စိမ်းသင့်မှစိမ်း (ခင်နှင်းယု)
__________________
အခန်း (၈)
ကြီးကြီးနုအိမ်ကြီးသို့ ပြောင်းရွှေ့လာချိန်တွင် ဒေစီက သူ့ကို နိုင်လွန်နှစ်ဝတ်စာ ဝယ်၍ပေးလိုက်၏။ အိမ်တစ်အိမ်မှ ခွဲခွာ၍လာရတိုင်း မျက်ရည်ဝိုင်း၍နေသော မျက်လုံးများကို ကြည့်ရသည်မှာ စိတ်မသက်သာစရာပင် ဖြစ်ပေသည်။
ကျောင်းဆရာမအလုပ်သည် နှစ်လစောင့်ရဦးမည် ဖြစ်သည်။ ရုံးအလုပ်များကိုလည်း စုံစမ်း၍ နေရသေးသည်။ အမှန်တော့ သေသေချာချာ မနားမနေ အလုပ်ရှာလျှင် အလုပ်တစ်ခုမှာ ရနိုင်ပေသည်။ သို့သော် စိမ်းက လမ်းမထွက်ပေ။ သူ့အခန်းထဲမှာပင် ကုပ်ကုပ်ကလေး အနေများပေသည်။
မနက်စောစောတွင် ခြံထဲမှပန်းများကို ဆင်း၍ ကောက်ရ၏။ ဆိတ်ဖလူးပွင့်များ ပွင့်ချိန်တွင် ပင်အောက် မြက်ခင်းပေါ်ရှိ ပန်းပွင့်လေးများကို လိုက်၍ကောက်ရ၏။ မိုးဦး စံပယ်ပွင့်ချိန်တွင်တော့ အပွင့်လေးများကို လိုက်၍ခူးရ၏။ နှင်းဆီခိုင်များကိုလည်း ကတ်ကြေးနှင့် ဖြတ်ရလေသည်။
လေထဲတွင် ဆိတ်ဖလူးပန်းနံ့ သင်း၍လာလျှင် ယာတောကိုသွား၍ သတိရလာတတ်သည်။ ယာတောနှင့်ဆက်၍ တိုးကြီးနှင့်အတူးတို့၏ မျက်နှာလေးများ၊ မခမ်း၏ ရိုးသောဟန်ပန်များမှာ မျက်စိထဲတွင် ပေါ်လာပြန်ပေသည်။
ပန်းပွင့်ကိုခူးခြွေရသည်မှာ သက်သောင့်သက်သာသော အလုပ်ဖြစ်၏။ ကြေးနန်းကြိုးလေးများခက်၍ ပန်းတောင်သဏ္ဌာန်လုပ်ထားသောကြိုးတွင် ပန်းများကိုသီ၍ ခက်ရခြင်းသည်လည်း ပင်ပန်းသောအလုပ်မဟုတ်ပေ။ ဒါပေမယ့် သခင်မကြီး ကြီးကြီးနု ဘုရားရှိခိုးဖို့အတွက် အစေခံမလေးက လုပ်ပေးနေရသလို စိတ်ကဖြစ်၍ ဖြစ်၍လာသည်။
ကိုယ့်ကိုယ်ကို စိုးပိုင်နေလာခဲ့သောအချိန်ပိုင်းများက များလာလွန်းသောအခါ တစ်ဘဝတွင် သက်သောင့်သက်သာရှိသော်လည်း လင်မှတစ်ပါး ဘယ်သူ့ကိုမှ အားမကိုးလိုတော့ပေ။ တစ်ခါတစ်ရံတွင်လည်း ကိုဝင်းဖေကို ပြေးတွေ့
လိုက်ချင်၏။ သူ့ချစ်လှစွာသော ဇနီးသည်သည် ပုံပြင်ထဲမှအစေခံမလေးလို ပန်းကောက်နေရပုံ၊ ကွမ်းယာပေးရပုံ၊ ကြီးကြီးနု ဝေယျာဝစ္စများကို လုပ်ပေးနေရပုံကို ပြလိုက်ချင်သည်။
