သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၅၆)

#သုခမြို့တော်

အပိုင်း (၅၆)

သူ့အမည်မှာ နီဆာဖြစ်သည်။ သူသည် အသက် ဆယ့်နှစ်နှစ်ရှိပြီး မူဆလင်တစ်ယောက်ဖြစ်သည်။ နီဆာသည် နတ်တမန်တစ်ပါးဟု သူတို့တဲဝိုင်းထဲရှိ လူအားလုံးက သဘောတူကြသည်။ သူ့မျက်နှာက ကြည်လင်တောက်ပလျက်။ သူ့အကြည့်က စူးရှတည်ကြည်လျက်။ သူ့အမူအရာက တည်ကြည်ခန့်ညားလျက်။ ထိုအချက်များကြောင့်ပင် သူသည် အခြားသူများနှင့်မတူ တမူထူးခြားသူဖြစ်နေသည်။ ဖြူဖွေးတောက်ပသော သွားများပေါ်နေသည့် သူ့နှုတ်ခမ်းကွဲကလေးနှင့် သူ့ပခုံးပေါ်တွင် အမြဲပါလာသော ပြူးကြောင်ကြောင် မျောက်တစ်ကောင်ကြောင့်လည်း သူ့ကို လူတိုင်းက မှတ်မိနေသည်။

နီဆာသည် သူတို့သုခမြို့တော် တဲတိုက်ထဲရှိ မိသားစုမှ ပေါက်ဖွားလာသူ မဟုတ်။ တစ်ညနေ ဒါလဟိုဇီပန်းခြံထဲတွင် အလမ္ပာယ်ဆရာက ကောက်ရလာခဲ့ခြင်းဖြစ်သည်။ နီဆာ၏မိဘများမှာ ဘီဟာနယ်မှဖြစ်ပြီး သူ့ကို မကျွေးမွေးနိုင်တော့သဖြင့် အိမ်မှ နှင်ထုတ်လိုက်သည်။ နီဆာသည် ရထားတွဲခေါင်းပေါ်တွင် ခိုစီးကာ တံလှပ်မြို့တော်ကြီးသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ နီဆာသည် အမှိုက်ပုံတွင် စွန့်ပစ်ထားသည့် စားကြွင်းစားကျန်များကို ကောက်စားကာ မြို့တော်ကြီးထဲတွင် တလည်လည် ဖြစ်နေခဲ့ပြီးနောက် ဘရားဘဇားခေါ် ဈေးကြီးအနီးက လမ်းကြားကလေးထဲတွင် သူ့အသက်မွေးဝမ်းကျောင်းအတွက် အသုံးလိုသည့် ပစ္စည်းတစ်ခုကို ရှာတွေ့ခဲ့သည်။ ယင်းမှာ အခြားမဟုတ်။ ဖာရာတွေပွနေသည့် ဂုန်နီအိတ်စုတ်တစ်လုံးဖြစ်သည်။ ငတ်ပြတ်နေသော အခြားကလေးငယ်များနည်းတူ နီဆာသည် အမှိုက်ကောက်သူတစ်ဦးဖြစ်လာခဲ့သည်။ ညနေတိုင်းပင် နီဆာသည် တစ်နေကုန်ကောက်၍ ရခဲ့သော အစုတ်များကို အစုတ်ရောင်းဝယ်သည့် ဒိုင်သို့ သွားသွင်းသည်။ တစ်ခါတစ်ရံတွင်လည်း တစ်ကျပ်နှစ်ကျပ် ရတတ်သည်။ 

တစ်နေ့တွင် အဟောင်းရောင်းသူတစ်ယောက်က ဟနုမန်အမည်ရှိ မျောက်ကလေးတစ်ကောင်ကို ပေးလိုက်သည်။ ဟနုမန်သည် သူနှင့်အတူ ပလက်ဖောင်းပေါ်တွင် လိုက်အိပ်သည်။ ထိုနေ့မှစ၍ သူနှင့် ဟနုမန်သည် ရင်းနှီးသော အပေါင်းအဖော်ကြီးဖြစ်လာခဲ့သည်။ မိုးသည်းညများတွင် နီဆာသည် သူ့မျောက်ကလေးနှင့်အတူ မိုးလုံသည့်နေရာကို လိုက်ရှာပြီး အိပ်ရသည်။ တစ်ခါတစ်ရံတွင် ဆိုင်မျက်နှာစာရှိ ယင်းလိပ်အကွယ်၊ တစ်ခါတစ်ရံတွင်လည်း ချောင်ရင်ဂီလမ်းမကြီးပေါ်ရှိ ပေါ်တီကိုများအောက်။

သူဝါသနာအပါဆုံးအရာမှာ ရုပ်ရှင်ဖြစ်သည်။ ပိုက်ဆံရသည်နှင့် နီဆာသည် အထမ်းဖြင့်ပြသည့် လမ်းဘေးရုပ်ရှင်ကို မျောက်ကလေးနှင့်အတူ သွားကြည့်သည်။ သူအကြိုက်ဆုံးမင်းသားမှာ ဒီလစ်ကူးမားဖြစ်သည်။ ဒီလစ်ကူးမားသည် မင်းညီမင်းသား မဟာရာဇာစသည့် အခန်းများက ပါလေ့ရှိပြီး အဝတ်အစား တောက်တောက်ပြောင်ပြောင်ဝတ်ကာ မိန်းမချောတွေ ဝိုင်းဝိုင်းလည်နေတတ်သည်။

