နို့ထိမ်းသည် တာယန်ဟေး - မြသန်းတင့် (ဝတ္ထုတို)

#နို့ထိန်းသည် တာယန်ဟေး

ကျွန်တော့် နို့ထိန်းသည် တာယန်ဟေး 
သူ မွေးရာ ဇာတိရွာကလေးရဲ့ 
အမည်ကိုယူတဲ့ တာယန်ဟေး။
ကျွန်တော့် နို့ထိန်းသည် တာယန်ဟေး 
ကလေးအရွယ်ကတည်းက 
သတို့သမီးအဖြစ် ရောင်းစားခံခဲ့ရတဲ့ 
တာယန်ဟေး။
 
ကျွန်တော်က မြေရှင်တစ်ယောက်ရဲ့ သား 
ဒါပေမဲ့ 
တာယန်ဟေးရဲ့ နို့ရည်နဲ့ ကြီးပြင်းခဲ့ရတဲ့ 
တာယန်ဟေးရဲ့ သားလည်း မှန်ရဲ့။ 
တာယန်ဟေးဟာ 
ကျွန်တော့်ကို နို့တိုက်ပေးရင်း 
သူ့မိသားစုကို ထမင်းရှာကျွေးခဲ့ရတယ်။ 
အို … ကျွန်တော့် နို့ထိန်းသည် တာယန်ဟေး 
ခင်ဗျား ရင်သွေးက ဖြစ်တဲ့ 
နို့ရည်ကို သောက်ပြီး 
ကျွန်တော် ကြီးပြင်း လူလားမြောက်ခဲ့တယ်။
 
တာယန်ဟေး 
နှင်းဖွေးဖွေးကျနေတဲ့ ဒီနေ့မှာ 
ခင်ဗျားကို ကျွန်တော် သတိရနေတယ်။ 
နှင်းတွေအောက် မြက်တွေ ဖုံးနေတဲ့ 
ခင်ဗျား မြေပုံကလေး 
ပိတ်ထားတဲ့ ခင်ဗျား တဲအို တံစက်မြိတ်စွန်းက 
ညှိုးနွမ်း သွေ့ခြောက်တဲ့ သက်ငယ်ရွက်တွေ 
ခင်ဗျား ခြံဝက ရေညှိကြောင့် စိမ်းနေတဲ့ 
ကျောက်တုံး ထိုင်ခုံကလေး 
အို … တာယန်ဟေး 
နှင်းဖွေးဖွေးကျတဲ့ ဒီနေ့မှာ 
ခင်ဗျားကို ကျွန်တော် သတိရနေတယ်။
 
ခင်ဗျားရဲ့ လက်မောင်းတွေကြားထဲမှာ 
ဖျစ်ညှစ်ပြီး 
ကျွန်တော့်ကို ခင်ဗျား နှလုံးသားနဲ့ 
ကပ်ထားခဲ့တယ်။ 
ခင်ဗျားရဲ့ ကြမ်းထော်တဲ့ လက်ကြီးတွေနဲ့ 
ကျွန်တော့်ကို ပွတ်သပ် ယုယခဲ့တယ်။
 
မီးဖိုထဲမှာ မီးမွှေးပြီးတော့ 
ခင်ဗျား အင်္ကျီမှာ ကပ်နေတဲ့ 
ပြာမှုန့်တွေကို ခါချပြီးတော့ 
ထမင်း ကျက် မကျက်ကို
မြည်းစမ်းကြည့်ပြီးတော့ 
တောင်ဆူးတွေနဲ့ ငြိလို့ စုတ်ပြဲသွားတဲ့ 
ခင်ဗျား သားတွေရဲ့ အင်္ကျီစုတ်တွေကို 
ချုပ်ပြီးတော့ 
ထင်းခုတ်ဓားမ ထိလို့ 
ခင်ဗျား သားတွေရဲ့ လက်ကို 
ပတ်တီး စည်းပေးပြီးတော့ 
ခင်ဗျား ကလေးတွေရဲ့ 
အင်္ကျီတွေမှာ တွယ်နေတဲ့ 
သန်းကြီးမတွေကို တုပ်ပေးပြီးတော့ 
ဒီနေ့ဥတဲ့ ပထမဆုံး ကြက်ဥကို 
ကောက်ပြီးတော့ 
ကျွန်တော့်ကို လက်မောင်းထဲမှာ ဖျစ်ညှစ်ပြီး 
နှလုံးသားမှာ ကပ်ရင်း 
ခင်ဗျားရဲ့ ကြမ်းထော်နေတဲ့ လက်ကြီးတွေနဲ့ 
ကျွန်တော့်ကို ပွတ်သပ် ယုယပေးခဲ့တယ်။
 