အိမ်ကြီးမှာ မင်းကတော်ဟောင်းတစ်ယောက် အုပ်ချုပ်လာ၍ စေ့ငသေသပ်လှ၏။ အခြွေအရံများကလည်း ဒေါ်ရွှေသွယ်၊ ဒေါ်အိုဇာတို့လို အိုမင်းရှေးကျသူများက ဦးဆောင်နေ၍ တစ်အိမ်လုံး ရွေ့လျား သွားလာပုံများမှာ နန်းတော်ဟောင်းကြီးတစ်ခုနှင့် တူနေပေသည်။
သို့သော် တစ်လီတစ်လီ လဲ့လဲ့ကျောင်းပိတ်ပြန်လာချိန်တွင်မူ ထိုအိမ်ကြီးတွင် အကြီးအကျယ် ပြောင်းလဲလှုပ်ရှားလာ၏။ အပေါင်းအသင်းများ အသွားအလာနှင့် ပါတီပွဲများမှာ အိမ်သားတွေအဖို့ ခေတ်ကြီးကိုပြောင်းလိုက်သလို ဖြစ်၍သွားလေသည်။
“ဒီနေ့ညနေ ထမင်းစားပွဲမှာ စိမ်းလဲပါရမယ်ဟေ့”
မနက်ဘက် စိမ်းသည် ဘုရားဆောင်သို့ ပန်းသွားပို့ရင်း ကြီးကြီးနုက ပြောလိုက်၏။
“စိမ်း ပါရမယ်လား”
“အေးကွယ့်..လဲ့လဲ့မိတ်ဆွေ မောင်မောင်တင်ကို ထမင်းကျွေးမလို့၊ မိန်းကလေးအဖော်တချို့နဲ့ မောင်ဘကောင်းတို့လဲ ပါလိမ့်မယ် ထင်ပါရဲ့”
စိမ်းသည် ဘုရားခန်းထဲမှသာ လှည့်၍ထွက်လာသည်။ ကြီးကြီးနု ရွတ်ဆိုပြသော လူနာမည်များမှာ သူ့အဖို့ သူစိမ်းပြင်ပြင်များသာ ဖြစ်နေလေသည်။
တစ်ညနေလုံး ထမင်းပွဲအတွက် ကူညီလုပ်ကိုင်ပေးနေရင်း အဝတ်အစားပြင်ဖို့ အချိန်ကျ၍လာလေသည်။ အိမ်ပေါ်တက်၍ မှန်ရှေ့တွင်ထိုင်ရင်း ဘာကစ၍ ပြင်ရမှန်း မသိပေ။ လှလှပပ ဝတ်စားပြင်ဆင်ခြင်း မလုပ်ရသည့်အချိန်မှာ ကြာလှလေပြီ။ ခေါင်းကို အရင် သပ်သပ်ဖြီးလိုက်၏။ ရေချိုးရင်း ဝတ်ဖို့အဝတ်အစားအတွက် စဉ်းစားနေမိလေသည်။ အင်္ကျီကတော့ ဒေစီပေးသော နိုင်လွန်ပင် ဝတ်ရပေမည်။ လုံချည်ကတော့ ကောင်းကောင်းတစ်ထည်မှမရှိပေ။ ရှမ်းပြည်နယ်က ပြန်လာတုန်းက ဝတ်လာသည့် လုံချည်ကလည်း အမေပေးသည့် အစိမ်းရင့်ရင့် ပိုးတွန့် ဖြစ်သည်။ နောက်ဆုံး သူသည် ရှိသည့်အဝတ်ကိုပင် ဝတ်လိုက်၏။ မျက်နှာကို ပေါင်ဒါခြယ်ရင်း မျက်ရည်များက ဝေ့၍လာသည်။
“စိမ်း...မြန်မြန်လုပ်၊ ဧည့်သည်တွေ လာနေပြီး ရော့ ဒါက စိမ်းဖို့ စံပယ်ပန်းတွေ”
