#သုခမြို့တော်
အပိုင်း(၄၆)
ရုတ်တရက် အရှိန်သတ်လိုက်သဖြင့် ထိုင်ခုံပေါ်တွင် ထိုင်နေသော သူ့ခန္ဓာကိုယ်သည် နောက်သို့လန်သွား၏။ ဘိုးအင်းဂျက် လေယာဉ်ကြီးသည် မြေပြင်သို့ ထိုးစိုက်ဆင်းလာခဲ့ရာ အုန်းပင်များ၊ လယ်ကွင်းများ စသည့် စိမ်းစိုသော မြေပြင်ရှုခင်းကို မြင်နေရလေပြီ။ ခြောက်သွေ့သည့် အိန္ဒိယအလယ်ပိုင်းကို နှစ်နာရီကျော်မျှ ဖြတ်၍ ပျံခဲ့ရပြီးနောက် စိမ်းစိုသည့် လယ်ကွင်းများကို မြင်လိုက်ရသည့်အခါတွင် မက်စ်လိုးအက်အဖို့ အိုအေစစ်ကလေးတစ်ခုထဲသို့ ရောက်သွားသည့်နှယ် ထင်မိသည်။
ကြည့်လေရာရာတွင် ရေမြောင်းတွေ၊ အင်းအိုင်တွေနှင့် ရေမြောင်းထဲတွင် ဗေဒါပင်များက အုပ်ဖွဲ့၍ မျောပါလျက်။ ဖလော်ရီဒါမှ အဲဗားဂလိတ်နှင့် မက္ကစီကိုနယ်စပ်မှ ချောင်းမြောင်းများကိုပင် သွား၍ သတိရမိသေးသည်။ စိမ်းလန်းသော လယ်ကွင်းများထဲတွင် ကျွဲအုပ်မည်းမည်းကြီးတွေကိုလည်း လှမ်းမြင်လိုက်ရသည်။ လေယာဉ်သည် တစ်ဖက်သို့ လှည့်လိုက်သည်တွင် မြို့ကြီးကို လှမ်းမြင်လိုက်သည်။
မြို့ကြီးက တကယ့်မြို့ကြီး၊ အဆုံးအစပင် ရှိမည်မထင်။ မိုးကုပ်စက်ဝိုင်းကို မမြင်။ မြို့လယ်တွင် ညိုဝါရောင် မြစ်ကြီးတစ်မြစ်က စီးဆင်းလျက်။ ထိုမြစ်ထဲတွင် သင်္ဘောကြီးများသည် လန့်ဖျပ်နေသည့် ဘဲငန်းကြီးများလို ကျောက်ချ ရပ်နားလျက်။ သို့ရာတွင် မီးခိုးတို့ အုပ်ဆိုင်းလျက်ရှိသဖြင့် မြို့ကြီး၏ အနိမ့်အမြင့် အနေအထားကို သဲကွဲစွာ မမြင်ရ။ အိမ်ခေါင်မိုးများက မီးခိုးတွေကြားထဲ မှ ပြူစီထိုး၍ ပေါ်နေကြသည်။ တစ်ခါတစ်ရံတွင် မိုးသို့ လုတက်နေသည့် ဓာတ်ဆီလှောင်ကန်ကြီးများကို လက်ခနဲ မြင်လိုက်ရ၏။ တစ်ခါတစ်ရံတွင်လည်း မြစ်ဆိပ်မှ ဝန်ချီစက်ကြီးများကို ရိပ်ခနဲ တွေ့လိုက်ရတတ်သည်။ သို့မဟုတ်လျှင်လည်း မီးခိုးများထဲမှ စက်ရုံတစ်ရုံ၏သွပ်မိုးပြောင်ပြောင်ကို မြင်ရတတ်သေးသည်။
လေယာဉ်မယ်က လေယာဉ် ကာလကတ္တားသို့ ဆင်းတော့မည်ဖြစ်ကြောင်း ကြေညာသည်။ မက်စ်သည် ဘုရားရှိခိုးကျောင်းတစ်ကျောင်းပေါ်မှ ဂိုးသစ် ဗိသုကာပုံစံဖြင့် ဆောက်ထားသည့် ခေါင်းလောင်းစင်၊ မြင်းပြိုင်ကွင်းတစ်ကွင်းမှ ပြေးလမ်းများနှင့် လမ်းမကြီးတစ်ခုပေါ်တွင် ပြေးသွားနေသည့် နှစ်ထပ်ဘတ်စ်ကားကြီးများကို ရိပ်ခနဲ မြင်လိုက်၏။ နောက်ဆုံးတွင် လေယာဉ်ကြီးသည် ပြေးလမ်းနှင့်အညီ ဆင်းလာကာ မြေပြင်သို့ ဆင်းလိုက်သည်။ လေယာဉ်တံခါးကို ဖွင့်လိုက်သည်နှင့် အပြင်ဘက်မှ အပူရှိန်သည် လေယာဉ်ထဲသို့ တိုးဝင်လာ၏။
“ဆံပင်ခြောက်တဲ့ အပူစက်နဲ့ မျက်နှာကို ဟပ်လိုက်သလိုပဲဗျာ၊ ပူသွားတာပဲ၊ လူကို တွန့်သွားပြီး အသက်တောင် အနိုင်နိုင်ရှူလိုက်ရတယ်၊ လေယာဉ်လှေကားပေါ်ရောက်တော့လဲ အပြင်ဘက်က စူးနေတဲ့ အလင်းရောင်
ကြောင့် မျက်လုံးတွေ ပြာသွားပြီး လဲကျမသွားအောင် လက်ရန်းကို ဖမ်းကိုင်လိုက်ရတယ်”
မက်စ်က နောင်တွင် ကိုဗာစကီးကို ပြောပြသည်။
ရုတ်ရုတ်သဲသဲ လေဆိပ်ထဲသို့ ဝင်လာသည့်အခါတွင် ပန်းကုံးဝါဝါကြီးကို သူ့ကို မြှောက်ပြနေသော ကိုဗာစကီးကို မြင်လိုက်ရ၏။ သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ချက်ချင်း အလိုလို သိလိုက်ကြ၏။ သူတို့နှစ်ယောက်သည် ဖက်လှဲတကင်း နှုတ်ဆက်ကြသည်။
ကိုဗာစကီးက တက္ကစီတစ်စီးပေါ်သို့ တက်လိုက်ရင်း...
