စိမ်းသင့်မှစိမ်း - ခင်နှင်းယု အပိုင်း(၆)

စိမ်းသင့်မှစိမ်း (ခင်နှင်းယု)
__________________

အခန်း (၆)

မနက်တွင် စိမ်းသည် အိမ်သားများမနိုးခင် အစောကြီးထ၏။ သို့သော် ကိုဝဏ္ဏကို သူ့အိပ်ခန်း၌ မတွေ့ရပေ။ ကိုဝဏ္ဏက သူ့ထက် စောစီးစွာထ၍ ထွက်သွားလေပြီ။ စိမ်းအခန်းဝတွင်မူ စာရွက်တစ်ရွက်မှာ ကျ၍နေသည်။ စိမ်းသည် စာရွက်ကိုယူ၍ ဖတ်လိုက်၏။
.
“စိတ်ချမ်းချမ်းသာသာနဲ့ ပြန်ဖို့ အသင့်ပြင်ထားပါ။ ကျွန်တော် လမ်းခရီးအတွက် စီစဉ်ဖို့ ထွက်သွားပါတယ်”

စိမ်းသည် စာရွက်ကို လုံးချေလိုက်၏။ လာတုန်းက သူ့တွင် ဘာမှမပါ၍ ယခုအပြန်တွင်လည်း ဘာတစ်ခုမှ သယ်ယူဖို့ စိတ်မကူးပေ။ ယမန်နှစ်ဆောင်းဦး ထိုးထားသောဆွယ်တာကိုတော့ ယူသွားမှဖြစ်မည်။ ဆောင်းနှောင်းလာပေမယ့် အအေးဒဏ်သည် ပြင်းထန်နေတုန်းဖြစ်၏။

အကျိုးအကြောင်းအားလုံးကို အမေ့အား ပြော၍မပြချင်ပေ။ ပြန်တော့မည့်အကြောင်းတစ်ခုကိုပဲ ပြောပြမည် စိတ်ကူးသည်။ သို့သော် ကလေးများနှင့်အမေ့ကို ပြောမည် ကြံတိုင်း ရင်ထဲမှာ တစ်ဆို့နေသည်။ သူတို့စေတနာ၊ မေတ္တာတွေမှာ စိမ်းစကားများကို တားဆီးသလို ဖြစ်နေတော့သည်။

အိမ်အလုပ်များကို လုပ်မြဲလုပ်နေ၏။ အမေနိုးလာလျှင် သူသည် ကောက်ညှင်းပေါင်းပန်းကန်ကို ချပေးရင်း စကားစမည် စိတ်ကူးသည်။ သို့သော် ပြော၍မထွက်။

“အမေ ကိုဝဏ္ဏ ယာခင်းထဲကို အစောကြီးသွားတယ်။ သူ အိပ်ရာထဲမှာမရှိဘူး။ စိမ်း မိုင်းငေါကို ခဏသွားချင်လို့ တိုးကြီးကို ထည့်လိုက်ပါ” 

အမေက အံ့အားသင့်သွားသည်။ သို့သော် စိမ်းသည် ယာတောကိုရောက်ကတည်းက တစ်ခါမှ အပြင်သွားခွင့်မတောင်းဖူးပေ။

“ဘာနဲ့သွားမလဲ၊ မောင်ဝဏ္ဏဆီမှာ လှည်းမတောင်းလိုက်ဘူးလား”

“ဦးခွန်နောင်လှည်းနဲ့ သွားမယ်” 

အမေက သူ့ကို ဘာမှပြန်မပြောတော့ပေ။

တိုးကြီးကိုခေါ်ကာ ဦးခွန်နောင်တဲဘက်သို့ ထွက်လာကြသည်။ ဦးခွန်နောင်အိမ်သားများမှာလည်း မိုင်းငေါကိုသွားရန် ပြင်ဆင်နေကြ၍ အဆင်သင့်ပင် စိမ်းလိုက်၍ သွားလေသည်။