ဒေါ်ရွှေသွယ်သည် စံပယ်ပန်းနှင့် ခက်၍ထားသော ပန်းတစ်ခက် သူ့ကိုလာပေး၏။ ပန်းပွင့်ကို စိမ်း ယူ၍ပန်သည်ကို ကျေကျေနပ်နပ် ကြည့်နေလေသည်။
“ကဲ...ကဲ.. သွားတော့၊ အောက်မှာလူတွေ ရောက်နေပြီ”
စိမ်းသည် ဧည့်ခန်းထဲ မသွားရဲသလို ခြေတုံ့နေသည်။ နောက်ဆုံးတော့လည်း မရဲတရဲနှင့် ခပ်ရွရွလေး နင်းကာ ဧည့်ခန်းထဲသို့ ဝင်၍သွား၏။ ဧည့်သည်များအားလုံးသည် စိမ်းကို ဝိုင်း၍ကြည့်ကြသည့်အတွက် သူ့မျက်လုံးများမှာ ပြာသလိုဖြစ်သွားတော့သည်။ မိန်းကလေးအဖော်များအားလုံး ဝတ်လာသော အဝတ်အစားထဲတွင် သူ့အဝတ်အစားသည် အရိုးဆုံးနှင့် အပေါဆုံးဖြစ်၏။
“ဒါက လဲ့လဲ့အစ်မဝမ်းကွဲ စိမ်းဆိုတာ”
လဲ့လဲ့ မိတ်ဆက်ပေးမှ အားလုံးကို မျက်လုံးဝင့်ကာ သူကြိုးစား၍ ပြုံးလိုက်၏။ လဲ့လဲ့ကမူ ဧည့်သည်များ၏နာမည်ကို ရွတ်ဆိုပြလေသည်။ ကြီးကြီးပြောသည့် မောင်ဘကောင်းနှင့် မောင်မောင်တင်နာမည်ကိုလည်း ထပ်၍ ကြားလိုက်ရ၏။ မောင်မောင်တင်ရော ကိုဘကောင်းပါ ထိုင်ရာမှထ၍ စိမ်းကို နှုတ်ဆက်ရန် လက်ကမ်းပေးချိန်တွင် စိမ်းသည် ခပ်ကြောင်ကြောင်ဖြစ်၍ သွားသည်။ ဟန်မပျက် ပြန်လည်နှုတ်ဆက်ရပေမယ့် လက်ဖျားများက အေးစက်၍ တုန်နေလေသည်။
ထမင်းပွဲစချိန်တွင် ကိုဘကောင်းမှာ သူ့ဘေးတွင် လာ၍ထိုင်၏။ ဧည့်သည်များသည် ဆယ့်နှစ်ယောက်လောက်ပင်ရှိလေသည်။ စိမ်းမျက်စိထဲတွင်တော့ အားလုံး မှုန်ဝါးဝါးဖြစ်နေ၏။ စားပွဲထိပ်မှ သူ့ညီမလဲ့လဲ့ လှုပ်ရှားနေသည်ကိုသာ တစ်ခါ တစ်ခါ သတိထားမိ၏။ လဲ့လဲ့သည် သူ့ဘေးရှိ မောင်မောင်တင်အား လိုလေသေးမရှိ ပြုစုနေသည်။ အင်္ဂလိပ်လို ကျွေးသည့်ထမင်းစားပွဲတွင် ထုံးစံမရှိသောအလုပ်များပင် လုပ်ပေး၏။
ပန်းကန်လွတ်တစ်ချပ်ပေါ်တွင် ကြက်သားဖတ်များ ဆယ်ထည့်ကာ အရိုးထွင်၍ ပေး၏။ လဲ့လဲ့လုပ်ပုံသည် ထမင်းစားပွဲတစ်ခုလုံးတွင် ကြောင်စရာဖြစ်၍နေလေသည်။ မိန်းကလေးများ၏ရယ်သံကြောင့်သာ ထမင်းပွဲမှာ စိုပြည်၍နေလေသည်။
