမှပြောမနေကြချေ။ မျက်နှာငယ်ငယ်လေးတွေနှင့်ပင် ၀င်သလောက်သာ တိတ်တိတ်ဆိတ်ဆိတ်စားသွားကြသည်။ သူကတော့ ဟိုလျှောက်လိုက်
ဒီလျှောက်လိုက်နှင့် ယောင်ပေပေဖြစ်နေသည်။ ထမင်းစားပွဲပေါ်တွင် အဆင်သင့်တွေ့နေကျ ထမင်းကြော် ပူပူနွေးနွေးလေးကိုလည်းကောင်း လှော်ခြောက်နံ့မွှေးနေသော
ရေနွေးကြမ်းအိုးကလေးကိုလည်းကောင်း မတွေ့ရတော့ ရေတစ်ခွက်သောက်ကာ ပြန်ထွက်လာရသည်။
" ကလေးတွေကိုတော့ မုန့်ဖိုးပိုပေးလိုက်တယ် ဖေဖေလည်းထမင်းဘူးပါမှာ မဟုတ်တော့ဘူးနော် "
စောင်တွေခေါက်သိမ်းနေသော သမီးကပြောသည်။
" ရပါတယ်သမီးရယ် ဖြစ်သလိုပေါ့ "
ဟုသူကအခန်းထဲပြန်ဝင်လာကာ မိန်းမနဖူးကို စမ်းကြည့်ပြန်သည်။ ဒါကလွဲလို့လဲ မလုပ်တတ်။
" အသားတွေကခြောက်ပီး ပူနေတာပဲ ဆရာ၀န်တစ်ယောက်ယောက်ပြမှနဲ့တူတယ် "
" ရပါတယ် ညနေမှမသက်သာရင်တော့ အိချိုကိုခေါ်လိုက်မယ်လေ "
သူ့မိန်းမကသူ့ကို ခပ်နွမ်းနွမ်းပြုံးပြရင်းပြောသည်။ အိအိချိုသည် တစ်လမ်းကျော်တွင်နေသော ဆရာ၀န်ပေါက်စမလေးဖြစ်သည်။ သူ့မိန်းမ အစ်မ၀မ်းကွဲကမွေးသည်မို့
ဆွေမျိုးစပ်လျှင် တူမနှစ်၀မ်းကွဲတော်သည်။ ထို့ကြောင့် အိအိချိုကိုအိမ်ခေါ်လျှင် ခြေကြွခရော ကုသခရောပေးစရာမလိုချေ။ တစ်ခါတစ်လေ ကံကောင်းလျှင် သူ့မှာရှိသော
ဆေးများကိုပင် ပေးသွားတတ်သေးသည်။ မိန်းမကလဲ အိမ်မှာလုပ်သော သရက်သီးသနပ်တို့ ငါးပိကြော်တို့ကို နိုက်ဂျူတီကျလျှင်စားရန်အတွက် အိချိုဆီသို့ပို့ပေးတတ်မြဲ
ဖြစ်သည်။
၈ နာရီထိုးခါနီးတော့ သူရေချိုးသည်။ ရေချိုးခန်းကထွက်လာတော့ ခါတိုင်းလို မွေးပွတဘက်ကြီးကမ်းပေးသော မိန်းမကိုမတွေ့ရ။ ခုတင်ပေါ်တွင် အဆင်သင့်တင်ထားနေကျ
လည်ကတုံး ရှပ်လက်ရှည်အဖြူနှင့်အတူ အဆင်သင့်ဖြန့်ပြီးလွှားထားသော ပုဆိုးကိုလဲမမြင်ရ။ အ၀တ်ဗီရိုဖွင့်ကာ ကိုယ့်အကျီကိုယ်ဆွဲထုတ်ရင်း
" အရင်က ငါအကျီကိုတောင် ငါထုတ်၀တ်စရာမလိုခဲ့ပါလား " ဟုတွေးမိသည်။
ရုံးမသွားခင်တော့ မိန်းမနဖူးကို တစ်ခါထပ်ပြီးစမ်းကြည့်မိပြန်သည်။