ညနေဘက်တွင် စိမ်းသည် ခပ်စောစော ပြန်ရောက်လာ၏။ ကိုဝဏ္ဏကမူ တော်တော်နှင့် ပြန်မရောက်လာပေ။ ကလေးသုံးယောက်သည် ဝင်းအ၀ ချယ်ရီပင်အောက်တွင် ပန်းပွင့်ဖတ်အကြွေများကို ကောက်၍နေသည်။ နေရောင်မှိန်မှိန်လေး ကျန်နေချိန်အထိ သူတို့ အိမ်ထဲမဝင်သေးပေ။ အမေက အိမ်ထဲမှ လှမ်းခေါ်ပေမယ့် အစ်ကိုပြန်လာမှ ဝင်မည်ဟု ပြောနေကြသည်။

ကိုဝဏ္ဏပြန်လာချိန်တွင် သူတို့သည် ချယ်ရီပွင့်ဖတ်များနှင့်ပေါက်၍ ကြိုကြရင်း အိမ်ထဲသို့ ဝင်လာကြသည်။ အမေသည် သူတို့အားလုံးကို ကြည့်ရင်း စိတ်ချမ်းသာပုံပေါ်နေသည်။

“စိမ်းတစ်ယောက် ပြန်တော့မယ်တဲ့” 

“ဟင်”

ကလေးများအားလုံး သံပြိုင်အော်ကာ စိမ်းအခန်းဘက်သို့ ပြေးဝင်သွားကြသည်။ ကိုဝဏ္ဏသာ အမေ့ဘေးတွင် တစ်ယောက်တည်း ရပ်နေသည်။

“ကျွန်တော် ညကတည်းက သိပြီးသားပါ”

“အေးလေ၊ တားဖို့လဲ မသင့်ဘူးပေါ့။ ဒါလောက်ကြာကြာနေတာပဲ အံ့သြစရာပဲ၊ မင်း သူ့အတွက် ဘာတွေ စီစဉ်ပြီးပြီလဲ”

“အားလုံး စီစဉ်ပြီးပါပြီ။ ဒါကြောင့် မိုးချုပ်နေတာ၊ သူ့အတွက် ခရီးစရိတ် သုံးရာတော့ အမေ ထုတ်လိုက်ပါ”

အမေ့ကိုပြောပြီး စိမ်းအခန်းထဲသို့ သူ ရဲရဲပင်ဝင်၍ သွားသည်။ အခန်းထဲတွင် ကလေးများအားလုံး ငိုနေကြသည်။ အတူးက စိမ်းပေါင်ပေါ်တွင်ထိုင်၍ စိမ်းကို ဖက်ထားသည်။ စိမ်းသည် ခေါင်းမော့၍ ကိုဝဏ္ဏကို ကြည့်လိုက်စဉ်တွင် သူ့မျက်လုံးမှ မျက်ရည်စက်များ အတူးလက်သို့ ကျ၍သွားသည်။

“ကျွန်တော် အားလုံး စီစဉ်ပြီးပြီ။ မနက်စောစောသာ ထပေတော့”

“မလိုပါဘူး။ ကျွန်မလဲ မိုင်းငေါမှာ စီစဉ်ခဲ့ပြီးပြီ"

“ဟင်... မိုင်းငါကို စိမ်းသွားတယ်။ ကျွန်တော်လဲ မနက်က ရောက်တယ်”

“ဟုတ်တယ်၊ ကျွန်မဘာသာ သွားခဲ့တယ်။ မတွေ့ကြတာပဲ ကောင်းပါတယ်လေ”

ကလေးများသည် အခန်းထဲမှ ထွက်၍ သွားကြပြန်သည်။

“မိုင်းငါဗိုလ်တဲကိုလဲ ရောက်ခဲ့တယ်။ စော်ဘွားနဲ့လဲ တွေ့ခဲ့တယ်။ စော်ဘွားရဲ့သားနဲ့ ရန်ကုန်က လာလည်တဲ့အရာရှိတွေ နက်ဖြန်မနက် လားရှိုးကိုသွားကြလိမ့်မယ်။ စိမ်းက သူတို့ကို သတင်းစာတွေပြပြီး အကူအညီတောင်းလို့ သူတို့ကလဲ စိတ်မကောင်းဖြစ်ကြတယ်။ နက်ဖြန်လိုက်ဖို့ သူတို့ကပဲ စီစဉ်ပေးတယ်။ ချောင်းဘေးက လမ်းအထိပေးဖို့ ဦးခွန်နောင်လှည်းကိုလဲ ပြောပြီးပြီ။ ရှင့်အကူအညီ ကျွန်မ ဘာမှမလိုတော့ဘူး”