နီဆာသည် သုခမြို့တော်ထဲက လူငယ်ကလေးတွေနှင့် ရောနှောရန် ဘာမျှအခက်အခဲမရှိပါ။ ကာလကတ္တားမြို့တော်ကြီး၏ ကတ္တရာလမ်းပေါ်တွင် နှစ်နှစ်တာမျှ ကျင်လည်ခဲ့ဖူးပြီဖြစ်သည့်အတွက် သူ့အတွေ့အကြုံသည် အခြား အခြားသော သူငယ်များအတွက် အလွန်လေးစားလောက်သည့် အတွေ့အကြုံဖြစ်သည်။ အခြားသော သူငယ်များ၏ဘဝသည်လည်း သူ့လိုပင် ကြမ်းတမ်းပင်ပန်းသောဘဝဖြစ်သည် မဟုတ်လော။ သူတို့သည် မွေးလာကတည်းက ဆင်းဆင်းရဲရဲ မွေးလာခဲ့ကြကာ လူမှန်းသိသည်နှင့် အလုပ်ကို ဝင်လုပ်ကြရသည်။ အချို့သူငယ်ကလေးများမှာ ရေပုံးကြီးနှစ်လုံးကို ထမ်းပိုးဖြင့် မနိုင်တနိုင် ထမ်းကြရသည့်အတွက် သူတို့၏ပျော့ပျောင်းသော အရိုးဖွဲ့စည်းမှုသည် ပြင်မရအောင် ပျက်စီးသွားကြသည့်အဖြစ်မျိုးတွေရှိသည်။ 

သူတို့အထဲတွင်ကျောင်းနေနိုင်သူဆို၍ လူ, ငါးဆယ်လျှင် တစ်ယောက်နှစ်ယောက်သာရှိသည်။ အသက် ၇ နှစ် ၈ နှစ်အရွယ်သို့ရောက်လျှင်မူ သူတို့တစ်တွေသည် အလုပ်သမားကြီးတွေ ဖြစ်နေလေပြီ။ အားလုံး အလုပ်လုပ်နေရလေပြီ။ အချို့မှာ လက်ပွေ့အရောင်းသမားများဖြစ်လာကြသည်။ အချို့မှာလည်း ကုန်စိမ်းဆိုင်တွင် ဝင်အလုပ်လုပ်ကြရသည်။ သို့မဟုတ်လျှင်လည်း ဖိနပ်ချုပ်ဆိုင်၊ ကွမ်းယာဆိုင်၊ ဘီဒီဆေးလိပ်ဆိုင်တို့တွင် အလုပ်ဝင်လုပ်ကြရသည်။ အချို့မှာလည်း လမ်းမကြီးများရှိ စားသောက်ဆိုင်များတွင် မနက်မိုးလင်း အရုဏ်တက်မှ မိုးချုပ်အထိ အလုပ်လုပ်ကြရသည်။ အချို့မှာလည်း ရပ်ကွက်ထဲရှိ အလုပ်ရုံကလေးများတွင် အလုပ်ဝင်လုပ်ကြရသည်။ ကယ်ရာလာပြည်နယ်မှ သင်္ဘောသားဟောင်း၏ကလေးနှစ်ယောက်မှာ တစ်ယောက်ကို ငွေတစ်ဆယ်ဖြင့် အလုပ်လုပ်ကြရပြီး သူ့မိဘနှစ်ဦးမှာ ကမ်းနားက ဂိုထောင်တစ်ခုတွင် သင်္ဘောများအတွက် ကြိုးများကျစ်ရသည်။ ထိုဝင်ငွေကလေးဖြင့် သူတို့မိသားစု စားသောက်နေကြခြင်းဖြစ်သည်။

နီဆာ မရောက်မီတွင် သုခမြို့တော်ရှိ သူတို့တဲသိုက်မှကလေးသုံးယောက်မှာ အစုတ်ကောက်သည့်အလုပ်ကို လုပ်နေကြပြီ။ သို့ရာတွင် အဝတ်စုတ်ကောက်ရသည့်အလုပ်မှာ များစွာ အကျိုးရှိသည့် လုပ်ငန်းမဟုတ်ပါ။ သူတို့လူဆင်းရဲရပ်ကွက်ကလေးထဲတွင်ဆိုလျှင် မည်သည့်ပစ္စည်းကိုမျှ စွန့်ပစ်လေ့မရှိ။ကျောက်မီးသွေးခဲကလေး တစ်ခဲ၊ နွားချေးခြောက်တစ်ချပ်၊ အင်္ကျီစုတ်တစ်ထည်၊ ပုလင်းကွဲတစ်လုံး၊ အုန်းဆံဖတ်တစ်ဖတ် စသည့် ဆယ်ယူရသမျှသော ပစ္စည်းတို့သည် အဖိုးတန်တွေချည်းဖြစ်သည်။

“ဒီမှာတော့ အသုံးမကျတဲ့ပစ္စည်းလောက်ပဲ ရှိတယ် ခင်ဗျ၊ ဒီတော့ အသုံးကျတဲ့ ပစ္စည်းလိုချင်ရင် ရှိတဲ့နေရာကို လိုက်ရှာရတယ်” ဟု နီဆာက ပြောသည်။