" ဒီနေ့ဘာစားမလဲ "
" ညနေဘာ၀ယ်ခဲ့ရမလဲ "
" နေရတာသက်သာရဲ့လား "
" ခေါင်းတွေရော သိပ်ကိုက်နေသလားဟင် "
စသည့်အကြင်နာစကားလေး တစ်ခုခုပြောဖို့ကောင်းမှန်းသိသော်လဲ ပြောရန်လဲ စိတ်ကူးသော်လဲ ဘာဆိုဘာမှ မပြောဖြစ်ခဲ့ချေ။
၈ နာရီခွဲခါနီးတော့ ကားဂိတ်သို့ ခပ်သုတ်သုတ်ထွက်ခဲ့သည်။ သူကအရာရှိငယ်မို့ ရုံးကားသီးသန့်မရသေးချေ။ ရုံးကြို ၇ုံးပို့လုပ်သော ရုံးကားတော့ရှိသည်။
လိမ်းထိပ်စုရပ်မို့ အချိန်မီရောက်ရန်တော့လိုသည်။
ဒီနေ့တော့အဆင်မပြေလှချေ။ အစည်းအဝေးဖိုင်တွဲမေ့ကျန်ခဲ့သဖြင့် လမ်းတစ်၀က်ရောက်မှပြန်လှည့်လာရသည်။ အခါတိုင်းသူရုံးသွားခါနီးတိုင်း လိုမည်ထင်သမျှ
ပစ္စည်းများကို သူ့မိန်းမက အမှတ်တရစုဆောင်း ပေးထားတတ်သည်ကိုသတိရသည်။ ဖိုင်ယူပီး ခပ်သုတ်သုတ်ပြန်လာသော်လည်း ရုံးကားက ထွက်သွားပြီမို့
မမှီတော့ချေ။ နေ့လည်ကျလျှင်လဲ ထမင်း၀ယ်စားရအုန်းမည်ဖြစ်လို့ အငှားကားငှားစီးရန်နှမျောပီး ဘတ်စ်ကား ကြပ်ကြပ်ကို အတင်းတိုးဝှေ့စီးလာခဲ့သည်။
ရုံးကို ၁၀ နာရီကျော်မှရောက်ကာ ချွေးတွေလဲနစ်နေသည်။
" မောင်အေးရေ ထမင်းကြော်ဖြစ်ဖြစ် မုန့်ဟင်းခါးဖြစ်ဖြစ် တစ်ခုခု ၀ယ်ချေစမ်းကွာ "
ဟုခိုင်းရင်း ရှပ်အကျီအိတ်ထဲမှ သားရေပိုက်ဆံအိတ်ကလေးကို ဆွဲထုတ်လိုက်တော့ ပြားချပ်နေသော အကျီအိတ်ကိုသာစမ်းမိသည်။ ငွေတစ်ထောင်ကျော်သာမက
သာမညဆရာတော်ဘုရားကြီး ဓါတ်ပုံကိုပါ ခါးပိုက်နှိုက်ကလစ်သွားပီဖြစ်သည်။
" ငါတော့ မြိုင်ရာဇာတွတ်ပီလို ဒီနေ့ကံမကောင်းပါလားကွယ်လို့ ရွတ်ရတော့မယ်ထင်တယ် "
ညနေကျတော့ စိတ်လက်မကြည်မသာနှင့် အိမ်ပြန်လာရသည်။
" နင်တို့အမေ သက်သာလား "
" ကိုယ်တွေအရမ်းပူနေလို့ နေ့လည်က ရေခဲတင်ပေးထားရသေးတယ် "
" အိချိုကိုသွားမခေါ်ဘူးလား သမီးရယ် "
" လာကြည့်ပီးပီ ဆေးတွေ၀ယ်ခိုင်းသွားတယ် "
" ဘာဖြစ်တာလဲတဲ့ "
" ပန်းဖျားဖျားတာပါလို့ပြောတယ် သွေးအားနည်းနေတယ် သိပ်အပင်ပန်းမခံပါနဲ့တဲ့ အားဖြစ်တာစားပါတဲ့ မစိုးရိမ်နဲ့လို့တော့ ပြောတာပဲ "
