စီးဆင်းလာသော ပုတ္တောဝါဒ (မစန္ဒာ)

စီးဆင်းလာသော ပုတ္တောဝါဒ (မစန္ဒာ)
______________________________

"တောက် ဒါလားကွ၊ ယောက်ျား ဟင်"

ဦးခင်မောင်ဒွေးက အော်သည်။ အုန်းဆီရွှဲရွှဲထည့်ပြီး တင်းတင်းဆွဲထုံးထားသော​သျှောင်သည် ရှေ့ဘက်သို့ ငိုက်ကျနေသည်။ နှုတ်ခမ်းမွေး ကားကားကြီး နှစ်ဖက်ကမူ အောက်ဘက်သို့ ကုပ်ကျနေသည်။

"ယောက်ျားဆိုတာ ကိုယ့်အပြစ်ကို ဝန်ခံရဲရတယ်ကွ၊ မလိမ်ရဘူး၊ မညာရဘူး။ မကောက်ရဘူး"

စိန်ဒိုးသည် ကုပ်ကုပ်ကလေးရပ်နေရင်းမှ သူ့ဖခင်အား မရဲတရဲ လှမ်းကြည့်သည်။ ထို့နောက် မျက်လွှာကို ချက်ချင်း ပြန်ချလိုက်သည်။

"ယောက်ျားဆိုတာ မိုက်ရင်လည်း ဖြောင့်ဖြောင့်မိုက်ရတယ်ကွ၊ ဆိုးရင်လည်း ဖြောင့်ဖြောင့် ဆိုးရတယ်ကွ။ ကဲ မှန်မှန်ပြောစမ်း။ မင်း တောင်ကျောင်းက သောက်ရေကန်ထဲကို ရေဆင်းကူးတယ် မဟုတ်လား"

စိန်ဒိုးက လည်ချောင်းထဲမှ တံတွေးကို ဂလုခနဲ မျိုချသည်။ တတ်နိုင်လျှင် ခေါင်းခါပြီး "ဟင့်အင်း"ဟု ပြောချင်သော်လည်း မပြောရဲ။ ထို့ကြောင့် ခေါင်းညိတ်မလိုလို၊ ခေါင်းခါမလိုလိုနှင့် ချက်ချင်းပင် ငိုချင်လာသည်။ အားကိုးများ ရလေမလားဟု အမေ့ကိုလှမ်းကြည့်သော်လည်း အမေက သူ့ကို လှည့်စောင်း၍ပင်မကြည့်။ ပြောင်းဖူးဖက်ဆေးလိပ်ကိုဖွာရင်း လမ်းမဘက်သို့ ငေးကြည့်နေသည်။

"ဟေ့ကောင် ပြောလို့ဆို” 

"ဟုတ်"

"ဟုတ်ကဲ့"ဟု ပြောသော်လည်း ဟုတ်တစ်လုံးသာ ထွက်လာသည်။ နောက်ဆက်တွဲ "ကဲ့"သည် တံတွေးနှင့်အတူ လည်ချောင်းထဲသို့ ပြန်ကျသွားသည်။

"နောက်ပြီးတော့ စံတုတ်နဲ့ ရန်ဖြစ်တယ်" 

"ဟုတ်"

"အေး၊ ရန်ဖြစ်တော့လည်း ယောက်ျားပီပီ ဖြစ်တာမဟုတ်ဘူး။ သူ့မျက်လုံးထဲ သဲနဲ့ ပက်ပြီးမှ ဗိုက်ကိုပြေးထိုးတယ်။ ဟင်၊ ဒါယောကျ်ားအလုပ်လား ပြောစမ်း" 

ဦးခင်မောင်ဒွေးက သူ့ရှေ့ကျွန်းစားပွဲကို လက်သီးဖြင့် ထုသည်။ စားပွဲပေါ်ရှိ တရုတ်ကြွေပန်းအိုးထဲမှ နှင်းပန်းလေးများ ရုတ်ရုတ်သဲသဲ လှုပ်ခါပြီး ကြွေကျလာကြသည်။

