ရေခြားမြေခြား - မှူးဆက်ပိုင် (ရွှေတောင်)

ရေခြား မြေခြား ( မှူးဆက်ပိုင် ၊ရွှေတောင်၊ )

***

"ဒေါ်သိန်း သားတော်မောင် ဖုန်းဆက်ပါတယ် -- ဒေါ်သိန်းရေ ခုချက်ချင်းရောက်ရာအရပ်က အမြန်လာပါ"

သက်ငယ်ပစ်နေရင်းတန်းလန်း ဦးသိန်းအောင်ရဲ့ လော်စပီကာအသံကြောင့် ဒေါ်သိန်းရှင်လုပ်လက်စအလုပ်တွေပစ်ပြီး နီးရာ ပုဆိုးစုတ်တစ်ထည်ခေါင်းပေါင်းလို့ သုတ်ခြေတင်ရတယ်။ ခုလို တနင်္ဂနွေနေ့မျိုးဆိုရင် ရွာထိပ်က လော်စပီကာအသံကို နားစွင့်ရင်း လူလေးဆီက ဖုန်းများလာလေမလားရယ်လို့ ဒေါ်သိန်းရှင် မျှော်တတ်ခဲ့တာ ကြာပါပြီ။
အဲဒီလို နေ့တွေဆို ဘယ်လိုကိစ္စကြီးငယ်ပဲရှိနေပါစေ လော်စပီကာအသံနဲ့ ဝေးတဲ့အရပ်ဘယ်တော့မှ မသွားဘူး။
ရေခြားမြေခြား ရောက်နေရှာတဲ့ လူလေးရဲ့ အသံကို ကြားချင်လွန်းလို့ လူလေးဖုန်းဆက်တဲ့အချိန် သူမ မရှိဘဲ ဖုန်းတစ်ကြိမ်လွတ်သွားမယ့်အရေးဟာ ဒေါ်သိန်းရှင်အတွက် သေရေး၊ ရှင်ရေးတမျှကို အရေးကြီးတာ။

"ကိုသိန်းအောင် -- လူလေး စောင့်နေရတာ ကြာပြီလားတော့် "
"မကြာသေးပါဘူးဗျာ မကြာသေးပါဘူး -- ကဲရော့ ရော့ သားတော်မောင်နဲ့ အလွမ်းသယ်လိုက်ပါဦး"

ဦးသိန်းအောင် ကမ်းပေးလာတဲ့ ဖုန်းခွက်ကို တုန်ယင်နေတဲ့ လက်နဲ့ ဒေါ်သိန်းရှင် လှမ်းယူလိုက်တယ်။ လူလေး မလေးကိုသွားခါစ ပထမဦးဆုံး ဖုန်းဆက်တုန်းကဆိုရင် သူမ ဖုန်းတောင် ကိုင်ရဲတာ မဟုတ်ဘူး။ ဦးသိန်းအောင်က -

"ခင်ဗျား ဒီလိုသာ ကြောက်ပြီး ဖုန်းမကိုင်ရဲရင် ခင်ဗျားသားအသံ ကြားရမှာမဟုတ်ဘူး -- ဟိုကလည်း သူ့အမေအသံကို အလွမ်းပြေ ကြားချင်ရှာမှာပေါ့ ကိုင်စမ်းပါဗျာ ကျုပ်ဖုန်းက ထ မကိုက်ပါဘူးဗျ "
လို့ ပြောမှ မရဲတရဲနဲ့ ဖုန်းခွက်ကို ဇောက်ထိုးမိုးမျှော်ကိုင်ရင်းကပဲ ခုတော့ သူမ ဖုန်းဟေ့ဆိုရင် လူလေးနဲ့ သူတစ်ပြန်၊ ကိုယ်တစ်ပြန် မမောတမ်း ပြောတတ်လာခဲ့ပြီ။
လူလေး ဖုန်းဆက်မယ့်အချိန်ကိုမှန်းပြီး စောင့်မျှော်တတ်လာခဲ့ပြီ။