ထမင်းပွဲအပြီးတွင် ဧည့်ခန်းမှာ ပြန်၍ထိုင်ကြ၏။ စကားပြောချိန်တွင်လည်း လဲ့လဲ့နှင့်မောင်မောင်တင်မှာ အထင်ရှားဆုံးဖြစ်နေသည်။ စိမ်းသည် မထင်ရှားသောသူ့အသွင်ပြင်မှာ ဤလူစုထဲတွင် ကြာကြာ မနေလိုပေ။ အိမ်ပေါ်တက်သွားရမှာကလည်း မကောင်းသေး၍ ဧည့်ခန်း ဘေးပြတင်းတံခါးကြီးမှ အသာလျှိုထွက်ကာ ခုံတန်းလျားပေါ်တွင် ထိုင်နေလိုက်သည်။
ခြံထဲမှာ လေအေးများ တိုက်ခတ်လာ၍ စိတ်ပေါ့သွားသလို ဖြစ်လာသည်။
“ဒီမှာနေရတာ အေးလို့လား”
လူတစ်ယောက် မေးသံက နောက်မှပေါ်လာ၍ စိမ်းသည် စိတ်ညစ်လာပြန်သည်။ မေးမေးပြောပြောနှင့် သူ့အနားလာထိုင်သူမှာ ကိုဘကောင်းမှန်း သူသိလိုက်၏။
“ဟုတ်ပါတယ်၊ ဧည့်ခန်းက နည်းနည်းအိုက်လို့”
စိမ်းသည် ကိုဘကောင်းကို လှည့်ကြည့်ကာ ပြောပြသည်။ မှန်ပြတင်းမှ မီးရောင်ဖြင့် ကိုဘကောင်းမျက်နှာကို ထင်ထင်ရှားရှား မြင်နေရသည်။
“စိမ်း ဒီရောက်လာတာ မကြာသေးဘူး ထင်တယ်။ ဒီတစ်ခါပဲ မြင်ဖူးသေးတယ်”
“ဟုတ်ပါတယ်”
“ကျွန်တော်တို့ ကိုမောင်မောင်တင်နဲ့အတူ ဒီအိမ်ကို ခဏခဏ ရောက်တယ်။ ခုတလောပဲ ကျောင်းတွေ စစ်စရာရှိလို့ မလာဖြစ်တာ”
“ဟုတ်ကဲ့၊ ကျွန်မလဲ အလုပ်ရှာရင်း ခဏလာတာပါ”
“ဘယ်မှာ လုပ်မလို့လဲ”
“အင်းစိန် တန်းမြင့်ကျောင်းမှာ ဆရာမလိုတယ် ဆိုလို့ပါ”
“အို ...ဒီလိုဆို ကျွန်တော် တတ်နိုင်သလောက် ကူပါ့မယ်။ ကျွန်တော်က ပညာရေးဌာနမှာ လက်ထောက် ညွှန်ကြားရေးဝန်ပါ။ ရုံးတက်တော့ ရန်ကုန်မှာ သွားတက်တယ်။ ဒီက အေးအေးဆေးဆေးရှိလို့ ကျွန်တော်ပိုင် အိမ်ကလေးလဲရှိတာနဲ့ နေတာပါ”
ကိုဘကောင်း စကားပြောပုံသည် ရည်မွန်၍ အေးဆေးလှသည်။ မျက်လုံးများမှာလည်း မီးရောင်နှင့် လက်၍သွားပုံမှာ တန်ခိုးရှိလှ၏။ စိမ်းရင်ထဲတွင်မူ စကားပြောနေရသည်ကို စိတ်မပါပေ။ ကိုယ့်ကိုကူညီမည်ဆိုတော့လည်း ဝမ်းသာသလို ဖြစ်သွားမိသည်။
“ကျေးဇူးတင်ပါတယ်ရှင်၊ စိမ်းရဲ့ခင်ပွန်းကလဲ မရှိတော့ ကိုယ့်အလုပ်လေးနဲ့ပဲ ကိုယ်နေချင်တာပါပဲ”