"ခင်ဗျားကို ဂရင်းဟိုတယ်မှာထားမယ် စိတ်ကူးတယ်၊ ဒီဟိုတယ်က ဒီမှာတော့ အကောင်းဆုံးဟိုတယ်တစ်ခုပဲ၊ ကျွန်တော်တော့ အထဲကို တစ်ခါမှ မရောက်သေးဘူး၊ ဒါပေမယ့် သုခမြို့တော်ကိုလာတဲ့ သူတစ်ယောက်အဖို့တော့ လောလောဆယ် အဲဒီ ဟိုတယ်မှာ ခဏနေလိုက်ရင် ကောင်းမယ်ထင်တယ်၊ တကယ့်မြို့တော်ကို မမြင်ရသေးခင် အေးအေးဆေးဆေး နေတာပေါ့ဗျာ”
မက်စ်မှာ ချွေးဒီးဒီးကျနေလေပြီ။ ကိုဗာစကီးက ပြုံးကြည့်လိုက်ရင်း...
“လောလောဆယ်တော့ ဒီမှာ နေဦးဗျာ၊ ဟိုရောက်ရင် ခင်ဗျား အထဲကို မြုပ်သွားလိမ့်မယ်၊ မြုပ်သွားမှာဆိုတာ တကယ် နစ်သွားမှာ၊ ခုလောလောဆယ်မှာ မြူနီစီပယ် အလုပ်သမားသပိတ်မှောက်နေတော့ နေရထိုင်ရတာ တော်တော် ခက်မယ်၊ အေးလေ ဒါဟာ ဖလော်ရီဒါ မဟုတ်ဘူးဆိုတာတော့ ခင်ဗျားလဲ သိမှာပေါ့"
မက်စ်သည် မျက်နှာကို မရှုံမိအောင် မနည်းချုပ်တည်းထားလိုက်ရသည်။
“ခင်ဗျား ကိုယ်ပေါ်မှာလဲ ဘာဖြစ်လို့လဲ၊ အနာတွေလား”
“ဝဲတွေလေဗျာ”
ဒေါက်တာမက်စ်သည် တစ်ချက် ညည်းလိုက်၏။ မှန်သည်။ ကိုဗာစကီး ပြောသည့်အတိုင်း ရာသီဥတုကို ကျင့်သားရသွားအောင် ဟိုတယ်တစ်ခုတွင် ခဏနားလျှင် ကောင်းမည်ထင်သည်။ သန်းကြွယ်သူဌေးတစ်ဦးအိမ်မှ ငရဲဘုံသို့ ချက်ချင်းဆင်းလာခြင်းသည် များစွာ အန္တရာယ်ကြီးနိုင်သည်။ မက်စ်သည် ထိုသို့သော အပြောင်းအလဲများကြောင့် ကသိကအောက်ဖြစ်ခဲ့သည့် ကိစ္စများကို မြင်ခဲ့ဖူးလေပြီ။ ငြိမ်းချမ်းရေးတပ်ဖွဲ့သားများ အာဖရိကတိုက် စသည့်နေရာများသို့ သွားရောက်သည့်အခါတွင် အခက်အခဲတွေ့ခဲ့သည်များကို သူမြင်ခဲ့ဖူးသည် မဟုတ်လော။ ထိုရာသီဥတုကို ခံနိုင်အောင် တဖြည်းဖြည်း ကျင့်ယူမှသာလျှင် အမြော်အမြင်ရှိရာ ရောက်လိမ့်မည်။ လေအေးစက်တပ်ထားသည့် အခန်းကလေးထဲတွင် ခဏတစ်ဖြုတ်တော့ နေရဦးမည်။ စကော့ဝီစကီကလေးတော့ သောက်လိုက်ရဦးမည်။ မွန်တီကရစ္စတိုဆေးပြင်းလိပ်ကောင်းကောင်းကလေးတော့ ခဲလိုက်ရဦးမည်။ ဘာ့ကြောင့် အလျင်စလို လုပ်ရမည်နည်း။
သို့ရာတွင် အတန်ကြာသည့်အခါ မက်စ်သည် ကိုဗာစကီးဘက်သို့ လှည့်လိုက်ကာ...
“နေပစေတော့ဗျာ၊ ခင်ဗျားနဲ့အတူ သုခမြို့တော်ကို တစ်ခါတည်း လိုက်ခဲ့တော့မယ်”
နောက်တစ်နာရီခန့်ကြာသည့်အခါ၌ ဆင်းရဲသားရပ်ကွက်ကလေးရှိ ထမင်းဆိုင်တစ်ခုမှ မှုန်ရီသော မှန်အိမ်အောက် စားပွဲကလေးတစ်လုံးတွင် သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်မိကြ၏။ အားကုန်နေသော ပန်ကာတစ်ခုသည် ဟင်းနံ့တို့ဖြင့် မွှန်ထူနေသော ညစ်ညမ်းသောလေထဲတွင် လှုပ်ရှားလျက်ရှိ၏။
သူငယ်ကလေးတစ်ယောက်က ဟင်းပန်းကန်ကို လာချပေးသည့်အခါတွင် မက်စ်က...