"သား -- လူလေး အမေပါ"
"-------"
"အေးပါ လူလေးရဲ့ -- အမေနေကောင်းပါတယ် လူလေးရော --"
"------"
"အဆင်ပြေတယ် လူလေး ရတယ်၊ ရတယ် -- ကံရွှေ သွားထုတ်ပေးတယ်လေ -- လူလေးရော အဲဒီမှာ အရမ်းပင်ပန်းနေရင် ပြန်ခဲ့ပါတော့လား လူလေးရယ်"
"------"
"အေးပါ လူလေးရယ် -- အမေက လူလေး ပင်ပန်းမှာစိုးလို့"
"------"
"ကျန်းမာရေးကိုတော့ ဂရုစိုက်နော် လူလေး"
"------"
"အမေ့အတွက်တော့ စိတ်မပူပါနဲ့ -- ဒီမှာက အားလုံး ရပ်ဆွေ၊ ရပ်မျိုးတွေချည်းပဲဟာ-- လူလေးသာ အနေအထိုင် ဆင်ဆင်ခြင်ခြင်နေနော်"
"-----"

ဒေါ်သိန်းရှင် ဖုန်းပြောရင်းတန်းလန်း ခေါင်းပေါ်ကပေါင်းလာတဲ့ ပုဆိုးစုတ်ဖြေပြီး ဝဲတတ်လာတဲ့ မျက်ရည်ဥလေးတွေ လိမ့်ဆင်းမလာမီ တို့သုတ်ကလေး သုတ်လိုက်တယ်။ ခုလို လူလေးနဲ့ ဖုန်းတစ်ခါ ပြောဖြစ်တိုင်း တစ်ခါ မျက်ရည်ကျရတာလည်း ဒေါ်သိန်းရှင် မူပိုင်ပါပဲ။
ဦးသိန်းအောင်လည်း ဒေါ်သိန်းရှင်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတာပဲ။ ဒေါ်သိန်းရှင်မှ မဟုတ်ပါဘူး။ သူ့ဆီ မလေးကဖုန်းလာတိုင်း ခေါ်ခေါ်ပေးရတဲ့ ရွာထဲက မိဘတိုင်း မိဘတိုင်း ဒီလိုပဲ။
ကိုယ့်သား ကိုယ့်သမီးဆီက ဖုန်းလာပြီဟေ့ဆို ဝမ်းသာ အယ်လဲ ပြေးလာကြ အမှာတော်တွေခြွေကြ။ ပြီးရင် မျက်ရည်လေးတစမ်းစမ်းနဲ့ မှိုင်တွေကျန်ရစ်ခဲ့ကြ။ ဦးသိန်းအောင် ကိုယ်ချင်းစာမိပါတယ်။ ဒါကြောင့်လည်း ဖုန်းတစ်လုံးဝယ်ပြီး ရွာနဲ့ အဝေးရောက်သားသမီးတွေ အဆင်ပြေနိုင်အောင် ပေါင်းကူးပေးခဲ့မိတာ။ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ ဆိုပါတော့။
အစကတော့ ဖုန်းလာတယ်ဟေ့ဆို ရွာထဲကို ဒုန်းဆိုင်းပြေးပြီးအကြောင်းကြားရ၊ လူခေါ်လွှတ်ရပေါ့။ နောက်တော့ အကြံကောင်းရပြီး ဘက်ထရီတစ်အိုး၊ အသံချဲ့စက်နဲ့ လော်စပီကာတွဲပြီး အိမ်ဘေး ကုက္ကိုပင်အမြင့် တင်ထားလိုက်တယ်။
ဖုန်းလာပြီဟေ့ဆို ဘာမှ မောမောပန်းပန်း ပြေးလွှားခေါ်စရာမလိုတော့ဘူး။ မိုက်ကရိုဖုန်းလေး ခလုတ်ဖွင့်ပြီး နှစ်ခါလောက် ဗျို့ဟစ်လိုက်တယ်ဆိုရင်ပဲ ကာယကံရှင်က မကြားတောင် အနီးအနားပတ်ဝန်းကျင်က လက်တို့ပြီး ကြေးနန်းရိုက်ပြီးသား။