"လူပုံကိုက ပျော့စိပျော့ဖတ်နဲ့၊ အကျင့်ကလည်း သူခိုးကျင့် သူခိုးကြံနဲ့။ ဟင်း၊ မင်းတို့လိုအကောင်စားတွေ များများမွေးလာလို့ကတော့ ဒီ အင်္ဂလိပ်ကျွန်သပေါက်ဘဝက ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး။ တောက်၊ ဟေ့ကောင် ဒီမှာငါ့ကိုကြည့်၊ မင်းမှာ အပြစ်ရှိလား မရှိဘူးလား"

စိန်ဒုံး ခေါင်းကို မသိမသာညိတ်ပြသည်။

"ဟေ့ကောင် မင်းကို မင်းအမေက ပါးစပ်တစ်ပေါက် ထည့်ပေးထားတာ အလကားမဟုတ်ဘူး၊ ပါးစပ်က ပြော"

"ဟုတ် ... ရှိ ...ရှိပါတယ်" 

"အေး ဒါဆို ပုဆိုးချွတ်၊ ဟိုတိုင်ကို သွားဖက်" 

စိန်ဒိုးက အမေ့အား လှမ်းကြည့်မိပြန်သည်။ အမေက တုတ်တုတ်ပင်မလှုပ်။ ဦးခင်မောင်ဒွေးက ဗီရိုအဝတ်ထပ်ထဲမှ ထားဝယ်ကြိမ်ကို ထုတ်သည်။ ညာဘက်လက်ဖြင့် ကိုင်ကာ ရွှမ်းခနဲ ဝင့်လိုက်သည်။ စိန်ဒိုး၏လက်ဖျားခြေဖျားများ သည် ရုတ်ခြည်းပင် အေးလာသည်။ ရင်ထဲတွင် တလှပ်လှပ် ခုန်လာသည်။ တိုင်ကို တင်းတင်းဖက်ပြီး မျက်စိကို တင်းတင်းမှိတ်ထားလိုက်သည်။

"ကဲ... ဒါက သောက်ရေကန်ထဲ ရေချိုးလို့"

ရွှမ်း"

"ဒါက ရန်ဖြစ်လို့"

"ရွှမ်း "

"ဒါကတော့ ယောက်ျားပီပီသသ ရန်မဖြစ်တတ်လို့" 

"ရွှမ်း"

"အောင်မယ်လေး အမေရဲ့ "

"ဟေ့ကောင် မိန်းမလို မိန်းမရနဲ့ မအော်နဲ့"

"ရွှမ်းရွှမ်း"

* * * 

"တောက်"

ဦးစိန်ဒိုးက တောက်ခေါက်သည်။ သူ့လက်ထဲမှ သူရိယသတင်းစာကို စားပွဲပေါ်သို့ ဒေါသဖြင့် ဆောင့်ချသည်။

"ဘာဖြစ်လို့လဲ ကိုကို"

"လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မပါဘဲ အေးအေးချမ်းချမ်းသပိတ်မှောက်တဲ့ တို့ရဲ့ ကျောင်းသူကျောင်းသားတွေကိုလေ ပုလိပ်တွေက မြင်းစီးပြီး နံပါတ်တုတ်နဲ့ လိုက်ရိုက်သတဲ့။ ဟင်း မိုက်ရိုင်းလိုက်တဲ့ အကောင်တွေကွာ"

"ဟောတော့"

ဒေါ်ခင်မြမြသည် ဦးစိန်ဒိုး၏ဘေးတွင် ဝင်ထိုင်ပြီး သတင်းစာကို လှမ်းယူသည်။ သူ့ကိုယ်မှ သနပ်ခါးနံ့တသင်းသင်း မွှေးပြန့်နေသော်လည်း ဦးစိန်ဒိုး ရင်မအေးနိုင်။ ရန်ကုန်က အမျိုးသားကျောင်းသို့ ကျောင်းအိပ်ကျောင်းစား ပို့ထားသော သားကြီး'အောင်ထွန်း'ကို မြင်ယောင်ပြီး ရင်ထဲတွင် ပူနေသည်။