“ဘာလဲဗျ၊ ကျွဲသားပြုတ်ကြော် ဟုတ်လား”
“တကယ့် ကျွဲသားပြုတ်ကြော် မဟုတ်ပါဘူး၊ ကျွဲသားပြုတ်ရည်ပေါ့။ တကယ့်အသားတော့ ရှာလို့တွေ့မှာမဟုတ်ဘူး။ အရိုးရယ်၊ အရေရယ်၊ ချဉ်ဆီရယ်၊ ဝမ်းတွင်းသားတွေရယ်ကို ပြုတ်ထားတာ၊ ပရိုတိန်းတော့
ကောင်းကောင်းရပါတယ်။ နယူးယော့က နွားကလေးပေါင်သားကြော်လိုပေါ့ဗျာ၊ တစ်ပန်းကန်မှ ပြားသုံးဆယ်ဆိုတော့ ဘဲသားတို့၊ သံလွင်သီးတို့တော့ ဘယ်ရမလဲ”
မက်စ်က မျက်နှာကို တစ်ချက်ရှုံ့ပြလိုက်သည်။ သူ့ကိုကြည့်ရသည်မှာ မသတီသည့်ပုံ။
“ကျွန်တော်တို့ ဒီလို စားပွဲလွတ်ကလေးတစ်လုံး ရတာတောင် ကံကောင်းတယ်လို့ ဆိုရမယ်၊ ဒီမှာတော့ မက္ကဇင်းရဲ့ ပျော်ပွဲစားရုံလို အခမ်းနားဆုံးနေရာပေါ့လေ”
မက်စ်သည် မျက်မှောင်ကုတ်ခြင်း မရှိတော့။ သို့ရာတွင် စုတ်ပြတ်နေသော ဆိုင်အခင်းအကျင်းနှင့် စားသောက်သူများကို သူအကဲခတ်သည်။ ဆူဆူညံညံအသံတွေကြားထဲတွင် စားသောက်သူ နှစ်ဆယ်ခန့်တို့သည် စားသောက်ဖွယ်များကို အားရပါးရ စားနေကြ၏။ ထိုသူများမှာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်သမား လူလွတ်များဖြစ်ကြပြီး လျှပ်စစ်ဓာတ်အားပြတ်သဖြင့် စက်နားတွင် အမြဲတမ်း အိပ်, စားနေကြသူများဖြစ်သည်။
ဆိုင်ပိုင်ရှင်မှာ နာဆားအမည်ရှိ မူဆလင်အမျိုးသားတစ်ဦးဖြစ်သည်။ နာဆားသည် ဒယ်အိုးငွေ့တွေ တထောင်းထောင်း ထွက်နေသော ဒယ်အိုးကြီးနှင့် မနီးမဝေး ကောင်တာတွင် ထိုင်လျက်ရှိ၏။ နာဆားသည် ထိုရပ်ကွက်ရှိ မတ်ဝါဒီ ကွန်မြူနစ်ပါတီ ကလာပ်စည်းခေါင်းဆောင်ဖြစ်သည်။ နာဆားသည် ရာသီဥတု မည်မျှပူပြင်းသည်ဖြစ်စေ သူ့စားပွဲခုံမှ မထ။ ထိုနေရာမှနေ၍ ဒါဇင်ဝက်မျှသော သူ့အလုပ်သမားများကို ကြီးကြပ်ခန့်ခွဲသည်။ သူ့အလုပ်သမားများက ကိုဗာစကီးကို “ဦးလေး” ဟု လည်းကောင်း၊ “ဆရာကြီး” ဟု လည်းကောင်း ခေါ်ကြသည်။
အလုပ်သမားဆိုသည့်တိုင် ကြီးကြီးမားမားတွေ မဟုတ်၊ ရပ်ကွက်ထဲမှ ဆင်းရဲသားကလေးငယ်များဖြစ်ပြီး အကြီးဆုံးပင်လျှင် ရှစ်နှစ်ထက်မပို။ သူတို့သည် မနက် ခုနစ်နာရီမှ ညဉ့်သန်းခေါင်အထိ အလုပ်လုပ်ရပြီး အစားအသောက်နှင့် လခ အဖြစ် ငွေတစ်ဆယ်စီရကြသည်။ သူတို့တွင် ဖိနပ်မပါ၊ အင်္ကျီက စုတ်ပြဲလျက်။ သူတို့သည် ရေတွင်းသို့သွား၍ ရေခပ်ရသည်။ စားပွဲများကို သုတ်ရသည်။ ယင်မောင်းရသည်။ စားသောက်ဖွယ်များကို ချပေးရသည်။ စားသောက်သူတို့ကို ခေါ်ရသည်။ သူတို့တစ်သိုက်ကို ကြည့်ရသည်မှာ မောပန်းသည်ဟူ၍ မရှိ၊ ဟေးလားဝါးလားဖြင့် ပျော်နေကြ၏။
ဟင်းရွက်သင်နေသည့် ကလေးသုံးယောက်မှာ စိတ်မကောင်းသည့်ကလေးများဖြစ်သည်။ နာဆားသည် ထိုကလေးငယ်များကို လော်ရီများကြားတွင် တောင်းစားနေရာမှ တွေ့သဖြင့် ခေါ်လာခဲ့ခြင်းဖြစ်သည်။ သူတို့သည် သည်မှာပင် အိပ်ကြသည်။ ဆိုင်ပိုင်ရှင်က သူတို့အတွက် တံစက်မြိတ်တွင် ကွပ်ပျစ်ကလေးတစ်လုံး ရိုက်ပေးပြီး အပေါ်တွင် အိပ်စေသည်။