နည်းပညာတွေက တဖြည်းဖြည်း တိုးတက်ထွန်းကားလာတော့ ဘယ်လောက်ပဲ ရေမြေတွေ ခြားနေပါစေ မိနစ်မဆိုင်းဘဲ တစ်နေရာနဲ့ တစ်နေရာ စကားပြောလို့ရတာ ဘယ်လောက်ဆန်းလဲ။ ဒီလိုနည်းပညာတွေနဲ့ စက်ကိရိယာတွေကို စိတ်ဝင်တစားလေ့လာလိုက်စားနေတဲ့ ဦးသိန်းအောင်လို လူမျိုးတောင် တစ်ခါ တစ်ခါ လိုက်လို့မမီဘဲ နလပိန်းတုံး ဖြစ်ဖြစ်သွားသေးတာ။ ရွာထဲက ရိုးရိုးအအ အမယ်အို၊ အဘိုးအိုတွေ ဖုန်းမကိုင်ရဲတာလည်းအပြစ်တော့ မဆိုသာပါဘူး။
ခု ဦးသိန်းအောင်ရဲ့ ဖုန်းဆက်သွယ်ရေးအလုပ်က တဖြည်းဖြည်းကျယ်ပြန့်လာတယ်။
ဦးသိန်းအောင်တို့ ရွာတင်မကဘဲ အနီးအနားမှာရှိတဲ့ သိပ်မဝေးလှတဲ့ ရွာတွေကလည်း ဦးသိန်းအောင်ဖုန်းနဲ့ပဲ အဆက်အသွယ် လုပ်လာကြတယ်။
တစ်နေ့ တစ်နေ့ လာလိုက်တဲ့ ဖုန်းဆိုတာ ဦးသိန်းအောင်ခင်ဗျ ဖုန်းခွက်နဲ့ မိုက်ခွက်ကြား ကူးလူးပြောဆိုနေရတာ ကွမ်းဝါးချိန်တောင်မရှိလို့ ကြာရင် ကွမ်းပြတ်တော့မယ်ထင်ရဲ့လို့ တွေးမိလာတယ်။
ကုက္ကိုပင်ပေါ်က လော်စပီကာလည်း အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာအတွက် လေးလုံးဖြစ်လာတယ်။
မိဘနဲ့ သားသမီး ခွဲခွာရတာတော့ ခွဲခွာရတာပေါ့။ ဒါပေမယ့် တစ်ရွာမပြောင်း သူကောင်းမဖြစ်လို့ အဆိုရှိရဲ့မဟုတ်လား။ တိုးတက်ရာ တိုးတက်ကြောင်း စွန့်စားသွားရောက် လုပ်ကိုင်ကြတာကို ဦးသိန်းအောင်ကတော့ အားပေးတယ်။ သူ့အတွက် အဆင်ပြေစေတာလည်း ပါတော့ ပါတာပေါ့။
ခုဆို ဖုန်းတစ်လုံးဖိုး အရင်းကျေအောင်ရနေတာကို သူမငြင်းနိုင်ပါဘူး။ ဟိုက သားသမီးတွေ လှမ်းလှမ်းပို့တဲ့ ငွေပမာဏကလည်း နည်းမှ မနည်းဘဲ။ 
ဦးသိန်းအောင် မြင်တွေ့ ကြားသိနေရတာပဲလေ။
ဒါပေမယ့် ပို့တယ်ဆိုတဲ့ အသံသာကြားပြီး အပို့ခံရတဲ့ ရွာထဲက မိဘ၊မောင်ဖားတွေ ဘာတစ်ခုမှ တိုးတက်ပြောင်းလဲလာတာ မတွေ့ရတော့ ဦးသိန်းအောင် သိပ်ဘဝင်မကျမိပြန်ဘူး။
ဒါနဲ့ သေချာ မေးမြန်းစုံစမ်းကြည့်လိုက်တော့ ဟိုသွားတုန်းက ကုန်ကြခဲ့တဲ့ စရိတ်တွေ အခုမှ ဟိုကပြန်ပို့တဲ့ပိုက်ဆံနဲ့ ပြန်ဖြတ်ယူနေကြသတဲ့။ အေးလေ ဒီလိုစိုက်ထုတ်အကုန်ခံပေးတဲ့ သူတွေကိုတောင် ကျေးဇူးတင်ရဦးမှာပါပဲ။ အဲဒီအကြွေးတွေ အကုန်ဆပ်ပြီးရင်တော့ နောက်ရင်းပို့တဲ့ငွေက ကိုယ့်ဖို့ပဲဟာ။