"ဟောဒီမှာ ကြည့်ပါဦးရှင်၊ ပုလိပ်ရိုက်လို့ ထွက်ပြေးရတဲ့ ကျောင်းသူကျောင်းသားတွေ ကျွတ်ကျန်ခဲ့တဲ့ဖိနပ်တွေလေ။ သတင်းစာတိုက်က ဓာက်ပုံရိုက်ပြထားတယ်။ တောင်ပုံရာပုံပါလား ကိုကိုရယ်။ ဟောတော့ သပိတ်မှောက်ကြတာ ဟိုက်စကူးကျောင်းသားတွေလည်း ပါတယ်ဆိုပါလား။ အမယ်လေး... ကိုကို... ကျွန်မတို့သား..."

"ဘာဖြစ်လဲကွ ငါတို့သား"

ဦးစိန်ဒိုးက ဖြတ်၍ အော်သည်။

"အမယ်လေး ကျွန်မတို့သားလေးများ သပိတ်မှောက်ကျောင်းသားထဲ ပါသေးလားမသိဘူး"

"အေး.... မပါဘူးဆိုရင်တော့ ငါကိုယ်တိုင် သွားရိုက်မယ်"

ဒေါသ၊ သောကနှင့် မာနတို့ အရိပ်ထင်နေသော ဦးစိန်ဒိုး၏မျက်လုံးများသည် မှုန်မှိုင်းရီဝေနေသည်။

"ဒီအချိန်ဟာ ငါတို့တစ်မျိုးသားလုံး သွေးစည်းရမယ့်အချိန် မြမြရဲ့ ။ နယ်ချဲ့ အင်္ဂလိပ်ကို တော်လှန်ရာမှာ ဒီသပိတ်ဟာ အထိရောက်ဆုံးလက်နက်ပဲ။ ဒီလိုအထဲမှာ တို့ရဲ့ သားဟာ ပါရမှာပေါ့။ ပါကိုပါရမှာပေါ့"

"ဒါပေမယ့် ပုလိပ်က ရိုက် " 

"အို ရိုက်ရုံမကလို့ သတ်သတ်။ တောက် နယ်ချဲ့ လက်ပါးစေတွေ "

ဦးစိန်ဒိုးသည် နေရာမှ ဗြုန်းခနဲ ထသည်။ လက်နှစ်ဖက်ကို နောက်ပစ်ကာ ဧည့်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်သည်။ စပတ်လမ်းမကြီးပေါ်တွင် သွေးတွေ သံတွေနှင့် ခွေခွေကလေးများ လဲနေမလားဟု တွေးမိတော့ စိတ်တင်းထားသည့်အထဲမှ ရင်ထဲတွင် ဗလောင်ဆူသွားသည်။

"ဒီအထဲမှာ သားကြီးပါမှာ ကြိမ်းသေပါတယ်ရှင်" 

"အေး... ပါရမှာပေါ့ကွ" 

"ကိုကိုကလည်း အမြဲမြှောက်ပေးနေတာပဲ" 

"မြှောက်ပေးရမှာပေါ့ကွ၊ ဒါဟာ အမျိုးသားအရေး "

မျက်လုံးအိမ်တွင် မျက်ရည်များ လည်လာသော်လည်း ဦးစိန်ဒိုးက အံကြိတ်ထားသည်။

"ငါတို့သားတင် ပါတာမဟုတ်ဘူး၊ သူများသား သူများသမီးတွေလည်း အများကြီး ပါကြပါတယ်။ သြော် ... ခက်လိုက်တာ၊ ဘာလို့ငိုနေသလဲ မြမြရယ်။ ကဲ ...သွား၊ အထုပ်အပိုးသွားပြင်စမ်း။ နေ့လယ်ရထားနဲ့ ကိုကို ရန်ကုန်ကို လိုက်သွားမယ်"