မစိုးရိမ်ပါနဲ့ဆိုသော်လဲ သမီးကြီးက စိုးရိမ်နေဟန်ရှိသည်။ သူတို့အမေကို ဒီလိုအနေအထားနဲ့ တစ်ခါမျှ မတွေ့ဖူးတော့ အငယ်လေးတွေလဲ မျက်နှာမကောင်းကြချေ။
အခါတိုင်းဆူညံခုန်ပေါက်ကစားတတ်သော အလတ်နှစ်ကောင်ပင် ငြိမ်ငြိမ်ကုပ်ကုပ်ကလေးတွေ ဖြစ်နေကြသည်။
" ပန်းဖျားဆိုတာ ပင်ပန်းလို့ဖျားတာတဲ့ မမကြီးကပြောတယ် "
" ဟုတ်တယ် မေမေကအရမ်းပင်ပန်းတာကိုး "
" နောက်ပီး အားနည်းနေတယ်တဲ့ "
" နည်းမှာပေါ့မေမေက ဟင်းမှမစားတာ မကြိုက်လို့လားမသိဘူး "
" မကြိုက်ပဲနေမလား ဟေ့ကောင်ရ မင်းပန်းကန်ထဲမှာ ဟင်းကုန်သွားတိုင်း သူမစားပဲ လှမ်းထည့်ပေးနေတာ "
" အောင်မာ ကိုကိုလဲတူတူပဲ သားချည်းပဲ မဟုတ်ပါဘူး "
အလတ်နှစ်ကောင် စာကျက်ရင်း တီးတိုးတီးတိုး ပြောနေကြသည်။ အင်း ငါလဲ အတူတူပါပဲ။ သူကစိတ်ထဲကတွေးရင်း သက်ပြင်းကိုမသိမသာရှီုက်လိုက်သည်။
သူ့ပန်းကန်ထဲသို့ ကြက်ရင်ပုံ အသည်းအမြစ်နှင့် ငါးမြင်းဗိုက်သားတို့ကို ထည့်ပေးတတ်သောမိန်းမ ငါးခူ ငါးကျည်းကြော်လျှင် အရိုးမပါအောင် ဘေးမှထိုင်ပီး
အရိုးနွှင်ပေးတတ်သောမိန်းမ သူ့ကိုစားဦးစားဖျား သီးသန့်ကျွေးပီး ကလေးတွေနှင့်အတူ နောက်ချန်စားတတ်သောမိန်းမ ထိုမိန်းမသည် သူ့ဗိုက်အတွက်တော့
သူလျှော့ပေါ့စားနေလိမ့်မည်ဟု ယခင်က မတွေးခဲ့မိချေ။
" ညနေစာတော့ ထမင်းနဲ့ဘဲဥကြော်ပဲဖေဖေ ဒါတောင်မီးမလာလို့ မီးသွေးမီးဖိုမွှေးပီး ချက်ထားရတာ "
သမီးကြီးဆံပင်တွင် ပြာမှုန့်တွေလူးပေနေသည်။ မျက်နှာလေးဆီအပြောင်သားနှင့် ပင်ပန်းနေဟန်ရှိသည်။ လက်ခုံတွင်လဲ ထမင်းရည်ပူလောင်ကာ နီရဲနေသည်ကို
တွေ့ရသည်။
ညနေထမင်းဝိုင်းကတော့ ခြောက်သွေ့နေသည်။ သမီးကြီးက သူ့အမေနားစောင့်နေစဉ် သူကခါတိုင်းလိုတစ်ဦးတည်းမစားတော့ဘဲ အငယ်သုံးယောက်နှင့် အတူ
စားလိုက်သည်။ သမီးကြီးခမျာ ပင်ပင်ပန်းပန်း ချက်ထားရှာသော်လဲ ထမင်းရည်မစင်သော ထမင်းကပျော့ပြဲပြဲဖြစ်နေသည်။ ဆားမပါသော ဘဲဥကြော်ကလဲ စားလို့
