ခံလေဦးတော့ သင့်ဝဋ်ကြွေး - သော်တာဆွေ (ဝတ္ထုတို)

#ခံလေဦးတော့ သင့်ဝဋ်ကြွေး 

ကျွန်တော် သူတို့မိသားစုကို မြင်ရသည်မှာ စိတ်မချမ်းမသာ ရှိလှပါသည်။ မမြင်ချင်လို့လည်း မနေရ။ မကြားချင်လို့လည်း မဖြစ်၊ နံနက်မိုးသောက်ပြီဆိုလျှင် ကျွန်တော့်အိမ်အောက် ရောက်လာကြကာ တစာစာမြည်ကြပါလေပြီ။ သူတို့သခင်သည် သူတို့ကို မွေးထားပြီး အစာကျွေးလေ့ မရှိပါ။ ကျွန်တော့်အိမ်က ကျွန်တော့်ကြက်များကိုမူ အလျှံပယ် ကျွေးလေ့ရှိပါသဖြင့် အကြွင်းအကျန်များသည် သူတို့အဖို့ များစွာ အထောက်အပံ့ဖြစ်စေပါသည်။ ကျွန်တော့်ကြက်များ ဝပြီး တခြားသွားကြသောအခါ၌ သူတို့မိသားစုက ဆန်တစေ့မကျန် ကောက်ကြလေတော့သည်။ တခါတရံ၌ ကျွန်တော့်ဇနီးက စေတနာပို၍ နောက်ထပ်ချပေးသေး၏။ သို့သော် သူတို့သခင်မနှင့် အိမ်နီးနားချင်း မိန်းမတို့ဓမ္မတာ စိတ်ကောက်ထားကြသော အခါများ၌ အိမ်က ကြက်များစားပြီး အကြွင်းအကျန်များကိုမှ မစားရအောင် မောင်းထုတ်ပစ်တတ်ကြပါသည်။

ဤအခါ၌ သူတို့မိသားစု ထိုနေ့အဖို့ အစာခက်ပါလေပြီ။ မိခင်ကြီးကလည်း သားသမီးများကို အမှိုက်ပုံများမှ ယက်ကျွေးရအောင် ခြေတဖက်က မသန်သဖြင့် လုံးဝမယက်နိုင်ချေ။ လမ်းလျှောက်တာပင် ခြေတစ်ပေါင်ကျိုး ခုန်သွားနေရ၏။

သူတို့၏ ဒုက္ခိတဇာတ်လမ်းကို ဖွင့်ဟရပါမူ လွန်ခဲ့သော နွေရာသီ ကြက်နာရောဂါက စခဲ့၏။ ဤအခါ၌ မိခင်ကြက်မကြီးသည် ဝဖြိုးသော ကိုယ်ကာယ လှပသော အမွေးအတောင်များနှင့် ကြင်ယာတော် ကြက်ဖ၏ အပြုအစု အယုအယကို ခံကာ ဥများ ဥနေသောအချိန် ဖြစ်၏။ ထိုစဉ် ကြက်နာရောဂါ ရောက်လာသောအခါ အခြားကြက်အချို့ သေကြသော်လည်း သူသည် ယင်းအခိုက် သွေးသားအကောင်းဆုံး ‘ဥကြက်မ’ ဖြစ်နေ၍ ရောဂါက သူ့ကို သေရွာသို့ရောက်အောင် မပို့နိုင်။

သို့သော် ဥချိန်ကုန်ဆုံး၍ ဝပ်ကျင်းတွင်ဝပ်ပြီး သီတင်းသုံးပတ်မြောက်၌ သားကလေးတွေ ပေါက်ကာ ဝပ်ကျင်းမှ ဆင်းလာသောအခါ၌ ရောဂါ၏အရှိန် အညောင်းခံ ဝပ်ရသောဒဏ်ကြောင့် ချည့်နဲ့နေပြီး ခြေတဖက်က လုံးဝမသန်၊ မတ်တတ်ရပ်၍ မြေမှာ မထောက်နိုင်တော့ပေ။

ထိုညာဘက်ခြေမှာ အကြောဆွဲနေ၏။ ပေါင်နှင့် ခြေသလုံးသည် ဆန့်၍မရ၊ ဤခြေကွေးကွေးက သုံးခါအားယူ လှုပ်ယမ်းမှ ထောက်ထားသော ခြေတဖက်က တလှမ်းမျှ ခုန်နိုင်၏။