"သားကို ပြန်ခေါ်ခဲ့နော်"

"အိုး ... သူများသားသမီးတွေ မပြန်သေးရင် ဘာလို့ပြန်ရမလဲ။ ပြန်ခေါ်ဖို့သွားတာမဟုတ်ဘူး။ ဟင်း ဆက်တိုက်ဖို့.... ဆက်တိုက်ဖို့ အားပေးမလို့၊ သိရဲ့လား။ သိရဲ့ လား။ သားကြီးနာမည် အောင်ထွန်းဆိုတာ နယ်ချဲ့ကို အောင်ပြီး ထွန်းကားအောင်လို့ မှည့်ထားတယ်ဆိုတာ မေ့ပြီလား"

ဦးစိန်ဒိုးက အံကြိတ်သံနှင့် အော်လေသည်။

* * * 

"သား ခင်မောင်ဝေ၊ ဖေဖေ့ဆီလာစမ်း"

ဦးအောင်ထွန်းက လှမ်းခေါ်သည်။ ခင်မောင်ဝေသည် သူ့လက်ထဲမှ "ဖိုတိုပလေး"စာအုပ်ကို စာကြည့်စားပွဲအံဆွဲထဲသို့ ဖျတ်ခနဲသွင်းကာ ပိတ်လိုက်သည်။

"ဟုတ်ကဲ့... လာပါပြီဖေဖေ"

ဦးအောင်ထွန်းက ခင်မောင်ဝေအား တစ်ချက်သာ လှမ်းကြည့်ကာ စားပွဲစွန်းတွင် တင်ထားသော ဆေးပြင်းလိပ်တိုကို ကောက်ပြီးမီးညှိသည်။

"မင်း မနေ့ကတုန်းက ကျောင်းပြေးတယ်မဟုတ်လား" 

"ဟာ ....မဟုတ်ပါဘူး" 

"ယောက်ျားဆိုတာ ကိုယ့်အပြစ်ကိုယ် ဝန်ခံရဲရတယ်ကွ။ မညာပါနဲ့။ ရုပ်ရှင်ရုံထဲက မင်းတို့ထွက်လာတာ ဖေဖေ့မျက်စိနဲ့ မြင်ပြီးသား"

ခင်မောင်ဝေ၏နှုတ်ခမ်းပေါ်က အပြုံးသည် ပျောက်သွားသည်။ မျက်တောင်ကို မရည်ရွယ်ဘဲနှင့် တဖျပ်ဖျပ် ခတ်မိသည်။ လည်ချောင်းတွင် နင်လာသောတံတွေးကို ဂလုခနဲ မျိုချမိသည်။

"ရှစ်တန်းဆိုပေမယ့် ပေါ့မနေနဲ့၊ အခုကတည်းက မှန်မှန်ကြိုးစားမှ ဆယ်တန်းမှာ အမှတ်ကောင်းကောင်းနဲ့အောင်မှာ။ ဒါမှ လိုင်းကောင်းကောင်း ဝင်ရမှာဆိုတာ မင်းကို ခဏခဏ ပြောထားဖူးသားနဲ့ကွာ"

ခင်မောင်ဝေ၏ခေါင်းသည် ငုံ့သွားသည်။ ရုပ်ရှင်ရုံထဲမှအထွက် ဖခင်က တွေ့ဖြစ်အောင်တွေ့လိုက်သော ကံကြမ္မာကိုသာ စိတ်ဆိုးချင်သည်။

"မင်းကို ကောင်းပေ့ဆိုတဲ့ကျောင်းမှာ ထားတယ်၊ ကောင်းပေ့ဆိုတဲ့ကျူရှင်တွေလည်း အကုန်တက်ခိုင်းတယ်၊ ဒါဟာ ဖေဖေတို့ ပိုက်ဆံပေါလွန်းလို့ မဟုတ်ဘူး၊ ချမ်းသာလွန်းလို့ မဟုတ်ဘူး၊ သားကို သူများထက် တော်စေချင်လို့၊ တတ်စေချင်လို့၊ ထူးချွန်စေချင်လို့"