တစ်ညနေတွင် ထိုသို့ပြောနေသံကို ဟာစရီပါး ကြားသည်။ ဤတွင် နီဆာသည် အဖိုးတန်ပစ္စည်းရှိမည့်နေရာကို သိတန်ကောင်းသည်ဟု သူတွေးမိသည်။ သူ့တွင် သမီးအတွက် ခန်းဝင်ငွေ တင်တောင်းရန် ငွေလိုနေသည် မဟုတ်လော။ ထို့ကြောင့် သူ့သားငယ် ရှန်ဘူကို နီဆာနှင့်အတူထည့်ရန် စိတ်ကူးကာ ကိုဗာစကီးကို တိုင်ပင်ကြည့်သည်။ 

သားငယ် ရှန်ဘူသည် ခေါင်မိုးပေါ်သို့တက်ပြီး စွန်လွှတ်နေလေသည်။ ဟာစရီပါးကား အမြဲလိုလို ဂဏန်းတွက်နေသူဖြစ်သည်။

“မိုးရာသီကုန်ရင် ငါ့မှာ လန်ချားဆွဲလို့ရတဲ့ငွေက ရှစ်ရာ၊ အရိုးကို ရောင်းလို့ရတဲ့ငွေက ငါးရာ၊ ရှန်ဘူကို အဝတ်စုတ်ကောက်ခိုင်းလို့ရတဲ့ ငွေကလေးကလဲ မရဘူးဆိုရင် နှစ်ရာ၊ သုံးရာလောက်တော့ရမယ်၊ ဒီလိုဆိုရင် ငါ့မှာ ငွေနှစ်ထောင်လောက်တော့ ပြည့်သွားပြီ၊ လိုတဲ့ ငွေကလေးကတော့ သူတို့အမေရဲ့ နားဆွဲကလေးကို မဟာဂျန်ဆီမှာ သွားပြီး ပေါင်ရမှာပေါ့။ ဒီလောက်ဆိုရင် လိုတဲ့ငွေ ငါးထောင်တော့ ပြည့်သွားမှာပါ”

ဟာစရီပါးသည် ပုဏ္ဏားကြီးက သူ့သမီးအား လက်ထပ်ပေးနေသည်ကို မြင်ယောင်နေသည်။နိပ်ပြီ။ သည်အတိုင်းဆိုလျှင် မိမိသည် အိပ်မက်မက်နေခြင်းမဟုတ်။ မနက်လင်းသည်နှင့် မျောက်ကလေးကို ပခုံးပေါ်ထမ်းလာသည့် နှုတ်ခမ်းကွဲကလေးနှင့် နီဆာသည် သူ့သားငယ်ရှန်ဘူကို မိမိတို့၏ “ရတနာတွင်း” ရှိရာသို့ ခေါ်သွားပေလိမ့်မည်။ ထိုနေရာမှာ ကာလကတ္တားရဲများက လိုင်စင်မရှိသည့် လန်ချားများကို မီးပုံရှို့ခဲ့သည့်နေရာဖြစ်သည်။ ထိုနေရာသည် သူတို့ လန်ချားသင်္ချိုင်းဖြစ်ဖူးသည်။ သို့တိုင် ပိုစတာစုတ်ကလေးတစ်စ၊ သံကောက်ကလေး တစ်ချောင်းသည်ပင် အဖိုးတန်ပစ္စည်းဖြစ်နေသော ကာလကတ္တားလို မြို့တော်ကြီးတွင်မူ ထိုနေရာသည် တကယ့် “ရတနာသိုက်” ကြီးဖြစ်နေသည်။ ထို့ကြောင့် ဟာစရီပါးသည် နောက်တစ်နေ့တွင် သူ့သားငယ် ရှန်ဘူအား ထို “ရတနာသိုက်ကြီး” သို့ ခေါ်သွားဖို့ နီဆာကို ပြောရသည်။ နီဆာကလည်း သဘောတူသည်။

“ဟုတ်ပြီလေ၊ မနက်ဖြန်မနက် ရောက်လို့ မိန်းမရှာအိမ်က တောက်တဲ့ကြီး မြည်တဲ့အချိန်မှာ ဘာဘူသားကို နှိုးထားပါ၊ မိုးမလင်းခင် သွားမယ်”

နီဆာသည် သူ့ရဲဘော်တစ်သိုက်ကို ဟောင်ရာတံတားကြီးထိပ်သို့ ခေါ်သွားသည်။ လူတွေ ပြည့်ကျပ်နေသည့် ဘတ်စ်ကားကြီးတစ်စီး အနီးသို့ ရောက်သည့်အခါတွင် စပယ်ယာဘီးပေါ်ကို တက်လိုက်ရန် ပြောသည်။ အခြားကောင်လေး သုံးယောက်က နောက်မှ ဘန်ပါပေါ်တွင် တွယ်လိုက်သည်။ နေ့စဉ်နှင့်အမျှပင် ထောင်ပေါင်း သောင်းပေါင်းများစွာသော ကာလကတ္တားခရီးသည်တို့သည် ဘတ်စ်ကားခ မပေးဘဲ ဤနည်းဖြင့် ခရီးသွားနေကြသည်။ ဘတ်စ်ကားများကို ခိုးစီးသူများ၊ လိမ်လည်သူများတွင် သူတို့သာ မဟုတ်ပါ။ စပယ်ယာများသည်လည်း လက်မှတ်တုများကို ဆုတ်ပေးပြီး ဘတ်စ်ကားခများကို သူတို့အိတ်ထဲသို့ ထည့်နေကြပါသည်။ ထိုသို့ စပယ်ယာဘီးပေါ်၊ ဘန်ပါပေါ်၊ နောက်ခြေနင်းခုံပေါ်၊ ကားဘော်ဒီပေါ်တွင် တွယ်လိုက်နေသူများကို ကြည့်ရသည်မှာ ကျွမ်းကျင်သော ကျွမ်းဘားကစားသမားများနှင့်ပင် တူနေသည်။ နေ့စဉ်နှင့်အမျှ ဆိုသလိုပင် ဘတ်စ်ကားပေါ်မှ လိမ့်ကျသေသူ၊ ဓာတ်ရထားမှ ဓာတ်လိုက်သေသူ၊ ဘီးကြားထဲကျ၍ သေသူတို့၏သတင်းကို သတင်းစာများထဲတွင် ဖတ်နေရသည်။