"ကိုသိန်းအောင် -- ဘယ်လောက်ကြာသွားလဲ ကြည့်ပါဦး တော့်နာရီကို"
ဒေါ်သိန်းရှင် ဖုန်းချပြီး သူ့ကိုမေးလာမှ ကိုသိန်းအောင် အတွေးတွေကို လက်စသတ်ပစ်ရတယ်။

"မိနစ် ၂၀ ဒေါ်သိန်း -- ဘာလဲ မှတ်ထားရမှာလား"
"အမလေး မမှတ်ပါဘူးတော် -- လူလေးဆီက ဖုန်းလာရင် ဖုန်းပြောဖို့ ပိုက်ဆံက ကြိုစုထားပြီးသား --အကြွေးပြောလို့ တော် နောက်ခေါ်မပေးရင် -- ဘယ်နှယ်လုပ်မတုံး"
"ဟား ဟား ဟား ဒေါ်သိန်းက ပြောရော့မယ် -- အဲဒီလိုစိတ် ကျုပ်မှာ မရှိပါဘူးဗျာ"

ဒေါ်သိန်းရှင်က သူ့ချွေးခံမိတ်ထဲက ပိုက်ဆံလိပ်အထပ်လေးကိုထုတ်ပြီး သေချာရေတွက်နေတယ်။ သားတော်မောင်နဲ့ ဖုန်းပြောဖို့ နေ့စဉ် သက်ငယ်ပစ်ပြီး ငွေစုထားတယ်ဆိုတာ သူမလက်က သက်ငယ်ကြီးရှရာ ဒဏ်ရာ၊ ဒဏ်ချက်တွေက သက်သေခံနေကြလေရဲ့။

+++
မြတ်စွာဘုရားရှင်ကို ဆီမီး၊ ရေချမ်းကပ်၊ ဘုရားဝတ်ပြု၊ အမျှအတန်းဝေ အဝေးရောက် သားတော်မောင်လူလေးတစ်ယောက် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းရှိစေကြောင်းနှင့် လုပ်ငန်းခွင်မှာ ခလုတ်မထိ၊ ဆူးမငြိစေဖို့ ဆုတောင်းမေတ္တာ ပို့ပြီးသကာလ ဒေါ်သိန်းရှင် အိပ်ဖို့ပဲ ရှိတော့တယ်။ ဒါပေမယ့် အိပ်ချင်စိတ်မဖြစ်မိသေးဘူး။
ဟိုးယခင်တုန်းက လူလေးနဲ့ ကိုင်းထဲ အတူတူလုပ်ကိုင်ပျော်ရွှင်ခဲ့ရတာတွေကို တွေးထင်မြင်ယောင်နေမိတယ်။ ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသမီးတစ်ယောက်အနေနဲ့ ကံ၊ ကံ၏အကျိုးကို လက်ခံယုံကြည်ရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်သိန်းရှင်ဆိုတာ အစက ခုလို အခြေမဲ့၊ အနေမဲ့ ထဲကမှ မဟုတ်တာ။ ကိုယ်ပိုင်ကိုင်းနဲ့ နွားဆိုလည်း နှစ်ရှဉ်းတောင် ပိုင်ဆိုင်ခဲ့သေးတာ။
အဲဒါက ဒေါ်သိန်းရှင်တို့ ကျွန်းတွေ မပြိုခင်ကဆိုပါတော့။ ဒေါ်သိန်းရှင်တို့က ပြည်မြို့အောက်ဘက် ၉ မိုင်ခန့်အကွာ ရွှေတောင်မြို့အပိုင် မင်းတဲကျွန်းမှာနေခဲ့ကြတာ။ ပြည်မြို့က စီးလာတဲ့ မြစ်ကြောင်းက စစ်ကိုင်းကျွန်းနဲ့ မင်းတဲကျွန်းကို ဗဟိုပြုပြီး ပန်းတောင်းဘက်ကို မြစ်မကြီးအနေနဲ့ ခွဲထွက်သွားတယ်။ ရွှေတောင်ဘက်ကိုတော့ မြစ်လက်တက်ကလေးအနေနဲ့ ခွဲထွက်သွားတယ်။
ဒေါ်သိန်းရှင်တို့နေတဲ့ မင်းတဲကျွန်းဆိုတာ နည်းတဲ့ကျွန်းအကျယ်ကြီးလား။ ရွာတည်ထားတဲ့အပြင် အဲဒီမြေနုကျွန်းပေါ်မှာ ကိုယ်စီ၊ ကိုယ်စီ ပိုင်ဆိုင်ကြတဲ့ ကိုင်းတွေဆိုတာ တစ်သက်လုပ်စားဦး ငတ်မသေနိုင်ပါဘူး။ ဟိုး အဘိုးအဘွားလက်ထက်ကတည်းက အမှီပြုနေထိုင်လာခဲ့ကြတဲ့ ကျွန်းကြီး။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီနဲ့ ဘယ်တော့မှ ပြိုပျက်လိမ့်မယ်လို့ ဒေါ်သိန်းရှင် တွေးထင်မထားခဲ့တာ။
ခုတော့ သင်္ခါရသဘောတွေပါပဲ။ ဖြစ်ပြီးရင် ပျက်ရတဲ့ တရားသဘောတွေပါပဲ။ လူလေး လက်ထက်ကြတော့ ကျွန်းက တဖြည်းဖြည်းတိုက်စားပြီး ပြိုပျက်လာခဲ့တယ်။ နောက်ဆုံး ကျွန်းပျောက်ရတဲ့အထိဖြစ်လာတော့ မြေတွေဆုံး၊ ကိုင်းတွေဆုံးနဲ့ နေစရာဘုံဗိမာန်လေးပါ ရေထဲပါမသွားခင် ရွှေတောင်မြို့ပေါ်ကို ကူးခဲ့ရတယ်။