စားသောက်ပြီးပန်းကန်များကိုမူ မျက်မမြင်တစ်ယောက်နှင့် မျက်စိတစ်ဖက်လပ်နေသူတစ်ဦးတို့က ဆေးကြောပေးကြသည်။ မျက်မမြင်ကြီးမှာ ဖြူဖွေးနေသည့် မုတ်ဆိတ်မွေး တိုနံ့နံ့ကလေးရှိပြီး ကိုရန်ကျမ်းစာမှ တရားစာများကို တတွတ်တွတ် ရွတ်နေတတ်၏။ ကိုဗာစကီးသည် ထိုဆိုင်များသို့ ဖြတ်လျှင် သူနှင့် စကားပြောလေ့ရှိသည်။
ခြားနားသော ကမ္ဘာလောကတစ်ခုမှ ရောက်လာသည့် အမေရိကန်လူမျိုးတစ်ဦးအား ထိုသို့သော အပြောင်းအလဲများကို မည်သို့ သဘောပေါက်အောင် ပြရမည်နည်း။ သုခမြို့တော်အကြောင်းကို ဗြုန်းစားကြီးသိ၍မဖြစ်။ ဆေးသောက်သလို နည်းနည်းစီ နည်းနည်းစီ သိမှသာ ဖြစ်မည်။ ကိုဗာစကီး၏အတွေ့အကြုံအရ သုခမြို့တော်အကြောင်းကို သိရေးသည် ချက်ချင်းလုပ်၍ရသော ကိစ္စမျိုးမဟုတ်။ တဖြည်းဖြည်းမှသာ လုပ်၍ရနိုင်သော ကိစ္စဖြစ်သည်။
သို့ရာတွင် ရောက်သည့်ညနေမှာပင် သုခမြို့တော်အကြောင်းကို ပို၍လျင်မြန်စွာ နားလည်စေသည့် အဖြစ်အပျက်တစ်ရပ် ပေါ်ပေါက်လာခဲ့သည်။
ထမင်းစားသောက်ပြီးသည့်အခါတွင် ကိုဗာစကီးသည် ဘင်္ဂါလီလူမျိုးတို့ စားလေ့ရှိသည့် ဘာဖီး ခေါ် သကြားလုံးတစ်လုံးပေးသည်။ ထိုစဉ် ခပ်သေးသေး လူတစ်ယောက် ဆိုင်ထဲသို့ ပြေးဝင်လာကာ ကိုဗာစကီး၏ခြေထောက်ကို ဖက်ပြီး ဘင်္ဂါလီဘာသာဖြင့် တစ်စုံတစ်ရာကို ပြောနေသည်။ ထိုသူပြောနေပုံမှာ အရေးတကြီးဖြစ်နေပြီး လှိုက်လှိုက်လှဲလှဲ ပြောနေခြင်းဖြစ်သည်။ သူ့လက်ချောင်းကလေးများ ငုံးတိတိဖြစ်နေသည်ကို မက်စ် သတိပြုလိုက်မိသည်။
“သားဖွားပညာရပ်ကို ခင်ဗျားသိတယ်နော်” ဟု ကိုဗာစကီးက ထိုင်ရာမှထရင်း သူ့ကိုမေး၏။
မက်စ်က ပခုံးကို တွန့်ပြလိုက်ရင်း... “သိပ်တော့ မသိဘူး၊ ကျောင်းတုန်းက သင်ရသလောက်ပဲ သိတာ”
“ဒါဖြင့် လာဗျာ၊ ဘာမှမသိတာနဲ့စာရင်တော့ တော်သေးတာပေါ့၊ ဟောဒီက ကျွန်တော့်မိတ်ဆွေက ခင်ဗျားဆီမှာ အကူအညီတောင်းစရာကလေးရှိနေတယ်”
မက်စ်သည် အံ့အားသင့်နေသည်။ ကိုဗာစကီးက
“ဟုတ်တယ်...ဒေါက်တာ၊ ခင်ဗျားကို ကလေးအသစ်ကလေးတစ်ယောက် ပေးချင်လို့တဲ့”
“ဘာလဲ၊ ကျွန်တော်က မွေးပေးရမယ် ဆိုပါတော့”
“ခင်ဗျားက ဘယ်လိုထင်လို့လဲ”
သူတို့နှစ်ယောက်သည် လာခေါ်သူနောက်သို့ လိုက်လာခဲ့ကြ၏။ ခြေသလုံးလောက်ရောက်သည့် ရွှံ့တွေဗွက်တွေထဲတွင် တစွတ်စွတ်ဖြင့် လျှောက်လာခဲ့ကြသည်။ တစ်ခါတစ်ရံတွင် ဇိခနဲ တက်နင်းမိသဖြင့် ကြည့်လိုက်ရာ ရွံ့ဗွက်ထဲတွင် ရောက်နေသော ခွေးသေကောင်၊ ကြွက်သေကောင်ဖြစ်နေသည်ကို တွေ့ရသည်။ အပူပိုင်းဇုန်တွင် ညသည် ချက်ချင်းရောက်လာတတ်သည်။ ညက မင်ရောင်လို မည်းမှောင်လျက်။
“အဲဒီနားမှာ ရေမြောင်းကြီးရှိတယ်နော်၊ မြောင်းကြီးထဲကို ကျသွားမယ်၊ သတိထား” ဟု ကိုဗာစကီးက ပြောသည်။
ထိုအနီးတဝိုက်တွင် သုခမြို့တော်မှ ဖြတ်သွားသည့် ခြောက်ပေခန့်နက်သော ရေမြောင်းကြီးတစ်ခုရှိသည်။
“ကျသွားရင် ဖလော်ရီဒါကမ်းခြေ သောင်စပ်ကို ရောက်သွားတယ်လို့ပဲ သဘောထားမှာပေါ့ဗျာ”
