သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၄၇)

#သုခမြို့တော်

အပိုင်း(၄၇)

“ကာလကတ္တား ဆိုတဲ့ တောကြီးမြက်မည်းထဲမှာ ကျားတွေ၊ မြွေတွေတင် ရှိတာမဟုတ်ဘူး။ သိုးကလေးတွေ၊ ချိုးကလေးတွေလည်း ရှိပါတယ်။ တက္ကစီ ဒရိုင်ဘာတွေထဲမှာတောင် ရှိပါတယ်”

ဟာစရီပါးက ပြောတတ်သည်။ယေဘုယျအားဖြင့် ပြောရလျှင် ကာလကတ္တားက တက္ကစီဒရိုင်ဘာများသည် ဘယ်သူသေသေ ငတေမာ ပြီးရောဆိုသည့် လူစားများဖြစ်ကြသည်။ သူတို့တွင် “လူမြင်းများ” အပေါ်ငဲ့ညှာထောက်ထားမှု ဆို၍လည်း နည်းနည်းကလေးမျှမရှိ၊ တက္ကစီဒရိုင်ဘာများသည် အနက်နှင့်အဝါကျား တက္ကစီကားများပေါ်တွင် မဟာရာဇာတွေလို အခန့်သားထိုင်ရင်း အခါအခွင့်သင့်တိုင်း လန်ချားသမားများပေါ်တွင် မောက်မာကြသည်။ အနိုင်ကျင့်ကြသည်။

တစ်နေ့တွင် ယာဉ်အသွားအလာရှုပ်ချိန်တွင် တက္ကစီပေါ်က “မဟာရာဇာ” သည် ဟာစရီပါးနှင့် သူ့လန်ချားကလေးကို မြောင်းထဲရောက်အောင် တိုက်မိလိုက်သည်။ဤတွင် အံ့ဖွယ်သရဲဖြစ်ရပ်တစ်ခု ပေါ်လာသည်။တက္ကစီသည် တုံ့ခနဲ ရပ်သွားကာ ကားထဲမှ တက္ကစီဒရိုင်ဘာ ဆင်းလာသည်။ တက္ကစီဒရိုင်ဘာမှာ အရပ်ပုပု၊ သေးသေးညှက်ညှက်ဖြစ်ပြီး ကုပ်ပေါ်တွင် အမာရွတ်ကြီးတစ်ခု ကန့်လန့်တင်နေသည်။ ဒရိုင်ဘာမှာ မုတ်ဆိတ်ဖားဖား၊ ဦးပေါင်းထုပ်ကြီးနှင့် ဓားမြှောင်ကြီး ခါးထိုးထားသည့် ပန်ချာပီကြီးမဟုတ်။ ဟာစရီပါးတို့ ဘီဟာနယ်သားဖြစ်ပြီး၊ သူတို့ရွာနှင့် မိုင်နှစ်ဆယ်လောက်ဝေးသည့် ဂင်္ဂါမြစ်ကမ်းပေါ်ရှိ ရွာကလေးတစ်ရွာမှဖြစ်သည်။ 

ဒရိုင်ဘာက မော်တော်ကားပေါ်မှ ဆင်းလာကာ မြောင်းထဲသို့ကျသွားသည့် လန်ချားကလေးကို ကူ၍ ဆွဲတင်ပေးသည်။ ထိုမျှမကသေး၊ သူနှင့်လိုက်ပြီး ဘန်ဂလာတစ်ခွက်တစ်ဖလားလောက် လိုက်သောက်ရန်လည်း ဖိတ်မန္တကပြုသည်။

နောက်တစ်နေ့တွင် တက္ကစီဒရိုင်ဘာသည် မိုးတွေ သည်းထန်စွာ ရွာနေသည့်ကြားမှာ သူ့တက္ကစီဖြင့် လန်ချားဆိပ်သို့ ပေါက်လာသည်။ သူတို့နှစ်ယောက်သည် မိမိတို့ယာဉ်များကို ခဏခွဲခွာကာ ပန်းခြံနောက်ဘက်ရှိ ဘုံဆိုင်ထဲတွင် ဆက်ရက်မင်း၏စည်းစိမ်ကို ခံစားကြသည်။