ခင်မောင်ဝေက ကုလားထိုင်လက်ရန်းကို လက်သည်းဖြင့် ခြစ်နေသည်။ 

"မင်း ဒီလိုကျောင်းပြေးပြေးနေတာ ဘယ်နှခါရှိပြီလဲ၊ ပြောစမ်း" 

" ဒီတစ်ခါတည်းပါ”

ခင်မောင်ဝေက ထစ်ထစ်ငေါ့ငေါ့ ဖြေသည်။ အမှန်ကတော့ လေးခါရှိပြီ ဖြစ်သည်။ ရှစ်တန်းကျောင်းသား လူပျိုပေါက်ဆိုတော့ ဘရစ် ဂျစ် ဘားဒေါနှင့် အင်နီတာအက်ဘတ်(ဂ်)ကို ကြိုက်တတ်နေပြီ ဖြစ်သည်။ ဂျိန်း(စ်)ဘွန်းကားကိုလည်း နှစ်ခါသုံးခါပြန်ကြည့်ပြီး ရေကူးဘောင်းဘီတိုတိုကလေးနှင့် အာစူလာအင်းဒရစ်ကို အိပ်မက်ထဲ အလည်ခေါ်တတ်နေပြီဖြစ်သည်။ 

"ဘွဲ့ရတွေ ၊ ပညာတတ်တွေက တဖြည်းဖြည်း များလာနေပြီ။ နောင်ဆိုရင် မှိုလိုပေါက်တော့မယ်။ ဒီကြားထဲမှာ ကိုယ်က မထူးချွန်နိုင်ရင် အလကားပဲ။ ကြားလား ခင်မောင်ဝေ"

"ဟုတ်ကဲ့"

ဦးအောင်ထွန်းက ဆေးပြင်းလိပ်တိုတိုကို သွားဖြင့် ဖိကိုက်ရင်း ခင်မောင်ဝေ၏မျက်နှာကို စူးစူးစိုက်စိုက် အကဲခတ်သည်။ ခင်မောင်ဝေ မျက်လွှာချထားသည်။

"မင်းကို ငါ ပြောဖူးပေါင်းလည်း များလှပါပြီ။ ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့ မအောင်လို့ကတော့ အလကားပဲဆိုတာ၊ အမ်စီရမှာမဟုတ်ဘူး၊ အာရ်အိုင်တီရမှာ မဟုတ်ဘူး၊ ဒင်တယ်လည်း ရမှာမဟုတ်ဘူး၊ အင်း ....မေဂျာရောက်သွားလည်း အဲဒီမှာ ထိပ်ဆုံးကနေ ဘွဲ့ရမှ ဆရာပြန်လျှောက်လို့ရမှာ"

ခင်မောင်ဝေက သက်ပြင်းကို မသိမသာရှိုက်မိသည်။ လူတိုင်း လူတိုင်း ဒီစကားကိုပင် ပြောနေကြသည်။ အဖေရော၊ အမေရော၊ ထို့အပြင် ကျောင်းက ဆရာတွေရော၊ ကျူရှင်ကဆရာတွေရော၊ အားလုံး တိုင်ပင်ထားကြသလို အမ်စီ .... အမ်စီနှင့် တတွတ်တွတ် ရွတ်နေတတ်ကြလေသည်။

ဦးအောင်ထွန်းက အသံမာမာနှင့် ဆက်ပြောသည်။

"မင်း ဒီလိုပဲ ရုပ်ရှင်ခိုးကြည့်လိုက်၊ ကျူရှင်ပြေးလိုက်၊ ကျောင်းပြေးလိုက် လုပ်နေလို့ကတော့ တစ်သက်လုံးကောင်းစားမှာမဟုတ်ဘူး၊ ဒါဟာ ပညာရေးတင်မကဘူး။ ဘဝအရေးပါ ပါနေတယ်ဆိုတာ ကြပ်ကြပ် မှတ်ထား"