ကျွန်တော်ဟာ မြေရှင်တစ်ယောက်ရဲ့ သား 
ဒါပေမဲ့ ခင်ဗျားရဲ့ နို့ရည်ကို 
နောက်ဆုံး အစက်အထိ 
ကျွန်တော် သောက်စို့ခဲ့တယ်။
 
ကျွန်တော့်ကို မိဘတွေက 
အိမ်ကို ပြန်ခေါ်သွားကြတော့ 
ခင်ဗျား ဘာဖြစ်လို့ ငိုတာလဲ တာယန်ဟေး။
 
ကျွန်တော်ဟာ မိဘရဲ့ အိမ်မှာ 
ဧည့်စိမ်းတစ်ယောက် ဖြစ်နေပေါ့လား။ 
ပန်းပုထုထားတဲ့ ဟင်္သာပြဒါးသုတ် 
ပရိဘောဂတွေကို 
ကျွန်တော် ကိုင်ကြည့်တယ်။ 
တံခါးမကြီး အထက်မှာ ရေးထားတဲ့ 
‘ရွှင်လန်းကြပါစေ’ စာတန်းကြီးကို 
ကျွန်တော် ငေးကြည့်တယ်။ 
ကျွန်တော်လည်း မဖတ်တတ်ပါကလား 
ကျွန်တော့် ပိုးဝတ်စုံနဲ့ 
ခရုကမာ ကြယ်သီးတွေကို 
ကျွန်တော် စမ်းကြည့်တယ်။ 
အမေ့ရင်ခွင်ထဲမှာ ရှိတဲ့ ကျွန်တော် မသိတဲ့ 
ညီမငယ်ကလေးကို ကျွန်တော် 
လှမ်းကြည့်တယ်။ 
ကြေးမီးဖိုနဲ့ အပူငွေ့ပေးထားတဲ့ 
ခုတင်ပေါ်က 
ဆေးရောင်ခြယ် ကုလားထိုင်ပေါ်မှာ 
ကျွန်တော် ထိုင်တယ် 
သုံးကြိမ် ဖွပ်ထားတဲ့ ဆန်ဖြူဖြူနုနုကို 
ကျွန်တော် စားရတယ် 
ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ 
အနေရ ကျပ်လှပါကလား။ 
ကျွန်တော်ဟာ မိဘအိမ်မှာ 
ဧည့်စိမ်းတစ်ယောက် ဖြစ်နေပါကလား။

နို့ရည်တွေ ခန်းခြောက်သွားတော့ 
ထမင်းတစ်လုတ် စားဖို့အတွက် 
တာယန်ဟေးဟာ 
ကျွန်တော့်ကို ပွေ့ချီခဲ့တဲ့ 
လက်ကြမ်းကြီးတွေနဲ့ 
ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ရပြန်တယ်။ 
ကျွန်တော်တို့ အဝတ်တွေကို 
လျှော်တော့လည်း သူ့မှာ အပြုံးနဲ့ 
ရွာအနီးက ရေခဲလို အေးစက်တဲ့ ကန်ထဲမှာ 
ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို 
သူ ဆေးကြော သန့်စင်တော့လည်း 
သူ့မှာ အပြုံးနဲ့ 
အေးစက် ကြွပ်ဆတ်နေတဲ့ 
မုန်လာဥတွေကို လှီးတော့လည်း 
သူ့မှာ အပြုံးနဲ့ 
ချဉ်စူးနေတဲ့ ဝက်စာတွေကို မွှေတော့လည်း 
သူ့မှာ အပြုံးနဲ့ 
အသားပြုတ်အိုးတည်လို့ 
မီးယပ်ပေးတော့လည်း 
သူ့မှာ အပြုံးနဲ့ 
ဂျုံနဲ့ ပဲစေ့တွေကို နေလှန်းဖို့ 
တလင်းပြင်ကို ယူလာတော့လည်း 
သူ့မှာ အပြုံးနဲ့။ 
နို့ရည်တွေ ခန်းခြောက်သွားတော့ 
ထမင်းတစ်လုတ် စားဖို့ အတွက် 
တာယန်ဟေးဟာ 
ကျွန်တော့်ကို ပွေ့ချီခဲ့တဲ့ 
လက်ကြမ်းကြီးတွေနဲ့ 
ပင်ပန်းဆင်းရဲစွာ အလုပ် လုပ်ရပြန်တယ်။
 