စိမ်းသည် ကိုဝင်းဖေနှင့် ကွဲနေသည်ဟူ၍လည်း မပြော၊ သေသည်ဟူ၍လည်း မပြောပေ။ သူ့အကြောင်းကလည်း ပြတ်ပြတ်သားသား ပြော၍မဖြစ်သော ဘဝဖြစ်၏။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် သူ အပျိုမဟုတ်ကြောင်းကိုတော့ ယောက်ျားမိတ်ဆွေများကို သိစေချင်ပေသည်။
“အင်း... ကျွန်တော်လဲ မုဆိုးဖိုပေါ့ဗျာ။ သူနဲ့အတူနေခဲ့တဲ့ အိမ်ကို မခွဲနိုင်သေးတာနဲ့ နေတာပါပဲ။ အခုတော့ ထိုမောင်မောင်တင်နဲ့ အဖော်ရတာနဲ့ ဆက်နေတယ်”
“ကိုမောင်မောင်တင်က ဘယ်သူလဲ”
“အင်းစိန်နယ်ပိုင်ပေါ့။ လူအေးလူတော်ပါပဲဗျာ”
အထဲမှ စကားပြောသံများမှာ ပို၍ဆူညံလှုပ်ရှားလာသဖြင့် စိမ်းသည် ထိုင်ရာမှ ထလိုက်သည်။
“ကဲ...ပြန်ကြတော့မယ် ထင်တယ်၊ စိမ်းတို့ သွားစို့”
ဧည့်ခန်းထဲသို့ သူတို့နှစ်ယောက် ပြန်ဝင်ချိန်တွင် ဧည့်သည်များသည် ဝိုင်း၍ကြည့်ပြန်သည်။ အားလုံး နှုတ်ဆက်၍ အသီးသီးပြန်ပြီးမှ ကိုမောင်မောင်တင်သည် စိမ်းကို နှုတ်ဆက်ကာ ပြန်၍သွားသည်။
စိမ်း အိမ်ပေါ်တက်မည့်အချိန် လဲ့လဲ့ကိုလည်း မတွေ့တော့ပေ။ တစ်ယောက်တည်း လှေကားမှ တက်၍ အိပ်ခန်းထဲ ဝင်လာခဲ့လေသည်။ အဝတ်အစားလဲ၍ နောက်ဆုံး စံပယ်ပွင့်ကို ဖြုတ်နေချိန်တွင် ဒေါ်အိုဇာနှင့် ဒေါ်ရွှေသွယ်သည် အခန်းထဲသို့ ဝင်လာ၏။
“ဒါထက် ရိုးတဲ့ အဝတ်အစား စိမ်းမှာမရှိတော့ဘူးလား”
ဒေါ်ရွှေသွယ်က သူ့ကို စေ့စေ့ကြည့်၍ မေး၏။ စိမ်းသည် ခေါင်းကိုသာခါ၍ ပြလိုက်သည်။
ဒေါ်အိုဇာကမူ ပြုံးရင်း
“ရှိလဲ မဝတ်ပါနဲ့ကွယ်၊ နောင်ကိုလဲ ကလေးမတော့ ဘယ်ထမင်းစားပွဲမှ ဝင်စားရမှာ မဟုတ်တော့ဘူး”ဟု ပြောကာ ထွက်သွားတော့သည်။
စိမ်းသည် သူတို့ ဘာပြောသည်ကို ဘာမှနားမလည်ပေ။
“ဒေါ်ရွှေသွယ် အဘွားကြီးက ဘာတွေပြောတာလဲ”
“မသိပါဘူးကွယ်၊ ညဉ့်နက်နေပြီ၊ ငါတော့ အိပ်တော့မယ်” '