သက်ဆိုင်ရာက နေရာချပေးတဲ့ ရွာသစ်မှာ ဒေါ်သိန်းရှင် ခြံဝိုင်းလေးတစ်ဝိုင်း ရခဲ့ပါတယ်။ နေစရာအဆင်ပြေခဲ့ပေမယ့် လုပ်ကိုင်စားစရာ မြေမရှိတော့ဘူး။ မြေနုကျွန်းထွန်းခဲ့ရင်တော့ သူကိုယ်တာနဲ့သူ သက်ဆိုင်ရာက ခွဲဝေပေးမယ်ဆိုပေမဲ့ မြေနုကျွန်းက ဘယ်အချိန် ဘယ်ကာလကြမှ ဘယ်နေရာမှာ သွားထွန်းမယ်မသိ။

အဲဒီတော့ ကျွန်းသူ၊ ကျွန်းသားဟောင်းတွေဟာ ဒီလက်ရှိမင်းတဲကျွန်းရွာသစ်မှာပဲ အခြေချနေထိုင်ရင်း ဆိုက်ကားနင်းသူ နင်းလို့၊ စျေးရောင်းသူ ရောင်းလို့၊ ချည်မျှင်နဲ့ အထည်စက်ရုံဝင်လုပ်သူက လုပ်လို့ မိရိုးဖလာ မြေနဲ့ဖက်ပြီး နွားနဲ့ရုန်းခဲ့ရတဲ့၊ သီးနှံစျေးကောင်းရင် လက်ဖျားငွေသီးခဲ့ကြရတဲ့ ကျွန်းသူတွေ ခုတော့ ကျင့်သားမရသေးတဲ့ ပုံစံခွက်မှာ ကျင့်သားရအောင်နေထိုင်စားသောက်ရင်းကပဲ ဟော မလေးရှားနိုင်ငံဆိုတဲ့ ရေကြည်ရာ၊ မြက်နုရာကို သွားရောက်လုပ်ကိုင်နေလိုက်ကြတာ ရွာထဲမှာ မီးဟေ့ဆိုရင်တောင် ငြှိမ်းသတ်နိုင်မယ့် ကာလသားအင်အား မရှိသလောက်ရှားပါးနေကြပြီ။
ပြောခဲ့ပါပြီကော။ ကံ၊ ကံ၏ အကျိုးကိုယုံကြည်သက်ဝင်ကြတဲ့ ဗုဒ္ဓအဆုံးအမအောက်က ဗုဒ္ဓဘာသာဝင်တွေပဲလေ၊ ကိုယ်ပြုခဲ့တဲ့ ကံတွေထဲကမှ တစ်ရွာလုံး ကံတူအကျိုးပေးတွေချည်းပဲ ဖြစ်နေတယ် မဟုတ်လား။
ကောင်းတော့လည်း ကောင်းပါရဲ့။ လူလေး ဟိုမှာလုပ်ရတဲ့အလုပ်က ဒီမှာ နွားနဲ့ဖက်ပြီး ရုန်းရတဲ့အလုပ်လောက် မပင်ပန်းရှာပါဘူးအမေရာလို့ လူလေးပြောခဲ့တာပဲ။ လူလေး ကံကောင်းတယ်လို့ပဲ ဒေါ်သိန်းရှင် သဘောပိုက်ထားလိုက်တော့တယ်။

+++
"ဒေါ်လေးသိန်း -- ခုဟာက အသံတင် ကြားရတာ ဟုတ်ဘူးတဲ့ လူပါမြင်ရမှာတဲ့တော့် -- မျက်နှာချင်းဆိုင်ပြီး စကားပြောနေသလိုပဲတဲ့"