တာယန်ဟေးဟာ သူ နို့ချိုတိုက်ကျွေးခဲ့တဲ့ 
မွေးစားသားကို ချစ်ရှာတယ်။ 
နှစ်သစ်ကူးချိန်ဆိုရင် သူ့ဖို့ 
ရွှေထမင်း ကျိုပြီး လာပို့ရှာတယ်။ 
အဲဒီကလေးက သူ့နောက်ကို လိုက်ပြီး 
အမေလို့ ခေါ်မှာ စိုးလို့ 
သူ့ရွာက အမိုးကုပ်ကုပ် တဲစုတ်ကလေးထဲကို 
ရှောင်ပုန်းရရှာတယ်။ 
သူ့ မွေးစားသား ဆွဲပေးတဲ့ 
ဆေးရောင်စုံ ပန်းချီကားကို 
မီးဖိုအထက် နံရံမှာ ချိတ်ထားတတ်တယ်။
 
တာယန်ဟေးဟာ 
သူ့ မွေးစားသားလေး အကြောင်းကို 
အိမ်နီးနားချင်းတွေ ရှေ့မှာ 
ကြွားရတာလည်း အမောပါပဲ။ 
တစ်ခါတော့ ဘယ်သူ့ကိုမှ ပြောလို့ မဖြစ်တဲ့ 
အိပ်မက်တစ်ခုကို သူ မက်ခဲ့တယ်။ 
အိပ်မက်ထဲမှာ သူ့မွေးစားသားရဲ့ 
မင်္ဂလာဆောင်ကို သူ သွားရသတဲ့။ 
ရောင်စုံ ပိုးဖဲတွေနဲ့ ဆင်ယင်ထားတဲ့ 
ပြိုးပြက် တောက်ပတဲ့ 
မင်္ဂလာခန်းမထဲမှာ သူ ထိုင်ရသတဲ့။ 
လှပတဲ့ သတို့သမီးငယ်က သူ့ကို အမေလို့ 
ချိုသာစွာ ခေါ်သတဲ့။
သူ နို့ချိုတိုက်ကျွေးခဲ့တဲ့ ကလေးငယ်ကို 
ချစ်လိုက်ရတာ အတိုင်းထက်အလွန်ပါပဲ။ 

သည် အိပ်မက်က မနိုးခင်မှာ 
တာယန်ဟေးတစ်ယောက် 
သေသွားရှာတယ်။ 
သူ သေတဲ့ အချိန်မှာ သူ့ကလေးဟာ 
သူ့အနားမှာ မရှိရှာဘူး။ 
သူ သေတော့ သူ့ကို ရိုက်ခဲ့တဲ့ 
သူ့ယောက်ျားဟာ 
မျက်ရည်တောက်တောက်ကျခဲ့သတဲ့။ 
သူ့သား ငါးယောက်ဟာ 
သည်းထန်စွာ ငိုကြွေးကြတယ်။ 
တာယန်ဟေးတစ်ယောက် သေသွားရှာတယ်။ 
သူ သေတဲ့ အချိန်မှာ သူ့ကလေးဟာ 
သူ့အနားမှာ မရှိရှာဘူး။ 

တာယန်ဟေးဟာ မျက်ရည်စက်လက်နဲ့ 
လူ့လောကကြီးထဲက ထွက်ခွာသွားခဲ့တယ်။ 
လူ့လောကကြီးထဲမှာ အနှစ် လေးဆယ်ကျော် 
လူ့အောက်ကျခြင်းဆိုတဲ့ 
ဝန်ထုပ်ဝန်ပိုးကြီးနဲ့ 
ကျွန်တစ်ယောက်ရဲ့ မရေတွက်နိုင်တဲ့ 
ကြေကွဲဖွယ်အပေါင်းနဲ့ 
လေးကျပ်တန် မသာခေါင်းတစ်လုံး၊ 
ကောက်ရိုးတစ်ထုံးနဲ့ 
သူ့အလောင်းကို မြှုပ်လောက်ရုံ 
မြေကလေး တစ်နေရာစာနဲ့ 
မီးရှို့ထားတဲ့ စက္ကူပိုက်ဆံ ပြာမှုန်တစ်ထုပ်နဲ့ 
တာယန်ဟေးဟာ မျက်ရည်စက်လက်နဲ့ 
လူ့လောကကြီးက ထွက်ခွာသွားခဲ့တယ်။ 