“ဆင်းမယ်ဟေ့”

နီဆာ၏အသံသည် ပူလောင်စပြုနေသော မနက်ခင်းလေးထဲတွင် ပေါ်လာသည်။ သူ့အမိန့်သံကို ကြားသည်နှင့် ကလေးငါးယောက်တို့သည် ဘတ်စ်ကားပေါ်မှ ကတ္တရာလမ်းပေါ်သို့ ခုန်ချလိုက်ကြ၏။ ဘတ်စ်ကားသည် မြို့အရှေ့စွန်းမှ မြို့ပြင်ဘက်သို့ ရောက်လာခဲ့သည်။ လမ်းဘေးတစ်ဖက်တစ်ချက်တွင်မူ ကျယ်ပြန့်သည့်စိမ့်တောကြီးရှိသည်။ ရှန်ဘူသည် အိပ်ချင်နေသေးသဖြင့် သူ့မျက်လုံးများကို ပွတ်၍ လိုက်လာခဲ့သည်။ ရှေ့တစ်မိုင်ခန့်အကွာ ကောင်းကင်ပြင်မှာ လင်းတများကြောင့် မည်းနေတော့သည်။

“ဟို...လင်းတတွေ ဝဲနေတဲ့ အနားကိုလား”

ရှန်ဘူးက မေးသည်။ နီဆာက ခေါင်းညိတ်ပြ၏။ နီဆာသည် ပခုံးတစ်ဖက်တွင် ဂုန်နီအိတ်စုတ်၊ နောက်တစ်ဖက်တွင် သန်းရှာနေသည့် မျောက်ကလေးကို တင်ကာ သူတို့အုပ်စုကို ခေါင်းဆောင်ပြီး “ရတနာသိုက်” ရှိရာသို့ လာခဲ့သည်။ နီဆာသည် အဝတ်စုတ်ကောက်သမားတစ်ယောက်ဘဝတွင် ပျော်သည်။ အဝတ်စုတ်ကောက်သမားဆိုသည်မှာ နေ့စဉ်နှင့်အမျှ အသစ်အဆန်းတို့ကို အမှိုက်ပုံထဲမှ တွေ့ရတတ်သည် မဟုတ်လော။ 

သူတို့သည် မိုင်ဝက်ခန့် လျှောက်လာခဲ့သည်။ ထိုနေရာသို့အရောက်တွင် ပုပ်ဟောင်နေသည့် အပုပ်နံ့ကြီးကြောင့် ရှန်ဘူသည် အထိတ်တလန့်ဖြစ်သွား၏။ သို့ရာတွင် ကာလကတ္တားမြို့ တော်၏ပလက်ဖောင်းများပေါ်တွင် ကြီးပြင်းခဲ့ရသည့် သူ့အဖို့ ထိုအပုပ်နံ့များသည် ချက်ချင်းယဉ်ပါးသွားကြသည်။ သူတို့တစ်သိုက်သည် နီဆာ၏နောက်မှ လိုက်လာခဲ့ကြသည်။ အမှိုက်ပုံကြီးပေါ်တွင်မူ သူတို့ထက်အရင် ယောက်ျားတွေ၊ မိန်းမတွေ၊ ကလေးတွေ ရောက်နေကြလေပြီ။ အမှိုက်ကားများ ရပ်သည့်အနီးသို့ အရောက်တွင် နီဆာက ရုတ်တရက် ရပ်လိုက်သည်။

“ဟေ့ကောင်တွေ၊ မြန်မြန်လုပ်ကြဟေ့၊ ဒီနေ့ ဟိုတယ်တွေနဲ့ ဆေးရုံတွေက အမှိုက်တွေ သွန်တဲ့နေ့၊ အကောင်းစားတွေ ပါတယ်၊ မလွတ်စေနဲ့”

မှန်ပါသည်။ မြူနီစီပယ်အမှိုက်ကားများသည် တစ်ပတ်လျှင် တစ်ကြိမ်ကျ ဟိုတယ်များနှင့်ဆေးရုံများမှ ပစ္စည်းများကို လာရောက် စွန့်ပစ်လေ့ရှိသည်။ ထိုကားများ ရောက်လာလျှင် ထိုနေရာတွင် သူ့ထက်ငါဦးအောင် လု၍ကောက်ကြရသည်။ ပစ္စည်းများထဲတွင် တကယ့်အဖိုးတန်အကောင်းတွေ ပါတတ်သည်။ ဓာတ်ဘူးများ၊ ဆေးထိုးအပ်များ၊ ပတ်တီးလိပ်များ၊ ဂွမ်းစများ၊ မီးသွေးများ၊ စားကြွင်းစားကျန်များ ဖြစ်သည်။