“ဖလော်ရီဒါကမ်းခြေကို ရောက်သွားတာက အရေးမကြီးဘူးဗျ။ အဲဒီထဲကျသွားရင် အသက်မသေတာ ကံကောင်းတယ်လို့ ဆိုရမယ်။ အထဲရောက်သွားရင် အပုပ်နံ့တွေကြောင့် တစ်ခါတည်း အသက်ပျောက်သွားနိုင်တယ်”
သူတို့နှစ်ယောက်သည် နာရီဝက်ကြာမျှ လျှောက်လာခဲ့ကြသည်။ လမ်းဘေးတွင် လူများက သူတို့နှစ်ယောက်ကို တအံ့တဩဖြင့် ကြည့်နေကြသည်။ ဒီအချိန်တွင် သူတို့နှစ်ယောက် ဘယ်သွားနေကြသနည်း။
“ခေါင်းငုံ့...ခေါင်းငုံ့”
ကိုဗာစကီးက သတိပေးလိုက်၍ တော်တော့သည်။ သို့မဟုတ်လျှင် မက်စ်သည် ဝါးပိုးဖြင့် လုပ်ထားသည့် ထုပ်တန်းကို ခေါင်းနှင့် ဝင်ဆောင့်မိပေလိမ့်မည်။
“နောက်ကျရင် ခင်ဗျားလဲ ခေါင်းငုံ့တာကို အကျင့်ရသွားမှာပါ၊ ကိုယ့်ကိုယ်ကို နှိမ့်ချတဲ့သဘောပေါ့ဗျာ” ဟု ကိုဗာစကီးက နောက်သည်။
မက်စ်သည် ကြီးမားတုတ်ခိုင်သော သူ့ခန္ဓာကိုယ်ကြီးကို ကိုင်းကာ လူတွေပြည့်ကျပ်နေသည့် ဝင်းတစ်ခုထဲသို့ ဝင်လာခဲ့၏။ ဆူညံစွာ စကားပြောနေကြသည့်တိုင် သူတို့နှစ်ယောက်ကို မြင်လိုက်သည်သည့်အခါတွင် အတိတ်ကြီး တိတ်သွားသည်။ ဖယောင်းတိုင်မီးမှိန်မှိန်ကလေးထဲတွင် မက်စ်သည် နှာခေါင်းမရှိသောမျက်နှာများ၊ ရုပ်သေးရုပ်များလို လှုပ်ရှားနေသည် လက်ချောင်းမရှိသော လက်များကို ကြည့်နေသည်။ ကိုယ်ရေရောဂါသည်တို့ရပ်ကွက်သို့ ရောက်နေပြီကို သူသိလေပြီ။
အဆိုးဆုံးမှာ အနံ့အသက်ပင်။ အနံ့အသက်က ပုပ်ဟောင်ဟောင်။ ကိုဗာစကီး ပထမဆုံး တွေ့စဉ်ကကဲ့သို့ပင် မက်စ်သည်လည်း သူ့မျက်လုံးများကိုပင် သူမယုံနိုင်။ ယိုယွင်းပျက်စီးနေသော ထိုခန္ဓာကိုယ်များ၏ခြေရင်းတွင် ကလေးများသည် ပျော်ရွှင်စွာ ကစားနေသည်။ ကလေးတွေက ကြော်ငြာစာရွက်ထဲမှ ခုန်ထွက်လာသည့် အကောင်းပကတိ ကလေးငယ်များလို ဝဝကစ်ကစ်၊ မျက်နှာဖောင်းဖောင်းကလေးတွေနှင့်။
ဆံပင်ဖြူဖြူနှင့် လူကြီးတစ်ယောက်က သူတို့နှစ်ယောက်ကို ညစ်ပတ်နေသော အခန်းတစ်ခုဆီသို့ ခေါ်သွားသည်။ အခန်းထဲမှ ညည်းသံသဲ့သဲ့ကို ကြားရ၏။ အခန်းထဲသို့ ဝင်မည်အပြု ပါးရေတို့ တွန့်လိမ်နေသည့် မိန်းမကြီးနှစ်ယောက်က သူတို့ကို ဆီးတားသည်။ ကွမ်းသွေးတွေ ပေနေသည့် သူတို့ပါးစပ်မှ ဆဲရေးတိုင်းထွာသည့်စကားလုံးတွေ ထွက်လာ၏။
“ဝမ်းဆွဲသည်တွေလေ၊ ကျွန်တော်တို့ ရောက်လာတော့ သူတို့ကို စော်ကားတယ်လို့ ထင်နေတာပေါ့” ဟု ကိုဗာစကီးက ပြော၏။
အဘိုးကြီးက မိန်းမကြီးနှစ်ယောက်ကို ခပ်ကြမ်းကြမ်း တွန်းပစ်လိုက်ပြီး သူတို့နှစ်ယောက်ကို အထဲသို့ ခေါ်သွားသည်။ လူတစ်ယောက် ယူလာသည့် ဖယောင်းတိုင်မီးရောင်ထဲတွင် ဖြူရော်သော မျက်နှာ၊ ဟောက်ပက်သော မျက်လုံးများနှင့် သူမှတ်မိသော မျက်နှာတစ်ခုကို မြင်ရသည်။
“ဟင်...မိထာ” ဟု ကိုဗာစကီးက တအံ့တဩဖြင့် ခေါ်လိုက်သည်။
သူ့မိတ်ဆွေ ကိုယ်ရေရောဂါသည်တစ်ဦး၏ဇနီးဖြစ်သူ မိထာသည် အားအင်ကုန်ခန်းနေလေပြီ။ သူ့တစ်ကိုယ်လုံးမှာလည်း ရေချိုးထားသည့်နှယ် သွေးတွေနစ်နေ၏။ သို့ရာတွင် သူ့ကို မြင်လိုက်သည့်အခါ၌ မိထာသည် ယဲ့ယဲ့ပြုံးသည်။