“ကျွန်တော့်ကို သိပ်ပြီး စိတ်ဆိုးနေတယ်ပေါ့။ တကယ်တော့ ကျွန်တော်ဟာ ကိုဝင်းဖေအကြောင်းကို မိုင်းငေါက ပုလိပ်တွေဆီလဲ တိုင်ထားတယ်။ ကျွန်တော်တို့ယာတောက အသွားအလာခက်ခဲလို့ သတင်းစာ မရောက်ရင် ထားပါဦး။ မိုင်းငါကိုတော့ သတင်းစာ ရောက်ပါတယ်။ ကိုဝင်းဖေကြော်ငြာတွေ့ရင် သူတို့ဟာ ဒီကိုလာပြီး အကြောင်းကြားပါတယ်”

“ကျွန်မ ရှိနေသေးတယ်ဆိုတာ သိချင်မှ သိဦးမှာကိုး"

“အုပ်ချုပ်တဲ့သူတွေအနေနဲ့တော့ ဒီလောက်တော့ တာဝန်ယူကြဦးမှပေါ့။ စုံစမ်းဦးမှပေါ့”

“ရှင့်အပြစ်ကို အုပ်ချုပ်တဲ့လူတွေအပေါ် လွှဲမချပါနဲ့တော့၊ ကဲလေ သွားပါတော့။ ကျွန်မလဲ ဒီကသွားဖို့ အဆင်သင့်ဖြစ်နေပြီပဲ”

ကိုဝဏ္ဏသည် သက်ပြင်းချလိုက်၏။

“ဒီမှာ စိမ်း၊ ကျွန်တော့်စေတနာကိုတော့ သွားခါနီး အသိအမှတ်ပြုသွားပါဦး။ ကျွန်တော်ဟာ ခင်ဗျားရန်သူ မဟုတ်ပါဘူး၊ စိမ်းဆက်ဆံပုံက ရန်သူတစ်ယောက်လိုပဲ”

စိမ်းသည် မဲ့ပြုံးပြုံးလိုက်၏။ ပြီးတော့ တစ်ဖက် လှည့်လိုက်ကာ ပြတင်းအပြင်ကို ကြည့်နေလိုက်သည်။

“ကျွန်တော်ဟာ လူယုတ်မာကြီးတစ်ယောက်အဖြစ် ခင်ဗျားနှလုံးသားထဲမှာ ပါသွားရတာကိုတော့ ဝမ်းနည်းလို့ မဆုံးဘူး။ ဒါပေမယ့် မရှင်းနိုင်သေးတဲ့အချိန်မှာတော့ ခံရတော့မှာပဲ”

“ကျွန်မတို့နှစ်ယောက် ရှေ့ဆက်ပြီး စကားတွေပြောနေဖို့ မလိုတော့ဘူး ထင်တယ်”

“မှန်ပါတယ် မင်းကတော်”

သူသည် စိတ်ထဲမှ ခံပြင်းကာ အခန်းထဲမှ ထွက်ခဲ့လေသည်။

စိမ်းမှ စိတ်ချမ်းသာပါစေ။ နေလို့ထိုင်လို့ ပြေပြစ်ပါစေ စိတ်ထားနှင့် ရေစုပ်စက်ပင် မဝယ်ဘဲ အိမ်ကိုပြင်၍ ဆောက်လိုက်ရသည်။ ယခုတော့ အားလုံး ပြိုကွဲကြပါပကော။ ပညာတတ်သော ကျေးတောသား သားမြေးတို့ကို ဤယာတောတွင် ထားရစ်မည့် အတွေးအစီအစဉ်သည်လည်း ယိုင်လဲပျက်စီး၍ သွားကြပြီ။

နံနက်စောစောတွင် တောင်ခြေသည် နှင်းမြူများ အုပ်နေ၍ ရေပြင်ကြီးလို ဖြစ်နေသည်။ ကလေးများသည် အစောကြီးထ၍ အိမ်ဝတွင် ရပ်နေကြသည်။ သူတို့နှုတ်ခမ်းများမှာ ပြာ၍ လက်ဖျားများ အေးစက်နေကြသည်။ အမေက မီးဖိုနားတွင် ထိုင်နေကြရန် ပြောပေမယ့် သူတို့သည် အိမ်ဝမှ နေရာမရွေ့ကြပေ။