တက္ကစီဒရိုင်ဘာ၏အမည်မှာ မနစ်ရွိုင်းဖြစ်သည်။ သူသည် အစတုန်းက ဘတ်စ်ကား ဒရိုင်ဘာဖြစ်၏။ တစ်ညတွင် အဝေးပြေး ပေတစ်ရာလမ်းပေါ်တွင် သူ့ဘတ်စ်ကားကို ဓားပြတိုက်ခံရသည်။ ဓားပြတို့က ခရီးသည်များကို ကားပေါ်မှ အဆင်းခိုင်းကာ ပါသမျှကို ယူကြသည်။ ထို့နောက် ဓားဖြင့် ခုတ်သတ်ကြသည်။ နောက်တစ်နေ့ မနက်တွင် ဓားဒဏ်ရာများဖြင့် မသေမပျောက် ကျန်နေသော မနစ်ရှိုင်းကို တွေ့ရသည်။ ဘာကြောင့် မသေမပျောက်ကျန်ရစ်ခဲ့သည်ကိုမူ မည်သူမျှ မပြောနိုင်။ သို့ရာတွင် သူ့လည်ကုပ်ပေါ်တွင် အမာရွတ်ကြီးက ကန့်လန့်ဖြတ် ကျန်ရစ်ခဲ့သည်။ ထိုအချိန်မှစ၍ သူ့နာမည်သည် ချိုမော့ကား “အံ့ဘွယ်” ဟု တွင်ခဲ့ခြင်းဖြစ်သည်။

ဟာစရီပါး၏အမြင်တွင် မနစ်သည် တကယ်လည်း အံ့ဖွယ်ဖြစ်နေသည်။ သို့ရာတွင် မသေမပျောက် ကျန်ရစ်ခဲ့သဖြင့် အံ့ဖွယ်ဖြစ်နေခြင်းမဟုတ်ပါ။အခြားအကြောင်းကြောင့်ဖြစ်သည်။ မနစ်က သူ့လို လန်ချားလှည်းသန်ကို ကိုင်ရသည်မဟုတ်၊ ချောမွေ့နေသည့် မော်တော်ကားလက်ကိုင်ဘီးကို ကိုင်ရသည်။ သူ့ခြေထောက်လို ကတ္တရာလမ်းပေါ်၊ ချိုင့်တွေ ကျင်းတွေပေါ်တွင် ပြေးလွှားနေရသည်မဟုတ်၊ မနစ်၏ခြေထောက်များက ရော်ဘာခြေနင်းကလေး သုံးခုပေါ်တွင် ကျွမ်းကျင်စွာ လှုပ်ရှားနေရုံမျှသာဖြစ်သည်။ သူ့လို ချွေးတွေသံတွေ အရွှဲသားဖြင့် ခါးကျိုးမတတ် ရုန်းကန် လှုပ်ရှားရသည်မဟုတ်၊ အဇ္ဇုနနတ်မင်း၏ စစ်ရထားထက် အံ့သြဖွယ်ကောင်းသော ဇိမ်ကျသောထိုင်ခုံပေါ်တွင် အေးအေးသက်သာ ထိုင်ကာ သူ့ကလေးတွေကို ထမင်းဝဝ ကျွေးနိုင်သူဖြစ်သည်။