“ဆရာကြီး”
မက်စ်က အပေါ်ကလွှမ်းထားသည့်စောင်ကို ခွာလိုက်စဉ် မိထာက ကိုဗာစကီးကို လက်ကမ်းပေးသည်။
“မြန်မြန်လုပ်မှ ဖြစ်မယ်ဗျို့၊ နို့မို့ရင် ကိစ္စများနိုင်တယ်”
မက်စ်က ပြောသည်။
ကိုယ်ရေရောဂါသည်၏ပေါင်ကြားထဲတွင် သွေးတို့ စွန်းပေနေသော ခေါင်းကလေးတစ်လုံးကို မြင်ရသည်။ ကလေးမှာ အပြင်သို့ထွက်နိုင်သောအား မရှိ။ အမေကလည်း ညှစ်မပေးနိုင်တော့။ ကလေးသည် အသက်မှ ရှိပါသေး၏လော မဆိုနိုင်။
မက်စ်က အမျိုးသမီး၏လက်ကောက်ဝတ်သွေးကို စမ်းရင်း... “နှလုံးမရပ်အောင် လုပ်ဖို့လိုတယ်”
ကိုဗာစကီးသည် သူအမြဲဆောင်ယူလာသည့် ဆေးအိတ်ကို နှိုက်ရှာသည်။ ထိုအထဲတွင် အရေးပေါ် ကုသရန် ဆေးအချို့အမြဲပါတတ်သည်။ ပုလင်းတစ်လုံးကို သွားတွေ့လိုက်၏။
“ကိုရာမင်းတော့ ပါတယ်”
မက်စ်က ရှုံ့လိုက်၏။
“ဒီထက်ကောင်းတဲ့ဆေး မပါတော့ဘူးလား၊ နှလုံးကို အားကောင်းစေတဲ့ ဆေးတစ်ခုခု”
သူ့အမေးကြောင့် စိတ်ပူနေသည့်ကြားကပင် ကိုဗာစကီး မရယ်ဘဲ မနေနိုင်။
“ခင်ဗျားက ကျုပ်ကို မီယာမီက ဆေးဆိုင်ပိုင်ရှင်များ အောက်မေ့နေသလား”
ထိုအခါကျမှ မက်စ်ကလည်း အားယူ၍ ပြုံးရသည်။ ကိုဗာစကီးသည် ရေတစ်ခွက်ကို တောင်းပြီးနောက် ရေထဲသို့ ဆေးစက်ချလိုက်သည်။ ထို့နောက် ကိုယ်ရေရောဂါသည်အမျိုးသမီး၏ အိပ်ရာဘေးတွင် ဒူးထောက်ထိုင်ချလိုက်ကာ သူ့ခေါင်းကို မ,ထူပြီး ဖြည်းညင်းစွာ ဆေးတိုက်သည်။ သူ့နဖူးပေါ်မှ ချွေးသီးချွေးပေါက်များသည် ဆေးခွက်ထဲသို့ ကျသွား၏။ တဲထဲမှာပင် အပူရှိန်သည် တစ်ရာ့တစ်ဆယ်လောက် ရှိလိမ့်မည်။
“ကဲ...အားရှိသမျှ ကြိုးစားပြီး ညှစ်ထုတ်ခိုင်းစမ်းဗျာ” ဟု မက်စ်က ပြောသည်။
ကိုဗာစကီးသည် ဘင်္ဂါလီဘာသာဖြင့် ပြောပြ၏။ မိထာသည် အားကုန်ညှစ်၏။ ညှစ်လိုက်ရသဖြင့် အသက်ကို မဝတဝရှူရင်း မောနေသည်။ နာကျင်လွန်းသဖြင့် မျက်ရည်တွေကျလာ၏။
“မဟုတ်ဘူး၊ ဒီလိုမညှစ်ရဘူး၊ ပြောစမ်းပါဦးဗျာ၊ ပထမ အသက်ကို ဝအောင်ရှူထုတ်လိုက်၊ မြန်မြန်လုပ်လေ၊ မြန်မြန်”
မက်စ် တစ်ကိုယ်လုံးမှာလည်း ချွေးတွေ နစ်နေသည်။ မက်စ်သည် မျက်နှာမှ ချွေးများကို သုတ်လိုက်၏။ ပါးစပ်ထဲတွင် အော်ဂလီဆန်လာကာ အန်ချင်သလိုလို ဖြစ်လာသည်။ အပူရှိန်ကြောင့်လော...ကျွဲအူပြုတ်တွေ စားခဲ့ သောကြောင့်လော...၊ အနံ့အသက်တွေကြောင့်လော။ ရင်ထဲတွင် ပျို့လာကာ မနေနိုင်အောင် အန်ချင်လာလေပြီ။ ကိုဗာစကီးသည် စက္ကူကဲ့သို့ ဖြူဖွေးသွားသော မက်စ်၏မျက်နှာကို ကြည့်ရင်း လက်ထဲတွင်ရှိသည့် ကိုရာမင်းပုလင်း ထဲမှ ဆေးရည်များကို ခွက်ထဲသို့ နောက်ထပ် လောင်းထည့်လိုက်သည်။
“ရော့...ရော့၊ ဒါလေးသောက်လိုက်”
မက်စ်သည် အမျိုးသမီးသောက်ထားသော ဆေးခွက်ကို စိုက်ကြည့်၏။
“ကျွန်တော်က ဘာဖြစ်လို့ သောက်ရမှာလဲ၊ ခင်ဗျား ရူးနေသလား"