စိမ်းသည် ဒေါ်ရွှေသွယ့်ခေါင်းရင်းမှ မီးကို မှိန်လိုက်၏။ မှောင်နေသောအခန်းထဲတွင် ပြတင်းမှလရောင် မှေးမှေးလေး ဝင်နေသည်။ လေများသည် မိုးသက်ပါလာ၍ လရောင်သည် တိမ်များကြောင့် မှေးမှိန်မှိန်ဖြစ်နေရှာသည်။ အိပ်ရာပေါ် ပစ်လှဲလိုက်ရင်း မမျှော်လင့် မတွေးခေါ်ဘဲနှင့် ယာတောမှတောင်တန်းကြီးကို သွား၍မြင်ယောင်လိုက်၏။ ပြီးတော့ မျက်ခုံးထူထူနှင့် ကိုဝဏ္ဏ၏ ခပ်ပြည့်ပြည့်မျက်နှာကို မြင်လာပြန်သည်။ အမေတစ်ယောက်တော့ဖြင့် သူ့ကို လွမ်းရှာပေမည်ကို တွေးနေမိပြန်သည်။
နောက်နေ့ညနေတိုင်းလိုလို မောင်မောင်တင်နှင့် ကိုဘကောင်းမှာ စိမ်းတို့အိမ်သို့ မှန်မှန်လာလည်သည်။ စိမ်းသည် ခြံဝင်းထဲသို့ ရှောင်ထွက်၍ ဆိတ်ဖလူးပင်အောက်မှာ ထိုင်နေပေမယ့် သူတို့နှစ်ယောက်သည် တွေ့အောင်ရှာ၍ လိုက်လာသည်။
စိမ်း စိတ်ထဲတွင် အလိုလိုနေရင်း ကြောက်၏။ ထိုလူများနှင့်ပတ်သက်၍ နောက်ထပ်ဇာတ်ထုပ်တစ်ခုများ တိုးလာဦးမည်လားဟု စိုးရိမ်နေသည်။
မကြာခင်ပင် လဲ့လဲ့သည် ကျောင်းဘော်ဒါမှာ မနေတော့ဘဲ အိမ်သို့ ပြောင်းလာသည်။ ထိုကဲ့သို့ ပြောင်းရွှေ့လာခြင်းမှာ ထူးခြားသောဇာတ်လမ်းတစ်ခု၏ အစလို့ပင် စိမ်းက တွေးမိ၏။ သို့သော် ဘာကိုဟူ၍လည်း မပြောပြတတ်ပေ။
လဲ့လဲ့သည် အိမ်ကိုပြောင်းလာမှ သူ့ကို စကားဖော်ဖော်ရွေရွေ မပြောသည်ကိုတော့ သူဝမ်းနည်းမိ၏။ တစ်မျက်နှာ တစ်ရွာထင်ဆိုသလို အိမ်ရှင်များမျက်နှာကို ကြည့်၍နေရသော သူ့အဖို့ အိမ်ကြီး၏မင်းသမီးတစ်ပါးဖြစ်သူ လဲ့လဲ့က သုန်မှုန်လာ၍ သူ့ခမျာ မနေတတ်တော့ပေ။
သူဖြူလျှင် အယူဖြောင့်နိုင်ပေမယ့် သူမှောင့်မှာကိုမူ စိုးရိမ်မိပေသည်။ သူ့ထံသို့ ကိုဘကောင်းနှင့်မောင်မောင်တင် လာ၍စကားပြောတိုင်း လဲ့လဲ့မျက်နှာထား တင်း၍နေ၏။ စိမ်းက ရိပ်တော့ရိပ်မိ၏။ သို့သော် ကိုဘကောင်းကိုပဲ လဲ့လဲ့ ချိတ်နေသလား၊ မောင်မောင်တင်ကိုလားဟူ၍ မတွေးတတ်ပေ။
ကြာတော့လည်း ယခုလိုနေရထိုင်ရသည်ကို စိမ်းက ပျင်း၏။ သူသည် အိပ်ခါနီး ဒေါ်ရွှေသွယ်၊ ဒေါ်အိုဇာတို့နှင့် ဝိုင်းဖွဲ့၍ စကားပြောရင်း စိတ်တိုလာသည်။