ယခုနေ တက္ကစီတစ်စင်းလောက်များ မောင်းလိုက်ရလျှင် မည်မျှဇိမ်ကျမည်နည်း။

တစ်နေ့တွင် ဘိသျှဝါကာမနတ်မင်း၏ လက်ရုံးလေးသွယ်တို့သည် သူ့လန်ချားအိုကလေးကို ထိလိုက်လျှင် ကာလကတ္တားမြို့ လမ်းမကြီးများပေါ် တွင် တဝီဝီပြေးနေသည့် အနက်နှင့်အဝါကျား တက္ကစီလေးတစ်စင်းဖြစ်လာလျှင် မည်မျှ ကောင်းလေမည်နည်း။ကာလကတ္တားမြို့ရှိ လန်ချားသမားအားလုံး တောင့်တကြသည့်နည်းတူ ဟာစရီပါးလည်း တက္ကစီလေးတစ်စင်းလောက်တော့ မောင်းချင်သည်။ မောင်းတတ်ချင်သည်။

တစ်နေ့တွင် အံ့ဘွယ်က ဟာစရီပါးကို သူနှင့်အတူ တက္ကစီလိုက်ဖို့ ခေါ်သည်။ ဟာစရီပါးအတွက် သည့်ထက်ကောင်းသည့်လက်ဆောင် မရှိနိုင်ပြီ။

“ရာမဇာတ်ထဲကလိုပေါ့ဗျာ၊ မျောက်စစ်တပ်ကြီးနဲ့ လင်္ကာဒီပကို လိုက်သွားရလို့ ဝမ်းသာတာပေါ့”

ဟာစရီပါးက ပြောသည်။

ဟာစရီပါးသည် မည်မျှ ဇိမ်ရှိပါသနည်း။ ကူရှင်ကြီးကလည်း အိစက်လို့။ နည်းနည်းကလေး လှုပ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်သည် ကူရှင်ကြီးထဲတွင် မြုပ်သွားသည်။ သူ့ရှေ့တွင် ကြည့်လိုက်တော့ မော်တော်ကား အင်ဂျင်စက်၏ ကျန်းမာရေးကို ညွှန်ပြနေသည့်ပစ္စည်းတွေ။ နာရီမျက်နှာပြင်ပေါ်က နာရီလက်တံလို အိမ်မြှောင်ကလေးတွေ။

ကိုအံ့ဘွယ်က အပေါက်ကလေးထဲသို့ သော့တံကလေးတစ်ခု တပ်၍ လှည့်လိုက်သည်နှင့် စက်ခေါင်းအောက်မှ စက်သံမြည်လာသည်။ ထိုနောက် ခြေနင်းကလေးတစ်ခုကို နင်းလိုက်ပြီး လက်ကိုင်ဘီးအောက်က လီဗာကို ကစားလိုက်သည်။

“သိပ်အံ့သြဖို့ ကောင်းတယ်ဗျာ၊ ဘာမှ မလုပ်လိုက်ရဘူး။ ခြေထောက်ကလေးနဲ့ နင်းပြီး အတံကလေးကို ဟိုရွှေ့ သည်ရွှေ့ လုပ်လိုက်တာနဲ့ မော်တော်ကားကြီး ပြေးအောင်လုပ်နိုင်တယ်ဆိုတာ တော်တော့်ကို အံ့သြဖို့ကောင်းတယ်၊ ပြီးတော့ ပိုပြီးအံ့သြစရာကောင်းတာက အဲဒီလိုလုပ်ထားလိုက်ရင် ကားကြီး သွားနေတာပဲဗျ၊ ပြီးတော့ နည်းနည်း အရှိန်မြန်ချင်လို့ရှိရင်လဲ လွယ်လွယ်ကလေးရယ်၊ အောက်က ခြေနင်းကလေးကို ခြေထောက်နဲ့ အသာကလေး နင်းထားလိုက်ရုံပဲ”

ဟာစရီပါးက ပြောသည်။ ဟာစရီပါးသည် တအံ့တသြဖြစ်ကာ သူ့ရောင်းရင်းကြီး ကိုအံ့ဘွယ် လုပ်ပုံကို ကြည့်နေသည်။ သူကော သည်လိုကားမောင်းရင် ဖြစ်မလားဟု သူစဉ်းစားနေသည်။ အံ့ဘွယ်သည် အရင်ဘဝတုန်းကလည်း တက္ကစီမောင်းသမား ဖြစ်ခဲ့မည်ထင်သည်။ ထို့ကြောင့် သည်လောက် ကျွမ်းကျင်နေခြင်းဖြစ်ရမည်။ သို့မဟုတ်လျှင်လည်း ယခုဘဝရောက်မှ ကားမောင်းတတ်လာခြင်းလည်းဖြစ်နိုင်သည်။