အရှေ့ဘက်တွင် အလင်းရောင်အတန်းမျှင်ကို ရေးရေး မြင်နေရသည်။ မှုန်မွှားသော နှင်းမှုန်များကို ထိုးဖောက်၍ အဝေးမှ လှည်းတစ်စီးလာသံကို ကြားနေရသည်။ နွားချူသံသည် နှင်းထုကို ဖောက်ထွင်း၍ သာယာစွာ မြည်လာသည်။
အသံပို၍ကျယ်လာတိုင်း ကလေးတို့သည် ရင်ခုန်လာကြ၏။ နှင်းတောထဲမှ လာနေသောလှည်းကို သရဲတစ်ကောင်ကြည့်နေသလို ကြောက်အားလန့်အားနှင့် ကြည့်နေကြလေသည်။

မှောင်နေသေး၍ နွားနှင့်လှည်းမှာ အနက်ကြီးဖြစ်နေကြသည်။

“လှည်းကြီးကလဲ သရဲမောင်းလာသလိုပဲဟယ်”

မခမ်းလုံသည် သူ့မောင်ကလေးများကို ပြောလိုက်၏။ 

အိမ်ဝတွင် လှည်းရပ်လိုက်သည်နှင့်တစ်ပြိုင်နက် စိမ်းသည် သူ့အခန်းထဲမှ ထွက်လာသည်။ 

အမေသည် ထမင်းချိုင့်နှင့် ညက စုဆောင်းထားသော လက်ဆောင်ပစ္စည်းများကို လှည်းပေါ်တင်ပေးသည်။ ရှမ်းပဲပုပ်ခြောက်နှင့် ကြက်သွန်ဖြူများကို ပုတ်အငယ်ကလေးတစ်လုံးနှင့် ထည့်၍ပေးလိုက်သည်။
သဇင်ပန်းများကို ဖက်ရွက်နှင့်ထုပ်၍ ခြင်းအငယ်ကလေးတစ်လုံးထဲထည့်ကာ စိမ်းလက်ထဲကို ထည့်လိုက်၏။ မခမ်းလုံ၏ကြက်ဥများလည်း တစ်ခြင်းပါသွားသေး၏။ တိုးကြီး၏လက်ဆောင် လိမ္မော်သီးတစ်ခြင်းလည်း ပါသွားသေးသည်။

စိမ်းသည် အမေ့ကိုကန်တော့၍ ကလေးများပါးကို တစ်ယောက်စီ နမ်းလိုက်၏။ ပြီးလျှင် လှည်းပေါ်ကိုတက်၍ သွားသည်။ မခမ်းလုံရှိုက်သံသည် အမှောင်ထဲတွင် ကျန်ရစ်ပေသည်။

တောင်တန်းထိပ်သည် ငွေရောင်လင်းလာ၍ ချယ်ရီပင်ပေါ်မှ ငှက်ကလေးမှာလည်း လေးလေးတွဲ့တွဲ့သီချင်းဆိုလိုက်သည်။

အမေသည် အိမ်ဝတွင် ရပ်၍နေ၏။ မိုးလင်းစ အလင်းရောင်ဖြင့် အမေ့ပါးတွင် မျက်ရည်ကြောင်းကို မြင်နေရသည်။

လှည်းနောက်သို့ လူတစ်ယောက် မြင်းစီးကာ လိုက်ပါသွားလေသည်၊ အတူးသည် မြို့ရှိကလေးများ ရုပ်ရှင်ကြည့်ရင်း အော်သလို လက်ခုပ်လက်ဝါးတီး၍ အော်လိုက်လေသည်။

“အစ်ကို လိုက်သွားပြီဟေ့...၊ အစ်ကို လိုက်သွားပြီ။ ပြန်လာရင် အစ်မကို မြင်းပေါ်မှာ ပွေ့ပြီးခေါ်လာမှာ၊ အစ်ကို လိုက်သွားပြီဟေ့”