သူဝပ်ကျင်းမှ ဆင်းခဲ့သောအခါ သားသမီး ၇ ကောင် ၈ ကောင်မျှ ပေါက်ဖွားခဲ့ပါ၏။ သို့သော် သခင်က ဂရုမစိုက်ခြင်း၊ သူကိုယ်တိုင်က မသန်စွမ်းတော့၍ ကျီးရန်၊ စွန်ရန်မှ မကာကွယ်နိုင်ခြင်းတို့ကြောင့် နောက်ဆုံးမှ သမီးကလေး တကောင်သာ အဖတ်တင်ခဲ့ ပေတော့သည်။ ဤ သမီးတခု မအေတခု ကျန်ခဲ့သောအခါ၌ ကြက်၏ ဓမ္မတာမှာ ထူးဆန်းသော သဘာဝကလေးကို တွေ့ရှိရပေတော့သည်။

စင်စစ် ကြက်ထုံးစံမှာ ပေါက်ပြီး နှစ်လကျော် သုံးလအတွင်း၌ သားခွဲလေ့ရှိကြသည်။ သားခွဲသည်ဆိုရာ၌ မိခင်ကသာ သားသမီးများကို ခွဲခြင်းဖြစ်သည်။ သားသမီးများကတော့ အချိန်တန် အရွယ်ရောက် ကြက်လား မြောက်သည်အထိ ခွဲခွာလိုစိတ် မရှိကြောင်း ဤကြက်မ သားအမိမှ စုံစမ်းလေ့လာ၍ သိရှိရသည်။ ထို့ပြင် ကြက်မကကော ဘာကြောင့် သားသမီးများကို ခွဲပစ်ပါသနည်း။

ကြက်ဖတို့သည် (အရွယ်ရောက်ပြီး) ကြက်မများကို အချိန်အခါမရွေး သွေးဆောင်လျက်ရှိ၏။ သို့သော် ကြက်မပါမှ သူတို့ရသည်သာ၊ ဝပ်ကြက်မ (သို့မဟုတ်) သားသည်အမေသည် ကြက်ဖက လာ၍ရစ်အံ့၊ အမွေးများကို ဖွကာ သားခေါ်သည့်အသံ ကွတ်၊ ကွတ်၊ ကွတ် မြည်လျက် “ကျွန်မ သွေးနုသားနု ရှိပါသေးတယ် မောင်ကြီး၊ သည်းခံပါဦး” ဟူသော သဘောကိုပြ၏။ ဒါလောက်နဲ့မရ ကြက်ဖက ကဲ၍လာအံ့ဆိုမူ ဝင်းထရံ (သို့မဟုတ်) တန်းတခုခုပေါ်သို့  ခုန်တက်ပြေး၏။ ဤအခါ၌ ကြက်ဖများ လက်လျှော့ရပေပြီ။ သူခုန်ပျံ၍ လိုက်နိုင်ဦးတော့၊ တန်းပေါ်၌ ဘာမျှမတတ်နိုင်ချေ။

သို့သော် ကြက်မတို့ဓမ္မတာ တသားပေါက်ပြီး ၂ လ၊ ၃ လ ကြာသောအခါ၌ သွေးသစ်လောင်းပြီး ကြက်ဖခေါ်ရာသို့ ကောက်ကောက်ပါအောင် လိုက်လေတော့သည်။ ဘုမသိဘမသိနှင့် မိခင်နောက်ရယ်လို့ လိုက်လာကြသော ကြက်ကလေးများကိုလည်း သားသမီးရယ်လို့ မမှတ်တော့ဘဲ ရက်စက်စွာ ထိုးဆိတ် ပစ်လေတော့သည်။ သားသမီးများအပေါ်မှာ ရာဂစိတ်လွှမ်းခြင်းပင် ဖြစ်သည်။ ကြက်ကလေးများသည် ပထမသော် နားမလည်သလို ဖြစ်နေပြီး သုံးလေးရက် အတွင်းမှာပင် မိခင်၏ ရက်စက်မှုကို ရှောင်ကြဉ်ရန် သိသွားကြလေတော့ကာ သူတို့ဘာသာ အုပ်နှင့် နေကြလေတော့၏။