* * *

တိုး​ဝေသည် သူ့လက်ထဲမှ ယိုးဒယားချိုချဉ်တစ်လုံးကို စက္ကူပတ် ခွာကာ ပါးစပ်ထဲ ထည့်လိုက်သည်။ အလုံးမပျက်စေဘဲ အသာမြုံ့၍ စုပ်သည်။ ထို့နောက် ပါးစပ်ထဲမှ ပြန်ထုတ်ကာ စက္ကူပတ်နှင့် ပြန်ပတ်သည်။ အိတ်ထဲမှ ချိုချဉ်အသစ်တစ်လုံးထုတ်ကာ စားသည်။ ခုနတုန်းက သူ စုပ်ပြီးသား ချိုချဉ်ကိုမူ ကာတွန်းဖတ်နေသော ဖြိုးဝေဆီသို့ ပစ်ပေးလိုက်သည်။ 

"ရော့ ကိုကို၊ မင်းဖို့ မေမေပေးလိုက်တာ"

ဖြိုးဝေက ကာတွန်းစာအုပ်ဆီမှ မျက်စိမခွာ၊ ချိုချဉ်ကို လှမ်းယူပြီး စက္ကူပတ်ခွာကာ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ထို့နောက် ကာတွန်းကို စိတ်ဝင်တစား ဆက်ဖတ်လေသည်။

"အင်း အ,တဲ့အကောင် ခံပေါ့"

သူတို့နှစ်ဦးကို မသိမသာ အကဲခတ်နေသော ဦးခင်မောင်ဝေက စိတ်တွင်းမှ ရေရွတ်မိသည်။

"အငယ်ကောင်က အဲဒီလိုပဲ သိပ်ပြီးလူလည်ကျတယ် မောင်ရဲ့ " 

သူ့ဘေးတွင် ထိုင်နေသော ဇနီးဖြစ်သူ ပြုံးနွယ်က ခပ်တိုးတိုး ပြောသည်။

"တစ်နေ့တုန်းကလည်း အိမ်ရှေ့အိမ်က လှမင်းနဲ့ ရန်ဖြစ်တယ်၊ ဖြစ်တာကလည်း သူကစပြီး ကျောက်ခဲနဲ့ပေါက်တာ၊ အဲဒါ ဟိုက သူ့ဆီ ပြေးလာတော့ မျက်နှာကို သဲနဲ့ပက်ပြီး မမြင်မကမ်း ဖြစ်နေတော့မှ ဗိုက်ကိုပြေးထိုးတယ်လေ။ နောက်ပြီး အိမ်ပေါ်ပြေးတက်လာပြီး အခန်းထဲ ဝင်ပုန်းနေတယ်... ကဲ"

ဦးခင်မောင်ဝေက စားပွဲပေါ်မှကော်ဖီခွက်ကို ယူပြီး တစ်ကျိုက်ချင်း သောက်သည်။ ကျောက်တိုင်ကော်ဖီမှုန့်ကို ထန်းလျက်နှင့် ဖျော်ထားတာဆိုတော့ သောက်ရသည်မှာ အရသာမရှိလှပေ။

"ကော်ဖီမှုန့်ကောင်းကောင်းလေးများ ဝယ်ပါဦး ပြုံးနွယ်ရယ်"

"ဝယ်ချင်တာပေါ့မောင်ရယ်၊ ဗိုလ်ချုပ်ဈေးက ဟင်္သာကော်ဖီမှုန့်က ဆီစာအုပ်နဲ့ လက်မှတ်လုပ်ထားတာတောင် နေ့တစ်ဝက် တန်းစီရတာ ၊ လက်ရွေးစင်ကော်ဖီမှုန့်ကတော့ တစ်ပေါင်ကို သုံးဆယ်တဲ့"