အတူးအော်သံကြောင့် အားတက်သလိုရှိသွားသော်လည်း မခမ်းလုံနှင့် အမေကတော့ စိမ်းပြန်မလာတော့ပြီကို သိနေပေသည်။ သူတို့မျက်လုံးထဲတွင် တစ်နှစ်မိုးတွင်းက ဦးခမ်းလွန်းလက်ထဲတွင် ပျော့ခွေ၍ မိုးစက်စက်နှင့်ပါလာသော စိမ်းကို မြင်ယောင်၍ နေကြသည်။ 

လမ်းခွဲတွင် စိမ်းတို့လှည်းကို မော်တော်ကားများ စောင့်နေကြ၏။ စိမ်းသည် လှည်းပေါ်မှဆင်း၍ သူ့ကိုရပ်၍ ကြိုနေသော လူတစ်ယောက်နှင့်အတူ ကားပေါ်သို့ တက်လိုက်သည်။ ရက်လည်း ရက်စက်နိုင်ပါပေသည်။ လှည်းဘေးတွင် မြင်းပေါ်မှဆင်း၍ ရပ်နေသော ကိုဝဏ္ဏကိုမှ နှုတ်မဆက်။ ကားထဲရှိယောက်ျားများမှာ ကိုဝဏ္ဏကိုကြည့်၍ ပြောင်လှောင်သွားသည်ဟု သူက ထင်သည်။

ကားတန်းကြီး ထွက်သွားလျှင် သူသည် လက်ကိုမြှောက်ကာ ဝှေ့ရမ်း၍ နှုတ်ဆက်နေ၏။ စိမ်းကတော့ လက်ကိုပင်ပြ၍ နှုတ်မဆက်ပေ။ နာမည်နှင့်လိုက်အောင် စိမ်းသည့်မိန်းကလေးပေတည်း။

* * * 

အိမ်ရောက်လျှင် အားလုံး ခြောက်နေသည်။ ဂျုံခင်းကိစ္စလည်း ပြီး၍နေပြီး ဟင်းသီးဟင်းရွက်လောက် စိုက်ပျိုးရတော့မည်။ ကလေးများကလည်း ငြိမ်ငြိမ်သက်သက်နေကြ၍ စိတ်ချောက်ချားစရာ ကောင်းနေပေသည်။ ယခုလိုအချိန်တွင် ငြိမ်၍နားနေဖို့ မကောင်းပေ။ ဂျုံစေ့များ သိုလှောင်ထားသည့် တဲများဘက်သို့ ထွက်၍လာပြန်သည်။ ဦးခမ်းလွန်းသည် တဲတံခါးတစ်ခုကို ပြင်၍နေသည်။

“အဘ . . .ဟိုမိုးတွင်းတုန်းက ခေါ်လာတဲ့မိန်းကလေး ပြန်သွားပြီ အဘရေ”

သူသည် အဘကို လှမ်းပြော၍ တဲဘေးကပြင်တွင် ထိုင်လိုက်သည်။

“ဘယ်တုန်းကလဲ” 

“မနက်ကပဲ” 

“အေး...မြို့သူက ဒီမှာ ဘယ်ကြာကြာ နေမလဲကွယ်”

အေးစက်သော လေများသည် တိုးဝှေ့တိုက်ခတ်လာကြပြန်သည်။ ဦးခမ်းလွန်း၏တူထုသံ တဒေါက်ဒေါက်သာ တိတ်ဆိတ်ပြီး ငြီးငွေ့ဖွယ်ကောင်းသော ဆောင်းနေ့လယ်ကို အသက်သွင်း၍နေသည်။

သူသည် တစ်နေ့လုံး ဘာမှမလုပ်။ ကပြင်တွင် အိပ်၍နေသည်။ ဦးခမ်းလွန်း ရေနွေးမှာလည်း မီးဖိုပေါ်မှ မဆင်းရပေ။ ဆတ်သားခြောက်ကို မှောက်လျက်စားလိုက်၊ ရေနွေးကြမ်း မော့လိုက်နှင့် လုပ်နေသည်။ အိမ်ကိုလည်း ပြန်ချင်စိတ်မရှိပေ။
ဦးခမ်းလွန်းက သူ့အနားတွင် လာထိုင်၍ ဝါနေသော မြေခွက်နှင့် ရေနွေးကြမ်းကို ငှဲ့၍သောက်နေ၏။