နီဆာက ရှန်ဘူကို လှမ်းခေါ်ကာ
“မင်း အဲဒီကစောင့်၊ အလံနီစိုက်ထားတဲ့ အမှိုက်ကားတစ်ကား လာတာနဲ့ ငါ့ဆီကို လက်ခေါက်မှုတ်ပြီး အကြောင်းကြားလိုက်။ အလံနီထိုးလာရင် ဟိုတယ်ပစ္စည်းဖြစ်ဖြစ်၊ ဆေးရုံပစ္စည်းဖြစ်ဖြစ် ပါလာတတ်တယ်”

နီဆာက သူ့အိတ်ထဲက ငွေငါးကျပ်တန် တစ်ရွက်ကို ထောင်ပြကာ
“ဒီမှာ ငါးကျပ်တန် မြင်ရဲ့လား၊ မော်တော်ကား လာရင် ငါက ဒရိုင်ဘာကို ငါးကျပ်တန်ထောင်ပြမယ်။ ဒီတော့ ဒရိုင်ဘာက မောင်တော်ကားကို ဖြည်းဖြည်း မောင်းလိမ့်မယ်။ အဲဒီတုန်းမှာ ကားပေါ်ကို ခုန်တက်ရမယ်။ တို့ တက်ပြီးရင် ဒရိုင်ဘာက ဟိုချောင်ကျတဲ့နေရာကို မောင်းသွားပြီး အမှိုက်တွေကို မြန်မြန်သွန်လိမ့်မယ်။ သွန်တာနဲ့ ကောင်းတဲ့ပစ္စည်းကို မြန်မြန်ရွေးကောက်။ နှေးနေရင် ဒီပြင်လူတွေ ရောက်လာလို့ ဘာမှမရလိုက်ဘဲ ရှိနေဦးမယ်”

နီဆာသည် ကွန်မန်ဒိုခေါင်းဆောင်တစ်ဦးလို သူ့လူတွေကို ညွှန်ကြားနေ၏။ ထို့နောက် သူတို့သည် သူတို့သတ်မှတ်ထားသည့် နေရာအသီးသီးသို့ ပြေးသွားကာ လော်ရီကားအလာကို စောင့်နေကြသည်။ သူတို့နှင့်မလှမ်းမကမ်း ကျင်းကလေးထဲတွင် သူတို့လိုပင် လော်ရီကားအလာကို စောင့်နေသည့် အဝတ်စုတ်ကောက်သူများ ရောက်နေကြလေပြီ။ အများအားဖြင့် အမျိုးသမီးများနှင့် ကလေးများဖြစ်သည်။ အမျိုးသားများမှာမူ တိရစ္ဆာန်သေကောင်များ၏ ဝမ်းတွင်းသားများနှင့် ဟင်းသီးဟင်းရွက်အပိုင်းအစများကို ရေလုံအိုးကြီးများထဲတွင် ထည့်ကာ အနီးရှိ ရေညှိတွေဖုံးနေသော ကန်ကြီးထဲတွင် စိမ်နေကြသည်။ ထို့နောက် ထိုအိုးများကို ပေါင်းခံ၍ အရည်ကို ထုတ်ယူကြပြီး ပုလင်းများဖြင့် ထည့်ကာ ကာလကတ္တားမြို့တွင်းရှိ ကစားဝိုင်းများ၊ ဘုံဆိုင်များသို့ သွားသွင်းလေ့ရှိကြသည်။ ဤသည်မှာ အိန္ဒိယပြည်တွင် နာမည်ကြီးသည့် ဘန်ဂလာခေါ်ချက်အရက်များဖြစ်ပေါ်လာပုံ ဖြစ်သည်။ ထိုချက်အရက်ကြောင့် သေသူဦးရေသည် သဘာဝဘေးရန်ကြောင့် သေသူဦးရေထက် များသည်။

ပထမ အလံဝါစိုက်ထားသည့် အမှိုက်တင်ကားတစ်စီး ရောက်လာသည်။ နောက် ဒုတိယတစ်စီး၊ နောက် တတိယတစ်စီး။ သို့ရာတွင် အလံနီစိုက်ထားသည့် လော်ရီကားဆို၍ တစ်စီးမျှမမြင်ရသေး။ အားလုံး တုတ်တုတ်မျှ မလှုပ်ကြ။ ရှန်ဘူမှာကား မော်တော်ကားလာသည့်လမ်းကို မျက်လုံးကျွတ်ထွက်တော့မတတ် လှမ်းကြည့်နေလေပြီ။ သူ့တစ်သက်တွင် ထိုရှုခင်းကို တစ်ခါမှ မမြင်ဖူးသေး။