"သုံးဆယ်လည်း ဆယ်ပေါ့ကွာ၊ ဝယ်ပါလား" 

ဦးခင်မောင်က ကိုစကားကို စိတ်ထဲမှပင် ပြောလိုက်သည်။

အပြင်သို့ ထုတ်ပြောလျှင် "မောင်ရတဲ့ လခရှစ်ရာကျော်ဆိုတာ ဆင့်ပါးစပ် နှမ်းပက်တာလောက်ပဲရှိတာ၊ အိမ်လခက ဘယ်လောက်....၊ မီတာခက ဘယ်လောက်....၊ ကျောင်းလခက ဘယ်လောက်...၊ ဆီဝယ်ရတာ ဘယ်လောက်...၊ မင်္ဂလာဆောင်လက်ဖွဲ့ရတာ ဘယ်လောက်.... "ဆိုတာတွေကို ဆက်တိုက်ကြားရတော့မည်ကို မကြားချင်လှပေ။ အဖေပြောသလို ဆယ်တန်းကို အမှတ်ကောင်းကောင်းဖြင့်အောင်မှ ဘဝအရေး စိတ်အေးရမည်ဆို၍ စာကိုဖိကြိုးစားခဲ့သည်။ ဆရာဝန်မဖြစ်သော်လည်း အင်ဂျင်နီယာဖြစ်ခဲ့သည်။ အဖေမျှော်မှန်းသလို ငကျွဲဆန်ဖွေးဖွေးနှင့် နက်စ်ကော်ဖီ မွှေးမွှေးကိုတော့ စားခွင့်သောက်ခွင့် မရခဲ့ပေ။ သူငယ်ချင်းအပေါင်းအသင်းထဲမှ ချမ်းသာသူများ ချမ်းသာကြသည်ကို အားကျမိသော်လည်း ကိုယ်က သူတို့လို ချမ်းသာအောင်မလုပ်တတ်။ ကျောင်းက သင်ပေးသောပညာတွင် ထိုပညာများ မပါချေ။

"နော် မောင် ပြောဦးလို့ဆို" 

ပြုံးနွယ်က သူ့လက်မောင်းကို လှုပ်ပြီးပြောသည်။ 

"ဟင် ဘာပြောရမှာလဲ"

"မောင့်သား အငယ်ကိုလေ။ တစ်နေ့တုန်းကလည်း မောင် ထမင်းစားအပြီး ထိုင်နေတုန်း ပြုံးနွယ်က မာလကာသီးနှစ်လုံး ပေးလိုက်တယ်လေ။ မောင့်ဖို့က အကြီး၊ သူ့ဖို့က အသေး၊ အဲဒါ ကိုယ်တော်လေးက မောင့်ကို အသေးလာပေးပြီး အကြီးကို သူ့ပါးစပ်ထဲထည့်လိုက်တယ် မဟုတ်လား"

" အေး"

"အဲဒါ ကြည့်ဆုံးမဦး။ လူကလေးက လက်တောက်လောက်နဲ့ ကလိမ်ကကျစ်က တယ်များတယ်"

"ပြောမနေတော့ပါဘူးကွာ" 

"ဟင် ဘာပြုလို့လဲ"

ဦးခင်မောင်ဝေက ကော်ဖီကို အပြီးသတ် မော့ချလိုက်သည်။ ထို့နောက် ခပ်မဲ့မဲ့ပြုံးရင်း တိုးတိုးပြောသည်။

"ဒီလိုအမူအကျင့်ကလေးတွေ ရှိနေလို့ကတော့ ဒီအကောင် မဆင်းရဲနိုင်ပါဘူး ပြုံးနွယ်ရယ်။ ကြီးပွားရင်တောင် ကြီးပွားလာလိမ့်ဦးမယ် ....မဟုတ်ဘူးလား"
----------------------------------
မစန္ဒာ
ပေဖူးလွှာ၊ ဇန်နဝါရီ၊ ၁၉၈၅။

crd 👉 

Post a Comment

0 Comments