ဖော်ပြပါ ခြေတပေါင်ကျိုး ကြက်မကား ကြက်နာရောဂါ ဒဏ်ရှိခြင်း၊ ခြေတဖက်မသန်၍ အစာကောင်းစွာ ရှာဖွေမစားနိုင်ခြင်းတို့ကြောင့် သူ့ခန္ဓာကိုယ်မှာ ဝဖြိုးလာခြင်း မရှိ၍ သွေးသားတက်ကြွမှု မဖြစ်ဘဲ ကြက်ဖနှင့် စပ်ယှက်လိုစိတ် ကင်းသဖြင့် ဆိုရမည်။ သမီးကလေးကိုလည်း ထိုးဆိတ် ခွဲခွာပစ်ခြင်း မပြုတော့ပေ။ ထိုသမီးကလည်း 'မသန်စွမ်းသော မိခင်ကြီးနှင့် မအေတခု သမီးတခုကို ငါတသက်လုံး အတူနေပြီး လုပ်ကျွေးမှပဲ’ ဟု သဘောထားသည့်အလား မိခင်နှင့် ခွဲခွာခြင်းမပြုဘဲ သူကပင် ရှေ့ဆောင်ခေါင်းရွက် သွားကာ အစာများ ယက်ဆွရှာဖွေ၍ ကျွေး၏။

ယင်းသို့ဖြင့် ကျွန်ုပ်တို့ လူသားသာ ဆိုပါမူ ဤဒုက္ခိတ သားအမိသည် နံဘေးပတ်ဝန်းကျင်က ကရုဏာ ထားကြခြင်းဖြင့် အစားအသောက် ဆင်းရဲသော်လည်း အေးချမ်းစွာ နေရပေမည်။ သို့ရာတွင် ကြက်ဖတို့မည်သည် ကျွန်ုပ်တို့လူသား လူရမ်းကား လူယုတ်မာများနှင့် တူကြရကား ဤဒုက္ခိတမကြီးကို ချမ်းသာမပေးကြချေ။ ကြုံတိုင်း ခြေတော်တင် သွားကြကုန်သည်။ ကြက်မကြီးမှာလည်း အခြားကြက်မများလို ပြေးနိုင်လွှားနိုင် မရှိသဖြင့် ဘယ်ကြက်ဖလာလာ ကိစ္စပြီးစီးလွယ်အောင် ဝပ်ပေးလိုက်ရသည်သာ ဖြစ်သောကြောင့် ကြာသော် သူ့ကျောကုန်းမှာ အမွေးမရှိတော့ပေ။ သမီးကလေးမှာလည်း ကြက်ဖလာလျှင် ပြေး၍ ကြက်ဖသွားမှ မိခင်ထံ ပြန်လာရ၏။

ကြည့်စမ်း လူနှင့်တူသော တခုရှိသေး၏။ ကြက်ဖတို့မည်သည် မိမိနှင့် ယဉ်ပါးသော ကြက်မကို သွားလေရာ ခေါ်သွား၍ အစားအသောက် ရှာဖွေ ကျွေးကြကုန်သည် မဟုတ်တုံလော။ ဤဒုက္ခိတ ကြက်မကြီးကိုမူကား (ခေါ်ရာ မလိုက်နိုင်၊ မလိုက်၍လည်း ဖြစ်မည်) သူတို့ဆန္ဒပြည့်ဝသောအခါ ဘာမျှယုယခေါ်ငင် မနေကြတော့ဘဲ အခြားကြက်မများ ရှိရာသို့သာ ပြေးကြလေတော့သည်။ သူတို့ဆန္ဒရှိသောအခါ အချိန်မရွေးလာ၏။

ယင်းသို့ဖြင့် ကြက်မကြီးမှာ မိမိက ဘယ်လိုပဲ စိတ်မပါပါ ဓမ္မတာအတိုင်း နောက်တခါ ဥရသောအပိုင်းသို့ ရောက်ပြန်လေ၏။ ဥချိန် ကုန်ဆုံးသောအခါ ဝပ်ရပြန်လေ၏။

ဤအခါ၌ သူ့သမီးကလေးသည် အံ့ဩစရာ၊ သနားစရာ၊ ချစ်စရာ ကောင်းလှပါပေ၏။ မိခင်နှင့်မခွဲဘဲ မိခင်ဝပ်ကျင်းမှာ ရှိသောအခါ ဝပ်ကျင်းနှုတ်ခမ်းပေါ်မှာ ထိုင်နေသည်။ သို့မဟုတ် မိခင်နှင့်အတူ ရောဝပ်နေသည်။ ဝပ်ကြက်မတို့ ဓမ္မတာ တနေ့တခါ မိခင်အစာစား ထွက်မှသာ သူပါလိုက်ပြီး မိခင်ကို ရှာဖွေယက်ဆွ၍ ကျွေးမွေး၏။