ညိုအေးပြောတဲ့စကားကို ဒေါ်သိန်းရှင်ကတော့ မယုံတစ်ဝက်၊ ယုံတစ်ဝက်ပဲ။ ပြောလို့တော့မရဘူးပေါ့ တစ်နေရာနဲ့ တစ်နေရာ ဒီလောက်အဝေးကြီးတောင် စကားပြောလို့ရနေတာပဲ ဥစ္စာ။

"ညည်းဟာက ဟုတ်ပါ့မလားအေ"
"ဟုတ်ပါတယ် ဒေါ်လေးရာ -- မနေ့က ကိုတောက်ထိန်ဖုန်းပြောရင်း ချိန်းခဲ့တာ ဒေါ်လေးသိန်း သားလည်း ပါမယ်တဲ့ သူတို့ကိုလည်း ဟိုက လူတစ်ယောက်က လုပ်ပေးမှာတဲ့ -- ဒီမှာလည်း လုပ်ခိုင်းရင် ရတယ်တဲ့"

ညိုအေး အပြောကောင်းလို့ ပါလာရပေမဲ့ သူတို့ပြောတဲ့ဆိုင်ရောက်တော့ ဒေါ်သိန်းရှင်ဆိုတာ ပါးစပ်အဟောင်းသားဖြစ်သွားရတယ်။ ဟုတ်ပါရဲ့ ညိုအေးယောက်ျား တောက်ထိန်ကို တီဗွီထဲမှာ မြင်နေရတယ်။ ညိုအေးက နားမှာ ဘီးကုပ်ကြီးတပ်လို့၊ ပါးစပ်ရှေ့မှာလည်း မဲမဲအတံလေးပါတယ်။ တောက်ထိန်လည်း ညိုအေးလိုပဲ ဘီးကုပ်ကြီးနဲ့။ တောက်ထိန်ကတော့ ညိုအေးကို မြင်ရ၊ မမြင်ရမပြောတတ်ဘူး။ ညိုအေးကတော့ သူယောက်ျားကိုမြင်တယ်ဆိုရင်ပဲ ဘာစကားမှ မပြောနိုင်ဘူး တရှုပ်ရှုပ် ငိုတော့တာပါပဲ။ ဆိုင်ထဲက တီဗွီအသီးသီးရဲ့ရှေ့မှာ ထိုင်နေကြတဲ့ လူငယ်တွေက ညိုအေးကို တအံ့တသြလှည့်ကြည့်ကြတယ်။

" အဆင်ပြေတယ် အဆင်ပြေတယ်လို့"
"ကျယ်ကျယ်သာအော် အစ်မ -- လိုင်းသိပ်မကောင်းလို့ဟိုက ကြားရမှာ မဟုတ်ဘူး"

တောက်ထိန်က ဘာပြောတယ်မသိ ဒေါ်သိန်းရှင်ကတော့မကြားရဘူး။ ညိုအေးကတော့ ကြားရတယ်ထင်ရဲ့။ ပြန်အော်ပြောနေတယ်။ ဆိုင်ရှင်ကောင်မလေးက ညိုအေးဘေးကနေ ကျယ်ကျယ်အော်ပြောဖို့ သတိပေးနေတယ်။
အဲဒီလို တောက်ထိန်ကို မြင်ရရင်ပဲ ဒေါ်သိန်းရှင် သူ့ သားတော်မောင်ကို မြင်ချင်လာတယ်။

"ဟဲ့ တောက်ထိန် ငါ့သားမပါဘူးလား -- ငါ့သားလေး မပါလာဘူးလား"

ဒေါ်သိန်းရှင်က ညိုအေးနားကပ်ပြီး တောက်ထိန်ကိုမေးတော့ ဆိုင်ရှင်ကောင်မလေးကရယ်တယ်။ ဒါရယ်စရာ ပါလို့လားအေဆိုတဲ့ အကြည့်နဲ့ ကောင်မလေးကို ဒေါ်သိန်းရှင်လှည့်ကြည့်တော့ -

"အဲဒီလိုပြောလို့ ဟိုက မကြားရဘူး အန်တီရဲ့ -- နားကြပ်နဲ့ပြောရတယ် -- နားကြပ်နဲ့" တဲ့။

ညိုအေးပြောပြီးသွားတော့ ညိုအေးထိုင်တဲ့ခုံမှာ ဒေါ်သိန်းရှင် ထိုင်ရတယ်။ ဘီးကုပ်ကြီးကိုလည်း တပ်ထားရတယ်။ မကြာပါဘူး။ တီဗွီမှာ လူလေးပုံ ပေါ်လာတယ်။ အမလေး အံသြချက်ဖြင့် ဒေါ်သိန်းရှင်ဆိုတာ မျက်စိအပြူးသား ပါးစပ်အဟောင်းသားနဲ့ လူလေးကို စိုက်ကြည့်နေမိတယ်။ လူလေးက အသားတွေဖြူလို့ မျက်နှာက ဝလာတာလားမသိဘူး ပြည့်ပြည့်တင်းတင်းလေးဖြစ်နေတယ်။ 

