သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၅၅)

#သုခမြို့တော်

အပိုင်း(၅၅)

စင်ပေါ်တွင် ရှုခင်းကလေး နည်းနည်းပါးပါး ပြင်လိုက်လျှင် လုံလောက်ပြီ။

ဇာတ်စင်အခမ်းအနားကို သည်လောက် ပြင်လိုက်သည်ဆိုလျှင်ပင် ညစ်ပတ်မှုန်မှိုင်းခြင်း၊ ရွှံ့၊ အပုပ်နံ့၊ ယင်ကောင်များ၊ ခြင်များ၊ ပိုးဟပ်များ၊ ကြွက်များ၊ ဆာလောင်မွတ်သိပ်ခြင်း၊ စိတ်ဆင်းရဲခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေခြင်းစသည့် အနိဋ္ဌာရုံအပေါင်းတို့သည် မှေးမှိန်ပျောက်ကွယ်သွားကြလေပြီ။ လှပသော အိပ်မက်တို့မက်ရန် အချိန်တန်ပြီ။ မျက်လုံးတွေ ပြူးထွက်အောင် ကြည့်နိုင်ပြီ။ ပိန်ချုံးနေသည့် ခန္ဓာကိုယ်များသည် အရယ်နှင့် အငိုကြောင့် သိမ့်သိမ့်တုန်နိုင်ကြပြီ။ ဤသို့ဖြင့် သုခမြို့တော်မှ လူအပေါင်းသည် သူတို့ကို ပုံသွင်းပေးခဲ့သော ရှေးဟောင်း ဇာတ်ပုံပြင်များကို ခုံခုံမင်မင် ကြည့်တတ်ကြသည်။

ဥရောပတိုက်ရှိ ဘုရားရှိခိုးကျောင်း လှေကားထစ်များပေါ်တွင် ခင်းကျင်းပြသသည့် သမ္မာကျမ်းစာလာ ပုံပြင်ဇာတ်လမ်းများကိုလည်း အိန္ဒိပြည်မှလူတွေ နှစ်ခြိုက်စွဲလမ်းစွာ ကြည့်တတ်ကြသည်။ အိန္ဒိယပြည်က သဘင်သည်များနှင့် ပန်တျာသည်များသည် ဆောင်းရာသီသုံးလပတ်လုံး ရပ်ရွာအနှံ့ လှည့်လည်ကာ ရာမာယဏဇာတ်ကို ကပြလေ့ရှိကြသည်။ ယခုလည်း လှည်းများပေါ်တွင် အခမ်းအနားတွေပြင်ကာ သဘင်သည်များသည် သုခမြို့တော် ဆင်းရဲသား ရပ်ကွက်ကလေးထဲသို့ ရောက်လာခဲ့ကြကာ ကျွဲတဲနှစ်တွဲကြားတွင် စခန်းချနေကြသည်။ သူတို့ရောက်လာသည့်သတင်းသည် ကြင်နာသနားတတ်သော မုတ်သုန်ရာသီရောက်လာသည့်သတင်းကဲ့သို့ သုခမြို့တော်ရပ်ကွက်ကလေးထဲရှိ တဲဝိုင်းများသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။ ခဏကြာလျှင် သူတို့ကို လာရောက်ကြည့်ရှုသူတွေ ထောင်ချီ၍နေလေပြီ။ 

သစ်တစ်ပင်၊ ငှက်တစ်ကောင်၊သမင်တစ်ကောင်ကိုမျှ မြင်ဖူးခြင်းမရှိသည့်ကလေးငယ်တို့သည် အရုပ်ရေးထားသည့် တောကား တောင်ကားများကို ကြည့်ကာ ကျေနပ်နေကြသည်။ ပျော်နေကြသည်။တောအုပ်ထဲတွင်မူ လှပသည့် ရာမမင်းသားနှင့် တည်ကြည်သိမ်မွေ့သည် သီတာဒေဝီတို့သည် ချစ်တင်းစကားဆိုနေကြသည်။ ပထမပြကွက်မပြမီ အစောကြီးကတည်းကပင်လျှင် ဇာတ်စင်ရှေ့တွင် နက်မှောင်သော ခေါင်းများ၊ရောင်စုံတောက်သော ဆာရီများသည် ပင်လယ်ကြီးတမျှဖြစ်နေသည်။ အနီးရှိ တဲခေါင်မိုးများပေါ်တွင်လည်း ပွဲကြည့်ပရိသတ်တွေ ဖွေးဖွေးလှုပ်လျက်။ ပရိသတ်မှာ ကန့်လန့်ကာဖွင့်မည့်အချိန်ကို မြင်ချင်လှပြီ။ မိမိတို့၏ ဆင်းရဲနုံချာလှသောဘဝမှ ခဏဖြစ်စေ ထွက်ပြေးချင်လှပြီ။ မိမိတို့ မျှော်လင့်ချက်များ တည်ရာ၊ ဘဝ၏ နားနေရာသဖွယ်ဖြစ်သော ရာမာယဏ မဟာကဗျာကြီးထဲမှ ဇာတ်လမ်းကို ကြည့်ချင်လှပြီ။