ဒရိုင်ဘာ ကိုအံ့ဘွယ်က သူ့မိတ်ဆွေဝေခွဲမရဖြစ်နေပုံကို သိဟန်တူသည်။

“တက္ကစီမောင်းရတာက ခင်ဗျားတို့ လန်ချားကို ဆွဲရတာထက် လွယ်ပါတယ်။ ဟောဒီမှာကြည့်၊ ဒါလေးကို အသာကလေး နင်းလိုက်ရင် ချက်ချင်း ရပ်သွားတယ်”

မော်တော်ကားက တုံ့ခနဲ ရပ်သွားသဖြင့် ဟာစရီပါး၏ခေါင်းသည် လေကာမှန်နှင့် သွားဆောင့်မိသည်။ အံ့ဘွယ်က သူ့ကိုကြည့်၍ တဟားဟားရယ်သည်။

လန်ချားသမား ဟာစရီပါးသည် ကမ္ဘာလောကသစ်ကို တွေ့နေသည်။ ထိုကမ္ဘာလောကမှာ သူတို့လောကလို ကြွက်သားတွေကို ခိုင်းစားသည်လောကမဟုတ်၊ စက်တွေကို ခိုင်းစားသည့် လောကဖြစ်သည်။ ပင်ပန်းအားကုန်ခြင်းမရှိသည့် လောကဖြစ်သည်။ အလုပ်လုပ်ရင်း စကားပြောနိုင်၊ ဆေးလိပ်သောက်နိုင်၊ ရယ်မောနိုင်သည့် လောကဖြစ်သည်။ တက္ကစီဒရိုင်ဘာ ကိုအံ့ဘွယ်သည် ကာလကတ္တားမြို့ကြီး၏ အထက်တန်းကျသည့် နေရာမှန်သမျှကို ကောင်းကောင်းသိသည်။ ပန်းခြံလမ်းတစ်ဝိုက်က အကောင်းစားပျော်ပွဲစားရုံများ၊ ညကလပ်များ၊ ဟိုတယ်များကိုလည်း သိသည်။ သူသည် သည်နားတစ်ဝိုက်က ဟိုတယ်ကြိုများအားလုံးနှင့်လည်း သိကျွမ်းသည်။ ဟိုတယ်ကြိုများက သူ့ကို တက္ကစီခကောင်းကောင်းပေးကြသည်။ ဟိုတယ်ကြိုများသည် ဟိုတယ်များမှ စားပွဲထိုးများနှင့် တံခါးစောင့်များကို ပေါင်းထားကြသည့် ပွဲစားများဖြစ်သည်။သို့ဖြင့် သူတို့လုပ်ငန်းကြီးသည် အိပ်မက်တစ်ခုလို အဆင်ပြေနေသည်။

ပန်းခြံလမ်း ဟိုတယ်ရှေ့သို့ ရောက်သည့်အခါတွင် ကိုအံ့ဘွယ်သည် ထိုနေ့အဖို့ ပထမဆုံး ခရီးသည်နှစ်ဦးကို ရသည်။ ခရီးသည်များမှာ နိုင်ငံခြားသားများဖြစ်၏။ သူတို့က လေဆိပ်သို့သွားချင်သည်။