သူနှင့် ခပ်လှမ်းလှမ်းရှိ တောင်ကုန်းကလေး တစ်လုံးလောက်မြင့်သော အမှိုက်ပုံကြီးဘေးတွင်မူ မနက်ခင်းကောင်းကင်ကို နောက်ခံပြုကာ ဘဲလေးကဇာတ်တစ်ခု ကနေသည်ကို မြင်ရသည်။ အခြားမဟုတ်ပါ။ တောင်းတွေ အထုပ်တွေ ကိုယ်စီကိုင်ထားသည့် အမျိုးသမီးများနှင့် ကလေးများ အမှိုက်ပုံကြီးပေါ်မှာ ပြေးလွှားနေကြခြင်းဖြစ်ပါသည်။ သူတို့လက်ထဲတွင်လည်း သံချိတ်တွေ ကိုင်ထားကြသည်။ လော်ရီကားတစ်စီးဆိုက်၍ အမှိုက်တွေ သွန်ချလိုက်တိုင်း သူတို့သည် ထိုအမှိုက်ပုံဆီသို့ ပြေးကာ အမှိုက်ပုံမှ ပစ္စည်းများကို အလုအယက်ကောက်နေကြသည်။ ကားတစ်စီးပေါ်မှ အမှိုက်တွေ သွန်လိုက်တိုင်း ထိုနေရာတစ်ဝိုက်တွင် ဖုန်တွေ ထောင်းထောင်းထနေသည်။ ပို၍အသည်းယားစရာကောင်းသည်မှာ အမှိုက်ပုံကြီးကို ညီအောင်လုပ်နေသည့် မြေညှိစက်ကြီးများအနီးတွင် ဝိုင်းအုံပြေးလွှား လုယက်နေကြခြင်းဖြစ်သည်။ ကလေးများ ခြေချော်လက်​ချော်ဖြစ်ကာ မြေညှိစက်ကြီးအောက်သို့ ရောက်သွားကြကာ မြေစာဖြစ်သွားတတ်ကြသည်။ ထိုနေရာတစ်ဝိုက်တွင် ထိုသို့ မြေညှိစက်၏အစာဖြစ်သွားကြသော ကလေး ဘယ်နှစ်ယောက်ရှိပြီမသိ။

ရှန်ဘူသည် ထိုရှုခင်းကြီးကိုကြည့်ကာ ဇောချွေးပြန်လာသည်။ သူသည် ထိုကလေးများလို မြေညှိစက်နားတွင် သွား၍လုရဲပါမည်လော။ ထိုစဉ် စတုတ္ထလော်ရီတစ်စီး ပေါ်လာပြန်သည်။ သို့ရာတွင် အလံနီစိုက်ထားသည်ကို မတွေ့ ရသေး။ သူ့အထက် အမှိုက်ပုံပေါ်တွင်မူ ဘဲလေးကဇာတ်သည် ဆက်လက်ကပြနေဆဲ။ နေဒဏ် ဖုန်ဒဏ်ကို ခံနိုင်ရန်အတွက် အမျိုးသမီးများ နှင့် မိန်းကလေးများမှာ အဝတ်များကို ခေါင်းတွင် ဆောင်းထားကြရာ သူတို့ကိုကြည့်ရသည်မှာ မိန်းမဆောင်မှ ရံရွေတော်မင်းသမီးများနှင့် တူနေသည်။ ယောက်ျားလေးများမှာမူ သူတို့ထက် အဆမတန်ကြီးသည့် ဦးထုပ်စုတ်ကြီးများကိုဆောင်းထားကြသဖြင့် ခပ်စောစောပိုင်း ရိုက်သော ရုပ်ရှင်ကားများထဲမှ ချာလီချက်ပလင်နှင့် တူနေသည်။ 

အဝတ်စုတ်ကောက်သူများတွင် ကိုယ်သန်ရာ သန်ရာပစ္စည်းကို ရွေးကောက်ကြသည်။ အမျိုးသမီးများနှင့် မိန်းကလေးများက မီးသွေးနှင့် ထင်းကို အဓိကထား၍ ကောက်ကြသည်။ ယောကျာ်းလေးများက သားရေ၊ ပလတ်စတစ်၊ ဖန် စသည်တို့ဖြင့် ပြုလုပ်သည့်ပစ္စည်းများ၊ အရိုးများ၊ ကနုကမာပစ္စည်းများနှင့် စက္ကူများကို အဓိကထား၍ ကောက်ကြသည်။ အားလုံး အဓိကထား၍ ကောက်သောအရာမှာ စားစရာပစ္စည်းများဖြစ်သည်။ ယင်းတို့အထဲတွင် သစ်သီးပုပ်များ၊ အခွံများနှင့် ပေါင်မုန့်အစအနများ ဖြစ်သည်။ ထိုပစ္စည်းများကို ကောက်ရသည်မှာ ခက်လည်းခက်၍ အန္တရာယ်လည်းများသည်။ ရှန်ဘူရှေ့တွင်ပင် အသားတစ်တုံးကို ကောက်လာသော ကလေးတစ်ယောက်အား လင်းတကြီးတစ်ကောင်က တစ်ဟုန်ထိုး ဆင်းလာကာ သူ့လက်မှ သားတစ်ကို လုယူကိုက်ချီသွားသည်ကို မြင်လိုက်ရသည်။ လူနှင့် အလုအယက် ပြိုင်၍ အစာကောက်သူများမှာ လင်းတကြီးများသာ မဟုတ်သေးပါ။ ဝက်များ၊ နွားများ၊ ဆိတ်များ၊ ခွေးဝဲစားများအပြင် ညအချိန်ဆိုလျှင် ခွေးအများနှင့်တောခွေးများလည်း ရောက်လာကြကာ ထိုနေရာတစ်ဝိုက်မှာပင် စတည်းချကြသည်။ 