ရာမာယဏ ကဗျာကြီးသည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ငါးရာခန့်က နတ်တို့၏ စေ့ဆော်တိုက်တွန်းမှုကြောင့် ရသေ့ကြီးတစ်ပါးက ရေးဖွဲ့ခဲ့သည့် မဟာကဗျာကြီးဖြစ်သည်ဟု ဆိုကြသည်။ ရာမာယဏဇာတ်အဖွင့်သည် အံ့သြဖွယ် အချစ်ဇာတ်လမ်းဖြင့် အစပြုသည်။ ယောက်ျားပီသ၍ ချောမောခန့်ညားသည့် ရာမမင်းသားသည် သျှီဝ၏လေးကို တင်နိုင်ခဲ့သဖြင့် သီတာမင်းသမီးကို ရခဲ့သည်။ ဘုရင်က သမီးတော် သီတာဒေဝီနှင့် ရာမမင်းသားတို့ကို ထီးနန်းအပ်လိုသည်။ သို့ရာတွင် မိဖုရားတစ်ပါး၏ ကုန်းချောမှုကြောင့် သူတို့ကို ထီးနန်းအပ်ခြင်း မပြုတော့ဘဲ မြိုင်ရပ်သို့ နှင်လိုက်သည်။ 

တောထဲသို့ အရောက်တွင် သူတို့နှစ်ဦးအား ဘီလူးတို့က တိုက်ခိုက်ကြသည်။ ဘီလူးတို့၏ အကြီးအကဲဖြစ်သည့် ရာဝဏက သီတာဒေဝီကို ချစ်ခင်စုံမက်သွားသည်။ ရာဝဏသည် ရာမမင်းသားကို ဥပါယ်တမျဉ်ဖြင့် တောထဲသို့ မျှားခေါ်ပြီးနောက် သစ်ခက်တဲနန်းတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သော သီတာဒေဝီကို ပန်းရထားဖြင့် ခိုးပြေးသည်။ ရာဝဏသည် သီတာကို လင်္ကာဒီပကျွန်းသို့ ခေါ်ဆောင်သွားကာ ထောင်တန်းနှောင်အိမ်ထဲတွင် ထည့်ပြီး ချစ်ရေးဆိုသည်။ သို့ရာတွင် အောင်မြင်ခြင်းမရှိ။

ရာမမင်းသားသည် သူ့ချစ်သူကို ပြန်ခေါ်ရန်အတွက် တောထဲတွင်ရှိသည့် မျောက်ဘုရင်၏အကူအညီကို တောင်းရာ မျောက်ဘုရင်က ဟနုမန်မျောက်မင်းကို ထည့်လိုက်သည်။ သို့ဖြင့် ဟနုမန် ခေါင်းဆောင်သည့် မျောက်တပ် တောင်တာ ဗိုလ်ထုကြီးသည် ရှဉ့်များ၏အကူအညီဖြင့် သီတာဒေဝီကို ခိုးသွားသည့် ရာဝဏနောက်သို့ လိုက်ကြသည်။ ဟနုမန်သည် တစ်ချက်တည်းဖြင့် လင်္ကာဒီပကျွန်းသို့ ခုန်ကူးကာ အကျဉ်းကျနေသော သီတာဒေဝီကို တွေ့လာခဲ့သည်။ ဟနုမန်မျောက်မင်းသည် အခက်အခဲအမျိုးမျိုးကို ဖြတ်သန်းကာ ထိုသတင်းကို ရာမမင်းသားထံသို့ ပို့သည်။ ရာမမင်းသားက မျောက်များ၏အကူအညီဖြင့် လင်္ကာဒီပကျွန်းသို့ တံတားခင်းကာ လင်္ကာဒီပကျွန်းကို ဝင်တိုက်သည်။ ဤတွင် ရာမမင်းသား၏ တပ်များနှင့် ဘီလူးတပ်များ စစ်ပြိုင် တိုက်ခိုက်ကြသည်။ နောက်ဆုံးတွင် ရာမမင်းသားက ရာဝဏကို အောင်နိုင်ခဲ့သည်။ ဤသို့ဖြင့် အကောင်းက အဆိုးကို အောင်နိုင်ခဲ့သည်။ သီတာဒေဝီသည်လည်း အချုပ်အနှောင်မှ လွတ်လာသဖြင့် များစွာ ဝမ်းမြောက်ဝမ်းသာဖြစ်ရသည်။