“မတတ်နိုင်ဘူးလေ၊ သောက်မှ ဖြစ်မှာပေါ့၊ ခင်ဗျားကို ကြည့်နေကြတယ်။ ခင်ဗျား ပျို့အန်နေတာကို မြင်ရင် ခင်ဗျားကို ဘယ်မှာယုံကြတော့မလဲ။ ကိုယ်ရေရောဂါသည်တွေအကြောင်းကို ခင်ဗျား မသိပါဘူးဗျာ”
မက်စ်၏မျက်နှာမှာ ပြာနှမ်း၍လာလေပြီ။
“သောက်လိုက်ပါဗျာ၊ ရောဂါကူးမှာကို စိတ်မပူပါနဲ့။ သူ့လို ကိုယ်ရေရောဂါမျိုး ခင်ဗျားမဖြစ်နိုင်ပါဘူး၊ ဒီရောဂါမျိုးက မကူးစက်တတ်ပါဘူး”
မက်စ်သည် ခွက်ကိုယူကာ မျက်လုံးကို မှိတ်လိုက်ပြီးနောက် ခွက်ထဲမှ ဆေးရည်တို့ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။ မျက်လုံးတွင် ဆေးခြယ်ထားသည့် မိန်းကလေးတစ်ယောက် အနီးသို့ ရောက်လာပြီး သူ့ကို ကတ်ပြားတစ်ခုဖြင့် ယပ်ခပ်ပေးသည်။ အနည်းငယ် နေသာထိုင်သာရှိသွား၏။ မက်စ်သည် ငုံ့၍ အမျိုးသမီးအခြေအနေကို ကြည့်သည်။ ကလေးငယ်မှာ အပြင်သို့ ထွက်လာလေပြီ။ သို့ရာတွင် ထွက်ရိုးထွက်စဉ်မဟုတ်။ အပြင်သို့ ပြူထွက်လာသည့် အရာသည် ကလေးငယ်၏ခေါင်းမဟုတ်၊ ကုပ်ပိုးဖြစ်နေသည်။ ကလေး အပြင်ရောက်အောင် လုပ်ရန်မှာ တစ်နည်းသာရှိသည်။ ကလေးကို လှည့်ပေးမှ ရတော့မည်။
“ကလေးက အသက်ကော ရှိသေးရဲ့လား”
“နားကျပ်မှ မရှိတာ၊ ဘယ့်နှယ်လုပ်ပြောနိုင်မလဲ”
မက်စ်သည် ကိုယ်ရေရောဂါသည်အမျိုးသမီး၏ ဗိုက်နားသို့ ကပ်၍ နားထောင်ကြည့်သည်။ ပြန်၍ ခေါင်းမော့လိုက်သည့်အခါတွင် သူ့မျက်နှာက စိတ်ပျက်သည့်အမူအရာ။
“နှလုံးခုန်သံတော့ မကြားရဘူး၊ ဒါပေမယ့် ဒါက အရေးမကြီးပါဘူး၊ ကလေးက အနေအထား မှားနေတယ်၊ ညှစ်အောင် ပြောစမ်းပါ”
ကိုရာမင်း၏တန်ခိုးက စွမ်းသည်။ ကိုယ်ရေရောဂါသည် အမျိုးသမီးသည် ပို၍ညှစ်အားကောင်းလာ၏။ ညှစ်လိုက်တိုင်း ကလေးကို တတ်နိုင်သလောက် လှည့်ပေးရမည်။ ထိုနည်းသာလျှင် ရှိတော့သည် မဟုတ်လော။
“ခင်ဗျား ဟိုဘက်က သွားထိုင်ဗျာ၊ ကျွန်တော်က ကလေးကို လှည့်ပေးတုန်းမှာ ခင်ဗျားက သူ့ဗိုက်ကို အထက်ကနေ အောက်ကို အသာကလေး သပ်ချပေးစမ်း၊ ဒါမှ ကလေးအောက်ကို ရောက်လာမယ်”
ကိုဗာစကီးက တစ်ဖက်သို့ ရောက်သွားသည်နှင့် မက်စ်သည် ကလေးငယ်၏ကုပ်ကြားထဲသို့ လက်လျှိုလိုက်သည်။ မိထာက နာလွန်းသဖြင့် ညည်းသည်။
“အသက်ကို အားရပါးရ ရှူပြီး ဖြည်းဖြည်း ပြန်ထုတ်၊ ကိုယ်ကို မလှုပ်နဲ့လို့ပြော”
ကိုယ်ရေရောဂါသည် အမျိုးသမီး၏ကြွက်သားများသည် တင်းမာသွားကြ၏။ ခေါင်းကို နောက်သို့ လှန်ကာ မျက်နှာကို မဲ့ပြီးနောက် အားကုန် ညှစ်နေသည်။
နောက်အဖြစ်အပျက်များမှာ ယုံနိုင်စရာပင်မရှိ။ မက်စ်က ကလေးငယ်၏ပခုံးကို လက်ချောင်းများဖြင့် ဆွဲလှည့်နေစဉ် သူ့ခေါင်းပေါ်သို့ သိုးမွေးလုံးကြီး နှစ်လုံး ဖုတ်ခနဲကျလာကာ ထိုမှတစ်ဆင့် ကလေးအမေဗိုက်ပေါ်သို့ ကျသွားသည်။ တဲအမိုးတွင် အပူရှိန်ကြောင့် မသေဘဲ ကျန်ရစ်ခဲ့သည့် ကြွက်ကြီးနှစ်ကောင်ဖြစ်သည်။ ကြွက်ကြီးတွေက ကြောင်လောက်ရှိသည်။ မက်စ်သည် လန့်ဖျပ်သွားကာ လက်ကို ပြန်ရုပ်လိုက်သောကြောင့်လော၊ သို့တည်းမဟုတ် ဗိုက်ပေါ်သို့ ကြွက်ကျလာသဖြင့် လန့်သွားသောကြောင့်လော မသိ၊ ကလေး၏ကိုယ်ခန္ဓာအနေအထားမှာ ပုံမှန်ဖြစ်သွားသည်။