ပိုးမွှားတိရစ္ဆာန်တို့၏ဦးရေကား သန်းနှင့်ချီ၍ပင် ရှိပေလိမ့်မည်။ သူတို့အထဲတွင် ယင်ကောင်များမှာ အများဆုံးပေတည်း။ ယင်ကောင်မည်းမည်း စိမ်းစိမ်းကြီးများမှာ အုပ်လိုက်ဖွဲ့၍ ပျံသန်းကာ တိရစ္ဆာန်များ၊ လူများ၏ကိုယ်ခန္ဓာပေါ်သို့ပင် နားကြသည်။ အချို့က ခေါင်းမှာ၊ နားရွက်မှာ၊ ပါးစပ်၊ နှာပေါက်များအထဲထိပင် ဝင်ရောက်ကြသည်။ သူတို့ကား အမှိုက်ပုံတို့တွင် အမြဲစခန်းချ အခြေတကျနေထိုင်သော ဌာနေများပင်တည်း။ 

ပို၍ အံ့သြစရာကောင်းသည်မှာ ထိုမျှ ညစ်ပတ်နံစော်နေသည့် ပတ်ဝန်းကျင်တွင် လူ့ဘဝကြီးသည် စဉ်ဆက်မပြတ် လှုပ်ရှားသွားလာမြဲဖြစ်နေခြင်းပင် ဖြစ်သည်။ ဘိုင်စကယ်ပေါ်တွင် အိုက်စကရင်ပုံး တင်လာသည့် ရေခဲချောင်းရောင်းသူများ၊ ဆိတ်ရေအိတ်ကြီးထဲတွင် ထည့်ထားသည့် ရေရောင်းသူများ၊ ဘေးပတ်ပတ်လည်တွင် အရက်ပုလင်းတွေ စီထားသည့် အရက်ပုန်းရောင်းသူများ၊ အကြော်ရောင်းသူများသည် အမှိုက်ပုံကြီးများကြားတွင် လှည့်ပတ်ကာ အမှိုက်ကောက်သူတို့အား စားစရာများ လှည့်လည်ရောင်းချနေသည့် ရှုခင်းဖြစ်သည်။ အချို့သောနေရာတွင်မူ အစုတ်စုတ် အပြတ်ပြတ်ဖြစ်နေသည့် ဖဲထီးကိုဆောင်းကာ ယင်တွေအုံနေသည့် ကလေးငယ်များကို ထိန်းပေးနေသည့် ကလေးထိန်းများကိုပင် တွေ့ရသေးသည်။ အမေများက စိတ်ချလက်ချ အမှိုက်ကောက်နိုင်ရန်အားဖြင့် လာထိန်းပေးနေကြခြင်းဖြစ်လေသည်။

အမှိုက်ပုံကြီးသည် အမှိုက်များကို စွန့်ပစ်ရာနေရာသာ မဟုတ်သေးပါ။ ကုန်ဖလှယ်ရေးဌာန၊ ဈေးကွက်၊ ငွေကြေးအလဲအလှယ်လုပ်ရာ ဌာနကြီးတစ်ခုလည်းဖြစ်ပါသည်။ ထိုနေရာတစ်ဝိုက်တွင် ပစ္စည်းအဟောင်းအမြင်းရောင်းသူ၊ အတိုအစပစ္စည်းရောင်းသူတို့လည်း ဒုနဲ့ဒေး။ ပစ္စည်းကလည်း စုံသလားမမေးနှင့်။ အချို့က အမှိုက်ပုံထဲမှ ကောက်လာသော အဝတ်စုတ်များကို ချိန်ခွင်ဖြင့်ချိန်၍ ဝယ်သည်။ ညနေတိုင်လျှင် အဝတ်စုတ်ကောက်သည့် ဒိုင်ကြီးများက လော်ရီကြီးများဖြင့် ထိုအစုတ်များကို လာသိမ်းပြီး လျှော်ဖွပ်သန့်စင်ကာ အခြားပစ္စည်းများတွင် ပြန်သုံးရန်အတွက် စက်ရုံများသို့ ပြန်ရောင်းသည်။

ရှန်ဘူ၏ရင်သည် တဒိတ်ဒိတ် ခုန်လာသည်။ အခြားကြောင့်မဟုတ်။ ပြောထားသည့် အလံနီစိုက်ထားသည့် အမှိုက်တင်လော်ရီကြီးဝင်လာသည်ကို မြင်လိုက်သောကြောင့်ဖြစ်သည်။ ရှန်ဘူသည် ပါးစပ်ထဲသို့ လက်သွင်းကာ လက်ခေါက်မှုတ်၍ အချက်ပေးလိုက်၏။ မျောက်ကို ပခုံးတွင်ထမ်းထားသည့် နီဆာသည် ဖုန်လုံးကြီးတွေကြားမှ ပေါ်လာကာ အမှိုက်တင်ကား ရှေ့ခန်းဘေးနင်းခုံပေါ်သို့ ခုန်တက်လိုက်ပြီး ဒရိုင်ဘာနှင့် ဆွေးနွေးသည်။ ဒရိုင်ဘာက ဘရိတ်အုပ်လိုက်ပြီး ကားကို ဖြည်းဖြည်းမောင်း၏။ အချက်ပြနေပြီ။ ဤတွင် သုခမြို့တော်မှ အမှိုက်ကောက်သူ ငါးယောက်တို့သည် အိမ်မြှောင်၏လျင်မြန်ခြင်းမျိုးဖြင့် အမှိုက်တွေတင်ထားသည့် လော်ရီကားနောက်ပိုင်းသို့ ခုန်တက် လိုက်လာခဲ့ကြသည်။