ဤတွင် အထင်လွဲမှုများ ပေါ်ပေါက်လာတော့သည်။ ရာမမင်းသားသည် သီတာဒေဝီကို တွန်းဖယ်လိုက်ကာ အခြားတစ်ပါးသော ယောကျာ်းတစ်ဦး၏အိမ်တွင် နေခဲ့ပြီးသော မိန်းမတစ်ယောက်ကို ပြန်၍ပေါင်းသင်းခြင်း မပြုလိုဟု ဆိုသည်။ ဤတွင် သီတာဒေဝီသည် အပြစ်ကျူးလွန်ခြင်း မရှိဘဲ အထင်လွှဲခံရသည့်အတွက် မီးပုံတစ်ပုံပြုလုပ်စေပြီး မီးပုံတွင်းသို့ ခုန်ဆင်းသည်။ သို့ရာတွင် အကျင့်သီလစင်ကြယ်ခြင်းကို မီးလျှံများကလည်း မဖျက်ဆီးနိုင်။ မီးလျှံများသည် သီတာဒေဝီကို ကူးစက်လောင်ကျွမ်းနိုင်ခြင်းမရှိ။ ဤသို့ဖြင့် သီတာသည် သူ့ချစ်လင် ရာမမင်းသားအပေါ်တွင် သစ္စာဖောက်ဖျက်ခြင်း မပြုကြောင်းကို သက်သေထူခဲ့သည်။ နောက်ဆုံးတွင် ရာမမင်းသားက သီတာဒေဝီကို လက်ခံကာ သူတို့နှစ်ဦး ပြည်တော်သို့ဝင်၍ နန်းသိမ်းကြသည်။

သုခမြို့တော်မှ နင်းပြားများသည် ပြဇာတ်ကြီး၏ဇာတ်ကွက်တိုင်း၊ ရှုခင်းတိုင်း၊ အကွေ့အကောက်တိုင်းကို သိကြသည်။ ဇာတ်ဆောင်များ၊ ဇာတ်ရံများ၊ လူရွှင်တော်များ၊ ကျွမ်းဘားသမားများ၏လှုပ်ရှားမှုများကို ကြည့်ကာ ရယ်ကြသည်။ ငိုကြသည်။ ဝမ်းနည်းကြသည်။ ပျော်ကြသည်။ သူတို့ကိုယ်ပေါ်တွင် အစုတ်အပြတ်များကို ဝတ်ထားသည့်တိုင် ဇာတ်ဆောင်များဝတ်သည့် ဘယက်တန်ဆာ၊ ဒွါဒရာတို့ကို ဝတ်ထားသည်ဟု ထင်မိကြသည်။ ဇာတ်ဆောင်များကဲ့သို့ သူတို့ပါးပြင်ပေါ်တွင်လည်း ဆေးနီးဆေးဝါတွေ ဆိုးထားသည်ဟု ထင်မိကြသည်။ 