“ညှစ်ပေး၊ ညှစ်ပေး” ဟု မက်စ်က ပြောသည်။
ဆယ်စက္ကန့်လောက်အကြာတွင်မူ အမြှုပ်တွေ၊ အရည်အချွဲတွေကြားထဲက အသားတစ်, တစ်တစ်ကို မြင်ရ၏။ သွေးများသည် သူ့လက်ပေါ်သို့ စီးကျလာကြသည်။ မက်စ်သည် ထိုအသားတစ်ကလေးကို ဆုတစ်ခုကို ကောက်ယူလိုက်သလို ကောက်ယူလိုက်၏။
ကလေးက အကောင်းပကတိ။ ယောက်ျားကလေးဖြစ်ပြီး ခြောက်ပေါင်လောက်ရှိသည်။ ကလေး၏ရင်သည် ဖောင်းလာကာ ပါးစပ်ဟလိုက်ပြီးနောက် အူဝဲသံပေးလိုက်သည်တွင် တစ်ဝင်းလုံး ဝမ်းသာသွားကြသည်။ ဝမ်းဆွဲသည် တစ်ယောက်က ချက်ကြိုးကိုဖြတ်ပြီး ဂုန်နီကြိုးတစ်ချောင်းဖြင့် ချည်ပေးလိုက်၏။ တစ်ယောက်က အင်တုံတစ်လုံးဖြင့် ရေသယ်လာသည်။
မက်စ်သည် မည်းကြုတ်နေသော ကလေး၏အသားအရောင်ကို မြင်လိုက်သဖြင့် လန့်သွားသည်။ ကိုယ်ရေရောဂါသည်များကြားသို့ ဗြဟ္မဏများ လာရောက်လေ့မရှိသဖြင့် ကိုဗာစကီးကပင် ကင်ပွန်းမင်္ဂလာကို လုပ်ပေးရသည်။ ထိုစဉ် သူ့ခြေထောက်ကို တစ်စုံတစ်ယောက်လာထိသဖြင့် ငုံ့ကြည့်လိုက်ရာ ဘီးတပ်လှည်းကလေးဖြင့် ရောက်လာသော အန်နွာကို တွေ့ ရသည်။
“ဆရာကြီး မွေးပေးလို့ ကျွန်တော့်သားကလေး အသက်ရှင်တာပါဗျာ”
အန်နွာသည် ဆန်အနည်းငယ်ကို ယူလာပြီးနောက် ကိုဗာစကီးကို ပေး၏။
“ဆရာကြီး၊ ဒီဆန်တစ်ဆုပ်ကို ကျွန်တော့်သားလေးဘေးမှာ ကြဲပေးပါ ဆရာကြီးရယ်၊ ဒါမှ ကျွန်တော့်သားလေး စည်းစိမ်ချမ်းသာနဲ့ နေရမှာ”
ထို့နောက် အန်နွာသည် ဝမ်းဆွဲသည်တစ်ဦးထံမှ မီးခွက်ကို ယူသည်။ ထုံးစံအရ ထိုမီးခွက်မှ မီးစာသည် နောက်တစ်နေ့မနက်အထိ လင်းနေရပေလိမ့်မည်။ သို့မဟုတ်ဘဲ ငြိမ်းသွားလျှင် ကလေးငယ် သက်ဆိုးမရှည်ဟု ယူဆကြသည်။
သူ၏ဇနီးလောင်းထံသို့ ပေးသည့် ပထမဆုံးစာထဲတွင် မက်စ် ထိုအကြောင်းကို အားပါးတရ ရေးထားသည်။
“ကိုယ်ရေရောဂါသည်တွေအားလုံးလည်း ဝမ်းမြောက်ဝမ်းသာဖြစ်နေကြတယ်။ ဝမ်းသာလွန်းလို့ သူ့တို့ရဲ့ လက်ချောင်းမရှိတော့ဘဲ ငုံးတိတိ လက်တွေနဲ့ ကိုယ့်လည်ပင်းကို လာဖက်ကြတယ်။ သူတို့ရဲ့မျက်နှာတွေနဲ့ ကိုယ့်မျက်နှာကို လာအပ်ကြတယ်။ ခြေကျိုးနေတဲ့သူတွေကလည်း သူတို့ချိုင်းထောက်ကြီးတွေကို ကိုင်ပြီး တဖြောင်းဖြောင်းရိုက်ကြတယ်။ ဝမ်းဆွဲသည်တွေကလည်း ပျော်ကြတယ်။ ကလေးတွေက ကိုယ်တို့ဖို့ ဘီစကွတ်တွေကို ယူလာကြတယ်။ စေတနာနဲ့ ကျွေးတာဆိုတော့ စားရတာပေါ့။ ကိုယ်ဖြင့် မျိုလို့တောင် ကောင်းကောင်းမရဘူး၊ အော်ဂလီဆန်နေတယ်။ ဝင်းထဲမှာ သူတို့ကိုယ်ကထွက်တဲ့ အနံ့တွေက တဲကလေးထဲက အနံ့ထက်တောင် ဆိုးသေးတယ်လို့ ထင်တယ်။ ဒါပေမယ့် ကိုဗာစကီးကတော့ နေသားကျနေပြီလေ။ လက်ချောင်းမပါဘဲ ငုံးတိတိလက်တွေကို ဆွဲပြီး အားပါးတရ နှုတ်ဆက်နေတယ်။ ဒါဟာ ကိုယ့်ရဲ့ ကာလကတ္တားက ပထမဆုံးညပဲလေ”
အပိုင်း(၄၇)ဆက်ရန်
-------------------------
0 Comments