“ဟေ့ကောင်တွေ၊ အားလုံး ဝပ်ပြီး လိုက်လာခဲ့” ဟု နီဆာက အမိန့်ပေး၏။

လော်ရီကားသည် အမှိုက်ပုံစွန့်သည့် ကုန်းကြီးပေါ်သို့ ဂီယာပြောင်း၍ တက်လာခဲ့သည်။ ကားထဲမှ အမှိုက်ထဲတွင် သူရဲကောင်း ငါးယောက်တို့သည် မည်သူမျှ မမြင်နိုင်အောင် ဝပ်၍ လိုက်လာခဲ့ကြသည်။ 

“အမှိုက်တွေက ညစ်ပတ်စေးကပ်နေပြီး နံလိုက်တာကလဲ မပြောပါနဲ့တော့၊ အဆိုးဆုံးကတော့ အမှိုက်တွေထဲက လောက်တွေ ထွက်လာပြီး ကိုယ်ပေါ်ကို တရွရွ လျှောက်တက်နေတာပဲခင်ဗျ၊ ပြီးတော့ ပိုးဟပ်ကြီးတွေကလဲ နည်းတာကြီးတွေ မဟုတ်ဘူး။ ခုန်ထွက်လာပြီး လက်မောင်းပေါ်၊ ကိုယ်ပေါ် အကုန်လျှောက်ပြေးတာပဲ” ဟု ရှန်ဘူက ပြောသည်။

အလံနီစိုက်ထားသည့် အမှိုက်ကား ဒရိုင်ဘာသည် မြေညှိစက်ကြီးဆီသို့ မောင်းမသွားဘဲ မျက်နှာချင်းဆိုင်တစ်နေရာသို့ ကွေ့မောင်းလာခဲ့သည်။ ဤသည်မှာ “သဘောတူညီချက်” ရရှိပြီး၍ ဖြစ်သည်။ နီဆာနှင့် သူ့ ရဲဘော်များအား သူတို့ချည်း အမှိုက်ကားပေါ်တွင် ဆယ်မိနစ် ရှာခွင့်ပေးမည်ဖြစ်သည်။ ရုပ်ရှင်ကားတစ်ကားထဲမှ အနုကြမ်းစီးသကဲ့သို့ မော်တော်ကားသည် တစ်နေရာတွင် ရပ်လိုက်ကာ ကားပေါ်မှာ အမှိုက်များကို သွန်ချလိုက်သည်။ နီဆာနှင့် ရဲဘော်များသည် ခုန်ချကာ အမှိုက်များကို လှန်လှောကြသည်။ မွှေနှောက်ကြသည်။ ရွေးကောက်ကြသည်။ ထိုနောက်တပြီးကား သူတို့သည် တိုက်ရာပါပစ္စည်းတို့ကို မြန်နိုင်သမျှ မြန်မြန်သယ်ပိုးကာ ထိုနေရာမှ မြန်နိုင်သမျှ မြန်မြန်ထွက်သွားကြသည်။ 

သူတို့၏ တိုက်ရာပါပစ္စည်းများထဲတွင် ပုလင်းများ၊ ထမင်းအိုးကွဲ ဟင်းအိုးကွဲများ၊ ပန်းကန်ကွဲများ၊ ကျိုးပဲ့နေသော အသုံးအဆောင်များ၊ အုတ်ကြွပ်ကျိုးများ၊ သွားတိုက်ဆေးဘူးဟောင်းများ၊ အားကုန်နေသည့် ဘက်ထရီအိုးများ၊ သံဘူးခွံများ၊ ပလတ်စတစ်ဖိနပ်စုတ်များ၊ အဝတ်စုတ်များနှင့် စက္ကူစုတ်များ စသည်တို့ ပါဝင်ပြီး အိတ်များကို သုံးဆမျှ ပြည့်အောင် ထိုးသိပ်ထည့်ထားကြသည်။

“ဟေ့ကောင်တွေ မြန်မြန်လုပ်ကြ၊ ဒီပြင်လူတွေ ရောက်လာလိမ့်မယ်”

သူတို့တစ်တွေ သည်နေရာမှ မြန်မြန်လစ်မှ ဖြစ်မည်။ သို့မဟုတ်လျှင် အခြားသော အမှိုက်ကောက်သူတွေ ရောက်လာကာ သူတို့ပစ္စည်းတွေကို လုယက်မည်ကို စိုးရိမ်ရသည်။ ရှန်ဘူသည် ပစ္စည်းတွေ အများကြီး ရလိုက်သဖြင့် ဝမ်းသာအားရဖြစ်နေသည်။ နောက်ဆုံးအကြိမ်အဖြစ် ပုပ်ဟောင်နံစော်နေသော အမှိုက်ပုံထဲသို့ သံချိတ်ကောက်ကို ထိုး၍ မွှေလိုက်သည်။ ပြီး... ဆွဲတင်ကာ ဝမ်းသာအားရ အော်လိုက်သည်။

“အမှိုက်တွေထဲမှာ ပြောင်ပြောင် ​ပြောင်ပြောင်နဲ့ မြင်လို့ ကျွန်တော် ထိုးကြည့်လိုက်တာခင်ဗျ၊ စိတ်ထဲမှာတော့ ပိုက်ဆံပြားတစ်ပြားလို့ ထင်လိုက်တာ၊ ချိတ်ကို ဆွဲနှုတ်ကြည့်လိုက်တော့ လားလား...လက်ကောက်တစ်ဖက်ခင်ဗျ။ လက်ကောက်မှာ လက်ပတ်နာရီတစ်လုံးလဲပါတယ်”

အပိုင်း(၅၇)ဆက်ရန်
-----------------------
#မြသန်းတင့်

Post a Comment

0 Comments