"အမေ နေကောင်းလား"

နားစည်က တရှဲရှဲမြည်သံနဲ့အတူ လူလေးအသံကို ဒေါ်သိန်းရှင် မသဲမကွဲကြားရတယ်။

"ဒေါ်လေးသိန်း -- ပြောလေ ဟိုက ပြောနေတယ် ပြန်ပြောလိုက်လေ -- ပြောလိုက်"

ညိုအေးသတိပေးမှ လူလေးကို ပြန်ပြောလို့ရမှန်းဒေါ်သိန်းရှင် သတိဝင်လာတယ်။

"သား -- လူလေး လူလေးရယ်"

ဒေါ်သိန်းရှင် မျက်ရည်တွေတွေ ကျမိတယ်။

"မငိုပါနဲ့ အမေရယ် -- သား ဘာမှ မဖြစ်ပါဘူး ဒီမှာ အဆင်ပြေပါတယ် -- မကြာခင်ပြန်လာခဲ့မှာပါ အမေ"

ဒေါ်သိန်းရှင် သူမ ငိုတာကို လူလေးသိတယ်ဆိုတော့ မျက်ရည်တွေအသာသုတ်ပြီး မငိုမိအောင် စိတ်ထိန်းလိုက်တယ်။

"သား စင်ကာပူကို ပြောင်းရလိမ့်မယ်အမေ -- ဟိုမှာက ဒီထက်ပိုပြီး အလုပ်ကောင်းတယ် အမေရ"
"အဲဒါက ပိုဝေးလားသား -- ပိုဝေးရင် မသွားပါနဲ့လား လူလေးရယ်"
"မဝေးပါဘူး အမေရဲ့ -- ဒီနဲ့ ကပ်လျက်ပါပဲ ကျွန်းနိုင်ငံလေး ဆိုပါတော့"
"အေးလေ လူလေး သင့်တော်သလိုကြည့်လုပ်ပေါ့ ကျန်းမာရေးကော ကောင်းရဲ့လားသား ဂရုစိုက်နော်"

ဒေါ်သိန်းရှင် လူလေးပြောတဲ့ စင်ကာပူဆိုတဲ့ ကျွန်းနိုင်ငံလေး အမည်ကို စိတ်ထဲက အသေအချာလိုက်မှတ် ထားလိုက်တယ်။ 
လူလေးနဲ့ သိပ်ကြာကြာမပြောလိုက်ရပါဘူး။ နောက်လူတွေ ရှိသေးလို့ အလှည့်ပေးလိုက်ရတယ်။ ခုလို လူလေးကို လူပါမြင်လိုက်ရတော့ အလွမ်းမပြေတဲ့အပြင် ရင်ထဲမှာ လှိုက်လှိုက်ပြီး ပိုခံစားရတယ်။ လူလေးအမြန်ဆုံးငွေစုပြီး ပြန်လာနိုင်ပါစေလို့ပဲ ဆုတောင်းရုံကလွဲလို့ သူမ ဘာများတတ်နိုင်မှာလို့လဲ။
တစ်ခုတော့ရှိတယ် လူလေး ပြန်မလာခင်စပ်ကြား လူလေးပုံပေါ်မယ့် တီဗွီတစ်လုံးလောက်တော့ ဝယ်နိုင်ခဲ့ရင် အကောင်းသားပေါ့။