သို့ဖြင့် ကြက်မကြီးမှာ နောက်တကြိမ် သားသမီးတွေ ပေါက်ဖွားပြန်လေ၏။ ဤသည့်တိုင်အောင်လည်း သမီးကြီးကလေးသည် သူ့မိခင်ကို မခွဲ။ မောင်ကလေး၊ ညီမလေးများကို သူပင် ရှေ့ဆောင် ရှေ့ရွက်ပြု၍ မိခင်နှင့်အတူ အစာရှာဖွေ၍ ယက်ဆွ၍ ကျွေးမွေး၏။

ထို့ကြောင့် သူတို့မိသားစု ကျွန်တော့်အိမ်အောက် ရောက်လာပြီဆိုလျှင် (သနားဖို့လည်း ကောင်း၏။ အံ့ဩဖို့လည်း ကောင်း၏) ပေါက်စ ကြက်ကလေးတွေက ၄-၅ ကောင်။ ၄-၅ လ သမီးကလေး တကောင်။ 

တခါတရံ၌ ကြက်မကြီးသည် ကြက်သရမ်းများ အန္တရာယ် ကြောက်ရွံ့၍ အိမ်အောက် အကြိုအကြား ပုန်းအောင်းနေစဉ်လည်းကောင်း၊ ခြေတပေါင်ကျိုးနှင့် ကလေးများမီအောင် မလိုက်နိုင်၍ ကျန်ရစ်ခဲ့စဉ် လည်းကောင်း ဤကြက်မကလေးနှင့် ကြက်ပေါက်စလေးများသာ မြင်ရသောအခါ ရယ်ဖွယ်ကောင်းလှသေး၏။

ကျွန်တော့်ဆီ လာလည်သောသူ အချို့အား “ဟေ့  ကြက်မ ငယ်ငယ်လေးက ကြက်ကလေးတွေ ပေါက်နေတာ ကြည့်မလား” ဆိုပြီး ကျွန်တော်က ပြလေ့ရှိ၏။

သူတို့ မသိသေးတော့ အံ့ဩကြရသည်။ ကြက်မကလေးက ၄-၅ လ သမီးဆိုတော့ ၄၊ ၅ ဆယ်လသားလောက် ငယ်မွေးကလေးတွေချ၊ ကြီးမွေးကလေးတွေ ပေါက်စ။ လူဆိုလျှင် ၁၁ နှစ်၊ ၁၂ နှစ် သမီးနှင့် တူပေသည်။ သူသည် ကြက်ကလေးများကို မိခင်သဖွယ် ထိန်းသိမ်းရှာဖွေ ကျွေးမွေးလျက်ရှိပေသည်။

ကြက်မကြီး၏ စိတ်တွင် (လူသာဆိုလျှင်) “ဪ … ငါ့မှာ ဒီသမီးကလေး တယောက် ကျောထောက်နောက်ခံ ရှိနေလို့ တော်သေးသပေါ့” ဟု အောက်မေ့ပေမည်။

သို့သော် ကျွန်တော်ဆက်၍ တွေး၏။ ကြက်တို့မည်သည် (၆)လ၊ (၇)လတွင် အမွေးစုံ၍ အရွယ်ရောက်၏။ ထို့ကြောင့် ဤကြက်မလေးသည် နောက်တလ၊ နှစ်လကြာသောအခါ မဒန်း (အပျို) ဖြစ်တော့မည်။ ဤသည်အခါ၌ မိခင်အိုကြီးနှင့် မောင်ငယ်၊ ညီမငယ်များကို ပစ်၍ ကြက်ဖနောက် လိုက်သွားပေတော့မည်။ ဤအခါ ကြက်မတို့ ဓမ္မတာ သားခွဲချိန်လည်း တိုင်ပြီဖြစ်ရကား မိခင်က ယခင်တသားတုန်းက အတိုင်း ထိုးဆိတ်ခြင်း မပြုသော်လည်း ကြက်ကလေးများက ယခုအသုတ် အုပ်စုကောင်းသဖြင့် မိခင်ကို စွန့်ခွာသွားကြမည်လော။ သို့မဟုတ် ဟိုသမီးလိုပဲ မိခင် နောက်တသား ပေါက်သည်တိုင်အောင် မခွဲမခွာ နေကြမည်လော …။