အချို့ဆိုလျှင် ရာမပြဇာတ်ထဲမှ စာသားများကိုပင်အလွတ်ရကြသည်။ စာပေမတတ်သည့်တိုင် ရာမဇာတ်မှစာသားများကိုမူ သူတို့ ဆိုနိုင်ကြသည်။ လက်ဖက်ရည်ဆိုင်ရှင်အဘိုးအို ဆူရေးယားသည်လည်းကောင်း၊ မေဘူနှင့် ဆယ်လီမာတို့၏ သားသမီးများသည်လည်းကောင်း၊ နီဇာမူဒင်လမ်းကြီးတွင်နေသည့် မီးသွေးသည်သည်လည်းကောင်း၊ ဆာလီမနှင့် အခြားသောမိန်းမရှာများသည်လည်းကောင်း၊ ကယ်ရာလာပြည်နယ်မှ သင်္ဘောသားဟောင်းသည်လည်းကောင်း သူတို့အားလုံးသည် ရာမဇာတ်မှ စာသားများကို ရွတ်ဆိုနိုင်ကြသည်။ ဗန်ဒိုနာနှင့် အာသံပြည်ဖွား သူ့ညီမများသည်လည်းကောင်း၊ ရပ်ကွက်လူမိုက်နှင့် သူ့တပည့်များသည်လည်းကောင်း၊ မူဆလင်၊ ခရစ်ယာန်နှင့် ဟိန္ဒူများသည်လည်းကောင်း သူတို့အားလုံးသည် ဖြစ်ကတတ်ဆန်း ဆင်ထားသည့် ဇာတ်စင်ရှေ့တွင် ညပေါင်းများစွာ ထိုင်၍ ရာမဇာတ်ကို ကြည့်ကြသည်။ ဇွဲနပဲကောင်းသည့် ပွဲကြည့်ပရိသတ်ထဲတွင် ဟာစရီပါးလည်း အပါအဝင်ဖြစ်သည်။

“ဒီလောက်တောင် ရောဂါကြီးဖြစ်နေလျက်နဲ့တောင် သွားကြည့်သေးတယ်ဗျာ၊ သူ့ကို ကြည့်ရတာ ရာမကို ကြည့်ပြီး အားတက်လာပုံရတယ်၊ ဟနုမန်ကို ကြည့်ပြီး သတ္တိကောင်းလာပုံရတယ်” ဟု ကိုဗာစကီးက ပြောသည်။

အမှန်လည်း အမှန်ပင်။ ဟာစရီပါးအဖို့ ရာမဇာတ်ထဲမှ ဇာတ်ဆောင်များသည် ရေထဲတွင် ကြံ့ကြံ့ခံနေသော သစ်ပင်ပင်စည်ကြီးများနှင့် တူသည်။ အသက်ကယ်ဘောကြီးများနှင့် တူသည်။သူငယ်ငယ်တုန်းက အမေသည် ရေဖွေးနေသော လယ်ကန်သင်းရိုးများပေါ်တွင် သူ့ကို ခါးထစ်ခွင်ချီရင်း ရာမဇာတ်ထဲမှ ကဗျာလင်္ကာများကို ရွတ်ပြခဲ့ဖူးသည်။ ကြီးလာသည့်အခါတွင်လည်း သူတို့ရွာသို့ စာဟောဆရာတွေလာတိုင်း ရွာကွက်လပ်တလင်းပြင်တွင် ရာမဇာတ် စာဟောကို မငြီးတမ်း နားထောင်ခဲ့ဖူးသည်။ ထိုလင်္ကာများသည် ရှေးပဝေသဏီကတည်းကပင် အိန္ဒိယလူမျိုးတို့ ယုံကြည်မှုကို အားသစ်လောင်းပေးခဲ့ရာ ကြာသော် ဘာသာတရား၏ပမာဏသို့ ဝင်ရောက်လာခဲ့သည်။ အိန္ဒိယပြည်တွင် ရာမဇာတ်ထဲက တေးကဗျာတို့ကို နားမထောင်ဘဲ အိပ်ပျော်သွားခဲ့သည့် ကလေးငယ်ဆို၍ တစ်ယောက်မျှမရှိ။ ရာမဇာတ်ထဲမှ ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့၏တိုက်ပွဲကြောင့် ပေါ်လာခြင်းမရှိသော ကစားနည်းဆို၍ တစ်ခုမျှ မရှိ။ ရာမဇာတ်ထဲမှ သူရဲကောင်းဇာတ်ဆောင်တို့၏ အကြောင်းကို ဖော်ပြခြင်းမရှိသော ကျောင်းသုံးစာအုပ်ဆို၍ တစ်အုပ်မျှမရှိ။ မိန်းမကောင်း မိန်းမမြတ်တို့၏အကြောင်းကို ဖော်ပြရာတွင် သီတာ၏ဥပမာကို မပြသည့် မင်္ဂလာဆောင်ဆို၍ တစ်ခုမျှမရှိ။