+++
ဦးသိန်းအောင်က လိုက်ခဲ့ပါ အတင်းခေါ်လို့ ရွှေဘုံသာမုနိကို ဒေါ်သိန်းရှင်လိုက်ဖြစ်ခဲ့တယ်။ ရွှေဘုံသာမုနိကို သူမ မရောက်ဖူးသေးတာတော့ အမှန်။ ဦးသိန်းအောင်က အဲဒီဘုရားမှာ ဆွမ်းကပ်အလှူလုပ်မှာ။ အလှူမှာ ဝတ္ထုငွေလေး လှူဖွယ်ပစ္စည်းလေး မထည့်နိုင်ရင်တောင် လုပ်အားအလှူပေးရလည်း မနည်းဘူးရယ်လို့တွေးမိပြီး လိုက်လာခဲ့မိလိုက်တယ်။ နောက်ပြီး ဘုရားဖူးရမယ့် ကုသိုလ်ကံကလည်း မသေးဘူး မဟုတ်လား။
ဒေါ်သိန်းရှင်က တက်သစ်ကျွန်းလောက်သာ သွားဖူး၊ လာဖူးတာ။ ခုလည်း တက်သစ်ကျွန်းကို သွားသလို လှေနဲ့သွားလိမ့်မယ်လို့ပဲ အောက်မေ့တာ။ ခုတော့ မဟုတ်ပေါင် ကားနဲ့သွားမှာတဲ့။ ဦးသိန်းအောင်က ကားစီးလုံးငှါးထားသတဲ့။
အဲဒီလိုနဲ့ နံနက် ၅ နာရီလောက်က စထွက်လာလိုက်တာ။ ပြည်ရောက်တော့ အလင်းရောင်မြင်နေရပြီ။ ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ မြစ်ကူးတံတားကြီးက ရောင်နီအလင်းရောင်နဲ့ ဝင့်ဝင့်ကြွားကြွား ထည်ထည်ဝါဝါကြီး။ ဒီတံတားကြီးဆောက်လုပ်ပြီးတာ ဘာကြာသေးတာမှတ်လို့။
ဘုရားရှင်လက်ထက်တော်တုန်းက သေနေ့ကို သိနေပေမယ့် မသေခင် ကုသိုလ်ပြုရအောင်ဆိုပြီး ညောင်ကိုင်းထောက်၊ တံတားခင်းခဲ့တာ သေမယ့်နေ့ရောက်တော့ မသေဘဲ အသက်ရှည်ခဲ့သတဲ့။ အင်း ဒီတံတားကြီးကို ဆောက်လုပ်လှူဒါန်းခွင့်ရတဲ့ ဒါနကုသိုလ်ကံသာဆို နည်းတဲ့ ကုသိုလ်ကံ မဟုတ်ဘူးရယ်လို့ ဒေါ်သိန်းရှင်တွေးမိတယ်။
တံတားပေါ်ရောက်တော့ ဦးသိန်းအောင်က ဒေါ်သိန်းရှင်ကို လက်တို့ပြီး ညွှန်ပြလာတယ်။

"ဒေါ်သိန်း ဟိုးက မြင်နေရတဲ့ နေရာဟာ -- ကျုပ်တို့ အရင်ကနေခဲ့တဲ့ ရွာနေရာပေါ့ဗျ -- ခင်ဗျား မှတ်မိသေးရဲ့လား"

ဦးသိန်းအောင် ညွှန်ပြလို့ ဒေါ်သိန်းရှင် မြစ်ကို မျှော်ကြည့်လိုက်တယ်။ ဘယ်လိုလုပ် မှတ်မိနိုင်မလဲလေ မြစ်တစ်ပြင်လုံး သောင်ပြင်ကြီး ဖြစ်နေတာ။ ယခင် အဲဒီနေရာမှာ ကျွန်းကြီးတစ်ကျွန်း ရှိနေခဲ့တယ်ဆိုတာကို ဒေါ်သိန်းရှင် ဘယ်လိုမှ မှန်းကြည့်လို့မရဘူး။
ကျွန်းရှိခဲ့သည်ဖြစ်စေ မရှိခဲ့သည်ဖြစ်စေ ဒေါ်သိန်းရှင် စိတ်မဝင်စားတော့ဘူး။ အခု အဲဒီကျွန်းက ဘယ်နေရာမှာများ သွားထွန်းနေသလဲဆိုတာကိုတော့ ဒေါ်သိန်းရှင် စိတ်ဝင်စားတယ်။ 
မဟုတ်မှ လွဲရော အဲဒီကျွန်းက လူလေးပြောတဲ့ စင်ကာပူဆိုတဲ့ နေရာမှာများ သွားထွန်းပြီး ကျွန်းနိုင်ငံလေး ဖြစ်နေတာများလားလို့ မဆီမဆိုင်တွေးမိလိုက်တာကိုတော့ ကားပေါ်ကလူတွေ ဘယ်သူမှ မရိပ်မိလိုက်ကြပါဘူး။ ။

***
မှူးဆက်ပိုင်(ရွှေတောင်)
ရွှေအမြုတေ မဂ္ဂဇင်း။
၂၀၁၃၊ ဇွန်လ

Post a Comment

0 Comments