“ဒီတုန်းမှာ ကိုအံ့ဘွယ်က တက္ကစီပေါ်က ဆင်းလာပြီး မော်တော်ကား လက်ဝဲဖက် လေကာမှန်နားမှာ ကပ်ထားတဲ့ သေတ္တာကလေးတစ်ခုက ခလုတ်ကလေးတစ်ခုကို နှိပ်လိုက်တော့ ထောက်ဆို အလံကလေးလို ကတ်ပြားကလေး
ထောင်တက်လာတယ်ဗျာ။ အဲဒီသေတ္တာကလေးပေါ်မှာ ကျွန်တော်ကြည့်လို့မဝနိုင်တာကလေးရှိတယ်ဗျာ။ ဒါနဲ့ လေယာဉ်ကွင်းသာ ရောက်ရော ကျွန်တော် အဲဒီသေတ္တာကလေးကိုပဲ စိုက်ကြည့်လာခဲ့တာပဲ၊ မော်တော်ကားပြေးနေတုန်းမှာ ငါးစက္ကန့် ခြောက်စက္ကန့်လောက်အတွင်းမှာ သေတ္တာပေါ်မှာ ဂဏန်းကလေးတွေ တစ်ခုပြီးတစ်ခု ပြောင်းသွားတယ်ဗျ၊ ကျွန်တော့်မိတ်ဆွေ ကိုအံ့ဘွယ်ရဲ့ အိတ်ထဲကို ကျပ်ပြားတွေ တစ်ပြားပြီး တစ်ပြားဝင်သွားတာကို မျက်စိနဲ့ တပ်အပ်မြင်နေရတာပေါ့ဗျာ၊ ဒီလို စက်မျိုးကလေး သေတ္တာမျိုးကလေးကို ဝိဝါကာမ နတ်မင်းကြီးမှ တီထွင်နိုင်မှာပါဗျာ၊ လူတွေတီထွင်လို့ရမှာ မဟုတ်ပါဘူး"

" ကြည့်လေ၊ သေတ္တာကလေးထဲက ကျပ်ပြားတွေ တစ်ပြားပြီး တစ်ပြား ထုတ်ပေးနေတဲ့စက်မျိုး ဘယ်သူ ထွင်နိုင်မှာလဲ။ လူချမ်းသာ တက္ကစီပိုင်ရှင်တွေကတော့ ချမ်းသာပြီးရင်း ချမ်းသာရင်းပေါ့။ တကယ်မယုံနိုင်စရာကြီးဗျာ၊ ကျွန်တော်တို့လန်ချားဝါးလားတွေကတော့ ဒီလို ချက်ချင်း ကျပ်ပြားတွေ တစ်ပြားပြီး တစ်ပြား ခုန်ထွက်နေတဲ့ စက်ကလေးမျိုးကို ဘယ်မှာ မြင်ဖူးပါ့မလဲ၊ ခရီးသွားလေလေ ပိုက်ဆံက တက်လာလေလေ။ ကျွန်တော်တို့လန်ချားတွေမှာတော့ သွားမယ့်ခရီးကို မေးပြီး ပိုက်ဆံကို ကြိုပြောထားတော့နောက်ထပ် ပိုက်ဆံတက်လာစရာ မရှိတော့ဘူးပေါ့၊ ပိုက်ဆံတိုးတောင်းချင်ရင်လဲ ခရီးသည်နဲ့ စကားတွေ ပြောနေရသေးတယ်။ ဟော...သူတို့စက်ကလေးတွေကတော့ ဘယ်လောက်ဟန်ကျသလဲ၊ ခရီးသည်နဲ့လဲ စကားမပြောရတော့ဘူး၊ ခြေနင်းကလေးတစ်ချက် နင်းလိုက်တာနဲ့ ငွေစက္ကူတွေက ရလာတာပဲ။ စပါးကွင်းထဲ လယ်ကွင်းထဲမှာ စပါးပင်တွေ ပေါက်သလို ပိုက်ဆံတွေက ဘယ်က ဘယ်က ပေါ်လာမှန်း မသိဘူး၊ လေပြင်းတိုက်တဲ့နေ့မှာ နှင်းဆီပွင့်များ ပွင့်ရင် မယုံနိုင်စရာကောင်းသလို လယ်ကွင်းတွေထဲက စပါးပင်တွေ ပေါက်သလို ငွေစက္ကူတွေ အပင်ဖြစ်ပြီး ပေါက်လာသလား အောက်မေ့ရတယ်”