သို့လော … သို့လောနှင့် ကျွန်တော် တွေးတောနေစဉ်မှာပင် သူတို့ရှိသော (၇)မိုင်၊ ရွာတန်းရှည်ရွာမှ (၆)မိုင် စွပ်ကျယ်စက်လမ်းသို့ ပြောင်းရွှေ့ခြင်းဖြင့် သူတို့ကို မျက်ခြည်ပြတ်ခဲ့တော့သည်။

ဤမှ တလမျှအကြာ ကျွန်တော် ထိုရွာသို့ ကိစ္စတခုနှင့် ရောက်သွားစဉ် ဤကြက်မ မိသားစုကို မမြင်ရ၍ သူတို့သခင်အား မေးကြည့်သောအခါ …

“နာလိုက်ကြတာ ဒီတခါ ပြုတ်ပြုတ်ပြုန်းပါရော ဆိုပါတော့”

ကြက်နာရောဂါကား နွေ၊ မိုး ဆောင်း ဟူ၍ မနား၊ အချိန်မရွေး လာတတ်သည်။ ကျွန်တော်သည် သူတို့မိသားစုကို ခဏမျှ တသသ မြင်ယောင်ပြီးနောက် …

“ဟယ် … ဘဝမှာ သေခြင်းဟာ ငြိမ်းချမ်းခြင်းပါပဲလေ” ဟု စိတ်ထဲမှ မှတ်ချက်ချမိတော့၏။

“ကျိုးလည်းသေ၊ ကောင်းလည်းသေ၊ ဆင်းရဲလည်းသေ၊ ချမ်းသာလည်းသေ၊ အေးရော၊ ပြီးရော”

ယင်းအခိုက်မှာပင် ကြက်မတကောင်သည် သူတို့အိမ်အောက်မှ ကတော်၍ ထွက်လာသည်ကို မြင်ရသဖြင့် သေသေချာချာ ကြည့်လိုက်မိသည်။ လား … လား … ဒုက္ခိတ ခြေတပေါင်ကျိုးမကြီး ပါတကား။

“ဟင်း … ဒီကြက်မကြီးတော့ မသေဘူးလား”

“သူက နာပြီးသားလေ၊ မသေဘူး”

ကြက်နာရောဂါသည် ကမ္ဘာနာ ဖြစ်လေရာ လူများ တခါ ကျောက်ပေါက်၊ သို့မဟုတ် ဝက်သက်ပေါက်ပြီး ထပ်မပေါက်သကဲ့သို့ နောက်ထပ် ဒီကြက်နာမျိုး ကျရောက်ခဲယဉ်း၏။

“နို့ … သူ့သမီး မဒန်းမလေးကော”

“ကြက်အငယ်ကလေးတွေနဲ့ ရှေ့ဆင့်နောက်ဆင့် သေသွားတာပဲ”

“ဟင်း … ဒီဒုက္ခိတမကြီးတော့ …”

ထော့ကျိုးထော့ကျိုးနှင့် တကွတ်ကွတ် ဝပ်သံပေးကာ အစာရှာနေသည်ကို ကြည့်ရင်း နှုတ်မှ ရေရွတ်လိုက်မိသည်။

နောက် ကြက်ဖများ ခြေတော်တင်လွန်းကြ၍ ပြောင်တလင်း ခါနေသော သူ့ကျောပြင်ကို သတိပြုလိုက်မိသည်။

“အင်း … သက်ဆိုးရှည်ကာ ခံရမည့် ဝဋ်ကြွေးကား မကုန်သေးပါတကား”

သူသည် တခုသောဘဝက ဘယ်ကဲ့သို့သော မကောင်းမှုများ ကျူးလွန်ခဲ့ပါလေသနည်း။ ကျွန်တော်သည် ယခု သူ့ခံစားချက်များနှင့် နှိုင်းယှဉ်၍ တွေးမိကာ ကြက်သီးမွေးညှင်း ထမိတော့၏။

“အင်း … ခံလေဦးတော့ သင့်ဝဋ်ကြွေး”

---------------------------
#သော်တာဆွေ

Post a Comment

0 Comments