“ဟေ..အရင်လို မသွက်တော့ပါလား။ တယ်ပြီး ငြိမ်နေပါလား၊ ပျင်းနေပြီထင်တယ်”

““ဟုတ်တယ် အဘရေ၊ ပျင်းတာထက် စိတ်ညစ်တာက ပိုတယ်” 

“မင်းအရွယ်က မိန်းမယူဖို့ကောင်းပြီကွယ့်။ ဘယ့်နှယ့်လဲ မင်းတို့ကောင်လေးတွေက မြို့ကမိန်းမတွေကို တယ်ပြီး အိပ်မက်တာကိုး”

ကိုဝဏ္ဏသည် ကြောင်၍သွား၏။ သူ စိမ်းကိုချစ်နေသည်ကို ဦးခမ်းလွန်းများ သိသွားပြီလား။

“ဘယ်သူ့ကိုမှ စိတ်မကူးသေးပါဘူး အဘရာ"

“အေးကွယ့်၊ ဒါပေမယ့် အိမ်ကို ကျောက်တုံးအိမ် ဆောက်မယ့်အစား ရေစုပ်စက်ဝယ်လိုက်ရင် တောင်စောင်းက ယာခင်းအသစ်တွေကို လာမယ့်မိုးတွင်းမှာ ထယ်ထိုးနိုင်မှာ။ မင်းမြို့သူက ကျောက်တုံးအိမ် ဆောက်ပေးတာတောင် မနေချင်ဘဲကိုး”

“အိုး အဘက မဟုတ်တာတွေ ပြောမနေပါနဲ့ဗျာ၊ သူက သူ့ယောက်ျားဆီ ပြန်သွားတာပါ"

ငြိမ်သက်၍ သွားကြပြန်သည်။ အမှန်တော့ အဘပြောသည်မှာ အမှန်ချည်းဖြစ်ပေသည်။ ကိုဝဏ္ဏသည် ဝါးကြမ်းပေါ် ပစ်လှဲရင်း ပြန်တွေးပြန်သည်။ ကားများသည် မနားဘဲသွားလျှင် လားရှိုးကို ညနေရောက်မည်။ မနက်တွင် စိမ်းသည် လေယာဉ်ပျံနှင့် ရန်ကုန်ကိုသွားတော့မည်။ မြင်းနှင့်ဖြစ်ဖြစ်၊ လှည်းနှင့်ဖြစ်ဖြစ် ထ၍လိုက်လိုက်ချင်သည်။ မြင်းနှင့် လှည်းတို့မှာ တကယ်ဆိုတော့ လေယာဉ်ပျံကို တု၍ရပါမည်လား၊

အိမ်ပြန်ရောက်ချိန်တွင်လည်း ထမင်းမစားတော့ဘဲ အိပ်ရာသို့ အစောကြီး ဝင်လိုက်၏။ အေးစက်သော ညများကို ကုန်လွန်စေချင်လှပြီ။ 

သူအိပ်နေသော်လည်း ကလေးများအခန်းမှ စကားပြောသံ ကြားနေရလေသည်။ တိုးတိုး တိုးတိုးနှင့်  ကလေးများစကားသံမှာ သူ့အိပ်ရာသို့ လွင့်လာသည်။ မှင်စာလေးများ ညည်းနေသလို နားထဲတွင် နားငြီးလာသည်။ အိပ်ရာမှထ၍ အခန်းဝတွင် ရပ်လိုက်၏။ 

ကလေးများသည် သူတို့အခန်းထဲတွင် စကားပြောနေကြခြင်းမဟုတ်ဘဲ မီးလင်းဖိုဘေးတွင် ထိုင်၍ပြောနေကြခြင်းဖြစ်သည်။ သူတို့သည် စိမ်းအကြောင်းကို စိတ်ဝင်စားစွာပြောနေ၍ ကိုဝဏ္ဏ အခန်းဝတွင် ရပ်နေသည်ကို မမြင်ကြပေ။ မခမ်းလုံကမူ မျက်ရည်လေး လည်လည် လည်လည်နှင့် စကားပြောနေသည်။

“အစ်မသာ အစောကြီးက ဒီလိုပြန်မယ်မှန်းသိရင် ငါ သတင်းစာပိုင်းတွေကို ဖြတ်မထားပါဘူး”