ဒါပေမဲ့ လောကကြီးမှာ 
တာယန်ဟေး သိမသွားတာတွေ 
ရှိသေးတယ်။ 
အရက်သမား သူ့ယောက်ျားဟာလည်း 
သေသွားတယ်။ 
သူ့သားကြီး ဩရသဟာ 
တောပုန်းဓားပြကြီး ဖြစ်သွားတယ်။ 
သူ့ ဒုတိယသားဟာ 
စစ်မီးလျှံတွေ ကြားမှာ သေသွားတယ်။ 
သူ့ တတိယသား၊ 
စတုတ္ထသားနဲ့ ပဉ္စမသားဟာ 
အရှင်သခင်တွေနဲ့ မြေရှင်တွေရဲ့ 
အဆူအဆဲကို ခံပြီး 
အသက်ရှင်နေကြသေးတယ်။
ကျွန်တော်ကတော့ … ကျွန်တော်ကတော့ 
လောကကြီးရဲ့ မတရား မမျှတမှုတွေကို 
ကျိန်ဆဲစာတွေ ရေးပြီး ကျန်ရစ်ခဲ့တယ်။ 
တောတောင်တွေနဲ့ လယ်ကွင်းတွေထဲမှာ 
နှစ်ရှည်လများ လှည့်လည်ပြီး 
ဇာတိရွာကလေးကို ပြန်ရောက်လာတော့ 
ကျွန်တော့်အစ်ကိုတွေနဲ့ ပြန်တွေ့တယ်။
ကျွန်တော်တို့ တစ်တွေဟာ 
အရင်နှစ်တွေတုန်းကထက် 
တစ်ယောက်နဲ့ တစ်ယောက် 
ပိုရင်းနှီးလာခဲ့ကြတယ် 
သိရဲ့လား အမေ တာယန်ဟေးရယ် 
အမေကတော့ ငြိမ်သက်စွာ အိပ်နေပြီပေါ့။ 

တာယန်ဟေး ဒီနေ့မှာ 
ခင်ဗျား နို့ချိုတိုက်ကျွေးခဲ့တဲ့ ကလေးဟာ 
အဝေးက အကျဉ်းထောင်ထဲမှာ 
ရောက်နေတယ်။ 
ခင်ဗျားကို ရည်စူးပြီး 
မြေဝါဝါရဲ့ အောက်က 
မရန်းရောင်အရိပ်ကို ရည်စူးပြီး 
ကျွန်တော့်ကို ချီပွေ့ခဲ့တဲ့ ဆန့်တန်းတဲ့ 
လက်တွေကို ရည်စူးပြီး 
ညိုမှောင် နူးညံ့တဲ့ 
ခင်ဗျား မျက်နှာကို ရည်စူးပြီး 
ကျွန်တော့်ကို နို့ချိုတိုက်ကျွေးခဲ့တဲ့ ရင်အုံကို 
ရည်စူးပြီး 
ကျွန်တော့် အစ်ကိုတွေဖြစ်တဲ့ 
ခင်ဗျား သားတွေကို ရည်စူးပြီး 
လောကမှာ ရှိတဲ့ တာယန်ဟေးနဲ့ တူတဲ့ 
မွေးစား အမေတွေ အားလုံးနဲ့ 
သူတို့ သား အားလုံးကို ရည်စူးပြီး 
ကိုယ့်သားရင်းလို ကျွန်တော့်ကို ချစ်တဲ့ 
တာယန်ဟေးကို ရည်စူးပြီး 
ကဗျာတစ်ပုဒ် ရေးထုတ်လိုက်တယ်။
 
တာယန်ဟေး 
ကျွန်တော်ဟာ ခင်ဗျားသား 
ခင်ဗျားရင်နို့ကို တိုက်ကျွေးခဲ့တယ် 
ခင်ဗျားကို ကျွန်တော် ရိုသေတယ် 
ခင်ဗျားကို ကျွန်တော် ချစ်တယ်။ ။

-----------
#အိုက်ချင့်
(ဇန်နဝါရီ ၁၄၊ ၁၉၃၃)

(တရုတ် ကဗျာဆရာ Ai Qing ၏ Dayanhe My (Wet?)-Nurse ကို ပြန်သည်)

-----------------
#မောင်သစ်တည်
နွယ်နီ မဂ္ဂဇင်း၊ အမှတ် ၃၊ ၁၉၈၉။

Post a Comment

0 Comments