မကောင်းလှချေ။ အစားမက်သော အလတ်နှစ်ကောင်က ကြိတ်မှိတ်ပီး စားနေကြသော်လဲ အငယ်ကလေးကတော့ မစားနိုင်။ ထမင်းတလုတ်ပီးတိုင်း
" မေမေ ချက်သလိုလဲ မကောင်းဘူး " ဟုတစ်ခါပြောတတ်သည်။ သူ့အမ ကြားသွားမှာစိုးလို့ ကျယ်ကျယ်လဲ မပြောရဲရှာပေ။
နောက်တစ်နေ့ကျတော့ စနေနေ့မို့ ရုံးပိတ် ကျောင်းပိတ်ရက်ဖြစ်သည်။ သမီးကြီးက အမေ့ကိုယ်စားစျေးသွားပီး အငယ်တွေက အိမ်ရှင်းကြသည်။
" ငါးခူ၀ယ်လာတယ် ငါးကြော်ဆိုတော့ မေမေလဲဆန်ပြုတ်လေးနဲ့သောက်လို့ရတာပေါ့ "
သမီးကြီးကဆွဲခြင်းလေး တစ်ရမ်းရမ်းနဲ့ မီးဖိုချောင်၀င်သွားသည်။ ခဏနေတော့ ငယ်သံပါအောင် အော်သံကိုကြားရသည်။ မီးဖိုချောင်ထဲ မြွေများ၀င်လေပီလား
ဟုစိုးရိမ်တကြီး ပြေးလာသူများမှာ ဖရိုဖရဲမှောက်နေသော ခြင်းတောင်းနှင့်အတူ တဖျတ်ဖျတ်ခုန်နေသောငါးများကို တွေ့ရသည်။ သားလှီးဓားကြီးကိုင်ထားသော
သမီးကမူ ငါးတွေကို ကွေ့ပတ်ကာ ရှောင်ရင်းအသားကုန်အော်နေသည်။
နောက်ဆုံးတော့အသေထင်ပီး ၀ယ်လာသောမသေမရှင် ငါးခူငါးကောင်ကို ပုဇွန်တောင်ချောင်းထဲပြန်လွှတ်ပီး ဘဲဥကြော်နှင့် စခန်းသွားကြရပြန်သည်။ ဒီနေ့ကျတော့
အပြောင်းအလဲလေးနှင့်ဖြစ်သည်။ ထမင်းကမာပြီး ဘဲဥကငန်နေသောကြောင့်ဖြစ်လေသည်။
နေ့ခင်းကျတော့ အငယ်နှစ်ကောင်ဆပ်ပြာရည်စိမ်ထားသော အ၀တ်များကို မောင်နှမတစ်တွေလျှော်ကြသည်။ ထို့နောက်ဆူညံပူညံတွေထွက်လာပြန်သည်။
သားနှစ်ကောင်က သူတို့ စပို့ရှပ်အနီရောင်နှစ်ထည်ကို ကျောင်းအကျီအဖြူများနှင့် ရောပြီးစိမ်ထားသောကြောင့်ဖြစ်သည်။
" ကုန်ပါပီဟယ် ငါ့မှာကျောင်းအကျီအကောင်း နှစ်ထည်ပဲ ရှိတာဟဲ့ " သမီးကြီးကအော်သည်။
" သားတို့အကျီတွေလဲ စွန်းတာပါပဲ မမကြီးရ " သားတွေက လျှောက်လဲချက်ပေးသည်။
" သမီးကျောင်းအကျီလေးလည်းစွန်းသွားပြီ ရင်ဘတ်မှာအနီရောင်ကြီး " သမီးငယ်ကငိုသည်။
ထို့ကြောင့်သူက " ငါရဲ့လည်ကတုံးရှပ်လက်ရှည်လေးလဲ သွားပါပြီကွာ " ဟု ၀င်ပီး ညည်းမနေဖြစ်တော့ပေ။
........................................................