တိုးကြီးသည် ထင်းတစ်စကို နေရာရွှေ့ရင်း ပြောလိုက်သည်။ ကိုဝဏ္ဏသည် တိုးကြီးစကားကို ကြားကြားချင်း ကျောက်ရုပ်ကြီးလို ငြိမ်သက်နေမိသည်။

“အင်း...အဲဒီစာရွက်တွေ ဘယ်မှာလဲ”

“ငါ သိမ်းထားရင်းက ပျောက်သွားတာပဲ။ အိမ်ပြင်ဆောက်တော့ နေရာတွေ ဟိုပြောင်းဒီပြောင်းနဲ့ မဟုတ်လား။ အဲဒါကိုများ မြင်သွားလို့ အစ်မပြန်သွားတာလား”

“နင်ကလဲ အစကတွေ့တွေ့ချင်း ဆုတ်ပစ်လိုက်ရောပေါ့”

“ဖြတ်သိမ်းထားတာတောင် လွန်လှပြီ။ အစ်ကိုသာသိရင် သတ်မှာပဲ။ ငါ့စိတ်ထဲမှာတော့ အစ်မကို မပြန်စေချင်လို့ပါ"

ခုမှ လက်သည် ပေါ်ပေပြီ။ ကိုဝဏ္ဏသည် ဗြုန်းခနဲ သူတို့အနားတွင် ရပ်လိုက်၍ ကလေးများ လန့်၍သွားကြလေသည်။

“ကဲ မှန်မှန်ပြောကြစမ်း၊ မမစိမ်းယောက်ျားက သတင်းစာထဲမှာ ကြော်ငြာတဲ့စာတွေကို ဘယ်သူဖြတ်ထားသလဲ”

“ကျွန်တော် ဒီတုန်းက စာမတတ်သေးပါဘူး”

အတူးက ကြောက်ကြောက်ရွံ့ရွံ့ဖြေ၏။ တိုးကြီးသည် သူ့အစ်ကိုကို မော့ကြည့်၍ မျက်ရည်တွေ လည်လာ၏။

“ကျွန်တော်လုပ်တာ အစ်ကို” 

“ဘာလို့ လုပ်ရတာလဲကွယ်” 

"ဒီကြော်ငြာကိုတွေ့ရင် အစ်မ မြန်မြန်ပြန်သွားမှာစိုးလို့၊ အစ်မကို ကျွန်တော်တို့အိမ်က ဘယ်မှမသွားစေချင်ဘူး”

“ဟုတ်တယ်၊ သတင်းစာကြော်ငြာပါတုန်းက တိုးကြီးက ကျွန်မကို လာပြောတယ်။ ကျွန်မလဲ သိမ်းထားဖို့ သဘောတူမိတယ်။ အစ်ကို့ကို မပြတာက အစ်ကိုသဘောမတူမှာစိုးလို့”

ကလေးများသည် သူတို့သိမ်းထားသော ဖြတ်ပိုင်းကို စိမ်း တွေ့မတွေ့ မသိကြပေ။ သို့သော် သူတို့စာများ ပျောက်သွား၍ စိတ်မကောင်းကြပေ။ စောစောက ဆုတ်မပစ်မိသည်ကို နောင်တရနေကြသည်။ 

“နောက် ဒီလိုမလုပ်ကြနဲ့၊ သူ့ယောက်ျားနဲ့ သူကွဲအောင် လုပ်သလိုဖြစ်နေတော့ မင်းတို့ ငရဲကြီးမှာပေါ့”

ကလေးများမှာ ယခုလိုဆိုတော့လည်း သူတို့လုပ်လိုက်မိသည့်အတွက် စိတ်မကောင်းဖြစ်ကြရပြန်သည်။

“မမစိမ်း စိတ်ဆိုးသွားသလား”ဟု မခမ်းလုံက မေးမြန်းသည်။

မခမ်းလုံ မေးသည်ကို သူ မကြားပေ။ 

“ကောင်းကြတာပေါ့ကွာ”