ကိုအံ့ဘွယ်က သူ့တက္ကစီကားကို လေယာဉ်ကွင်းအပြင်ဘက်တွင် ရပ်လိုက်သည့်အခါ မီတာသေတ္တာပေါ်တွင် ပြထားသော ငွေအရေအတွက်မှာ များလွန်းသဖြင့် ဟာစရီပါးသည် မယုံနိုင်အောင်ဖြစ်နေသည်။ မီတာသေတ္တာပေါ်တွင် ပြနေသည့် ဂဏန်းများသည် ကျပ်ငွေကို ပြသည့်ဂဏန်းမှ ဟုတ်ပါလေစဟုလည်း သူတွေးမိသည်။သို့ရာတွင် ထိုငွေများသည် ကျပ်ကိုပြသည့် ဂဏန်းများဖြစ်ပါသည်။ အလိုလေးလေး... ခရီးလေးတစ်ခေါက်အတွက် ကျသင့်ငွေမှာ သုံးဆယ့်ငါးကျပ် ဆိုပါကလား။ သည်ငွေသည် သူ့သီတင်းတစ်ဝက်စာ လုပ်ခလောက်ရှိသည်။

လေယာဉ်ကွင်းမှ အပြန်တွင် ကိုအံ့ဘွယ်သည် မော်တော်ကားကို ဒွါကာ နတ်လမ်းက မော်တော်ကားရုံကြီးတစ်ရုံဆီသို့ မောင်းလာခဲ့သည်။

“ခင်ဗျားမှာ ပိုက်ဆံကောင်းကောင်း စုမိပြီဆိုရင် နောင်ရေးအတွက် ဒီကို လာရတယ်ဗျ” ဟု ကိုအံ့ဘွယ်က ဆိုသည်။

နောင်ရေးသို့ သွားရာလမ်းအတွက် လက်မှတ်မှာ စာရွက်အနီဖုံးထားသည့် စာအုပ်ကလေး တစ်အုပ်ဖြစ်ပြီး စာအုပ်ထဲတွင် တံဆိပ်ခေါင်းများ၊ မှတ်ပုံတင်ဓာတ်ပုံနှင့် လက်ဗွေပုံစံများ နှိပ်ထားသည့် စာရွက်များရှိသည်။

ကိုအံ့ဘွယ်၏စကားသည် မှန်သည်။ ထိုစာအုပ်နီလေးမှာ လန်ချားသမားတို့ မျှော်မှန်းခဲ့ကြသည့် စာအုပ်ကလေး ဖြစ်သည်။ ထိုစာအုပ်ကလေးသည် လန်ချားသမားတစ်ယောက်ကို ဆင်းရဲတွင်းမှ ဆွဲတင်ကာ ဘဝသစ်တစ်ခုသို့ ပို့ဆောင်ပေးနိုင်သည့် စာအုပ်ကလေးဖြစ်သည်။ အခြားမဟုတ်ပါ။ အနောက် ဘင်္ဂလားပြည်နယ်၊ ဒရိုင်ဘာလိုင်စင်ဖြစ်ပါသည်။ ကားရုံကြီးမှာလည်း အခြားမဟုတ်ပါ။ ကာလကတ္တားတွင်ရှိသည့် အရေးအကြီးဆုံးသော ဂရီဝါး ကားမောင်းသင်တန်းကျောင်းဖြစ်ပါသည်။