နှစ်စဉ်နှစ်တိုင်းပင် ရာမ၏အောင်ပွဲနှင့် ဟနုမန်၏ စိတ်သဘောထား ကြီးမြတ်မှုကို ဂုဏ်ပြုသည့်အနေဖြင့် ပွဲတော်ကြီးများ ကျင်းပကြသည်။ ညနေတိုင်းပင် ကာလကတ္တားရှိ ထောင်ပေါင်းများစွာသော သင်္ဘောကျင်းအလုပ်သမားများ၊ ကုန်တင်ကုန်ချ ကူလီများ၊ လန်ချားသမားများ၊ အလုပ်သမားများ၊ ငတ်ပြတ်နေသော လူဆင်းရဲများသည် တာရိုးတွင်ထိုင်ကာ စာဟောဆရာတို့ ဟောပြောသည့် ရာမဇာတ်ကို နားထောင်ကြသည်။ ထိုပရိသတ်သည် မြေကြီးတွင် ဖင်ချထိုင်ကာ မှိတ်ထားသော မျက်လုံးအစုံတို့ဖြင့် နားထောင်ရင်း စိတ်ကူးပုံပြင်ထဲတွင် သူတို့၏သဲပွင့်မျှလောက်သာရှိသော ပျော်ရွှင်မှုကလေးကို လိုက်ရှာကြရသည်။

သုခမြို့တော်မှ ရာမဇာတ် ပရိသတ်ထဲတွင် ကိုဗာစကီးလည်း ပါသည်။ သူ့တွင် အချိန်များများမရှိ။ သူတို့ပြောသည့် စကားများကိုလည်း ကောင်းကောင်း နားမလည်။ သို့တိုင်အောင် သူလည်း ရာမဇာတ်ကို သဘောကျသည်။

“ရာမဇာတ်ဟာ ကျွန်တော့်အဖို့တော့ စွယ်စုံကျမ်းတစ်စောင်ကို ဖတ်နေရသလိုပဲဗျ။ အမွှေးနံ့သာတွေ၊ လက်ဆောင်ပဏ္ဏာတွေ၊ လက်နက်စကြာတွေ၊ နန်းတွင်းသားတို့ရဲ့ ဘဝတွေ၊ တောဆင်ရိုင်းတွေရဲ့ အလေ့အကျင့်တွေ၊ အိန္ဒိယပြည်ရဲ့ တော​ဟေဝန်တွေဟာ ကျွန်တော့်အဖို့ လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေ မဟုတ်တော့ဘူး၊ ဒါတွေအပြင် ကျွန်တော်သဘောအကျဆုံးကတော့ အိန္ဒိယလူမျိုးတွေရဲ့ စိတ်နေစိတ်ထားကို လေ့လာတဲ့နေရာမှာ ရာမဇာတ်ကို ကြည့်တာဟာ အကောင်းဆုံးသော နည်းလမ်းတစ်ခုပဲ။ ဒီဇာတ်ကို ကြည့်လိုက်တာနဲ့ အိန္ဒိယလူမျိုးတွေရဲ့ စိတ်နေစိတ်ထားကို ကျွန်တော် ပိုနားလည်ပြီး ကျွန်တော်ကိုယ်တိုင်လည်း သူတို့နဲ့ ထပ်တူထပ်မျှ ခံစားနေရတယ်။ သူတို့ရဲ့ စိတ်ဓာတ်ကို လေ့လာဖို့အတွက် ကျွန်တော့်မှာ ပင်လယ်နီကြီးလည်း မခြားတော့ဘူး၊ လင်္ကာဒီပ ရေလက်ကြားကြီးလည်း မရှိတော့ဘူး၊ ဘုရားရဲ့ တန်ခိုးတော်ကို ပြောပြတဲ့နေရာမှာ ကျွန်တော်တို့ဆီက အထူးထူးသော အံ့ဖွယ်ဘနန်းတွေကို ပြောစရာမလိုတော့ဘူး၊ သီတာကို ပန်းအနံ့ အရှူခိုင်းဖို့အတွက် ဟိမဝန္တာတောင်ကြီးကိုတောင် ရွှေ့ပေးနိုင်တဲ့ ဟနုမန်ရဲ့ တန်ခိုးစွမ်းပကားကို ပြောပြလိုက်ရုံပဲ။ ရာမဇာတ်ဟာ အိန္ဒိယလူမျိုးတွေကို နားလည်အောင်လေ့လာရာမှာ အကောင်းဆုံးနည်းလမ်း တစ်ခုပဲ” ဟု ကိုဗာစကီးက ပြောပြသည်။

အပိုင်း(၅၆)ဆက်ရန်
------------------
#မြသန်းတင့်

Post a Comment

0 Comments