ကိုဝဏ္ဏသည် ဒါပဲ ရေရွတ်နိုင်သည်။ ကလေးတွေကို ကြိမ်းမောင်းဖို့ကလည်း ကလေးများသည် သူစွဲလမ်းသလိုပင် စိမ်းကိုစွဲလမ်းကြခြင်း ဖြစ်ပေသည်။ တံခါးဝသို့ ထသွားကာ တံခါးတစ်ချပ်ကို ဖွင့်လိုက်၏။ အပြင်တွင် နှင်းထုဖြင့် မည်းမှောင်၍နေသည်။ လေအေးများသည် တံခါးမှစွတ်၍ ဝင်လာသည်။ ညတွင်းချင်းပဲ လားရှိုးသို့လိုက်ကာ ရှင်းလိုက်ချင်ပါရဲ့။ အချိန်များကား နောက်ကျခဲ့ပေပြီ။

“မရွှေစိမ်းရေ..၊ ကျုပ် မယုတ်မာပါဘူး။ ကျုပ် တစ်နေ့တော့ ရှင်းပြပါ့မယ်”

သူသည် တတွတ်တွတ် ရွတ်ရင်း တံခါးကို ပြန်၍ပိတ်လိုက်၏။

မနက်အစောကြီး အိပ်ရာမှထလိုက်၏။ အမေသည် မီးဖိုချောင်သို့ ရောက်နှင့်နေပြီ။ သူ့အတွက် ကောက်ညှင်းပေါင်း၊ နို့နှင့် ကန်စွန်းဥပြုတ်ကို ပြင်၍ထားသည်။ သူသည် နို့တစ်ခွက်သာ သောက်ကာ အိမ်ပြင်သို့ ထွက်သွားသည်။ ကောင်းကင်သည် လင်းလာ၍ နှင်းပြင်များကို မနေ့ကလိုပဲ တွေ့ရသည်။ နေရောင်ခြည်သည် တောင်တန်းပေါ်မှ ဖြတ်ကျော်လာ၍ ချယ်ရီပင်ခက်များပေါ်မှ နှင်းစက်များသည် ငွေရောင်တောက်လာသည်။ မှုန်မှေးမှေးဖြစ်နေသော ပတ်ဝန်းကျင်တွင် နှင်းဖတ်များနှင့် သစ်ရွက်များ တောက်ပပုံမှာ နှင်းနတ်မယ်၏ဝတ်လွှာရုံ ငွေခြည်ပါးတွင် ပိုးဇာပွင့်များဖော်ထားသလို ပြိုးပြိုးပြက်ပြက်နှင့် ပေါ်လွင်နေတော့သည်။

ကိုဝဏ္ဏသည် တစ်ယောက်တည်း ချယ်ရီပင်အောက်တွင် မတ်တတ်ရပ်နေသည်။ အရှေ့ဘက်တောင်တန်းကို ဖြတ်ကျော်၍ လေယာဉ်တစ်စင်းသည် မြောက်ဘက်သို့ ဦးတည်၍ပျံသွားသည်။ ဘယ်သူတွေကို တင်ဆောင်သွားသည် မသိနိုင်သော လေယာဉ်မှာ ငွေရောင်လက်ကာ တရွေ့ရွေ့ သူ့ခေါင်းပေါ်မှ ဖြတ်သန်းသွားသည်။

သူသည် လည်စည်းကိုဖြုတ်ကာ ကောင်းကင်ကို မော့၍ တလှုပ်လှုပ် ဝှေ့ယမ်းပြနေသည်။

“သွားတော့ စိမ်းရေ... သွားတော့”

ပါးစပ်မှ တိုးတိုးရေရွတ်သည်။ ကိုယ့်စိတ်ကူးနှင့်ကိုယ် လုပ်နေရသည်။ ကျေနပ်စရာပေတည်း။ လေယာဉ်ပျံထဲမှာမူ စိမ်းပါလေလား၊ မပါလား မသိပေ။ သူ့ကို ဂရုမျှပင် မစိုက်။ ဆက်လက်ပျံသန်း၍ သွားသည်။ တောင်တန်းအိုကြီး၏ခေါင်းမှာ ပို၍ဖြူဖွေးလာ၏။ အမေနှင့်ကလေးများကမူ အိမ်ဝမှထွက်၍ သူ့အပြုအမူကို တအံ့တဩ ကြည့်နေကြသည်။

မိုးနှင့်မြေကြီးမှာ ဝေးကွာလှပါကလား ...။

ဆက်ရန်
------------------------------------
ခင်နှင်းယု

Post a Comment

0 Comments