ကျယ်ပြန့်လှသော ကားရုံကြီးအတွင်းတွင်မူ လော်ရီကားကြီးများ၊ ဘတ်စ်ကားကြီးများ၊ ကားအမောင်းသင်ကားများရှိပြီး ကားရုံကျယ်ကြီး၏ထောင့်တစ်နေရာတွင်မူ ခုံရှည်များချထားသည့် သင်တန်းပို့ချနေရာရှိသည်။ နံရံများပေါ်တွင် မော်တော်ကား အစိတ်အပိုင်းအသီးသီး၏ ပုံကြီးများ၊ လမ်းများနှင့် အဝေးပြေးလမ်းမကြီးပေါ်တွင် တွေ့ရတတ်သည့် လမ်းပြအမှတ်အသားများနှင့် ဖြစ်လေ့ဖြစ်ထရှိသော မော်တော်ကားတိုက်မှု သရုပ်ဖော်ပုံများကို ချိတ်ဆွဲထားသည်။ ထို့ပြင် ကာလကတ္တားမြို့၏ မြေပုံကြီးတစ်ခုကိုလည်း ချိတ်ဆွဲထားပြီး မြို့ပေါ်ရှိ လမ်းတကာတို့၏အမည်များကိုလည်း စာရွက်တစ်ရွက်ဖြင့် သတ်သတ် ရေးပြထားသည်။

ကားရုံထဲတွင် ကြည့်စရာတွေ များလွန်းသဖြင့် ဟာစရီပါးသည် ဘာကို ကြည့်ရမည်ပင် မသိတော့ပြီ။သူ့လို အနုတ်စုတ်ကုပ်စုတ် လန်ချားသမားသည် ထိုမော်တော်ကား ဒရိုင်ဘာသင်တန်းကျောင်းကို အသို့လျှင် တက်နိုင်ပါမည်နည်း။ ကားမောင်းသင်တန်းကျောင်းကို တက်ပြီး လိုအပ်သည့် ဒရိုင်ဘာလိုင်စင်တို့ ဘာတို့ လုပ်ရသည့်ကိစ္စအားလုံးအတွက် ငွေခြောက်ရာလောက် ကုန်မည်။ ထိုငွေသည် နည်းသည့်ငွေ မဟုတ်။ သူ့ရွာကို ပြန်ပို့သော လေးလပို့သည့် ငွေထက်ပင် များနေသေးသည်။ ထိုမျှသောငွေကို သူ မည်သို့တတ်နိုင်မည်နည်း။

သို့တိုင် ကားပေါ်သို့ ပြန်တက်သည့်အခါ၌ ထိုစိတ်ကူးသည် သူ့အရေပြားပေါ်တွင် မင်ကြောင်ထိုးထားသည့်နှယ် စွဲနေလေပြီ။

“ဟုတ်တယ်၊ ငါ အလုပ် ကြိုးစားလုပ်ရမယ်၊ အစားအသောက် ချွေတာရမယ်၊ တစ်နေ့ကျရင် ငါ့လန်ချားမှာ သုံးတဲ့ ချူလေးကို အဝတ်သေတ္တာထဲမှာ ထည့်ပြီး သိမ်းတော့မယ်၊ လန်ချားကိုလဲ လန်ချားသူဌေးကို ပြန်အပ်လိုက်ရမယ်။ ကားမောင်းတော့မှ ကားမောင်းတဲ့ လိုင်စင်ဘုတ်အုပ်အနီကလေးကို အဝါနဲ့အနက် ကားကလေးထဲမှာ ကျကျနန ထည့်ထားရမယ်၊ လက်ကိုင်ဘီးအောက်က အံကလေးထဲမှာ သေသေချာချာထည့်ထားရမယ်၊ အဲဒီတော့မှ မိုးသီး မိုးပေါက်ကြီးတွေ တဝုန်းဝုန်းကျသလို ငါ့မီတာသေတ္တာကလေးထဲကိုငွေဒင်္ဂါးတွေ တစ်ပြားပြီး တစ်ပြား ဝင်လာတာကို နားထောင်ရမယ်။ ထောက်ဆို တစ်ပြားကျလာလိုက် .... နောက်တစ်ပြား  ကျလာလိုက်.... ”

အပိုင်း(၄၈)ဆက်ရန်
--------------------
#မြသန်းတင့်

Post a Comment

0 Comments