သုံးရက်လုံးလုံး အပြင်းဖျားပီးကာမှ သူ့မိန်းမအဖျားကျလေသည်။ နဂိုကမှ မ၀ရသည့်အထဲ ပိုပီးပိန်သွားသည်။ အခုမှပင် ဂရုတစိုက်ကြည့်မိတော့ နားသယ်ဆံစစ
တွေလည်း ဖြူစပြုနေပီကို တွေ့ရသည်။ တစ်အိမ်လုံးမှာတော့ ဖုန်အလိမ်းလိမ်းတက်ကာ ကမောက်ကမတွေလဲ အတော်ဖြစ်ပီးနေပီဖြစ်သည်။
" ဒီတစ်ခါ အမေနေကောင်းရင် အရင်တုန်းကလို အပင်ပန်းမခံနဲ့တော့နော် အ၀တ်တွေကို သားတို့ ကူလျှော်မယ် "
သားနှစ်ယောက်က သူတို့အမေကို အကြင်နာစကားဆိုကြသည်။
" ပန်းကန်ဆေးစရာတွေကို စုထား သမီးကျောင်းကပြန်တော့ ဆေးပေးမယ်နော် " သမီးငယ်ကပြောသည်။
" ကြမ်းတိုက်ဖို့နဲ့ မီးပူတိုက်ဖို့ကတော့ သမီးတာ၀န်ထား " သမီးကြီးက တာ၀န်ယူသည်။
နားထင်နားရင်းတွေကျကာ နွမ်းလျနေသောမိန်းမသည် သူ့သားသမီးများကိုတစ်လှည့်စီကြည့်ရင်း မသိမသာမျက်ရည်တွေ လည်လာသည်။
ထို့နောက်
" ခဏတစ်ဖြုတ်နေမကောင်းတာပါကွယ် အမေလုပ်နိုင်ပါတယ် ကလေးတို့ရယ် "
ုဟုပြုံးယောင်ယောင်နှင့်ပြောသည်။
သူကတော့ အင်း.... သူကတော့ သားသမီးတွေ ကွယ်ရာကျမှသာ ခပ်တိုးတိုးပြောဖြစ်သည်။
" သိပ်လည်းအပင်ပန်းမခံပါနဲ့ မိန်းမရယ် မင်းမရှိရင် အစ်ကိုဘယ်လိုနေရမလဲ "
ကြားလိုက်ရသောစကားကို သူ့မိန်းမယုံဟန်မရှိ။ သူ့ကို တအံ့တသြ လှမ်းကြည့်သည်။ သူကနူးညံ့နွေးထွေးစွာ ပြုံးပြလိုက်တော့ ပိုပီးအံ့သြသွားဟန်ရှိသည်။
" အစ်ကိုတို့တစ်မိသားစုလုံးကို သာယာပျော်ရွှင်အောင် လုံခြုံနွေးထွေးနေအောင် မင်းဘယ်လိုအနစ်နာခံပြီး စွမ်းဆောင်နေရသလဲဆိုတာ အရင်က
လေးလေးနက်နက်နဲ့ မတွေးခဲ့မိဘူး။ အခုမှပဲ တစိမ့်စိမ့်တွေးပြီး ကျေးဇူးတင်မိတယ် ။ နောက်ပီး... နောက်ပီး "
သူကရုတ်တရက်ပြောမထွက်ပဲ ထစ်ငေါ့နေသည်။ သူ့ကို ငေးကြည့်နေသာမိန်းမကမူ သူ့မျက်လုံးထဲတွင် တစ်သက်လုံးမျှော်လင့်စောင့်စားနေခဲ့သော
တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားဟန် ရှိလေသည်။
" တစ်ကယ်လားဟင် ဒါတစ်ကယ်ပဲလား "
သူ့မိန်းမက မယုံနိုင်သလို တိုးတိုးလေးပြောနေသည်။ ညှိုးမှိန်နေသောမျက်လုံးများသည် အရည်လည်ကာ အရောင်တဖျတ်ဖျတ်မြူးလာသည်။ ထို့နောက်
သူ့ရင်ခွင်ထဲတိုး၀င်ကာ ရှိုက်ကြီးတင် ငိုရှာလေသည်။
မစန္ဒာအမျိုးသမီးရေးရာ မဂ္ဂဇင်း ၂၀၀၀ ပြည့်နှစ်
0 Comments