“ဒေါ်အိုဇာ...စိမ်းက လင်လုရတာတို့ ဘာတို့ သိပ်ပျင်းတာပဲနော်။ ခုလဲ ဒေါ်အိုဇာမင်းသမီးက စိမ်းကို သုန်မှုန်နေတယ်။ ဘာလဲဆိုတာလဲ မေးကြည့်ပါဦး။ စောစောပြေးရင် ပြေးပါရစေတော့”
ဒေါ်အိုဇာသည် စိမ်းက ပွင့်ပွင်းလင်းလင်း ပြောလိုက်၍ အံ့အားသင့်နေသည်။
“ဒီလူတွေကို စိမ်းက လက်ခံတာ မဟုတ်ဘူး၊ သူတို့ဘာသာ လာတာတွေ၊ သူ့လူတွေဆိုရင်လဲ စိမ်းနဲ့ စကားမပြောဖို့ ပိတ်ထားရင် ကောင်းမှာပဲ”
“လဲ့လဲ့ ချိတ်နေတာက မောင်မောင်တင်ပါ”
“အဲဒီလိုဆိုရင်လဲ ရှင့်မောင်မောင်တင် မင်းဘုရားက မောင်ဘကောင်း စိမ်းဆီလာရင် လိုက်မလာပါစေနဲ့လို့ ပြောထားပါ...”
ဒေါ်ရွှေသွယ်သည် ခပ်ရှင်းရှင်းပင် ပြောလိုက်၏။
“နေပါဦး...ဒေါ်ရွှေသွယ်၊ ကိုဘကောင်းလာပါစေဆိုတော့ သူက စိမ်းကို ပိုးနေလို့လား”
“အမယ်...မိန်းကလေးရယ်၊ မင်းလဲ အိုလာသူပါ။ သူ့ကိုကြည့်ပါလား။ အမှန်တော့လဲ အေးကွဲ့ ... မိန်းမဆိုတာ လင်ရှိမှလဲ တင့်တယ်တာ...”
ဒေါ်ရွှေသွယ်က မန္ဒီဒေဝီ၏အခိုးမရှိသောမီး၊ လင် မရှိသောမိန်းမတို့ မတင့်တယ်ပုံကို ဋီကာချဲ့ပြပြန်သည်။
ဒါကိုတော့ စိမ်းသိလိုက်ပါ၏။ ယခုလို လေစုန်နှင့် လွင့်ရချိန်တွင် လင့်ကျေးဇူးကို ပိုသတိရ၏။ သတိရတိုင်း ကိုဝင်းဖေထံကို ပြေး၍ပြေး၍ သွားချင်သည်။
နောက်လတွင် ကျောင်းမှာ ကျောင်းဆရာမအလုပ်ကို ရလေသည်။ ကိုဘကောင်းကျေးဇူးဆိုသည်ကိုတော့ စိမ်းက သိ၏။
ကျောင်းတက်နေရ၍ စိတ်မှာ ယခင်ကလောက် ညစ်၍မနေတော့ပေ။ သုံးရစွဲရသည်ကလည်း ကိုယ့်ငွေနှင့်ကိုယ်ဆိုတော့ နည်းနည်း စိတ်ချမ်းသာ၍လာသည်။ သို့သော် ညနေတိုင်း ကိုဘကောင်း၊ ကိုမောင်မောင်တင်တို့နှင့် တွေ့နေရခြင်းမှာ သူ့အတွက် ခေါင်းခဲစရာ ဖြစ်နေလေသည်။
ယာတောတွင် ကလေးများကို စာသင်ရသလို စိတ်လွတ်လွတ်လပ်လပ်မရှိပေ။ ယာတောတွင် နေရစဉ်က အချိန်တိုင်းသည် နှလုံးသားတွင် ပေါ့ပေါ့ပါးပါးရှိ၏။ ယခု ဒီမှာနေရသည်က ဝတ်ရေးစားရေး ကောင်းပေမယ့် တစ်ခုခု ခဲဆွဲထားသလို နှလုံးသားထဲတွင် လေးလေးကြီး ဖြစ်နေလေသည်။
ဆက်ရန်
-------------------------------
0 Comments